← Chapters

ဟာလာဟင်းလင်းဖြစ်နေသော သတ္တုကြော

Vol. 150 Ch. 2087

ဟာလာဟင်းလင်းဖြစ်နေသော သတ္တုကြော

Vol. 150 Ch. 2087

ရှီမာယူယူတို့ မြို့ထဲသို့ဝင်သောအခါ လူတစ်စုသည် မြို့အပြင်သို့ အလျင် စလိုထွက်သွားကြသည်ကို မြင်လိုက်ရသည်။ လောင်လီသည် ရှီမာယူယူကို ဆွဲ ပြီး လူအုပ်ကြားထဲဝင်ပုန်းကာ လေသံဖြင့် ပြောလေသည် “အဲဒါကစစ်ဦးစီးဟွာ ပဲ”

ရှီမာယူယူ ကြည့်လိုက်ရာ လူအုပ်ရှေ့မှလူကို မြင်လိုက်ရသည်။

ဟွာဝူရှန့်သည် ခန့်ညားသည်။ သို့သော် သူ့ပတ်ပတ်လည်မှ မနှစ်မြို့ဖွယ် လေထုကြောင့် သူ၏ပုံရိပ်ကိုကျဆင်းစေသည်။ သူ့အနောက်မှလူများသည် သူ ၏ ဖိအားကြောင့် အလိုလိုပင် နောက်ဆုတ်ထားကြသည်။

“စစ်ဦးစီးဟွာက စိတ်မကြည်ဘူးနဲ့တူတယ်.. တစ်ခုခုများဖြစ်လို့လား” လောင်လီ ရေရွတ်လေသည် “သတ္တုကြောမှာ ဖြစ်တာနဲ့များပတ်သက်နေ မလား”

“ဘယ်သူသိမှာလဲ.. သူက စစ်ဦးစီးဆိုမှတော့ လုပ်စရာကိစ္စတွေများနေမှာပဲ.. တခြားကိစ္စကို စိတ်ပူနေတာလည်း ဖြစ်နိုင်တာပဲ” ရှီမာယူယူသည် ထိုသို့ ပြောလိုက်သော်လည်း သူသည် သတ္တုကြောကို ပူပန်နေခြင်းဖြစ်ကြောင်း သူမ စိတ်ထဲမှသေချာနေသည်။ သူ သတ္တုကြောကို မြင်လိုက်ချိန် အမူအရာကို သူမ မမြင်နိုင်သော်လည်း ယခုမြင်လိုက်ရသည်မှာလည်း မဆိုးလှပေ။

ရှောင်ဟော်နှင့် ရွှီယွိတို့ ဝိညာဉ်နယ်မြေကိုတိုက်ခိုက်ချိန်တွင် ဘဏ္ဍာရေး အတိုင်ပင်ခံများစွာ၏ ထောက်ပံ့မှုရှိခဲ့သည်။ ထို့ကြောင့် သူတို့ကို စိတ်ညစ် အောင် လုပ်ရသည်ကို သူမ ပျော်မိသည်။

“အဲဒါလည်း ဖြစ်နိုင်တာပဲ”

“မြို့ထဲသွားပြီး ဦးလေးရဲ့သူငယ်ချင်းကိုရှာကြတာပေါ့”

“ကောင်းပြီ”

ဟွာဝူရှန့်သည် လူများကိုခေါ်ကာ တမန်တော်ဇော့ပြောသည့်နေရာဆီသို့ တိုက်ရိုက်သွားလေသည်။ တမန်တော်ဇော့သည် ဟွာဝူရှန့်လာသည်ကို မြင် သည်နှင့် ရှေ့တိုးကာ ပြောလေသည် “စစ်ဦးစီး”

“ဘာအခြေအနေလဲ.. သတ္တုကြောက ဘာမှမရှိတော့ဘူးဆို.. အဲဒါက ဘာ အဓိပ္ပာယ်လဲ” ဟွာဝူရှန့်သည် အထဲသို့ ခြေလှမ်းကျဲကျဲဖြင့် လျှောက်လာရင်း မေးလေသည်။

“ဒါက.. စစ်ဦးစီး ကိုယ်တိုင်ကြည့်သင့်ပါတယ်” တမန်တော်ဇော့သည် လည်း မည်သို့ဖော်ပြရတော့မည်ကို မသိတော့ပေ။

ဟွာဝူရှန့်သည်လည်း သူ၏လက်အောက်ငယ်သားကို ကောင်းစွာ နားလည်သည်။ သူ့ကို ဤသို့မြင်ရသည်မှာ တစ်ခုခုထူးဆန်းနေသည်ကို သိ လိုက်ရသည်။ သူဒေါသထွက်ပြီး ခြေလှမ်းသွက်လိုက်သည်။ သတ္တုကြောကို ဝင် လိုက်ပြီး အထဲကမှအခြေအနေကိုမြင်သောအခါ မအေးခဲဘဲမနေနိုင်တော့ပေ။

သတ္တုကြောတစ်ခုလုံးတွင် ဘာမှမရှိတော့ပေ။

သူ့အနောက်မှလူများလည်း ထိတ်လန့်ကုန်ကြသည်။ သူတို့သည် ဟောင်းလောင်းဖြစ်နေသော သတ္တုကြောကို စိုက်ကြည့်ပြီး စကားလုံးမဲ့နေ သည်။

“ကျွန်တော်တို့ ဝင်လာကတည်းက ဒီလိုဖြစ်နေတာပါ” တမန်တော်ဇော့ ပြောလေသည် “အစတုန်းကတော့ တောင်မှာဘာမှမရှိဘူးလို့ ထင်ထားခဲ့တာ ဒါပေမဲ့ နှစ်ရက်လောက်နေတော့ သဲလွန်စတချို့တွေ့ခဲ့တယ်.. နေရာတိုင်းမှာ အခေါင်းပေါက်တွေပဲကျန်ခဲ့တာ.. အခေါင်းပေါက်တွေကို ကြည့်ရသလောက် တော့ လတစ်ဝက်တောင်မကြာသေးဘူး ပြီးတော့…”

“ပြီးတော့ဘာဖြစ်လဲ”

တမန်တော်ဇော့သည် နှုတ်ခမ်းတွန့်ကာ သူလည်း မယုံနိုင်သေးသည့် တွေ့ရှိမှုကို ပြောပြလေသည် “သတ္တုကြောမှာရှိတဲ့ ထွင်းထားတဲ့အရာတွေ အကုန်လုံးက အတူတူချည်းပဲ”

“လတစ်ဝက်လောက်နဲ့ ငါတို့စောင့်ကြပ်ထားတာကို ချိုးဖောက်ပြီးတော့ သတ္တုကြောတစ်ခုလုံးကို တူးသွားတယ်လို့ပြောနေတာလား” ဟွာဝူရှန့်သည် သူ့ကို ခပ်ရေးရေးကြည့်လေသည်။

တမန်တော်ဇော့သည် ဟွာဝူရှန့်၏ အကြည့်အောက်တွင် ထုံကျဉ်သွား သည်။ ဟွာဝူရှန့် သူ့စကားကို မယုံမှန်းလည်းသိသည်။ သူကိုယ်တိုင် ဤအချက် များကို ရှာတွေ့ထားပြီး ကောက်ချက်ချခြင်းကြောင့်သာမဟုတ်လျှင် သူလည်း ယုံမည်မဟုတ်ပေ။

သို့သော် အမှန်တရားက အမှန်တရားပင်။ မယုံကြည်နိုင်ခြင်းကြောင့် ပြောင်းလဲမသွားပေ။

သူသည် ဟွာဝူရှန့်ကို ထိုကဲ့သို့မပြောရဲသောကြောင့် ပါးနပ်စွာပြောရ သည် “ဒီကောက်ချက်က ယုံချင်စရာမကောင်းတာကို လက်အောက်ငယ်သား လည်း သိပါတယ်၊ အဲဒါကြောင့် ကျွန်တော့်တွေ့ရှိချက်ကို စစ်ဦးစီး အတည်ပြု ပေးဖို့ စောင့်နေတာပါ”

ထိုစကားကြားပြီးနောက် ဟွာဝူရှန့်သည် အမှန်ဖြစ်နိုင်သည်ဟု သိလိုက် သည်။

“သွားကြည့်ကြတာပေါ့” သူသည် တမန်တော်ဇော့ကို အစမှအဆုံးထိ ဦးဆောင်ခိုင်းသည်။ တမန်တော်ဇော့၏ သတိပေးမှုကြောင့် အားလုံးသည် လမ်းတစ်လျှောက်ရှိ ထွင်းရာများကို မှတ်ချက်ယူကြသည်။ သူတို့ ကြည့်လေ လေ အားလုံးကို သတိထားမိလေလေဖြစ်သည်။ အရာအားလုံးမှာ အတူတူပင်။

ထွင်းရာ အသစ်ရောအဟောင်းပါအားလုံး တူညီကြသည်။

တစ်မျိုးပြောရလျှင် သတ္တုကြောတစ်ခုလုံးကို တစ်ချိန်တည်းမှာ တူးလိုက် ခြင်းဖြစ်သည်။

“ဘယ်.. ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

လူအရေအတွက်များလျှင်တောင် ဤမျှကြီးမားသော သတ္တုကြောကို တူးရန်မှာ အချိန်တစ်ခဏအတွင်းမဖြစ်နိုင်ပေ။ တူးရာများသည် ကွာခြားကြ မည်ဖြစ်သည်။

ထို့ကြောင့် တူးရာများကိုကြည့်လေလေ ပို၍မယုံနိုင်လေလေဖြစ်သည်။

သူတို့သည် မယုံချင်ကြပေ။ သို့သော် မတတ်သာဘဲ ယုံလိုက်ရသည်။

ဟွာဝူရှန့်သည် အမှန်တရားကို တဖြည်းဖြည်းလက်ခံလာသည်။ ထို့နောက် သူနှာမှုတ်လိုက်သည် “ကြည့်ရတာ အရည်အချင်းရှိတဲ့လူတစ် ယောက်ကို တွေ့ရပြီထင်တယ်”

သူ စိတ်မကြည်သည်ကို အားလုံးသိကြသဖြင့် ပြန်မဖြေရဲကြပေ။

ဟွာဝူရှန့်သည် အဖြေကိုလည်း‌ မျှော်လင့်မထားပေ။ ခဏအကြာတွင် သူ စိတ်ငြိမ်သွားသည်။ ကိစ္စမှာဖြစ်သွားပြီဖြစ်ရာ ယခုမှစဉ်းစားနေလည်း အသုံး မဝင်တော့ပေ။ သူလုပ်ရသည်မှာ စုံစမ်းရန်သာဖြစ်သည်။

တမန်တော်ဇော့သည် သူ့နောက်လိုက်လာသည်မှာ အချိန်ကြာမြင့်ပြီဖြစ် ရာ သူ့အတွေးကို အသိဆုံးဖြစ်သည်။ သူ့အမိန့်ကိုမစောင့်ဘဲနှင့် တမန်တော် ဇော့ပြောလိုက်သည် “လူလွှတ်ပြီး စုံစမ်းခိုင်းထားပြီးပါပြီ အပြင်လူသဲလွန်စရ တာနဲ့ သူတို့သေချာပေါက် ရှာတွေ့မှာပါ”

“တမန်တော်ယူနဲ့ သခင်ကြီးလျိုတို့ရော”

“တမန်တော်ယူက သေသွားပါပြီ သခင်ကြီးလျိုကတော့… ရထားတဲ့ သတင်းက တိကျရင် သူပြေးသွားပါပြီ”

“ပြေးသွားတယ်ဟုတ်လား”

“ဟုတ်ပါတယ် သူ့အပြင် နောက်တစ်ယောက်လည်း အသက်ရှင်ပါတယ် ဘယ်သူလဲဆိုတာတော့ မသိသေးပါဘူး”

“သခင်ကြီးလျိုက ရဲတင်းတာပဲ” ဟွာဝူရှန့်သည် သွေးဆာနေသော အပြုံး ပြုံးလိုက်သည်။

“ကျွန်တော် လူလွှတ်ပြီး သူတို့ကို ဖမ်းခိုင်းလိုက်ပါပြီ၊ ဖမ်းမိတာနဲ့ ဒီမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ သိရမှာပါ”

“ဒီတစ်ခါ ကိစ္စ အဆင်မပြေရင် နောက်တစ်ခါ မင်းတို့ခေါင်းတွေပဲ ယူလာ ခဲ့လိုက်ကြ” ဟွာဝူရှန့် ပြောပြီးသည်နှင့် သတ္တုကြောမှထွက်ကာ တလျန်မြို့သို့ ပြန်လေသည်။

ရှီမာယူယူတို့ သုံးယောက်သည် မြို့အတွင်းသို့ဝင်ကာ လောင်လီ၏ သူငယ်ချင်းဆီသို့ တိုက်ရိုက်သွားကြသည်။

လောင်လီသူငယ်ချင်း၏ မျိုးရိုးနာမည်မှာ ဒူဖြစ်သည်။ လောင်လီသည် ထိုလူ့ကိုလောင်ဒူဟုခေါ်သည်။ သူ့သူငယ်ချင်းသည် သူ့ကိုလောင်လီဟု ခေါ် သည်။

မိတ်ဆက်ပေးပြီးနောက် လေးယောက်သား လောင်ဒူ၏ တဲစုတ်ထဲတွင် ထိုင်လိုက်ကြသည်။ “အရင်တစ်ခေါက် တွေ့ပြီးကတည်းက နှစ်တွေအများကြီး ကြာခဲ့ပြီ… ဒီဘဝမှာ ပြန်တွေ့ဖို့အခွင့်အရေးရှိဦးမယ်လို့ထင်မထားဘူး” လောင်ဒူသည် ခံစားချက်ပါပါပြောလေသည်။

“ဟုတ်တယ် ဒါပေမဲ့ ပြန်မတွေ့လိုနီးပါးဖြစ်သွားသေးတယ်” လောင်လီ သည် ခါးသီးစွာပြုံးလိုက်သည်။

“ဘာဖြစ်ခဲ့တာလဲ” လောင်ဒူမေးလိုက်သည်။

“ဟူး” လောင်လီသည် သက်ပြင်းချကာ မြို့အတွင်းသို့ဝင်ရန် ပိုက်ဆံမရှိ ကြောင်းနှင့် ၁ နှစ်တာ စစ်မှုထမ်းရန်ဆုံးဖြတ်ခဲ့ကြောင်း ပြောပြသည်။  “ငါ မြို့ထဲဝင်တဲ့အချိန် ဒီကြင်နာတတ်တဲ့ သခင်မလေးယူယူကိုသာမတွေ့ရင် ဒီဘဝမှာ ပြန်တွေ့ဖို့ အခွင့်အရေးတောင်ရှိတော့မှာမဟုတ်ဘူး”

“လောင်လီ အဲလိုမပြောပါနဲ့ ကျွန်မတို့လည်း သဘောတူထားကြတာပဲ” ရှီမာယူယူ ရယ်မောလိုက်သည်။

“ဘာသဘောတူညီချက်လဲ”

“သူမက မြို့ဝင်ကြေးပေးပြီး ၁ နှစ်စာ ငါ့စရိတ်ကိုတာဝန်ယူပေးမယ်.. အပြန်အလှန်အနေနဲ့တော့ ငါက သူမကိုလိုက်ပြရမျာပဲ” လောင်လီ ပြောလိုက် သည်။

“ဒါဆိုရင် မင်းတကယ်ပဲ လူကြီးလူကောင်းနဲ့တွေ့တာပဲ” လောင်ဒူသည် အားကျသလိုပြောလေသည် “ဒါပေမဲ့ ဘာလို့ဒီကိုလာဖို့တွေးမိသွားတာလဲ ဝူရှန့် မြို့က ဒီနဲ့လည်းမနီးဘဲနဲ့”

“အရည်အချင်းစစ်ပွဲက ဒီမှာလုပ်မယ်ဆိုလို့လေ သခင်မလေးယူယူက လာကြည့်ချင်နေတာ”

“ဒါဆို မင်းတို့ကံမကောင်းဘူး အရည်အချင်းစစ်ပွဲက ဒီမနက်ပဲပြီသွားပြီ”

“ပြီးသွားပြီလား”

“ဟုတ်တယ် စစ်ဦးစီးဟွာက နောက်ဆုံးအဆင့်ရွေးပွဲမှာ ထွက်သွားတယ် တဲ့ ဘာလို့လဲတော့ ငါလည်းမသိဘူး”

“ဒီကိုအမြန်လာခဲ့တာကို ပြီးသွားမယ်လို့ ထင်မထားဘူး” ရှီမာယူယူသည် စိတ်ပျက်လက်ပျက်ဖြင့် ကြည့်လိုက်သည်။

“ငါတို့မြို့ထဲကိုဝင်တုန်းက စစ်ဦးစီးထွက်သွးတာကိုမြင်လိုက်တယ်.. အဲတုန်းကတော့ သတိမထားမိဘူး.. ဒါပေမဲ့ အဲအချိန်မှာကတည်းက အရည်အချင်းစစ်ပွဲပြီးသွားပြီ”

ထိုအချိန်တွင် တစ်စုံတစ်ရာ ကြီးကြီးမားမားဖြစ်သည့်အလား အပြင်မှ ဆူညံသံများထွက်လာသည်။ လောင်ဒူသည် သူတို့ကိုနားနေရန်ပြောပြီး သတင်းသွားစုံစမ်းလေသည်။ သူပြန်လာသောအခါ မျက်နှာအမူအရာမှာ အနည်းငယ်ပျက်ယွင်းနေသည်။

***

All Chapters