← Chapters

စိုက်ကြည့်မိခြင်း

Vol. 53 Ch. 731

စိုက်ကြည့်မိခြင်း

Vol. 53 Ch. 731

ချန်းရှောင်ဝမ်သည် မကြာသေးမီက အလုပ်များလွန်းသဖြင့် ညလုံးပေါက်နေရသည့် ရက်တွေ များပြီး လွန်စွာပင် ပင်ပန်းနွမ်းနယ်နေခဲ့သည်။ မကြုံစဖူး ကြီးမားလှသော ပရောဂျက်တစ်ခု အပြီးသတ်သွားချိန်မှသာ နောက်ဆုံးတွင် သူမ စိတ်အေးလက်အေး အနားယူနိုင်ခဲ့သည်။ ငယ်ရွယ်ပြီး တက်ကြွသူတစ်ယောက် ဖြစ်သော်လည်း သူမ ပြန်လည်လန်းဆန်းလာစေရန် သူမ၏အိမ်တွင် နှစ်ရက်ကျော် အနားယူနေရဆဲဖြစ်သည်။

သူမအတွက် ရှန်ဟိုင်းတွင် သူငယ်ချင်းအနည်းငယ်သာ ရှိပြီး သူမနှင့် စိတ်တူကိုယ်တူ ဖြစ်သော လုပ်ဖော်ကိုင်ဖက်များသည် ပို၍ပင် ရှားပါးလှသည်။ ပြန်လည်ကောင်းမွန်လာပြီးသောအခါတွင် သူမအတွက် အားလပ်ရက် သုံးလေးရက်ခန့်သာ ကျန်ရှိတော့သဖြင့် ယနေ့တနင်္ဂနွေနေ့တွင် လျှောက်လည်ရန်အတွက် ထန်ရှုကို ခေါ်ရန် ကြယ်ပြာအိမ်ရာသို့ စိတ်အားထက်သန်စွာ ရောက်လာခဲ့ခြင်းဖြစ်သည်။

"အစ်မကြီး … ဒီနေ့ အားနေတာလား။"

ထန်ရှုက ဧည့်ခန်းဆီသို့ လှေကားမှ ဆင်းလာရင်း မေးလိုက်သည်။

ချန်းရှောင်ဝမ်က ထရပ်ပြီး ပြုံးပြုံးရွှင်ရွှင်ဖြင့်

"ဒီနေ့ ဘာမှ လုပ်စရာ မရှိဘူး။ ဒါကြောင့် နင့်ကို လာရှာတာ။ ဒီနေ့ နင် အားလား။ ဈေးဝယ်ထွက်ဖို့ ငါနဲ့ အဖော်လိုက်ပေးမလား။"

ထန်ရှုက သူ၏အလုပ်များကို ပြန်စဉ်းစားလိုက်ပြီး သည်နေ့တွင် လုပ်စရာ မရှိသဖြင့် သဘောတူလိုက်သည်။ သူသည် ငယ်စဉ်ကပင် ချန်းရှောင်ဝမ်အား အစ်မတစ်ယောက်သဖွယ် အထူးချစ်ခင်သည့် ခံစားချက်ရှိလေသည်။

မနက်စာ စားသောက်ပြီးနောက် သူတို့နှစ်ယောက်သည် ကားဂိုဒေါင်သို့ သွားကာ ထန်ရှု ပိုင်ဆိုင်သော တန်ဖိုးကြီးကားများအနက်မှ ဈေးအနည်းဆုံးကားကို ရွေးချယ်ပြီးနောက် ရှန်ဟိုင်းမြို့၏လူစည်ကားသော နေရာဆီသို့ မောင်းလာကြသည်။ နှစ်ယောက်သား ညနေခင်းချိန်ထိ လမ်းမများထက်တွင် လျှောက်ကြည့်ခြင်း၊ ဈေးဝယ်ထွက်ခြင်း၊ အစားအသောက်များ မြည်းစမ်းခြင်းတို့အား ပြုလုပ်ကြသည့်အပြင် ရုပ်ရှင်ကိုပင် သွားကြည့်လိုက်ကြသေးသည်။ ထို့နောက် နှစ်ယောက်သား စားသောက်ဆိုင်တစ်ဆိုင်အား ပေါ့ပေါ့ပါးပါး လိုက်ရှာလိုက်သည်။

"အစ်မကြီးရဲ့ခြေထောက်မှာ ပြသနာတစ်ခု ရှိနေတာလား။"

အစားအသောက်များကို မှာကြားပြီး မီနူးကို စားပွဲထိုးထံ ပြန်ပေးပြီးနောက် ထန်ရှုသည် အနည်းငယ် ပင်ပန်းနေဟန်ရသော ချန်းရှောင်ဝမ်ကို ကြည့်လိုက်သည်။

ချန်းရှောင်ဝမ်သည် တခဏလောက် တွေကနဲ ဖြစ်သွားပြီး သူမ၏မျက်နှာထက်တွင် အနည်းငယ် စိတ်ဓာတ်ကျနေသည့် အရိပ်အယောင်များ ပေါ်လာကာ တစ်ချက်ပြုံးပြလျက်

"ဘာမှ မဟုတ်ဘူး။ တစ်နေကုန် လမ်းလျှောက်ပြီးရင် ငါ ဒီလိုပဲ နည်းနည်း ပင်ပန်းတတ်တယ်။"

"ဒါက ပင်ပန်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ အခြေအနေ မဟုတ်ဘူး အစ်မကြီး။" ထန်ရှု ခေါင်းယမ်းလိုက်သည်။ “ကျွန်တော်တို့ကြားမှာ ဘာမှ ဖုံးကွယ်ထားစရာ မလိုပါဘူး။ ကျွန်တော့်ကို ပြောပြပါ … အဲ့ဒါ အတိအကျ ဘာဖြစ်ခဲ့တာလဲ။"

တုံ့ဆိုင်းနေသော ချန်းရှောင်ဝမ်က အားတင်းပြုံးလိုက်ပြီး

"နင် ငါ့ရဲ့ဘယ်ဘက်ခြေထောက်ကို ပြောချင်တာလား။ အမှန်တော့ ပြီးခဲ့တဲ့အပတ်က ငါ ဖောက်သည်တစ်ယောက်နဲ့ တွေ့ခဲ့တယ်။ ဒါပေမယ့် အဲ့ဒီလူက ဖောက်လွဲဖောက်ပြန်ဖြစ်ပြီး ငါ့ကို ဒုက္ခပေးချင်လာတယ်။ ပြီးတော့ ငါ့ကို ဆေးလိပ်ပြာခွက်နဲ့ ပစ်ပေါက်တယ်။ အစပိုင်းမှာတော့ တော်တော်နာပေမယ့် နာတာက တစ်ပတ်လောက်ပဲ ကြာတာပါ။ ငါ အကြာကြီး လမ်းမလျှောက်ရင် သိပ်မနာပါဘူး။”

ဖောက်သည်တစ်ယောက်လား…

ထန်ရှုက မျက်မှောင်ကြုတ်လိုက်ပြီး

“အဲ့ဒီဖောက်သည်က ဘယ်သူလဲ။”

"အဲ့ဒီလူက အဝါရောင် သာမာန်ဖောက်သည်လေးပါ။"

ချန်းရှီဝမ်က သူမ၏လက်ကို ဝှေ့ယမ်းလိုက်သည်။ "ဘာပဲဖြစ်ဖြစ် အဲ့ဒီလူအကြောင်း ထပ်မပြောချင်တော့ဘူး။ ဒါနဲ့ မောင်လေး … ငါ တစ်ခုလောက် မေးစရာရှိလို့ နင် အဆင်ပြေမလား။”

(Charm Ming Nge - ဖောက်သည်၃မျိုးရှိသည်။ အစိမ်းရောင်ဖောက်သည်သည် ၎င်းတို့၏လုပ်ငန်းကို ကျွန်ုပ်တို့ထံ ယူဆောင်လာရုံသာမက ကျွန်ုပ်တို့၏အကြံဉာဏ်နှင့် ကျွမ်းကျင်မှုကို ယုံကြည်ပြီး သစ္စာရှိကြသည်။ ကျွန်ုပ်တို့အကြောင်း ၎င်းတို့၏ လူမှုအသိုင်းအဝိုင်းတွင် ပြောပြကာ ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့လုပ်ငန်းအား ရေရှည်ဆက်ဆံရေး တည်ဆောက်ထားသူဖြစ်သည်။

အဝါရောင်ဖောက်သည်သည် အစိမ်းရောင်အဆင့်သို့ မရောက်သေးသူဖြစ်သည်။ ၎င်းတို့သည် ယခုမှ စတင်ခြင်းဖြစ်နိုင်သော်လည်း သို့မဟုတ် စီးပွားရေးဆိုင်ရာဆက်ဆံရေးကို ပုံဖော်ရန် ကြိုးစားနေသေးသော်လည်း ၎င်းတို့သည် ကျွန်ုပ်တို့အား သစ္စာရှိနေဆဲဖြစ်ပြီး ကျွန်ုပ်တို့အပေါ်ယုံကြည်ကာ ညွှန်းဆိုပေးမည်ဖြစ်သည်။ အချိန်နှင့် ကျွန်ုပ်တို့၏မှန်ကန်သော အကြံဉာဏ်နှင့် အားပေးမှုတို့ဖြင့် ၎င်းတို့သည် အစိမ်းရောင် ဖောက်သည်များ ဖြစ်လာနိုင်သည်။

အနီရောင်ဖောက်သည်သည် မည်သည့်လုပ်ငန်းကိုမဆို အမှန်တကယ် သစ္စာမထားဘဲ ဥပမာအားဖြင့် ၎င်းတို့လိုအပ်သော ပရောဂျက်တစ်ခုစီတွင် ဈေးသက်သာသော မည်သူ့ကိုမဆို လုပ်ငန်းအပ်နှံနိုင်ပေသည်။ ကျွန်ုပ်တို့၏ကျွမ်းကျင်မှုကို မယုံကြည်ချေ။ ၎င်းတို့သည် တိုင်ပင်ဆွေးနွေးကာ အကြံပေးခြင်းအတွက် အခကြေးငွေ မပေးလိုဘဲ ဈေးနှုန်းနှင့်ပတ်သက်၍ ငြင်းခုံခြင်းကို နှစ်သက်သော ဖောက်သည်များ ဖြစ်သည်။)

ထန်ရှုက သူမကို အကဲခတ်လိုက်ရာ ချန်းရှောင်ဝမ်သည် ထိုအကြောင်းအား ထပ်မပြောချင်တော့သည်ကို တွေ့လိုက်ရသဖြင့် သူ၏သံသယအား ချုပ်တည်းရန်မှတပါး ရွေးချယ်စရာလမ်း မရှိတော့ဘဲ

"ကောင်းပြီ။ ကျွန်တော် ပွင့်ပွင့်လင်းလင်း ဖြေပါ့မယ်။ သိချင်တာမှန်သမျှ မေးပါ။"

"ငါတို့ကုမ္ပဏီရဲ့သူဌေးကြီးက နင့်ရဲ့ငယ်သား ဘယ်လိုဖြစ်လာတာလဲဆိုတာ ငါ တကယ် အဖြေရှာမရဘူး။ နောက်ပြီး သူ နင့်အပေါ် ထားတဲ့ လေးစားမှုက ငယ်သားတစ်ယောက်ရဲ့လေးစားမှုထက် ကျော်လွန်နေတယ်။ နင် သူ့ကို အဆိပ်ဆေးတစ်မျိုး ကျွေးထားတာလား။ နင်က သူ့ရဲ့လျှို့ဝှက်ချက်ကို ဆုပ်ကိုင်ထားသလိုပဲ။”

ဟားဟားဟား…။ ထန်ရှုက ရယ်ချင်စိတ်ကို မအောင့်နိုင်တော့ဘဲ

“အစ်မကြီးရဲ့မောင်လေးက ချစ်စရာကောင်းတယ်လေ။ ဒါကြောင့် ကျွန်တော့်ငယ်သားက ကျွန်တော့်ကို သဘာဝအတိုင်း နာခံမှာပဲ။ နောက်ပြီး ကုဝါကိုက ကျွန်တော့်ဆီက အကျိုးကျေးဇူး ရရှိနေတာမို့ ကျွန်တော့်စကားကို အရမ်းတန်ဖိုးထားလိမ့်မယ်။ အင်း … ဘယ်လိုပြောရမလဲဆိုတော့ အစ်မကြီးရဲ့မောင်လေးက အခုဆို ချမ်းသာတဲ့ သန်းကြွယ်သူဌေးလေး ဖြစ်နေတာလေ။"

ခွီး ... ဟားဟားဟား…

ချန်းရှောင်ဝမ် အားရပါးရ ရယ်မိတော့သည်။ သူမသည် ထန်ရှုကို ချစ်စဖွယ် မျက်လုံးပြူးပြလိုက်သည်။ သူမ၏ မျက်လုံးထဲတွင် အလင်းတစ်ခု လက်သွားပြီး မျှော်လင့်ချက် အနည်းငယ်ဖြင့် ရုတ်တရက် မေးလိုက်သည်။

"ဒီည ငါ့ကို နေရာတစ်ခု လိုက်ပို့ပေးပါလား။"

"ဘယ်နေရာလဲ။" ထန်ရှု ချက်ချင်း မေးလိုက်သည်။

“အာ … ငါတို့တက္ကသိုလ် ဘွဲ့ရကျောင်းသားတွေ ဆုံစည်းပွဲ ရှိတယ်။ အစက ငါ မတက်ချင်ပေမယ့် နင် အဖော်လိုက်ပေးရင်တော့ ငါ သွားချင်တယ်။"

"ကျွန်တော် ဘယ်လိုသွားနိင်မလဲ။ အဲ့ဒါ အစ်မကြီးတို့ တက္ကသိုလ်ဘွဲ့ရကျောင်းသားတွေ ဆုံစည်းပွဲလေ။”

ထန်ရှု ငိုရမလို ရယ်ရမလို ဖြစ်သွားရပြီး

“သူတို့ထဲက တစ်ယောက်ကိုမှ ကျွန်တော် မသိဘူး။”

ချန်းရှောင်ဝမ်ကလည်း ထန်ရှု ပြောတာ မှန်သည်ဟု တွေးလိုက်မိသည်။ သူမ၏အမူအရာက အုံ့မှိုင်းသွားပြီး ကူကယ်ရာမဲ့စွာဖြင့်

“နင် မသွားချင်မှတော့ ငါလည်း မသွားတော့ဘူး။ ညစာစားပြီးရင် ဘာလုပ်ကြမလဲ။”

"အစ်မကြီးကို နေရာကောင်းတစ်ခုဆီ ခေါ်သွားမယ်။" ထန်ရှုက ပြုံးပြီး ပြောလိုက်သည်။

"နောက်ပိုင်း အားလပ်ချိန်တွေ ရရင် အဲ့ဒီနေရာက အပန်းဖြေစရာနဲ့ ဖျော်ဖြေစရာတွေကို အစ်မကြီးကိုယ်တိုင် ခံစားကြည့်ပါ။"

“ဘယ်နေရာများလဲ…”

“သုခဘုံစံအိမ်လေ…”

နှစ်နာရီ ကြာပြီးနောက် ထန်ရှုသည် ချန်းရှောင်ဝမ်နှင့်အတူ သုခဘုံစံအိမ်သို့ ရောက်လာသည်။ သို့သော် ဝင်ပေါက်ကို ဖြတ်လာကြပြီးသော် ချန်းရှောင်ဝမ်၏အမူအရာသည် ထူးဆန်းသွားသည်။ ကားရပ်နားရာ နေရာသို့ သူတို့ ရောက်လာသောအခါတွင် သူမ မနေနိုင်တော့ဘဲ ထန်ရှု၏အင်္ကျီလက်ကို ဆွဲလိုက်ပြီး

"မောင်လေး … ငါတို့ ဒီနေရာကို ရောက်လာပြီးပြီဆိုတော့ ဟိုးနားက ငါတို့ဘွဲ့ရကျောင်းသားအုပ်စုနဲ့ နင် ဆုံဖို့လား။"

ဘွဲ့ရကျောင်းသားတွေလား…

ထန်ရှု အံ့အားသင့်သွားသော အမူအရာဖြင့် မေးသည်။ "အာ … အစ်မကြီးတို့ ဘွဲ့ရကျောင်းသားတွေ ဆုံစည်းပွဲက ဒီမှာ လုပ်နေတာလား။”

“ဟုတ်တယ်လေ။” ချန်းရှောင်ဝမ် ခေါင်းညိတ်သည်။ “ငါတို့ထဲက ကျောင်းသားဟောင်းတချို့က ဒီဒေသမှာ သူဌေးလေးတွေလေ … ဘွဲ့ရပြီးတာနဲ့ အတော်လေး အလုပ်ဖြစ်နေကြတာ။ သူတို့က ဒီကျောင်းသားဟောင်း ဆုံစည်းပွဲကို စီစဉ်ပေးတဲ့သူတွေလည်း ဖြစ်တယ်။”

"ကောင်းပြီ။ ဒါဆို ကျွန်တော့်ကို နေရာအတိအကျ ပြောပြပါ။" ထန်ရှု စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည်။

“အဲ့ဒီနေရာမှာပဲ စောင့်နေပါ။ ကျွန်တော် ပြီးရင် လာတွေ့မယ်။ ဝိုင်ကောင်းကောင်း နှစ်ပုလင်း ယူဖို့ ဒီနေရာရဲ့ပိုင်ရှင်ကို သွားတွေ့လိုက်ဦးမယ်။"

"ဒီနေရာရဲ့ပိုင်ရှင်နဲ့ နင် သိလား။" ချန်းရှောင်ဝမ် တအံ့တသြ မေးမိသွားသည်။

"ဟုတ်တယ်။ ကျွန်တော်တို့က အရမ်းရင်းနှီးကြတယ်။" ထန်ရှုက ရယ်ရယ်မောမော ပြောလိုက်သည်။

မိနစ်အနည်းငယ်ကြာပြီးနောက် ထန်ရှုသည် လူလူ၏ရုံးခန်းသို့ ရောက်ရှိလာရာ သည်နေ့တွင် လူလူသည် မမျှော်လင့်ထားသော ဝတ်စားဆင်ယင်မှုမျိုး ဝတ်ဆင်ထားသည်ကို တွေ့ရသည်။ သူမသည် စမတ်ကျသော ရုံးတက်ဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်မှန်တပ်ထားကာ ရွှေရောင်ဖျော့ဖျော့ ဆံပင်များဖြင့် ပုံစံတစ်မျိုးပြောင်းကာ လှပနေပြီး သူဌေးများ ထိုင်သော ကုလားထိုင်ပေါ်တွင် ထိုင်ကာ စာအုပ်တစ်အုပ်အား ဖတ်နေသည်။

“မင်းကို ဒီလိုပုံစံနဲ့ မြင်ရတာ စိတ်ဝင်စားဖို့ တော်တော် ကောင်းတယ်။”

ထန်ရှုတစ်ယောက် ပြုံးစစဖြင့် သူမ၏အရှေ့သို့ ရောက်လာသည်။ သူ၏အကြည့်များက သူမ၏လက်ထဲရှိ စာအုပ်ပေါ်ကို ရောက်သွားသည်နှင့် သူ၏အမူအရာက ရုတ်ခြည်းပင် တုံ့ဆိုင်းသွားတော့သည်။

"ချီဘီ … ချီဘီမာရုကို - ချန်း ကာတွန်းစာအုပ်လား…။"

(Charm Ming Nge - ချီဘီမာရုကို-ချန်းသည် မိုမိုကို ဆာကူရာ ရေးသားသရုပ်ဖော်သည့် ရှိုဂျိုကာတွန်းစီးရီးတစ်ခု ဖြစ်သည်။ မာရုကိုဟု လူတိုင်းခေါ်ကြသည့် ကလေးမလေး မိုမိုကို ဆာကူရာ၏ ရိုးရှင်းသော နေ့စဉ်ဘဝကို သရုပ်ဖော်ရေးဆွဲထားခြင်းဖြစ်သည်။)

လူလူသည် စာအုပ်ကို ချလိုက်ပြီး စားပွဲနေရာမှ ပျော်ရွှင်စွာ ထလာကာ ထန်ရှု၏အရှေ့တွင် ပြုံးပြုံးရွှင်ရွှင် လှည့်ပတ်ပြပြီး သူမ၏လက်များကို ဖြန့်ကာ စနောက်လိုသောအပြုံးဖြင့်

"ဘယ်လိုလဲ။ ငါ ကြည့်ကောင်းတယ်မဟုတ်လား။"

"မဆိုးပါဘူး။" ထန်ရှုက လုပ်ယူထားရသော အပြုံးဖြင့် ပြောလိုက်သည်။

"ဒါပေမယ့် မင်း ဖတ်နေတဲ့စာအုပ်နဲ့ မင်းရဲ့ဝတ်စားဆင်ယင်မှုက တကယ်ကို အဆင်မပြေဘူးနော်။ ထားလိုက်တော့ … ဒီအကြောင်းကို မပြောတော့ဘူး။ ဒါနဲ့ အစ်မကြီးရှောင်ဝမ်က ငါနဲ့အတူ ဒီမှာ ရှိနေတယ်။ သူတို့ဘွဲ့ရတက္ကသိုလ်ကျောင်းသားတွေ ဒီမှာ ပြန်ဆုံဆည်းကြတာလေ။ ငါ ဝိုင်ကောင်းကောင်း နှစ်ပုလင်းလောက် ယူသွားချင်လို့။ မင်းဆီမှာ နတ်ဘုရားဝတ်ရည်ဝိုင် ရှိသေးတယ် မဟုတ်လား။"

လူလူက ထန်ရှု၏မေးခွန်းကို ကြားသောအခါတွင် သူမ၏အမူအရာသည် အနည်းငယ် ဝမ်းနည်းအပြစ်တင်လိုဟန်ဖြင့်

“ငါ့မှာ တစ်ချို့ကျန်ပါသေးတယ်။ ဒါပေမယ့် ခန်းမျိုးရိုးက အားကြီးကပ်စေးကုတ်တာပဲ နင် သိလား။ ငါ့မယ် နတ်ဘုရားဝတ်ရည်ဝိုင်က သေတ္တာ ၁၀၀တောင် မရှိတော့ဘူး။ အဲ့ဒီလက်ကျန်ကလည်း ရက်အနည်းငယ်ဆို လုံးဝ ရောင်းလို့ကုန်တော့မယ်လို့ ငါ့ဝန်ထမ်းတွေက ပြီးခဲ့တဲ့ရက်တွေက ညည်းနေကြတာ။”

ထန်ရှုက သူမကို မျက်လုံးသာ လှိမ့်ပြလိုက်မိတော့သည်။ ဝိုင်သေတ္တာ ၁၀၀က နည်းတယ်ဟုတ်လား။ သူသည် ရောင်းချရန် စည်းကမ်းကို ပထမဦးစွာ ချမှတ်ပေးခဲ့သူ ဖြစ်သည်။ သေတ္တာ၁၀၀ကို မဆိုထားနှင့် … မြို့ကြီးများရှိ ခမ်းနားသောထန် စီးပွားရေးလုပ်ငန်းစု၏ သီးသန့်စတိုးဆိုင်များမှ မဝယ်ယူပါက ရှစ်သေတ္တာ သို့မဟုတ် ဆယ်သေတ္တာပင် မည်သူမျှ ဝယ်မရနိုင်ပေ။

“ကောင်းပြီ … ကောင်းပြီ။ မင်း ဘယ်လောက် ကံကောင်းလဲဆိုတာ မင်း မသိဘူးနော်။ နောက်ပြီး ခမ်းနားသောထန် စီးပွားရေးလုပ်ငန်းစုမှာ ကိုယ်ပိုင်စည်းမျဉ်းစည်းကမ်းတွေ ရှိတာမို့ မင်းအတွက် အနောက်တံခါးကို ဖွင့်ပေးမှာ မဟုတ်ဘူး။ ဒါပေမယ့် မင်းအတွက်... သူတို့က ခြွင်းချက်တစ်ခု ပေးထားပြီးသားလေ။ ခန်းရှက နောက်နှစ်ရက်နေရင် ရှန်ဟိုင်းကို လာလိမ့်မယ်။ နတ်ဘုရားဝတ်ရည်ဝိုင်ကို ပိုလိုချင်ရင် မင်း သူမကို ဆက်ပြီး နားပူနားဆာ တိုက်ကြည့်ပေါ့။ သူ့ဆီက ရ၊ မရ ဆိုတာ မင်းရဲ့ အရည်အချင်းတွေပေါ်မှာပဲ မူတည်တယ်။"

"အဲ့ဒါ ပြဿနာမရှိဘူး။" အိုးရန်လူလူ ချက်ချင်း ခေါင်းညိတ်လိုက်သည်။

သုခဘုံစံအိမ်နယ်မြေ၏အခြားနိုင်ငံခြားပုံစံ သုံးထပ်အဆောက်အဦး၏ခေါင်မိုးထက်တွင် မိန်းမလျာလေး ဝူထုံသည် မှန်ပြောင်းကို ကိုင်ကာ မလှမ်းမကမ်းမှ အဆောက်အဦးတစ်ခု၏ အခြေအနေကို ကြည့်ရှုနေသည်။ ထန်ရှုနှင့် အိုးရန်လူလူအား ထိုအဆောက်အဦး၏ ပြတင်းပေါက်မှတဆင့် ရှင်းရှင်းလင်းလင်း သူ မြင်ရပေသည်။

"ဒီလူက ဘယ်သူလဲ။ ရေခဲဖီးနစ် ဟန်ကျင်းဝူနဲ့လည်း အရမ်းနီးစပ်တဲ့ ဆက်ဆံရေး ရှိတယ်။ အခြားအမျိုးသမီးတွေနဲ့ ဆက်ဆံရေးကလည်း ဆက်လက်ပေါ်ထွက်နေတုန်းပဲ။ ရေခဲဖီးနစ်က မနာလိုဖြစ်ပြီး သူ့ကို အရှင်လတ်လတ် နွှာမှာ ဒီလူ မကြောက်ဘူးလား။”

ဝူထုံသည် ဟန်ကျင်းဝူ၏နောက်သို့ ရက်အတော်ကြာ တိတ်တဆိတ် လိုက်ခဲ့ပြီးဖြစ်သည်။ ဟန်ကျင်းဝူသည် အချစ်မြစ်ထဲ ကျရောက်နေသည့် မိန်းမငယ်လေးတစ်ဦးနှင့်တူကြောင်း သူ ပြောနိုင်ပေသည်။ သူ၏လေ့လာချက်အရ ဟန်ကျင်းဝူ သဘောကျနေသော လူငယ်သည် ရှန်ဟိုင်းတက္ကသိုလ် ကျောင်းသား ထန်ရှုဖြစ်ပြီး ပုံမှန်အမူအကျင့် မရှိသော ယောက်ျားလေးတစ်ယောက်ဟု သူ မြင်ရသည်။

"အချစ်ရေးမှာ ဒီလူက တကယ်ကံကောင်းတာပဲ။"

ဝူထုံသည် ခပ်ထေ့ထေ့ကလေး ပြုံးလိုက်သော်လည်း မနာလိုခြင်း လုံးဝမရှိပေ။ သူသည် ယောက်ျားများကိုသာ နှစ်သက်သူ ဖြစ်ပေရာ အထူးသဖြင့် ထန်ရှုပင် ဖြစ်သည်။ ထန်ရှုနှင့်အတူ "ကျေနပ်ပျော်ရွှင်စရာကောင်းသော အချိန်အချို့" အား ဖန်တီးခဲ့သည်ဟုပင် သူ စိတ်ကူးပင် ယဉ်ထားပြီးဖြစ်လေသည်။

"ဘယ်သူလဲ။"

ရုတ်တရက် ဝူထုံ၏မျက်နှာသည် သိသိသာသာ ပြောင်းလဲသွားပြီး ချက်ချင်းပင် သူ၏ ဓားမြှောင်ကို ကိုင်ကာ လှည့်ကြည့်လိုက်သည်။ ထို့နောက် ခုနစ်မီတာအကွာတွင် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးအား လက်ပိုက်လျက် သူ့အား အေးစက်စက် အကြည့်များဖြင့် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရတော့သည်။

“ငါ ဘယ်သူလဲဆိုတာ မင်း သိပြီးသားဖြစ်မှာပါ။” မိုအားဝူက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

ဝူထုံ၏မျက်လုံးအစုံ ကျဉ်းမြောင်းသွားသော်လည်း သူ့နှလုံးသားတွင် လှိုင်းထန်သွားသည်။ သူ၏ကိုယ်ပိုင်ခွန်အားကို သူ ကောင်းစွာ သိပြီး အမြဲသတိရှိသူ ဖြစ်သည်။ သို့တိုင် ဤလူသည် သူပင် မသိလိုက်ဘဲ ခုနစ်မီတာကျော်အကွာသို့ ချဉ်းကပ်နိုင်ခဲ့ပေရာ ဤလူသည် အလွန်ကြောက်စရာ ကောင်းသော အရည်အချင်းများရှိသည်ဟု ဆိုလိုနေပေသည်။

"အဲ့ဒါ မင်းက သူ့ကိုယ်ရံတော်လား။" ဝူထုံသည် အဝေးရှိ ပြတင်းပေါက်များဆီသို့ ညွှန်ပြလိုက်သည်။

"အခု မင်း သိသွားပြီပေါ့။ မင်း ဖော်ထုတ်ခံရပြီးပြီဆိုတာ နားလည်သင့်ပြီ မဟုတ်ဘူးလား။"

မိုအားဝူက ထူးမခြားနားဟန်ဖြင့် ပြောလိုက်သည်။

"ကဲ … ပြောပါဦး။ ငါတို့သူဌေးကို ဘာလို့ နောက်ယောင်ခံနေတာလဲ။"

"ဟမ့်…။" ဝူထုံက နှာခေါင်းရှုံ့လိုက်သည်။

“ငါကြိုက်တာ ငါလုပ်မယ်။ ငါ လုပ်တာ မင်းကို အသိပေးဖို့ လိုလို့လား။"

ထိုစကားပြောပြီးနောက် သူ ချက်ချင်း လှည့်ကာ အိမ်ခေါင်မိုးပေါ်မှ တန်းခုန်ချလိုက်သည်။ သုံးထပ်အဆောက်အဦးဖြစ်သော်လည်း သူ့အတွက် အလွယ်တကူ ခုန်ဆင်းနိုင်သည်။ ခုန်ဆင်းပြီးသည်နှင့် နေရာတွင် ရပ်ပြီး မိုအားဝူကို မော့ကြည့်ကာ လက်ခလယ် ထောင်ပြပြီးနောက် လှည့်ထွက်သွားသည်။

"ငါတို့ ဒီမှာ ရှိနေတာကို မင်း ကြိုက်သလို ဝင်လို့ထွက်လို့ ရမယ် ထင်နေလား။"

ဝူထုံ၏လမ်းကြောင်းအား ပုံရိပ်တစ်ခုက ပိတ်ဆို့လိုက်သောကြောင့် သူ၏လက်ထဲက ချွန်ထက်သော ဓားမြှောင်ဖြင့် လိပ်ပြာတစ်ကောင်အလား ဝှေ့ယမ်းလိုက်သည်။

ဝူထုံသည် မျက်ခုံးပင့်ကာ သူ့အရှေ့က လူအား သတိကြီးစွာ စိုက်ကြည့်ရင်း သူ့အနေဖြင့် တိုက်ခိုက်လိုစိတ် မရှိသောကြောင့် လှည့်ကာ အရှေ့သို့ တစ်ဟုန်ထိုး ပြေးပြီး ထိုနေရာမှ ထွက်သွားရန် ကြိုးစားလိုက်သည်။ သို့သော် ခြေလှမ်းတစ်ဒါဇင်ခန့် ပြေးပြီးနောက်တွင် ကြံ့ခိုင်သော အခြားပုံရိပ်က သူ၏လမ်းကြောင်းကို ပိတ်ဆို့ထားပြန်သည်။

“ချီးပဲ…။” ဝူထုံ ဒေါသတကြီး ဆဲလိုက်သည်။ သို့သော် သူသည် ယခုတစ်ကြိမ်တွင် တိုက်ပွဲကို ရှောင်ပြေးရန် မကြိုးစားဘဲ ကြံ့ခိုင်သောလူဆီသို့ တည့်တည့် ပြေးသွားပြီး ထိုသူ၏ရင်ဘတ်ဆီသို့ လျှပ်စီးတန်းသဖွယ် လက်သီးချက်များအား လျင်မြန်စွာ ထိုးနှက်လိုက်သည်။

ဘန်း ...

ဝူထုံသည် သူ့အနီးတွင် အရိပ်တစ်ခုကိုသာ ဖျတ်ကနဲ မြင်လိုက်ရပြီး သူ၏အရှေ့တွင် ပွင့်နေသော ပန်းပွင့်မှလွဲ၍ ဘာမှ မရှိပေ။ သူ၏လက်သီးသည် ထိုလူ၏ရင်ဘတ်ကို ထိမိသွားခြင်းမရှိသော်လည်း သူ၏ဝမ်းဗိုက်အောက်ပိုင်းတွင်မူ ကြီးမားသော အင်အားက ထိမှန်သွားဟန်ရသည်။ ထိုအခိုက်အတန့်တွင် နာကျင်မှုကြောင့် သူ၏အူများအား ချည်နှောင်ထားသည့်အလား သူ ခံစားလိုက်ရသည်။ မယုံနိုင်စရာအကောင်းဆုံးမှာ သူသည် ဦးစိုက်ဂျွမ်းပြန် ဖြစ်သွားသောကြောင့် သူ၏ဘေးနှစ်ဖက်က ရှုခင်းများသည် ရှေ့ကို တရွေ့ရွေ့ ရွေ့လျားနေသည်ကို မြင်လိုက်မိခြင်းပင်တည်း။

အဟွတ်…အဟွတ်…

ခုနစ်မီတာကျော်အကွာရှိ အေးစက်နေသော ကွန်ကရစ်ကြမ်းပြင်သို့ ဗိုင်းကနဲ ပြုတ်ကျသွားပြီးနောက် မရေမတွက်နိုင်သော ဆင်းရဲဒုက္ခမျိုးစုံကို အကြိမ်ပေါင်းများစွာ ခံနိုင်ရည်ရှိခဲ့သော ဝူထုံသည် သူ၏ဝမ်းဗိုက်တွင် ဖြစ်ပေါ်လာသော နာကျင်မှုကို မျိုသိပ်ကာ မျက်စိတစ်မှိတ်အတွင်း မြေကြီးပေါ်မှ ကုန်းရုန်းထလိုက်သည်။

***

All Chapters