← Chapters

ခင်ဗျားတို့ဆန္ဒအတိုင်းပါပဲ

Vol. 185 Ch. 2636

ခင်ဗျားတို့ဆန္ဒအတိုင်းပါပဲ

Vol. 185 Ch. 2636

ဝမ်ရှောင်သည် အမှန်ပင် တိုက်ခိုက်ခဲ့သည်။

မျက်လုံးပေါင်းများစွာသည် ထိုနေရာကို ကြည့်ရှုနေကြပြီး ဝမ်ရှောင်အနောက်တွင် နတ်ဘုရားကဲ့သို့ ဝိညာဉ်ပုံရိပ်ကြီးသည် ကောင်းကင်တုန်ဟည်းနတ်တူကို ကိုင်ဆွဲကာ ရှေ့သို့ ပျံထွက်သွားသည်ကို တွေ့လိုက်ကြရ၏။ တူချက်သည် နေရာတစ်ခုလုံးကို လွှမ်းခြုံသွားပြီး ၎င်းတူချက်ကိုရှောင်ရန်နေရာ မရှိခဲ့ပေ။ သို့သော် ရီဖူရှင်းအနေဖြင့် အခွင့်အရေးအနည်းငယ်ရလျှင် လွတ်မြောက်နိုင်၏။

ထိုအခိုက်တွင် လူများစွာသည် တိုက်ခိုက်နေခြင်းကို ရပ်လိုက်ကြပြီး ဝမ်ရှောင်နှင့် ရီဖူရှင်းတို့တိုက်ခိုက်နေသော တိုက်ပွဲပြင်ကိုသာ ငေးကြည့်နေကြ၏။

အကယ်၍ ဝမ်ရှောင်သာ နတ်လက်နက်များကို ယူ၍ နောက်ဆက်တွဲကို ထည့်မတွက်ဘဲ တိုက်ခိုက်ခဲ့ပါက သူသည် ရီဖူရှင်းကို သတ်နိုင်ရုံသာမက ဤနေရာရှိ အရာအားလုံးကို ဖျက်ဆီးပစ်လိုက်သလို ဖြစ်သွားမည်ဖြစ်သည်။

ကောင်းကင်တုန်ဟည်းနတ်တူ ကျဆင်းလာပြီး အဖျက်တုန်ခါလှိုင်းများ ရှေ့သို့ ထွက်သွားကြသည်။ ထိုလှိုင်းများ မရောက်ရှိသော‌နေရာ မရှိပေ။ အဖျက်မုန်တိုင်းသည် ရီဖူရှင်းအပါအဝင် အရာအားလုံးကို ဝါးမျိုသွားသည်။ တစ်ချိန်တည်းမှာပင် ၎င်း၏ အဟုန်လှိုင်းများသည် ကြောက်မက်ဖွယ်မဟာလမ်းစဉ်စက်ကွင်းဆီသို့ ဦးတည်သွားနေကြ၏။

သို့သော် ကောင်းကင်တုန်ဟည်းနတ်တူ၏ တိုက်ခိုက်မှု ကျဆင်းလာသောအခါ ထျန်းယန်မြို့သခင်သည် အဝေးသို့ ထွက်သွားလိုက်ပြီး တိုက်ခိုက်မှုကို စွမ်းအားကြီးစွမ်းရည်နှင့် ရှောင်ရှားရန် ကြိုးစားလိုက်သည်။

သို့ရာတွင် သူသည် အနည်းငယ် နောက်ကျသွားပုံပင်။ သူ စက်ကွင်းကို ပြန်ရုတ်သိမ်းကာ ထွက်သွားရန် ကြိုးစားလိုက်ချိန်တွင် ကောင်းကင်တုန်ဟည်းနတ်တူ၏ ကြောက်မက်ဖွယ် တုန်ခါလှိုင်းများသည် အရာအားလုံးကို ရိုက်ခတ်သွား၏။

သို့သော် ထိုအခိုက်တွင် ရီဖူရှင်းရှိနေသော နေရာဘက်တွင် အာကာသတံခါးများစွာသည် တစ်ချပ်နှင့်တစ်ချပ် ထပ်ကာထွက်ပေါ်လာပြီး အားပြင်းသော တုန်ခါလှိုင်းများကြောင့် ကွဲအက်ပျက်စီးသွားသည်ကို လူအားလုံး မြင်လိုက်ရ၏။ သို့သော် အာကာသတံခါးများအားလုံး မပျက်စီးသွားသေးခင်တွင် မဟာလမ်းစဉ်စက်ကွင်းသည် ပျောက်ကွယ်သွားခဲ့ပေသည်။

ဝုန်း....

ကောင်းကင်တုန်ဟည်းနတ်တူ၏ အဖျက်တိုက်ခိုက်မှုများ ကျဆင်းလာပြီး အရှေ့ရှိ အကန့်အသတ်မဲ့ အာကာပြင်ထဲတွင် တုန်ခါလှိုင်းများ၏ အဖျက်စွမ်းအားများသည် ကျင့်ကြံသူများစွာကို ဖျက်ဆီးသွား၏။ အောက်ဘက်ရှိ ကောင်းကင်ဒေသမှ ကျင့်ကြံသူများစွာသည် နေရာတွင်ပင် အသတ်ခံလိုက်ရပြီး သေဆုံးသွားကြသည်။

ထိုမျှသာ သေဆုံးသွားခြင်းမှာ ဝမ်ရှောင်သည် သူ၏အစွမ်းအကုန်လုံးကို မထုတ်လိုက်ဘဲ များစွာလျှော့ထားလိုက်၍ဖြစ်သည်။ မဟုတ်လျှင် အားလုံး သေဆုံးသွားပေလိမ့်မည်။

စစ်မြေပြင်ပေါ်တွင် အားလုံးသည် မုန်တိုင်းကို ခုခံရန် သူတို့၏ စွမ်းအားအကြီးဆုံး အားကို ထုတ်လိုက်ကြသည်။ အဖျက်မုန်တိုင်းသည် သူတို့ကို ရိုက်ခတ်သွားသောအခါ စစ်မြေပြင်ပေါ်တွင် လူအနည်းငယ်သာ ကျန်ခဲ့ပြီး လူများစွာသည် သူတို့ဘက်မှလူများ၏ သတ်ခြင်းကို ခံခဲ့ရ၏။

သို့သော် ရီဖူရှင်းသည် မည်သည့်နေရာတွင်နည်း။

သူသေဆုံးသွားခဲ့ပြီလော။

ကောင်းကင်ဒေသမှ ထိပ်သီးများသည် မဟာလမ်းစဉ်နတ်အလင်း၏ လွှမ်းခြုံမှုကို ခံထားရ၏။ အစောက သူတို့မြင်လိုက်ရသော မြင်ကွင်းသည် သူတို့စိတ်ထဲတွင် လတ်ဆတ်နေဆဲဖြစ်သည်။ တစ်ချပ်နှင့်တစ်ချပ် ထပ်နေသော အာကာသဂိတ်တံခါးများကြောင့် ရီဖူရှင်း လွတ်မြောက်သွားနိုင်ချေရှိပေသည်။

နောက်ဆုံးတွင် မုန်တိုင်း ပျောက်ကွယ်သွားပြီး အရာအားလုံးသည် ပုံမှန်ပြန်ဖြစ်သွား၏။

အဟွတ်...

အသံတစ်သံသည် လူအားလုံး၏အာရုံကို ဆွဲဆောင်လိုက်သည်။ သူတို့သည် ထျန်းယန်မြို့သခင်ရှိရာဘက်သို့ ကြည့်လိုက်ကြသည်။ ထျန်းယန်မြို့သခင်သည် ချောင်းဆိုးနေပြီး သွေးအနည်းငယ် အန်ထုတ်လိုက်သည်။ သူသည် ထိုတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသွားကြောင်း ထင်ရှားပေသည်။ သူသည် မဟာလမ်းစဉ်စက်ကွင်းကို ဆင်ထားသူဖြစ်သဖြင့် တိုက်ပွဲနှင့် အနီးဆုံးဖြစ်သည်။

သူသည် နောက်ဆုံးအချိန်တွင် ထွက်ပြေးလိုက်သော်လည်း အနည်းငယ် နောက်ကျသွားခဲ့၏။ အဖျက်တုန်ခါလှိုင်းများသည် သူ့ကို ဒဏ်ရာရသွားစေခဲ့သည်။

အခြားကျင့်ကြံသူများသည်လည်း အသက်ညင်းညင်းသာ ရှူနေကြ၏။ ဝမ်ရှောင်သည် ယခုတွင် သူကိုယ်တိုင် လွန်စွာစွမ်းအားကြီးနေပြီဖြစ်သည်။ ယင်းကို မဟာအင်ပါယာအဆင့်လက်နက်များ၏ စွမ်းအားနှင့် ပေါင်းစည်းလိုက်သောအခါ ထိုပေါင်းစပ်စွမ်းအားသည် တွေးမကြည့်နိုင်လောက်အောင်ပင် စွမ်းအားကြီးပေသည်။

“သူသေပြီ...”

ထိုအခိုက်တွင် အသံတစ်သံက ပြောလိုက်သည်။ ထိုသို့ပြောလိုက်သူမှာ ရှန်းယန်ဗုဒ္ဓအရှင်ဖြစ်သည်။ သူ၏မျက်လုံးများသည် ဟင်းလင်းပြင်ထဲရှိ နေရာတစ်နေရာကို စိုက်ကြည့်နေ၏။ သူ၏နတ်မျက်လုံးများသည် တစ်စုံတစ်ရာကို တွေ့ခဲ့သည်။ ထိုအရာမှာ ငွေဖြူရောင်ဆံပင်နှင့် လူတစ်ယောက်ပင်။

ထိုလူသည် ဝမ်ရှောင်အထက်ရှိ ကောင်းကင်ထက်တွင် လျှပ်တစ်ပြက်အတွင်း ပေါ်လာလေသည်။ ထိုသူသည် ရီဖူရှင်းမှလွဲ၍ မည်သူဖြစ်နိုင်ပါသေးသနည်း။ သူသည် ဝမ်ရှောင်နှင့် ထျန်းယန်မြို့သခင်တို့ကိုကြည့်ကာ ပြောလိုက်သည်။

“ခင်ဗျားတို့ ကျုပ်ကိုသတ်ချင်ရင် ခင်ဗျားတို့မှာရှိတဲ့ အရာအားလုံးကို သုံးရမယ်လို့ ကျုပ် ခင်ဗျားတို့ကို ပြောထားသားပဲ။ ဒါပေမဲ့ ခင်းဗျားတို့က ခင်ဗျားတို့ရဲ့စွမ်းအားအကုန်လုံးကို မထုတ်သုံးခဲ့ဘဲနဲ့ အရေးကြီးတဲ့အခိုက်မှာ ကိုယ့်အသက်ကို ကာကွယ်ဖို့ လုပ်လိုက်သေးတယ်။ ခင်ဗျားတို့က ဘယ်လိုများ အောင်မြင်မှုကို ရနိုင်မှာလဲ”

သူ၏စကားလုံးများသည် လှောင်ပြောင်မှုများနှင့် ပြည့်နှက်နေသည်။ သူသည် ဝမ်ရှောင်နှင့် ထျန်းယန်မြို့သခင်ကို ခနဲ့နေခြင်းပင်။

အထူးသဖြင့် သူသည် ထျန်းယန်မြို့သခင်ကို ခနဲ့လိုက်ခြင်းဖြစ်သည်။ အစောကပင် ထျန်းယန်မြို့သခင်သည် ရီဖူရှင်းကို မည်သို့ပင်ဖြစ်စေ ရအောင်သတ်မည်ဟု ကြုံးဝါးခဲ့ပြီး ဝမ်ရှောင်ကို ဘာကိုပဲစတေးရသည်ဖြစ်စေ ချက်ချင်းတိုက်ခိုက်ရန် လှုံ့ဆော်ခဲ့သည်။ ဝမ်ရှောင်သည် အခြားသူများကို ထည့်မတွက်ဘဲ တိုက်ခိုက်သင့်သည်ဟုပင် သူပြောခဲ့သည်။ သို့သော် နောက်ဆုံးတွင် အရေးကြီးသောအခိုက်တွင် သူသည် အစွမ်းကုန် မတိုက်ခိုက်ဝံ့တော့ဘဲ မဟာလမ်းစဉ်စက်ကွင်းကို သူကိုယ်တိုင် ပြန်ရုတ်သိမ်းသွားခဲ့၏။

ထျန်းယန်မြို့သခင်သည် ရှုသိုးသိုးဖြစ်နေသည်။ အစောက အမှန်ပင် ရီဖူရှင်းကို သတ်နိုင်ရန် အကောင်းဆုံးအခွင့်အရေးဖြစ်ခဲ့သည်။ သို့သော် ထိုရှားပါးအခွင့်အရေးကို ဆုံးရှုံးခဲ့ရပေသည်။

သို့ရာတွင် ကောင်းကင်ဒေသမှ ကျင့်ကြံသူများက ပူးပေါင်းလိုနေသ၍ ထိုသို့လုပ်ရန် ဖြစ်နိုင်သေးပေသည်။

“မင်းက ကောင်းကင်ဒေသကို ကျုးကျော်ဖို့ နတ်ဆိုးဘုံနဲ့ ပူးပေါင်းခဲ့တာ။ မင်းလွတ်မြောက်သွားရင်‌တောင် မင်း ရှင်သန်နိုင်လိမ့်မယ်လို့ တကယ်ပဲထင်နေတာလား”

ထျန်းယန်မြို့သခင်က ဒေါသသံဖြင့် ပြောလိုက်သည်။ သူ၏လေသံသည် အလွန်အေးစက်နေ၏။

နောက်ဆုံးတွင် ရီဖူရှင်းသည် အဆက်မပြတ် ရှင်းပြနေရခြင်းကို စိတ်ပျက်လာသည်။ အကယ်၍ သူတို့သာ သူ့ကို အပြစ်ရှာချင်လျှင် ရှာနိုင်သည့် ပြစ်မှုများ မရှားပေ။ ထိုလူများသည် သူနှင့်နတ်ဆိုးဘုံ၏ ပူးပေါင်းမှုကို အမှန်တရားဖြစ်အောင် လုပ်ချင်နေကြရာ သူ့တွင် ထိုကဲ့သို့ ရည်ရွယ်ချက်ရှိသည်၊ မရှိသည်မှာ အရေးမပါတော့ပေ။

“ကောင်းပြီ...”

ရီဖူရှင်း ပြောလိုက်သည်။ ထို့ကြောင့် ထျန်းယန်မြို့သခင် အံ့အားသင့်သွား၏။

သူက “ကောင်းပြီ” ဟု ပြောလိုက်လေသလော။

“ဒီနေ့ ကျုပ်က ဒီကဖြတ်သွားပြီး စစ်မြေပြင်ရဲ့ အခြေအနေကို ကြည့်ရအောင်လာခဲ့တာပဲ... ကျုပ်ရည်ရွယ်ချက်က အဲဒါ အကုန်ပဲ။ ကံဆိုးတာက ကျုပ်က စိတ်ကူးယဉ်ပြစ်မှုတွေနဲ့ စွပ်စွဲခံရ၊ ဝိုင်းခံရပြီး အကြောင်းမရှိဘဲ အတိုက်ခိုက်ခံခဲ့ရတယ်...”

ရီဖူရှင်းသည် ထျန်းယန်မြို့သခင်ကိုကြည့်၍ ဆက်ပြောလိုက်သည်။

“ခင်ဗျားတို့က အကြောင်းအရာတစ်ခုတည်းကိုပဲ ထပ်ချည်းတလဲလဲ ပြောနေတော့လည်း ခင်ဗျားတို့ ဆန္ဒရှိသလိုပဲ ရှိပါစေတော့”

သူသည် ထိုသို့ပြောလိုက်ပြီးနောက် ခေါင်းမော့ကာ ကျယ်ပြောသောအာကာပြင်ထဲရှိ ကျင့်ကြံသူအားလုံးကို ကြည့်လိုက်ကာ ဆက်ပြောလိုက်၏။

“စောနက ဖြစ်သွားတဲ့အရာအားလုံးကို ခင်ဗျားတို့လည်း မြင်လိုက်မှာပဲ... ထျန်းယန်မြို့သခင်က ကျုပ်ကို သတ်ဖို့ အသည်းအသန်ကြိုးစားနေခဲ့တာပဲ... သူက ကျုပ်ရဲ့နာမည်ကို ညစ်နွမ်းအောင်လုပ်ပြီး တခြားသူတွေကို ဆက်ပြီးသွေးထိုးနေတာပဲ။ အဲဒီကိစ္စမှာ ခင်ဗျားတို့တွေထဲက ဘယ်သူမှ ကျုပ်နဲ့ ထျန်းယန်မြို့ရဲ့ ရန်ငြိုးထဲမှာ ဝင်ပါရလောက်အောင် ဉာဏ်မနည်းဖို့ ကျုပ်မျှော်လင့်ပါတယ်”

ထို့နောက် သူသည် နတ်ဆိုးဘုံနှင့် အခြားဘုံနှစ်ခုမှ ကျင့်ကြံသူများကို ကြည့်၍ ပြောလိုက်သည်။

“ထျန်းယန်မြို့သခင်က ကျုပ်က ခင်ဗျားတို့နဲ့ ပူးပေါင်းတယ်လို့ ပြောနေတယ်။ အဲဒီလိုဆိုမှတော့ ကျုပ်လည်း ညှာမနေနိုင်တော့ဘူး။ ကျုပ် အခု ဒီနေရာမှာပဲ ဝမ်ရှောင်ကို သတ်ပစ်မယ်... ခင်ဗျားတို့ ကျုပ်ကို ကူညီပေးမလား...”

ထျန်းယန်မြို့သခင်က သူသည် နတ်ဆိုးဘုံ၊ ဗလာနတ္တိဘုံနှင့် မှော်နက်လောကတို့နှင့် ပူးပေါင်းသည်ဟု ဆိုနေသဖြင့် ရီဖူရှင်းသည် ရွေးချယ်စရာမရှိတော့ဘဲ ထျန်းယန်မြို့သခင်ပြောသည်ကိုသာ နားထောင်၍ ထိုကဲ့သို့သော မဟာမိတ်တစ်ခုသည် မည်ကဲ့သို့ ဖြစ်သည်ကို သူ့ကို ပြသပေးရမည်ဖြစ်သည်။

ပို၍အရေးကြီးသည်မှာ ဤ “ပူးပေါင်းမှု” သည် ဝမ်ရှောင်ကို သတ်ရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့လိုက်ခြင်းပင်။

“ကောင်းပါပြီ...”

အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော ရီချင်းယောင်သည် မှော်နက်လောကကိုယ်စား အရင်ဆုံးပြောလိုက်သည်။

“ကျုပ်ကလည်း နန်းတော်သခင်ရီကို ကူညီချင်ပါတယ်”

မှော်နက်သူတော်စင် ဟွာယွင်ထင်းက ပြောလိုက်သည်။

“ကိစ္စမရှိပါဘူး...”

ဘုံသုံးခုစလုံးမှ ကျင့်ကြံသူများသည် ဝမ်ရှောင်ကိုသတ်ဖို့ အင်အားပူးပေါင်းရန် သဘောတူလိုက်ကြသည်။

ဝမ်ရှောင်သည် မဟာအင်ပါယာအဆင့်လက်နက်၏အကူအညီဖြင့် သူတို့၏လူများစွာကို သတ်ပစ်ခဲ့သည်။ သူ၏စွမ်းအားကို အလွန်ကြောက်ရွံ့ကြရ၏။ နတ်ဘုရားအဆင့်ရှိသည့် ကျင့်ကြံသူများကို သူ့ကို အနည်းငယ် ပြန်ခုခံနိုင်စွမ်းရှိပေသည်။

သူတို့သည် ဝမ်ရှောင်ကို ရှင်းပစ်နိုင်မည့် နည်းလမ်းများကို စဉ်းစားနေခဲ့သည်မှာ အချိန်အတော်ကြာခဲ့ပြီဖြစ်သည်။

ယခုတွင် ရီဖူရှင်းသည် ဝမ်ရှောင်ကို ရှင်းပစ်ရန်အတွက် သူတို့ကို အင်အားပူးပေါင်းရန် ကမ်းလှမ်းခဲ့သည်။

သူတို့သည် ထိုကဲ့သို့ အလွန်ကောင်းမွန်သည့်အခွင့်အရေးကို မည်သို့ ငြင်းနိုင်မည်နည်း။

သူတို့၏ မူလရည်ရွယ်ချက်သည် ဤနေရာသို့လာ၍ ရီဖူရှင်းနှင့် ကောင်းကင်ဒေသကြားမှ ရေစက်ပြတ်သွားအောင် လုပ်ရန်ဖြစ်သည်။ ယခုတွင် ရီဖူရှင်းကစ၍ ကမ်းလှမ်းလာသည်ဖြစ်ရာ အခြေအနေသည် သူတို့မျှော်လင့်ထားခဲ့သည်ထက် ပိုကောင်းနေ၏။

အကယ်၍ ရီဖူရှင်းသာ မူလဘုံမှ အင်အားစုများကို ဦးဆောင်၍ ကောင်းကင်ဒေသကို တိုက်ခိုက်ခဲ့လျှင် ထိုရလဒ်သည် အလွန်စိတ်ဝင်စားဖွယ်ကောင်းမည် မဟုတ်ပါလော။

ထျန်းယန်မြို့သခင်သည် ရီဖူရှင်း၏စကားကိုကြားလိုက်သောအခါ လွန်စွာမျက်နှာပျက်သွားသည်။

ရီဖူရှင်းသည် နတ်ဆိုးဘုံမှ ကျင့်ကြံသူများနှင့် ပူးပေါင်း၍ ထျန်းယန်မြို့၏ ဆက်ခံသူဖြစ်သော ဝမ်ရှောင်ကို သတ်လိုနေ၏။

ထိုအခိုက်တွင် ရီဖူရှင်းသည် မျက်စိ၊ မျက်နှာပျက်နေသည့် ထျန်းယန်မြို့သခင်ကို ငုံ့ကြည့်ကာ ပြောလိုက်သည်။

“အခု အရာအားလုံးက ခင်ဗျားဆန္ဒရှိသလို ဖြစ်လာပြီ... ကျေနပ်သွားပြီလား...”

ကျေနပ်သည် ဟုတ်ပါသလော။

အနည်းဆုံးပြောရလျှင်ပင် ထျန်းယန်မြို့သခင်သည် မပျော်နိုင်ဖြစ်နေ၏။ သူတို့သည် ဝမ်ရှောင်ကိုသတ်ရန် အင်အားပူးပေါင်းလိုနေသည်လော။

“မင်းက သူ့ကို သတ်ချင်တယ်... ဒါပေမဲ့ မင်း သူ့ကို သတ်နိုင်င်ပါ့မလား”

ထျန်းယန်မြို့သခင်သည် အေးစက်စွာ လှောင်လိုက်သည်။ ရီဖူရှင်းသည် နတ်ဆိုးဘုံနှင့် အင်အားပူးပေါင်း၍ ဝမ်ရှောင်ကို သတ်လိုနေသည်။ သူတို့လုပ်နိုင်ပါမည်လော။

မဟာအင်ပါယာအဆင့်လက်နက်များမပါလျှင်ပင် ဝမ်ရှောင်၏ခန္ဓာကိုယ်သည် ဖျက်ဆီး၍မရနိုင်သော ခန္ဓာကိုယ်ဖြစ်သည်။ ရီဖူရှင်း၏ပြင်းထန်သော တိုက်ခိုက်မှုသည် ဝမ်ရှောင်ကို များစွာ မထိခိုက်ခဲ့ပေ။ ယခုတွင် သူသည် သူ့ကို မည်သို့သတ်နိုင်မည်နည်း။

ရီဖူရှင်းသည် ထျန်းယန်မြို့သခင်ကို ကြည့်လိုက်သည်။ သူသည် စိတ်ကြီးဝင်နေဆဲပင်။ ရီဖူရှင်းက ဝမ်ရှောင်ကို မသတ်နိုင်ဟု သူထင်နေခြင်းလော။

ဝမ်ရှောင်သည် စစ်မြေပြင်တွင် ဖျက်ဆီး၍ မရနိုင်သူမဟုတ်ပေ။ မဟုတ်လျှင် စစ်ပွဲသည် အစောကတည်းက ပြီးဆုံးခဲ့ပေလိမ့်မည်။ အကယ်၍ တစ်စုံတစ်ယောက်ကသာ မဟာအင်ပါယာအဆင့်လက်နက်ကိုင်ထားသော ဝမ်ရှောင်ကို ထိန်းချုပ်ထားနိုင်ခဲ့လျှင် သူ့ကို အမှန်ပင် သတ်၍မရနိုင်ပါလေသလော။

All Chapters