ပြတ်သွားသောလက်တစ်ဖက်
Vol. 185 Ch. 2639
ဤလောကထဲတွင် မဟာအင်ပါယာ၏ ဝိညာဉ်စွမ်းအားကို ပိုင်ဆိုင်သော ပြီးပြည့်စုံသည့် မဟာအင်ပါယာအဆင့်လက်နက်သည် ရှားပါးပေသည်။ သို့သော် ပို၍ရှားပါးသည်မှာ ထိုကဲ့သို့လက်နက်မျိုးကို အလုံးစုံထိန်းချုပ်နိုင်သည့်သူဖြစ်သည်။
လက်ရှိတွင် ကောင်းကင်ဒေသ၌ အရှင်ဒွန်ဟောင်မှလွဲ၍ ဝမ်ရှောင်သာလျှင် ပြီးပြည့်စုံသော မဟာအင်ပါယာအဆင့်လက်နက်များကို ပိုင်ဆိုင်ထားပြီး အလုံးစုံထိန်းချုပ်နိုင်စွမ်းရှိပေသည်။
ထိုသို့လုပ်နိုင်ရခြင်းမှာ ထျန်းယန်မြို့၏ ဝမ်ကလန်သည် အရှင်ထျန်းယန်၏ မျိုးဆက်များဖြစ်၍ ဖြစ်သည်။ အရှင်ထျန်းယန်သည် ချပ်ဝတ်လက်နက် မဟာအင်ပါယာတစ်ပါးပင်။ သူသည် လုံးဝ မပျောက်ကွယ်သွားသေးသဖြင့် ဤအခွင့်အရေးသည် ဝမ်ရှောင်ထံသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်၏။ ထိုကြောင့် ထျန်းယန်မြို့သခင်သည် ဝမ်ရှောင်ကို အဆုံးအစွန်အထိစွမ်းအားကြီးလာစေရန် နည်းမျိုးစုံဖြင့် လေ့ကျင်သင်ကြားပေးခဲ့ခြင်းပင်။ သူသည် ဝမ်ရှောင်အပေါ်တွင် မျှော်လင့်ချက်ကြီးစွာ ထားပေသည်။
ဗလာနတ္တိဘုံမှ မိစ္ဆာသူတော်စင် မော့ချင်းကောသည် စွမ်းအားကြီး အာကာသမဟာလမ်းစဉ်တွင် ဆရာတစ်ဆူဖြစ်ပြီး နတ်ဘုရားတစ်ပိုင်းအဆင့်အထိ ရောက်နေသူဖြစ်သည်။ သူသည် ဤအဆင့်သို့ရောက်ခါမှ ဤနေရာသို့လာ၍ ဝမ်ရှောင်ကို ဤကဲ့သို့ တိုက်ခိုက်လိုနေသည်လော။ အာကာသမဟာလမ်းစဉ်တွင် မကျွမ်းကျင်သူများသည် ထိုသို့လုပ်ဝံ့မည်မဟုတ်ပေ။
နတ်ဆိုးဘုံ၊ ဗလာနတ္တိဘုံနှင့် မှော်နက်လောကတို့တွင် ထိပ်တန်းနတ်ဆိုးသူတော်စင် ယန်ကွေ့ရီမှလွဲ၍ မဟာအင်ပါယာအဆင့်လက်နက်နှင့် ဝမ်ရှောက်ကို ထိပ်တိုက်ရင်ဆိုင်နိုင်သူမရှိသည် မဟုတ်ပါလော။
သို့သော် ဖုန်းရူသည်လည်း ခေသူမဟုတ်ပေ။ သူသည် ကောင်းကင်ဒေသမှ နတ်ဘုရားတစ်ပိုင်းအဆင့်ရှိသူဖြစ်သဖြင့် ယန်ကွေ့ရီကို ထိန်းထားနိုင်လေသည်။
ထိုအခိုက်တွင် ဤကျယ်ပြောသောအာကာပြင်သည် တွန့်ကွေးသွားသည်ဟု ထင်လိုက်ရသည်။ အာကာပြင်တစ်ခွင်လုံးသည် တွန့်လှုပ်ကာ တစ်နေရာသို့ ရွေ့လျားနေသည်။ ဝမ်ရှောင်၏ဘေးပတ်ပတ်လည်တွင်လည်း ထို့အတူပင်။ မော့ချင်းကောသည် သူ့ကို ဤနေရာရှိစစ်မြေပြင်မှနေ၍ တစ်နေရာသို့ ခေါ်သွားနေကြောင်း သူသိပေသည်။ ယခု သူရှိနေသော အာကာပြင်သည် မော့ချင်းကော၏ မဟာလမ်းစဉ်စက်ကွင်းဖြစ်နေပြီး သူတို့ မူလက ရှိနေခဲ့သည့် အာကာပြင်မဟုတ်တော့ပေ။
သို့သော် ဝမ်ရှောင်သည် မစိုးရိမ်ပေ။ ဤနေရာနှင့် အဝေးမှာဆိုလျှင် သူသည် မဟာအင်ပါယာအဆင့်လက်နက်၏ အစွမ်းကို အကုန်ထုတ်၍ တိုက်ခိုက်နိုင်၏။
သူ့လက်ထဲရှိ ကောင်းကင်တုန်ဟည်းနတ်တူသည် တုန်ခါလှိုင်းများ တစ်လှိုင်းပြီးတစ်လှိုင်းထုတ်လွှတ်နေပြီး ထိုလှိုင်းများသည် ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့်မြေကြီးထံသို့ ပျံ့နှံ့သွားသည်။ ၎င်းတို့သည် မည်သည့်နေရာကိုမှ မချန်ခဲ့ဘဲ နေရာတစ်ခွင်လုံးကို လွှမ်းခြုံထား၏။ ယခင်က စစ်မြေပြင်တွင် သူသည် သူ၏စွမ်းအားအကုန်ထုတ်၍ မတိုက်ခိုက်ဝံ့ခဲ့ပေ။
သို့သော် ယခုတွင် ထိုသို့စိတ်ပူစရာများ မရှိတော့ချေ။
“မင်းတို့ကပဲ ပိုပြီးမြန်မလား... ကောင်းကင်တုန်ဟည်းနတ်တူရဲ့ တိုက်ခိုက်မှုကပဲ ပိုပြီးကျယ်ပြန့်နိုင်မလားဆိုတာ ကြည့်ကြတာပေါ့”
ဝမ်ရှောင် စိန်ခေါ်လိုက်သည်။ ကောင်းကင်တုန်ဟည်းနတ်တူ၏ တိုက်ခိုက်မှုသည် အလွန်ကျယ်ပြောသော အဝန်းအဝိုင်းကို လွှမ်းခြုံနိုင်၏။ ၎င်းသည် အကန့်အသတ်မဲ့ အာကာပြင်ကိုပင် ဖောက်ထွင်းသွားနိုင်သည်။ သူ့ရှေ့မှ နှစ်ဦးသည် ထိုတိုက်ခိုက်မှုကို မည်သို့လွတ်အောင်လုပ်မည်ကို သူသိလိုနေသည်။
မဟာအင်ပါယာဝိညာဉ်ပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး နတ်အရှိန်အဝါသည် ဤအာကာပြင်ကို လွှမ်းမိုးသွားသည်။ ဝမ်ရှောင်သည် ကောင်းကင်နတ်ဘုရားနှင့် ပေါင်းစည်းသွားသည်ဟု ထင်ရပြီး ကောင်းကင်တုန်ဟည်းနတ်တူကို မြှောက်ကာ လွန်စွာကြောက်မက်ဖွယ်ကောင်းသော တုန်ခါလှိုင်းများကို တစ်လှိုင်းပြီးတစ်လှိုင်း ထုတ်လွှတ်လိုက်သည်။ ၎င်းတို့သည် အဆုံးမရှိသကဲ့သို့ပင်။ သူ့ခန္ဓာကိုယ်သည် အနည်းငယ် ချာလည်လည်သွားပြီး နတ်တူသည် လှည်ပတ်ကာ ရှေ့သို့ ပျံထွက်သွား၏။
ဤတစ်ကြိမ် တိုက်ခိုက်မှုသည် တစ်နေရာတည်းကို ပစ်မှတ်ထားခြင်းမဟုတ်ဘဲ ဦးတည်ရာအားလုံးကို ချိန်ရွယ်ထားခြင်းဖြစ်ကာ စက်ဝန်းပုံစံ တုန်ခါလှိုင်းများဖြစ်ပေါ်လာပြီး နေရာအနှံ့သို့ တလိပ်လိပ် ထွက်သွား၏။ အာကာပြင်မှနေ၍ ခပ်အုပ်အုပ်ထိခတ်သံတစ်သံ ထွက်ပေါ်လာပြီး အက်ကြောင်းများပင် စတင်ဖြစ်ပေါ်လာကာ ကြောက်စရာမြင်ကွင်းတစ်ခုကို ဖန်တီးလိုက်သည်။ အာကာပြင်သည် လွန်စွာ မတည်မငြိမ်ဖြစ်နေပုံပေါ်ပြီး ဖျက်ဆီးခံလိုက်ရကာ ပြိုပျက်သွားသည်။
ကွဲပြားသော နေရာနှစ်ခုတွင်လည်း ထိုကဲ့သို့ တူညီသောမြင်ကွင်းမျိုး ထပ်မံဖြစ်ပေါ်လာသည်။ မော့ချင်းကောနှင့် ရီဖူရှင်းသည် တစ်ချိန်တည်း နောက်ဆုတ်လိုက်ကြပြီး သူတို့အနောက်တွင် အာကာသတံခါးများ ထွက်ပေါ်လာသည်။ အာကာသတံခါးတစ်ချပ်ချင်းစီသည် တစ်ချပ်နှင့်တစ်ချပ် ဝေးကွာပေသည်။ သူတို့သည် ထိုတံခါးများကို ထပ်ခါ ထပ်ခါ ဖြတ်သန်းပြီးသွားသောအခါ အဝေးနေရာတစ်ခုသို့ ရောက်သွားကြ၏။
သို့သော် အဖျက်တုန်ခါလှိုင်းများသည် သူတို့နောက်သို့ လိုက်လာကြပြီး ၎င်းလှိုင်းများ ဖြတ်သန်းသွားရာတစ်လျှောက်တွင် သက်ရှိများအားလုံး သေကြေပျက်စီးသွားကြသည်။ မကြာခဏဆိုသလို မဆိုင်သော ကျင့်ကြံသူအချို့သည် တုန်ခါလှိုင်းများ၏ ရိုက်ခတ်ခြင်းကို ခံခဲ့ကြရ၏။ သူတို့သည် ယင်းတို့ကို သတိမပြုမိဘဲ ဟင်းလင်းပြင်ကို ဖြတ်သွားကြသူများဖြစ်သည်။ သူတို့၏ခန္ဓာကိုယ်များသည် ရုတ်ခြည်း ပျက်စီးကာ အငွေ့ပျံသွားကြသည်။ သူတို့သည် သူတို့၏အဆုံးသတ်နှင့် မည်သို့တွေ့ကြုံခဲ့သည်ကိုပင် မသိလိုက်ကြပေ။
အောက်ဘက်တွင် ကောင်းကင်ဒေသ၏ ကုန်းမြေတစ်ခုရှိပေသည်။ တိုက်ခိုက်မှုကျဆင်းလာသောအခါ ကုန်းမြေပေါ်ရှိ မရေမတွက်နိုင်အောင်များပြားသော ကျင့်ကြံသူများ သေဆုံးသွားကြ၏။ ကုန်းမြေတစ်ခုလုံးသည် ပြင်းထန်စွာ ကွဲအက်သွားပြီး တုန်ခါလှိုင်းများကြောင့် အစိတ်စိတ်အမွှာမွှာဖြစ်သွား၏။ လျှပ်တစ်ပြက်အတွင်းမှာပင် ကျင့်ကြံသူ အမြောက်အမြားသည် ထိုကဲ့သို့ပင် သေဆုံးသွားပေသည်။
ထိုမျှသာ ဖြစ်သွားခြင်းမှာ ထိုနေရာသည် ဝမ်ရှောင်တို့နှင့် အလွန်ကွာဝေးသဖြင့် တိုက်ခိုက်စွမ်းအားသည် အနည်းငယ် အားနည်းသွား၍ ဖြစ်သည်။ မဟုတ်လျှင် ရလဒ်သည် ထိုထက် များစွာဆိုးရွားသွားနိုင်၏။
ရီဖူရှင်းသည် လူသူကင်းရှင်းသော နေရာတစ်ခုသို့ ဆုတ်ခွာသွားပြီဖြစ်သည်။ သူသည် အောက်ဘက်ရှိ ကုန်းမြေကို တစ်ချက်ကြည့်လိုက်ပြီး ထိုဆိုးရွားသောရလဒ်ကို မြင်လိုက်လေသည်။ သူ့ရင်ထဲတွင် လှုပ်ခတ်မှုတစ်ခု ဖြစ်သွား၏။ မဟာအင်ပါယာအဆင့်လက်နက်၏ အဖျက်စွမ်းအားသည် အလွန်ကြောက်မက်ဖွယ်ကောင်းပေသည်။ ဝမ်ရှောင်ထံမှ တိုက်ခိုက်မှုတစ်ခုသည် အသက်ပေါင်းများစွာ သေကြေပျက်စီးစေခဲ့သည်။
ထို့ပြင် မိစ္ဆာသူတော်စင် မော့ချင်းကောသည် ထိုသို့ဖြစ်လာနိုင်ကြောင်းကို ယခင်ကပင် တွေးခဲ့မိလောက်ပေသည်။ သို့သော် သူသည် ထိုကိစ္စကို အရေးစိုက်ပါမည်လော။ တိုက်ခိုက်မှုဒဏ်ကို ခံလိုက်ရသည်မှာ ကောင်းကင်ဒေသ၏ကုန်းမြေဖြစ်သည်။ အသတ်ခံလိုက်ရသူများမှာလည်း ကောင်းကင်ဒေသမှ ကျင့်ကြံသူများဖြစ်သည်။ ထို့ပြင် သူတို့သည် ဝမ်ရှောင်၏ သတ်ဖြတ်မှုကို ခံခဲ့ရခြင်းပင်။ ထို့ကြောင့် မော့ချင်းကောသည် ထိုကိစ္စမှာ သူနှင့်မဆိုင်ဟု ခံစားရပေလိမ့်မည်။
ဝမ်ရှောင်သည် သူရပ်နေသောနေရာတွင်သာ မလှုပ်မရှား ဆက်ရပ်နေသည်။ ထိုကြောက်မက်ဖွယ်တုန်ခါလှိုင်းများ ပျောက်ကွယ်သွားပေပြီ။ သို့သော် မော့ချင်းကောနှင့် ရီဖူရှင်းတို့ မည်သို့ဖြစ်သွားကြောင်းကို သူမသိသေးပေ။ ထိုပြင်းထန်သောတိုက်ခိုက်မှုသည် ထိုနှစ်ဦးကို အနိုင်ယူရန် လုံလောက်ပေသလော။
သူတို့သည် ၎င်းတိုက်ခိုက်မှုမှ လွတ်မြောက်သွားနိုင်လေသလော။
“ဟာ...”
ထိုအခိုက်တွင် ဝမ်ရှောင် မျက်မှောင်ကြုတ်သွားသည်။ သူသည် အားကောင်းသော အန္တရာယ်ကို ခံစားလိုက်ရပြီး သူ့လက်ထဲရှိ ကောင်းကင်တုန်ဟည်းနတ်တူကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။
သူသည် ထိုနှစ်ဦးကို အာရုံမခံနိုင်ပေ။ သူ၏ နတ်အာရုံကိုသုံး၍လည်း ထိုနှစ်ဦး၏ တည်နေရာကို အတည်မပြုနိုင်ပေ။
သူ၏ တိုက်ခိုက်စွမ်းအားသည် အံ့အားသင့်ဖွယ်ဖြစ်သော်လည်း သူ၏ပြိုင်ဘက်များသည် ခန့်မှန်း၍မရနိုင်သူများဖြစ်ပြီး ခြေရာခံ၍လည်း မရပေ။ ထိုခံစားချက်သည် အလွန်ခံရခက်သော ခံစားချက်ဖြစ်သည်။
သူ့အနေဖြင့် မဟာအင်ပါယာအဆင့်လက်နက်ဖြင့် အဆက်မပြတ် တိုက်ခိုက်မနေနိုင်ပေ။ ထိုကဲ့သို့ ပြင်းထန်သော တိုက်ခိုက်မှုမျိုးသည် သူ့ကို ပင်ပန်းစေရုံသာမကဘဲ ထိုတိုက်ခိုက်မှုသည် သူ့ပြိုင်ဘက်များကို မထိခဲ့လျှင် အဆက်မပြတ် ဆက်တိုက်ခိုက်နေခြင်းသည် အချည်းနှီးသာဖြစ်ပေလိမ့်မည်။ သူ ခြေကုန်လက်ပန်းကျသွားသည့်အချိန်မှ ထိုနှစ်ယောက်က ပြန်ရောက်လာနိုင်၏။
“ဗလာနတ္တိဘုံက မိစ္ဆာသူတော်စင်နဲ့ စီဝေ့အင်ပါယာနန်းတော်က နန်းတော်သခင်... ဒီလို လောကထိပ်သီးနှစ်ယောက်က ဘာလို့ သူရဲဘောကြောင်တဲ့ အပြုအမူတွေ လုပ်နေရတာလဲ”
ဝမ်ရှောင်က အေးစက်စွာပြောလိုက်သည်။
“မင်းသာ မဟာအင်ပါယာအဆင့်လက်နက်ကို ဖယ်ထားလိုက်ရင် မင်း ငါတို့နှစ်ယောက်ထဲက ကြိုက်ရာတစ်ယောက်ကို ရွေးပြီး တိုက်ခိုက်နိုင်တယ်”
အသံတစ်သံက ပြန်ပြောလိုက်သည်။ ထိုသူမှာ မော့ချင်းကောပင်။
မဟာအင်ပါယာအဆင့်လက်နက်ကို အားပြုနေခြင်းသည် အမှန်တကယ် အခွင့်ကောင်းယူထားခြင်းဖြစ်သည်။ ပြီးပြည့်စုံသော မဟာအင်ပါယာအဆင့်လက်နက်၏ အကူအညီဖြင့်ဆိုလျှင် တိုက်ခိုက်စွမ်းရည်သည် မည်မျှပင် တိုးတက်လာနိုင်သနည်း။
မဟာအင်ပါယာအဆင့်လက်နက်မပါလျှင် ဝမ်ရှောင်ကို အလွန်ဆုံး စစ်မြေပြင်မှ ထိပ်သီးကျင့်ကြံသူတစ်ဦးအဖြစ်သာ သတ်မှတ်နိုင်ပြီး အထွတ်အထိပ်အဆင့်တစ်ဦးအဖြစ် မသတ်မှတ်နိုင်ပေ။ သို့သော် သူ့ဘေးတွင် မဟာအင်ပါယာအဆင့်လက်နက်ရှိနေလျှင် သူသည် အားလုံး၏အထက်တွင် ရှိပေသည်။
“မော့ချင်းကော ဒီကို ပြန်ရောက်လာပြီ...”
ဝမ်ရှောင်သည် သူ့ဘာသာ တီးတိုးရေရွတ်လိုက်သည်။ သူက စ၍ ခနဲ့စကားဆိုခဲ့ခြင်းမှာ သူတို့ကို မျှားထုတ်လို၍ဖြစ်သည်။ ယခုတွင် မော့ချင်းကောသည် ပတ်ဝန်းကျင်ရှိ တစ်နေရာရာတွင် ပုန်းအောင်းနေကြောင်း သူသေချာသွားပေသည်။ ရီဖူရှင်းကိုမူ အရိပ်အယောင်ပင် မမြင်ရသေးချေ။
ဝှီး...
ထိုအခိုက်တွင် ဝမ်ရှောင်သည် သူရှိနေသောနေရာသည် အေးခဲသွားပြီး အရာအားလုံးသည် လုံးဝရပ်တန့်သွားလုနီးပါးဖြစ်နေသည်ဟု ခံစားလိုက်ရသည်။ ကြောက်မက်ဖွယ် အာကာသနတ်အလင်းသည် သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံသွားသည်။ တစ်ချိန်တည်းမှာပင် အတုမဲ့အာကာသနတ်အရောင်အဝါသည် ကောင်းကင်ထက်မှနေ၍ ဖြာကျလာပြီး အာကာပြင်ထဲရှိ နတ်အလင်းတန်းအားလုံးသည် အရာအားလုံးကို သတ်နိုင်သော ထက်ရှသည့် ဓားသွားများအဖြစ် ပြောင်းလဲသွားသည်။ ၎င်းတို့သည် သူ့ထံသို့ တိုက်ရိုက်ကျဆင်းလာသည်။
သူ့အရှေ့တွင် မော့ချင်းကော ထွက်ပေါ်လာပြီး မော့ချင်းကောအနောက်တွင် အာကာသတံခါးများ ထပ်မံထွက်ပေါ်လာလေသည်။ မော့ချင်းကောသည် သူတို့မတိုက်ခိုက်ရသေးခင်မှာပင် ထွက်ပြေးနိုင်မည့် လမ်းကို ကြိုတင်ပြင်ဆင်ထားပေသည်။ ဝမ်ရှောင်ထံတွင် မဟာအင်ပါယာအဆင့်လက်နက်ရှိသည် မဟုတ်ပါလော။ ထို့ကြောင့် အကြောင်းတစ်စုံတစ်ရာရှိလာလျှင် လွတ်လမ်းတစ်ခုကို ကြိုတင်ပြင်ဆင်ထားခြင်းသည် ပို၍မကောင်းပေလော။
အဆုံးမဲ့ နတ်အရောင်အဝါ ကျဆင်းလာသည်ကို မြင်လိုက်သောအခါ ဝမ်ရှောင်၏လက်ထဲရှိ ကောင်းကင်တုန်ဟည်းနတ်တူသည် ဟင်းလင်းပြင်ထဲသို့ ပျံထွက်သွားပြီး အဖျက်မုန်တိုင်းတစ်ခုသည် ရုတ်တရက် အရာအားလုံးကို ဖျက်ဆီးသွား၏။ ၎င်းသည် ချိပ်ပိတ်ထားသော အာကာပြင်ကို ကွဲအက်သွားစေပြီး သူတို့အရှေ့ရှိ အရာအားလုံးကို ဖျက်ဆီးသွား၏။
သို့သော် ရုတ်ခြည်းအတွင်းမှာပင် မော့ချင်းကောသည် ရှေ့သို့ လက်ညှိုးညွှန်လိုက်၏။
ဝမ်ရှောင်၏အမြင်တွင် ထိုလက်ညှိုးသည် ဆက်၍ကြီးထွားလာသည်။ ၎င်းသည် ကောင်းကင်နတ်ဘုရားများ၏ တိုက်ခိုက်မှုကဲ့သို့ပင်။ တိုက်ခိုက်မှု ကျဆင်းမလာသေးခင်မှာပင် သူသည် ၎င်း၏ အံ့အားသင့်ဖွယ် အဖျက်စွမ်းအားကို ခံစားလိုက်ရသည်။
“ခင်ဗျားက သေလမ်းရှာနေတာပဲ...”
ဝမ်ရှောင် တိတ်တဆိတ် မှတ်ချက်ပြုလိုက်သည်။ မော့ချင်းကောသည် သူနှင့် အနီးကပ်တိုက်ခိုက်ဝံ့ပေသည်။ ထို့ပြင် ထိုတိုက်ခိုက်မှုသည် မီးခိုးများ၊ ပုံရိပ်များဖြင့် ပုံရိပ်ယောင် တိုက်ခိုက်မှုမဟုတ်ဘဲ ထိပ်တိုက် တိုက်ခိုက်မှုဖြစ်သည်။ သို့ဆိုလျှင် မော့ချင်းကောသည် သူ၏တန်ပြန်တိုက်ခိုက်မှုကို ခံရပေလိမ့်မည်။ သူသည် လွတ်လမ်းကို စီစဉ်ထားသည်ဖြစ်စေ အလွန်စွန့်စားလိုက်ခြင်းသာဖြစ်သည်။
ကောင်းကင်တုန်ဟည်းနတ်တူသည် တုံ့ဆိုင်းခြင်းမရှိဘဲ ထိုလက်ချောင်းထံသို့ ပျံဝင်သွားသည်။ ဝမ်ရှောင်သည် မော့ချင်းကော၏တိုက်ခိုက်မှုကို လျှော့မတွက်ဝံ့ပေ။ နတ်တူကျဆင်းသွားပြီး တုန်ခါလှိုင်းမုန်တိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ သူ့ရှေ့ရှိ အရာအားလုံးကို ဖိနှိပ်သွား၏။ မော့ချင်းကောသည် ဤမျှ အတင့်ရဲလျှင် သူ့ကို တန်ကြေးပြန်ပေးခိုင်းရပေမည်။
“သတ်...”
ကောင်းကင်တုန်ဟည်းနတ်တူသည် တိုက်ခိုက်ရန် အားကောင်းသော စွမ်းအားဖြင့် ထုချလိုက်၏။ သူသည် တူချက် တစ်ချက်တည်းဖြင့် သတ်ရန် ကြံရွယ်ထားသည်။
သူ၏တိုက်ခိုက်မှု ကျဆင်းသွားသည်နှင့်တစ်ပြိုင်နက် သူသည် သူ့အနောက်မှ လွန်စွာအန္တရာယ်များသော အရှိန်အဝါတစ်ခုကို အာရုံခံမိလိုက်သည်။ သို့သော် ထိုအခိုက်တွင် ဝမ်ရှောင်သည် အရေးစိုက်မနေနိုင်ပေ။ သူ့ခေါင်းထဲတါင် အတွေးတစ်ချက် လက်သွားသည်။
သူ၏ ဖျက်ဆီး၍မရနိုင်သော နတ်ခန္ဓာသည် ရီဖူရှင်း၏တိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိခဲ့သည်။ ယခုတွင် မဟာအင်ပါယာအဆင့်လက်နက်ကြောင့် ခုခံစွမ်းရည်သည် ပို၍တိုးလာခဲ့ပြီဖြစ်သည်။ မဟာအင်ပါယာ၏ နတ်အရောင်အဝါသည် သူ့ကို ကာကွယ်ပေးနေသဖြင့် ရီဖူရှင်းသည် သူ့ကိုသတ်ရန် မဖြစ်နိုင်ပေ။ ဝမ်ရှောင်သည် ရှေးဦးစွာ သူတို့ထဲက တစ်ယောက်ကို ရှင်းပစ်ပြီးမှ ကျန်တစ်ဦးနှင့် ရင်ဆိုင်ရပေမည်။
ဤတိုက်ခိုက်မှုသည် မော့ချင်းကောကို သတ်ရန် အခွင့်အရေးကောင်းတစ်ခု ဖြစ်နိုင်၏။
သူထိုသို့တွေးနေစဉ်မှာပင် ကောင်းကင်တုန်ဟည်းနတ်တူကျဆင်းသွားပြီး လက်ချောင်းသည် ကွဲအက် ပျောက်ကွယ်သွားသည်။ ထိပ်တိုက် တိုက်ခိုက်မှုတွင် မော့ချင်းကောသည် ဝမ်ရှောင်ကို ယှဉ်နိုင်မည်မဟုတ်ပေ။ ကြောက်မက်ဖွယ် တုန်ခါလှိုင်းများသည် လျှပ်တစ်ပြက်အတွက် ပျံ့ကားရိုက်ခတ်သွားပြီး အရာအားလုံး ပျောက်ကွယ်သွားသည်။
မော့ချင်းကော၏ခန္ဓာကိုယ်သည် တံလျှပ်ကဲ့သို့ ဖြစ်သွားပြီး ပြန်ဆုတ်ခွာသွားသည်။ သူသည် အာကာသတံခါးထဲသို့ တွန်းထုတ်ခံလိုက်ရသကဲ့သို့ပင်။
သူသည် အာကာသတံခါးတစ်ချပ်ကို ဖြတ်သန်းသွားပြီး နောက်အခိုက်အတန့်တွင် ၎င်းတံခါးသည် တုန်ခါလှိုင်း၏ ရိုက်ခတ်မှုကို ခံလိုက်ရကာ အလုံးစုံဖျက်ဆီးခံလိုက်ရ၏။
ထိုအာကာသတံခါးများသည် တစ်ချပ်ပြီးတစ်ချပ် တစ်ချိန်တည်း လင်းလက်လာကြပြီး တစ်ချိန်တည်း ပျောက်ကွယ်သွားကြ၏။ ထိုမြင်ကွင်းသည် အလွန် ရင်သပ်ရှုမောဖွယ်ပင်။ ရုတ်ခြည်းအတွင်းမှာပင် အရာအားလုံး ပျောက်ကွယ်သွားပြီး တိတ်ဆိတ်ငြိမ်သက်သွား၏။ အကယ်၍ မော့ချင်းကောသာ အာကာသတံခါးများကို ဖြတ်သွားနေစဉ်တွင် မဟာအင်ပါယာလက်နက်၏ တုန်ခါလှိုင်း၏ ရိုက်ခတ်မှုကို ခံခဲ့ရပါက ထိုလှိုင်း၏အားသည် သူ့ကို ချက်ချင်းသတ်မပစ်နိုင်လျှင်ပင် အပြင်းအထန် ဒဏ်ရာရသွားစေမည်ဖြစ်သည်။
ဝုန်း...
ထိုအခိုက်တွင် ဝမ်ရှောင်သည် တုန်ရင်သွားပြီး ကြောက်မက်ဖွယ် နတ်ဓားတစ်ချောင်သည် သူ့အနောက်မှနေ၍ သူ့ထံသို့ ပျံဝင်လာကာ သူ၏ ခုခံစွမ်းအားကို ဖျက်ဆီးနေလေသည်။ ၎င်းသည် သူ၏နတ်ခန္ဓာအပေါ် ကျရောက်သွားပြီး မရေမတွက်နိုင်သော သင်္ကေတများမှ သင်္ကေတအလင်းများ တောက်ပလာကာ ထိုနတ်ခန္ဓာကို လွှမ်းခြုံသွား၏။ နတ်ဓားများစွာသည် တစ်ပြိုင်တည်းကျဆင်းလာပြီး ကောင်းကင်နှင့် နေမင်းကို ကာရံကာ မဟာအင်ပါယာဝိညာဉ်ပုံရိပ်ကြီးသည်ပင် ထိုနတ်ဓားများ၏ ဝါးမျိုမှုကို ခံလိုက်ရ၏။
ထိုကြောက်မက်ဖွယ် နတ်ဓားများသည် ဝမ်ရှောင်၏ ကျောကုံး၊ ဦးခေါင်း၊ လက်များ၊ ခြေထောက်များနှင့် ခါးတို့ကို ဖောက်ထွင်းသွားသည်။ သူ့တစ်ကိုယ်လုံးတွင် လွတ်သည့်နေရာတစ်နေရာပင် မရှိပေ။
“အား...”
ခပ်ဩဩအော်သံကြီးတစ်သံ ထွက်ပေါ်လာပြီး ဝမ်ရှောင်လဲကျသွားသည်။ သို့သော် ကောင်းကင်တုန်ဟည်းနတ်တူကို ကိုင်ထားသော သူ့လက်သည် အတောက်ပဆုံးအလင်းဖြင့် လင်းလက်လာသည်။
သို့သော် တစ်ချိန်တည်းမှာပင် ဝမ်ရှောင်သည် နတ်ဓားများအောက်တွင် နစ်မြုပ်သွားပြီး သူ့နားထဲတွင် မဟာလမ်းစဉ်နတ်အသံကို ကြားနေရကာ သူ၏ ပေါင်းစည်းနေသောအသိစိတ်အာရုံကို ဖျက်ဆီးနေလေသည်။ တစ်ချိန်တည်းမှာပင် ယင်ဓာတ်နတ်စွမ်းအား ကျူးကျော်ဝင်ရောက်လာပြီး အရာအားလုံး တိတ်ဆိတ်ငြိမ်သက်သွား၏။ ဝမ်ရှောင်သည် နားရန်ပင် အခွင့်အရေးမရခဲ့ဘဲ သူ့အပေါ်သို့ တိုက်ခိုက်မှုများ အဆက်မပြတ်ကြဆင်းနေလေသည်။
၎င်းတို့သည် ဝမ်ရှောင်၏ခန္ဓာကိုယ်ကိုသာ ဦးတည်တိုက်ခိုက်ခြင်းမဟုတ်ဘဲ သူ၏ စိတ်ဝိညာဉ်နှင့် အသိစိတ်အာရုံတို့ကိုလည်း တိုက်ခိုက်နေ၏။
ယင်ဓာတ်နတ်စွမ်းအား၏ အေးစက်သောချိပ်စည်းအောက်တွင် မဟာလမ်းစဉ်စွမ်းအား အားလုံးသည် ယင်ဓာတ်စွမ်းအား၏တိုက်စားမှုကို ခံနေရသဖြင့် အားနည်းသွားကြသည်။ အကယ်၍ ၎င်းတို့သာ စွမ်းအားမလုံလောက်လျှင် ၎င်းတို့သည် အမှုန့်အဖြစ် ပြောင်းလဲသွားမည်ဖြစ်သည်။ ဝမ်ရှောင်၏ နတ်ခန္ဓာသည် နတ်လက်နက်တစ်ခုကဲ့သို့ ဖြစ်ပြီး တိုက်စားမခံရဘဲ အေးခဲသွားသည်။ ထို့ပြင် ကျူးကျော်ဝင်ရောက်နေသော ယင်ဓာတ်စွမ်းအားသည် သူ၏ခုခံမှုကို အားနည်းသွားစေသည်။
တောက်ပသော နတ်အလင်းတစ်ခု လင်းလက်လာပြီး နောက်ထပ်နတ်ဓားအလင်းတစ်ခုသည် အာကာပြင်ကို ဖြတ်ကာ ကျဆင်းလာသည်။ ကျယ်လောင်သံ အသံကြီးတစ်သံ ထွက်ပေါ်လာသည်။ ကောင်းကင်တုန်ဟည်းနတ်တူကို ကိုင်ဆောင်ထားသော ဝမ်ရှောင်၏လက်သည် ခုတ်ဖြတ်ခံလိုက်ရသည်။ ပြတ်သွားသောလက်သည် အောက်ဘက်သို့ ပြုတ်ကျသွား၏။ သို့သော် ကောင်းကင်တုန်ဟည်းနတ်တူ၏ နတ်အလင်းသည် ယခင်ကကဲ့သို့ပင် တောက်ပနေဆဲဖြစ်သည်။
ကောင်းကင်တုန်ဟည်းနတ်တူသည် ဝမ်ရှောင်နှင့် ဆက်၍ဆက်သွယ်ရန် ကြိုးစားနေသကဲ့သို့ ၎င်းထံမှနေ၍ စွမ်းအားကြီး တုန်ခါလှိုင်းများ ထွက်ပေါ်လာသည်။ သို့သော် အာကာပြင်သည် ပြောင်းလဲသွားပြီး ကြယ်တာရာများ ရွေ့လျားသွားသည်။ ရီဖူရှင်းသည် ဝမ်ရှောင်ကို ဆွဲခေါ်သွားပြီး နှစ်ဦးစလုံး ပျောက်ကွယ်သွား၏။
ထိုမဟာအင်ပါယာအဆင့်လက်နက်သည် ထျန်းယန်မြို့အပိုင်ဖြစ်ပြီး ကိုယ်ပိုင်အသိစိတ်ရှိကြောင်း သူသိ၏။ ၎င်းကို ကိုင်တွယ်ရန် မလွယ်ကူပေ။ သူသာ ဝမ်ရှောင်ကို သတ်လိုက်ပါက ရှေးဦးစွာ သူသည် ဝမ်ရှောင်နှင့် မဟာအင်ပါယာအဆင့်လက်နက်တို့၏ ဆက်သွယ်မှုကို ဖြတ်တောက်ရမည်ဖြစ်သည်။
ရီဖူရှင်း ထွက်ခွာသွားသောအခါ မော့ချင်းကော ထွက်ပေါ်လာသည်။ သူသည် လက်ပြတ်ကြီးနှင့် မဟာအင်ပါယာအဆင့်လက်နက်တို့ကိုကြည့်လိုက်သည်။ သူ့ကိုယ်ပေါ်တွင် သွေးအနည်းငယ်ရှိနေ၏။ သူ၏အသက်ညင်းညင်းသာရှူနေပြီး ဒဏ်ရာရထားကြောင်း ဖော်ပြနေသည်။ အစောပိုင်းတွင် ရီဖူရှင်းသည် သူ့ကို အသံပို့လွှတ်၍ ဆက်သွယ်ခဲ့ကာ တိုက်ခိုက်နိုင်ရန် အခွင့်အရေးတစ်ခုရအောင် လုပ်ပေးရန် တောင်းဆိုခဲ့သည်။ မော့ချင်းကောသည် သူ့ကို ယုံကြည်ရန် ရွေးချယ်လိုက်ခြင်းပင်။
ရီဖူရှင်း လုပ်နိုင်ခဲ့ပေပြီ။