တောင်မျက်နှာအံ့ဖွယ်ချိပ်စည်း
Vol. 151 Ch. 2114
ရှိအာမို့သည် အံ့ဩသွားကာ သူမကိုစိုက်ကြည့်လေသည်။ သူမ နောက် နေပုံပေါ်မနေသည်ကို မြင်သောအခါ သူ မေးလိုက်သည် “အရှင့်ကို တွေ့တဲ့ အချိန်ကျရင် ဘယ်လိုနာမည်နဲ့တွေ့မှာလဲ.. တစ္ဆေလောကရဲ့ မင်းသမီးလေး လား”
“မဟုတ်ဘူး ပုဂ္ဂိုလ်ရေးအရပဲ.. နာမည်အတိုင်းပဲ”
“မင်းက ဘာလို့သူ့ကို ရှာတာလဲ.. အရှင်က အခု တံခါးပိတ်ကျင့်ကြံနေ တာ.. ပြီးတော့ အရေးမကြီးရင် သူ့ကိုနှောင့်ယှက်လို့မရဘူး”
“သူ တံခါးပိတ်ကျင့်ကြံနေတယ်ဆိုတာ ကျွန်မသိပါတယ်.. အဲဒါကြောင့် ရှင့်ကို အကူအညီတောင်းချင်တာပါ” ရှီမာယူယူ ပြောလိုက်သည် “ဒီကိစ္စက ကျွန်မအတွက် အရမ်းအရေးကြီးပါတယ် ကျွန်မ သူ့ကိုတွေ့ရမှဖြစ်မယ်”
“မင်းအမေ ကိစ္စလား”
“ဟုတ်ပါတယ်”
“အရင်ဆုံး ငါ့ကိုအသေးစိတ်ပြောပြ.. နားထောင်ပြီးရင် စဉ်းစားပေးမယ်” ရှီအာမို့ ပြောလိုက်သည်။
ရှီမာယူယူသည် တဒင်္ဂမျှ တွေဝေသွားသည်။ သူသည် မသိသည့်ကိစ္စ အတွက် သဘောတူမည်မဟုတ်သည်ကိုလည်း သိသည်။ ထို့ကြောင့် သူမ ခေါင်းညိတ်ကာ ပြောလိုက်သည် “တောင်မျက်နှာအံ့ဖွယ်ချိပ်စည်းတောင်းချင် လို့ပါ”
“ဘာ” သတင်းစုံသည့် ရှီအာမို့ပင် သူမ၏ စကားများကြောင့် အံ့ဩသွား သည် “တောင်မျက်နှာအံ့ဖွယ်ချိပ်စည်းက ဘာလဲဆိုတာ မင်းသိတယ်မလား”
“သိပါတယ် ရှေးဟောင်းပစ္စည်းပါ”
“မင်းသိနေတာပဲ.. သူက မင်းကိုပေးမယ်ထင်လား”
“မစမ်းကြည့်ဘဲ ဘယ်လိုလုပ် သိမလဲ” ရှီမာယူယူ ပြုံးလိုက်သည် “ပြီးတော့ သူ မပေးချင်ရင်တောင် ကျွန်မကတော့ ရမှဖြစ်မယ်”
သူမ၏ ပြတ်သားသောသဘောထားကို မြင်သောအခါ ရှီအာမို့သည် ရုတ်တရက် တစ်စုံတစ်ခုကို ခန့်မှန်းမိသွားသည် “မင်းအမေနဲ့ ပတ်သက်နေတာ မလား”
“ဟုတ်တယ် အမေ့ရဲ့ချိပ်စည်းကို ဖွင့်ဖို့ဆိုရင် လေးမျက်နှာအံ့ဖွယ်ချိပ် စည်း အကုန်လုံးကို စုဖို့လိုတယ်.. အဲဒါကြောင့် တောင်မျက်နှာအံ့ဖွယ်ချိပ်စည်း လိုတာပါ”
“လေးမျက်နှာအံ့ဖွယ်ချိပ်စည်းဟုတ်လား… မြောက်မျက်နှာအံ့ဖွယ်ချိပ် စည်းက ပျောက်နေတာကြာပြီ၊ အနောက်မျက်နှာအံ့ဖွယ်ချိပ်စည်းက ချင်းဟွမ် ရဲ့လက်ထဲမှာရှိတယ်.. သူက မင်းကိုပေးမယ်ထင်လို့လား မင်းတို့ကြားက ဆက်ဆံရေးက ကောင်းတာလည်းမဟုတ်ဘူးလေ” သူမတွင် အံ့ဩသွားခြင်း စိုးရိမ်ခြင်းများကို မမြင်ရသောအခါ ရှီအာမို့ ပြောလိုက်သည် “တခြားသုံးခုကို စုပြီးသွားပြီလား”
“ဟုတ်တယ်” ရှီမာယူယူ ခေါင်းညိတ်သည်။
ဤကိစ္စတွင် သူမ စိတ်ပိုင်းဖြတ်ထားသည်ကို ရှီအာမို့သိထားသည်။ သူ မကူညီလျှင်တောင် သူမ၏အကျင့နှင့်ဆိုလျှင် တခြားနည်းလမ်းနှင့် ရအောင်ယူ မည်ဖြစ်သည်။
“ဟုတ်ပြီ မင်းကို ခေါ်သွားပေးမယ် ဒါပေမဲ့…” သူသည် ပဋိပက္ခမဖြစ်စေ ချင်ဟု ပြောလိုသော်လည်း စဉ်းစားကြည့်သော် မဖြစ်နိုင်သဖြင့် ပြောလိုက် သည် “ငါမင်းကို အဲဒီကိုခေါ်သွားပေမဲ့ တစ်ခုခုဖြစ်ရင် ငါက အသူရာငရဲဘက်က ရပ်တည်မှာပဲ”
“ကျွန်မ နားလည်ပါတယ်.. အဲဒီကိုခေါ်သွားတာနဲ့တင် ကျေးဇူးတင်နေပါ ပြီ” ရှီမာယူယူ ပြောလိုက်၏။
“ဘယ်တော့သွားမှာလဲ”
“မြန်လေကောင်းလေပဲ” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ ရှောင်လင်း ကိစ္စဖြေရှင်းပြီးတဲ့အထိတော့ စောင့်ရလိမ့်မယ်”
သူမ မုလန်ကိုသွားရှာသည်နှင့် နောက်ပိုင်းကိစ္စများကို ထိန်းချုပ်နိုင်မည် မဟုတ်ပေ။ ရှောင်လင်း၏ကိစ္စသည် သူမ၏ရှေ့တွင်ဖြစ်ပျက်နေပြီဖြစ်ရာ သူမ ထိုအတိုင်းလျစ်လျူမရှုနိုင်ပေ။
“သူတို့စရိုက်နဲ့ဆိုရင်တော့ ရက်နည်းနည်းလောက် ကြာမှာစိုးရတယ်” ရှီအာမို့သည် ရှောင်မျိုးနွယ်ကို သိသည်။
ရှီမာယူယူသည် ခေတ္တမျှစဉ်းစားပြီးနောက် သူ့ကိုပြုံးပြလိုက်သည် “ဒါဆို လည်း ရှင်သွားပြီး ဘာလို့ဆီမလောင်းတာလဲ”
ရှီအာမို့သည် သူမကို စိုက်ကြည့်ကာ အေးဆေးစွာ ဖြေပြီးထွက်သွားလေ သည်။
ရှောင်မျိုးနွယ်.. ရှောင်လင်း၏ ခြံဝန်းထဲတွင် အစေခံများမိန်းကလေးများ၊ အစေခံနှင့် တပ်သားများအားလုံးသည် အသက်ကိုရဲရဲပင်မရှုရဲဘဲ ခေါင်းငုံ့ထား ကာ သူတို့၏တည်ရှိမှုကိုပင် ပျောက်ကွယ်သွားချင်နေသည်။
“အဲလိုလား..” သားနှင့်ချွေးမဖြစ်သူ၏စကားများကို နားထောင်ပြီးနောက် ရှောင်မျိုးနွယ်၏ခေါင်းဆောင်သည် ထိုမျှသာပြောပြီးနောက် နှုတ်ဆိတ်သွား လေသည်။
“အဖေ ဒီလိုဖြစ်မယ်ဆို လင်းအာ ဘယ်လိုလုပ်သင့်တယ်ထင်လဲ” ရှီအာနီ သည် ရှီမာယူယူ ပြောလိုက်သည့်စကားကို ပြန်တွေးပြီး မျက်ရည်များထပ်ကျ လာပြန်သည်။
“မငိုနဲ့ အခုမှငိုနေလို့လည်း ဘာအသုံးဝင်မှာလဲ” ရှောင်လင်း၏ ဖခင်သည် ချွေးမဖြစ်သူ၏ မျက်ရည်များကို သဘောမကျလှပေ။
“အဲလူက တကယ်ပဲ လင်းအာကိုကယ်နိုင်မှာလား” ရှောင်မျိုးနွယ် ခေါင်းဆောင်မေးလိုက်သည်။
“သူမ ပြောပုံအရဆိုရင် အဲလိုပဲဖြစ်မယ်.. ဒါပေမဲ့ သူမက မကယ်ချင်ဘူး.. သူ့ကို အခုကုပေးလိုက်ရင် နောက်လည်းဒီလိုပဲဖြစ်လာမှာပဲလို့ သူမကထင်နေ တာ.. အခုက စွမ်းအားအလကားပဲတဲ့” ရှောင်လင်း၏ဖခင် ပြောလိုက်သည် “ဟူး လင်းအာက အချက်အပြုတ်ကို အဲလောက်စွဲလမ်းနေမှန်းမသိခဲ့ဘူး”
“ဟင်း ဒီကမ္ဘာမှာ သူမတစ်ယောက်ပဲ လုပ်နိုင်မယ်လို့ ငါ မယုံဘူး” ရှောင် မျိုးနွယ်၏ခေါင်းဆောင်သည် ရှီမာယူယူကို မယုံကြည်ပေ။ “တခြားလူရှာပြီး ကြည့်ခိုင်းလိုက်.. အကြောင်းအရင်းကို သိပြီဆိုတော့ ဘယ်သူမှ မကုနိုင်ဘူးဆို တာကို မယုံဘူး လင်းအာ…”
“ဒါဆို အမြန်လုပ်ရမယ်” ရှီအာမို့သည် အပြင်မှ လျှောက်ဝင်လာပြီး ပြော လိုက်သည်။
“အစ်ကိုကြီး ဘာပြောလိုက်တာလဲ” ရှီအာနီ မေးလိုက်သည်။
“သူမက အရှင့်ကိုသွားတွေ့တော့မှာ”
“အရှင့်ကို တွေ့မယ်ဟုတ်လား”
“ဟုတ်တယ်.. သူမက အရှင့်ကိုတွေ့ပြီး သူ့ဆီက တောင်မျက်နှာအံ့ဖွယ် ချိပ်စည်းကို လိုချင်နေတာ.. အရှင့်ရဲ့စိတ်နဲ့ဆိုရင် သူမကို ဘယ်လိုကိုင်တွယ် မယ်ထင်လဲ.. သူမရဲ့သရုပ်မှန်အရဆိုရင် အသက်မသေရင်တောင် အသူရာငရဲ ကို နောက်တစ်ခါ ခြေချနိုင်တော့မှာမဟုတ်ဘူး” ရှီအာမို့ ပြောလေသည် “ပြီးခဲ့ တဲ့နှစ်ရက်က သဘောတူညီချက်လုပ်ခဲ့တယ်.. သုံးရက်နေရင် သူမကို အရှင့်ဆီ ကို ခေါ်သွားပေးမယ်.. လင်းအာကို ကယ်ချင်တဲ့သူ တခြားလူကိုရှာချင်ရင် ဒီ သုံးရက်အတွင်းလုပ်ပါ.. မဟုတ်ရင် သူမ သွားလိုက်တာနဲ့ နောင်တရလည်း အသုံးမဝင်တော့ဘူး”
“သူမရဲ့ သရုပ်မှန်ဟုတ်လား မို့… သူမကိုသိလို့လား” ရှောင်မျိုးနွယ် ခေါင်းဆောင် မေးလိုက်သည်။
“သိပါတယ်.. ကျွန်တော်ပြောနိုင်တာကတော့ သူမအပေါ်ကို ဉာဏ်မရှိတဲ့ အလုပ်တွေသွားမလုပ်ဖို့ပါပဲ” ရှီအာမို့ ပြောပြီးသည်နှင့် ရှီအာနီကို ကြည့်လိုက် သည်။ သူမကို ရှီမာယူယူလွှင့်ပစ်လိုက်သည့် ကိစ္စကို သူသိနေပုံပင်။
“ယောက်ဖ သူမရဲ့သရုပ်မှန်ကဘာလဲ” ရှောင်လင်း၏ဖခင် မေးလိုက်၏။
“သူမက တစ္ဆေဘုရင်က အသိအမှတ်ပြုတာမကြာသေးတဲ့ မင်းသမီးလေး ရှီမာယူယူပဲ.. သူမကြောင့် တစ္ဆေလောကတောင် ဂယက်ရိုက်သွားသေးတယ်” ရှီအာမို့ ပြောလေသည် “သူမက ဝိညာဉ်နယ်မြေက စစ်သူကြီးနဲ့ စစ်ဦးစီး နှစ် ယောက်ကို ဖမ်းပြီး ချင်းဟွမ်နဲ့ အပေးအယူလုပ်ခဲ့တယ်၊ အဲဒါပြီးတော့ ဝိညာဉ် နယ်မြေကနေ ထွက်လာတယ်ဆိုတဲ့သတင်းကို လာရင်းနဲ့ကြားခဲ့သေးတယ်..”
“ကျွတ်….”
“ဝိညာဉ်နယ်မြေတစ်ခုလုံးက လူတွေတောင် သူမကို ဝိညာဉ်နယ်မြေမှာ မထားနိုင်ကြဘူး.. ရှောင်မျိုးနွယ်ရဲ့ အားလောက်နဲ့ သူမကို လုပ်နိုင်မယ်ထင်လို့ လား” ရှီအာမို့ ပြောလိုက်သည်။
“အခုက သူတို့နှစ်ယောက်တည်းပဲလေ” ရှီအာနီသည် တိုးညင်းစွာ ဆန္ဒပြ လေသည်။
“သူမ ဝိညာဉ်နယ်မြေသွားတုန်းကလည်း သူမနဲ့ ဝူလင်းယူနှစ်ယောက် တည်းပဲ” ရှီအာမို့ အော်လိုက်လေသည် “မင်းရဲ့ အားနည်းနည်းလောက်နဲ့ သွား ချောင်းတိုက်ခိုက်ချင်တာလား ဟင်း… သူမရဲ့ ပုံမှန်အကျင့်နဲ့ဆို သူမက မသတ် လိုက်တာပဲ ထိုင်ကန်တော့ရမယ်”
ရှီအာနီသည် အစ်ကိုကြီးဖြစ်သူ၏ အပြစ်တင်ခြင်းကို ခံလိုက်ရလေသည်။ သူမသည် မကျေနပ်သော်လည်း မငြင်းဆန်ရဲပေ။
“ရှီမာယူယူ၏ အဂ္ဂိရတ်ပညာ၊ ဝိညာဉ်ရှာပညာ၊ ဆေးပညာနဲ့ အဆိပ်ပညာ တွေက ပြိုင်စံရှားပဲ.. သူမက လျှို့ဝှက်ဂိုဏ်းထဲမှာ ဒဏ္ဍာရီကိုတောင် ဖန်တီးခဲ့ တဲ့လူပဲ… သူမက ရှောင်လင်းရဲ့ဆရာဖြစ်နေတာ သူ့ကောင်းချီးပဲ”
“လင်းအာက သူမဆီက အဲဒါတွေမသင်ဘူးလေ.. အချက်အပြုတ်သင် တာ ဘာအသုံးကျလို့လဲ” ရှီအာနီ ပြောလေသည်။
“အသုံးမကျလိုက်တာ” ညီမဖြစ်သူသည် ဘာကိုမှမသိဘဲ ဤကဲ့သို့ဖြစ် နေသည်ကို ရှီအာမို့သည် ဒေါသထွက်လာသည်။ “ငါ အများကြီးမပြောချင်ဘူး သုံးရက်ပဲအချိန်ရှိတယ်လို့ ပြောပြီးပြီ”
ထိုစကားများပြောပြီးသည်နှင့် သူလှည့်ထွက်လာသည်။
သုံးရက်အတွင်းတွင် ရှောင်လင်းကို ကယ်မည့်လူရှာမတွေ့ပါက ရှီမာယူ ယူကို သွားရှာမည်လား.. သို့မဟုတ် သူသေသည်ကိုပဲ ထိုင်ကြည့်နေကြမလား။
သူတို့သုံးယောက်သည် အတန်ကြာနှုတ်ဆိတ်သွားကြသည်။
ရှီမာယူယူသည် ရှီအာမို့ သူတို့ကို ပြောလိုက်သည့်စကားများကို မသိပေ။ ရက်အတော်ကြာဦးမည်ဟု သူမ ထင်ထားသည်။ မထင်မှတ်စွာပင် သူတို့သည် သုံးရက်မြောက်နေ့တွင်ရောက်လာကြသည်။
“စဉ်းစားပြီးကြပြီလား” ရှီမာယူယူသည် ရှောင်လင်း၏ဖခင်ကိုကြည့်ပြီး မေးလိုက်သည်။
“အင်း” ရှောင်လင်း၏ဖခင် ပြောလိုက်သည် “ကျုပ်တို့ သိလိုက်ပြီ သူသာ အသက်ရှင်နိုင်မယ်ဆိုရင် စားသောက်ဆိုင်ဖွင့်ချင်လည်း သူ့သဘောအတိုင်းပါပဲ”
ရှီမာယူယူသည် ရှောင်လင်း၏ဖခင်ကိုကြည့်ပြီး ရှောင်လင်း၏ အလောင်း အစားသည် မှန်သွားသည်ဟု တွေးနေမိသည်။ သူ့မိသားစုသည် သူ့အသက်ကို ပို၍တန်ဖိုးထားသည်။
“သူ့ကိုပို့လိုက်.. ကျွန်မ ဆေးကုနေတဲ့အချိန်မှာ ဘယ်သူမှဝင်မလာကြပါ နဲ့”
***