← Chapters

မိမိကိုယ်ကို သေလမ်းရှာခြင်း

Vol. 52 Ch. 726

မိမိကိုယ်ကို သေလမ်းရှာခြင်း

Vol. 52 Ch. 726

ခန်းမနောက်တန်းတွင်…

ကျိုးချုံနှင့် ချန်းရွိုက်တို့သည် ဟန်ကျင်းဝူကို မြင်သောအခါ ထိတ်လန့်သွားပြီး အအေးဓာတ်သည် သူတို့၏ကျောရိုးတလျှောက် စိမ့်တက်သွားသည်။ ကွဲပြားသော ဝတ်စားဆင်ယင်မှုမှလွဲ၍ ရုပ်ရည်သွင်ပြင်သည် တူညီနေသောကြောင့် ၎င်းသည် သေချာပေါက် သူတို့သွားရှုပ်ခဲ့သော ဟန်ကျင်းဝူ ဖြစ်သည်။ သူတို့နှစ်ယောက်လုံး သူမနှင့် စကားပြောရန် ကြိုးစားသောအချိန်ကို ပြန်သတိရသွားပြီး မှားယွင်းသော သူတို့၏လုပ်ရပ် ပြန်တွေးမိရင်း လွန်စွာ ကြောက်ရွံ့ လှသဖြင့် ဘောင်းဘီများပင် စိုစွတ်လုနီးပါး ဖြစ်နေတော့သည်။

"ဂလု ... အသက်ရှင်ရတာ အရမ်း ခံစားလို့ ကောင်းတယ်။"

ချန်းရွိုက်၏လည်ပင်းသည် တုန်ရီနေပြီး တဆတ်ဆတ် တုန်နေသော သူ၏ညာလက်ဖြင့် နဖူးထက်ရှိ အေးစက်နေသော ချွေးများကို သုတ်လိုက်သည်။ ဟန်ကျင်းဝူသာ သူတို့အား အနီရောင်ပွဲကြည့်စင် အဆောက်အဦးထဲတွင် ပြန်တိုက်ခိုက်မည်ဆိုပါက မည်သို့ဖြစ်သွားမည်ကို သူတို့ တွေးကြည့်ရန်ပင် စိုးရွံ့နေမိသည်။ သူတို့ အသက်မသေခဲ့ရင်တောင်မှ အသက်တစ်ဝက်လောက်ပဲ ကျန်တော့ပေမည်။

တစ်ဖက်တွင် ကျိုးချုံသည် သူ၏ရင်ဘတ်တွင် မွန်းကျပ်နေသည့် စိတ်ဓာတ်ကျမှုကို ဖယ်ထုတ်လိုသည့်အလား သူ၏အင်္ကျီကြယ်သီးများကို ဖြုတ်လိုက်သည်။ ကျိမုက သူ့ကို အကြိမ်အနည်းငယ် ပါးရိုက်ပြီး ဟန်ကျင်းဝူကို စိတ်အနှောက်အယှက် မဖြစ်စေသင့်ဘူးဟု ပြောသဖြင့် နောင်တရခဲ့သည့်တိုင် အခုအချိန်မှာတော့ သူ နောင်တအရဆုံး ဖြစ်သည်။ ဖိုင်နယ်ပွဲစဉ်အထိ မြေအောက်တိုက်ပွဲများတွင် ပါဝင်နိုင်သူများသည် သူ ပြစ်မှားရန် တတ်နိုင်သော လူများ လုံးဝမဟုတ်ချေ။

"ချန်းရွိုက် … အစက ကျိမုကို နည်းနည်းတော့ စိတ်ဆိုးခဲ့တယ်။ ဒါပေမယ့် အခုတော့ သူ့ကို မမုန်းတော့ဘူး ... ငါ အရမ်းတောင် ကျေးဇူးတင်နေမိသေးတယ်။"

“ဟုတ်တယ် … ငါရောပဲ။”

ချန်းရွိုက်သည် ဟန်ကျင်းဝူကို စိတ်အနှောက်အယှက် ပေးခဲ့သော သူ၏အပြုအမူကို ပြန်သတိရသဖြင့် စိတ်အတွင်းမှ ကြောက်ရွံ့မှုနှင့်အတူ ခေါင်းညိတ်ပြသည်။ သူမသာ နှစ်ယောက်လုံးကို တိုက်ခိုက်ချင်ခဲ့ရင် ခုလောက်ဆို သူတို့တွေ အသက်အိုးစားကွဲကုန်ပြီပေါ့။

ကြိုးဝိုင်းစင်မြင့်ထက်တွင်…

ပင့်ကူနက်သည် တိုက်ခိုက်ရေးသမားလေးဦးကို မိတ်ဆက်ပေးပြီးနောက် ပြုံးလိုက်ပြီး မိန်းမလှလေးတစ်ဦးကို ခေါ်ကာ သူမထံမှ အလုံပိတ်ပုံးလေးတစ်ခုကို ယူလျက် ကြိုးဝိုင်းအလယ်တွင် ထားလိုက်သည်။ ထို့နောက် ပင့်ကူနက်က

“ဒီပုံးထဲမှာ ကတ်လေးခုရှိတယ်။ ဘုရင်ကြီးနှစ်ပါးနဲ့ ဘုရင်ငယ်နှစ်ပါးစီ။ တိုက်ခိုက်ရေးသမားတစ်ဦးစီက တစ်ကတ်စီ ဆွဲရပါမယ်။ ပြိုင်ပွဲတွေက ဘုရင်ငယ်နဲ့ ဘုရင်ငယ် … ဘုရင်ကြီးနဲ့ ဘုရင်ကြီး အဲ့ဒီလို ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ပွဲစဉ်တွေရဲ့ အောင်နိုင်သူတွေက နောက်ဆုံးပွဲစဉ်မှာ ချန်ပီယံဆုအတွက် ယှဉ်ပြိုင်ရပါမယ်။”

သည်ဟာသည် မဲနှိုက်ခြင်းဖြစ်ပြီး လွန်စွာ တရားမျှတသော အုပ်စုဖွဲ့နည်း ဖြစ်သည့်အတွက် ပြိုင်ပွဲဝင်တိုက်ခိုက်ရေးသမားလေးဦးလုံး ကန့်ကွက်ခြင်းမရှိပေ။ မကြာမီ ရလဒ်များ ထွက်လာခဲ့ပြီဖြစ်သည်။ ဟန်ကျင်းဝူနှင့် သားရဲကြီးလီထုံတို့က ဘုရင်ငယ်ကတ်များ ဆွဲမိကြပြီး သံလက်သီး ကျင်းကန်နှင့် မိန်းမလျာလေး ဝူထုံတို့က ဘုရင်ကြီးကတ်များကို ဆွဲမိကြသည်။

ပင့်ကူနက်သည် ပြိုင်ပွဲတွဲဖက်များကို ကြေငြာပြီးနောက် တိုက်ခိုက်ရေးသမားလေးယောက်သည် မိမိတို့ကိုယ်ကို ပြင်ဆင်ရန် စင်မြင့်အနောက်သို့ ပြန်သွားခဲ့ကြသည်။ ပထမပွဲစဉ်သည် ဘုရင်ငယ်ကတ် ဆွဲမိသူများဖြစ်ပြီး ဒုတိယပွဲစဉ်မှာ ဘုရင်ကြီးကတ် ဆွဲမိသူများဖြစ်သည်။ ဘုရင်ငယ်ကတ် ဆွဲမိသူများ၏ပွဲစဉ်ကို ၈:၃၀တွင် စတင်မည်ဖြစ်သောကြောင့် တိုက်ခိုက်ရေးသမားများသည် ပြင်ဆင်ချိန် မိနစ်၂၀ ရပေသည်။

ပရိသတ်ထဲမှ လီလောင်ရှန်းသည် ထွက်ခွာသွားသော ဟန်ကျင်းဝူ၏နောက်ကျောကို စိုက်ကြည့်ကာ မျက်ခုံးအနည်းငယ် တွန့်နေလေသည်။ ထန်ရှုက ဟန်ကျင်းဝူကို မည်သည့်အတွက်ကြောင့် ရွေးချယ်ခဲ့သည်ကို သူ တကယ်ပင် နားမလည်ပေ။ ဆယ်ပွဲကျော်လောက် သူမ တိုက်ခိုက်သည်ကို သူ မြင်ဖူးပြီး သူမ၏တိုက်ခိုက်ရေးစွမ်းရည်နှင့်ပတ်သက်ပြီး ခန့်မှန်းချက်အချို့ပင် သူ့တွင် ရှိခဲ့သည်။ သူမ၏ ခွန်အားနှင့်အရှိန်သည် အကောင်းဆုံးများထဲမှ တစ်ဦးဟု ဆိုနိုင်သောကြောင့် သူမသည် မည်သည့်နည်းနှင့်မျှ ပျော့ညံ့သူမဟုတ်ပေ။ သို့သော်လည်း ပြိုင်ပွဲအတွင်း သူမ၏အကြီးမားဆုံး ချို့ယွင်းချက်ကို ထုတ်ဖော်ပြသခဲ့သည် … သူမသည် လွန်စွာ ကြင်နာလွန်းလှပေသည်။

မြေအောက်တိုက်ခိုက်ရေးပြိုင်ပွဲတွင် တိုက်ခိုက်ရေးသမားများ၏လှုပ်ရှားမှုတိုင်းသည် ပြိုင်ဘက်အား ဒဏ်ရာပြင်းထန်စွာ ရစေရန် သို့မဟုတ် သတ်ရန် တိုက်ခိုက်ကြသည့်အမျိုးအစား ဖြစ်သော်လည်း သူမ၏ပြိုင်ဘက်များကို အကြိမ်များစွာတွင် နံရိုး ကျိုးစေခြင်း သို့မဟုတ် လက်မောင်းများ ပြုတ်ခြင်းမျှသာ ဟန်ကျင်းဝူ၏အပြင်းထန်ဆုံး ဖြစ်စေသော ဒဏ်ရာဟု ဆိုနိုင်ပေသည်။ ထိုဒဏ်ရာများသည်ပင် သူမအား ဆိုးရွားသော အခြေအနေတစ်ခုသို့ တွန်းပို့ခံခဲ့ရသောကြောင့် ပြိုင်ဖက်များအား ထိုဒဏ်ရာများ ဖြစ်ပေါ်စေရန် စွန့်စားတိုက်ခိုက်ရုံမှတပါး ရွေးချယ်စရာ မရှိသောကြောင့် တိုက်ရခြင်းဖြစ်လေ၏။

“ညီအစ်ကို ထန်…”

လီလောင်ရှန်းသည် သူ့ကိုယ်ပိုင်ငွေ မီလီယံ၁၀၀အား အချည်းနှီး မဖြစ်စေချင်သောကြောင့် ချီတုံချတုံဖြစ်ကာ နောင်တရနေသည့်အသံဖြင့် အော်ခေါ်လိုက်သည်။ ထိုအချိန်တွင် သူသည် ထန်ရှုအား ရုပ်ဆိုးသော အမူအရာဖြင့် မေးခွန်းထုတ်နေသည့်အလားပင်။

ထန်ရှုက သူ့ကို ကြည့်လိုက်ပြီး ပေါ့ပေါ့ပါးပါး အပြုံးဖြင့် "စိတ်အေးအေးထားပါ။ သူက ဒီဂိမ်းကို နိုင်ရစေမယ်လို့ ကတိပေးထားတယ်။ သူ တန်ဖိုးတစ်ခု ပေးရရင်တောင် ချန်ပီယံဖြစ်လာမှာ သေချာပါတယ်။”

"ဟန်ကျင်းဝူကို မင်း သိတာလား။" လီလောင်ရှန်းက ထိတ်လန့်ပြီး အံ့အားသင့်စွာ မေးလိုက်သည်။

"ကျွန်တော် ဒီတစ်ကြိမ် သူနဲ့အတူ ဒီကို လိုက်လာခဲ့ပေးတာ မဟုတ်ရင် မြေအောက်တိုက်ပွဲ ပြိုင်ပွဲတစ်ခုရှိတယ်ဆိုတာ သိမှာ မဟုတ်ဘူး။" ထန်ရှုက ရှင်းပြသည်။

လီလောင်ရှန်း၏တုန်လှုပ်ချောက်ချားကာ မတည်မငြိမ် ဖြစ်နေသော နှလုံးသားသည် ချက်ချင်းပင် သက်တောင့်သက်သာ ဖြစ်သွားပြီး သူ၏လက်များကို ပွတ်သပ်ကာ အပြုံးဖြင့်

“ကောင်းတယ်။ သူက မင်းနဲ့အတူ လိုက်လာတယ် ဆိုကတည်းက ငါ့စိတ်တွေ သက်သာရာရသွားပြီ ညီအစ်ကိုထန်။ ပိုက်ဆံဆုံးရှုံးတာက အသေးအဖွဲပါ။ ဒါပေမယ့် အဘိုးကြီးချူက ငါ့ကို ရယ်နေမယ်ဆိုတာ သေချာတယ်။"

ချူရွှဲ့ချန်က မျက်မှောင်ကြုတ်သွားပြီး သူ၏မျက်လုံးထဲတွင် လေးနက်သော အကြည့်တစ်ခု ဖြစ်ပေါ်သည်။ လီလောင်ရှန်းသည် ထန်ရှုအား မည်သည့်အတွက်ကြောင့် ဤမျှလောက် ယုံကြည်နေသည်ကို သူ နားမလည်နိုင်ခဲ့ပေ။

ည၈:၃၀တွင် …

ဟန်ကျင်းဝူသည် သူမ၏မူလဝတ်ထားသော အနက်ရောင်လေ့ကျင့်ရေးဝတ်စုံကို ဝတ်ဆင်ထားဆဲဖြစ်ပြီး စင်မြင့်အနောက်မှ ရဲရင့်စွာ ကြိုးဝိုင်းထဲသို့ ဝင်ရောက်လာခဲ့သည်။ ကြမ်းတမ်းခက်ထန်သော လီထုံကို သူမ တွေ့ရသောအခါတွင် သူမ၏အမူအရာသည် အေးစက်စက် ဖြစ်နေပြီး ကြောက်လန့်ခြင်း ၊ ရွံရှာခြင်းလည်းမရှိပေ။ သူမ၏အကြည့်များသည် ထန်ရှုဆီ ဝေ့ဝဲသွားပြီးနောက် ဧည့်ခံသူ ပင့်ကူနက်ဆီသို့ ရောက်သွားခဲ့သည်။

ပင့်ကူနက်သည် အချိန်မဖြုန်းတော့ဘဲ တိုက်ပွဲစတင်ကြောင်း ချက်ချင်းကြေငြာပြီး ကြိုးဝိုင်းထဲမှ ထွက်လိုက်သည်။ ပုံမှန်လက်ဝှေ့ပွဲ ဖြစ်ပါက ဒိုင်လူကြီးသည် ကြိုးဝိုင်းအတွင်း၌ ရှိနေရမည်ဖြစ်ပြီး လက်ဝှေ့သမားများအား ထိန်းကျောင်းရန် စည်းမျဉ်းများကို အသုံးပြုပေးရမည်ဖြစ်သော်လည်း မြေအောက်တိုက်ပွဲတွင် စည်းမျဉ်းစည်းကမ်းမရှိပေ။ ကြိုးဝိုင်းထဲသို့ ဝင်လိုက်သည်နှင့် ၎င်းတို့သည် အရှက်မရှိသော နည်းလမ်းမှန်သမျှကို အသုံးပြုနိုင်သည်။ ၎င်းတို့သည် သေနတ်မှလွဲပြီး မည်သည့်လက်နက်ကိုမဆို အသုံးပြုနိုင်ကြပေသည်။

လီထုံက ဟန်ကျင်းဝူကို စိုက်ကြည့်ရင်း

“ရေခဲဖီးနစ်ဟန်ကျင်းဝူရေ … မြေအောက်တိုက်ခိုက်ရေးကွင်းမှာ မင်းလို အလှလေးနဲ့ ကြုံတွေ့ရတာမျိုးက တကယ့်ကို ရှားရှားပါးပါးပါပဲ။ မင်းသာ အရှုံးပေးလိုက်ရင် ငါ မင်းကို ညှာတာပေးပါမယ်။”

"တော်စမ်းပါ။ ငါတို့ရဲ့လက်သီးတွေနဲ့ သက်သေပြလိုက်ရအောင်။" ဟန်ကျင်းဝူက အေးစက်စွာ ပြောလိုက်သည်။

"အန္တရာယ်တွေကို လျစ်လျူရှုပြီး သေရမှာကို မသိတာလား။" လီထုံက ခပ်ညစ်ညစ် ပြုံးလိုက်သည်။ “ကောင်းပြီ။ မင်းရဲ့အလှကို ဆိုးဆိုးရွားရွား ဖျက်ဆီးမိရင် ငါ့ကို အပြစ်မတင်ပါနဲ့။"

ဟန်ကျင်းဝူသည် တုံ့ပြန်ပြောမနေဘဲ သူမ၏ ကြော့ရှင်းသော ပုံရိပ်လေးသည် ရိပ်ကနဲ လှုပ်ရှားသွားကာ မျက်စိတစ်မှိတ်အတွင်း လီထုံ၏အရှေ့တွင် ချက်ချင်းပေါ်လာသည်။ သူမ၏ ခန္ဓာကိုယ်အတွင်းရှိ အစစ်အမှန် အဆီအနှစ်သည် တဟုန်ထိုး မြင့်တက်လာကာ သူမ၏ခန္ဓာကိုယ်အနှံ့ရှိ မရီဒျာန်များတစ်လျှောက် ပျံ့နှံ့သွားသည်။

ဟမ့်…

လီထုံသည် အနည်းငယ်မျှပင် စိုးရိမ်မှုမရှိပေ။ ဟန်ကျင်းဝူနှင့် ပြိုင်ရန်မဲကျသောကြောင့် သူ အလွန် စိတ်လှုပ်ရှားနေခဲ့သည်။ သူသည် ပြိုင်ပွဲတလျှောက် သူမ၏တိုက်ပွဲအားလုံးကို ကြည့်ရှုခဲ့သည်။ သည်အမျိုးသမီးသည် မြန်ဆန်သော အရှိန်နှင့် ပြင်းထန်သော ခွန်အားရှိသော်လည်း တကယ်ပင် နူးညံ့သိမ်မွေ့သောသူ ဖြစ်သည်ကို သူ သိပေသည်။ အကယ်၍ သူသည် အခြားသူများကို တိုက်ခိုက်ပြီး ပွဲကို အနိုင်ရပါက ၎င်းသည် ခက်ခဲသော အောင်ပွဲတစ်ခု ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ဟန်ကျင်းဝူကို အနိုင်ရသရွေ့ သူ့တွင် ဒဏ်ရာကြီးကြီးမားမားရရန် စိတ်ပူစရာ မလိုပေ။

လီထုံသည် ကြမ်းပြင်ထက်တွင် ခြေဖျားထောက်ကာ ကိုယ်ဟန်မတ်မတ်ရပ်ပြီး လျှပ်တပြက်အတွင်း ခြေကန်ချက်တစ်ချက် ထုတ်လိုက်သည်။ သူ့ခန္ဓာကိုယ်သည် ခြေကန်ချက်နှင့်အတူ ခုန်တက်လာပြီး ဟန်ကျင်းဝူ ရှောင်လိုက်သော်လည်း သူ့ခြေကန်ချက်များက အရိပ်များစွာ ဖြစ်ပေါ်လျက် ဟန်ကျင်းဝူအား အဆက်မပြတ် ကန်ချက်များဖြင့် တိုက်ခိုက်လာသည်။

ဘန်း...

၁၂စက္ကန့်လောက် လီထုံ ဆက်တိုက်ကန်ပြီးသောအခါ ဟန်ကျင်းဝူ၏လက်မောင်းသည် နောက်ဆုံးတစ်ကြိမ်တွင် ထိမှန်သွားသော်လည်း နာကျင်မှုကြားမှ ဟန်ကျင်းဝူ၏ခန္ဓာကိုယ်လေးသည် ယိမ်းနွဲ့သွားကာ လီထုံ၏ခြေသလုံးကြွက်သားကို ချက်ချင်းပင် တစ်ချက် လှည့်ကန်လိုက်သည်။

"သေလိုက်တော့။"

လီထုံသည် နောက်ထပ်တိုက်ခိုက်ရန် ပွဲတစ်ပွဲ ရှိသေးသောကြောင့် အချိန်အကြာကြီး မတိုက်ချင်ပေ။ ထိုခဏတာ တန်ပြန်မှုကို ခံရပြီးနောက် သူသည် မရှုံးနိမ်ချင်တော့ဘဲ ရုတ်တရက် သူ၏ကြမ်းတမ်းခက်ထန်မှုအား မြင့်တက်လာစေသည်။ ဟန်ကျင်းဝူ၏ခေါင်းကို ပုတ်ထုတ်လိုက်သော လီထုံသည် ဆာလောင်နေသော ကျားတစ်ကောင်အလားပင် ဖြစ်တော့သည်။ ခဏအကြာတွင် သူ၏ညာလက်က ခါးမှ ဓားမြှောင်တစ်ချောင်းကို လျင်မြန်စွာ လှမ်းယူလိုက်သည်။ ဟန်ကျင်းဝူသည် သူ၏လက်သီးချက်ပြင်းပြင်းများကို တားဆီးဝံ့သရွေ့ သူမ၏ခေါင်းကို ဤဓားမြှောင်ဖြင့် တိုက်ခိုက်နိုင်မည်ဟု သူ ယုံကြည်သည်။

ဟန်ကျင်းဝူ၏မျက်ဝန်းများထဲတွင် အေးစက်သော အလင်းရောင်တစ်ခု လက်သွားသည်။  လက်နက်တစ်ခုအား လီထုံ အသုံးပြုတော့မည်ကို သူမ မြင်သောအခါ ဤလူသည် သူမကို သတ်ချင်နေကြောင်း သိလိုက်သည်။ သူမ၏ခြေထောက်ကို ကြမ်းပြင်ပေါ် ချက်ချင်း ထောက်ကန်လိုက်ပြီး လျင်မြန်စွာ နောက်ဆုတ်လိုက်သည်။ သူမ၏လက်ဖဝါးသည် လီထုံ၏လက်သီးအား ဟန့်တားနေစဉ် သူမ၏ဘယ်ဘက်လက်သည် လီထုံ၏ချိုင်းအောက်အား ထိုးစိုက်လိုက်သည်။

ဝှစ်…

လီထုံ၏လက်သီးချက်လမ်းကြောင်း သွေဖည်သွားသည်နှင့်အမျှ အောက်ဘက်ရှိ ဓားမြှောင်သည် ချက်ခြင်း ဦးတည်ရာ နေရာပြောင်းသွားသည်။ ပြင်းထန်သော ဓားမြှောင်ချက်သည် ဟန်ကျင်းဝူ၏နားသယ်စပ်ရှိ ဆံပင်များကို ပြတ်တောက်သွားစေသော်လည်း လီထုံ၏ခန္ဓာကိုယ်သည် ရုတ်တရက် တုန်ရီသွားပြီး သူ၏ချိုင်းတွင် ထင်ရှားစွာ မြင်ရသော ဒဏ်ရာတစ်ခု ပေါ်လာသည်။ ဟန်ကျင်းဝူ၏လက်ချောင်းသည် လီထုံ၏ချိုင်းကို ထိုးဖောက်ပြီးနောက် ဒဏ်ရာရှိ သွေးကြောဆုံမှတ်အား အစစ်အမှန်အဆီအနှစ်ဖြင့် တိုက်ခိုက်လိုက်သည်ကို မည်သူမျှ သတိမထားမိကြပေ။ လီထုံ၏ခန္ဓာကိုယ်ကို ဂျွမ်းပြန်သွားပြီး ပြင်းထန်သော ထိခိုက်သံများ ရောက်လာသည်။

လီထုံ၏ခန္ဓာကိုယ်သည် တဆတ်ဆတ် တုန်ရီနေစဉ် ဟန်ကျင်းဝူသည် သူမ၏ဖြူဖွေးနူးညံ့သော လက်သီးလေးများကိုသုံးကာ လီထုံ၏လည်ပင်းအား ချောမွေ့သော လှုပ်ရှားမှုအစုံဖြင့် တိုက်ခိုက်ထားပြီးဖြစ်သည်။

ခရက်...

သံနှင့်တူသည့် မာကျောသောကိုယ်ထည်ရှိသော်လည်း ဟန်ကျင်းဝူ၏လက်သီးချက်များဖြင့် ကျောက်တုံးများအား အဆက်မပြတ် ရိုက်ခွဲလိုက်သကဲ့သို့ လီထုံ၏လည်ပင်းသည် ကျိုးသွားခဲ့ချေပြီ။ အရိုးကျိုးသံများ အဆက်မပြတ် ထွက်ပေါ်လာပြီး နောက်ဆုံးတွင် လီထုံ၏ခန္ဓာကိုယ်ကြီးသည် ငါးမီတာအထိ မြောက်တက်သွားကာ ကြိုးဝိုင်းထဲသို့ ဝုန်းကနဲ အရှိန်ပြင်းစွာ ပြန်ပြုတ်ကျလာခဲ့တော့သည်။

"ဘာတွေ ဖြစ်နေတာလဲ။"

"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"

“ဒါ…”

ခန်းမထဲတွင် လီထုံအနိုင်ရမည်ဟု လောင်းကြေး ထပ်ထားသော သူဌေးများ၏အမူအရာများ သိသိသာသာ ပျက်သွားပြီး ဆူညံပွက်လောရိုက်သွားကြသည်။ လီထုံ၏လေးလံသော လက်သီးချက်များက ပြိုင်ဘက်မိန်းမချောလေးအား မပျက်စီးစေရုံသာမက လှပသောပန်းပွင့်ပျိုလေး၏သွေးများကို သွန်းလောင်းခြင်း သို့မဟုတ် တစ်ဝက်တစ်ပျက် ထိုးဖောက်သွားသည်ကိုလည်း မတွေ့ခဲ့ရပေ။

နောက်တန်းတွင် ထိုင်ကြည့်နေသော ထန်ရှု၏ ချောမောသော မျက်နှာထက်တွင် အပြုံးတစ်ခု တွဲခိုနေသည်။ ဟန်ကျင်းဝူသည် သူမ၏အစစ်အမှန် အဆီအနှစ်ကို အမှန်တကယ် ထုတ်လွှတ်နိုင်လိမ့်မည်ဟု သူ မမျှော်လင့်ထားသဖြင့် အနည်းငယ်တော့ အံ့သြမိပေသည်။ သူမသည် ချီသန့်စင်ခြင်းအဆင့်၏ အထွတ်အထိပ်သို့ ရောက်နေခဲ့သည်မှာ ထင်ရှားသော်လည်း ထိုအရာကို အောင်မြင်စွာ လုပ်နိုင်လိမ့်မည်ဟု ထန်ရှု အမှန်တကယ် မျှော်လင့်ထားခြင်းမရှိပေ။ သို့သော် သည်တိုက်ပွဲသည် သူမအတွက် လွယ်ကူသော နိုင်ပွဲတစ်ခုသာပင်။

လီလောင်ရှန်းသည် ရုတ်တရက် ထန်ရှုကို လှည့်ကြည့်ကာ အံ့အားသင့်စွာဖြင့်

"ဟန်ကျင်းဝူက ဘယ်လိုဖြစ်ပြီး အဲ့လောက် သန်မာနေတာလဲ။ မိနစ်ဝက်တောင် မပြည့်သေးဘူး နိုင်သွားပြီလား။”

"သူမကို ကျွမ်းကျင်ပညာရှင်က လေ့ကျင့်ပေးထားပြီး သူမ သင်ယူခဲ့တာတွေက သတ်ဖြတ်တာကလွဲပြီး တခြားဘာမှမရှိဘူး။" ထန်ရှုက ပြုံးလျက်ပြောသည်။ “ဒါပေမယ့် သူမက သွေးဆာနေတဲ့ လူသတ်သမား မဟုတ်သေးလို့ အရင်တိုက်ပွဲတွေမှာ သူမရဲ့ အရည်အချင်းတွေအားလုံးကို ထုတ်မပြသေးဘူး။ တကယ်တော့ လီထုံက အတော်လေး အစွမ်းထက်တဲ့ လူတစ်ယောက်ပါ။ သူ့ရဲ့ ခွန်အားနဲ့အရှိန်က သာမန် သိုင်းပညာရှင်ကြီးတွေတောင် ယှဉ်နိုင်မှာ  မဟုတ်ဘူး။ သူက ဟန်ကျင်းဝူရဲ့ခွန်အားနဲ့ သူမရဲ့အဆုံးအဖြတ်ကို လျှော့တွက်လွန်းခဲ့တာ။ တကယ်တော့ သူက အချိန်အတိုင်းအတာတစ်ခုအထိ ခံနိုင်ရည်ရှိမယ်၊ သူ့ဓားမြှောင်ကို ထုတ်ပြီး အသေသတ်မယ်လို့လည်း မကြံရွယ်ခဲ့ရင် ဒီလိုအချိန်တိုအတွင်း ပွဲသိမ်းသွားဖို့ အလားအလာ နည်းသွားနိုင်တယ်။”

လီလောင်ရှန်းသည် မျက်တောင်တဖျတ်ဖျတ်ခတ်ရင်း ထန်ရှု၏ရှင်းပြချက်ကို ချက်ခြင်း နားလည်သွားသည်။ ဤသားရဲကြီးလီထုံသည် သူ့ကိုယ်သူ သေလမ်း ဖန်တီးလိုက်ခြင်းပင်။

အနီးတွင် …

ချူ ရွှဲ့ချန်သည် မသက်မသာအမူအရာဖြင့် ရှိနေသည်။ သူ၏လောင်းကြေးကို မိန်းမလျာလေး ဝူထုံအပေါ် တင်ထားသည့်တိုင် ဟန်ကျင်းဝူ၏ တိုက်ခိုက်ရေးစွမ်းရည်က သူ့မျှော်လင့်ထားသည်ထက် ကျော်လွန်နေသည်။ သူကိုယ်တိုင်က သိုင်းသမားတစ်ဦးဖြစ်ပြီး လီလောင်ရှန်းလောက် မထူးချွန်သေးသော်လည်း ထက်မြက်သော မျက်လုံးများ ရှိနေဆဲပင်။

သူတို့ အကောင်းမြင်စိတ်နည်းသော ဟန်ကျင်းဝူသည် မမျှော်လင့်ဘဲ ထိုပွဲကို အနိုင်ရပြီး သားရဲကြီး လီထုံအား တိုက်ရိုက်သတ်ပစ်လိုက်လိမ့်မည်ဟု မည်သူက ထင်ပါမည်နည်း။ သူ့ကို အံ့အားသင့်ဆုံးအရာက လီထုံကို အနိုင်ယူရန် ဟန်ကျင်းဝူအတွက် မည်မျှပင် လွယ်ကူနေပါသနည်း။ တိုက်ပွဲအစကနေ အဆုံးအထိ မိနစ်ဝက်ပင် မရှိနိုင်ပါချေ။

ဟန်ကျင်းဝူက တကယ်ပဲ ချန်ပီယံဖြစ်လာလိမ့်မယ်လို့ ငါ့ကို မပြောကြပါနဲ့…။

သူသည် လီလောင်ရှန်းကို လှမ်းကြည့်ကာ ထန်ရှုကိုပင် ကြည့်မိလိုက်သေးသည်။ ထိုသူတို့ကို အချိန်အတော်ကြာ စောင့်ကြည့်ပြီးနောက် ခါးသီးသော အပြုံးတစ်ခု ပြုံးလိုက်ကာ ခေါင်းကို တိတ်တဆိတ် ယမ်းလိုက်မိသည်။

တိုက်ပွဲက မပြီးသေးသောကြောင့် ရလဒ်အား မမြင်နိုင်သေးပေ။ ထို့ကြောင့် သူသည် မိန်းမလျာလေးဝူထုံအား အောင်မြင်စေရန် တိတ်တဆိတ် ဆုတောင်းအားပေးနေသည်။ တခြားသူတွေက သတိမထားမိကြသော်လည်း မိန်းမလျာလေးဝူထုံသည်လည်း သူ၏စွမ်းအားကို အပြည့်အ၀ မထုတ်ပြရသေးပါချေ။ သည်ဟာသည် သူ ရှင်းရှင်းလင်းလင်း သိထားသော အရာတစ်ခု ဖြစ်သည်။

မြေအောက်တိုက်ပွဲ ကွင်းအပြင်ဘက်တွင် သူ့ကို တစ်ချိန်က ချူ ရွှဲ့ချန် တွေ့ဖူးသည်။ ထိုအချိန်က ဤမိန်းမလျာလေးသည် ထိန်းမနိုင်သိမ်းမရဖြစ်သော နတ်ဆိုးမလေးတစ်ပါးအလားပင် ထင်မြင်ရချေသည်။

***

All Chapters