သုတေသနအောင်မြင်မှု
Vol. 53 Ch. 730
မိမိကိုယ်ကို တိုးတက်အောင် မြှင့်တင်လိုသော ရည်မှန်းချက်များ ရှိခြင်းသည် အမြဲတမ်း ကောင်းမွန်သော အရာဖြစ်သည်။ သို့သော် လူတစ်ယောက်သည် မိမိ၏လုပ်နိုင်စွမ်းရည်ကို တွက်ချက်ပြီးမှ လုပ်ဆောင်ရမည်ဖြစ်သည်။
သည်ဟာသည် ထန်ရှု၏အယူအဆ ဖြစ်သည်။ ယွမ်သန်းပေါင်းများစွာ အထောက်အပံ့ ပေးရန် သာမန်သူငယ်ချင်းတစ်ဦးမှ သူ့အား တောင်းဆိုခဲ့မည်ဆိုပါက သူသည် တုံ့ပြန်ရန် စိတ်အားထက်သန်နေမည်မဟုတ်ပေ။ သို့သော် ယွမ်ချူးလင်သည် သာမန်သူငယ်ချင်းမဟုတ်ပေ။ အထက်တန်းကျောင်းတက်စဉ်က ထိုသူသည် သူ့အတွက် တိုက်ပွဲဝင်ခဲ့ပြီး ကျောင်းမှ ထုတ်ပယ်ရန် ဆုံးဖြတ်ချက်ကို ကန့်ကွက်ကာ နောက်ဆုံးတွင် သူ၏ ကျမ်းသစ္စာကျိန်ဆိုထားသော သေဖော်သေဖက် သူငယ်ချင်း ဖြစ်လာခဲ့သည်။
ထန်ရှု စီးကရက်တစ်လိပ် ဆွဲထုတ်လိုက်သည်။ စီးကရက်သောက်နေရင်း သူ၏ မိုဘိုင်းဘဏ်စနစ်ကို အသုံးပြုပြီး ယွမ်ချူးလင်၏အကောင့်ထဲသို့ ချေးငွေ ၅မီလီယံအား လွှဲပြောင်းပေးလိုက်သည်။
“နောက်ဆို အသေးအဖွဲကိစ္စအတွက် ငါ့ဆီ အပြေးလာစရာ မလိုပါဘူးကွာ။ ဖုန်းဆက်လိုက်လည်း အဆင်ပြေပါတယ်။"
ယွမ်ချူးလင်သည် ရင်ထဲ ထိသွားသော်လည်း အပေါ်ယံတွင် ထုတ်ဖော်မပြပေ။ ပါးစုန့်များ တက်သွားအောင် သူ ပြုံးလိုက်ပြီး သူ့ရည်းစား ဝေ့ရှောင်ထင်းအား ပြောလိုက်သည်။
“မင်း တွေ့လား။ ဒီအစ်ကိုကြီး … ငါ့ရဲ့သူဌေးက တကယ်ကို ပြတ်သားပြီး ငါတောင် ဘာမှ ပြောစရာ မလိုဘူး။ အစ်ကိုကြီးက ငါတို့ရဲ့ အထောက်အပံ့အဖြစ် ရှိနေရင် မင်း ငါ့နောက်လိုက်လို့ကတော့ သေချာပေါက် ကောင်းမွန်တဲ့ဘဝတစ်ခုကို မင်း ပိုင်ဆိုင်လာလိမ့်မယ်။"
"ရှက်စရာကြီး…"
ဝေ့ရှောင်ထင်းက ဖက်တီးယွမ်ကို ချစ်စရာကောင်းပြီး ဖြူစင်သော မျက်လုံးများနှင့် ကြည့်လိုက်သည်။ ထို့နောက် သူမသည် ထန်ရှုကို ချက်ချင်း ပြန်ကြည့်ကာ
"ရှင့်ကို အစ်ကိုကြီးတစ်ယောက်အနေနဲ့ တော်ထားရတာ ဒီဖက်တီးလေးအတွက် အရမ်းကောင်းတယ်။ ရှင် သူ့အပေါ် ဘယ်လောက်ကောင်းတယ်ဆိုတာ သူ့ဆီကနေ ကျွန်မ အမြဲ ကြားနေရတာလေ။ အခု မျက်မြင်ကိုယ်တွေ့ပဲ။ သူ့လိုမျိုး ရှင့်ကို အစ်ကိုကြီးလို့ ခေါ်ရင် စိတ်မဆိုးဘူးမဟုတ်လား။"
"ရပါတယ်။ လွတ်လွတ်လပ်လပ် ခေါ်ပါ။"
ထန်ရှုက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
“ကောင်းပါပြီ။ ဒါဆို နေ့လည်စာ အတူစားကြရင်ကော ဘယ်လိုလဲ။ အတူတူထမင်းစားဖို့ နေရာရှာလို့ရမလား" ဝေ့ရှောင်ထင်းက ပြုံးပြီး မေးသည်။
ထန်ရှုက မငြင်းပေ။ အင်မော်တယ်ကမ္ဘာတွင် ရှိစဉ်က လူတို့ကို အကဲဖြတ်နိုင်စွမ်းရည်ကို သင်ယူရန် သူ၏အချိန်ကို မသုံးခဲ့ပေ။ သို့သော် ကမ္ဘာမြေကို သူ ပြန်ရောက်လာပြီးနောက် သည်ရှုထောင့်အား လွန်စွာ ဂရုတစိုက် သတိထားခဲ့ရာ ထိုစွမ်းရည်တွင် သူ အတော်လေး တိုးတက်အောင်မြင်လာခဲ့သည်။ ဝေ့ရှောင်ထင်းသည် ဖက်တီးယွမ်နှင့် ပထမဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ်သော်လည်း ယွမ်ချူးလင်တွင် ပိုက်ဆံ ရှိသောကြောင့် တွဲရန် ရွေးချယ်ခဲ့ခြင်း မဟုတ်ကြောင်း သူ ပြောနိုင်သည်။ သူမ၏စိတ်နေသဘောထားနှင့် သူမ၏မျက်လုံးများထဲရှိ အမူအရာများက ယွမ်ချူးလင်ကို သူမ အမှန်တကယ် နှစ်သက်ကြောင်း ဖော်ပြနေပေသည်။
ညနေပိုင်းတွင်…
မိုရီထံမှ ဖုန်းခေါ်ဆိုမှုကို ရရှိသော ထန်ရှုသည် သုခဘုံစံအိမ်သို့ သွားခဲ့သည်။ ဖုန်းထဲတွင် မိုရီသည် အသေးစိတ်အချက်အလက်များကို မရှင်းပြသော်လည်း ကျေနပ်ပီတိဖြစ်နေမှုအား သူ့အသံမှတဆင့် ထန်ရှု ခံစားသိရှိနိုင်သည်။ သူ အံ့အားသင့်သွားစေရသည်မှာ သုခဘုံစံအိမ်နယ်မြေ၏အတွင်းအကျဆုံး နိုင်ငံခြားပုံစံ အဆောက်အဦးကို သူ ရောက်သောအခါတွင် မိုရီတစ်ယောက်တည်းသာမဟုတ်ဘဲ ဟန်ကျင်းထုံ၊ ရှင်းကျန်၊ အိုးရန်လူလူနှင့် ဟန်ကျင်းဝူတို့ပါ ရှိနေခြင်းပင် ဖြစ်တော့သည်။
"ကောင်းပြီ … ကျွန်တော့်ကို ဖုန်းဆက်ပြီး လာခိုင်းတာ အရေးတကြီး ကိစ္စရှိလို့လား … ပါမောက္ခမို။"
နီညိုရောင်သွေးတို့ဖြင့် တစ်ဝက်ပြည့်နေသော ဓာတ်ခွဲခန်းဖန်ပုလင်းအား တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားရင်း မိုရီသည် ထန်ရှု၏မေးမြန်းမှုကို စိတ်လှုပ်ရှားစွာနှင့် စိတ်အားထက်သန်စွာ ပြန်ဖြေတော့သည်။
"ရှန်းကျန်ရဲ့သွေးထဲမှာ အထူးတက်ကြွစွမ်းအားတွေ ရှိနေတယ် သူဌေး။ အဲ့ဒါကို သုတေသန လုပ်လိုက်တော့ အဲ့ဒီအထူးစွမ်းအားက လူ့ခန္ဓာကိုယ်ရဲ့ဆဲလ်ခွဲဝေမှုကို နှေးကွေးစေပြီး သွေးနီဥတွေ ပိုမိုထုတ်လုပ်နိုင်တာကို တွေ့ရတယ်။ တစ်ချိန်တည်းမှာပဲ နောက်တစ်မျိုးကိုလည်း ငါ တွေ့ထားတယ်။ အဲ့ဒီသွေးထဲမှာ သက်ရှိသတ္တဝါတွေကို ထိခိုက်မှု ကြီးကြီးမားမား ဖြစ်စေနိုင်တဲ့၊ ကြောက်မက်ဖွယ်ကောင်းတဲ့ ဗိုင်းရပ်စ်တစ်မျိုးလည်း ပါဝင်နေသေးတယ်။ ဒါပေမယ့် အဲ့ဒီဗိုင်းရပ်စ်က ဒီသွေးနဲ့တစ်သားတည်း ထည့်လိုက်ရင် ခုနက ထူးခြားတဲ့ စွမ်းအားတွေအဖြစ် ပြောင်းလဲသွားရော..."
"ကျွန်တော့်ကို အသေးစိတ် ရှင်းပြဖို့ မလိုပါဘူး ပါမောက္ခမို။" ထန်ရှုက သူ့ကို ဟန့်တားလိုက်သည်။ "ခင်ဗျားရဲ့သုံးသပ်ချက်ကို ပြောပါဦး။"
“အဲ့ဒီအထူးတက်ကြွစွမ်းအားက သက်ရှိတွေရဲ့ ဇီဝဖြစ်ပျက်မှုကို နှေးကွေးစေပြီး အတွင်းပိုင်း စွမ်းအားသုံးစွဲမှုကို ဖြည့်စွက်ပေးနိုင်တယ်။ ရိုးရိုးရှင်းရှင်းပြောရရင် အဲ့ဒီတက်ကြွတဲ့စွမ်းအားကို လူ့ခန္ဓာကိုယ်ထဲ ထိုးသွင်းမယ်ဆိုရင် လူ့အသက်ကို ပိုကြာရှည်စေနိုင်တယ်။”
ထန်ရှု တခဏတာ တိတ်ဆိတ်သွားပြီးနောက် ဖြည်းဖြည်းချင်း မေးလိုက်သည်။
"ဒါပေမယ့် လူ့ခန္ဓာကိုယ်က ဒီလိုတက်ကြွတဲ့ စွမ်းအားမျိုးကို လိုက်လျောညီထွေ ဖြစ်နိုင်ပါ့မလား။"
အာ ... ထန်ရှု၏မေးခွန်းကြောင့် မိုရီသည် အံ့အားသင့်သွားပြီး သူ၏အမူအရာ တည်ကြည်လာသည်။ သူသည် သွေးမျိုးနွယ်၏ သွေးထဲတွင် ပါရှိသော အရာများကိုသာ လေ့လာခဲ့သော်လည်း ထန်ရှု ပြောသော အချက်အား လုံးဝမစမ်းသပ်ရသေးပေ။ ခုနက သူ ပြောပြနေသော ဖြစ်နိုင်ခြေသည် လုံးဝအကြမ်းထည်သာ ဖြစ်နေပြီး အတိတ်က သူ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည့် သူ၏စိတ်နေသဘောထားနှင့် သိပ္ပံနည်းကျ အမူအကျင့်အရဆိုပါက သူ သည်ကဲ့သို့ ပြုမူမိမည် မဟုတ်ပေ။
သို့သော်လည်း သွေးမျိုးနွယ်၏သွေးနှင့်ပတ်သက်သော သုတေသန ရလဒ်များက သူ့အား လွန်စွာ စိတ်လှုပ်ရှားသွားစေသည်။ ထိုအရာကို စူးစမ်းလေ့လာပြီးနောက်တွင် ခန့်မှန်းထားသည့်အတိုင်း ဤတက်ကြွသောစွမ်းအားကို အသုံးချနိုင်ပါက ၎င်းသည် လူသားများ၏သက်တမ်းကို သိသိသာသာ တိုးလာစေနိုင်သည်။ သိပ္ပံနည်းကျ သုတေသနပြုမှုတွင် ထင်ရှားကျော်ကြားသော အောင်မြင်မှုကို ရရှိခဲ့သည်ဟု ဆိုလိုခြင်းဖြစ်သည်။ အကယ်၍ ဤရလဒ်သည် လူသားအားလုံးထံ ပျံ့နှံ့သွားပါက သူသည် သမိုင်းကို ပြန်လည်ရေးသားပြီး လူသားတို့၏သမိုင်းတွင် အကြီးကျယ်ဆုံး သိပ္ပံပညာရှင် ဖြစ်လာမည်ဖြစ်သည်။
မိုရီ၏ကျောက်ရုပ်ပမာ ဖြစ်နေသော အမူအရာကို ကြည့်ရင်း ထန်ရှုက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ “ပါမောက္ခမို … ကျွန်တော့်အတွက်တော့ ခင်ဗျားရဲ့သုတေသနလက်ရှိရလဒ်နဲ့ တိုးတက်မှုက ဘုန်းတော်ကြီး ထန်စန်းနဲ့ သူ့တပည့်တွေရဲ့ ဗုဒ္ဓဘာသာကျမ်းစာရှာဖွေမှု အနောက်ဘက်ခရီးလိုပဲ။ ဝူကျီတောင်မှာ ပိနေတဲ့ စွန်းဝူခုန်းကို သူ မကယ်တင်နိုင်ခဲ့သလို … ဒါကလည်း ဒီခရီးရဲ့ ပထမခြေလှမ်းပါပဲ။ လူ့ခန္ဓာကိုယ်ထဲ ထိုးသွင်းဖို့ ဒီတက်ကြွတဲ့ စွမ်းအားကို ခင်ဗျား မစမ်းသပ်ရသေးဘူးဆိုတာ ကျွန်တော်တို့ မငြင်းနိုင်ဘူး။ နောက်ပြီး ခင်ဗျား စမ်းသပ်ပြီးရင်တောင်မှ ဒီစွမ်းအားက လူ့ခန္ဓာကိုယ်ထဲမှာ ရှင်သန်နိုင်လား၊ မရှင်သန်နိုင်လားဆိုတာကိုလည်း မသိရသေးဘူး။ ရှင်သန်နိုင်ပြန်ရင်လည်း ဘေးထွက်ဆိုးကျိုး ရှိလာလေဦးမလား။ ထည့်သွင်းစဉ်းစားရမယ့် အခြားအချက်က အဲ့ဒီစွမ်းအားက ဘေးထွက်ဆိုးကျိုး မရှိဘဲ လူသားတွေကို လုံးလုံးလျားလျား အကျိုးပြုနိုင်မယ်ဆိုရင်တောင် အဲ့ဒီစွမ်းအားကို လူသားထုတစ်ရပ်လုံးအတွက် မြှင့်တင်ဖို့ ကျွန်တော်တို့မှာ နည်းလမ်းမရှိဘူး။ ဒီလို သုတေသနပြုချက်တွေကိုလည်း ပြင်ပလူတွေကို ဘယ်တော့မှ ဖော်ပြလို့မရဘူး။”
ထန်ရှု၏ရှင်းပြချက်ကြောင့် မိုရီသည် အတောမသတ် ရှက်ကိုးရှက်ကန်း ဖြစ်သွားသော်လည်း နောက်ဆုံးစကားသည် သူ့အား နားမလည်နိုင်ဆဲ ဖြစ်နေသဖြင့်
“ဘာကြောင့်လဲ။”
"ခင်ဗျားက သိပ္ပံနည်းကျ သုတေသနကို လုပ်နေပေမယ့် ဖြစ်လာမယ့် အန္တရာယ်နဲ့အကျိုးဆက်တွေကို မစဉ်းစားမိသေးဘူးပဲ။" ထန်ရှု သက်ပြင်းချလိုက်သည်။
“သွေးမျိုးနွယ်ရဲ့သွေးထဲမှာ ပါရှိတဲ့ အထူးတက်ကြွတဲ့ စွမ်းအားတွေ၊ လုပ်နိုင်စွမ်းတွေနဲ့အတူ ကမ္ဘာပေါ်က သွေးမျိုးနွယ်အရေအတွက်ကိုရော စဉ်းစားမိသေးလား။ လူတစ်ယောက်ရဲ့သက်တမ်းတိုးဖို့ သူတို့ထဲက ဘယ်နှစ်ယောက်က သူတို့ရဲ့သွေးကို ဖြည့်ဆည်းပေးရမှာလဲ။ နောက်ပြီး အဲ့ဒီစွမ်းအားကို ထုတ်ယူရတာက တအားနည်းပါးလွန်းတော့ ကမ္ဘာပေါ်က သြဇာကြီးမားတဲ့ ပုံရိပ်တွေကသာ ဒီအကြောင်းကို သိသွားရင် အားလုံး ကမောက်ကမတွေ ဖြစ်ကုန်မယ်လို့ မတွေးမိဘူးလား။ ကျွန်တော်တို့တွေရော အန္တရာယ်ကင်းကင်းနဲ့ ထွက်လာနိုင်ပါ့မလား။ အပြစ်မဲ့သူတွေအားလုံး အဲ့ဒီသူတွေမှာ ရှိတဲ့ စည်းစိမ်ဥစ္စာတွေကြောင့် ဒုက္ခရောက်ကုန်ကြလိမ့်မယ်။ ဒီအမှန်တရားကိုလည်း သိထားသင့်တယ်။”
မိုရီ၏စိတ်လှုပ်ရှားမှုအား မှုတ်ထုတ်လိုက်သကဲ့သို့ပင်။ ထန်ရှု၏စကားများသည် သူ့အား တူတစ်လက်ဖြင့် တစ်ချက်ချင်း အရှိန်ပြင်းပြင်း ထုရိုက်နေပေသည်။
အရေအတွက်။ အပြစ်မဲ့သူများက သူတို့တွင် ရှိကြသည့် အဖိုးတန်ပစ္စည်းများကြောင့် ဒုက္ခရောက်ကြပေလိမ့်မည်။
ဤပြောင်းလဲမှုနှစ်ချက်က သူ့ကို မကျေမနပ်ဖြစ်စေသော၊ မယုံကြည်နိုင်သော ခံစားချက်များအား ပျောက်ကွယ်သွားစေခဲ့သည်။ လူတို့သည် အဆုံးမရှိသော တပ်မက်မှုများဖြင့် တင်းတိမ်ရောင့်ရဲခြင်း အလျဉ်းမရှိသော သတ္တဝါများဖြစ်ကြပေရာ လောဘသည် အရာခပ်သိမ်းတို့၏ကြောက်မက်ဖွယ်အကောင်းဆုံး ဆန္ဒဖြစ်သည်။ မသေနိုင်ရန်အလို့ငှာ အချုပ်အခြာအာဏာနှင့် ဧကရာဇ်အချို့ကြောင့် ဖြစ်ပေါ်လာသော ကံဆိုးခြင်းအမျိုးမျိုးနှင့် ဘေးဒုက္ခဆိုးအမျိုးမျိုးတို့ ရှိခဲ့သည်။ ထိုကဲ့သို့သော ဆန္ဒသည် ခေတ်သစ်ကမ္ဘာရှိ လူများအတွက် ပို၍ ခိုင်မာလာသည်။ အကုန်အကျခံပြီး တစ်စုံတစ်ခုကို ရယူရန် လူတွေက အရာအားလုံးကို လျစ်လျူရှုလိုက်ပါက မည်ကဲ့သို့ ဘေးဒုက္ခမျိုး ကြုံလာလေမည်နည်း။
သူနှင့်ထန်ရှုသည် ထိုပျက်စီးခြင်းအကြောင်းရင်းအတွက် တာဝန်ရှိပေလိမ့်မည်မဟုတ်လော။
မိုရီ၏နဖူးမှ ချွေးအေးများ ထွက်လာပြီး သူ၏အိုမင်းသောမျက်နှာတွင် တောင်းပန်သည့် အကြည့်တို့ ဖြစ်ပေါ်လာသည်။ ထို့နောက် ခေါင်းညိတ်ပြီး
“ငါ နားလည်ပါပြီ သူဌေး။”
ထန်ရှုက သက်ပြင်းချလိုက်ပြီး
"ပါမောက္ခမို … သုတေသနလုပ်တာက ခင်ဗျားရဲ့တာဝန်ပါ။ အဲ့ဒါက ရလဒ်ကောင်းတွေ ရနိုင်မယ်လို့ ကျွန်တော် မျှော်လင့်တယ်။ ဒါပေမယ့် ကျွန်တော်တို့တွေက လူသားအားလုံးကို ဖိနှိပ်နိုင်စွမ်း မရှိတဲ့အတွက် ရလဒ်တွေကို ကျွန်ုတော်တို့ရဲ့လူတွေအပေါ်ပဲ လျှို့ဝှက်အသုံးပြုမယ်။ သူတို့တွေရဲ့သက်တမ်းတိုးပြီး နှစ်အနည်းငယ် ကြာအောင် အသက်ရှင်နိုင်မလားဆိုတာ အားလုံးက ခင်ဗျားအပေါ်မှာပဲ မူတည်လိမ့်မယ်။”
ကျွန်တော်တို့လူတွေလား … ငါလည်း အပါအဝင်ပဲပေါ့…
မိုရီ၏မျက်လုံးများ တောက်ပလာသည်။ သူက လေးနက်စွာ ခေါင်းညိတ်ပြီး
“စိတ်ချပါ သူဌေး။ ငါ အကောင်းဆုံး လုပ်ပါ့မယ်။"
ထန်ရှုက သူ့ပုခုံးကို ပုတ်လိုက်သည်။ ထို့နောက် သူက ရှန်းကျန်ကို ကြည့်ကာ ခပ်ဖျော့ဖျော့ အပြုံးဖြင့်
“ဒီမှာ အချိန်ခဏလောက်နေပြီးတော့ ပရော်ဖက်ဆာမိုနဲ့ ကောင်းကောင်း အလုပ်လုပ်ပေးပါ။ သူ ရလဒ် အသစ်တစ်ခု ရလာတိုင်း ငါ မင်းကို ကြီးမြတ်တဲ့ အရာတစ်ခု လက်ဆောင်ပေးမယ်။ မင်းသားအဆင့်ကို မင်း မရောက်ရင်တောင် မြို့စား ဒါမှမဟုတ် မှူးမတ်အဆင့်ကို အောင်မြင်သွားရင်လည်း မဆိုးပါဘူး။”
"နင်နဲ့ငါ သေချာပူးပေါင်းဆောင်ရွက်မှာပါ။" ရှန်းကျန်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
ထန်ရှု ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ သူက ဟန်ကျင်းထုံကို ရုတ်တရက် ကြည့်လိုက်ပြီး "တကယ်တော့ ကျွန်တော် အခု ခင်ဗျားကို ကျင့်ကြံနည်းစနစ်တစ်ခု မပေးရင်တောင်မှ အနာဂတ်မှာ ခင်ဗျားရဲ့မြေးဆီက သူ့အစွမ်းအစနဲ့ ခင်ဗျား ရနိုင်ပါလိမ့်မယ်။ ဒါပေမယ့် ခင်ဗျားရဲ့လက်ရှိ အသက်အရွယ်နဲ့ ကမ္ဘာမြေပေါ်က ကျင့်ကြံမှု အခြေအနေတို့ကို ထည့်သွင်းစဉ်းစားရင် ခင်ဗျားရဲ့ လက်ကျန်နှစ်တွေအတွင်း အချိန်နဲ့စွမ်းအင်များစွာကို သုံးစွဲထားရင်တောင်မှ အောင်မြင်မှုကြီးကြီးမားမား ရဖို့ဆိုတာ ခက်လိမ့်မယ်။ ခင်ဗျားရဲ့စိတ်တွေကို ဖြေလျှော့ပြီး ဘဝကို ပျော်ပျော်နေသင့်တယ်လို့ ကျွန်တော် တကယ် ခံစားရတယ်။"
ဟန်ကျင်းထုံ၏မျက်နှာထက်တွင် ခါးသီးသော အမူအရာ ဖြစ်ပေါ်လာပြီး
"ငါ အောင်မြင်မှုတွေ ကောင်းကောင်း မရခဲ့ရင်တောင် တစ်ချိန်လုံး ဘာမှ မလုပ်ဘဲ နေနေတာထက်စာရင် ပိုကောင်းပါသေးတယ်။ နောက်ပြီး အဆင့်တစ်ခုထိပဲ ချိုးဖြတ်တိုးတက်နိုင်ရင် ငါ့သက်တမ်းလည်း တိုးမြင့်လာလိမ့်မယ်။ အသက်ပိုရှည်တာက အမြဲတမ်း ကောင်းတဲ့အရာပါ။”
"ကျွန်တော် နားလည်ပါတယ်။" ထန်ရှု ခေါင်းညိတ်လိုက်သည်။
ထို့နောက် လူလူကို နှုတ်ဆက်ရန် အဆောက်အဦးမှ ထွက်လာခဲ့သည်။ သုခဘုံစံအိမ်မှ ထွက်ခွာပြီးနောက်တွင် ဟန်ကျင်းဝူမှ သူ့အား ဖုန်းဆက်လာပြီး အပြင်ဘက်တွင် မိနစ်အနည်းငယ်လောက် စောင့်ရန် တောင်းဆိုလာသည်။ ထို့နောက် ဟန်ကျင်းဝူသည် သူ၏ကားနှင့် လိုက်လာခဲ့သည်။
"ကိစ္စတစ်ခုခု ရှိလို့လား။"
မောင်းသူနေရာတွင် ထိုင်ရင်း ထန်ရှုသည် ဘေးထိုင်ခုံ၏တံခါးပေါက်ကို ဖွင့်ကာ မေးလိုက်သည်။
ဟန်ကျင်းဝူက ကားပေါ်က မဆင်းသေးဘဲ တုံ့ဆိုင်းနေပြီး
"နင် မနက်ဖြန် အတန်းတက်မှာလား။"
"မမျှော်လင့်တာ ဘာမှ မဖြစ်ရင် ကျွန်တော် တက်ဖြစ်လိမ့်မယ်။ ဒါနဲ့ မင်း ဘာလို့ ချန်ရှီမှာ ကြာကြာမနေတာလဲ။"
"ယုဟောင်က အလုပ်လုပ်ရဦးမယ်လေ။" ဟန်ကျင်းဝူက ပြုံးပြီး ပြောလိုက်သည်။
"ကောင်းပြီ။ ငါ နင့်ကို အဲ့ဒါ မေးချင်တာကလွဲလို့ တခြား ထွေထွေထူးထူး ဘာမှ မရှိပါဘူး။ ငါ အရင်သွားနှင့်တော့မယ်။"
“ကောင်းပြီ။”
ထန်ရှုသည် ကားတံခါးကို ပိတ်လိုက်ပြီး ခေါင်းယမ်းမိလိုက်သည်။ အမျိုးသမီးတစ်ဦး၏ နှလုံးသားသည် နက်ရှိုင်းသော သမုဒ္ဒရာကဲ့သို့ပင်—အမှန်ပင် ခန့်မှန်း၍မရပေ။
မနက်ဖြန် ကျောင်းတက်မလို့လားလို့ မေးချင်ရင် ဖုန်းနဲ့ မေးရင်ရတယ်မဟုတ်လား။ မိနစ်အနည်းငယ်စောင့်ပြီး အချိန်ဖြုန်းနေရတာ ဘာကြောင့်လဲ။
နောက်နှစ်ရက်သည် ကြီးကြီးမားမား အဖြစ်အပျက်များ မရှိဘဲ ကုန်လွန်သွားခဲ့သည်။
ထန်ရှုသည် ရှဲ့ကျီချန်တို့နှင့်ပတ်သက်သည့် လွန်ခဲ့သည့် နှစ်ရက်အတွင်း ဖြစ်ပွားခဲ့သော ပြဿနာကို မတွေးခဲ့သလို သူ၏သုတေသနအကြောင်းအား မိုရီကိုလည်း မမေးခဲ့ပေ။ ယင်းအစား သူသည် အတန်းတက်သည်၊ ကော်ဖီဆိုင်တွင် သူငယ်ချင်းများနှင့် ဝိုင်းဖွဲ့ကာ စားသောက်ကြသည်၊ စာကြည့်တိုက်သို့ သွားသည်၊ ထို့နောက် ကြယ်ပြာအိမ်ရာသို့ ပြန်လာခဲ့သည်။
မနက်စောစောတွင်…
ပထမဆုံး နေရောင်ခြည်သည် ခန်းစီးလိုက်ကာများမှတဆင့် ဖြတ်သန်းဝင်ရောင်လာပြီး ထန်ရှု၏အိပ်ခန်းကို လင်းထိန်သွားစေသည်။ ထန်ရှုသည် သူ့ဖုန်းမြည်သံကြောင့် နိုးလာသည်။ ခန်းရှဆက်ခြင်း ဖြစ်သောကြောင့် ဖုန်းကိုင်လိုက်ပြီး သူမနှင့် ခဏကြာ စကားပြောလိုက်ရာ ဆောက်လုပ်ရေးပရောဂျက်၏ တင်ဒါလေလံဆွဲခြင်းကို လက်ခံကျင်းပရန် သုံးရက်အကြာတွင် သူမသည် ရှန်ဟိုင်းသို့ ကိုယ်တိုင်လာရောက်မည်ကို သိခဲ့ရသည်။ တင်ဒါခေါ်ယူရန် နီးကပ်လာချိန်တွင် မြေကွက် ဝယ်ယူခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းမျိုးစုံကိုလည်း အတည်ပြုစာရွက်စာတမ်းများနှင့်အတူ ပြီးမြောက်ခဲ့သည်။ စီမံကိန်းကို စတင်လုပ်ဆောင်မည့် ဆောက်လုပ်ရေးကုမ္ပဏီကိုသာ အပြီးသတ်ရန် လိုတော့ပေသည်။
အသေးစိတ်ပုံစံဒီဇိုင်းအား ထန်ရှုကိုယ်တိုင် ကိုယ်တိုင်ရေးဆွဲကာ ပုံစံအလုံးစုံ၏ ကောက်ကြောင်းနှင့်ပုံကြမ်းကိုသာ ပြုလုပ်ပေးခဲ့ပြီး ဆောက်လုပ်မှုခွဲဝေမှု၊ သီးသန့်အသုံးပြုမှု၊ အဆောက်အဦများ၏အပိုင်းခွဲမှုနှင့် အိမ်ရာအမျိုးအစားနှင့် သတ်မှတ်ချက်များကို ချန်ထားသည်။ စီမံကိန်းအကောင်အထည်ဖော်ရန် ဆောက်လုပ်ရေးကုမ္ပဏီကို ရှာဖွေခြင်းသည် သူရေးဆွဲထားသော အသေးစိတ်ပုံစံအတိုင်း ပြုပြင်ပြောင်းလဲမှုများ တည်ဆောက်ရန် သဘာဝကျစွာ လိုအပ်သောကြောင့်ဖြစ်သည်။
ထန်ရှုကိုယ်တိုင်က ပန်းချီဆရာနှင့် ဗိသုကာပညာရှင် ဖြစ်ခဲ့ပြီး အင်မော်တယ်ကမ္ဘာတွင် ရှိသည့် မရေမတွက်နိုင်သော အဆောက်အဦးများအား အကိုးအကားအဖြစ် မှတ်သားထားသည်။ သို့သော်လည်း ခမ်းနားသောထန် စီးပွားရေး လုပ်ငန်းစု၏ရုံးချုပ်နှင့် စက်မှုဥယျာဉ် တည်ဆောက်ရေးနှင့်ပတ်သက်၍မူ ခေတ်မီဗိသုကာ ဒီဇိုင်း၏အနှစ်သာရကို သူ မဆုပ်ကိုင်မိသေးချေ။
ဒေါက် … ဒေါက် ...
သူ့အခန်းတံခါးကို ခေါက်ပြီး အပြင်ဘက်ကနေ အိမ်အလုပ်လုပ်သည့် ကျန်းရှင်းလန်၏အသံကို ကြားလိုက်ရသည်။
“မစ္စတာထန် … အောက်ထပ်ဧည့်ခန်းမှာ စောင့်နေတဲ့ ဧည့်သည် ရှိတယ်။"
ထန်ရှု တံခါးဖွင့်လိုက်သည်။ ကျန်းရှင်းလန်ကို ကြည့်လိုက်ကာ
"ကျွန်တော့်ကို ဘယ်သူ ရှာနေတာတဲ့လဲ။"
"အစ်မကြီး မစ္စချန်းတဲ့။" ကျန်းရှင်းလန်က ပြုံးပြီး ဖြေသည်။
ချန်းရှောင်ဝမ်လား…
ထန်ရှု၏အမူအရာ လှုပ်ရှားသွားပြီး အခန်းထဲမှ ချက်ချင်း ထွက်လာသည်။
***