← Chapters

မျှော်လင့်ချက်မဲ့စေသည်

Vol. 53 Ch. 732

မျှော်လင့်ချက်မဲ့စေသည်

Vol. 53 Ch. 732

မိန်းမလျာလေး ဝူထုံသည် ရက်စက်ကာ အညှာအတာကင်းမဲ့သူတစ်ဦးဖြစ်သည်။ သူသည် သတ်ဖြတ်ခြင်းများစွာကို ကျူးလွန်ခဲ့ပြီး အလောင်းကောင်ပုံပေါ်တွင် မရေမတွက်နိုင်လောက်အောင် အကြိမ်များစွာ ခုန်ပေါက်ခဲ့ကာ သူ့ကို စိတ်ပျက်အားငယ်စေမည့် အကြိမ်သည် တစ်ကြိမ်မျှပင် မရှိခဲ့ဖူးချေ။ ကောင်းကင်ဘုံသည် လမ်းများအားလုံးကို ထွက်ပေါက်မရှိလောက်အောင် ဘယ်သောအခါမှ ချိပ်ပိတ်ထားလိမ့်မည်မဟုတ်ဟု သူ ယုံကြည်ခဲ့ဖူးသည်။ သူသာ လွတ်လမ်းအတွက် တိုက်ပွဲဝင်ရန် အရာအားလုံးကို စွန့်လွှတ်နေသရွေ့ သူ့အသက်ကို ထိန်းသိမ်းစောင့်ရှောက်ရန် အခွင့်အရေး အမြဲရှိနေပေလိမ့်မည်။

သို့သော် ယခုအချိန်တွင် သူ စိတ်ပျက်နေမိ၏။ အန္တရာယ်ရှိသော နဂါးရေကန်နှင့် ကျားလိုဏ်ဂူအား သူ ကျူးလွန်ခဲ့မိပုံရသည် ... သူ မပြစ်မှားသင့်သော တစ်စုံတစ်ယောက်ကြောင့် ပြဿနာ ဖန်တီးမိသလို ဖြစ်ခဲ့ရချေပြီ။ သူ့အရှေ့ရှိ လူနှစ်ယောက်နှင့် ခေါင်မိုးပေါ်တွင် တွေ့ခဲ့သော အခြားလူတစ်ယောက်တို့၏ အသွင်အပြင်များကြောင့် သူသည် အင်အားကြီးသော စစ်တပ်၏စခန်းတွင် ပိတ်မိနေသည့်အလား ခံစားရစေသည်။ သူ့အတွက် နားမလည်နိုင်သော အရာမှာ သာမန်လူ ဖြစ်ဟန်ရသော လူတစ်ယောက်သည် ကြောက်စရာကောင်းသော စွမ်းအားတစ်ခုအဖြစ် ပြောင်းလဲသွားခြင်းပင်တည်း။

အရှိန်နှင့်ခွန်အားသည် မူလက သူ၏သန်မာမှု ဖြစ်သော်လည်း ဤလူများ၏ လျှပ်တပြက်အတွင်း မုန်တိုင်းကဲ့သို့သော လှုပ်ရှားမှုများက သူ့အား အသက်ရှူရခက်စေသည်။

"မင်း ... မင်းတို့အားလုံးက ထန်ရှုရဲ့လူတွေလား။"

ဝူထုံက သူ့ပါးစပ်ထောင့်က သွေးများကို သုတ်လိုက်ပြီး ဘေးပတ်ဝန်းကျင်က လူနှစ်ယောက်ကို သတိကြီးစွာ စိုက်ကြည့်ရင်း အက်ရှနေသော လေသံဖြင့် မေးလိုက်သည်။ သို့သော်လည်း သူ့စကားသံ ဆုံးသွားသည်နှင့် မိုအားဝူသည် အိမ်ခေါင်မိုးပေါ်မှ ပျံဝဲကာ ဆင်းလာသည်ကို ဝူထုံတစ်ယောက် မြင်လိုက်ရသောအခါ သူ၏မျက်လုံးများ ရုတ်တရက် ဝိုင်းစက်သွားကြသည်။

ဒါအမှန်ပဲ ... ထိုသူက ရူပဗေဒကို အံတုပြီး သိပ္ပံဆိုင်ရာ အကြောင်းပြချက်တွေကို ဆန့်ကျင်ပြီး လေထဲမှာ လွင့်မျောပျံဝဲနေတယ်။ ထိုသူ၏လွင့်မျောလာမှုသည် ဂွမ်းတွေအပေါ်မှာ လမ်းလျှောက်နေသလိုမျိုး၊ မြေပြင်ထက်တွင် နင်းလျှောက်နေသလိုမျိုး ဖြစ်ကာ ကမ္ဘမြေဆွဲငင်အားက သူ့အပေါ် နည်းနည်းလေးမှ သက်ရောက်မှု မရှိသည့်အလားပင်။

မိုအားဝူ၏ အေးစက်သော မျက်လုံးများက သူ့အား စိုက်ကြည့်လာပြီး ခံစားချက်မဲ့သော အသံဖြင့်

“မင်း ဒီထက်ပိုပြီး နာကျင်မှုတွေ မခံစားချင်ရင် အရှုံးပေးပြီး နာခံလိုက်။ ငါ့နောက်ကို လိုက်ခဲ့။"

"ဘယ်ကိုလဲ..." ဝူထုံက သူ့လက်သီးကို ဆုပ်ထားသည်။

"ငါတို့သူဌေးကို တွေ့ဖို့ပဲ။" မိုအားဝူက ပြောသည်။

ဝူထုံက သူ့ခါးမှ လှံတိုသုံးချောင်းကို အမြန်ဆွဲယူပြီး အေးစက်စက် ပြောလိုက်သည်။

"ငါ့ကို ဒီမှာ နေခိုင်းဖို့ မင်းမှာ တကယ် ယုံကြည်ချက် ရှိရဲ့လား။ ငါ့မှာ ရှိသမျှစွမ်းအားနဲ့တိုက်ရင် မင်းကို ငါနဲ့အတူ မြုပ်နှံနိုင်မယ်ဆိုတာ သေချာပေါက်ပဲ။"

မိုအားဝူက သူ့အား မထီတထီ ကြည့်လိုက်ပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"မင်းက မပူးပေါင်းချင်ဘူးပေါ့။ ဒါဆို အကြမ်းနည်းနဲ့ လုပ်ကြတာပေါ့။ သူ့ကို ဆုံးမထားလိုက်။ ငါ သူဌေးကို အရင်သွားတွေ့လိုက်ဦးမယ်။"

ထိုစကားပြောပြီးနောက် ဝူထုံ၏စူးစူးရှရှ အကြည့်အောက်မှ ထွက်ခွာသွားတော့သည်။

ဝှစ် … ဝှစ် …

ပုံရိပ်နှစ်ခုသည် ဝူထုံဆီသို့ ချက်ချင်း တဟုန်ထိုး ပြေးလာသည်။ သူတို့၏အရှိန်သည် အလွန် လျင်မြန်သောကြောင့် သာမန်မျက်စိဖြင့် မြင်နိုင်သော အကန့်အသတ်သို့ပင် မသိမသာ ရောက်သွားခဲ့သည်။ ပေါ်လိုက် ပျောက်လိုက် ပုံရိပ်များကြားတွင် ဝူထုံသည် အံကို တင်းတင်းကြိတ်ကာ သူ့လက်ထဲမှ လှံများကို ပစ်လွှတ်လိုက်သည်။ လှံပစ်ခြင်းသည် သူ့အတွက် အလွန်ယုံကြည်မှုရှိသော ထူးခြားသည့် စွမ်းရည်တစ်ခု ဖြစ်ပြီး ဆယ်မီတာအကွာအဝေးအတွင်း ပစ်မှတ်အား မည်သည့်အခါမှ မလွဲဘဲ သတ်နိုင်ပေသည်။

ရွှစ် … ရွှစ် … ရွှစ် …

လှံတိုများသည် ထိုပုံရိပ်များအား ထိုးခွင်းသွားပြီး သားရဲကောင်ကြီးများတွင်သာ ရှိတတ်သော အော်ရာနှစ်ခုက သူ့အား ဖုံးလွှမ်းလာကာ ထိုလူနှစ်ယောက်၏လက်သီးချက်များဖြင့် သိသိသာသာ ပြသခဲ့သည့် ကြောက်မက်ဖွယ်ရာ အမြန်နှုန်းနှင့် ခွန်အားတို့သည် နောက်မှကပ်လျပ် ပါလာသည်။ ဝူထုံသည် ပြန်လည်ခုခံရန် အင်အားအနည်းငယ်မျှပင် မရှိသော လူသားသဲအိတ်ဖြစ်လာသလို ခံစားရသည်။ အဆက်မပြတ် ပြင်းထန်သော ထိုးနှက်ချက်များကိုသာ သူ ခံစားနေရပြီး သူ၏ဒဏ်ရာများသည် ပိုမိုပြင်းထန်လာတော့သည်။

“ငါ …”

ဝူထုံတစ်ယောက် လုံးဝစိတ်ပျက်အားငယ်နေပြီး အလျှော့ပေးလိုပြီဖြစ်သော်လည်း ထိုသူများ၏ လက်သီးသည် သူ၏ပါးစပ်ကို ထိုးနှက်နေသောကြောင့် အခြားစကားလုံးကို ဆက်ပြောနိုင်ခြင်း မရှိပေ။ ဆယ်စက္ကန့်ကြာ အားတင်းထားပြီးနောက်တွင် ပြင်းထန်သော လက်သီးများဖြင့် ထိုးနှက်ချက်များကြောင့် သူသည် စိတ်ပျက်မှုနှင့် ကြောက်ရွံ့မှုတို့ဖြင့် မေ့မျောသွားတော့သည်။

သုခဘုံစံအိမ်၏အထွေထွေမန်နေဂျာရုံးခန်းအတွင်းတွင် ထန်ရှုသည် လူလူ၏နူးညံ့သောခန္ဓာကိုယ်ကို ပွေ့ဖက်ရင်း လက်ဖက်ရည်ပူပူအား မှုတ်သောက်နေသည်။ အပြင်ဘက် မြင်ကွင်းများအား စောင့်ကြည့်ရန် သူ၏စိတ်ဝိညာဉ်အာရုံအား ထုတ်လွှတ်ထားပြီး မိန်းမလျာလေး ဝူထုံ အရိုက်ခံနေရသည်ကို ကြည့်ရှုနေခဲ့သည်။ စိတ်အတွင်းထဲတွင် သူ အတော်လေး အံ့အားသင့်နေသည်။ မြေအောက်တိုက်ပွဲရဲ့ ဒုတိယဆုရှင်က မည်သည့်အတွက်ကြောင့် သူ့အား လျှို့ဝှက်စွာ ခြေရာခံနေရပါသနည်း။

"ဒီမှာ အခြေအနေတစ်ခု ရှိတယ် သူဌေး။" မိုအားဝူ၏ အသံသည် တံခါးအပြင်ဘက်မှ ထွက်လာသည်။

ထန်ရှုက လူလူ၏ပေါင်ကို ပုတ်လိုက်ပြီး

"သူ့ကို ငါ့ဆီ ခေါ်ခဲ့လိုက်။ သူ ငါ့နောက်ကို လိုက်နေတာ တော်တော်ကြာနေပြီ။ ငါ သူနဲ့ စကားပြောမယ်။"

"နားလည်ပြီ။" မိုအားဝူ ပြန်ပြောပြီးသည်နှင့် နောက်ထပ်အသံ ထွက်မလာတော့ပေ။

ထို့နောက် အိုးရန်လူလူသည် သူ့အပေါ်မှ မထတော့ဘဲ သူ့လည်ပင်းအား လက်နှစ်ဖက်ဖြင့် ဖက်ထားသည်ကို ထန်            ရှု တွေ့လိုက်ရသည်။ အမျိုးသမီးတစ်ဦး၏ ထူးခြားသော ရနံ့ဖြင့် လူလူသည် ပျင်းရိနေသော ကြောင်လေးသဖွယ် သူ့လက်မောင်းတွင် တွယ်ကပ်နေသဖြင့် ထန်ရှု ရယ်ရမလို ငိုရမလို ဖြစ်သွားကာ

"လူလူ ထတော့။ ငါ အရေးကြီးတဲ့ ကိစ္စတစ်ခုကို ကိုင်တွယ်ရဦးမယ်။”

"သူတို့မှ မရောက်သေးတာ။" လူလူက ကလူ၏သို့ မြှူ၏သို့ လေသံလေးဖြင့် ပြောလိုက်သည်။ “နင့်လက်မောင်းထဲမှာ အဲ့လိုလေး နေရတာ အရမ်း အဆင်ပြေတယ်သိလား။ ငါ တကယ် မလှုပ်ချင်တော့ဘူး။ ဟန်နီ ပြောပါဦး။ သမုဒ္ဒရာတွေ ခန်းခြောက်သွားပြီး ကျောက်တုံးတွေ ယိုယွင်းလာတဲ့အထိ ဒီလိုအနေအထားကို ငါတို့ ထိန်းသိမ်းထားရင် ငါတို့က ဒီအတိုင်းလေး ကျောက်ဖြစ်ရုပ်ကြွင်းတွေ ဖြစ်လာမှာပေါ့ ... အဲ့ဒါဆို သိပ်ကောင်းမှာပဲနော်။”

ထန်ရှုက ခပ်ဖွဖွပြုံးပြီး ပြန်ပြောလိုက်သည်။

"ငါတို့ရဲ့ခံစားချက်တွေ အချိန်အတော်ကြာ ကြီးထွားလာမယ်ဆိုရင် ထာဝရတည်မြဲပါလိမ့်မယ်။"

အိုးရန်လူလူ အံ့အားသင့်သွားပြီး ထန်ရှု၏မျက်နှာကို ချက်ချင်း နမ်းလိုက်ကာ ချိုသာသော အပြုံးဖြင့် "နင့်ဆီကနေ ဒီလိုစကားမျိုး ထွက်လာမယ်လို့ ငါ မထင်ခဲ့မိဘူး။ ကောင်းပြီ ... ငါ ဘေးမှာ ထိုင်ကြည့်မယ်။"

ခဏအကြာတွင် မိုအားဝူသည် သတိမေ့နေသော မိန်းမလျာလေး ဝူထုံနှင့်အတူ ရုံးခန်းထဲသို့ ရောက်လာသည်။ ထန်ရှုက ဝူထုံကို နှိုးရန် အမိန့်ပေးလိုက်သည်။

"ဒါက ဘယ်နေရာ ရောက်နေတာလဲ။"

ဝူထုံ သတိပြန်ရလာပြီးနောက် သူ့ပတ်ဝန်းကျင်ကို လျင်မြန်စွာ အကဲခတ်လိုက်ပြီး ဤနေရာသည် ထန်ရှုနှင့် သူ့အမျိုးသမီး ရှိနေသော နေရာဖြစ်ကြောင်း ချက်ချင်း ဆုံးဖြတ်လိုက်သည်။

ထန်ရှုက စီးကရက်တစ်လိပ်ကို ဆွဲထုတ်လိုက်ရာ လူလူက မီးခြစ်ကို အမြန်ဆွဲယူပြီး သူ့အား မီးညှိပေးလိုက်သည်။ နှစ်ဖွာလောက် ရှိုက်ပြီးနောက် ဆိုးဆိုးရွားရွား စုတ်ပြတ်ကာ ရောင်ကိုင်းနေသော မျက်နှာဖြင့် သတိကြီးစွာ ထားနေသော ဝူထုံကို ထန်ရှု ကြည့်လိုက်ပြီး  “မြေအောက်တိုက်ပွဲပြိုင်ပွဲရဲ့ဒုတိယဆုရှင် ဝူထုံ ... ငါ ဒီမှာ အတော်လေး သိချင်နေတယ်။ မင်း ရုတ်တရက်ကြီး ဒီကို လာပြီး ငါ့ကို ဘာကြောင့် နောက်ယောင်ခံ စောင့်ကြည့်နေတာလဲ။"

ဝူထုံသည် ထန်ရှုကို စူးရှသောအကြည့်ဖြင့် တစ်ချက်စိုက်ကြည့်လိုက်သည်။ အံ့သြဖွယ်ရာ ကြွယ်ဝမှု၊ နက်နဲခိုင်မာသော နောက်ခံများနှင့် ၎င်းတို့၏ လက်အောက်တွင် ကျွမ်းကျင်သူများစွာရှိသည့် မရေမတွက်နိုင်သော သူဌေးကြီးများကို သူ တွေ့မြင်ခဲ့ဖူးသော်လည်း မည်သူကမျှ သူ့ကို ကြောက်လန့်အောင် မလုပ်နိုင်ကြပေ။ ထန်ရှုကို အကဲခတ်ရန် ကြိုးစားကြည့်သော်လည်း သည်လူတွင် ထူးခြားသောအရာ ဘာတစ်ခုမှ မတွေ့ရချေ။

"သိချင်ရုံသက်သက်ကြောင့် လုပ်မိတာလို့ ပြောရင် နင် ယုံမှာလား။"

ဝူထုံသည် ခဏမျှ ငြိမ်သက်နေပြီးနောက် မေးလိုက်သည်။

"ငါတော့ မထင်ဘူး။" ထန်ရှု ခေါင်းခါလိုက်သည်။ "မင်းက အခြေအနေ ဆိုးနေပြီ။ တရုတ်ပြည်က လူချမ်းသာသူဌေးတွေက မင်းကို အခုချိန်ထိ ရှာနေနိုင်တယ်။"

ဟမ့် ... ဝူထုံက မထီတထီဟန်ဖြင့် ပြောလိုက်သည်။ "သူတို့မှာ ဘာအရည်အချင်းတွေ ရှိလို့လဲ။ သူတို့က ငါ့ကို ရှာချင်တယ်ဆိုပြီး အိပ်မက်မက်နေကြတာ။"

"ကိုယ့်ကိုယ်ကို ယုံကြည်မှုဆိုတာနဲ့ စိတ်ကြီးဝင်တာက မတူဘူးနော် မင်း မှတ်ထားပါ။ ကြည့်ရတာ မင်းမှာ ခွန်အားနဲ့ ယုံကြည်မှု အတော်ရှိပုံရတယ်။ ဒါဆို မင်းက ငါ့ကို ဟန်ကျင်းဝူကြောင့် သတိထားမိသွားတာလား။"

"မှန်တယ်။" ဝူထုံက ခေါင်းညိတ်လိုက်သည်။

"ရေခဲဖီးနစ်က အတော်ကြောက်ဖို့ကောင်းပြီး သူ့ရဲ့ ခွန်အားနဲ့တိုက်ခိုက်ရေးစွမ်းအားက လူသားတွေရဲ့ အသိဉာဏ်ကန့်သတ်ချက်ထက်တောင် ကျော်နေသေးတယ်။ လွန်ခဲ့တဲ့ရက်အနည်းငယ်က မြေအောက်တိုက်ပွဲပြိုင်ပွဲအပြီး နင်နဲ့သူ အတူထွက်သွားတော့ နင်တို့နောက်ကနေ ငါ တိတ်တဆိတ် လိုက်လာတာ။ ဒါပေမယ့် ငါက သိုသိုသိပ်သိပ် နေချင်လို့ သေသင့်တဲ့ လူပြက်တွေရဲ့ နှောင့်ယှက်မှုကို အချိန်အတော်ကြာအောင် ရှောင်ခဲ့ရတယ်။ နောက်တော့ ငါ ရှန်ဟိုင်းကို ရောက်လာချိန်မှာ နင်က ရေခဲဖီးနစ်နဲ့ နက်ရှိုင်းတဲ့ ဆက်ဆံရေးရှိတယ်ဆိုတာ တွေ့လိုက်တယ်။ ဒါပေမယ့် သူမက လုပ်ရိုးလုပ်စဉ်အတိုင်းပဲ အလုပ်သွား၊ အိမ်ပြန်သွားပဲ ရှိတာမို့ နင့်ကို စောင့်ကြည့်ဖို့ ငါ စီစဉ်ထားတာ။ ငါ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး ... နင်က သာမန်လူတစ်ယောက် မဟုတ်တာကို..."

"မင်း ငါ့ကို ဘယ်အချိန်ကတည်းက  လိုက်ကြည့်နေတာလဲ။" ထန်ရှုက မေးလိုက်သည်။

"ဒီနေ့ နေ့လည်ခင်းကတည်းက ..." ဝူထုံက ဖြေသည်။

ဒီနေ့ နေ့လည်ခင်းလား…။ ထန်ရှု၏မျက်ခုံးများ အနည်းငယ် တွန့်သွားပြီး သူ၏မျက်လုံးများထဲတွင် အလင်းတစ်ချက် လက်သွားသည်။ သူတို့ စားသောက်ပြီး သုခဘုံစံအိမ်ကို သွားရာလမ်းတွင် ဝူထုံက သူ့အား နောက်ယောင်ခံလိုက်နေသည်ကို ပထမဆုံး သတိထားမိသည်။ သည်လူက နေ့လယ်ခင်းကတည်းက သူ့အား စောင့်ကြည့်နေလိမ့်မည်ဟု သူ နည်းနည်းမှ မမျှော်လင့်ထားမိပေ။ ဤလူသည် ခြေရာခံခြင်းနှင့် ဖုံးကွယ်ခြင်းတွင် အလွန်ကျွမ်းကျင်သည်မှာ ထင်ရှားပေသည်။

ထန်ရှုက မေးလိုက်သည်။

"ဒါဆို ဟန်ကျင်းဝူနဲ့ ငါ့နောက်ကို မင်း ခြေရာခံလိုက်ရတဲ့ ရည်ရွယ်ချက်က ဘာများလဲ။"

"ဟန်ကျင်းဝူအကြောင်းနဲ့ သူ့ဆရာ ဘယ်မှာလဲဆိုတာ နင် သိလေမလားလို့ ငါ တွေးမိတာပါ။"

ဝူထုံက လေးနက်သော အမူအရာဖြင့် ပြောသည် ။ "သူမက အရမ်းငယ်သေးတာမို့ သူ့ဆရာသခင်က အရမ်းကြောက်ဖို့ကောင်းရမယ်။ ငါ ပိုပြီး သန်မာချင်တယ် ... ဒါကြောင့် သူ့တပည့်ဖြစ်ချင်တာပါ။"

ပိုသန်မာဖို့ သူက တပည့်ဖြစ်ချင်တာလား။

ဝူထုံ၏အဖြေက ထန်ရှုအတွက် မမျှော်လင့်ထားသော အံ့သြစရာတစ်ခုပင်။ သူ့ကို သေသေချာချာ ဆန်းစစ်ပြီးနောက် ထန်ရှု ခေါင်းယမ်းလိုက်ပြီး အပြုံးဖြင့်

“သူ သင်ယူခဲ့တာတွေက မင်း သင်ယူနိုင်တဲ့ အရာ မဟုတ်ဘူး။ မင်းရဲ့ခန္ဓာကိုယ်က ပျက်စီးနေပြီ။ မင်းမှာ ပုံပန်းမကျတဲ့ ပုံသဏ္ဍာန်ရှိတယ်လို့တောင် ဆိုနိုင်တယ်။ ဒါကြောင့် ကြီးမားတဲ့ ကံကြမ္မာနဲ့ ကြုံဆုံရတာမျိုး မရှိရင် မင်းရဲ့သိုင်းလမ်းကြောင်းက ဒီနေရာမှာပဲ ရပ်နေရမှာကို ငါ စိုးမိတယ်။"

“မင်းပြောတာက …”

ဝူထုံ ခေါင်းငိုက်စိုက်ကျသွားပြီးနောက် အလျင်အမြန် ပြန်မော့ကြည့်ကာ ထန်ရှုကို စိုက်ကြည့်လာသည်။

"အမှန်ပဲ။ မင်းရဲ့ ယန်ချီက ယိုစိမ့်နေပြီးပြီ။ မင်းရဲ့ အစစ်အမှန် မဟုတ်တဲ့ ယင်ချီက မင်းရဲ့ အရေးကြီးတဲ့ အဆီအနှစ်၊ ချီနဲ့ စိတ်ဝိညာဉ်တွေရဲ့စနစ်ကို သုံးစွဲနေလို့ မင်းရဲ့ခန္ဓာကိုယ်ကို အဆက်မပြတ် ယိုယွင်းစေပြီး မင်းရဲ့သက်တမ်းကိုလည်း အများကြီး လျော့နည်းသွားစေတယ်။ မင်းက အခုလက်ရှိ အသက် ၄၀နား ကပ်နေပြီဆိုတော့ မင်းရဲ့ အကောင်းဆုံးအချိန်ကို ကျော်လွန်ခဲ့ပြီးပြီဆိုတဲ့ အဓိပ္ပာယ်ပဲ။ လိုအပ်ရင် ကောင်းကင်ဘုံ လျှို့ဝှက်ချက်ကို ပေါက်ကြားဖို့ ငါ မကြောက်ပါဘူး။ ဒါပေမယ့် မင်း အသက်ရှင်ဖို့ ဆယ်နှစ် ဒါမှမဟုတ် အနှစ်နှစ်ဆယ်ပဲ ကျန်တော့တယ်။ မင်းကိုယ်မင်း ကောင်းကောင်း ဂရုစိုက်တာ အကောင်းဆုံးပဲ။"

ဆယ်စုနှစ်တစ်စုလား … အသက်၆၀နှစ်အောက်ပဲ နေထိုင်ရမှာလား။

ဝူထုံ၏နှလုံးသားလေး တုန်ရီသွားကာ ထန်ရှုကို စိုက်ကြည့်ရင်း

"နင် ငါ့ကို ခြိမ်းခြောက်ချင်နေတာပဲ။"

"မင်းကို ငါ ခြောက်နေတယ်ထင်ရင် ငါက ဘာလုပ်လို့ရမှာလဲ။ မင်း ထွက်သွားတော့။ လတ်တလောနှစ်တွေမှာ မင်းရဲ့ခန္ဓာကိုယ်က ပိုပိုဆိုးလာသလားဆိုတာ မင်း တည်ငြိမ်သွားရင် ဖြည်းဖြည်းချင်း စဉ်းစားကြည့်။ မင်းဘယ်လောက်ပဲ ကြိုးစားကြိုးစား မင်းရဲ့အကောင်းဆုံးအချိန်မှာ ရှိခဲ့တဲ့ အရင်အခြေအနေနဲ့ နှိုင်းယှဉ်လို့ မရဘူး။ မင်း စေ့စေ့စပ်စပ် စဉ်းစားပြီးသွားရင် မင်း အသက်ကြီးလာတဲ့အခါ ပျော်ရွှင်ရပြီး သက်တောင့်သက်သာ ဖြစ်ရမယ့် နေရာကို ရှာပြီး သေမယ့်အချိန်ကို စောင့်လိုက်ပါ။”

ဝူထုံ၏နှလုံးသားလေး  တုန်လှုပ်နေပြီဖြစ်သည်။ ထန်ရှု မှန်ကန်ကြောင်း သဘောပေါက်ရန် သူ့စိတ် ငြိမ်သက်ရန် မလိုပေ။ မကြာသေးမီနှစ်များအတွင်း သူ၏ခန္ဓာကိုယ်အခြေအနေသည် ပိုမိုဆိုးရွားလာခဲ့ပြီး လက်ရှိအချိန်တွင် သူ ထုတ်လွှတ်နိုင်သည့် စွမ်းအားသည် လွန်ခဲ့သောနှစ်ပေါင်းများစွာက သေမင်းတမန်ကြိုးတန်းတွင် သူ ထုတ်လွှတ်ခဲ့သော စွမ်းအားထက် များစွာဆိုးရွားခဲ့သည်။ ပြည်ပတွင် အနှစ် (၂၀)ကျော်ကြာအောင် နေလာပြီးနောက် ဆက်လက်လှုပ်ရှားရန် မဖြစ်နိုင်တော့သည့်အတွက် နောက်ဆုံးတွင် တရုတ်ပြည်သို့ သူ ပြန်လာခဲ့ခြင်း ဖြစ်သည်။ နောက်ပိုင်း မြေအောက်တိုက်ပွဲပြိုင်ပွဲမှာပင် ပါဝင်ရန် မဖြစ်နိုင်တော့ပေ။

သူ၏အကောင်းဆုံးအခြေအနေသို့ ပြန်သွားချင်ပြီး သူ့ကိုယ်သူ လက်ရည်သွေးနေရန်အတွက် အခြား ကိုယ်ခံပညာ ကျွမ်းကျင်သူများနှင့် တိုက်ခိုက်လိုသည်။ သို့သော် သူ၏ပြန်လည်နာလန်ထမှုနှုန်းသည် နှေးကွေးလာသည်နှင့်အမျှ သူ ထုတ်လွှတ်နိုင်သည့် စွမ်းအားက ပိုပိုဆိုးလာခဲ့သည်။

“နင် … ဒီအကြောင်းကို ဘယ်လို သိနေတာလဲ။” ဝူထုံ၏အမူအရာသည် အဆက်မပြတ် ပြောင်းလဲသွားကာ နောက်ဆုံးတွင် မေးလိုက်သည်။

"အာ ... ငါကိုယ့်ငါ မိတ်ဆက်ဖို့ မေ့နေတာ။" ထန်ရှု ပြုံးလိုက်သည်။

"ငါ့နာမည်ကို ထန်ရှုလို့ပဲ မင်း သိထားတာနေမယ်။ ဒါပေမယ့် ငါ့ရဲ့အခြားနာမည်တစ်ခုကို မင်း မသိသေးဘူး။ ငါက တရုတ်တိုင်းရင်းဆေး သမားတော်တစ်ယောက်ပါ။ နတ်ဆေးသမားတော်လေးလို့လည်း လူသိများတယ်။"

နတ်ဆေးသမားတော်လား။

ထန်ရှုကို မယုံကြည်နိုင်ဟန် ကြည့်နေရင်း ဝူထုံ၏ ခန္ဓာကိုယ်သည် တုန်ရီသွားကာ

"ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။ တရုတ်ပြည်ရဲ့ တရုတ်တိုင်းရင်းဆေးလောကအခြေအနေကို ငါ နည်းနည်း သိတယ်။ အသက်နှစ်ဆယ်လေးနဲ့ ဘယ်လိုလုပ် နတ်ဆေးသမားတော် ဖြစ်နိုင်မှာလဲ။ ဟွာထို့နဲ့ ပြန့်ချွယ်တို့တောင် ဒီလိုမျိုး စွမ်းဆောင်နိုင်စွမ်း မရှိဘူး။”

"စကြာဝဠာမှာ အကန့်အသတ်မရှိသလို အသိပညာကလည်း အဆုံးမရှိဘူး။ ဒီလိုပဲ မင်း ဘယ်လောက်ပဲသန်မာပါစေ မင်းထက် ပိုသန်မာပြီး ပိုကောင်းမွန်တဲ့သူတွေ အမြဲတမ်း ရှိတယ်ဆိုတဲ့ စကားမျိုးကို မင်း ကြားဖူးမှာပါ။ သူများတွေ မလုပ်နိုင်တဲ့ အရာက ငါမလုပ်နိုင်ဘူးလို့ မဆိုလိုဘူး။”

ထန်ရှုက ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။

ဝူထုံသည် ထန်ရှုကို အချိန်အကြာကြီး စိုက်ကြည့်နေခဲ့ပြီးနောက် မိုအားဝူနှင့် အိုးရန်လူလူတို့၏ စောင့်ကြည့်မှုအောက်တွင် ထန်ရှု၏အရှေ့တွင် ဒူးထောက်လိုက်ကာ အသနားခံတောင်းပန်သော အမူအရာဖြင့်

“နတ်ဆေးသမားတော် ... ငါ့ကို ကယ်ပေးပါ။”

အာ … သူ သိမ်းသွင်းခံလိုက်ရတာလား။

ထန်ရှုသည် ဝူထုံအား ထူးဆန်းသောအမူအရာဖြင့် ကြည့်လိုက်ပြီး စိတ်ထဲတွင် ရယ်ရမလို ငိုရမလို ဖြစ်သွားသည်။

ရောဂါအပေါ် သူ၏ကုသနိုင်စွမ်းကို ထန်ရှု တကယ် ယုံကြည်မှု ရှိသော်လည်း ဝူထုံသည် ထိုကဲ့သို့ပြုမူရန် မထိုက်တန်သေးဘူး မဟုတ်လား။

ထန်ရှုက ဝူထုံအား ချီစီးကြောင်းတစ်ခုဖြင့် ပတ်ကာ ချက်ချင်း ဆွဲထူလိုက်သည်။

ထို့နောက် သူက

“ငါ မင်းရဲ့ရောဂါကို မကယ်နိုင်ဘူး။ မင်း ထွက်သွားပါတော့။ ဒါပေမယ့် မင်းရဲ့ယင်ချို့တဲ့မှုကို ကုသပေးနိုင်တဲ့ ဆေးပင်အချို့ကို ရှာဖွေတွေ့ရှိနိုင်ရင် မင်းရဲ့ခန္ဓာကိုယ်ကို ပြန်လည် ကျန်းမာစေပြီး မင်းရဲ့သွေးနဲ့ ကျောက်ကပ်ကို ပြန်လည်အားပြည့်စေတဲ့အတွက် သက်တမ်း တိုးလာနိုင်တယ်။ အဲ့ဒီအချိန်ကျရင် သိုင်းပညာကို ဆက်ပြီး သင်ယူနိုင်ပါလိမ့်မယ်။”

***

All Chapters