ပူပန်ခြင်း
Vol. 150 Ch. 2099
ရှီမာယူယူသည် အနားယူပြီးမှ အသူရာငရဲကိုသွားချင်သည်။ သို့သော် ရှေးဟောင်းတိုက်ပွဲဝိညာဉ်များ၏ ဒဏ်ရာများမပျောက်သေးသလို ပြီးခဲ့သည့် အချိန်များတွင် ပင်ပန်းခဲ့သည်ကို တွေးမိသည်နှင့် ဒိကျဲ့၏ ကမ်းလှမ်းချက်ကို သဘောတူပြီး ရက်အနည်းငယ် ထပ်အနားယူပြီးမှ ထွက်သွားရန်ဆုံးဖြတ်လိုက် သည်။
ဒိကျဲ့သည် သူမနှင့် ဝူလင်းယူအတွက် ခြံဝန်းစီစဉ်ပေးသည်။ ရှီမာယူယူ နှင့် ဝူလင်းယူတို့နှစ်ယောက်လုံးသည် အနားမယူရသည်မှာ ကြာပြီဖြစ်သည်။ ထို့ကြောင့် ပြန်ရောက်သည်နှင့် တစ်နေ့လုံးအိပ်စက်ကြသည်။
ဒိလျိုပို့လာသော သတင်းကို ဒိကျဲ့ကြားသောအခါ ပူပန်စွာပြောမိလေ သည် “သူမရဲ့ပခုံးမှာ အများကြီးထမ်းပိုးထားရတာ အရမ်းပင်ပန်းနေမှာပဲ”
“ဟုတ်တယ် မင်းသမီးလေးက အရမ်းပင်ပန်းနေတာ.. ဝိညာဉ်နယ်မြေကို သွားဖို့ဆိုတာ မလွယ်ဘူး.. သူမက အခုလေးတင်ပြန်လာတာကို ချက်ချင်းကြီး အသူရာငရဲကိုသွားချင်နေတာ.. သခင်သာမတားလိုက်ရင် သူမ အခုလောက်ဆို လမ်းရောက်နေလောက်ပြီ” ဒိလျိုသည်လည်း ရှီမာယူယူအတွက် ပူပန်မိသည်။
ပြန်ရောက်သည်နှင့် တစ်နေကုန်အိပ်စက်နေသည်မှာ သူတို့နှစ်ယောက် မည်မျှပင်ပန်းနေသည်ကို ပြသနေသည်။ သည်လိုဆိုရင် သူမ တိုက်ရိုက်သွား နိုင်ပါ့မလား။
“ငါ့အမိန့်သွားပြောလိုက် အဲဒီခြံဝန်းနားကို ဘယ်သူမှမသွားရဘူးလို့” ဒိကျဲ့ ညွှန်ကြားလေသည်။
“သူတို့ကို ကောင်းကောင်းလေးအမိန့်ပေးထားလိုက်ပါမယ်” ဒိလျိုသည် ထိုအကြံကို စဉ်းစားမိသည်မှာကြာပြီဖြစ်သည်။
“ကောင်းတယ်”
ရှီမာယူယူသည် ထိုညတွင် အလွန်သက်တောင့်သက်သာ အိပ်လိုက်ရ သဖြင့် နိုးလာပြီးနောက် အလွန်ပင်လန်းဆန်းသွားသည်။ သူမ မျက်လုံးဖွင့် သည်နှင့် ခေါင်းကိုလက်ဖြင့်ထောက်ပြီး သူမကိုကြည့်နေသည့် ဝူလင်းယူကို မြင်လိုက်ရသည်။
“အိပ်လို့ကောင်းလား” ဝူလင်းယူ၏ ဆွဲငင်နိုင်လောက်သောအသံသည် သူမ၏ ခေါင်းအထက်မှထွက်လာရာ သူမ ရင်များပင် နာကျင်မိသည်။
သူမသည် စိတ်ညှို့ခံထားရသလို ခံစားလိုက်ရကာ အိပ်တစ်ဝက်နိုးတစ် ဝက်ဖြစ်နေသော်လည်း သူ့လည်ပင်းကို သိုင်းဖက်ပြီး အားဖြင့်ဆွဲကာ သူ၏ နှုတ်ခမ်းနှင့်ကပ်လိုက်သည်။
ဝူလင်းယူ၏ နှုတ်ခမ်းသည်ပြုံးသွားကာ သူမ၏ ခေါင်းကိုကြီးမားသော လက်ဖြင့် သိုင်းဖက်ပြီး မနက်ခင်းအနမ်းပေးလိုက်သည်။
အချိန်ကြာမြင့်စွာ လေးလေးနက်နက် အားပါပါအနမ်းများပေးပြီးနောက် ဝူလင်းယူသည် သူမကိုလွှတ်ပြီး စွပ်စွဲလေသည် “မင်း ကိုယ့်ကို အတင်းနမ်းတာ ပဲ”
“အတင်းနမ်းတာပဲလေ ဘာလို့လဲ မလိုချင်လို့လား”
“လိုချင်တာပေါ့.. နေ့တိုင်း အကြိမ်ပေါင်းထောင်ချီ အတင်းနမ်းစေချင် တယ်”
“သွားပါ နေ့တိုင်း အကြိမ်ပေါင်းထောင်ချီ နမ်းရမယ်ဆိုရင် နေ့တိုင်း အိပ်ရာထဲကနေတောင် ထွက်နိုင်မှာမဟုတ်ဘူး”
“နေ့တိုင်း အိပ်ရာထဲက မထွက်ရတာကောင်းတာပေါ့”
“ညစ်ပတ်လိုက်တာ”
“မင်းပဲ အတင်းဖိအားပေးတာပဲ ကိုယ့်ကိုညစ်ပတ်အောင်လုပ်တာ မင်းပဲ”
“…”
ဒီလူကြီးရဲ့ မျက်နှာက ဘယ်မှာလဲ။
သူတို့နှစ်ယောက်သည် ပင်ပန်းသဖြင့် အိပ်ရာပေါ်တွင် ထူးထူးဆန်းဆန်း အကြောင်းအရာများကို ကြာရှည်စွာပြောပြီးနောက် ထလိုက်ကြသည်။ ထုပ်ပိုး ပြင်ဆင်ပြီးနောက် ဒိကျဲ့ကို သွားရှာကြလေသည်။
ဒိကျဲ့သည် စစ်တပ်ကိုလေ့ကျင့်နေပးနေပြီး ဒိလျိုသည် သူတို့နှစ်ယောက် ကို ခေါ်လာသည်။ ဒိကျဲ့သည် သူတို့နှစ်ယောက်ဘက်သို့ ခေါင်းညိတ်ပြသည် “လာတာအတော်ပဲ ဒီတပ်သားတွေ ဘယ်လိုနေလဲ”
ဝိညာဉ်နယ်မြေနှင့် တစ္ဆေလောကတို့သည် အလွန်ကြီးမားကာ တပ်သား ထောင်ချီရှိသည်။ အားလုံးကို ကျွမ်းကျင်အောင် လေ့ကျင့်ပေးရန်မှာလည်း မဖြစ်နိုင်ပေ။ ထုံးစံအတိုင်းပင် အားမကောင်းသည့် တပ်သားများလည်းရှိသည်။ နှစ်ဦးနှစ်ဖက် တိုက်ခိုက်ကြလျှင် သန်မာသူများသည် ထိုတပ်ကိုရှောင်ရှားပြီး တခြားနေရာသို့သွားတတ်ကြသည်။ ထို့ကြောင့် ဤကဲ့သို့တပ်သားအငယ်များ သည်လည်း အလွန်အရေးကြီးသည်။
ရှီမာယူယူနှင့်ဝူလင်းယူတို့သည် စင်မြင့်ဆီသို့လျှောက်သွားပြီး ဒိကျဲ့၏ ဘေးတွင်ရပ်လိုက်ကြသည်။ အောက်မှတပ်သားများသည် ရှီမာယူယူလာသည် ကိုမြင်သည်နှင့် မင်းသမီးလေးဟု တညီတညာတည်းခေါ်လိုက်ကြသည်။
“ဒီလူတွေရဲ့ ဝိညာဉ်က မဆိုးဘူးပဲ” ရှီမာယူယူ ပြောလိုက်သည် “သူတို့ရဲ့ တိုက်ရေးခိုက်ရေးကလည်း ဝိညာဉ်လိုပဲ မဆိုးဖို့မျှော်လင့်ပါတယ်”
“သူတို့တွေက တိုက်ပွဲအတွေ့အကြုံရှိသူတွေချည်းပဲ.. အဲဒါကြောင့် သာမန်စစ်သားတွေထက် ပိုပြီးတော်ကြတယ်”
“စစ်ပွဲအကြောင်းပြောရင်းနဲ့.. ပြောစရာရှိလို့လာခဲ့တာ” ရှီမာယူယူ ပြော လိုက်သည် “အဲနေ့ကအရမ်းပင်ပန်းနေလို့ မပြောလိုက်ရတာ”
သူမတွင် အရေးတကြီးပြောစရာရှိသည်ဟု ဒိကျဲ့သိသဖြင့် ထိုနေရာအား စောင့်ကြည့်ရန်အပ်ခဲ့ပြီး သူတို့နှင့်အတူ ထွက်ခဲ့လိုက်သည်။
“ဘာကိစ္စလဲ”
“တကယ်တော့ ဘာမှတော့မဟုတ်ပါဘူး.. အစ်ကို့ကို သတိပေးရမယ် ထင်လို့.. ချင်းဟွမ်နဲ့ ရှောင်ဟော်တို့က ဒီတစ်ခေါက် ကျွန်မကြောင့် တော်တော် လေးအဆုံးရှုံးကြီးသွဦးတယ်.. သူတို့က ကျွန်မကိုသတ်ချင်ပေမဲ့ မသတ်လိုက် နိုင်ဘူးလေ.. အဲဒါကို တခြားသူအပေါ် ဒေါသဖြေမှာစိုးလို့ပါ”
“သူတို့က စစ်ပွဲစလာနိုင်တယ်လို့ ပြောတာလား”
“အဲလိုဖြစ်နိုင်တယ်လို့ထင်တယ်.. သူတို့က ကျွန်မတို့ကိုအမြဲစောင့်ကြည့် နေတာလေ.. ပြီးတော့ ဒီတစ်ခေါက် ကျွန်မကို ဆင်ခြေပေးပြီးတော့ အခွင့်အရေးယူပြီး တပ်လွှတ်လိုက်နိုင်တယ်”
“ဟုတ်ပြီ ငါသိပြီ.. ငါ့ဘက်ကလည်း အာရုံစိုက်ထားလိုက်မယ် အဲတော့ မင်းလည်း စိတ်မပူပါနဲ့”
ထိုအကြောင်း ပြောလိုက်သည်နှင့် သူသည် အာရုံစိုက်ထားလိမ့်မည်ဟု ရှီမာယူယူသိသည်။ ထို့ကြောင့် အလေးစိုက်နေရန်မလိုတော့ပေ။ သူမသည် စာအုပ်တစ်အုပ်ထုတ်ပြီး ဒိကျဲ့ကို ပေးလိုက်သည် “ဒီစာအုပ်က အစ်ကို့အတွက်”
“ဒါကဘာစာအုပ်လဲ” ဒိကျဲ့သည် ယူပြီးဖွင့်ကြည့်ရာ ပုံနှိပ်ထားခြင်း မဟုတ်ဘဲ လက်ရေးနှင့်ရေးထားခြင်းဖြစ်ကာ မှင်မှာလည်းအလွန်နည်းသည်။
“အရင်ကသိခဲ့တဲ့ တပ်သားစိစစ်တဲ့နည်းလမ်းပဲ၊ အခုတော့ အဆင်မပြေ တာမျိုးဖြစ်နိုင်ပေမဲ့ တချို့ကိုတော့လေ့လာလို့ရတာပေါ့” ရှီမာယူယူသည် ကြည့်ပြီးပြောလိုက်သည်။
ဒိကျဲ့သည် အကြောင်းအရာများကို လှန်လှောကြည့်ပြီး ထိုအရာများကို ချက်ချင်းပင် စိတ်ဝင်စားသွားသည်။ လျန်ရှန်းသည် ချီးကျူးလေသည် “တချို့ ဗျူဟာတွေက အသုံးဝင်မှာပဲ.. ပြီးတော့ ငါလည်း တချို့ကိုသုံးဖူးတယ်.. တပ်သားတွေကို စစ်မျက်နှာဖြန့်တာနဲ့တိုက်ခိုက်တာတဲ့နေရာမှာ အရမ်းအသုံး ဝင်တယ်”
“အသုံးဝင်လို့ တော်သေးတယ်” ရှီမာယူယူသည် အကူအညီပေးရသည် ကို ပျော်မိသည် “ဝမ်းကွဲအစ်ကို အသူရာငရဲကို စောစောသွားဖို့စီစဉ်ထားတယ်”
“ရက်နည်းနည်းလောက် နားပြီးမှသွားမယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား”
“ဝိညာဉ်နယ်မြေက ဒီဘက်ကိုလာတိုက်ခိုက်နိုင်ချေရှိတာကို သိမှတော့ ဒီကိစ္စကို ဖြစ်နိုင်သလောက် မြန်မြန်ဖြေရှင်းချင်တယ်.. တစ်ခုခုဆိုရင် ကျွန်မ လည်းလာကူညီလို့ရတာပေါ့” ရှီမာယူယူ ပြောလိုက်သည်။
သူမသည် အပြစ်မကင်းစိတ်ဖြစ်နေသည်ဟု ဒိကျဲ့ထင်သဖြင့် ဖျောင်းဖျ လေသည် “ဖြစ်မလား မဖြစ်မလား မသိတဲ့ကိစ္စတွေကို ပြောမနေတဲ့တော့.. ဒီကို စစ်တပ်ကြီးချီတက်လာရင်တောင် မင်းအပြစ်မဟုတ်ဘူး.. သူတို့က ဒီလို လုပ်ချင်နေတာ ကြာပြီ.. ဒါပေမဲ့ ဆင်ခြေတစ်ခုလိုအပ်နေရုံပဲ၊ ဘာကိုမှ ဖိအား မထားနဲ့”
“ကျွန်မက အပြစ်မကင်းသလို ခံစားနေရတယ်လို့ထင်လို့လား” ရှီမာယူ ယူသည် ခေါင်းခါလေသည် “အမှန်အတိုင်းပြောရရင် ဒီကိစ္စနဲ့ပတ်သက်ပြီး နောင်တရော အပြစ်မကင်းစိတ်ရောမရှိဘူး.. သူတို့တွေ စစ်တပ်ကြီးလွှတ်လိုက် ရင်တောင် အရုဏ်တက်မှာ လူဘယ်လောက်သေမလဲဆိုတာ မသိနိုင်ဘူး.. နောင်တရမယ်ဆိုတောင် စိတ်ထဲမှာတော့ အမေကအရေးအကြီးဆုံးပဲ”
“အဲလိုတွေးတာကောင်းတယ်.. မင်း စိတ်ထဲမှာဝန်ထုပ်ဝန်ပိုးရှိနေမှာကို ငါ စိုးတာပါ”
“ကျွန်မအပြုအမူတွေက ဒီစစ်ပွဲကိုစပေးလိုက်သလိုဖြစ်သွားရင် တစ်ခုခု လုပ်ပေးရမယ်လို့တွေးရုံတင်ပါ”
“ဒါဆိုလည်း ဟုတ်ပါပြီ” ဒိကျဲ့သည် သူမကို ကောင်းစွာနားလည်သည်။ သူမသည် သူမ၏ ဆုံးဖြတ်ချက်ကို နောင်တမရတတ်သော်လည်း စိတ်ထဲတွင် တော့ ဖိအားရှိတတ်သည်။ သူမကို စောစီးစွာ ထွက်သွားခွင့်ပြုရုံသာရှိသည်။
ရှီမာယူယူသည် ရက်အနည်းငယ် ထပ်နေသည်။ ရှေးဟောင်းတိုက်ပွဲ ဝိညာဉ်များ ပြန်ကောင်းလုနီးပါးရှိပြီး ဒဏ်ရာရသူများကိုလည်း သွားရင်းနှင့် ဂရုစိုက်နိုင်သည်ကို တွေးပြီး သူမနှင့် ဝူလင်းယူတို့သည် တစ္ဆေလောကမှထွက် ကာ ဒိကျဲ့ပေးသည့် နည်းလမ်းဖြင့် အသူရာငရဲသို့ဝင်လေသည်။
အသူရာငရဲသည် တစ္ဆေလောကနှင့် ဝိညာဉ်နယ်မြေတို့နှင့် အလွန်ကွာ ခြားသည်။ ထိုနေရာသည် ကျတ်တီးမြေဖြစ်ပြီး စိုက်ပျိုးရေးအရင်းအမြစ်များ ရှားပါးသောကြောင့် တိုက်ပွဲများမကြာခဏဖြစ်ပွားတတ်သည်။
ပြီးနောက် အထူးခြားဆုံးမှာ ၎င်းနေရာ၏ အထူးစည်းမျဉ်းများဖြစ်၏။
တခြားတိုက်တွင် သစ္စာကိုဖောက်ဖျက်ခဲ့သူများသည် ဤနေရာတွင် ကောင်းကင်တာအို၏ အပြစ်ပေးခြင်းကိုခံရမည်ဖြစ်သည်။ ပြီးနောက် ဤနေရာ သို့ရောက်လာသူများသည် စည်းမျဉ်းများကြောင့်ပင် အသူရာငရဲမှ ထာဝရပိတ် မိကာ ထွက်သွားရန်မဖြစ်နိုင်ပေ။ သူတို့သည် ဤရက်စက်ကြမ်းကြုတ်သည့် နေရာတွင် နေထိုင်ရန်သာရှိတော့သည်။
သေချာသည်မှာ ဤနေရာတွင်မွေးဖွားပြီးကြီးပြင်းလာသည့် ရှီအာမို့နှင့် အသူရာမြို့တော်မှ တခြားသူများကဲ့သို့လူများသည် ထွက်ခွာနိုင်ကြသည်။
“မင်းတို့နှစ်ယောက် ရပ်လိုက်ကြ ခန္ဓာကိုယ်ပေါ်က ပစ္စည်းတွေအကုန် ပေးပြီးရင် သွားလို့ရပြီ”
***