← Chapters

အတူတကွ

Vol. 185 Ch. 2638

အတူတကွ

Vol. 185 Ch. 2638

“ရိုင်းစိုင်းတဲ့ကောင်...”

ကျင့်ကြံသူများစွာသည် ရီဖူရှင်းကို ကြည့်လိုက်ကြပြီး သူ၏စကားသည် ရဲတင်း၊ မောက်မာသည်ဟု တွေးလိုက်ကြသည်။ ထျန်းယန်မြို့ကို ကူညီသူတိုင်းသည် သူ၏ရန်သူဖြစ်သွားမည်ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ရီဖူရှင်း၏ လက်ရှိတိုက်ခိုက်စွမ်းရည်သည် အမှန်ပင် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး မယုံနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းပေသည်။ သူသည် ဗုဒ္ဓရောင်ဝါခြေလှမ်း၏အကူအညီကိုလည်း ရထားသဖြင့် ယှဉ်၍မရနိုင်သောအနေအထားတွင် ရှိနေလေသည်။

မဟာအင်ပါယာအဆင့်လက်နက်များနှင့် ဝမ်ရှောင်သည်လည်း အကြွင်းမဲ့ ပြိုင်ဘက်ကင်း တိုက်ခိုက်စွမ်းအား ရှိ၏။ သို့သော် ဤစစ်မြေပြင်တွင် မဟာအင်ပါယာအဆင့်လက်နက်များသည် အခြားသူများနှင့် တိုက်ခိုက်ရာ၌ အသုံးဝင်နိုင်သော်လည်း ရီဖူရှင်းနှင့် တိုက်ခိုက်ရာတွင်မူ များစွာအသုံးမဝင်နိုင်ပေ။ ဝမ်‌ရှောင်သည် သူ၏တိုက်ခိုက်မှုက အခြားသူကို အလွယ်တကူထိခိုက်သွားစေနိုင်သဖြင့် မဆင်မခြင်မပြုဝံ့ဖြစ်နေ၏။ ထို့ကြောင့် ရီဖူရှင်းသည် ထိုတိုက်ခိုက်မှုများကို အလွယ်တကူ ရှောင်ရှားနိုင်နေ၏။

ဝုန်း...

အလွန်ပြင်းထန်သော အရှိန်အဝါတစ်ခုသည် ဝမ်ရှောင်၏ခန္ဓာကိုယ်အတွင်းသို့ ဖောက်ဝင်သွားသည်။ သူ့ကို မဟာလမ်းစဉ်က ကာကွယ်ပေးထား၏။ သူ့ထံမှနေ၍ ကြောက်မက်ဖွယ် မဟာလမ်းစဉ်လှိုင်းများ ထွက်ပေါ်လာပြီး အရာအားလုံးကို ရိုက်ခတ်သွားသည်။ တစ်ချိန်တည်းမှာပင် သူ၏ခန္ဓာကိုယ်သည် လေပေါ်သို့ မြောက်တက်သွားပြီး မြင့်မားသော ကောင်းကင်ထက်သို့ ပျံသန်းသွားကာ သူ့ကို ကန့်သတ်ထားသော စစ်မြေပြင်အတွင်းမှ ထွက်ရန် ကြိုးစားလိုက်သည်။

သူသည် ထိုနေရာတွင် ဆက်၍ မနေနိုင်တော့ပေ။ ထိုနေရာတွင် သူသည် မဟာအင်ပါယာများ၏စွမ်းအားကို အကုန်ထုတ်၍မရသလို အားသာချက်များကိုလည်း အကုန်ထုတ်သုံး၍ မရပေ။

ဝမ်ရှောင်သည် အလွန်လျင်မြန်သောအရှိန်ဖြင့် နတ်ဆိုးဘုံမှ မဟာစစ်တပ်ရှိရာဘက်သို့ ပျံသန်းနေသည်။ သူသည် နတ်ဆိုးဘုံမှ မဟာမိတ်အင်အားစုများ အခြေချထားသည် ကုန်းမြေအပိုင်းတွင် စစ်ပွဲကို ပြန်စလိုနေကြောင်း ထင်ရှားပေသည်။ သို့ဆိုလျှင် သူသည် မဟာအင်ပါယာအဆင့်လက်နက်၏ စွမ်းအားအကုန် ထုတ်သုံးခဲ့လျှင်ပင် ဖျက်ဆီးခံလိုက်ရသူများမှာ နတ်ဆိုးဘုံမှ ကျင့်ကြံသူများသာ ဖြစ်ပေလိမ့်မည်။

ထိုမတိုင်ခင်က မည်သည့်ဘက်ကမှ တိုက်ခိုက်ရာတွင် သည်းကြီးမည်းကြီး မတိုက်ခိုက်ခဲ့သေးပေ။ မဟုတ်လျှင် နှစ်ဘက်စလုံးမှ လူများ ပို၍ သေဆုံးခဲ့မည်ဖြစ်သည်။ သို့သော် ယခုတွင် သေမင်းသည် သူတို့အထက်တွင် ရှိနေရာ နတ်ဆိုးဘုံဘက်မှ ဘုံသုံးခုလုံးမှ ကျင့်ကြံသူများသည် ကောင်းကင်ဒေသ၏စစ်မြေပြင်တွင် စိုးရိမ်မှုကင်းကင်းဖြင့် သတ်ဖြတ်နေကြ၏။ ဝမ်ရှောင်သည် သူတို့၏ အဆင်အခြင်ကင်းမဲ့စွာ သတ်ဖြတ်မှုအတွက် သူတို့ကို ပြန်လည်ပေးစပ်စေလိုနေသည်။

ထို့ပြင် အရေးပါသော အခြား အကြောင်းတစ်ခုလည်း ရှိပေသေးသည်။ အမှန်တွင် ထျန်းယန်မြို့သခင်သည် ချောင်ပိတ်မိသည့်အခြေအနေကို ရှောင်နိုင်ရန်အတွက် ဝမ်ရှောင်ကို စစ်မြေပြင်တွင် အလွန်မရက်စက်ရန် မှာကြားထားခဲ့ပေသည်။ သူတို့သည် မဟာအင်ပါယာအဆင့် အင်အားစုတစ်စုလည်း မဟုတ်သေးသလို အရှင်ဒွန်ဟောင်၏ တိုက်ရိုက်အုပ်ချုပ်မှုအောက်တွင်လည်း မရှိသည် မဟုတ်ပါလော။ အကယ်၍ သူတို့သည် လူပေါင်းများစွာကို သတ်ခဲ့လျှင် အနာဂတ်တွင် နောက်ဆက်တွဲဆိုးကျိုးဖြင့် ရင်ဆိုင်ရမည်ဖြစ်သည်။

ထို့ပြင် သူသည် လောက၏ အဆင့်မြင့်အပိုင်းမှ အမှန်တရားကို သိပေသည်။ လက်ရှိတွင် လောကကို ထိန်းချုပ်ထားနိုင်သော မဟာအင်ပါယာများသည် ညီညွတ်မှုရှိသည့် မဟာအင်ပါယာနှစ်ပါး ထွက်ပေါ်လာမည်ကို လက်ခံနိုင်ကြမည်မဟုတ်ပေ။ သို့ဆိုလျှင် လောက၏မျှချေ ပျက်ပြားသွားပေလိမ့်မည်။

အနာဂတ်တွင် ဝမ်ရှောင်သာ မဟာအင်ပါယာတစ်ပါးဖြစ်လာပါက သူသည် အရှင်ဒွန်ဟောင်၏ အုပ်ချုပ်မှုအောက်တွင် နေမည့်အစား ကောင်းကင်ဒေသမှ ထွက်ခွာကာ အခြားတစ်နေရာတွင် အခြေချရမည်ဖြစ်သည်။ အတိတ်မှ အင်ပါယာရီချင်၏သေဆုံးမှုသည် သင်ခန်းစာဖြစ်သလို သတိပေးချက်လည်းဖြစ်သည်။

ထိုစဉ်တွင် ရီဖူရှင်းသည် ဟင်းလင်းပြင်ထဲရှိ တစ်နေရာတွင်ပင် ရှိနေသေးသည်။ သူ့ကို မခန့်မှန်းနိုင်၊ ခြေရာမခံနိုင်ပေ။ သူ၏တည်ရှိမှုကို မမြင်နိုင်ချေ။ မည်သို့ပင်ဖြစ်စေ ရှန်းယန်ဗုဒ္ဓအရှင်သည် ရီဖူရှင်းရှိသောနေရာကို အတည်ပြုရန် ကြိုးစားနေဆဲပင်ဖြစ်သည်။ ရီဖူရှင်းသည် ဝမ်ရှောင်နောက်သို့ လိုက်မသွားဘဲ ဤနေရာတွင်သာ ဆက်ရှိနေသည်ကို သူတွေ့ခဲ့ရသည်။

“သူ ထွက်မသွားဘူး”

ရှန်းယန်ဗုဒ္ဓအရှင်က အခြားသူများကို ပြောလိုက်သည်။ ရုတ်တရက် သူသည် ထျန်းယန်မြို့သခင်ကို ငုံ့ကြည့်ကာ ပြောလိုက်သည်။

“သတိထား...”

ဝုန်း...

အံ့အားသင့်ဖွယ် အဖျက်ဓားအလင်းတစ်ခုသည် ထျန်းယန်မြို့သခင်ကို တည့်တည့်ချိန်ရွယ်၍ ကျဆင်းလာသည်။ သို့သော် ထိုအခိုက်တွင် ဗုဒ္ဓတရားသံထွက်ပေါ်လာပြီး ကောင်းကင်နှင့်မြေကြီးအကြားတွင် ပဲ့တင်ထပ်သွားကာ ထျန်းယန်မြို့သခင်ကို ဝန်းရံပေးလိုက်သည်။ ဧရာမဗုဒ္ဓပုံရိပ်ကြီးတစ်ခု ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ် ဓားအလင်းကျဆင်းလာရာ ထိုဗုဒ္ဓပုံရိပ် ပျက်စီးသွားသည်။

ရီဖူရှင်းသည် ခေါင်းငုံ့၍ ကောင်းကင်အောက်မှ ကုန်းမြေကို တစ်ချက်ကြည့်လိုက်ပြီး ထျန်းယန်မြို့သခင်သည် ဒဏ်ရာအနည်းငယ် ရရှိသွားသည်ကို မြင်လိုက်ရသည်။ သူ၏အမြန်နှုန်းကို အခွင့်ကောင်းယူ၍ ထျန်းယန်မြို့သခင်ကိုသတ်ရန် အခွင့်အရေးကောင်း တစ်ခုဖြစ်ခဲ့သင့်ပေသည်။ သို့သော် နောက်ဆုံးအချိန်တွင် ထုံချန်းဗုဒ္ဓအရှင်၏ ဝင်နှောင့်ယှက်မှုက အရာအားလုံးကို ဖျက်ဆီးသွားခဲ့၏။

ထုံချန်းသည် ထိုသို့ ကယ်ပေးခဲ့ခြင်းမှာ ရင်ထဲတွင် စိတ်ကောင်းရှိ၍မဟုတ်သလို ကရုဏာတရားက လှုံ့ဆော်၍လည်း မဟုတ်ပေ။ သူ ထျန်းယန်မြို့သခင်ကို ကူညီခဲ့ရသည့် အကြောင်းမှာ ရီဖူရှင်းနှင့် ထျန်းယန်မြို့သခင်တို့သည် ရန်သူများဖြစ်ကြပြီး တစ်ဦးနှင့်တစ်ဦး လုံးဝဆန့်ကျင်ဘက်တွင် ရှိနေကြ၍ဖြစ်သည်။

ရီဖူရှင်း ပျောက်ကွယ်သွားကာ ထွက်ခွာသွားသည်။

“ကျေးဇူးအများကြီးတင်ပါတယ် ဗုဒ္ဓအရှင်...”

ထျန်းယန်မြို့သခင်က ထုံချန်းဗုဒ္ဓအရှင်ကို ပြောလိုက်သည်။ သူသည် ရီဖူရှင်း၏တိုက်ခိုက်မှုကို ကာကွယ်ရန် သူ့ကိုယ်သူ လုံလောက်အောင် သန်မာသည်ဟု ထင်သော်လည်း ထုံချန်း၏ ကူညီပေးမှုသည် သူ့အတွက် ကြင်နာမှုကို ပြလိုက်ခြင်းပင်ဖြစ်ပေသေးသည်။

“ကိုယ်တော့်ကို ကျေးဇူးတင်စရာမလိုပါဘူး မြို့သခင်... ဒီကလေးက ဗုဒ္ဓလမ်းစဉ်ရဲ့ တန်ခိုးတော်ခြောက်ပါးထဲက တစ်ပါးကို ကျင့်ကြံထားတာပါ။ အဲဒါကို ရင်ဆိုင်နိုင်ဖို့ နည်းနည်းခက်တယ်။ ဒီတစ်ခေါက် ပြဿနာတွေ ဖြစ်လာရတာမှာ ဗုဒ္ဓဂိုဏ်းရဲ့ တာဝန်လည်း မကင်းဘူး”

ထုံချန်းဗုဒ္ဓအရှင်က ပြောလိုက်သည်။ သူ့ကို ဗုဒ္ဓအလင်းက ဝန်းရံထားပေသည်။ သူသည် အမှန်စစ်စစ် ကရုဏာကြီးသူတစ်ယောက်ဟုပင် ထင်ရပြီး ရီဖူရှင်းမှာ ဗုဒ္ဓဂိုဏ်း၏ တာဝန်မကင်းသော အပြစ်သားတစ်ယောက်ဖြစ်ကာ သူက ဗုဒ္ဓဂိုဏ်းကိုယ်စား အပြစ်ရှိသလို ခံစားနေရသည့်ဟန်ဖြင့် ပြောနေလေသည်။

ဝမ်ရှောင်သည် ရှေ့သို့ ဆက်ပျံသန်းနေသည်။ သို့သော် ထိုအခိုက်တွင် သူသည် အန္တရာယ်များသည့် တစ်စုံတစ်ခုကို အာရုံခံမိလိုက်သည်။ သူမျက်မှောင်ကြုတ်သွားပြီး မျက်နှာပျက်သွားသည်။ သူ့အနောက်တွင် ကောင်းကင်နတ်ဘုရားတစ်ပါး၏ ဝိညာဉ်ပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်တုန်ဟည်းနတ်တူ၏ တုန်လှုပ်ဖွယ်စွမ်းအားသည် အပြင်သို့ ပြန့်ကားသွားသည်။ အကယ်၍ သူ အလစ်တိုက်ခိုက်ခံရလျှင်ပင် သူသည် ထိုအလစ်တိုက်ခိုက်မှုကို ခုခံနိုင်လိမ့်မည်ဟု ယုံကြည်နေ၏။

သူ့လက်ထဲတွင် ကောင်းကင်တုန်ဟည်းနတ်တူကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး ထိုတူမှနေ၍ ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခု ထွက်နေ၏။

ထိုအခိုက်တွင် သူ့အနောက်တွင် လူရိပ်တစ်ခု ထွက်ပေါ်လာ၏။

ဟင်းလင်းပြင်ထဲတွင် ကြောက်မက်ဖွယ် ဧရာမလက်ဝါးရာကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး တုန်ခါလှိုင်းများကို ဖြတ်ကျော်ကာ သူ့ထံသို့ တိုက်ရိုက်ဝင်သွား၏။ ထိုအချိန်တွင် ဝမ်ရှောင်သည် နောက်လှည့်ကာ တူဖြင့် အားကုန်ထုချလိုက်သည်။ သူသည် ထိုအဖြစ်အပျက်ကို မျှော်လင့်ထားသကဲ့သို့ပင်။

မဟာအင်ပါယာအရှိန်အဝါသည် အရာအားလုံးကို ဖိနှိပ်သွားပြီး ၎င်းဖြတ်သန်းသွားရာနေရာတိုင်းသည် ပျက်စီးပြိုလဲသွားသည်ဟု ထင်လိုက်ရသည်။ ထိုမြင်ကွင်းသည် လွန်စွာ ကြောက်မက်ဖွယ်ကောင်းပေသည်။ များစွာသော တုန်ခါလှိုင်းများ ထွက်ပေါ်လာပြီး သူ့ရှေ့ရှိ အရာအားလုံးကို ဖျက်ဆီးသွား၏။

သို့သော် ရီဖူရှင်းကို မည်သည့်နေရာတွင်မှ မတွေ့ရသေးပေ။

အစောက ဝမ်ရှောင်၏တိုက်ခိုက်မှုသည် မရှိခဲ့သော တိုက်ခိုက်မှုတစ်ခုဟုပင် ထင်ရ၏။

ရုတ်တရက် ဝမ်ရှောင်၏ပတ်ပတ်လည်တွင် ရီဖူရှင်း၏ ဝိညာဉ်ပုံရိပ် အများအပြား ထွက်ပေါ်လာသည်။ ပုံရိပ်တစ်ခုချင်းစီကို ဗုဒ္ဓအလင်းက ဝန်းရံထားပြီး ၎င်းတို့သည် ဗုဒ္ဓတစ်ပါးအဖြစ် ပြန်မွေးဖွားလာသကဲ့သို့ပင် ထင်ရပေသည်။ ဗုဒ္ဓတရားသံသည် ကောင်းကင်နှင့် မြေကြီးအကြားတွင် ပဲ့တင်ထပ်နေပြီး ကြောက်မက်ဖွယ် ဗုဒ္ဓချိပ်စည်းများသည် အောက်ဘက်ရှိ ဝမ်ရှောင်ထံသို့ ကျဆင်းလာကြသည်။

“ငါ့အတွက် အဲဒါတွေကို ဖျက်ဆီးပေးပါ”

ဝမ်ရှောင်၏လက်အတွင်းရှိ ကောင်းကင်တုန်ဟည်းနတ်တူသည် ဟင်းလင်းပြင်ထံသို့ ပြင်းထန်စွာ ထုချလိုက်ပြီး အဖျက်မုန်တိုင်းသည် နောက်တစ်ကြိမ် ထပ်မံ ရိုက်ခတ်သွား၏။ ဤတစ်ကြိမ်တွင် နေရာအနှံ့ရှိ ဝိညာဉ်ပုံရိပ်အားလုံးသည် ရိုက်ခတ်ခံလိုက်ရပြီး ဖျက်ဆီးခံလိုက်ရကာ ပျောက်ကွယ်သွားကြ၏။

ထိုသို့လုပ်ခြင်းသည် အသုံးမဝင်သေးကြောင်း ထင်ရှားပေသည်။ မဟာအင်ပါယာအဆင့်လက်နက်၏ အကူအညီကို ရရှိထားသော ဝမ်ရှောင်သည် လွန်စွာစွမ်းအားကြီးပြီး ဒုတိယကောင်းကင်ကပ်ဘေးအဆင့်ထက်ပင် သာလွန်ပေသည်။ နတ်ဘုရားတစ်ပိုင်းအဆင့်ရှိသူများပင် သူနှင့် ထိပ်တိုက် ရင်မဆိုင်နိုင်သေးပေ။

ရီဖူရှင်း၏ ပြိုင်ဘက်ကင်းတန်ခိုးကြောင့်သာ မဟုတ်လျှင် သူသည် မဟာအင်ပါယာအဆင့်လက်နက်နှင့်ဝမ်ရှောင်ကို လိုက်သတ်ရန် မဆိုထားနှင့် ရင်ဆိုင်ရန်ပင် တတ်နိုင်မည်မဟုတ်ပေ။

ဝမ်ရှောင်သည် ထိုဝိညာဉ်ပုံရိပ်များစွာကို ဖျက်ဆီးပြီးသွားသောအခါ ရှေ့သို့ ဆက်၍သွားလိုက်သည်။ ရီဖူရှင်းသည် သူ၏လှုပ်ရှားမှုတွင် ပြိုင်ဘက်ကင်းသော်လည်း ဝမ်ရှောင်၏အနီးသို့ ကပ်မလာနိုင်ပေ။ ပို၍ အရေးကြီးသည်မှာ သူသည် အချိန်တိုင်းတွင် ဝမ်ရှောင်၏ မဟာအင်ပါယာလက်နက်နှင့် အထိမှန်မခံရရန် သတိထားနေရပေသည်။

ဝမ်ရှောင်သည် ရှေ့သို့ ဆက်၍ပျံသန်းနေပြီး ရီဖူရှင်းသည် သူ့ရှေ့တွင် မပြတ်ပေါ်လာနေသော်ငြား သူ တဒင်္ဂပင် မရပ်တန့်ခဲ့ချေ။ ကောင်းကင်တုန်ဟည်းနတ်တူသည် ထပ်ခါ၊ ထပ်ခါ တိုက်ခိုက်နေသော်လည်း ၎င်း၏ ပစ်မှတ်ကို ထပ်ခါ၊ ထပ်ခါ လွဲချော်ခဲ့ပေသည်။ တူချက်တိုင်းသည် ကြောက်မက်ဖွယ် အဖျက်စွမ်းအားကို ထုတ်လွှတ်ခဲ့၏။ အကယ်၍ တစ်စုံတစ်ယောက်သာ ထိုနေရာတွင် ရှိနေခဲ့ပါမူ သူသည် ထိုတူချက်၏အဟုန်ကြောင့် သေဆုံးသွားမည်ဖြစ်သည်။

ရီဖူရှင်းသည် အနီးသို့ တန်း၍ကပ်သွားနိုင်မည့် နည်းလမ်းကို ရှာမတွေ့နိုင်ဖြစ်နေသည်။ သို့သော် ဝမ်ရှောင်သည်လည်း ထို့အတူပင်ဖြစ်သည်။ ထိုအချိန်တွင် သူသည် လွန်စွာရန်လိုနေပြီး သူအလိုရှိသည်မှာ အရာအားလုံးကို ဖျက်ဆီးပစ်ရန်သာဖြစ်သည်။ သူသည် တစ်နေရာတွင် သူ၏သေလောက်သည့် တိုက်ကွက်ကို စရန် ဆုံးဖြတ်ထားသည်။

နောက်ဆုံးတွင် သူတို့သည် နတ်ဆိုးဘုံ၏ မဟာစစ်တပ်အခြေချထားသော ကုန်းမြေသို့ ရောက်ရှိလာခဲ့သည်။ ထိုအခိုက်တွင် ဝမ်ရှောင်သည် မည်သည်ကိုမှ ကြောက်ရန်မလိုတော့ပေ။ သူသည် ဟင်းလင်းပြင်အထက်တွင် ရပ်လိုက်၏။ အင်ပါယာအရိပ်တစ်ခု ထွက်ပေါ်လာကာ သန်းထောင်ချီသော တုန်ခါလှိုင်းများသည် အပြင်သို့ ပျံ့နှံ့သွားပြီး အဝေးသို့ ရောက်ရှိသွားကြသည်။ ထို စွမ်းအားကြီးသော ဧရာမကောင်းကင်နတ်ဘုရား ဝိညာဉ်ပုံရိပ်ကြီးသည် ကောင်းကင်တုန်ဟည်းနတ်တူကို မြှောက်လိုက်ပြီး နတ်ဆိုးဘုံမှ ကျင့်ကြံသူများ စုရုံးနေသော ကုန်းမြေဘက်သို့ မျက်နှာမူလိုက်သည်။

ထိုကောင်းကင်တုန်ဟည်းနတ်တူကို ထုချလိုက်သည်နှင့် တစ်ပြိုင်နက် နတ်ဆိုးဘုံ၏ မဟာစစ်တပ် ပျောက်ကွယ်သွားနိုင်၏။ သို့ဆိုလျှင် ထျန်းယန်မြို့သည် အဓိကဘုံကြီးသုံးခုနှင့် ရန်သူဖြစ်သွားပေလိမ့်မည်။

သို့သော် ယခုတွင် အဓိကဘုံသုံးခုသည် ရီဖူရှင်းနှင့် အင်အားပူးပေါင်းကို သူ့အသက်ကိုနှုတ်ရန် ကြံရွယ်နေကြသည်။ ထို့ကြောင့် သူ့တွင် မည်သို့အခြားရွေးချယ်စရာ ရှိမည်နည်း။ သူသည် ရီဖူရှင်းကို ထိပ်တိုက်ရင်ဆိုင်ကာ အနိုင်မယူနိုင်မည့် ကံကြမ္မာပါလာသဖြင့် သူသည် ထိုလူများကို သတ်ပစ်ကာ သရေအနေအထားကို ဖျက်ဆီးပစ်ရပေမည်။

ထိုအခိုက်တွင် အာကာသတံခါးတစ်ချပ် ထွက်ပေါ်လာပြီး ဝမ်ရှေ့အရှေ့တွင် ကျင့်ကြံသူတစ်ယောက် ထွက်ပေါ်လာကာ သူ့လမ်းကို ပိတ်လိုက်လေသည်။

ထိုသူကား ဗလာနတ္တိဘုံမှ မိစ္ဆာသူတော်စင် မော့ချင်းကော ဖြစ်သည်။

ဝမ်ရှောင်သည် သူ့ကိုကြည့်လိုက်၏။ မော့ချင်းကောသည် ဗလာနတ္တိဘုံ၏ မိစ္ဆာသူတော်စင်ဖြစ်သဖြင့် အံ့အားသင့်ဖွယ် သန်မာပေသည်။ သူသည် ဗလာနတ္တိဘုံရှိ စွမ်းအားအကြီးဆုံးသူများထဲမှ တစ်ယောက်ဖြစ်သည်။

သို့သော် သို့ဖြစ်လျှင်ပင် ဝမ်ရှောင်သည် များစွာဂရုမစိုက်ပေ။ သူ့လက်ထဲတွင် ကောင်းကင်တုန်ဟည်းနတ်တူရှိနေလျှင် သူသည် မည်သူ့ကိုမှ ကြောက်ရန်မလိုပေ။ ထိုသူသည် ထိပ်တန်းနတ်ဆိုးသူတော်စင် ယန်ကွေ့ရီဖြစ်နေလျှင်ပင် သူယှဉ်တိုက်နိုင်မည်ဖြစ်သည်။

ရွှီး...

ကြောက်မက်ဖွယ် မဟာအင်ပါယာအရှိန်အဝါတစ်ခုသည် သူ့လက်ထဲရှိ ကောင်းကင်တုန်ဟည်းနတ်တူအတွင်းသို့ စိမ့်ဝင်သွား၏။ မော့ချင်းကောသည် ထိုအရာကို မြင်လိုက်သည်။ သူသည် ရှေ့သို့ လက်ဝါးချက် ရိုက်ထုတ်လိုက်သည်။ ရုတ်ခြည်းပင် အာကာသတံခါးများ အဆုံးမရှိ ထွက်‌ပေါ်လာပြီး ‌ရှေ့သို့ ထွက်သွားကာ ဝမ်ရှောင်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားနေကြ၏။

ဝမ်ရှောင်၏လက်ထဲရှိ ကောင်းကင်တုန်ဟည်းနတ်တူသည် သူ့အရှေ့သို့ ‌ရွေ့သွားပြီး အပြင်းအထန် ထုချလိုက်၏။ ကြောက်မက်ဖွယ် တုန်ခါလှိုင်းများသည် အာကာသတံခါးများထံသို့ အလျင်အမြန် ပျံဝင်သွားကြသည်။ သို့သော် တိုက်ခိုက်မှုသည် တွန့်ကွေးသွားပြီး တုန်ခါလှိုင်းများ ပြန်ကန်ထွက်လာသည်ကိုသာ တွေ့လိုက်ရသည်။ ၎င်းတို့သည် မော့ချင်းကောကို မထိမှန်သွားဘဲ အခြားဦးတည်ရာတစ်ဘက်သို့ ထွက်သွား၏။

မော့ချင်းကောထံမှနေ၍ အတုမဲ့ စွမ်းအားကြီးအရှိန်အဝါတစ်ခု ထွက်ပေါ်လာပြီး ထိုအဆုံးမဲ့အာကာပြင်ကို လွှမ်းခြုံသွားသည်။ အဝေးရှိ ရီဖူရှင်းသည်ပင် ဝမ်ရှောင်ကဲ့သို့ ထိုအရှိန်အဝါ၏ လွှမ်းခြုံမှုကို ခံလိုက်ရသည်။

“စက်ကွင်းလောက...”

ရီဖူရှင်းသည် ထိုမြင်ကွင်းကိုကြည့်၍ ရေရွတ်လိုက်သည်။ လောကအတွင်းရှိ အရာအားလုံးသည် ပြောင်းလဲနေပြီး ၎င်းတို့သည် ယခင်က ရှိခဲ့သည့် နဂိုအာကာပြင်တွင် ဆက်မရှိတော့ဘဲ အလုံးစုံကွဲပြားသော အာကာပြင်သို့ ရောက်ရှိသွားသည်ဟု ထင်ရပေသည်။

‌မော့ချင်းကော၏ အင်အားသည် အံ့အားသင့်ဖွယ်ကောင်းပြီး နတ်ဘုရားတစ်ပိုင်းအဆင့်သို့ပင် ရောက်ရှိနေပြီဖြစ်သည်။

ထိုအဆင့်ရှိသူတစ်ဦး၏ တိုက်ခိုက်စွမ်းအားသည် မဟာအင်ပါယာအဆင့်လက်နက်ကို ထိန်းချုပ်နိုင်သော ဝမ်ရှောင်၏တိုက်ခိုက်စွမ်းအားကို မမီနိုင်သော်လည်း သူ၏ စက်ကွင်းအသုံးအပြုနိုင်စွမ်းနှင့် လမ်းစဉ်အပေါ် သိမြင်းနားလည်မှုတို့သည် ဝမ်ရှောင်တစ်ယောက် ယှဉ်နိုင်ရန်ပင် မမျှော်လင့်နိုင်သော အရာများဖြစ်သည်။

“မဟာအင်ပါယာအဆင့်လက်နက်က ကူညီပေးနေတဲ့ ဒုတိယကပ်ဘေးအဆင့်တစ်ယောက်ကို  မင်းဘာသာမင်း သတ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ...”

မော့ချင်းကောက ပြောလိုက်သည်။

“ငါ မင်းကို ကူညီပေးမယ်... မင်းသူ့ကို သတ်နိုင်၊ မသတ်နိုင်ကတော့ မင်းရဲ့ အင်အားအပေါ်မှာပဲ မူတည်တယ်”

ရီဖူရှင်းသည် ထိုအခြင်းအရာကို သဘောပေါက်ပေသည်။ သူသည် မဟာအင်ပါယာအဆင့်လက်နက်ကို ပိုင်ဆိုင်ထားသော ဝမ်ရှောင်ကို သူ့ဘာသာ သတ်နိုင်လိမ့်မည်ဟု မထင်ပေ။ သူ့အနေဖြင့် ဝမ်ရှောင်ကို သေလိုက်သည့် တိုက်ခိုက်မှုဖြင့် တိုက်ခိုက်ဖို့ အခွင့်အလမ်းရနိုင်ရန် တစ်စုံတစ်ယောက်က ဝမ်ရှောင်ကို အာရုံလွှဲထားရန် လိုအပ်ပေသည်။

နတ်ဆိုးဘုံနှင့် အခြားအဓိကဘုံကြီးနှစ်ခုသည် သူနှင့်ပူးပေါင်းကာ ဤတိုက်ပွဲကို စတင်ခဲ့ခြင်းဖြစ်ပြီး ဝမ်ရှောင်သည် သူတို့၏ အဓိကပစ်မှတ်ဖြစ်ပေသည်။

ထိုအခိုက်တွင် တိုက်ပွဲအခြေအနေသည် သိသာနေ၏။ ဝမ်ရှောင်နှင့် မော့ချင်းကောတို့မှလွဲ၍ ကျင့်ကြံသူများအားလုံးသည် ကိုယ့်တိုက်ပွဲနှင့်ကိုယ် အလုပ်များနေ၏။ ရီဖူရှင်းသာ မရှိလျှင် မော့ချင်းကောသည် အရေးနိမ့်နိုင်၏။ သူသည် မည်သည့်အဆင့်သို့ရောက်နေသည်ဖြစ်စေ ဝမ်ရှောင်ကဲ့သို့ စွမ်းအားကြီး အဖျက်စွမ်းအားကို မပိုင်ဆိုင်ပေ။

သို့သော် ယခုတွင် သူ့ဘက်၌ ရီဖူရှင်းရှိနေသဖြင့် ပြောင်းလဲမှု အချို့ရှိလာပြီဖြစ်သည်။

ရီဖူရှင်းသည် ဝမ်ရှောင်ကို မတားဆီးနိုင်သော်လည်း သူ၏ဗုဒ္ဓရောင်ဝါခြေလှမ်းဖြင့် ဝမ်ရှောင်ကို မပြတ် အလစ်ဝင်တိုက်ကာ နှောင့်နှေးအောင်လုပ်နိုင်၏။ ယခုတွင် မိစ္ဆာသူတော်ဝင် မော့ချင်းကောလည်း ရှိနေပြီဖြစ်ရာ ထိုတိုက်ပွဲသည် မည်သို့ဖြစ်လာမည်ကို မည်သူမှ မပြောနိုင်ချေ။

“ကောင်းပါပြီ...”

ရီဖူရှင်းသည် သူ၏ကမ်းလှမ်းချက်ကို မငြင်းလိုက်ဘဲ ခေါင်းညိတ်လိုက်သည်။

“မင်းတို့က နှစ်ယောက်ဆိုတော့ရော ဘာလုပ်နိုင်မှာမို့လို့လဲ”

ဝမ်ရှောင်သည် အေးစက်စက် တုံ့ပြန်လိုက်သည်။ ထိုစွမ်းအားကြီးကျင့်ကြံသူနှစ်ယောက်သည် သူ့ကိုသတ်ချင်တိုင်း သတ်နိုင်ပါမည်လော။

All Chapters