← Chapters

ငွေ

Vol. 53 Ch. 735

ငွေ

Vol. 53 Ch. 735

ဝေ့ကောထောင်၏မျက်နှာကို ကြည့်နေသော ချန်းရှောင်ဝမ်သည် တဖြည်းဖြည်း အံ့အားသင့်လာသည်။ အတန်းဖော်များ၏ မှတ်ချက်စကားများနှင့် အားကျနေသော အကြည့်များသည် သူမ၏ခေါင်းထဲတွင် နားလည်ရခက်နေသည်။

"ဘာတွေဖြစ်နေတာလဲ။" ချန်းရှောင်ဝမ် သူမဘာသာ တီးတိုးရေရွတ်လိုက်သည်။

ဝူရှောင်ပင်းက လက်များကို ပွတ်သပ်ရင်း အပြုံးမျက်နှာဖြင့် ချန်းရှောင်ဝမ်ထံသို့ ရောက်ရှိလာပြီး သူမအား ၁၈၀ဒီဂရီ ဦးညွတ်လိုက်ကာ

"ဝိုး … အလှလေး ချန်း … ငါ့ရဲ့အချစ်ဆုံး နတ်သမီးလေး ရှောင်ဝမ် … မင်းမှာ သစ္စာရှိပြီး နာခံတတ်တဲ့ အခိုင်းအစေတစ်ယောက် လိုသေးလား။ လိုအပ်သေးရင် ငါ့ကို လက်ခံပါ။ အဝတ်လျှော်၊ ဟင်းချက်၊ လက်ဖက်ရည်ဖျော်၊ ဘာမဆို လုပ်မယ်။ စိတ်ကျေနပ်စေရမယ်လို့ အပြည့်အဝ အာမခံပါတယ်။"

ကျိကျဲသည် သူ့ပခုံးကို ရိုက်လိုက်ပြီး မီတာများစွာအဝေးသို့ အတင်းဆွဲခေါ်သွားသည်။ ထို့နောက် သူမသည် ချန်းရှောင်ဝမ်၏ အရှေ့သို့ ပြန်ရောက်လာပြီး သူမ၏အဝတ်အစားများကို သေသေသပ်သပ် ပြန်လုပ်ကာ လည်ချောင်းတစ်ချက် ရှင်းလိုက်ရင်း ခယသောအပြုံးဖြင့် စကားဆိုလိုက်သည်။

"ရှောင်ဝမ် … ငါတို့ဆက်ဆံရေးက အတန်းဖော်တွေထဲမှာ အကောင်းဆုံး မဟုတ်လား။ ကောင်းပြီ … နင့်ရဲ့အပေါ်ထပ်အင်္ကျီ ဒါမှမဟုတ် မင်းရဲ့ ၂၄/၇ ဝန်ထမ်းလို အရမ်းရင်းနှီးတဲ့လူလို့  သတ်မှတ်ပြီး နင် တစ်ခုခု လိုအပ်ရင် ငါ့ကို ချက်ချင်း ပြောပါ။ အနာဂတ်မှာ နင့်နောက်ကို ငါ အမြဲလိုက်နေမှာနော်။"

"ငါရောပဲ။ ငါလည်း ရှိသေးတယ်နော်။ နတ်ဘုရားမချန်ကို ခစားနိုင်တာက ငါ့ဘဝရဲ့ အမြင့်ဆုံးဂုဏ်ဖြစ်မှာ သေချာတယ် ဟဲဟဲ။”

“ရှောင်ဝမ် … အတန်းဖော်တစ်ယောက်ဖြစ်ရတာ တစ်သက်လုံး ဆွေမျိုးဖြစ်တာနဲ့ တူတူပဲ။ နောက်ပြီး ငါတို့အားလုံးက လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀က မိသားစုတွေ ဖြစ်ခဲ့ကြတယ်မလား။ ဒါကြောင့် နောင်ဆို မင်းရဲ့ပေါင်ကို ဖက်ထားရမယ်။"

"အို … ကြီးမြတ်တဲ့ အလှလေး ချန်း …  မင်း ကစားဖို့ ယောက်ျားလေး လိုသေးလား။ မင်းရဲ့ပံ့ပိုးမှုအောက်မှာ ငါက ဒုတိယ ဒါမှမဟုတ် တတိယမြောက်ချစ်သူ ဖြစ်လာဖို့ ဆန္ဒရှိပါတယ်။”

“…”

ချန်းရှောင်ဝမ်တစ်ယောက် အတန်းဖော်ဟောင်းများ၏ မြှောက်ပင့်ပြောဆိုခြင်းကို တွေ့ကြုံရသဖြင့် အံ့အားသင့်ကာ ပြောစရာစကားမဲ့နေသည်။ သူမ နှုတ်ခမ်းများ အကြိမ်အနည်းငယ်ခန့် မဲ့ရွဲ့သွားရသည်။ ထန်ရှုနှင့် အိုးရန်လူလူတို့ ရောက်ရှိလာခြင်းကြောင့် ထိုကဲ့သို့ တုံ့ပြန်ခြင်း ဖြစ်မည်ဟု သူမ ခပ်ရေးရေး သိနိုင်သည်။

ပျော်ရွှင်သော အချိန်လေးများ တဖြည်းဖြည်း ကုန်ဆုံးလာသည်နှင့်အမျှ ချန်းရှောင်ဝမ်သည် ဖြစ်ပွားခဲ့သော အဖြစ်အပျက်ကို တဖြည်းဖြည်း နားလည်လာသည်။ ထိုအချိန်တွင် သူမသည် ဝေ့ကောထောင်ကို အပြုံးဖြင့် ကြည့်နေမိသည်။ သူမ၏စိတ်အတွင်း၌ ရှိနေသည့် ရွံမုန်းမှုများ ပျောက်ကွယ်သွားရုံသာမကဘဲ ကျေးဇူးတင်ခြင်းဖြင့် အနည်းငယ် အစားထိုးလာသည်။ အခြားသူများ နွေးထွေးစွာ စကားပြောနေကြစဉ်တွင် ဝေ့ကောထောင်ထံ ဖုန်းဖြင့် စာတိုတစ်စောင် လျှို့ဝှက်ပေးပို့လိုက်သည်။

“ဆိုတော့ နင် ငါ့ကို အောက်ထပ်ဆင်းခိုင်းတာက ရည်ရွယ်ချက်နဲ့ပေါ့။ ငါတို့အတန်းဖော်တွေက အဲဒီလူတွေနဲ့ ရန်ဖြစ်တဲ့အခါ ငါ အန္တရာယ်ဖြစ်မှာ စိုးလို့လား။"

စာကို လက်ခံရရှိပြီးနောက် ဝေ့ကောထောင်က တစ်လုံးတည်းသာ ပြန်ဖြေခဲ့သည်။

“ဟုတ်တယ်…”

ချန်း ရှောင်ဝမ်က သူ၏ရည်ရွယ်ချက်ကို သေချာနားလည်သောကြောင့် ကျေးဇူးတင်စကား ပြန်ပို့လိုက်သည်။ သူမသည် ဆုံစည်းပွဲကနေ စောစောထွက်သွားမည့် စိတ်ကူးကို ပယ်ချလိုက်ပြီး သူမ၏အတန်းဖော်ဟောင်းများက နတ်ဘုရားဝတ်ရည်ဝိုင် နှစ်ပုလင်းကို အပြောင်ရှင်းနေသည်ကို ကြည့်ရင်း သူ့မောင်လေး ထန်ရှု၏လုပ်ဆောင်ချက်ကြောင့် သူမ၏နှလုံးသားလေး ပိုမိုထိရှသွားခဲ့ရသည်။

သုခဘုံစံအိမ် … အိုးရန်လူလူ၏နေအိမ်…

ထန်ရှုသည် စာအုပ်ဖတ်ရင်း သင်းပျံ့သော လက်ဖက်ရည်အား သောက်ကာ စာအုပ်ထဲမှ အကြောင်းအရာများကို အေးအေးဆေးဆေး ဖတ်ရှုနေသည်။ အိုးရန်လူလူသည် စီးပွားရေးကိစ္စများကို လိုက်လုပ်နေသောကြောင့် သူနှင့်အဖော်လုပ်မပေးနိုင်ပေ။

ဖုန်းမြည်သံ…

ဤအချိန်တွင် သူ၏ မိုဘိုင်းဖုန်းမြည်သံသည် တိတ်ဆိတ်နေသော ပတ်ဝန်းကျင်အခြေအနေအား ကျိုးပျက်သွားစေခဲ့သည်။

ထန်ရှုက သူ၏ဖုန်းကို ကောက်ကိုင်လိုက်သည်။ ဂူရှောင်ရွှဲ့ထံမှ ဖုန်းခေါ်ဆိုမှန်း သိပြီးနောက် သူက ချက်ချင်းပင် ပြုံးပြုံးရွှင်ရွှင်ဖြင့်

"ဟယ်လို ရှောင်ရွှဲ့ … ကိစ္စတစ်ခုခု ရှိနေလား။"

"ကျွန်မ ရှင့်ကို နှောင့်ယှက်မိလား ဆရာအဘိုး…။" ဂူရှောင်ရွှဲ့က မေးလိုက်သည်။

“မဖြစ်ပါဘူး အဆင်ပြေပါတယ်။” ထန်ရှုက ပြုံးလိုက်သည်။

ဂူရှောင်ရွှဲ့က ပြောလာသည်။

"တကယ်တော့ ကျွန်မ ရှင့်ကို ဖုန်းဆက်ရတာ ကိစ္စသုံးခု ရှိလို့ပါ။ ပထမတစ်ခုက ဆရာအဘိုး ကျင်းမန်ကျွန်းကို ဘယ်အချိန်လာလည်မှာလဲလို့ ဆရာသခင်က မေးခိုင်းတာပါ။ သူမက ပြောတယ်... ဆရာအဘိုးကို လွမ်းတယ်တဲ့။"

ထန်ရှု တခဏ တွေးတောလိုက်ပြီး

“ခမ်းနားသော ထန် စီးပွားရေးလုပ်ငန်းစုရဲ့ရှန်ဟိုင်း ဆောက်လုပ်ရေးပရောဂျက်တင်ဒါကိစ္စက မကြာခင်မှာ လေလံဆွဲတော့မှာမို့လို့ ငါ လောလောဆယ် လာလို့ မရသေးဘူး။ ရက်နည်းနည်းလောက် စောင့်ပေးဖို့ ယန်အာ့ကို ပြောပေးပါ။ တစ်ပတ်လောက်ကြာရင်တော့ ကျင်းမန်ကျွန်းကို ငါ လာလို့ရမယ်ထင်တယ်။"

ဂူရှောင်ရွှဲ့ နာခံလိုက်ပြီးနောက်

“ဒုတိယကိစ္စက ဆရာအဘိုး ပြုစုပျိုးထောင်ပေးမယ့် မွေးစားကလေးတွေအကြောင်းပါ။ ဘန်ရှို့နဲ့အဖွဲ့က နိုင်ငံတစ်ဝှမ်းကနေ လမ်းဘေးကလေးတွေကို ခေါ်ယူလာခဲ့တာ အများစုကတော့ အရည်အချင်းကောင်းတွေ ရှိကြပါတယ်။ ကာလတိုသင်တန်းနဲ့ စိစစ်လိုက်တော့ သင်တန်းအောင်မြင်တဲ့သူဦးရေက စုစုပေါင်း ၈၀၀ပါ။ နောက်ပြီး ကျင်းမန်ကျွန်းမှာ နေရာမဆန့်တော့တဲ့အတွက် နောက်ထပ်ကလေးတွေကို မထားနိုင်တော့ပါဘူး ဆရာအဘိုး။ သူတို့ကို ပြန်လည်နေရာချထားဖို့ တခြားနေရာကို ရွေးချင်သလား။”

ဘန်ရှို့နှင့် တင်းကျီတို့သည် ဤကဲ့သို့ လုံ့လဝီရိယရှိစွာ ကြိုးစားကြလိမ့်မည်ဟု မမျှော်လင့်ထားသောကြောင့် ထန်ရှု အနည်းငယ် အံ့သြသွားသည်။ လမ်းဘေးကလေးငယ်များကို ရှာတွေ့ရန် သူတို့ ခြောက်လလောက်သာ အချိန်ယူခဲ့သည်။

ထန်ရှု တခဏလောက် စဉ်းစားပြီးမှ

“ကျင်းမန်ကျွန်းကို ရောက်ရင် ဒီပြဿနာကို ငါ ဖြေရှင်းပေးပါမယ်။ တတိယကိစ္စကို ပြောပါဦး။”

"ထာဝရခန်းမမှာ ရန်ပုံငွေတွေ ကုန်သွားပြီ ဆရာအဘိုး။ ကျွန်မတို့လူတွေက နိုင်ငံခြားကနေ အဖိုးတန်ဆေးပင်တွေ အမြောက်အမြားဝယ်ယူပြီး အဖိုးတန်သတ္တုရိုင်း၊ ကျောက်စိမ်းစတာတွေကိုလည်း အများအပြားကို ဝယ်ယူနေကြပါပြီ။ လက်ရှိ ဌာနခွဲတွေနဲ့ စတိုးဆိုင်တွေမှာ သိမ်းထားတဲ့ ငွေအားလုံးကိုလည်း ထုတ်ယူထားပြီးပြီ။ နောက်ပြီး ကလေး ၃,၀၀၀ကျော်ရဲ့အသုံးစရိတ်၊ လစာ၊ သက်သာချောင်ချိရေးနဲ့ ထာဝရခန်းမ ဝန်ထမ်းတွေရဲ့ ခံစားခွင့်တွေ …”

ထန်ရှုက သူ့နားသယ်စပ်ကို ပွတ်သပ်ပြီး သူမကို ကြားဖြတ်လိုက်ကာ

"ဒီပြဿနာလေးတွေကို အသေးစိတ် တင်ပြနေစရာ မလိုပါဘူးကွာ။ ပိုက်ဆံဘယ်လောက်လိုလဲဆိုတာသာ ပြောပါ။"

“လက်ရှိဘဏ္ဍာရေး အခြေအနေ အဆင်ပြေဖို့ဆိုရင် အနည်းဆုံး ၈ဘီလီယံကနေ ၁၀ဘီလီယံလောက် လိုအပ်တယ်လို့ ဘဏ္ဍာရေးဌာနက တွက်ချက်ထားတယ်။ ဒီ့ထက် ပိုပေးနိုင်ရင်တော့ ပိုကောင်းတာပေါ့လေ။” ဂူရှောင်ရွှဲ့မှ ဖြေသည်။

ထန်ရှု၏နှုတ်ခမ်းများ မဲ့ရွဲ့ သွားရသည်။ သူ့တွင် ပိုက်ဆံအနည်းငယ် ရှိသေးသော်လည်း ဂူရှောင်ရွှဲ့က ဖော်ပြလာသော ကိန်းဂဏန်းများကြောင့် အံ့ဩသွားရသည်။ သူ့အကောင့်ထဲတွင် ငွေအချို့ ရှိသေးသော်လည်း အတိအကျ မသိသေးသဖြင့် ယွမ်၁၀ဘီလီယံခန့် ရှိမည်ဟု ခန့်မှန်းထားသည်။ မကြာသေးမီက သူ့တွင်ရှိသည့် ငွေကြေးပမာဏနှင့် ပတ်သက်၍ သူ ပူပန်နေခဲ့ရာ ဂူရှောင်ရွှဲ့၏ ဖုန်းခေါ်ဆိုလာမှုသည် ဤငွေကြးကိစ္စနှင့် ပတ်သက်မည်ဟု မမျှော်လင့်ထားသောကြောင့် သူ့တွင် အမှန်တကယ် ငွေ အလွန်ပြတ်လတ်နေပြီဟု ခံစားရစေသည်။

ထန်ရှုက စီးကရက်တစ်လိပ်ကို မီးညှိကာ အားရပါးရ ဖွာရှိုက်လိုက်ပြီး

“အခုချိန် ငါ့မှာ ပိုက်ဆံအများကြီး မရှိဘူး။ ငါ အရင်ငွေစစ်ပြီးသွားရင် သုံးနိုင်သမျှ ပိုက်ဆံအားလုံး မင်းကို ပေးမယ်။ မလောက်ရင် ငါ့ကို ထပ်ဆက်ပါ။ ငါ နည်းလမ်းတစ်ခု ရှာမယ်။"

"နားလည်ပြီ။"

ဖုန်းချပြီးနောက် ထန်ရှုသည် စီးကရက်သောက်ရင်း မိုဘိုင်းလ်ဘဏ်စနစ်ဖြင့် သူ့အကောင့်ထဲရှိ ငွေပမာဏကို စစ်ဆေးလိုက်ရာ လက်ကျန်ငွေ - ၉.၈၁၂ ဘီလီယံကို တွေ့ရသဖြင့် အတန်ငယ် အံ့အားသင့်ကာ တိတ်ဆိတ်သွားတော့သည်။

ထို့နောက် ထန်ရှုသည် အံကို တင်းတင်းကြိတ်ပြီး ယွမ် ၉ဘီလီယံအား ဂူရှောင်ရွှဲ့ဆီသို့ လွှဲပေးပြီးနောက် ရှန်ဟိုင်းပရောဂျက်တွင် အသုံးပြုရန်အတွက် မီလီယံ၈၀၀ကို ခန်းရှဆီသို့ သူ လွှဲပေးလိုက်သည်။ ငွေလွှဲကိစ္စပြီးသွားသည့်အခါတွင် သူ့အကောင့်ထဲ၌ ၁၂မီလီယံသာ ကျန်ရှိတော့သည်ကို ကြည့်ပြီး သူ မညည်းတွားဘဲ မနေနိုင်တော့ပေ။

ငွေ … ငွေ … ငွေ …

သူ အခု ပိုက်ဆံ အရမ်း လိုနေပြီဖြစ်သည်။ အချိန်တိုအတွင်း လိုအပ်ခြင်း မဟုတ်သည့်တိုင် ရှန်ဟိုင်း ဆောက်လုပ်ရေးပရောဂျက်ကို စတင်လိုက်သည်နှင့် နောက်ဆက်တွဲသည် လက်တွေ့တွင် ငွေကုန်များသည့် လုပ်ငန်းစဉ်တစ်ခု ဖြစ်လာပေမည်။ ထို့အပြင် တောင်တရုတ်ပင်လယ်ရှိ ယောက်သွားကျွန်းနှင့် နားခို မြှုပ်နှံရာကျွန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် အသွင်ပြောင်းရေးအတွက် ငွေကြေးပမာဏများစွာ လိုအပ်ဦးမည်ဖြစ်သည်။ နဂါးကိုးကောင်ကျွန်းရှိ ပရောဂျက်သည် ဇွန်လတွင် ပြီးစီးခဲ့ပါက ထိုအချိန်တွင် သူ လိုအပ်မည့် အရာများစွာ ရှိနေသေးသည်။ အနည်းဆုံး ကျောက်စိမ်းများစွာ ဝယ်ယူရပေမည်။

ခမ်းနားသောထန် စီးပွားရေးလုပ်ငန်းစုတွင် ငွေကြေးအနည်းငယ် ကျန်ရှိသော်လည်း လအနည်းငယ်ကြာပါက ကြယ်တာရာမြို့ရှိ မြို့သစ်စီမံကိန်းသည် အလွန်တိုးတက်လာမည် ဖြစ်သဖြင့် ၎င်း၏အိမ်ခြံမြေဝယ်ယူမှုအတွင်း ငွေကြေးများစွာ လိုအပ်မည်မှာ အသေအချာပင်။ လုပ်ငန်းလည်ပတ်မှုမှ ငွေကြေးအား သူ ထုတ်ယူလိုပါက အိမ်ခြံမြေဈေးကွက် ဖွင့်သည့်အချိန်အထိ သူ စောင့်ဆိုင်းရမည်ဖြစ်သည်။

ဖြစ်နိုင်သမျှ အမြန်ဆုံးနဲ့ အတိုဆုံးအချိန်အတွင်းမှာ ငွေအများကြီးရအောင် ငါ ဘယ်လိုလုပ်ရပါ့မလဲ။

လောင်းကစားခြင်းသည် ထန်ရှု၏အတွေးထဲ ဝင်လာသော်လည်း သူသည် ထိုအကြံကို ပယ်ချလိုက်သည်။ ငွေသည် ကောင်းကင်မှ ပြုတ်ကျလာသည့် အရာမဟုတ်ပါ။ ကာစီနိုများသည် အမှန်တကယ်တွင် အန္တရာယ်များသော ထိန်းချုပ်မှုအချို့ ရှိနေသည်။ ငွေအနည်းငယ်သာ ရပါက အဆင်ပြေသော်လည်း သူသာ ငွေအများကြီး အနိုင်ရသွားပါက လူတော်တော်များများကို ပြစ်မှားမိသလို ဖြစ်သွားနိုင်ပေသည်။

ထီတွေ ထိုးရင်ရော ဘယ်လိုလဲ။

ထန်ရှု တွေးနေရင်းပင် မချိပြုံး ပြုံးလိုက်မိသည်။ အဓိက ထီအဖွဲ့အစည်းများ၏ဆုကြေးငွေပမာဏသည် ပုံးထဲသို့ ကျသွားသည့် ရေတစ်စက်သဖွယ် ဖြစ်ပေလိမ့်မည်။ သူ့အတွက် လုံလောက်ရန် အဝေးကြီး ဝေးနေပါသေးသည်။ သူသာ လွန်လွန်ကဲကဲ သွားလုပ်မိပါက တခြားသူများ၏အာရုံကို ဖမ်းစားနိုင်သွားပေလိမ့်မည်။

ငါ ရည်ရွယ်ချက်ရှိရှိ အမှားရှာပြီး ချမ်းသာတဲ့ မိသားစုအချို့ကို ငွေညှစ်သင့်သလား။

ထိုအကြံအစည်က ထန်ရှုအား နှစ်ကြိမ်တိုင်တိုင် ခြောက်ကပ်စွာ ရယ်မောစေပြီး ထိုအတွေးကိုလည်း ဖယ်ပစ်လိုက်သည်။ သူသည် ဤကဲ့သို့ အနှစ်သာရ မရှိသော လုပ်ငန်းကို အားကိုးလိုခြင်းမရှိပါ။ ထိုလူများက သူ့ကို မစော်ကားလျှင် သူသည် ထိုသူတို့ကို လူပါးဝစွာ လုယက်နေမည်မဟုတ်ပေ။

ဟုတ်သားပဲ။ အင်မော်တယ် ရတနာသိုက်…

ထန်ရှု၏မျက်လုံးများ အရောင်လက်လာသည်။ သို့သော် စက္ကန့်အနည်းငယ်သာ ကြာပြီး ပြန်လည်မှိန်သွားသည်။ ပထမဆုံးအနေဖြင့် အင်မော်တယ်ရတနာသိုက်တွင် တကယ် တန်ဖိုးကြီးသော အရာများ ရှိ၊ မရှိ သိရန် နေသာသာ ကြယ်ခြောက်ပွင့်အစီအရင်အား သူကိုယ်၌က ပြည့်စုံစွာ မဖြေရှင်းနိုင်သေးချေ။ သူ၏ နက်ရှိုင်းသော အစီအရင်ပညာရပ်များဖြင့်ပင် ထိုအစီအရင်အတွင်း၌ ပါရှိသော လျှို့ဝှက်ဆန်းကြယ်မှုအချို့အား ချိုးဖြတ်ရန် ခက်ခဲနေဆဲဖြစ်သည်။

ထန်မိသားစုဆီကနေ အထောက်အပံ့ တောင်းရင်ရော ဘယ်လိုလဲ…

ထိုအကြံက ထန်ရှုအား အနည်းငယ်ပင် စိတ်ဓာတ်ကျသွားစေသည်။ ထန်မိသားစုသည် ယခုအချိန်အထိ ငွေကြေးအမြောက်အမြား ရှိနေဆဲဖြစ်သော်လည်း သူ့အဘိုးသည် လွန်ခဲ့သည့်လအနည်းငယ်ကပင် သူ့အား ယွမ်၅၀ဘီလီယံကို ပေးခဲ့ပြီး ထိုငွေများသည် ၎င်းတို့နှစ်ပေါင်းများစွာ လျှို့ဝှက်သိမ်းဆည်းထားခဲ့သော ငွေများဖြစ်သည့်အပြင် ထန်မိသားစုက လုံး၀ အထိအခိုက်မခံနိုင်သော ပမာဏတစ်ခုဖြစ်သည်။

နှစ်နာရီ ကြာပြီးနောက် …

အိုးရန်လူလူသည် သူမ နေထိုင်ရာသို့ ပြန်ရောက်ပြီး သူမ၏အိပ်ခန်းတံခါးကို ဖွင့်လိုက်သောအခါတွင် များပြားစွာသော မီးခိုးငွေ့များကြောင့် ချက်ချင်းပင် ချောင်းတဟွတ်ဟွတ်ဆိုးကာ သီးသွားရသည်။ အခန်းတွင်းတွင် မီးခိုးငွေ့များ ရစ်ဝဲလည်နေသောကြောင့် သူမ အခန်းထဲသို့ ဝင်လိုက်သည်နှင့် ပြတင်းပေါက်များကို အမြန်လိုက်ဖွင့်လိုက်သည်။ ထို့နောက် ဆိုဖာပေါ်တွင် နစ်မြုပ်နေကာ အတွေးထဲနစ်နေသော ထန်ရှုကို ဖျတ်ကနဲ စိုက်ကြည့်လိုက်ပြီး ချစ်စရာကောင်းသော အမူအရာဖြင့် စိတ်ဆိုးမာန်ဆိုး ပြောလိုက်သည်။

"နင် ဘာလို့ စီးကရက်တွေ တအားသောက်နေတာလဲ။ အနံ့ကြီးက အရမ်းဆိုးလိုက်တာ။”

ထန်ရှု အသိပြန်ဝင်လာသောအခါ အခန်းထဲတွင် စီးကရက်မီးခိုးငွေ့များ ပြည့်နေပြီမှန်း သိလိုက်ရတော့သည်။ သူက ချက်ချင်းပဲ ခေါင်းယမ်းမိလိုက်ပြီး ပြုံးပြုံးရွှင်ရွှင်ဖြင့်

“ငါ အတွေးထဲ နစ်သွားလို့ သတိမထားမိဘဲ စီးကရက် အရမ်းသောက်မိသွားတယ်။”

အိုးရန်လူလူ၏အမူအရာ လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး စိုးရိမ်သော အမူအရာဖြင့် မေးလာသည်။

"နင် ဘာတွေ စဉ်းစားနေတာလဲ။ ပြသနာ အရမ်းဆိုးနေလို့လား။"

ထန်ရှုက ကူကယ်ရာမဲ့စွာဖြင့် ပြန်ပြောလိုက်သည်။

"ငါ ပိုက်ဆံ အရမ်းပြတ်သွားတယ်။ အစက ငါ့အကောင့်မှာ ယွမ်၁၀ဘီလီယံနီးပါး ချမ်းသာတဲ့ သူဌေးလေး တစ်ယောက်ပဲ။ ဒါပေမယ့် စက္ကန့်ပိုင်းတောင် မကြာဘူး ငမွဲလေးဖြစ်သွားတယ်။"

"ပိုက်ဆံတွေ ဘယ်ရောက်သွားလို့လဲ။"

အိုးရန်လူလူ အံ့သြစွာ မေးလိုက်သည်။

"ရှောင်ရွှဲ့က ငါ့ဆီ ဖုန်းဆက်ပြီး ထာဝရခန်းမက ပိုက်ဆံ သိပ်မကျန်တော့ဘူးလို့ ပြောခဲ့တယ်။ ဒါကြောင့် ငါက ၉ဘီလီယံကို သူ့ဆီ လွှဲပေးခဲ့တယ်။ တစ်ဖက်မှာ ခမ်းနားသောထန် စီးပွားရေးလုပ်ငန်းစုက ရှန်ဟိုင်းမှာ ဌာနချုပ်နဲ့ စက်မှုဥယျာဉ်ကို ဆောက်လုပ်ဖို့ ပြင်ဆင်နေတာဆိုတော့ ကျန်တဲ့ မီလီယံ ၈၀၀ကို ခန်းရှဆီ လွှဲပေးလိုက်တယ်။ အရင်က လွှဲပေးခဲ့တဲ့ ပမာဏနဲ့ပေါင်းလိုက်ရင် ပရောဂျက်ရဲ့ကနဦးအဆင့်ကို အကောင်အထည်ဖော်ဖို့ လုံလောက်ပါတယ်။ ဒါပေမယ့် အခု ငါ့မှာ ပိုက်ဆံမကျန်တော့ဘူး။”

အိုးရန်လူလူက သူမ၏ပိုက်ဆံအိတ်ကို ယူကာ အတွင်းမှ ဘဏ်ကတ်တစ်ကတ်ကို ထုတ်ပြီး အပြုံးဖြင့်

"ဘဏ်စာရင်းထဲမှာ ဘီလီယံချီ ချမ်းသာတဲ့ နင်နဲ့ တခြားသူတွေကို ငါ မယှဉ်နိုင်ပေမယ့် ကျင်းမန်ကျွန်းနဲ့ ဒီသုခဘုံစံအိမ်က ငါ့ကိုယ်ပိုင် ပိုင်ဆိုင်မှုကရတဲ့ ကိုယ်ပိုင်ဝင်ငွေတော့ ရှိပါသေးတယ်။ ဒီဘဏ်ကတ်ထဲ စုစုပေါင်း ယွမ်မီလီယံ ၈၀နီးပါး ရှိတယ်။ အဲ့ဒါကို မုန့်ဖိုးအဖြစ် အရင်ယူထား … နောက်ထပ် လိုအပ်ရင် ငါ့ကို ဖုန်းထပ်ဆက်ပါ။”

ဟူး…

ထန်ရှု သက်ပြင်းနှစ်ခါချလိုက်ပြီး သူမ၏လက်ကို အသာပြန်တွန်းလိုက်သည်။ သူ စိတ်ပျက်လက်ပျက်ဖြင့် သူ့ဘာသာ ညည်းညူနေသော်လည်း လူလူဆီက ပိုက်ဆံကိုဖြင့် သူ မယူချင်ပေ။ သူမ၏အမူအရာကို မြင်သောအခါ ထန်ရှုက သူမကို သူ့ပေါင်ပေါ် ဆွဲတင်လိုက်ပြီး

"ငါ့မုန့်ဖိုးက သိပ်မနည်းပါဘူး။ ယွမ်၁၈မီလီယံ ရှိပါသေးတယ်။ အချိန်တိုအတွင်း ငွေဘယ်လို ရှာရမလဲဆိုတာကို တွေးနေရုံပါ။ ဒီကတ်ထဲက ပိုက်ဆံကို သိမ်းထားလိုက်ပါ။ မင်း ငါ့ကို ပေးစရာ မလိုပါဘူးကွာ။ ငါ တကယ် လိုအပ်တဲ့အခါကျရင် မင်းကို စမေးပါမယ်။"

အိုးရန်လူလူ ကျေနပ်စွာ ခေါင်းညိတ်ပြလိုက်သည်။ ဘဏ်ကတ်ကို ပြန်ယူထားပြီးနောက် သူမက “ဘယ်လိုပဲဖြစ်ဖြစ် နင်နဲ့အတူရှိဖို့ ငါ ဆုံးဖြတ်ထားပြီးပြီ။ ဒါကြောင့် ငါ့ပိုက်ဆံနဲ့ ငါ့ပိုင်ဆိုင်မှု ငါ့မှာရှိသမျှ အားလုံးကလည်း နင့်ဟာပဲ။ အဆိုးတကာ့ အဆိုးဆုံး ဖြစ်လာရင် ဒီသုခဘုံစံအိမ်ကိုလည်း ရောင်းလို့ ရတယ်။ တိုတိုပြောရရင် နင် ငါ့ကို ပြောပြဖို့ပဲ လိုတယ်။"

***

All Chapters