← Chapters

အရူးအမူးစွဲလမ်းနေသော ပျားနှင့် လိပ်ပြာ

Vol. 53 Ch. 733

အရူးအမူးစွဲလမ်းနေသော ပျားနှင့် လိပ်ပြာ

Vol. 53 Ch. 733

ထန်ရှုသည် မကောင်းမှုကို ကောင်းမှုနှင့် ပြန်ပေးရလောက်အောင် ကြင်နာသောသူ မဟုတ်ပေ။ ထို့ကြောင့် သူ့အား ဆန့်ကျင်ရန် ကြံရွယ်ထားသည့် ထိုကဲ့သို့သော အမှိုက်များကို ကုပေးရန် ငြင်းဆန်လိုက်ကာ ဝူထုံကို ရုံးခန်းမှ ခေါ်ဆောင်သွားရန် မိုအားဝူကို အချက်ပြလိုက်သည်။

"ဟန်နီ ... နင် အဲ့ဒီမြေအောက်တိုက်ပွဲကို ကြည့်ဖို့ ဟန်ကျင်းဝူနဲ့ လိုက်သွားတာလား။"

တံခါးပိတ်သွားသည့်အခိုက် အိုးရန်လူလူက အကြည့်ကို လွှဲလိုက်ပြီး အပြုံးဖြင့်မေးလိုက်သည်။

"ဟုတ်တယ်။ ငါ သူနဲ့ လိုက်သွားခဲ့တယ်။ သူက ဒီနှစ် ပြည်တွင်း မြေအောက်တိုက်ပွဲပြိုင်ပွဲမှာ ပါဝင်ခဲ့ပြီး ဖိုင်နယ်အထိ တက်ခဲ့တယ်။ မတော်တဆမှု မဖြစ်ရအောင် သူနဲ့အတူ လိုက်သွားခဲ့တာ။ ကံကောင်းထောက်မပြီး သူမက လုံလုံခြုံခြုံနဲ့ ဘေးကင်းရုံတင်မကဘဲ ပထမနေရာကိုပါ ရခဲ့တယ်။ အာ ... ဟုတ်သားပဲ။ ခုနက မိန်းမလျာလေးက ဒုတိယဆု ရသွားတဲ့သူလေ။"

ထိုစကားကို ကြားပြီးနောက် အိုးရန်လူလူက အတွင်းစိတ်က ထိတ်လန့်သွားသော်လည်း အနည်းငယ် စိတ်ပျက်သွားဟန်ဖြင့် မှတ်ချက်ပေးလိုက်သည်။

“ဒီလိုအံ့သြထိတ်လန့်ဖို့ကောင်းတဲ့ ပွဲကို ကြည့်ဖို့ ငါ့ကိုတော့ နင် မခေါ်သွားဘူး။ နင် သိလား ... ဟိုအရင်တုန်းက ဒီလိုမြေအောက်တိုက်ပွဲကို ငါ တစ်ခါ ကြည့်ဖူးတယ်။ အရမ်းစိတ်လှုပ်ရှားဖို့ ကောင်းတယ်။”

ထန်ရှု၏နှလုံးသားထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။ သူသည် ဟန်ကျင်းဝူနှင့်အတူ မြေအောက်တိုက်ပွဲသို့ လိုက်ပါသွားသည့်အတွက် လူလူ မနာလိုဖြစ်နေလိမ့်မည်ဟု ထင်ခဲ့သည်။ သူ၏တခြားမိန်းကလေးတယောက်အား မျက်နှာသာပေးနေသည်ကို သူမ သိကာ အပြစ်မြင်လိမ့်မည်ဟု စိတ်ကူးထားမိသေးသည်။ သို့သော် ရှင်းရှင်းလင်းလင်းပြောရမည်ဆိုပါက သူမတွင် ထိုသို့သောအတွေးမျိုးမရှိခဲ့ဘဲ သူမကို မခေါ်သွားသောကြောင့်သာ သူ့ကို အပြစ်တင်ခဲ့သည်။

ထန်ရှု ခြောက်ကပ်ကပ် ရယ်မောလိုက်ပြီးနောက် အိုးရန်လူလူ၏လက်ကို ဆွဲလိုက်ကာ သူမကို အနမ်းတစ်ပွင့်ပေးရင်း ကတိပေးလိုက်သည်။

"အနာဂတ်မှာ တခြားစိတ်လှုပ်ရှားစရာ အဖြစ်အပျက်တွေရှိရင် ငါ မင်းကို သေချာပေါက် ခေါ်သွားပေးပါ့မယ်။"

"ဟီး ... အဲ့ဒါ ပိုကောင်းတယ်။" အိုးရန်လူလူက ခေါင်းညိတ်ပြပြီး အပြုံးဖြင့် မေးသည်။

"ဒါနဲ့ အစ်မကြီး ရှောင်ဝမ်ကို ငါတို့ ဘယ်တော့ တွေ့မှာလဲ။"

ငါတို့လား…

ထန်ရှုက မရယ်ဘဲ မနေနိုင်တော့ဘဲ

"မင်းက ဒီသုခဘုံစံအိမ်ရဲ့ သူဌေးကြီးပဲ။ မင်း ဘာလို့ လိုက်ချင်တာလဲ။ အစ်မကြီးရှောင်ဝမ်ရဲ့ သူငယ်ချင်းတွေက မင်းကို စိတ်မသက်မသာ ဖြစ်စေမှာ မကြောက်ဘူးလား။"

“ဟီး ... သူတို့ ဘယ်သူတွေပဲဖြစ်ဖြစ် ဘာတွေလုပ်လုပ် ငါ ဂရုမစိုက်ဘူး။ အစ်မကြီးရှောင်ဝမ် ကျေနပ်နေသမျှတော့ အဆင်ပြေတယ်။ အခုလာ ... မြန်မြန်...” အိုးရန်လူလူက ပြုံးပြီး ပြောသည်။

ထိုစကားဆိုပြီးနောက် သူမသည် မန်နေဂျာဆီ ဖုန်းဆက်ပြီး နတ်ဘုရားဝတ်ရည်ဝိုင်နှစ်ပုလင်း ယူကာ ပထမထပ်တွင် စောင့်ဆိုင်းရန် မှာကြားပြီးနောက် ထန်ရှုအား ရုံးခန်းထဲမှ အတင်းဆွဲခေါ်လာသည်။ ပထမထပ်တွင် နတ်ဘုရားဝတ်ရည်ဝိုင်အား ဝင်ယူပြီး အိုးရန်လူလူက ထန်ရှုအား အစားအသောက်များ စီစဉ်ကာ ဝန်ဆောင်မှုပေးသော နေရာဆီသို့ ရွှင်မြူးစွာ ဆွဲခေါ်သွားတော့သည်။

အစားအသောက်များအား စီစဉ်ကာ ဝန်ဆောင်မှု ပေးသောနေရာသည် သင်းရနံ့ခန်းမ ဖြစ်သည်။ ချန်းရှောင်ဝမ်သည် ယခင်နှင့်မတူဘဲ ခြားနားနေပြီဖြစ်ပြီး အဆင့်အတန်းနှင့် ရာထူးသည် ခုန်ပျံကျော်လွှားကာ တိုးတက်ပြောင်းလဲသွားခဲ့သည်။ ယခုအခါ သူမသည် လန်းဆန်းကုန်သွယ်ရေးအုပ်စု၏ ဒုတိယဥက္ကဌ ဖြစ်လာခဲ့လေရာ ထိုအကြောင်းသည် သူမ၏အတန်းဖော်များကြားတွင် လျှို့ဝှက်ချက် မဟုတ်ပါချေ။ ထို့ကြောင့် သူမ၏အတန်းဖော် ၂၀ကျော်က သူမအား နွေးနွေးထွေးထွေး နှုတ်ဆက်လာကြပြီး မမျှော်လင့်ထားသော မြှောက်ပင့်စကားများဖြင့် ပတ်ဝန်းကျင်လေထုအား ပျံ့နှံ့လွှမ်းမိုးစေသည်။

တကယ်တော့ သူမသည် ယခင်တုန်းက တက္ကသိုလ်ကျောင်းသားဟောင်းများ ပြန်လည်တွေ့ဆုံပွဲ တော်တော်များများကို တက်ရောက်ခဲ့ဖူးသော်လည်း ထိုသူတို့၏တုံ့ပြန်မှုက အရမ်းအားနည်းနေပြီး တစ်ချို့တလေသာ သူမနှင့် ပေါင်းသင်းဆက်ဆံလိုသော ဆန္ဒ ရှိပေသည်။ ပြန်လည်ပေါင်းစည်းမှု ပြီးဆုံးတိုင်း ၎င်းတို့တစ်ဦးစီသည် နောက်ရက်အနည်းငယ်ခန့်သာ ကြူကြူ(QQ) သို့မဟုတ် ဝီချက်(WeChat)မှတစ်ဆင့် စပ်မိစပ်ရာ ပြောဆိုမှုများ ရှိကြပြီး အခြားအဆက်အသွယ်များ မရှိသလောက် နည်းပါးပေသည်။

ဝေ့ကောထောင်သည် ချန်းရှောင်ဝမ်အား အချိန်အတော်ကြာ ပိုးပန်းနေသူဖြစ်ကာ မစ္စတာ ပြည့်စုံနှင့်တက္ကသိုလ်မင်းသားဘွဲ့ကို ရခဲ့သူလည်း ဖြစ်သည်။ သူသည် ချမ်းသာသော မိသားစုမှ ဆင်းသက်လာပြီး သဘာဝအားဖြင့် အနည်းငယ် မာနကြီးသည် — ထိုအချိန်က ချန်းရှောင်ဝမ် သဘောမကျခဲ့သော မောက်မာမှုမျိုး ဖြစ်သည်။

လက်ရှိအချိန်တွင် ဝေ့ကာထောင်သည် အထည်အလိပ် စက်ရုံတစ်ခု၏ပိုင်ရှင်ဖြစ်လာပြီး ဖခင်ဖြစ်သူ၏ နေရာကို ဆက်ခံမည့် ရွှေဇွန်းကိုက်ကာ အေးအေးချမ်းချမ်း  ကြီးပြင်းလာသော ဒုတိယမျိုးဆက်သူဌေးတစ်ဦးအဖြစ် စဉ်းစားနိုင်သူ ဖြစ်သည်။ သို့သော် လူ့အဖွဲ့အစည်းအတွင်း ရုန်းကန်မှုများနှင့် စိန်ခေါ်မှုအတွေ့အကြုံများကို ဖြတ်သန်းပြီးနောက်တွင် သူသည် ရင့်ကျက်လာခဲ့ပြီး လူ့အဖွဲ့အစည်းနှင့် ကမ္ဘာကြီး၏အထုအထောင်းကြောင့် သူ၏မာနအား ချောမွေ့စေခဲ့သည်။ ထိုအချိန်တုန်းက ချန်းရှောင်ဝမ်အား လိုက်ရှာရန် ပျက်ကွက်နေခြင်းသည် သူ့နှလုံးသားထဲတွင် အဖုအထုံး ဖြစ်နေခဲ့သည်။ နောက်ပိုင်းတွင် သူမကို ဆက်လက်ပိုးပန်းရန်  စိတ်ကူး ခဲ့သော်လည်း သူမတွင် ရည်းစားရှိနေကြောင်း သိလိုက်ရချိန်တွင် ထိုစိတ်ကူးကို စွန့်လွှတ်ခဲ့ရသည်။ ယခုအခါ သူ့တွင် အဆင့်အတန်းနှင့် ကြွယ်ဝခြင်းသည် ပိုမိုကောင်းမွန်လာသောကြောင့် မိန်းမ လုံးဝ မရှားတော့ပေ။ သို့သော်လည်း ချန်းရှောင်ဝမ်အား ပြန်လည်မြင်တွေ့ဆုံစည်းရခြင်းသည် သူ့ရင်တွင်းမှ နောင်တရမှုအား ပြန်လည်ရှင်သန်လာစေသည်။ သူမအား ယခင်ကထက် ပိုမိုရင့်ကျက်ကာ ပိုမိုလှပနေသည်ကို သူ မြင်လိုက်ရချိန်တွင် သည်တလောနှစ်များအတွင်း သူ့ကိုယ်သူ အလိုလိုက်ကာ အပျော်အပါးနှင့် အပျော်ရှာမှုများတွင် အချိန်ကုန်ခဲ့မှုများအတွက် သူ့နှလုံးသားထဲတွင် နောင်တများသည် တဟုန်ထိုးတက်လာသော ဒီရေအလား မတည်ငြိမ်နေနိုင်ခဲ့ပေ။

"အလှလေးချန်း ... မင်းနောက်ကျတဲ့အတွက် ဝိုင်သုံးခွက်သောက်ပြီး အပြစ်ပေးခံရမယ်။ ကုမ္ပဏီကြီးတစ်ခုရဲ့ဒုဥက္ကဌ ဖြစ်လာရင်တောင် ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်မရဘူး။"

ဖက်တီးလေးဝူဟုခေါ်သော ဝူရှောင်ပင်းသည် ချန်းရှောင်ဝမ်အတွက် ထိုင်ခုံအား အနောက်သို့ ဂရုတစိုက်ဆွဲပေးကာ ရွှင်မြူးစွာ ပြောလိုက်သည်။

"ငါက စိတ်အားတက်ကြွမှုတွေကို ခံနိုင်ရည်ရှိတဲ့ နင့်လိုလူ မဟုတ်ဘူးလေ။ ငါ ဝိုင်သုံးခွက် သောက်လိုက်ရင် ကျိကျဲရဲ့လက်မောင်းပေါ်မှာ မူးနေလိမ့်မယ်။"

ချန်းရှောင်ဝမ်က ပြုံးပြီး ပြောလိုက်သည်။

သူမ၏ဘေးတွင် ထိုင်နေသော ကျိကျဲက ထပြီး သူမကို ပွေ့ဖက်လိုက်သည်။ ချန်းရှောင်ဝမ်ကို အောက်သို့ ဆွဲထိုင်စေပြီးနောက် သူမက ရယ်ရယ်မောမောဖြင့်

“ဝိုး ... အရက်သောက်လွန်ပြီး ငါ့လက်မောင်းထဲမှာ မူးသွားမယ်ဟုတ်လား။ ဒီမိန်းမပျိုလေးက နင့်ကို သေသေချာချာ ဂရုစိုက်ပေးရမှာပေါ့။"

"သွား ... သွား ... သွားလိုက်တော့။”

ချန်းရှောင်ဝမ်က ပြုံးပြီး ပြောသည်။

ဝေ့ကောထောင်သည် သည်ဆုံစည်းပွဲ၏ ဦးဆောင်သူဖြစ်သောကြောင့် အပြုံးဖြင့် ဝင်ပြောလိုက်သည်။

"ရှောင်ဝမ်က ဝိုင်သုံးခွက်သောက်ပြီး ကိုယ့်ကိုယ်ကို အပြစ်ပေးရင်တောင် နောက်ပိုင်း ဖျော်ဖြေရေးနေရာကို သွားတဲ့အခါ သီချင်းဆိုဖို့ ကျန်သေးတယ်နော်။ ငါ့မှတ်ဉာဏ် မမှားဘူးဆိုရင် မင်းရဲ့အံ့သြစရာ ကောင်းတဲ့အသံက တက္ကသိုလ်မှာကတည်းက ရစ်ဝဲနေတဲ့ ပျားတွေနဲ့လိပ်ပြာတွေကို ဆွဲဆောင်နိုင်တယ်။"

ဝူရှောင်ပင်းက ထူးဆန်းသော အပြုံးကို ပြုံးလိုက်ပြီး "အယ် ... ဝေ့ကောထောင် ... မင်းလည်း အဲ့ဒီတုန်းက အရူးအမူး ပျားလေး မဟုတ်ဘူးလား။ ဒါမှမဟုတ် လိပ်ပြာလေးတစ်ကောင်လား။"

ဝေ့ကောထောင်၏အသက်ရှုသံများ ရပ်တန့်သွားရပြီး ချက်ချင်းပင် ဆဲလိုက်သည်။

"အာ ... သေလိုက်လေ ဖက်တီး။ မင်းက တကယ် အကျင့်မကောင်းဘူးပဲ။ မင်းက ငါ့ရဲ့ အထိမခံတဲ့ နေရာလေးကို လာထိနေတယ်။ မင်း အရင်ဆုံး မူးလာစေရမယ်နော် ယုံလား။"

"ဘယ်သူက ဘယ်သူ့ကို ကြောက်နေရမှာလဲ ဟမ့်..." ဝူရှောင်ပင်း ခေါင်းကို မော့လိုက်သည်။

"နှစ်ပုလင်း သုံးပုလင်းလောက်က နည်းလွန်းတယ် မဆိုနိုင်သလို ... ရှစ်ပုလင်း ဆယ်ပုလင်းလောက်က များလွန်းတယ်လို့ မဆိုနိုင်ဘူး ... ငါ မင်းကို အဆုံးထိ လိုက်သောက်ပေးမယ်။ မင်း သတ္တိရှိရင် လုပ်လိုက်လေ ကြာသလားလို့။ ဒါက အလှလေးချန်းရဲ့အရှေ့မှာ တကယ့်ယောက်ျားတစ်ယောက်လို ပြသနိုင်တဲ့ ရှားရှားပါးပါး အခွင့်အရေးတစ်ခုနော်။ ဒီတော့ ဒီအချိန်မှာ ကြောက်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး ... မဟုတ်ဘူးလား။”

“ချီးပဲ။ ဖက်တီးရာ ... မင်းအစား ရှက်လိုက်တာ။" ဝေ့ကောထောင်က သူ့ကို နောက်ပြောင်လိုက်သည်။

ပျော်ရွှင်စရာကောင်းသော ပတ်ဝန်းကျင်လေထုသည် အတိတ်အချိန်များထက် များစွာသာလွန်ကောင်းမွန်ခဲ့ပြီး ယခုနှစ် ကျောင်းသားဟောင်းများ ပြန်လည်ဆုံဆည်းမှုတွင် လူတိုင်းသည် ၎င်းတို့၏အောင်မြင်မှုများကို လျှို့ဝှက်စွာ နှိုင်းယှဉ်ခြင်း သို့မဟုတ် ပြသခြင်းများ ရှိလိမ့်မည်မဟုတ်ဟုပင် ချန်းရှောင်ဝမ် မမျှော်လင့်ထားပေ။ နှစ်များ ကြာလာသည်နှင့်အမျှ လူတိုင်းသည် အသက်ပိုကြီးလာပြီး ပိုမိုရင့်ကျက်လာကြဟန် တူပေသည်။

ဘန်း ...

သင်းရနံ့ခန်းမ၏တံခါးသည် ကြမ်းတမ်းစွာ အဖွင့်ခံလိုက်ရပြီး ဝတ်ကောင်းစားလှ ဝတ်ဆင်ထားသော အရပ်မြင့်မြင့် ယောက်ျားတစ်ယောက် ဝင်လာသည်။ သူ၏ နဂိုချောမောသော မျက်နှာသည် ပန်ဒါမျက်လုံးသဖွယ် ဘယ်ဘက်မျက်လုံးပေါ်မှ ညိုမည်းနေသော လက်သီးချက်ကြောင့် ပျက်စီးသွားခဲ့သည်။

"ဟင် ... လုပို မင်း ဘာဖြစ်လာတာလဲ။"

ဝေ့ကောထောင်က အလောတကြီး ချဉ်းကပ်ပြီး မေးနေချိန်တွင် သင်းရနံ့ခန်းမထဲက လူတိုင်းသည် စိတ်ရှုပ်ထွေးနေဟန်ရသည်။ လုပိုသည် သန့်စင်ခန်း သွားရန် ခွင့်တောင်းသွားပြီး လွန်ခဲ့သော ခုနစ်မိနစ်ခန့်က အကောင်းကြီး ရှိနေသေးသည်။ သူ ပြန်လာချိန်တွင် မည်သည့်အကြောင်းကြောင့် သည်လိုပုံ ဖြစ်လာရပါသနည်း။

လုပို၏အမူအရာသည် အနည်းငယ် မှုန်မှိုင်းနေသော်လည်း လူတိုင်းက သူ့အပေါ် အာရုံစိုက်နေကြသဖြင့် အားတင်းပြုံးပြကာ

“အရက် အလွန်အကျွံ သောက်ထားတဲ့ ခွေးမသားနှစ်ကောင်နဲ့တွေ့တော့ ငါ့ကို ဝင်တိုက်ပြီး ဆဲကြတယ်လေ။ ငါက သူတို့ကို အရင် တိုက်ခိုက်ခဲ့တာဆိုတော့ ငါ အများကြီး မရှုံးပါဘူး။"

လူတိုင်း တုန်လှုပ်သွားသော အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ လုပိုသည် အရက်မူးနေသော ဧည့်သည်များနှင့် ကံမကောင်းစွာဘဲ ဆုံမိပြီး ရန်ဖြစ်ကြလိမ့်မည်ဟု သူတို့ မထင်ထားခဲ့မိကြပေ။

"မင်းအဆင်ပြေရဲ့လား ... ဆေးကုသမှုခံယူဖို့ မင်းကို ဆေးရုံကို ခေါ်သွားပေးရမလား။"

ဝေ့ကောထောင်က မေးသည်။

"မလိုဘူး။" လုပိုက ခေါင်းခါလိုက်သည်။

"သူတို့ရဲ့နောက်ခံကိုရော မင်း သိလား။" ဝေ့ကောထောင်က မေးလိုက်သည်။

"သူတို့ကို ရှာပြီး စာရင်းရှင်းချင်သလား။"

“ဟင့်အင်း ... မလိုဘူး။” လုပိုက လျင်မြန်စွာပြောသည်။ "သူတို့ကို ငါ ရှင်းပြီးပြီ။ သူတို့အဖော်တွေက သူတို့ကို ဆေးရုံပို့ထားပြီးပြီဆိုတာ သေချာတယ်။ ကောင်းပြီ ... အားလုံး ဆုံစည်းဖို့ဆိုတာ မလွယ်ဘူး။ ဒါကြောင့် ဒီအသေးအမွှားပြဿနာလေးနဲ့ ငါတို့ရဲ့အချိန်ကောင်းကို ပျောက်ကွယ်မသွားပါစေနဲ့။ လာ ... လာ ... အားလုံး။ သောက်လိုက်ကြစို့ …”

ဝေ့ကောထောင်သည် လုပို၏မျက်လုံးများထဲတွင် ထိတ်လန့်နေသော အရိပ်အယောင်တစ်ခုကို မြင်နိုင်သောကြောင့် မျက်ခုံး အနည်းငယ် တွန့်ချိုးသွားသည်။ သူသည် တိတ်တဆိတ် သူ၏သတိကြီးမှုကို တိုးမြှင့်လိုက်သည်။ လုပိုအကြောင်း သူ ကောင်းကောင်း သိသည်။ ထိုသူသည် နာမည်ဂုဏ်သတင်းကို အထူးတလည် အာရုံမစိုက်ဘဲ ရင့်ကျက်တည်ငြိမ်သူဖြစ်သည်။ လုပို၏တစ်ခုတည်းသော ချို့ယွင်းချက်သည် အနည်းငယ် ကြောက်ရွံ့တတ်ခြင်းပင်။

ပြဿနာများ ဖြစ်လာနိုင်သလား။

ဝေ့ကောထောင် ထိုအကြောင်းကို တစ်ချက်တွေးမိပြီးနောက် ဝိုင်ဖန်ခွက် ကိုင်ကာ အနောက်မှ ပါလာသော ချန်းရှောင်ဝမ်ကို ချက်ချင်း ကြည့်လိုက်မိသည်။ သူမကို တစ်ဖန်မြင်ရသောအခါ သူ၏ နှလုံးခုန်သံများ မြန်ဆန်လာပြန်သည်။ သူမသည် ချစ်သူနှင့် လမ်းခွဲလိုက်ပြီကို သူ သိထားပြီး သူသည်လည်း လူလွတ် ဖြစ်နေဆဲပင်။ သူသည် အမျိုးသမီးများစွာနှင့် ရှုပ်ထွေးသော ဆက်ဆံရေး ရှိကောင်းရှိနိုင်သော်လည်း ထိုအမျိုးသမီးများသည် သူ၏ပိုက်ဆံနောက်သို့ လိုက်သူများသာဖြစ်ကာ သူတို့အပေါ်တွင် မည်သည့်ခံစားချက်မှ မရှိပေ။ သူသည် ထိုအမျိုးသမီးများကို စွန့်ခွာရန် ဆန္ဒပြင်းပြနေပြီး ချန်းရှောင်ဝမ်နှင့် လက်ထပ်ရန်၊ ကလေးယူပြီး အေးချမ်းတည်ငြိမ်သောဘဝဖြင့် နေထိုင်ရန် လွန်စွာ ဆန္ဒရှိနေလေသည်။

ဝိုင်တစ်ခွက်ကို သောက်ပြီး တစ်ခဏမျှ တွေးတောကာ ဝေ့ကောထောင်သည် ထ၍ ချန်းရှောင်ဝမ်ဆီသို့ သွားလိုက်သည်။ ထို့နောက် သူမအား ငုံ့ကာ တီးတိုးစကားဆိုသည်။

“ချန်းရှောင်ဝမ် … အပြင်ထွက်ကြရအောင်။”

ချန်းရှောင်ဝမ် နေရခက်သွားပြီး ဘေးတစ်ဖက်စီမှ ဝူရှောင်ပင်းနှင့် ကျိကျဲတို့ကို လှမ်းကြည့်လိုက်ရာ သူမကို ပြောင်ချော်ချော်ဖြင့် မျက်စိမှိတ်ပြနေကြသည်ကို တွေ့လိုက်ရသည်။ သူမ ချက်ချင်း ထိုသူများအား မျက်လုံးလှိမ့်ပြလိုက်ပြီး ဝေ့ကောထောင်နောက်မှ လိုက်ကာ သင်းရနံ့ခန်းမထဲမှ ထွက်လာခဲ့သည်။

"နင် ... တစ်ခုခု ကိစ္စရှိလို့လား။" အပြင်ဘက်စင်္ကြန်လမ်းသို့ ရောက်သောအခါ လူခုနစ်ယောက် -ရှစ်ယောက်ခန့်သည် လွန်စွာ ခြိမ်းခြောက်လိုသော သဘောထားဖြင့် စင်္ကြန်လမ်း၏အခြားတစ်ဖက်မှ သူတို့ဘက်ဆီသို့ ဦးတည်လာနေသည်ကို တွေ့လိုက်ရသဖြင့် ချန်းရှောင်ဝမ်၏မျက်ခုံးလေးများ တွန့်ချိုးသွားရသည်။ ဝေ့ကောထောင်သည်လည်း ထိုလူအုပ်ကို မြင်ပေသည်။ လုပိုထံသို့ လာခြင်းဖြစ်မည်ဟု ချက်ချင်းပင် သဘောပေါက်သွားသည်။ ဦးဆောင်လာသူ နှစ်ယောက်သည် ထော့နင်းဖြစ်နေပြီး နှာခေါင်းနှင့် မျက်နှာများ ဖူးယောင်နေသဖြင့် တစ်စုံတစ်ယောက်၏ ရိုက်နှက်ခြင်းကို ခံထားရသည်မှာ သိသာသောကြောင့် လုပိုဆီသို့ လာသောသူများ ဖြစ်ကြောင်း ချက်ချင်းပင် သူ နားလည်လိုက်သည်။

"ရှောင်ဝမ် … ဒါ ငါ့ကားသော့ပဲ။ ငါ့ကားကို အပြင်ဘက် ကားရပ်နားရာမှာ ရပ်ထားတယ်။ ကားနောက်ခန်းထဲက ဝိုင်ပုလင်းနှစ်ပုလင်းကို ကူပြီးယူပေးပါ။”

ဝေ့ကောထောင်သည် ကားသော့ကို ထုတ်ယူပြီး ချန်းရှောင်ဝမ်၏လက်ထဲသို့ ထည့်လိုက်သည်။

"ဟင်..."

ချန်းရှောင်ဝမ် ဘာလုပ်ရမှန်းမသိ ယောင်တောင်တောင်  ဖြစ်သွားသည်။ ဝေ့ကောထောင်က သည်ကိစ္စလေးအတွက် သူမအား ခေါ်ထုတ်လိမ့်မည်ဟု မမျှော်လင့်ထားမိပေ။ အစတွင် ထိုသူက ရုပ်ရည် ချောမောပြီး အတိတ်တွင် ထိုသူ၏မာနကြီးမှုကို လူသိများသော်လည်း အလွန်အမင်း ကြမ်းတမ်းစွာ မလုပ်ဖူးသောကြောင့် သူ့အပေါ်တွင် သူမ အမြင်ကောင်း ရှိခဲ့သည်။ ထိုသူသည် အတန်းဖော်များရှေ့တွင် ကြီးမြတ်သူတစ်ယောက်လိုမျိုး ဟန်မဆောင်ခဲ့သလို သူ၏အောင်မြင်မှုများကိုလည်း ထုတ်မပြခဲ့ပါချေ။

သို့သော် ယခုအချိန်တွင် သူမ၏နှလုံးသားထဲတွင် စက်ဆုပ်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။

ဘာကြောင့်လဲ။ ဘာလို့ ငါ့ကို သူ့အတွက် တစ်ခုခု လုပ်ပေးစေချင်တာလဲ။ သူက သူဌေးလေးဖြစ်နေချိန်မှာ ငါက ဝန်ထမ်းတစ်ယောက်ပဲ ဖြစ်နေသေးလို့လား။

ချန်းရှောင်ဝမ်၏အမူအရာသည် အနည်းငယ် ရှုံ့မဲ့သွားသော်လည်း ကားသော့ကိုတော့ သူမ ယူသွားသေးသည်။ သူမသည် အခြားသူများကို ငြင်းပယ်လေ့မရှိသော်လည်း ဤဝိုင်နှစ်ပုလင်းကို ယူပေးပြီးနောက် ဆုံစည်းပွဲမှ ထွက်သွားရန်အတွက် ဆင်ခြေတစ်ခု ပြင်ဆင်ရန်လည်း စိတ်ထဲတွင် တွေးထားပြီးဖြစ်သည်။

လိမ္မာပါးနပ်သောသူတစ်ယောက်ပီပီ ဝေ့ကောထောင်သည် ချန်းရှောင်ဝမ်၏အမူအရာ ရုတ်တရက် ပျက်သွားခြင်းကြောင့် သူ့အပေါ် နားလည်မှုလွဲသွားကြောင်း သူ သိပေသည်။ သို့သော် ယခုချိန်တွင် သူမအား ရှင်းပြရမည့်အချိန် မတန်သေးသောကြောင့် သူမ ထွက်သွားချိန်တွင် ချန်းရှောင်ဝမ်၏ကျောပြင်လေးအား သူ ကြည့်နေမိသည်။

ထို့နောက် သူသည် သင်းရနံ့ခန်းမဆီသို့ ချက်ချင်းပြန်သွားကာ အတွင်းမှတံခါးကို ပိတ်လိုက်ပြီး “အားလုံးပဲ။ တိတ်တိတ်နေပါ။ ငါတို့ ဒီနေရာမှာ ရုတ်တရက် အခြေအနေတစ်ခု ဖြစ်လာတာမို့ မြန်မြန် ပြင်ဆင်ရမယ်။ လုပို ... မင်း အစောပိုင်းက ရန်ဖြစ်ခဲ့တဲ့ လူနှစ်ယောက်က ဒီနေရာကို လူတချို့ ခေါ်ပြီး အခု လာမှာကို ငါကြောက်တယ်။"

"ဘာ..."

လုပို၏မျက်နှာသည် အလွန်ရှုံ့မဲ့သွားခဲ့သည်။ ခန်းမတွင်းရှိ အတန်းဖော်၂၀ကျော်သည်လည်း အမူအရာများ ပြောင်းလဲကုန်ကြသည်။ ၎င်းတို့သည် ဥပဒေများဖြင့် အုပ်ချုပ်သော လူ့အဖွဲ့အစည်းတွင် နေထိုင်ခဲ့ကြပြီး အကြမ်းဖက် ဖြစ်ရပ်များကို တွေ့ကြုံခဲလှသည်။ ရန်ပွဲဖြစ်မည်ဆိုပါက ပါဝင်ပတ်သက်ပြီး ရှုပ်ထွေးရမည်ကို ကြောက်ရွံ့ကြပေသည်။

ဝေ့ကောထောင်သည် ပတ်ဝန်းကျင်ရှိလူအားလုံးကို လျင်မြန်စွာ စိုက်ကြည့်ပြီး သက်ပြင်းချလိုက်သည်။ သူသည် အဖြစ်အပျက်များစွာကို ဖြတ်သန်းခဲ့ပြီး အတိတ်တွင် ကြမ်းတမ်းသော ဖြစ်ရပ်များစွာကိုလည်း ကြုံတွေ့ခဲ့ဖူးသည်။ တစ်ချိန်က သူသည် နိုက်ကလပ်များတွင် အမဲလိုက်သလိုခံရပြီး လူအချို့၏ ရိုက်နှက်ခြင်းကို ခံခဲ့ဖူးသည်။ သို့သော် ထိုအတွေ့အကြုံများကြောင့် ယခုအချိန်၌ သူသည် အေးအေးဆေးဆေးနှင့် တည်ငြိမ်နေပေသည်။ ထို့နောက် အခန်းထောင့်သို့ အပြေးအလွှားသွားကာ စားပွဲထိုးအား လုံခြုံရေးအစောင့်များကို အကြောင်းကြားပေးရန် အင်တာကွန် (အဆောက်အဦးအတွင်း … စသည်တို့တွင် အပြန်အလှန် စကားပြောဆက်သွယ်နိုင်သည့် စက်ကိရိယာ)ကို အသုံးပြုလိုက်သည်။

***

All Chapters