ပြန်လည်မွေးဖွားခြင်း
Vol. 185 Ch. 2641
တိတ်ဆိတ်နေသော အာကာပြင်ထဲတွင် ရွှေရောင်မီးတောက်နှင့် သွေးများသည် ကုန်းမြေတွင် စွန်းထင်နေလေသည်။ သွေးစိမ်းရှင်ရှင်များသည် မြေကြီးထဲရှိ ကောင်းကင်တုန်ဟည်းနတ်တူအတွင်းသို့ ဆက်၍ စိမ့်ဝင်နေကြပြီး ၎င်းနှင့် ဆက်၍ ပေါင်းစည်းနေ၏။
စီးဆင်းနေသောသွေးသည် အမှန်ပင် အသက်အရှိန်အဝါတစ်ခုဖြင့် တောက်ပနေ၏။ ၎င်းသည် ကောင်းကင်တုန်ဟည်းနတ်တူကို ရစ်သိုင်းလိုက်သည်။ ထို့နောက်တွင် ပျက်စီးနေသော အသွေးအသားသည် ပြန်ဖြစ်တည်လာပြီး လူသားတစ်ဦး၏ ပုံစံအတိုင်းဖြစ်လာသည်။ လူပုံစံတစ်ခု ထွက်ပေါ်လာသည်။
ပတ်ဝန်းကျင်တွင် မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာ၏။ မဟာလမ်းစဉ်အရှိန်အဝါ လည်ပတ်လာပြီး လူသားပုံစံထဲတွင် ပေါင်းစည်းသွားသည်။ တဖြည်းဖြည်းဖြင့် ပုံရိပ်ယောင်သည် အကောင်အထည်ရှိလာကာ လူတစ်ယောက် ဖြစ်သွား၏။
ထိုလူသည် ခံ့ညားသောမျက်နှာရှိပေသည်။ သူ၏အသွင်အပြင်သည် ဝမ်ရှောင်နှင့်ဆင်တူပေသည်။ သို့သော် သူ့တွင် ကွဲပြားမှုတစ်ခု ရှိနေပုံပင်။ ထိုလူ၏အကြည့်သည် ဝမ်ရှောင်ထက် ပို၍စူးရှ၏။ သူသည် အရာအားလုံးကို ငုံ့ကြည့်နေသကဲ့သို့ပင်။
ဝမ်ရှောင်သည် ပြန်၍ အသက်ဝင်လာသည်ဟု ထင်ရပေသည်။
သူ့ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခု စီးဆင်းနေသည်။ သူ့ပတ်ပတ်လည်တွင် တုန်လှုပ်ဖွယ် မဟာလမ်းစဉ်မုန်တိုင်းများ ဖြစ်ပေါ်လာပြီး သူ့ခန္ဓာကိုယ်အတွင်းသို့ အဆက်မပြတ် စီးဝင်နေလေသည်။ လျှပ်တစ်ပြက်လက်သွားပြီး သူသည် မြင့်မားသောကောင်းကင်ထက်သို့ ပျံတက်လိုက်သည်။ ကျယ်ပြောသော အာကာပြင်ထဲတွင် အံ့အားသင့်ဖွယ် မုန်တိုင်းများ ဖြစ်ပေါ်လာသည်။
ကောင်းကင်တစ်ခွင်လုံးသည် မုန်တိုင်းများဖြင့် ပြည့်နှက်နေသည်။ လေသည် ပြင်းထန်စွာတိုက်ခတ်နေပြီး တိမ်များ လည်ပတ်နေကြသည်။ အရာအားလုံးသည် သူ့ခန္ဓာကိုယ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်နေ၏။
“ရှူး...”
ဝမ်ရှောင်သည် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။ ထို့နောက် သူ တစ်ချက်ပြုံးလိုက်၏။ သူ၏အပြုံးမျက်နှာသည် ယခင်က စိတ်အားငယ်နေသော ဝမ်ရှောင်နှင့် လုံးဝကွဲပြားပေသည်။
ယခင်ကဝမ်ရှောင်သည် ရီဖူရှင်းကို အနိုင်မယူနိုင်ခဲ့သဖြင့် အမြဲ စိတ်မချင့်မရဲဖြစ်နေခဲ့သည်။ သူသည် သူ၏ခံစားချက်များကို ဖိနှိပ်ထားရန် ကြိုးစားအားထုတ်ခဲ့သော်လည်း ထိုခံစားချက်များကို သူ့မျက်နှာပေါ်တွင် မြင်နေခဲ့ရဆဲဖြစ်သည်။
သို့သော် လက်ရှိဝမ်ရှောင်၏ တလက်လက်တောက်ပနေသော မျက်လုံးများထဲတွင် ထိုခါးသီးမှုကို မမြင်ရတော့ပေ။ သူ၏အကြည့်သည့် လွှမ်းမိုးအားကောင်းသည့် အငွေ့အသက်ကို ပေးနေ၏။
သူသည် အဝေးသို့ ငေးကြည့်၍ တွေးတောလိုက်သည်။ သူ ဘာဆက်လုပ်ရမည်နည်း။
သူသည် ထိုအကြောင်းကို ဂရုတစိုက် တွေးကြည့်ရန် လိုအပ်ပေသည်။
“ဝမ်ရှောင်...”
သူရေရွတ်လိုက်သည်။
“သူက အရူးတစ်ယောက်ပဲ”
“မဟုတ်သေးပါဘူး...”
သူဆက်ပြောလိုက်သည်။ ထို့နောက် သူ၏ နှုတ်ခမ်းများသည် သရော်ဟန် တွန့်သွားသည်။ ယခုတွင် သူသည် ဝမ်ရှောင်ဖြစ်နေပေပြီ။
သူသည် ထိုသို့တွေးမိသောအခါ သူ၏အားကောင်းသည့်အရှိန်အဝါကို ယခင်က ဝမ်ရှောင်၏ အရှိန်အဝါအဆင့်အထိ လျှော့ချချိန်ညှိလိုက်သည်။ ထို့နောက်တွင် သူသည် အရှိန်အဟုန်ပြင်းစွာဖြင့် စစ်မြေပြင်ရှိရာဘက်သို့ ပျံသွားလိုက်လေသည်။
စစ်မြေပြင်ပေါ်ရှိ ကျင့်ကြံသူများသည် ထိုကိစ္စများအားလုံး ဖြစ်ပျက်သွားသည်ကို မသိခဲ့ပေ။ ထျန်းယန်မြို့သခင်သည် ရီဖူရှင်းနှင့် မော့ချင်းကောတို့ ပြန်ရောက်လာသည်ကို တွေ့လိုက်သောအခါ သူတို့ကို ရဲရဲနီနေသော မျက်လုံးများဖြင့် စူးစူးဝါးဝါးကြည့်လိုက်သည်။ သူတို့နှစ်ဦးသည် အင်အားပူးပေါင်း၍ ဝမ်ရှောင်ကို သတ်ခဲ့ခြင်းလော။
ဝမ်ရှောင်သည် ထျန်းယန်မြို့၏ကံကြမ္မာကို ပခုံးထမ်းထားရသူဖြစ်သည်။ လွန်ခဲ့သောနှစ်ပေါင်းများစွာက သူသည် အရှင်ထျန်းယန်၏ အသိအမှတ်ပြုမှုကို ခံခဲ့ရပြီး အရှင်ထျန်းယန်၏ သင်ပြမှုများကို အမွေဆက်ခံခဲ့ရသည်။ ချပ်ဝတ်လက်နက်ပြုလုပ်သူပြိုင်ပွဲတွင် မြို့သခင်သည် ဝမ်ရှောင်ကို အားလုံးရှေ့တွင် သူတတ်စွမ်းသမျှ စင်တင်ပေးခဲ့သည်။ သူသည် ပွဲတော်တွင် ပါဝင်ဆွဲနွဲရန် အားလုံးကို ဖိတ်ကြားခဲ့သည်။ ထိုပွဲတော်အတွင်းတွင် ဝမ်ရှောင်သည် အမှန်ပင် ကျော်ကြားခဲ့သည်။
ထို့နောက်တွင် ဝမ်ရှောင်သည် ရီဖူရှင်းကြောင့် ကြီးစွာသော စိတ်ဒဏ်ရာ ရခဲ့သည်။ လွန်ခဲ့သော နှစ်အနည်းငယ်က အရှင်ထျန်းယန်သည် သူ့ကို မဟာအင်ပါယာအသစ်တစ်ပါး ဖြစ်လာစေရန် ရည်ရွယ်၍ အထူးကျင့်စဉ်တစ်ခုဖြင့် လေ့ကျင့်ပေးခဲ့သည်။
အမှန်တွင် အရှင်ထျန်းယန်သည် ဝမ်ရှောင်ကို အင်ပါယာအဆင့်သို့ ရောက်နိုင်အောင် လေ့ကျင်းပေးနိုင်ရန်အတွက် အခြားပုံစံတစ်ခုအဖြစ် တည်ရှိနေမှုကို စွန့်လွှတ်ခဲ့ရပြီး ဝမ်ရှောင်နှင့် ပေါင်းစည်းခဲ့ရသည်။
ထျန်းယန်မြို့သည် ဝမ်ရှောင် အောင်မြင်နိုင်ရန်အတွက် သူတို့၏အရာအားလုံးကို ရင်း၍ စွန့်စားခဲ့ရသည်။ ဤပရမ်းပတာခေတ်ကြီးထဲတွင် ထျန်းယန်မြို့၏ ဝမ်မိသားစုသည် မဟာအင်ပါယာအသစ်တစ်ပါးကို မွေးဖွားပေးနိုင်ရန် ဆုံးဖြတ်ထားခဲ့သည်။ သူတို့သည် အရှင်ထျန်းယန်၏အကူအညီဖြင့် သူတို့၏တာဝန်ကို အောင်မြင်အောင်လုပ်နိုင်ချေ များလာခဲ့၏။
သို့သော် ယခုတွင် ဝမ်ရှောင်သည် အသတ်ခံလိုက်ရပေပြီ။
ဝမ်ရှောင်၏သေဆုံးမှုသည် အရေးပါပေသည်။ သူ၏သေဆုံးမှုသည် အရှင်ထျန်းယန်၏ သင်ကြားမှုများ အဆက်ပြတ်၊ အဆုံးသတ်သွားခြင်းပင်ဖြစ်သည်။
အရှင်ထျန်းယန် ဝမ်ရှောင်ကို ပေးခဲ့သည့်အရာအားလုံးသည် သူသေဆုံးမှုကြောင့် လေနှင့်အတူ လွင့်ပျောက်သွားပေပြီ။ သို့ဆိုလျှင် ဝမ်မိသားစု မည်သို့ဖြစ်သွားမည်နည်း။
ယခုမှစ၍ ထျန်းယန်မြို့၏ ဝမ်မိသားစုသည် ဝမ်ရှောင်၏သေဆုံးသွားမှုနှင့်အတူ မဟာအင်ပါယာ၏သင်ကြားမှုများကို ဆုံးရှုံးခဲ့ရသဖြင့် ရှေးဟောင်းနတ်ဘုရားကလန်တစ်ခုအဖြစ် ဆက်၍မရပ်တည်နိုင်တော့ပေ။
ဝမ်မိသားစုသည် ဝမ်ရှောင်အတွက် သူတို့၏ ရှေးဟောင်းနတ်ဘုရားကလန်ဟူသော ဂုဏ်ပုဒ်ကို ရင်းခဲ့ခြင်းပင်။ သူသည် အဘယ်ကြောင့် ဤကဲ့သို့ သေဆုံးသွားနိုင်ရသနည်း။
“ဝမ်ရှောင်အသတ်ခံလိုက်ရပြီ... နောက်တစ်ယောက်က ခင်ဗျားပဲ”
ရီဖူရှင်းသည် ထျန်းယန်မြို့သခင်ကိုကြည့်၍ ပြောလိုက်သည်။ သူ၏မျက်နှာထားသည် အေးစက်နေ၏။ မြို့သခင်နှင့် ဝမ်ရှောင်တို့နှစ်ဦးစလုံးသည် သူ့ကို သတ်ရန် ဆုံးဖြတ်ချက်ပြတ်သားခဲ့ကြသည်။ ယခုတွင် သူသည် ဝမ်ရှောင်ကို သတ်နိုင်ခဲ့ပေပြီ။
ထျန်းယန်မြို့သခင်သည် မဟာအင်ပါယာအဆင့်လက်နက်များအပေါ် မမှီခိုနိုင်ပေရာ သူသည် ရီဖူရှင်းအတွက် ပမွှားလေးသာဖြစ်သည်။ ရီဖူရှင်းသည် ဗုဒ္ဓရောင်ဝါခြေလှမ်း၏အကူအညီကြောင့် ရှုံးမည်မဟုတ်ပေ။
ထျန်းယန်မြို့သခင်ထံမှနေ၍ ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။ နတ်မီးတောက်သည် ထိန်းမနိုင် သိမ်းမရ တောက်လောင်လာပြီး ထိုနေရာရှိ ကောင်းကင်ကို လွှမ်းခြုံသွား၏။ မီးတောက်သည် ကောင်းကင်ကို လောင်ကျွမ်းစေနေ၏။
ဝုန်း...
စွမ်းအားကြီးဓားဝိညာဉ်စွမ်းအားသည် ကောင်းကင်နှင့်မြေကြီးအကြားတွင် စီးဆင်းသွားသည်။ ကောင်းကင်ထဲတွင် နတ်ဓားများ ဖြစ်ပေါ်လာသည်။ ဓားတစ်ချောင်းချင်းစီတွင် ရွှေရောင်သင်္ကေတများ ထွင်းထားပြီး ကြောက်မက်ဖွယ်အရှိန်အဝါများကို ထုတ်လွှတ်နေ၏။ ဓားထိပ်ဖျားများသည် အောက်ဘက်သို့ ချိန်ရွယ်လိုက်သောအခါ အာကာပြင်သည် အစိတ်စိတ်အမွှာမွှာဖြစ်တော့မလိုပင် ဖြစ်သွားသည်။
“သတ်...”
နတ်ဓားများသည် ရီဖူရှင်း အမိန့်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် အောက်ဘက်သို့ ပျံထွက်သွားကြသည်။ ၎င်းတို့အားလုံးသည် ထျန်းယန်မြို့သခင်ဆီသို့ ပျံဝင်သွားကြသည်။
ဝုန်း...
ထျန်းယန်မြို့သခင် အနောက်မှနေ၍ ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခု ထွက်ပေါ်လာပြီး ထိုနေရာသည် ကောင်းကင်မွမ်းမံခြင်းနတ်စက်ကွင်းအဖြစ် ပြောင်းလဲသွားသည်။ ရွှေရောင်လှံများ ထွက်ပေါ်လာပြီး အာကာပြင်ကို ဖြတ်သန်းသွားကာ နတ်ဓားများနှင့် ထိခတ်သွားကြသည်။ တိုက်ခိုက်မှုနှစ်ခုစလုံးသည် တူညီစွာ စွမ်အားကြီးပေသည်။
မြို့သခင်သည် ထျန်းယန်မြို့၏ ဆရာသခင်ဖြစ်ပြီး ရှေးဟောင်းနတ်ဘုရားကလန်တစ်ခု၏ အုပ်ချုပ်သူဖြစ်သည်။ သူသည် ဇာတ်ရံနေရာကနေသာ နေခဲ့ပြီး ဝမ်ရှောင်၏ လောင်းရိပ်မိနေခဲ့ပေသည်။ သို့သော် အမှန်တွင် သူ၏တိုက်ခိုက်စွမ်းရည်သည် ဝမ်ရှောင်ထက် စွမ်းအားကြီပေသည်။ သူသည် ကောင်းကင်ဒေသ၏ ထိပ်ပိုင်းတွင် အမှန်ပင် ရပ်နိုင်သူတစ်ဦးဖြစ်သည်။
ရီဖူရှင်းသည် မြင့်မားသော ကောင်းကင်ထက်တွင် ရပ်နေပြီး ထျန်းယန်မြို့သခင်ကို ငုံ့ကြည့်နေသည်။ သူသည် သူ၏လက်ဝါးကို ရှေ့သို့ဆန့်ထုတ်လိုက်ပြီး အောက်သို့ ဖိချလိုက်သည်။ နေမင်းသည် ရုတ်ခြည်းပင် နတ်ဓားတစ်ချောင်၏ ကာရံမှုကို ခံလိုက်ရသည်။ ဧရာမ နတ်ဓားကြီးထဲတွင် စွမ်းအားကြီး နတ်ဘုရားအရှိန်အဝါပါဝင်လေသည်။ ၎င်းထွက်ပေါ်လာသောအခါ မိုးချုန်းသံများကိုပါ ကြားလိုက်ရသည်။ မြို့သခင်၏တိုက်ခိုက်မှုသည် ထိုနတ်ဓားကို မယှဉ်နိုင်ခဲ့ပေ။
ဧရာမနတ်ဓားကြီးသည် ဓားအားလုံး၏ ဘုရင်ကဲ့သို့ပင်။ ၎င်းသည် ကောင်းကင်နှင့် သဟဇာတဖြစ်နေပြီး အဖျက်မုန်တိုင်းတစ်ခုကို စတင်ဖြစ်ပေါ်လာစေလေသည်။ ထိုဓားထဲတွင် အားကောင်းသော သတ်ဖြတ်လိုသည့်အငွေ့အသက်များ ပြည့်နှက်နေ၏။
ရီဖူရှင်းသည် သူ့လက်ချောင်းကို အောက်ဘက်သို့ ညွှန်ပြလိုက်သည်။ ဓားကြီးသည် လျှပ်တစ်ပြက်အတွင်း အောက်ဘက်သို့ ပျံဆင်းသွားပြီး ရှည်လျားသောအကွာအဝေးကို လျစ်လျူရှုသွားသည်။
ဝုန်း...
နတ်အလင်းတစ်ခု တလက်လက်တောက်ပလာပြီး နတ်ဓားတစ်ခုသည် ထျန်းယန်မြို့သခင်ထံသို့ ဦးတည်သွား၏။ သို့သော် ၎င်းသည် ဖျက်ဆီးခံလိုက်ရကာ အမှုန့်ဖြစ်သွားသည်။ ရီဖူရှင်း၏ တိုက်ခိုက်မှုသည် အခြားတိုက်ခိုက်မှုတစ်ခု၏ ကာရံပိတ်ဆို့မှုကို ခံလိုက်ရသည်။ တစ်ချိန်တည်းမှာပင် ရီဖူရှင်းသည် အန္တရာယ်ကို အာရုံခံမိလိုက်ပြီး သူ၏မူလနေရာမှနေ၍ ရုတ်ခြည်းပျောက်ကွယ်သွား၏။
ထျန်းယန်မြို့သခင်ရှိနေသောနေရာတွင် ကြောက်မက်ဖွယ် တိုက်ခိုက်မှုသည် မြင့်မားသော ကောင်းကင်ထက်သို့ ဆက်ပျံတက်သွားပြီး ရီဖူရှင်း၏ နတ်ဓားကို ဖျက်ဆီးပစ်လိုက်လေသည်။ ၎င်းသည် အဖျက်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ အာကာပြင်သည် အင်ပါယာအရှိန်အဝါတစ်ခု၏ ဖောက်ထွင်းသွားမှုကို ခံလိုက်ရသည်။
ထျန်းယန်မြို့သခင်၏အရှေ့တွင် နောက်ထပ်လူရိပ်တစ်ခုပေါ်လာသည်။ ထိုသူမှာ ဝမ်ရှောင်ဖြစ်လေသည်။
“ဝမ်ရှောင်...”
မြို့သခင်က ရေရွတ်လိုက်သည်။
သူသည် မျက်လုံးအပြူးသားဖြင့် သူ့အရှေ့ရှိ လူကို ငေးကြည့်နေသည်။ ဝမ်ရှောင်သည် မဟာအင်ပါယာအဆင့်လက်နက်ဖြင့် ပြန်လာခဲ့ပေပြီ။
ဝမ်ရှောင်သည် အမှန်ပင် အသက်ရှင်နေသေးပြီး ဤနေရာသို့ ပြန်လာခဲ့ပေသည်။
ထိုအရာသည် မည်သို့ဖြစ်နိုင်မည်နည်း။
မြို့သခင်သည် ဝမ်ရှောင်နှင့် ဆက်နွယ်နေ၏။ ထိုမတိုင်ခင်က သူသည် ဝမ်ရှောင်သေဆုံးသွားသည်ကို ရှင်းရှင်းလင်းလင်း ခံစားခဲ့ရသည်။ မြို့သခင်အနေဖြင့် မှားယွင်း အာရုံခံစားမိရန် မဖြစ်နိုင်ချေ။
ဝမ်ရှောင်သည် အသတ်ခံခဲ့ရသည်။
သို့သော် ယခုတွင် သူသည် အားလုံး၏အရှေ့တွင် အသက်ရှင်လျှက် ကောင်းကောင်းမွန်မွန် ပြန်ရောက်လာခဲ့သည်။
ကျင့်ကြံသူများ၊ အထူးသဖြင့် ဝမ်ရှောင်ကဲ့သို့ အဆင့်မြင့်ကျင့်ကြံသူများသည် အမှန်ပင် လွန်စွာအားကောင်းသော အသက်စွမ်းအင်ရှိပေသည်။
သို့ပေသည့် တစ်စုံတစ်ယောက်သည် စိတ်ဝိညာဉ်ဖျက်ဆီးခံလိုက်ရပြီးနောက်တွင် ပြန်ရှင်လာနိုင်ပါလေသလော။
ထျန်းယန်မြို့သခင်ပင် သူမြင်နေရသည့်အရာကို မယုံနိုင်ဖြစ်နေသည်။ သို့သော် ဝမ်ရှောင်သည် သူ့ရှေ့တွင် အမှန်ပင် အသွေးအသားပကတိဖြင့် ရှိနေ၏။
အာကာပြင်ထဲတွင် ရီဖူရှင်း ပြန်ပေါ်လာသည်။ သူသည် အံ့ဩသောမျက်နှာထားဖြင့် မဟာအင်ပါယာလက်နက်ကို ဆွဲကိုင်ထားသေ ဝမ်ရှောင်ကို စိုက်ကြည့်လိုက်သည်။
အစောကပင် ရီဖူရှင်းသည် ဝမ်ရှောင် သေဆုံးသွားသည်မှာ သေချာစေရန် တိုက်ခိုက်မှုအနည်းငယ်ဖြင့် ထပ်မံ တိုက်ခိုက်ခဲ့ပေသည်။ သူ၏အသွေးအသားနှင့် စိတ်ဝိညာဉ်တို့သည် ပြန်ပြင်ဆင်၍မရနိုင်လောက်အောင် ပျက်စီးသွားခဲ့၏။
သို့သော် ယခုတွင် သူသည် အသက်ရှင်နေသေးသည်လော။
“ဘိုးဘေးရဲ့ ဝိညာဉ်စွမ်းအားက ကျုပ်နဲ့အတူ ရှိနေခဲ့တယ်... အဲဒါအပြင် ကျုပ်မှာ ဖျက်ဆီးလို့မရနိုင်တဲ့ ခန္ဓာကိုယ်ရှိတယ်လေ။ ဒီတစ်ကြိမ် ကျုပ်က ကျုပ်ရဲ့ သေခြင်းအပေါ် အကြောက်တရားကို ကျော်လွှားနိုင်ပြီး ဒီထွက်ပေါက်မရှိတဲ့ အခြေအနေကနေ လွတ်လမ်းတစ်ခုရှာနိုင်ဖို့ လမ်းညွှန်ပြသခဲ့တဲ့ ဘိုးဘေးကို ကျေးဇူးတင်ရမှာပဲ”
ဝမ်ရှောင်သည် ထျန်းယန်မြို့သခင်ကို ပြောလိုက်သည်။
မြို့သခင်၏ မျက်လုံးထဲတွင် အလင်းတစ်ချက် လက်သွား၏။ သို့ဆိုလျှင် ဝမ်ရှောင်အသက်ရှင်နေခြင်းမှာ သူ၏ သေခြင်းအပေါ် အကြောက်တရာကို ကျော်လွှားနိုင်ခဲ့ပြီး ထွက်ပေါက်မရှိသော အခြေအနေမှ လွတ်လမ်းတစ်ခုကို ရှာနိုင်ခဲ့၍လော။
မြို့သခင်သည် ဝမ်ရှောင်၏စကားများကို ချက်ချင်းပင် ယုံကြည်လိုက်သည်။ ယခုတွင် ဝမ်ရှောင်သည် သူ့အရှေ့တွင် အသက်ရှင် ကောင်းမွန်စွာ ရပ်နေသည် မဟုတ်ပါလား။ ထို့ပြင် အရှင်ထျန်းယန်၏ ဝိညာဉ်စွမ်းအားသည် အမှန်ပင် ဝမ်ရှောင်နှင့်အတူ ရှိနေခဲ့ခြင်းပင်။ ဘိုးဘေး၏စွမ်းအားသည် သူ့ကို ပြန်မွေးဖွာလာနိုင်အောင် ကူညီပေးခဲ့သည်ဟု ယူဆခြင်းသည် သာမန်သာဖြစ်ပေသည်။
မော့ချင်းကောနှင့် ရီဖူရှင်းတို့နှစ်ဦးစလုံးသည် မျက်နှာကြုတ်လိုက်ကြသည်။ သူတို့၏အကြည့်များသည် ဝမ်ရှောင်အပေါ်တွင်သာ ရှိနေသည်။ ဘိုးဘေး၏စွမ်းအားသည် ဝမ်ရှောင်ကို အသက်ပြန်ရှင်လာစေရန် ကူညီပေးခဲ့ခြင်းလော။
သူတို့နှစ်ဦးစလုံးသည် ဝမ်ရှောင်၏ ဟန်ပန်အမူအရာသည် တစ်စုံတစ်ခု ကွဲပြားနေကြောင်း ရှင်းလင်းစွာ အာရုံခံမိလိုက်သည်။
ရီဖူရှင်း၏အကြည့်သည် စူးရှသွား၏။ သူ့ပတ်ပတ်လည်တွင် ဗုဒ္ဓအလင်း စီးဆင်းလာသည်။ သူသည် ဝမ်ရှောင်ကို စိုက်ကြည့်နေပြီး သူ၏အကြည့်သည် ဝမ်ရှောင်ကို ဖောက်မြင်နေရသည်ဟုပင် ထင်ရ၏။
ဝမ်ရှောင်သည် ထိုအကြည့်ကို အာရုံရလိုက်သောအခါ ရီဖူရှင်းကို ပြန်ကြည့်လိုက်သည်။ ဝမ်ရှောင်၏မျက်လုံးများသည် ကြောက်မက်ဖွယ်ကောင်းနေ၏။ သူ၏အကြည့်သည် ရီဖူရှင်း၏မျက်လုံးများကို ဖောက်ထွင်းသွားပြီး ရီဖူရှင်းကို စူးရှသောနာကျင်မှုကို ခံစားသွားရစေလေသည်။
သူသည် ဝမ်ရှောင် မဟုတ်ပေ။
ရီဖူရှင်း၏ခေါင်းထဲတွင် အသံတစ်သံ မြည်သွားသည်။ သူသည် မျက်နှာထားကို တည်ငြိမ်အောင် ထားလိုက်သည်။ သူသည် အံ့အားသင့်နေသော်လည်း သူ၏ခံစားချက်ကို မပြသခဲ့ပေ။
ဝမ်ရှောင်သည် သေဆုံးသွားခဲ့ပြီဖြစ်ပြီး ပြန်၍ အသက်ရှင်မလာခဲ့ချေ။ သူတို့၏မျက်လုံးများရှေ့ရှိ ဤဝမ်ရှောင်သည် ယခင်ကနှင့် တစ်ယောက်တည်းမဟုတ်တော့ပေ။
အကယ်၍ ဤဝမ်ရှောင်သည် ဝမ်ရှောင်အစစ်မဟုတ်လျှင် သူသည် မည်သူနည်း။
ရီဖူရှင်းသည် ဖြစ်နိုင်ချေတစ်ခုကို တွေးတောလိုက်သည်။ ရုတ်ခြည်းပင် သူ၏မျက်နှာသည် ဖြူဖျော့သွားပြီး သူရင်တုန်သွားသည်။
ဝမ်ရှောင်သည် အရှင်ထျန်းယန်၏ သင်ကြားမှုများနှင့် ဝိညာဉ်စွမ်းအားကို အမွေဆက်ခံရရှိခဲ့သူဖြစ်သည်။ သူ ကိုင်ဆွဲခဲ့သည့် လက်နက်သည်လည်း အရှင်ထျန်းယန်၏လက်နက်ဖြစ်ပေသည်။ သူ့တွင်ရှိသောအရာအားလုံးကို မဟာအင်ပါယာက ပေးထားခြင်းဖြစ်သည်။ တန်ကြေးကြီးစွာပေးမှ ရရှိခဲ့သည်ဟု ရီဖူရှင်းယူဆထားသော ဝမ်ရှောင်၏နတ်ခန္ဓာသည်ပင် အရှင်ထျန်းယန်၏အကူအညီဖြင့် ရရှိခဲ့ခြင်းဖြစ်နိုင်၏။
ယခင်က ချပ်ဝတ်လက်နက်ပြုလုပ်သူပြိုင်ပွဲအတွင်းတွင် မြို့သခင်သည် ဝမ်ရှောင်၏ ပါရမီကို အားလုံး၏အရှေ့တွင် ပြသခဲ့ပြီး သူ့ကို ထျန်းယန်မြို့၏ ဆက်ခံသူအဖြစ် ရွေးချယ်ခဲ့သည်။
သို့သော် အမှန်တွင် ဝမ်ရှောင်သည် ယခင်ကပင် အရှင်ထျန်းယန်ကိုယ်တိုင်ရွေးချယ်ထားသော ဆက်ဆံသူတစ်ဦးဖြစ်ခဲ့ပေသည်။
ထို့ကြောင့် လက်ရှိဝမ်ရှောင်သည် မည်သူဖြစ်နိုင်သနည်း။
အဖြေသည် နေ့အလင်းကဲ့သို့ ရှင်းလင်းပေသည်။
ထိုလူသည် အရှင်ထျန်းယန် ကိုယ်တိုင်ပင် ဖြစ်လေသည်။
ရီဖူရှင်းသည် အံ့အားသင့်ကာ တုန်လှုပ်သွားသည်။ အရှင်ထျန်းယန်သည် လက်ရှိလောကထဲတွင် ဝမ်ရှောင်၏အသွေးအသားဖြင့် ပြန်လည်မွေးဖွားလာပေပြီ။ အမှန်တွင် သူသည် ဝမ်ရှောင်ကို သူ၏ဆက်ခံသူအဖြစ် ရွေးချယ်လိုက်ကတည်းက ဤနေ့အတွက် ကြိုတင်အကွက်ချစီစဉ်ထားခြင်းဖြစ်နိုင်၏။ သူသည် ဝမ်ရှောင်၏ခန္ဓာကိုယ်နှင့် သူ့ကိုသာ အာဟာရပေး၍ တဖြည်းဖြည်းဖြင့် ဝမ်ရှောင်ပိုင်ဆိုင်သည့်အရာအားလုံးကို မောင်ပိုင်စီးလိုက်ခြင်းဖြစ်ရပေမည်။
ဝမ်ရှောင်သည် အရှင်ထျန်းယန် ပြန်မွေးဖွားလာဖို့ လမ်းခင်းရန်အတွက် အသုံးချစရာပစ္စည်းတစ်ခုသာ ဖြစ်ခဲ့ပေသည်။
ရီဖူရှင်းသည် မျက်နှာသေဖြင့် ရှေ့သို့ တည့်တည့်စိုက်ကြည့်လိုက်သည်။ သူသည် သူ၏ယူဆချက်ကို မည်သူ့ကိုမှ မပြောပြလိုက်ပေ။ အကယ်၍ ဤလက်ရှိဝမ်ရှောင်သည် အမှန်ပင် အရှင်ထျန်းယန်ဖြစ်ပါက သူသည် ယခင်ကထက် ပို၍ကြောက်မက်ဖွယ်ကောင်းမည်မှ အသေအချာပင်။ သူသည် ရီဖူရှင်းကိုပင် သတ်နိုင်စွမ်းရှိလောက်ပေသည်။ သို့သော် သူသည် ထိုကဲ့သို့ မလုပ်ခဲ့ပေ။ သူသည်လည်း သူမည်သူ၊ မည်ဝါဖြစ်ကြောင်း မပေါ်သွားစေလိုသည့်ပုံပင်။
အရှင်ထျန်းယန်သည် အသွေးအသားအဖြစ် ပြန်လည်မွေးဖွာလာခါစသာ ရှိပေသေးသည်။ သူသည် သူ၏ မဟာအင်ပါယာစွမ်းရည်များကို အပြည့်အဝပြန်မရသေးပေ။ ထို့ကြောင့် သူသည် လောလောဆယ်တွင် ဝမ်ရှောင်အဖြစ် ဟန်ဆောင်ကာ သူမည်သူ၊ မည်ဝါဖြစ်သည်ကို လျှို့ဝှက်ထားလိုခြင်း ဖြစ်လေသည်။