ပြိုင်ဘက်ကင်းတန်ခိုး
Vol. 185 Ch. 2637
ကောင်းကင်ထက်တွင် ကြောက်မက်ဖွယ် သေခြင်းမုန်တိုင်းတစ်ခု ထွက်ပေါ်လာသည်။ လူအုပ်သည် လေထဲတွင် လူတစ်ယောက် ရှိနေသည်ကို တွေ့လိုက်ရသည်။ ထိုလူသည် မှော်နက်နန်းတော်မှ သေမင်းဖြစ်သည်။
သူမ၏သည် လေထဲတွင် ရပ်နေပြီး သူမ၏ဝတ်ရုံသည် လေထဲတွင် လှုပ်ခတ်နေသည်။ လောကတစ်ခွင်လုံးသည် အနောက်ရောင်အဖြစ် ပြောင်းလဲသွားပြီး သေခြင်းတိမ်မည်းများသည် အကန့်အသတ်မဲ့ အာကာပြင်ကို လွှမ်းခြုံသွားသည်။ တိမ်မည်းများ ကာရံထားသော နေရာသည် ကျယ်ပြောပြီး စစ်မြေပြင်တစ်ခုလုံးကို လွှမ်းခြုံထားသည်ဟု ထင်ရ၏။
ကောင်းကင်ထက်တွင် သေမင်းမျက်နှာတစ်ခု ထွက်ပေါ်လာသကဲ့သို့ပင် ထင်ရပြီး မြင်ကွင်းသည် ဖော်ပြ၍မရနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းပေသည်။ အချိန်တစ်ခုအထိ လောကတစ်ခွင်လုံးသည် မှောင်မိုက်သွားပြီး လောကအတွင်းရှိ အရှိန်အဝါအားလုံးသည် သေခြင်းဝိညာဉ်စွမ်းအား၏ တိုက်စားမှုကို ခံလိုက်ကြရ၏။ သူတို့ ရှူရိုက်နေသော လေသည်ပင် သေခြင်းအငွေ့အသက်များနှင့် ညစ်နွမ်းနေသကဲ့သို့ပင်။
သူတို့များစွာသည် ဟင်းလင်းပြင်ထဲရှိ ဝတ်ရုံခြုံထားသောလူကို ငေးကြည့်နေကြသည်။ သူမသည် ဒီလောကထဲတွင် သေမင်း၏ တမန်တော် သေမင်းနတ်ဘုရားကို ကိုယ်စားပြုသည်ဟုပင် ထင်ရ၏။
အရာအားလုံး ခြောက်ကပ်၊ ဆွေးမြေ့သွားကြသည်။ အောက်ဘက်ရှိ အကာအရံကွန်ရက်သည်ပင် သေခြင်းစွမ်းအား၏ တိုက်စားမှုကို ခံလိုက်ရပြီး တဖြည်းဖြည်း မည်းနက်လာ၏။
ဝမ်ရှောင်သည် ခေါင်းမော့၍ ထိုနေရာသို့ ကြည့်လိုက်သည်။ သူ့လက်ထဲရှိ ကောင်းကင်တုန်ဟည်းနတ်တူသည် ကြောက်မက်ဖွယ် မဟာအင်ပါယာစွမ်းအားဖြင့် ပြည့်နှက်နေသည်။ ပြီးခဲ့သောမည်သည့်တိုက်ပွဲတွင်မဆို သေမင်းထွက်ပေါ်လာတိုင်း သူ၏ မဟာအင်ပါယာအဆင့်လက်နက်သည် စွမ်းအားအကြီးဆုံး အဟန့်အတား ဖြစ်ခဲ့ပေသည်။
“လူစုခွဲကြ...”
ဝမ်ရှောင်က ပြောလိုက်သည်။ ရုတ်ခြည်းပင် ကျင့်ကြံသူများစွာသည် ရီချင်းယောင်နှင့်ဝေးရာသို့ ထွက်သွားကြသည်။ အားလုံးသည် နေရာအသီးသီးသို့ ထွက်သွားကြပြီး ကျယ်ပြောသော နေရာကို ဝိုင်းရံလိုက်သည်။ သူတို့သာမဟုတ်ဘဲ ပြိုင်ဘက်မဟာမိတ်မှ ကျင့်ကြံသူများသည်လည်း လူစုခွဲလိုက်ကာ ရီချင်းယောင်နှင့်အတူ ရပ်မနေကြတော့ပေ။
ထိုအစား သူတို့သည် ကောင်းကင်ဒေသမှ အင်အားစုတစ်စုစီကို ရွေး၍ ထိုအင်အားစုများမှ ကျင့်ကြံသူများအနားသို့ သွားရပ်နေကြ၏။ ထိုမှသာ မဟာအင်ပါယာအဆင့်လက်နက်သည် သူတို့ကို သဘောရှိ မတိုက်ခိုက်နိုင်မည်ဖြစ်သည်။
သို့သော် ရီချင်းယောင်၏ဘေးတွင် အခြား စွမ်းအားကြီးကျင့်ကြံသူနှစ်ဦး ရှိနေ၏။ သူတို့နှစ်ဦးသည် မှော်နက်နန်းတော်နှင့် ဗလာနတ္တိဘုံတို့မှ ဖြစ်ကြပြီး ရီချင်းယောင်၏လုံခြုံရေးကို တာဝန်ယူရသူများဖြစ်သည်။
သူတို့နှစ်ဦးထံမှ အရှိန်အဝါများသည် အလွန်ကြောက်မက်ဖွယ်ကောင်း၏။ သူတို့သည် လူငယ်များမဟုတ်ကြပေ။ တစ်ချက်မျှကြည့်လိုက်ရုံဖြင့်ပင် သူတို့သည် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီးသော မျိုးဆက်ဟောင်းမှလူများဖြစ်ကြောင်း သိရှိနိုင်၏။ ဗလာနတ္တိဘုံမှ ကျင့်ကြံသူသည် ရုတ်တရက် သူ၏အတွေးကို လှုပ်ရှားလိုက်ရာ စွမ်အားလှိုင်းတစ်ခုသည် အာကာပြင်တွင် ဖြတ်သန်းသွားသည်။ ပတ်ဝန်းကျင်တွင် အာကာသတံခါးများ ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် အလွန်ဝေးသောနေရာတွင်လည်း ထိုတံခါးများနှင့် ဆက်စပ်နေသော အာကာသတံခါးများ ပေါ်လာ၏။ အာကာပြင်ကို ထိုကဲ့သို့ အသုံးချမှုသည် လွန်စွာကောင်းမွန်ပေသည်။
အာကာသစက်ကွင်းတစ်ခုလုံးသည် မွန်းကျပ်ဖွယ် မဟာလမ်းစဉ်ဖိအားတစ်ခုဖြင့် ပြည့်နှက်နေသည်။ ထိုနေရာရှိ အားလုံးသည် ထိပ်သီးကျင့်ကြံသူများဖြစ်ကြသည်။ ထိုမတိုင်ခင်က သူတို့သည် ဤကဲ့သို့ အကြီးအကျယ် ထိပ်တိုက်မတွေ့ခဲ့ကြသေးပေ။ ရီဖူရှင်း ထွက်ပေါ်လာမှုသည် ထိုကဲ့သို့ အကြီးအကျယ်တိုက်ပွဲတစ်ခု ဖြစ်ပေါ်လာလိမ့်မည်ဟု သူတို့မမျှော်လင့်ခဲ့ကြချေ။
ရွှီး...
ရီဖူရှင်းသည် လုံးဝခြေရာလက်ရာ မကျန်ခဲ့ဘဲ သူရှိနေသောနေရာမှ ပျောက်ကွယ်သွားသည်။ ရှန်းယန်ဗုဒ္ဓအရှင်သည် ကြောက်မက်ဖွယ်မျက်လုံးများဖြင့် ကောင်းကင်ထက်သို့ ကြည့်လိုက်သည်။ ရီဖူရှင်း အဆက်မပြတ် နေရာရွှေ့ပြောင်းနေသည်။ သို့သော် နတ်မျက်လုံးများအောက်တွင် ရီဖူရှင်းသည် ပုန်းစရာနေရမရှိသကဲ့သို့ပင်။ သူသည် အမြဲပင် ရှန်းယန်၏ မြင်ကွင်းထဲတွင် ရှိနေ၏။
သို့သော် ရှန်းယန်ဗုဒ္ဓအရှင်သည် ရီဖူရှင်းက အဆက်မပြတ်နေရာပြောင်းနေသည်ကို မြင်နိုင်လေသည်။ သူ၏နတ်မျက်လုံးများပင် သူ၏တည်နေရာအတိအကျကို မပြောနိုင်ပေ။ သူ့ရွှေ့ပြောင်းနေသည်ကို မပြတ်လိုက်၍ ကြည့်ရန် မဖြစ်နိုင်ပေ။ ဗုဒ္ဓတန်ခိုးတော်ခြောက်ပါးထဲမှ တန်ခိုးတစ်မျိုးချင်းစီသည် အားသာချက်ကိုယ်စီရှိပေသည်။ နတ်မျက်လုံးသည် ဗုဒ္ဓရောင်ဝါခြေလှမ်းကို အမီမလိုက်နိုင်ပေ။
တန်ခိုးတော်အားလုံးထဲတွင် ဗုဒ္ဓရောင်ဝါခြေလှမ်းသည် စွမ်းအားအကြီးဆုံးဖြစ်သည်။
“သူက အဆက်မပြတ် ရွေ့လျားနေတာပဲ”
ရှန်းယန်ဗုဒ္ဓအရှင်က ပြောလိုက်သည်။ ထျန်းယန်မြို့သခင်သည် ဝမ်ရှောင်အနောက်တွင် ရပ်နေ၏။ သူသည်လည်း ရီဖူရှင်းကို လိုက်ကြည့်နေပြီး သူ့ထံမှနေ၍ စွမ်းအားကြီးအရှိန်အဝါတစ်ခု ထွက်ပေါ်လာလေသည်။ လက်ရှိရီဖူရှင်းသည် လျှော့တွက်၍မရကြောင်း သူသိပေသည်။ သူ၏တိုက်ခိုက်စွမ်းရည်သည် ထိပ်တန်းအဆင့်ရောက်နေပြီဖြစ်သဖြင့် ဂရုတစိုက် ရင်ဆိုင်ရမည်ဖြစ်သည်။
အခြားတစ်နေရာတွင် နောက်ထပ် ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခု ထွက်ပေါ်လာ၏။ ဝမ်ရှောင်၏အထက် ကောင်းကင်ပေါ်တွင် ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခုရှိသည့် နတ်ဆိုးကျင့်ကြံသူတစ်ယောက် ရပ်နေလေသည်။ သူသည် အသက်လတ်ပိုင်းအရွယ်ဖြစ်ပြီး သူ၏မျက်လုံးများသည် မည်းနက်နေသည်။ သူသည် ထိုနေရာတွင် ပြိုင်ဘက်ကင်း နတ်ဆိုးဘုရင်တစ်ပါးကဲ့သို့ ရပ်နေလေသည်။
ထျန်းယန်မြို့သခင်သည် ထိုသူကို မြင်လိုက်သောအခါ မျက်နှာပျက်သွားသည်။
ထိုလူသည် နှစ်ပေါင်းထောင်ချီနေခဲ့ပြီးသော နတ်ဆိုးကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ ယနေ့မတိုင်ခင်ကပင် သူသည် လက်တွင်သွေးစွန်းခဲ့ပြီးသော နတ်ဆိုးဘုံမှ စွမ်းအားကြီးတစ်ဦးဖြစ်ခဲ့ပေသည်။
သူသည် နတ်ဆိုးဘုံ၏ မဟာနတ်ဆိုးသူတော်စင်သုံးပါးထဲမှ ခေါင်းဆောင်ဖြစ်ပြီး နတ်ဆိုးအင်ပါယာအောက်တွင် အာဏာအရှိဆုံးသူဖြစ်ကာ နတ်ဆိုးဘုံ၏ မဟာစစ်တပ်ကြီးကို အုပ်ချုပ်သူဖြစ်သည်။ သူသည် နတ်ဆိုးအင်ပါယာနှင့် မျိုးဆက်တူသူဖြစ်ပြီး သူ့ကို နတ်ဆိုးအင်ပါယာကိုယ်တိုင်း စည်းရုံးခဲ့ခြင်းဖြစ်သည်။
ထို စွမ်းအားကြီးနတ်ဆိုးသူတော်စင်သည် အလွန်ရိုးရှင်းသောအမည်တစ်ခု ရှိပေသည်။ ထိုအမည်မှာ ယန်ကွေ့ရီဖြစ်သည်။
ယန်ကွေ့ရီ၏လက်ထဲတွင် သွေးနီရောင်လှံပုဆိန်တစ်ခု ရှိ၏။ ထိုနတ်လှံပုဆိန်သည် သာမန် လှံပုဆိန်များထက် အနည်းငယ်ပိုရှည်ပေသည်။ ၎င်းသည် သွေးနီရောင်နတ်အလင်းတောက်ပနေပြီး ၎င်းထံမှ သွေးနီရောင်နတ်အရှိန်အဝါ ထွက်နေလေသည်။ ထိုမြင်ကွင်းသည် လွန်စွာ ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုဖြစ်ပြီး သူတို့အပေါ်သို့ သွေးနီရောင်ကောင်းကင်ကပ်ဘေးတစ်ခု ကျဆင်းလာသဲ့သို့ပင် ထင်ရပေသည်။
ထိုနတ်လက်နက်သည် လွန်စွာကြောက်မက်ဖွယ်စွမ်းအားရှိသည့် မဟာအင်ပါယာတစ်ပါးက ပြုလုပ်ထားသော မဟာအင်ပါယာတစ်ဝက်လက်နက်ဖြစ်သည်။ မဟာအင်ပါယာအဆင့်လက်နက်များနှင့် တစ်ခုတည်းသော ကွာခြားချက်မှာ ၎င်းသည် မဟာအင်ပါယာ၏ ဝိညာဉ်စွမ်းအား မပါဝင်ခြင်းသာဖြစ်သည်။ ထို့ကြောင့် ၎င်းကို မဟာအင်ပါယာအဆင့်လက်နက် အစစ်အမှန်ဟု မဆိုနိုင်ပေ။ ၎င်းသည် နတ်ဆိုးဘုံအတွင်းရှိ ရှေးဟောင်းစစ်မြေပြင်တွင် ကျန်ရစ်ခဲ့သော နတ်လက်နက်တစ်ခုဖြစ်သည်။
ယခုစစ်ပွဲအတွင်းရှိ ပြီးခဲ့သော တိုက်ပွဲများတွင် ယန်ကွေ့ရီသည် ထိုနတ်လက်နက်ကို အသုံးပြု၍ ဝမ်ရှောင်နှင့်ထိပ်တိုက်တိုက်ခိုက်ခဲ့ကာ သူသည် ဝမ်ရှောင်နှင့် ပခုံးချင်းယှဉ်နိုင်ကြောင်း သက်သေပြခဲ့ပေသည်။
၎င်းထံမှနေ၍ ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခု ထွက်လာပြီး ထျန်းယန်မြို့သခင်ပင် ထိုအရှိန်အဝါအားကြောင့် တုန်လှုပ်သွားသည်။ သူသည် ယန်ကွေ့ရီ၏ပြိုင်ဘက်မဟုတ်ကြောင်း သူသိပေသည်။ ယန်ကွေ့ရီသည် ထိုနေရာတွင် ကောင်းကင်နတ်ဘုရားတစ်ပါးကဲ့သို့ ရပ်နေလေသည်။ သူ၏အရှိန်အဝါကို အသိအမှတ်မပြုဘဲနေ၍ မရပေ။
ဝမ်ရှောင်သည်လည်း ခပ်တည်တည်ဖြစ်နေသည်။ ဤတစ်ကြိမ် သူရင်ဆိုင်နေရသည့် ဖိအားသည် ယခင်ကထက် ပို၍ကြီးမားပေသည်။ ထိုလူများသည် အမှန်ပင် ရီဖူရှင်းနှင့် ပူးပေါင်းကာ သူတို့ကို သတ်လိုနေကြသည်.
ထိုအချိန်တွင် ဝမ်ရှောင်အရှေ့ရှိ ကောင်းကင်ထဲတွင် လူတစ်ယောက်ထွက်ပေါ်လာသည်။ ရီဖူရှင်းသည် ထိုလူကို ယခင်က မြင်ခဲ့ဖူးသည်။ ထိုလူသည် နတ်ဘုရားတစ်ပိုင်းဟုပင် ဆိုနိုင်လောက်သည့် ကောင်းကင်ဒေသမှ ဖုန်းရူဖြစ်သည်။ သို့သော် သူသည်ပင် လက်ထဲတွင် မဟာအင်ပါယာတစ်ဝက်လက်နက်ရှိနေသော နတ်ဆိုးဘုံ၏ ထိပ်တန်းနတ်ဆိုးသူတော်စင်နှင့် ရင်ဆိုင်ရသောအခါ သူ၏မျက်နှာထားသည် အနည်းငယ် မှိုင်းညို့နေ၏။
သူသည် ထိုထိပ်တန်းနတ်ဆိုးသူတော်စင် ယန်ကွေ့ရီ၏ ကြောက်မက်ဖွယ် တိုက်ခိုက်စွမ်းအားကို ကိုယ်တိုင် တွေ့ကြုံခဲ့ဖူး၏။ ယခု သူ့လက်ထဲတွင် မဟာအင်ပါယာတစ်ဝက်လက်နက်ရှိနေရာ သူသည်ပင် သူ့ကို ထိပ်တိုက်ရင်ဆိုင်နိုင်ရန် မလွယ်လောက်ပေ။
“မင်း သေမင်းနဲ့ ရင်ဆိုင်လို့ရအောင် ငါ သူ့ကို ထိန်းပေးထားမယ်”
ဖုန်းရူသည် သူ၏မဟာလမ်းစဉ်စက်ကွင်းကို ထုတ်ကာ ယန်ကွေ့ရီကို လွှမ်းခြုံလိုက်သည်။ သူတို့နှစ်ဦးစလုံးသည် နတ်ဘုရားတစ်ပိုင်းဟု ဆိုနိုင်သူများဖြစ်ကြီး စစ်မြေပြင်တွင် ထိပ်တန်းများဖြစ်ကြသည်။
“ကောင်းပါပြီ...”
ဝမ်ရှောင်ခေါင်းညိတ်လိုက်သည်။ သူ့လက်ထဲရှိ မဟာအင်ပါယာအဆင့်လက်နက်ထံမှနေ၍ လွန်စွာကြောက်မက်ဖွယ်အရှိန်အဝါတစ်ခု ထွက်လာလေသည်။ တုန်ခါလှိုင်းများ တစ်လှိုင်းပြီးတစ်လှိုင်း ရီချင်းယောင်ထံသို့ ပျံဝင်သွား၏။ သို့သော် ရီချင်းယောင်၏အရှေ့တွင် အာကာသအလင်းမျက်နှာပြင်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကာ အကာအရံအားတစ်ခုအဖြစ် ပြောင်းသွားသည်ကိုသာ တွေ့လိုက်ရသည်။
ဝုန်း...
ဝမ်ရှောင်သည် လေထဲသို့ ခုန်တက်လိုက်ပြီး ရှေ့သို့ ဆက်သွားလိုက်သည်။ ထို့နောက်တွင် သူ၏ကောင်းကင်တုန်ဟည်းနတ်တူသည် ကောင်းကင်နတ်ဘုရားတစ်ပါး လောကအတွင်းသို့ ဆင်းသက်လာပြီး တိုက်ခိုက်ရန် မဟာအင်ပါယာအဆင့်လက်နက်ကို ယူဆောင်လာသကဲ့သို့ ရှေ့သို့ထွက်သွားသည်။ ကမ္ဘာဖျက်အားတစ်ခု ထွက်ပေါ်လာပြီး တုန်ခါလှိုင်း သန်းထောင်ချီသည် ရှေ့သို့ တလိပ်လိပ်ထွက်သွားကာ အရာအားလုံးကို ဖိနှိပ်သွား၏။
ထိုမတိုင်ခင်က ဝမ်ရှောင်သာ သတ်ဖြတ်ရန် မဟာအင်ပါယာအဆင့်လက်နက်ကို ထုတ်လိုက်လျှင် ၎င်းလက်နက်ထံမှ တစ်ချက်သည် ကုန်းမြေတစ်ခုလုံးကိုပင် ထိခိုက်သွားစေနိုင်ပြီး မတိုင်းတာနိုင်လောက်အောင် စွမ်းအားကြီးပေသည်။
သို့သော် ကောင်းကင်ဒေသ၏ ဤပင်မစစ်မြေပြင်တွင် ဝမ်ရှောင်သည် ရဲတင်းစွာ မတိုက်ခိုက်ဝံ့ပေ။ ထို့ကြောင့် သူသည် သူ့ကိုယ်သူ အနည်းငယ် ထိန်းထားပေသည်။ သို့သော် ထိုတုန်ခါလှိုင်း သန်းထောင်ချီသည်ပင် လွန်စွာကြောက်မက်ဖွယ်ကောင်းပြီး မြင့်မားသောကောင်းကင်ထက်သို့ ဆက်၍ဦးတည်သွားနေကြသည်။ သူ့ရှေ့ရှိ အရာအားလုံးသည် ဖျက်ဆီးခံရကာ အမှုန့်ဖြစ်သွားတော့ပေမည်။
အခြားသူများသည် တိုက်ခိုက်မှု၏ နောက်ဘက်တွင်ရှိနေသဖြင့် ထိုတုန်ခါလှိုင်းများ၏ လမ်းကြောင်းအတွင်း၌ မရှိပေ။ သို့တစေ သူတို့သည် ထိုကြောက်မက်ဖွယ်စွမ်းအားကို ခံစားနေရ၏။
ရီချင်းယောင်၏အရှေ့ရှိ ထိုအာကာသအလင်းမျက်နှာပြင်များသည် ကွဲအက်၊ ပျက်စီးသွား၏။ သို့သော် တစ်ချိန်တည်းလိုလိုမှာပင် ရီချင်းယောင်နှင့် အခြားသူများသည် အာကာသတံခါးတစ်ချပ်အတွင်းသို့ ဝင်လိုက်ပြီး ပျောက်ကွယ်သွားကြ၏။ သူတို့ပျောက်ကွယ်သွားပြီးချင်းချင်းမှာပင် သူတို့ဝင်သွားသော အာကာသတံခါးသည် ပျက်စီးသွားသည်။ မဟာလမ်းစဉ် ပြိုပျက်သွားပြီး အရာအားလုံး ပျောက်ကွယ်သွား၏။ လမ်းစဉ်အားလုံး မရှိတော့ချေ။
ထျန်းယန်မြို့သခင်က ဝမ်ရှောင်ကို မဟာအင်ပါယာများအောက်တွင် ပြိုင်ဘက်ကင်းဟု ချီးကျူးရခြင်းမှာ အကြောင်းရှိပေသည်။ ထိုအကြောင်းမှာ ဝမ်ရှောင်သည် မဟာအင်ပါယာအဆင့်လက်နက်အစစ်အမှန်များကို ကောင်းမွန်စွာ ထိန်းချုပ်နိုင်၍ ဖြစ်သည်။
သို့သော် ထိုအခိုက်တွင် ဝမ်ရှောင်သည် အန္တရာယ်အရှိန်အဝါတစ်ခုကို ရုတ်တရက် အာရုံခံမိလိုက်သည်။ သူနောက်လှည့်လိုက်ပြီး သူ့လက်ကိုမြှောက်ကာ ကောင်းကင်တုန်ဟည်းနတ်တူကို ပစ်လွှတ်လိုက်သည်။ သို့သော် လူရိပ်တစ်ခုသည် ကောင်းကင်တုန်ဟည်းတူ ပျံဝင်လာသည်နှင့် လျှပ်တစ်ပြက်အတွင်း ပျောက်ကွယ်သွား၏။
ဝုန်း...
ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်သံနှင့်အတူ ထျန်းယန်မြို့သခင်ပတ်ပတ်လည်ရှိ စက်ကွင်းသည် ရုတ်ခြည်း ဖျက်ဆီးခံလိုက်ရပြီး သူသည် ကောင်းကင်တုန်ဟည်းနတ်တူကြောင့် လွင့်ပျံထွက်သွား၏။ သူသည် ခပ်အုပ်အုပ်ညီးတွားလိုက်၏။
ထိုပစ်လွှတ်မှုသည် ရည်ရွယ်ထားသကဲ့သို့ ရီဖူရှင်းကို မထိသွားဘဲ ထျန်းယန်မြို့သခင်ကိုသာ ထိမှန်သွားချင်းပင်။
“သတိထားပါ မြို့သခင်...”
အသံတစ်သံထွက်ပေါ်လာပြီး ထျန်းယန်မြို့သခင်သည် သူ၏လက်ကို ကောင်းကင်ထက်သို့ မြှောက်ကာ အတုမဲ့ စွမ်းအားကို ကောင်းကင်ထဲသို့ ပစ်လွှတ်လိုက်သည်။ ထျန်းယန်မြို့သခင်သည် ရှေးဟောင်းနတ်ဘုရားကလန်တစ်ခု၏ ပဲ့ကိုင်ရှင်ဖြစ်သဖြင့် အံ့အားသင့်ဖွယ်စွမ်းအားကို ပိုင်ဆိုင်ပေသည်။
ဝုန်း...
ကျယ်လောင်သောအသံတစ်သံ ထွက်ပေါ်လာပြီး ထျန်းယန်မြို့သခင်၏ လက်ဝါးရာ ကွဲအက်ပျက်စီးသွားသည်။ ကြောက်မက်ဖွယ် ရိုက်ချက်တစ်ခု ဆင်းသက်လာပြီး သူ့ခန္ဓာကိုယ်ကို ရိုက်ချလိုက်သည်။ သို့သော် သတ်ဖြတ်လိုသောအငွေ့အသက်သည် မပျောက်သွားသေးပေ။ သို့သော် ထိုအချိန်တွင် ထျန်းယန်မြို့သခင်၏ရှေ့တွင် အခြားတစ်ယောက် ပေါ်လာလေသည်။ ဧရာမလက်ဝါးရာကြီးသည် ကောင်းကင်ထဲသို့ ပျံတက်သွား၏။ ထိုလက်ဝါးရာသည် ဗုဒ္ဓလက်ဝါးရာဖြစ်သည်။
သို့သော် ထိုဧရာမလက်ဝါးရာကြီး အာကာပြင်ထဲသို့ ပျံတက်သွားသောအခါ ထိုလူသည် ပျောက်ကွယ်သွား၏။ ထို့ပြင် ဝမ်ရှောင်သည် အန္တရာယ်ကျဆင်းလာသည်ကို ထပ်မံခံစားလိုက်ရသည်။ ကောင်းကင်တုန်ဟည်းနတ်တူ ပျံထွက်သွားသည်။ ဤတစ်ကြိမ်တွင်မူ ဝမ်ရှောင်သည် အားများစွာ မသုံးဝံ့တော့ပေ။
ဝှီး...
ကောင်းကင်တုန်ဟည်းနတ်တူသည် မည်သူ့ကိုမှ မထိမှန်သွားပေ။
“နယ်နမိတ်ကန့်သတ်ကြ...”
ထျန်းယန်မြို့သခင်က အော်ပြောလိုက်သည်။ သူ၏မျက်နှာထားသည် အလွန်ရုပ်ဆိုးနေ၏။ ရီဖူရှင်းသည် သူ၏တန်ခိုးကိုသုံး၍ ထိပ်တိုက် တိုက်ခိုက်ရန် ရှောင်ရှားနေသည်။ သူ့ကို မမြင်နိုင်၊ ခြေရာမခံနိုင်ပေ။ ထို့ပြင် ရီဖူရှင်းသည် လွတ်မြောက်ရန် လမ်းမရှိသဖြင့် အခွင့်အရေးရတိုင်း တိုက်ခိုက်နေကာ သူတို့ကို အလွန်စိတ်ရှုပ်ထွေးစေနေပြီး ခုခံနေရသည့် အခြေအနေရောက်အောင် လုပ်နေ၏။
“ရှန်းယန်... ဒါက ကျုပ်နဲ့ သူတို့ကြားကာ ကိုယ်ရေးကိုယ်တာကိစ္စပဲ။ ခင်ဗျားဝင်ပါရင် ခင်ဗျားလည်း ကျုပ်ရဲ့ ရန်သူဖြစ်သွားလိမ့်မယ်”
ရီဖူရှင်းသည် ကျယ်လောင်ရှင်းလင်းစွာ ပြောလိုက်သည်။
“ခင်ဗျားက ဒီတိုက်ပွဲထဲမှာ ကိုယ်ရေးကိုယ်တာရန်ငြိုးတွေကြားမှာ ဝင်ပါနေတာပဲ... ခင်ဗျားက ဗုဒ္ဓဂိုဏ်းကို ကိုယ်စားမပြုဘူး။ ခင်ဗျားကိုယ်ခင်ဗျား ကိုယ်စားပြုနေတာပဲ”
ရီဖူရှင်းသည် ဗုဒ္ဓဂိုဏ်းနှင့် ရန်သူမဖြစ်လိုပေ။ ဗုဒ္ဓဂိုဏ်းသည် သူ့ကို အဖိုးတန်ကျင့်စဉ်များ သင်ကြားပေးခဲ့ကာ ကျေးဇူးပြုခဲ့ဖူးသည် မဟုတ်ပါလား။
“ရိုင်းစိုင်းတဲ့ကောင်...”
ရှန်းယန်ဗုဒ္ဓအရှင်သည် ခေါင်းမော့၍ ကောင်းကင်ထက်သို့ ကြည့်လိုက်သည်။ သူ၏နတ်မျက်လုံးများသည် ရီဖူရှင်း၏တည်နေရာကို အတည်ပြုရန် ကြိုးစားနေဆဲပင်။ သို့သော် ရီဖူရှင်းသည် တစ်နေရာတွင် ကြာရှည်မနေပေ။ သူသည် ရှန်းယန်ဗုဒ္ဓအရှင်၏ ခြေရာခံခြင်းမှလွတ်ရန် အဆက်မပြတ် နေရာရွှေ့ပြောင်းနေပြီး နောက်တစ်နေရာတွင်သာ ပြန်ထွက်ပေါ်လာနေလေသည်။
တစ်ချိန်က ဗုဒ္ဓလမ်းစဉ်ကို ကျင့်ကြံခဲ့သော ထိုလူငယ်သည် သူတို့အတွက် အန္တရာယ်တစ်ခု ဖြစ်လာပြီလော။
တစ်ချိန်တုန်းက သူသည် သူတော်စင်ကျန်းချန်ကို သတ်ပစ်ခဲ့ပေသည်။
“ကျန်တဲ့သူတွေလည်း အတူတူပဲ... ကျုပ် ထျန်းယန်မြို့ကလူတွေကို သတ်မယ့်လမ်းမှာ ဝင်ကာပြီး ကျုပ်နဲ့ ထျန်းယန်မြို့ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကြားမှာ ဝင်ရှုပ်တဲ့သူမှန်သမျှ ကျုပ်ရဲ့ ရန်သူဖြစ်သွားမယ်”
ရီဖူရှင်း ဆက်ပြောလိုက်သည်။ ထျန်းယန်မြို့သခင်နှင့် ဝမ်ရှောင်သည် သူ့ကို အကြိမ်ပေါင်းများစွာ သတ်ရန်ကြိုးစားခဲ့သည်။ ယခုတွင် သူသည် ထျန်းယန်မြို့နှင့် တစ်ခါတည်း အပြတ်စာရင်းရှင်းရမည်ဖြစ်သည်။