အရူးအမူး သတ်ဖြတ်ရန် ရည်ရွယ်ချက်
Vol. 52 Ch. 727
“နောက်ပြိုင်ပွဲက မိန်းမလျာလေး ဝူထုံရဲ့ပွဲပဲ။ သူ ချောချောမွေ့မွေ့နဲ့ အနိုင်ရသွားရင် အကောင်းဆုံး ဖြစ်မှာပဲ။ ဒါပေမယ့် သူသာ ခက်ခက်ခဲခဲ အနိုင်ရခဲ့မယ်ဆိုရင် နောက်ဆုံးချန်ပီယံက ဟန်ကျင်းဝူကလွဲပြီး မရှိတော့ဘူး။”
ချူရွှဲ့ချန် တိတ်ဆိတ်စွာ တွေးနေမိသည်။
ခန်းမ၏အခြားတစ်နေရာရှိ ထိုင်ခုံတန်းများ၏ အနောက်တွင် ကျိုးချုံနှင့် ချန်းရွိုက်တို့သည် တုန်လှုပ်ချောက်ချားသော အကြည့်များဖြင့် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်မိကြသည်။ သူတို့၏ နှလုံးသားများသည် ရေခဲတွင်းထဲသို့ ကျသွားသည့်အလား အေးစက်နေပြီး သူတို့၏အမူအရာသည် အလွန်ပင် အရုပ်ဆိုးနေတော့သည်။
“အသက်ရှင်နေရတာ တကယ့်ကို ကြီးကျယ်ခမ်းနားတဲ့ ခံစားမှုတစ်ခုပဲ။ အခုတော့ ဒီစာကြောင်းရဲ့ နက်နဲတဲ့ အဓိပ္ပါယ်ကို နောက်ဆုံးတော့ ငါ နားလည်သွားပြီ။” ချန်းရွိုက်က သူ့လည်ပင်းသူ ကိုင်ပြီး ခါးသီးစွာ ပြောလိုက်သည်။
“သူမက တကယ်ကို သန်မာလွန်းတယ်။ မြေအောက်တိုက်ပွဲများရဲ့ထိပ်ဆုံးလေးယောက်နေရာကို လျှောက်လှမ်းနိုင်သူတွေက မပျော့ညံ့ကြဘူးဆိုပေမယ့် သားရဲကြီးလီထုံက မိနစ်ဝက်တောင် မကြာဘဲ အရိုက်ခံရပြီး သေဆုံးသွားရတယ်…”
ကျိုးချုံက ခံစားချက်များ ရှုပ်ထွေးစွာဖြင့် တုံ့ပြန်လိုက်သည်။
"ချန်းရွိုက် … အခု ငါ ကျိမုကို အရမ်း ကျေးဇူးတင်နေပြီ။ သူသာ အချိန်မီပေါ်မလာခဲ့ရင် ငါကြောက်တာက ငါတို့တွေ…”
ထိုအချက်ကို ပြောပြီးနောက် သူ ဆက်၍ မပြောနိုင်တော့ပေ။
သို့သော်လည်း ချန်းရွိုက်က သူပြောချင်သည့်စကားများအား ကောင်းစွာ သိပေသည်။ သူက အသက်ပြင်းပြင်းရှူပြီး
"ဒီပြိုင်ပွဲကို ကြည့်ပြီးရင် သူ့ကို ကျေးဇူးတင်ကြောင်း ပြောလို့ရအောင် ငါတို့တွေ ကျိမုကို ချက်ချင်း ဖုန်းဆက်ပြီး ငါတို့နဲ့ ညစာစားဖို့ အချိန်ရလားလို့ သူ့ကို မေးလိုက်မယ်။"
“ကောင်းတယ်။” ကျိုးချုံက တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်သည်။
"ကျိမုက ငါတို့ရဲ့ကယ်တင်ရှင်ပဲ။ ကျေးဇူးတင်တဲ့အနေနဲ့ ငါတို့တွေ သူ့ကို လက်ဆောင်ပေးသင့်လား။" ချန်းရွိုက်က မေးသည်။
ကျိုးချုံက ခဏလောက်စဉ်းစားပြီး
"ငါတို့ သူ့ကို ကျေးဇူးတင်ရမယ် … သူ့ကို ကျေးဇူးတင်တဲ့ လက်ဆောင်တစ်ခု ပေးလိုက်မယ်။ ဒီတိုက်ပွဲပြီးရင် သင့်လျော်တဲ့ ကျေးဇူးတင်လက်ဆောင်အကြောင်း ဆွေးနွေးကြတာပေါ့။”
"ဒီနှစ်ရက်အတွင်း ကျိမုက အဖိုးတန်ဆေးပင်တွေ ဝယ်နေတယ်လို့ ကြားတယ်။"
ချန်းရွိုက်၏အမူအရာသည် ရုတ်တရက် လှုပ်ရှားသွားပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။
"ဟင်…" ကျိုးချုံက သံသယဖြင့် ကြည့်လာရင်း
"ကျိမုက အဖိုးတန်ဆေးပင်တွေကို ဘာအတွက် ဝယ်နေတာလဲ။ သူ နေမကောင်းလို့လား။ ဒါမှမဟုတ် မိသားစုဝင်တစ်ယောက်လား…”
"အဲ့ဒါတော့ ငါ မသိဘူး။" ချန်းရွိုက် ခေါင်းယမ်းလိုက်သည်။
"ဒါက ကောလဟာလတစ်ခုမို့ သေချာ မသိဘူး။ ဒါပေမယ့် တိုက်ပွဲပြီးရင် ငါ့သူငယ်ချင်းကို ဝိုင်းမေးပေးဖို့ ပြောလိုက်မယ်။ အဲ့ဒီသတင်း မှန်နေရင် ငါတို့တွေ အဖိုးတန်ဆေးပင်တွေကို ပို့ပေးလိုက်ကြတာပေါ့။"
"ပြဿနာ မရှိဘူး။" ကျိုးချုံက ခေါင်းညိတ်ပြပြီး သူ့အသွင်သည် စဉ်းစားတွေဝေနေဟန် ရှိသည်။
သားရဲကြီးလီထုံသည် မိနစ်ဝက်မပြည့်မီတွင် အလဲထိုးခံရပြီး ရှုံးနိမ့်သွားသည်ကို ကြိုးဝိုင်းအောက်တွင် စောင့်ကြည့်နေသည့် ပင့်ကူနက်သည် မတုန်လှုပ်ဘဲ မနေနိုင်တော့ပေ။ သူမကိုယ်တိုင်လည်း ကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး သိုင်းပညာရှင်ကြီးအဆင့်သို့ မရောက်သေးသော်လည်း အလွန်ရက်စက်ကြမ်းကြုတ်ကာ သနားညှာတာမှုကင်းသူဟု ဆိုနိုင်သည်။ သို့တိုင် ယခုပြီးသွားသောပွဲစဉ်ကြောင့် သူမ တုန်လှုပ်နေဆဲဖြစ်သည်။
ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်လေလဲ။ ရေခဲဖီးနစ် ဟန်ကျင်းဝူသည် သူမ၏စွမ်းအားအပြည့်ကို ဘယ်သောအခါမှ ထုတ်လွှတ်ခြင်းမရှိကြောင်း သိသာထင်ရှားပေသည်။
ပင့်ကူနက်၏အကြည့်များသည် ဟန်ကျင်းဝူထံမှ ရွေ့လျားသွားပြီး ကြမ်းပြင်ထက်တွင် မလှုပ်မယှက် လဲလျောင်းနေသော လီထုံဆီ ရောက်သွားသည်။ ပင့်ကူနက်တစ်ယောက် တုန်တုန်ယင်ယင်ဖြင့် စိတ်ထဲမှ သက်ပြင်းချကာ ထိုသူ၏အခြေအနေကို စစ်ဆေးရန် ကြိုးဝိုင်းစင်မြင့်ထက်သို့ တစ်ဖန်ပြန်တက်လိုက်သည်။ ထို့နောက် သူမသည် ဟန်ကျင်းဝူ၏နံဘေးသို့ လျှောက်သွားကာ သြဘာပေးလိုက်ရင်း
"ရေခဲဖီးနစ် — ဟန်ကျင်းဝူက ကိုယ့်ကိုယ်ကိုယ် အတော်နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားတာပဲ။ သားရဲကြီး လီထုံသေဆုံးသွားပြီမို့ အနိုင်ရရှိသူကတော့ ဟန်ကျင်းဝူ ဖြစ်ကြောင်း ကြေညာပါရစေရှင်။"
"ရေခဲဖီးနစ် ဟန်ကျင်းဝူ … နင် စင်မြင့်အနောက်မှာ ခဏနားလို့ရတယ်။ နင့်ရဲ့ဒုတိယပွဲစဉ်က ၁၀နာရီမှာ စလိမ့်မယ်။"
ဟန်ကျင်းဝူ ခေါင်းညိတ်လိုက်သည်။ သူမသည် ထန်ရှုဘက်သို့ စိုက်ကြည့်လိုက်ပြီးနောက် ပင့်ကူနက်အား ချက်ချင်း တုံ့ပြန်ကာ ကြိုးဝိုင်းအတွင်းမှ လှည့်ထွက်သွားသည်။
ဒုတိယပွဲစဉ်…
သံလက်သီးကျင်းကန်နှင့် မိန်းမလျာလေး ဝူထုံတို့သည် ကြိုးဝိုင်းအတွင်းသို့ ရောက်ရှိလာပြီးနောက် ၎င်းတို့နှစ်ဦး၏ပြင်းထန်သော တိုက်ခိုက်လိုစိတ်များကို ပြသခဲ့ကြသည်။ ခန်းမနောက်တန်းတွင်ထိုင်နေသော ထန်ရှုပင်လျှင် ထိုတိုက်ခိုက်ရေးသမားနှစ်ဦးအား အချိန်ပေးကာ ကြည့်ရှုခဲ့သည်။ ထို့နောက် သူသည် ချူရွှဲ့ချန်ဘက်သို့ လှည့်ကာ ပေါ့ပေါ့ပါးပါး အပြုံးဖြင့် "အစ်ကိုချူက အမြင်ကောင်းတယ်။ အဲ့ဒီအမျိုးသမီးလေးဝူထုံရဲ့ အတော်အားနည်းနေတဲ့ပုံက လေတိုက်ရင် လွင့်ထွက်သွားနိုင်တဲ့ ပုံဆိုပေမယ့် သူက ငြင်းမရလောက်အောင် ကြောက်စရာကောင်းတယ်။ ဒါ့ပြင် သူက လူတော်တော်များများ သတ်ထားပြီးပြီ။”
“ညီအစ်ကိုထန်က ငါ့ကို နောက်နေတာလား။ ငါ မင်းနဲ့ မယှဉ်နိုင်ပါဘူး။ မင်း သဘောကျပြီး လောင်းကြေးထပ်ထားတဲ့ ဟန်ကျင်းဝူက သားရဲကြီး လီထုံကို အလွယ်တကူ သတ်နိုင်ပြီး ရလဒ်က သူမရဲ့ဒုတိယပွဲအပေါ် သက်ရောက်မှာ မဟုတ်ဘူး။ ဒီမိန်းမလျာလေး ဝူထုံက တကယ့်ကို သန်မာပေမယ့် သံလက်သီးကျင်းကန်ကို အနိုင်ယူနိုင်ခဲ့ရင်တောင် ပြင်းပြင်းထန်ထန် ဒဏ်ရာရပြီး ဆိုးဆိုးရွားရွား စုတ်ပြတ်သွားနိုင်တယ်။ ဟန်ကျင်းဝူနဲ့ ဒုတိယပွဲစဉ်မှာ သူ ရှုံးဖို့က တော်တော် ဖြစ်နိုင်ချေရှိတယ်။”
ထန်ရှုက ပြုံးရုံသာ ပြုံးပြီး စကားဆက်မပြောတော့ချေ။ ဟန်ကျင်းဝူသည် သူမ၏ခွန်အားကို အပြည့်အဝ မထုတ်ချင်ရုံသာ ဖြစ်သည်။ သတ်ဖြတ်ရန် သူမ စိတ်ဆုံးဖြတ်ထားသရွေ့ ချန်ပီယံဖြစ်လာမှာ အသေအချာပင်။ ထန်ရှုသည် သူမကို ယုံကြည်စိတ်ချမှုရှိသည့်နည်းတူ သူမအား သင်ကြားပေးသော ထာဝရခန်းမ၏ကျွမ်းကျင်သူကိုပါ ယုံကြည်စိတ်ချမှု ရှိပေသည်။
မျှော်လင့်ထားသည့်အတိုင်း ဆီမီးဖိုင်နယ်တိုက်ပွဲသည် အလွန် ဖြည်းညှင်းစွာ ပြီးဆုံးသွားသည်။ သံလက်သီးကျင်းကန်နှင့် မိန်းမလျာလေး ဝူထုံတို့သည် ၁၀မိနစ်ကျော်သည့်တိုင် အပြင်းအထန် တိုက်ခိုက်ကြပြီးမှ နောက်ဆုံးရလဒ်ကို ရရှိခဲ့ကြသည်။ အနိုင်ရရှိသူမှာ မိန်းမလျာလေးဝူထုံ ဖြစ်သော်လည်း သံလက်သီးကျင်းကန်ကို သတ်ပြီးနောက် ဝူထုံတွင်လည်း ပြင်ပဒဏ်ရာအများအပြားအပြင် အတွင်းဒဏ်ရာများပါ ပြင်းထန်စွာ ရရှိသွားတော့သည်။
ည ၁၀:၀၀ နာရီ…
ပင့်ကူနက်သည် ကွင်းထဲတွင် တစ်ဖန်ရပ်ရပြန်သည်။ သူမ၏အမူအရာသည် အနည်းငယ် ဆိုးရွားနေပြီး သူမ၏မျက်လုံးများတွင် ဒေါသရိပ်များပင် ရှိနေသည်။ သူမသည် ဒေါသကို မျိုသိပ်ကာ မိုက်ခရိုဖုန်းကို ကိုင်ပြီး “နောက်တစ်ပွဲက ကျွန်မတို့ရဲ့နောက်ဆုံးပွဲစဉ်ပါပဲ။ ရေခဲဖီးနစ် ဟန်ကျင်းဝူနဲ့ မိန်းမလျာလေး ဝူထုံတို့ … ကျေးဇူးပြုပြီး ကြိုးဝိုင်းထဲကို ကြွပေးပါ။”
ခဏအကြာတွင် ပြိုင်ပွဲဝင်နှစ်ယောက်သည် ကြိုးဝိုင်းပေါ်တွင် ရပ်လိုက်သည်။ ပင့်ကူနက်သည် သူမ၏အသက်ရှုသံကို ထိန်းကာ ဒဏ်ရာပြင်းထန်စွာ ရထားသော မိန်းမလျာလေး ဝူထုံကို စိုက်ကြည့်ရင်း အေးစက်စွာ ပြောလိုက်သည်။
"နောက်ထပ် ရှည်ရှည်ဝေးဝေး မပြောတော့ဘဲ ပွဲ စတင်ပြီလို့ အခုပဲ ကြေညာလိုက်ပါပြီ။"
ဝူထုံက ဟန်ကျင်းဝူအား လေးလေးနက်နက် တစ်ချက်စိုက်ကြည့်ရင်း ချက်ချင်း ခေါင်းယမ်းလိုက်ကာ "ငါ့အပေါ် လောင်းကြေးထပ်တဲ့ သူငယ်ချင်းတွေ အားလုံးကို ငါ တောင်းပန်ပါတယ်လို့ပဲ ပြောနိုင်ပါတော့တယ်။ ငါ့ရဲ့ဒဏ်ရာတွေက အရမ်းပြင်းထန်လွန်းတော့ ငါ့ကိုယ်ငါတောင် ခက်ခက်ခဲခဲ ရပ်နေရပါတယ်။ ဒါကြောင့် ငါ ရှုံးနိမ့်တာကို ဝန်ခံတယ်။”
"မင်းက ဘာ … ဒီအတိုင်းပဲ ရှုံးနိမ့်တယ်လို့ မင်းက ဝန်ခံလိုက်တာလား။”
"ယီးပဲဟေ့ …။ မင်း ဘာတွေ လုပ်လိုက်တာလဲ။ မြေအောက်တိုက်ပွဲရဲ့နောက်ဆုံးဂိမ်းက ငါအမျှော်လင့်ရဆုံး ဂိမ်းကွ။ ဒီလိုမျိုး ဘယ်လို ကျော်သွားနိုင်မလဲ။ ဒီဖေဖေကြီးက ယွမ်မီလီယံ ၅၀ လောင်းထားပြီးပြီကွ…”
"ဟေ့ ဝူထုံ … မင်း လက်လျှော့ရင် မင်းကိုသတ်ဖို့ ငါ နည်းလမ်းရှာမယ် ဟေ့ကောင်။"
"မင်းသတ်တာ ကြည့်ဖို့ ငါ ပေးခဲ့တယ်။ ငါ့ကို သွေးတွေ ပြစမ်းပါကွ…"
“သတ္တိမရှိတဲ့ကောင် …။ မင်း ငါ့ကို အဲ့လိုလုပ်သွားတဲ့အတွက် နောင်တရစေရမယ်…။"
“…”
သူဌေးအများအပြားက မတ်တပ်ထရပ်ကာ ဒေါသတကြီး ဆဲဆိုကြပြီး အချို့က ခြိမ်းခြောက်မှုများပင် ပြုလုပ်လာကြသည်။
ဝူထုံသည် အကြာကြီးမနေခဲ့ပါ။ သူ့တွင် ခွန်အားရှိသော်လည်း ချမ်းသာပြီး အာဏာရှိသူများ၏ ဒေါသသည် သူ ရင်ဆိုင်နိုင်မည့်အရာများ မဟုတ်ပေ။ သူ မည်သည့်အခြေအနေ ရောက်နေသည်ကို သူသာ အသိဆုံးဖြစ်ပြီး ပြိုင်ပွဲဆက်လုပ်ပါက သူသည် အလောင်းကောင်သာ ဖြစ်သွားပေလိမ့်မည်။ ထိုချမ်းသာသူများသည် ပြိုင်ပွဲအပြီးတွင် သူ့ကို ပစ်မှတ်ထားနေနိုင်သော်လည်း သူ့အသက်ကို ကယ်တင်နိုင်မည်ဟု ယုံကြည်ထားကာ အခြေအနေ ပိုဆိုးလာပါက တရုတ်နိုင်ငံမှ ထွက်ခွာသွားနိုင်မည်ဟု သူ ယုံကြည်ထားသည်။
ဟန်ကျင်းဝူလည်း အလွန်အံ့သြသွားသည်။ ဝူထုံသည် ရှုံးနိမ့်မှုကို တန်းလက်ခံရန် ရွေးချယ်မည်ဟု သူမ မတွေးထားခဲ့မိသောကြောင့်ဖြစ်သည်။ မူလက ဝူထုံသည် သူမအား သတ်ရန် ရည်ရွယ်ချက်ရှိပါက ထိုသူအား သတ်ရန် သူမ ကြံရွယ်ထားသော်လည်း ယခုအခါ သူမ၏အောင်ပွဲသည် အခြေကျသွားပြီဟုပင် ထင်ရသည်။
ပရိသတ်ထဲတွင် လီလောင်ရှန်းသည် ချက်ချင်းဆိုသလို ကျယ်လောင်စွာ ရယ်မောရင်း ဖြူဖျော့နေသော ချူရွှဲ့ချန်ကို ကြည့်လိုက်ကာ
"ဟားဟားဟား ... ချူကြီး။ ဒီနေ့ ဒီလောက် ကံကောင်းလိမ့်မယ် ငါ မထင်ခဲ့မိဘူး။ ညီအစ်ကိုထန်ကို ဒီမှာ တွေ့ရုံတင်မကဘဲ ယွမ်မီလီယံ ၇၀၀ကိုလည်း အိတ်ထဲ ထည့်နိုင်ခဲ့တယ်။ သောက်ရမ်းကို … ဒါကြီးက တကယ်ကြီးကျယ်ခမ်းနားပြီး ပျော်ရွှင်စရာကောင်းတဲ့ ဖြစ်ရပ်ပဲ။ ညီအစ်ကိုထန် … ဒီပြေစာကို ဘဏ်ငွေစက္ကူအဖြစ် လဲလှယ်ဖို့ စင်မြင့်အနောက်ကို သွားကြစို့။ ဒီအဘိုးကြီးလီက မင်းကို အရက်တိုက်ရမယ်။"
ထန်ရှုက ပြုံးရုံသာ ပြုံးလိုက်သည်။ ဟန်ကျင်းဝူနှင့်အတူ ချန်ရှီသို့ သူ လိုက်ပါလာရသည့် အကြောင်းရင်းမှာ မြေအောက်တိုက်ပွဲတွင် သူမ မတော်တဆဖြစ်မည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။ သူမဆီက အဖြေတစ်ခု မရသေးသကဲ့သို့ သည်ကဲ့သို့ပွဲမျိုးတွင် သူမကို မသေစေချင်ခဲ့တာလည်း အသေအချာပင်။
လီလောင်ရှန်း၏နောက်သို့ လောင်းကစားရန် လိုက်ကာ ငွေအမြောက်အမြားရရှိခဲ့ခြင်းသည် မတော်တဆ တိုက်ဆိုင်သွားခြင်းသာ ဖြစ်တော့သည်။
"ကောင်းပြီ သွားကြစို့။"
ထန်ရှုက ပြုံးပြီးဆိုလိုက်ရာ လီလောင်ရှန်းက သူ့ကို ဆွဲခေါ်သွားတော့သည်။ ကျိမုကလည်း ဝမ်းသာအားရ သူတို့အနောက်ကနေ လိုက်ပါသွားသည်။ သူ၏ လောင်းကြေးက အများကြီးမဟုတ်သည့်တိုင် ပေါက်ကြေးအဆက အတော်များသည်မို့ သူ ရမည့်ငွေသည်လည်း အတော်များပေသည်။
နာရီဝက်အကြာတွင် ထန်ရှု၊ လီလောင်ရှန်း၊ ကျိမုနှင့် ချူရွှဲ့ချန်တို့သည် ဓာတ်လှေကားဖြင့် မြေအောက်ထဲမှ အပေါ်သို့ တက်လာပြီးဖြစ်သည်။ အဝတ်အစား လဲပြီးသွားသော ဟန်ကျင်းဝူလည်း သိပ်နောက်မကျဘဲ သူတို့အရှေ့သို့ ရောက်လာသည်။
"ပျော်လား။" ထန်ရှုက မေးလိုက်သည်။
ဟန်ကျင်းဝူ ခေါင်းညိတ်လိုက်ပြီး မျက်နှာထက်တွင် အပြုံးတစ်ပွင့် ဖြစ်ပေါ်လာကာ
“ဒါပေါ့ … အနိုင်ငွေရတယ်ဆိုတာ ပျော်စရာကြီးလေ။ ဒါပေမယ့် ဒီမိန်းမလျာလေး ဝူထုံနဲ့တိုက်ဖို့ အရမ်းစိတ်လှုပ်ရှားနေတာမို့ ဒီပွဲအတွက် ငါ ရင်မဖိုတော့ပါဘူး။"
"ကောင်းပြီ။ မင်း ကောင်းကောင်းတိုက်ချင်ရင် နောက်မှ မင်းကို ငါ ကျင်းမန်ကျွန်းကို လိုက်ပို့ပေးမယ်။"
ထန်ရှုက ပြုံးပြီး ပြောလိုက်သည်။
ဟန်ကျင်းဝူ၏အပြုံးသည် တောင့်တင်းသွားသည်။ သူမက ချက်ချင်း ခေါင်းယမ်းပြီး
“ဟင့်အင်း … ကျေးဇူးတင်ပါတယ်။ အဲ့ဒါကို မေ့လိုက်ပါ။"
ထန်ရှုက တဟားဟားရယ်ပြီးနောက် မေးလိုက်သည်။ "ဒါနဲ့ မင်းလည်း လောင်းကြေးထပ်ခဲ့တာလား။ ဘယ်လောက်နိုင်ခဲ့လဲ။"
"ငါ ယွမ် ၂၀မီလီယံ လောင်းပြီး မီလီယံ၁၀၀ကျော် နိုင်ခဲ့တယ်။ ငါ အခု ချမ်းသာတဲ့ အမျိုးသမီးလေး တစ်ယောက် ဖြစ်သွားပြီ။"
"ဟင် … မင်းမိသားစုက ပိုက်ဆံပြတ်နေတာ ငါ မမှတ်မိဘူး။” ထန်ရှုက ဆတ်ကနဲ ပြောလိုက်သည်။ "မင်းမိသားစုဆီက အထောက်အပံ့ မယူဘဲ တကယ်ပဲ မင်းတစ်ယောက်တည်း နေချင်တာလား။"
ထန်ရှုသည် သူမ၏အဘိုးကို သိကြောင်း ဟန်ကျင်းဝူ သဘောပေါက်ထားသောကြောင့် သူမ၏မိသားစု အခြေအနေများကိုလည်း သူ သိနိုင်ပေသည်။ ထို့နောက် သူမက ခေါင်းညိတ်ကာ အပြုံးဖြင့်
"ငါက များသောအားဖြင့် နည်းနည်းပဲ သုံးတတ်ပေမယ့် ပိုက်ဆံအချို့ ရှာနိုင်တာတော့ မဆိုးဘူးလေ နင် သိတယ်ဟုတ်။"
ထန်ရှုက ပြုံးရုံသာ ပြုံးပြီး ထိုအကြောင်းအရာကို ဆက်မပြောတော့ဘဲ လီလောင်ရှန်းနှင့် ချူ ရွှဲ့ချန်ကို ညွှန်ပြကာ သူမကို မိတ်ဆက်ပေးလိုက်သည်။
ဟန်ကျင်းဝူကြောင့် ယွမ်မီလီယံ ၇၀၀ခန့် ရရှိခဲ့သော လီလောင်ရှန်းသည် သူ၏ရင်ဘတ်ကို လက်ဖြင့်ပုတ်ကာ "မစ္စဟန် … ဒီတစ်ခါတော့ မင်းကို ကျေးဇူးတင်တယ်လို့ ပြောရမယ်။ မင်းကြောင့် ငါ ယွမ်မီလီယံ ၆၀၀ကျော် ရသွားတယ်။ ဒီအဘိုးကြီးလီက တစ်နှစ်-နှစ်နှစ်အတွင်း လုပ်ငန်းကနေတောင် ဒီလို များများစားစား မရဘူး။ ဒါကြောင့် ဒီညမှာ အဆာပြေတစ်ခုခု စားဖို့ ဖိတ်ခေါ်ချင်တယ်။ ဒါပေမယ့် ဒီအဘိုးကြီးလီက ရှန်ဟိုင်းကို အလည်လာရင် မင်းကို ခမ်းနားတဲ့ လက်ဆောင်တစ်ခု ပေးဦးမှာပါ။”
"ဒါက မလိုအပ်ပါဘူး။" ဟန်ကျင်းဝူ ပြုံးလိုက်သည်။
"ဒါ ရှင့်ရဲ့ကံကြမ္မာပါပဲ အစ်ကိုလီ။ ဒီနေ့ည အဆာပြေစားဖို့ နေရာကောင်းတစ်ခုကိုပဲ ရွေးလိုက်ပါ။ ဒါ အဆင်ပြေနေပါပြီ။”
"မဟုတ်ဘူး။ အဆာပြေစားစရာဆိုတာလည်း ရှိရမယ် … ခမ်းနားတဲ့ လက်ဆောင်လည်း ရှိရမယ်။" လီလောင်ရှန်းက မာဆတ်ဆတ် ပြောသည်။ "ဒါနဲ့ ညီအစ်ကိုကျိ … မင်းက ချန်ရှီရဲ့ဒေသခံဆိုတော့ ညစာစားဖို့ အကောင်းဆုံးနေရာကို သိတယ် မဟုတ်လား။ ဒီည ငါ အရမ်းပျော်နေတယ်။ ဒါကြောင့် ငါတို့ကို အကောင်းဆုံးနေရာကို ခေါ်သွားပေးပါ။"
ညီအစ်ကိုကျိ…
ကျိမု ရင်ထဲ တုန်လှုပ်သွားသည်။ သူသည် ပြိုင်ပွဲများကို ကြည့်ရင်း အင်တာနက်ကို လျှို့ဝှက်ကြည့်ရှုရင်း လီလောင်ရှန်းအကြောင်းကို ရှာဖွေခဲ့သည်။ လီလောင်ရှန်းသည် မြောက်ပိုင်းဒေသမှ အသားတင်ငွေ ၁၀ဘီလီယံကျော်ရှိသည့် သံမဏိသူဌေးဖြစ်မှန်း သိလိုက်ရသောကြောင့် ရလဒ်သည် သူ့အား အံ့အားသင့်စရာ ဖြစ်ခဲ့ရပေသည်။ သူသည် ကျိမိသားစုမှ သခင်လေးတစ်ဦးဖြစ်သော်လည်း ဤလူအား ညီအစ်ကိုအဖြစ် ခေါ်ဝေါ်ရန် သူ့တွင် အရည်အချင်း မရှိပေ။ သူ့အဖေကသာ ပိုမိုသင့်တော်ပေမည်။
သူသည် တစ်စုံတစ်ယောက်နှင့် ပေါင်းသင်းဆက်ဆံခြင်းမှ ရိုးရှင်းစွာ အကျိုးကျေးဇူး ရရှိခဲ့သည်။
ကျိမုသည် ထန်ရှုကို တိတ်တဆိတ် စိုက်ကြည့်လိုက်ရာ ထိုသူက ခေါင်းညိတ်ပြသည်ကို တွေ့လိုက်ရသည်။ ထို့နောက် သူက ခြောက်ကပ်ကပ်ပြုံးလိုက်ပြီး
“ဒီည ကျွန်တော်လည်း တော်တော်အနိုင်ရခဲ့တယ် အစ်ကိုလီ။ အစ်ကိုလီက အစကတည်းက ဧည့်သည်ဖြစ်တာမို့ ကျွန်တော်က အိမ်ရှင်အဖြစ် ညီအစ်ကိုတွေကို ဧည့်ခံသင့်တာပေါ့။ အစ်ကိုလီ အနာဂတ်မှာ အားလပ်ချိန်ရှိတော့မှ ကျွန်တော်တို့ကို ဖိတ်ပေါ့ဗျာ။”
ယနေ့ညသည် အကျိုးအမြတ်များစွာ ရိတ်သိမ်းနိုင်ခဲ့သော ညဖြစ်သဖြင့် သာယာသောညတစ်ည ဖြစ်ခဲ့သည်။
သူတို့ငါးယောက် ညစာစားပြီးချိန်သည် ၁နာရီခွဲ ဖြစ်နေချေပြီ။ ထန်ရှုသည် ဝိုင်အများအပြားသောက်ပြီး သူ့ခန္ဓာကိုယ်ထဲမှ အရက်ကို အတင်းအကြပ် မထုတ်ခဲ့သောကြောင့် အနည်းငယ် ရီဝေ၀ေ ဖြစ်သွားသည်။ လီလောင်ရှန်းနှင့် ချူ ရွှဲ့ချန်တို့ နှစ်ယောက်လုံးကမူ အလွန်အကျူး သောက်ကြသဖြင့် ကျိမုက ၎င်းတို့ကို ခေါ်ထုတ်ရန် ကျိမိသားစု၏ လူအနည်းငယ်ကို ကြိုးစားရှာဖွေပြီး သူတို့ထွက်သွားချိန်တွင် ဟိုတယ်ကောင်းတစ်ခုကို ကြိုတင်ဘွတ်ကင်လုပ်ပေးခဲ့သည်။
သို့သော်လည်း လီလောင်ရှန်းသည် လမ်းခွဲချိန်တွင် ထန်ရှုကို အတင်းဆွဲခေါ်ကာ မနက်ဖြန်တွင် သူနှင့် တွေ့ချင်ပြီး ရှန်ဟိုင်းသို့ အတူတူ သွားကြမည်ဟု ပြောလာခဲ့သည်။ ထန်ရှုက လီလောင်ရှန်းအား ဘာလုပ်မည်ဆိုတာကို မမေးခဲ့သလို လီလောင်ရှန်းကိုယ်တိုင်လည်း ရှင်းမပြခဲ့ပေ။
***