ခံစားရခြင်း
Vol. 151 Ch. 2106
နာကျင်မှုသည် သူမ၏ အကြောအခြင်များအထိ တဖြည်းဖြည်းစားသွား သည်။ သတိမေ့နေစဉ်မှာပင် သူမ၏ခန္ဓာကိုယ်သည် နာကျင်မှုကြောင့် ကွေ့ကောက်သွားသည်။
ဝူလင်းယူသည် သူမဆီသွားပြီး ကာကွယ်ပေးသည်။ ပြီးနောက် သူမ ကြိုတင်ပြင်ဆင်ထားသည့် အကြီးအကဲဖြူ၏အဆီအနှစ်နှင့် ဝိညာဉ်အရည်ပေး လိုက်သည်။ သူမ၏ခန္ဓာကိုယ်အတွင်းသို့ ပူလောင်ခြင်းများစီးဆင်းသွားသော အခါ အအေးဓာတ်သည် များစွာလျော့ကျသွားသည်။ သူမ၏ ခန္ဓာကိုယ်သည် ပြင်းထန်စွာတုန်ယင်မနေတော့သော်လည်း ကြုတ်ထားသောမျက်ခုံးများသည် မပြေနိုင်သေးပေ။
“ယူအာ…” ရှီမာယူယူ ဤကဲ့သို့ နာကျင်သည်ကို ယွိခဲ့လော့ ပထမဆုံး အကြိမ်မြင်ဖူးခြင်းဖြစ်သဖြင့် ရင်နာနေမိသည်။
“သူမက အဆိုးဆုံးကိုကျော်လွှားနိုင်ပါပြီ.. မကြာခင် ပြန်သက်သာလာမှာ” ရှီမာလျူရွှမ် ပြောလိုက်သည်။
“ဒီလိုကိစ္စဖြစ်တိုင်းမှာ လုပ်ငန်းစဉ်က နာစေပေမဲ့ ရလဒ်ကတော့ တော် တော်လေး အကျိုးဖြစ်တယ်” ကြက်သွေးရောင်မီးတောက် ပြောလိုက်သည်။
သူမ၏ ခန္ဓာကိုယ်ကို ပထမဆုံးအကြိမ် မီးမြှိုက်ခဲ့စဉ်ကဖြစ်စေ ထပ်ခါ ထပ်ခါမိုးကြိုးထိမှန်ခဲ့စဉ်ကဖြစ်စေ မလွယ်ကူခဲ့ပေ။ သို့သော် ကံကောင်းစွာပင် နာကျင်မှုကို ကြုံတွေ့ပြီးသည့်အချိန်တိုင်းတွင် သူမသည် အကျိုးအမြတ် ဖောဖောသီသီ ရခဲ့သည်။
ရှီမာလျူရွှမ် ထိုအကြောင်းများကို ပြောပြခဲ့စဉ်က သူမ၏ သမီးဖြစ်သူမှာ များစွာခံစားခဲ့ရသည်ကို ယွိခဲ့လော့သိလိုက်သည်။ မဟုတ်လျှင် ဤကဲ့သို့ ငယ် ရွယ်သောအသက်၌ပင် ဤမျှအားကောင်းနေမည်မဟုတ်ပေ။ သို့သော် သူမ ကိုယ်တိုင်မျက်လုံးနှင့် မြင်ရသည်နှင့် ခံစားချက်မှာမတူပေ။
ရှီမာလျူရွှမ်သည်လည်း သမီးဖြစ်သူအတွက် စိတ်မကောင်းဖြစ်မိကာ ယွိခဲ့လော့ကို ဝမ်းနည်းစေခြင်းအတွက်လည်း တွန့်ဆုတ်နေမိသည်။ သို့သော် ယခု သူမဝမ်းနည်းပြီး ငိုနေသည်ကို မြင်နေရသော်လည်း သူမကို ပွေ့ဖက်ခြင်း ပင် မပြုနိုင်ပေ။
“အား…” ရှီမာယူယူသည် နာကျင်မှုကြောင့် အော်ဟစ်လိုက်ရာ ဂူတစ်ခု လုံးသည် အတန်ကြာတိတ်ဆိတ်သွားသည်။ သူတို့သည် သူမ နိုးမလာခင်အထိ စကားမပြောကြပေ။
သူမ မျက်လုံးဖွင့်လိုက်ချိန်တွင် ဝူလင်းယူ၏ သူ့ကိုယ်သူအပြစ်တင်နေ သောအကြည့်နှင့် စိတ်မချမ်းမမြေ့ဖြစ်နေသော မျက်လုံးများကိုမြင်လိုက်ရ၏။ သူမသည် သူ့ကိုပြုံးပြလိုက်သည်။ သို့သော် တစ်ကိုယ်လုံးမှ နာကျင်မှုမှား လှိမ့်တက်လာသည်။
“နိုးပြီလား သက်သာရဲ့လား” ဝူလင်းယူသည် စိုးရိမ်တကြီးမေးလေသည်။
“နာနေတုန်းပဲ ဒါပေမဲ့အရင်ကထက်စာရင်တော့ သက်သာပါတယ်” ရှီမာယူယူသည် အားလျော့စွာပြောလေသည် “ဝိညာဉ်အရည်ထဲစိမ်လိုက်ဦး မယ်”
ပြောပြီးနောက် သူမသည် သူ့ရင်ခွင်ထဲမှပျောက်သွားသည်။
ဝိညာဉ်လေးသည် သူမအတွက် ဝိညာဉ်အရည်အသင့်ပြင်ပြီးသားဖြစ် သည်။ ကြီးမားသောသစ်စည်ပိုင်းထဲတွင် ဝိညာဉ်အရည်များအပြည့်ထည့်ထား ကာ နှစ်ပေါင်းများစွာ ပိုင်ဆိုင်ခဲ့သော တန်ဖိုးအကြီးဆုံးပစ္စည်းကိုထုတ်လာခဲ့ သည်။ ဝိညာဉ်အရည်နှင့် အကြီးအကဲဖြူဆီမှတောင်းထားသည့် အဆီအနှစ်ကို ပါ ထည့်ပေါင်းထားသည်။
ရှီမာယူယူသည် သစ်သားစည်ပိုင်းထဲတွင် လဲလျောင်းလိုက်သည်။ သူမ၏ ခန္ဓာကိုယ်သည် ဝိညာဉ်အရည်များစိုစွတ်သွားသည်နှင့် တစ်ကိုယ်လုံးမှ ပူလောင်နေသောခံစားချက်နှင့် နာကျင်မှုများသက်သာသွားလေသည်။
“ယူယူ ငါ့အသားစားလိုက်” ရှောင်ချီသည် သစ်သားစည်ပိုင်းတွင် ထိုင်ပြီး စိတ်မချမ်းမြေ့ကာ မျက်ရည်များဖြင့် ရှီမာယူယူကို ကြည့်နေသည်။
သူမမှအပြင် တခြားသားရဲများလည်း ဝိုင်းနေကြပြီး အားလုံးမှာ စိတ်မချမ်းမသာဖြစ်နေကြသည်။ သူမကိုယ်စား နာကျင်မှုကိုလည်း ဝင်ခံစားလို့ ရရန်မျှော်လင့်နေကြသည်။
သူမသည် လက်ကိုအားကြိုးမာန်တက်မြှောက်ပြီး ရှောင်ချီ၏ခေါင်းကို ထိ ကာပြောလိုက်သည် “ငါ့မှာ ဝိညာဉ်အရည်နဲ့ အကြီးအကဲဖြူရဲ့အဆီအနှစ်ရှိနေ တာပဲ.. ဒီထဲကိုစိမ်လိုက်ရင်ရနေပြီ.. စိမ်လိုက်တော့ အခုကိုကောင်းလာနေပြီ အဲဒါကြောင့် စိတ်မပူနဲ့”
“တကယ်ကြီးလား” ရှောင်ချီ၏ မျက်လုံးများသည် မျက်ရည်များဖြင့် ရီဝေ နေသည်။ ထို့ကြောင့် ရှီမာယူယူကိုပင် ရှင်းလင်းစွာမမြင်ရပေ။ သူမသည် ချင်းယိ၏ အဝတ်များကိုစွဲကာ သူမ၏မျက်ရည်များကိုသုတ်ပြီး နှပ်ညှစ်လေ၏။
ချင်းယိသည် ကူကယ်ရာမဲ့စွာဖြင့် ပြုံးလိုက်သည်။ သူ လက်ဝှေ့လိုက် သည်နှင့် အင်္ကျီပေါ်မှ သူမ၏ မျက်ရည်များနှင့်နှပ်များ ပျောက်သွားလေသည်။
ရှီမာယူယူသည် ထိုမြင်ကွင်းကိုမြင်သောအခါ ပြုုံးမိသည်။ သူမသည် သူတို့ကိုစကားပြောရန်ပင် အားမရှိတော့သဖြင့် မျက်လုံးမှိတ်ကာ ဒဏ်ရာကို ကုသနေရသည်။
သူမသည် သစ်သားစည်ပိုင်းထဲတွင် သုံးရက်ကြာစိမ်သည်။ ထွက်လာ သောအခါ ပြန်ကောင်းလာပြီဖြစ်သည်။ သူမ မျက်လုံးဖွင့်လိုက်သောအခါ သားရဲများသည် ဘေးတွင်ရှိနေကြသေးသည်။
နောက်ပိုင်းနှစ်များတွင် သူတို့ကို လျစ်လျူရှုမိသည်ဟု ရှီမာယူယူ ခံစားမိ သည်။
“ယူယူ အဆင်ပြေရဲ့လား” ရှောင်ချီသည် ပျော်ရွှင်စွာဖြင့် မေးလေသည်။
“တော်တော်လေးကောင်းလာပြိ ကျန်တာက ဆေးသောက်ဖို့နဲ့ အချိန်ယူ ဖို့ပဲကျန်တော့တယ်” ရှီမာယူယူသည် သူမ၏ခေါင်းကိုကိုင်ပြီး ပြုံးကာပြော လိုက်သည်။
“ရပါတယ် ဒီတစ်ခါ လန့်လို့သေတော့မယ်” ပန်းလေးပြောလေသည်။
“တောင်းပန်ပါတယ် မင်းတို့ကိုစိတ်ပူအောင်လုပ်မိပြီ” ရှီမာယူယူသည် သားရဲများကို တောင်းပန်လိုက်သည်။ သူမသည် နောက်ပိုင်းတွင် အလုပ်များ နေခဲ့ပြီး သူတို့၏ခံစားချက်နှင့် သူတို့အကြောင်းကို မတွေးခဲ့မိပေ။
“ယူယူအဆင်ပြေရင်ပြီးတာပါပဲ” အိပ်မက်လေးသည် ငှက်ပေါက်စကို ဖက်လိုက်ပြီး ပုံမှန်နှင့်မထူးခြားလှသည့် အပြုံးပြုံးလိုက်သည်။
“ယူယူ အဲကောင်ဘယ်မှာလဲ သူ့ကိုနှုတ်ဆက်ရဦးမယ်လေ” ရွှေမြွေလေး မေးလေသည်။
“ကြက်သွေးရောင်မီးတောက်နဲ့အပြင်မှာ” ရှီမာယူယူ ပြောလိုက်သည် “ငါ သွားကြည့်လိုက်ဦးမယ်.. ငါထွက်မသွားရင် မိဘတွေစိတ်ပူနေလိမ့်မယ်”
“အင်း”
“အမေ့ကိုကယ်ပြီးရင် လူသားကမ္ဘာကိုပြန်လို့ရပြီ အဲလိုဆို မင်းတို့လည်း လွတ်လွတ်လပ်လပ် ထွက်လို့ရပြီ”
“ကောင်းလိုက်တာ ဒီနေရာမှာတင် ပိတ်မိနေတာ ကြာနေပြီ.. မွန်းကြပ် လို့သေတော့မယ်” ရှောင်ချီသည် အားတက်သရော်ထခုန်လေသည်။
“တောင်းပန်ပါတယ် ဒီနှစ်တွေမှာ…”
“ယူယူ ငါတို့အားလုံး နားလည်ပါတယ်” ဟိန်းသံထောင်ချီ ပြောလေ သည် “ငါတို့ကို အားနာဖိုမလိုပါဘူး”
“ဟုတ်တယ် ယူယူ လုပ်စရာရှိတာသွားလုပ် အိပ်မက်လေးတို့ဒီမှာပဲ စောင့်နေမယ်” အိပ်မက်လေး ပြောလိုက်သည်။
ရှီမာယူယူသည် သားရဲများကို ခံစားချက်ပါပါကြည့်ပြီး လေးလေးပင်ပင် နှင့် ခေါင်းညိတ်ပြကာ ထွက်လာလိုက်သည်။
သူမထွက်လာချိန်တွင် အပြင်တွင် နာရီပေါင်းများစွာကုန်ဆုံးနေပြီဖြစ်ရာ ယွိခဲ့လော့နှင့် ဝူလင်းယူတို့သည် အတန်ကြာအောင် စကားပြောနေကြသည်။ သားမက်လောင်းအနေနှင့် ယွိခဲ့လော့သည် သူနှင့်စကားပြောလိုက်သည့်အချိန် တွင် ပိုသဘောကျသွားသည်။
“အဒေါ် ဦးလေး ကျွန်တော်တို့ အဒေါ့်ကိုကယ်ပြီးရင် လက်ထပ်ဖို့ ယူယူနဲ့ သဘောတူထားပါတယ်.. ခန်းဝင်တွေအတွက် ဘာတွေများလိုအပ်လဲမသိဘူး” ဝူလင်းယူ မေးလိုက်သည်။
ဒီလောက်ကြီး ဒဲ့တိုးပြောတာလား။
“ဘာမှမလိုပါဘူး မင်းပဲကြည့်လုပ်လိုက်ပါ” ယွိခဲ့လော့ ပြောလိုက်သည် “တစ်ခုပဲတောင်းဆိုစရာရှီတယ် ယူအာ့အပေါ်ကောင်းပေးပါ”
“သေချာပေါက်ကောင်းပေးမှာပါ”
“မင်းက နတ်ဆိုးဧကရာဇ်ဆိုတိုင်း ယူအာ့ကို အနိုင်ကျင့်လို့ရမယ်မထင်နဲ့.. မင်းက နတ်ဆိုးဧကရာဇ်ဖြစ်နေပေမဲ့ သူမကလည်း တစ္ဆေဘုရင်ရဲ့မြေးမလေးပဲ သူမကို နစ်နာစေပြီး ခံစားရအောင်လုပ်လို့ကတော့ ငါတို့ဘာလုပ်နိုင်လဲဆိုတာ မပြောတော့ဘဲ ယူအာ့ကိုခေါ်သွားတော့မှာ” ရှီမာလျူရွှမ် ခြိမ်းခြောက်လေ၏။
“ဦးလေး စိတ်မပူပါနဲ့.. ကျွန်တော့်ကို အပြစ်ပေးရင်တောင် သူမမှာ အမှား မရှိပါဘူး”
“ဟင်း သိရင်လည်းပြီးတာပဲ”
တကယ်တော့ သူတို့သည် သားမက်ဖြစ်သူကို ကျေနပ်ကြသည်။ သူတို့ သည် အနည်းငယ် မကျေနပ်မှုရှိလျှင်တောင် ရှီမာယူယူ၏ အချစ်များကြောင့် ပျောက်ကွယ်သွားပြီဖြစ်သည်။
ရွေးချယ်စရာမရှိတော့ပေ။ သမီးဖြစ်သူက သူ့ကိုသဘောကျနေတာကိုး။
ရှီမာယူယူ ထွက်လာချိန်တွင် အနေအထားသည် အနည်းငယ် ကသိ ကအောက်ဖြစ်နေသေးသည်။ သူမသည် သူတို့ကိုကြည့်ပြီး မေးလိုက်သည် “ဘာတွေပြောနေကြတာလဲ”
“လင်းယူက လက်ထပ်ခွင့်တောင်းနေတာ” ရှီမာယူယူ ကောင်းလာသည် ကို ယွိခဲ့လော့မြင်သောအခါ ပြုံးပြီးမေးလိုက်သည် “ဘယ်လိုနေလဲ”
“အင်း ကောင်းခါနီးပါပြီ” ရှီမာယူယူသည် ပြောလက်စကိုဆက်မပြောဘဲ လှည့်ပတ်ကြည့်လိုက်သည်။ သို့သော် ကြက်သွေးရောင်မီးတောက်နှင့် ထို အကောင်လေးကိုမမြင်မိပေ “ကြက်သွေးရောင်မီးတောက်တို့ရော”
“သူတို့က အောက်ကကောင်ကို ရှင်းတာပိုကောင်းမယ်လို့ပြောပြီးတော့ ဆင်းသွားကြတာပဲ” ဝူလင်းယူ ပြောလိုက်သည်။
“ဒါဆို ကျွန်မသွားကြည့်လိုက်မယ်” ရှီမာယူယူသည် ပြောပြီးနောက် ထွက်သွားရာ သူတို့သုံးယောက်သည် အပြုံးများဖြင့် တိတ်ဆိတ်စွာကျန်ခဲ့လေ သည်။
သူမက အခုရှက်သွားတာလား။ ပြောရမယ်ဆိုရင် အရင်က တည်ငြိမ်ပြီး တော့ သူမက မရှက်တတ်ဘူးလို့တောင် သူထင်ခဲ့တာ။
သူမကို ယခုလိုပုံစံအတိုင်း ပထမဆုံးမြင်ဖူးခြင်းဖြစ်သဖြင့် သူ့စိတ်ထဲတွင် အတွေးတစ်ခုသာပြည့်သွားသည်.. သူမသည် လှပလွန်းသည်။
ရှီမာယူယူသည် ဂူထဲမှထွက်လာပြီး ကြက်သွေးရောင်မီးတောက်တို့၏ တည်နေရာကို အာရုံခံပြီးနောက် သူတို့ဆီသို့ပျံသွားလိုက်သည်။ သူမ အရင်က ကြောက်ခဲ့ရသည့် ချော်ရည်ပူများသည် ယခုအခါ သူမကိုမြင်သည်နှင့် ချစ်ခင် နေကာ သူမဆီသို့ ချဉ်းကပ်လာသည်။
သူမသည် အရင်ထိုအကောင်လေးရှိခဲ့သည့်နေရာသွားလိုက်ရာ ကြက်သွေးရောင်မီးတောက်သည် ချော်ရည်ပူများအလယ်တွင် တရားထိုင်နေ ပြီး ထိုအကောင်လေးသည် သူ့ပတ်ပတ်လည်တွင် ကူးခတ်နေသည်။
ထိုအကောင်လေးသည် ရှီမာယူယူဆင်းလာသည်ကိုမြင်သောအခါ ချော်ရည်ပူထဲမှထွက်ပြီး ရှီမာယူယူ၏ ရင်ခွင်ထဲသို့ပျံတက်လေသည်။ ရှီမာယူ ယူသည် အရင်ခံစားခဲ့ရသည့် နာကျင်မှုကို တွေးမိပြီး အလိုလို လက်ယမ်းမိရာ ထိုကောင်လေးသည် ချော်ရည်ပူထဲသို့ပြန်ကျသွားလေသည်။
***