← Chapters

ကြိုတင်ကာကွယ်မှု

Vol. 185 Ch. 2642

ကြိုတင်ကာကွယ်မှု

Vol. 185 Ch. 2642

ကျယ်ပြောသော အာကာပြင်ထဲရှိ နေရာအနှံ့တွင် တိုက်ပွဲများ ရပ်တန့်သွားသည်။

စစ်မြေပြင်တွင် ကောင်းကင်ဒေသမှ လူများသည် ရီဖူရှင်းကို သတ်ရန်ရောက်လာခဲ့ကြသည်။ ထို့နောက်တွင် ရီဖူရှင်းကို ဝမ်ရှောင်ကို သတ်လိုခဲ့သည်။ ထို့ကြောင့် ပရမ်းပတာတိုက်ပွဲတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ထိုမတိုင်ခင်က ရီဖူရှင်းသည် ဝမ်ရှောင်ကို သတ်ခဲ့ပြီးဖြစ်သည်။

သို့သော် ဝမ်ရှောင်သည် ဖျက်ဆီး၍မရနိုင်သော ခန္ဓာကိုယ်ရှိပုံရပြီး အသက်ပြန်ရှင်လာခဲ့ပေသည်။

ရုတ်တရက် ကျယ်ပြောသောအာကာပြင်သည် ခေတ္တမျှ တိတ်ဆိတ်သွားသည်။ ရီဖူရှင်းသည် မည်သို့မှမပြောဘဲ ဝမ်ရှောင်ကို စိုက်ကြည့်နေသည်။ ဝမ်ရှောင်သည်လည်း သူ့ကို ပြန်စိုက်ကြည့်နေသည်။ သူတို့နှစ်ဦးစလုံး၏စိတ်ထဲတွင် ကွဲပြားသောအတွေးများ ရှိလေသည်။

ရီဖူရှင်းသည် အနည်းငယ် တုံ့ဆိုင်းနေပြီး ဝမ်ရှောင်က မည်သူ၊ မည်ဝါဖြစ်ကြောင်း မဖော်ဝံ့ဖြစ်နေသည်။

သူသည် စိုးရွံ့နေ၏။ သူရှေ့ရှိလူသည် သူယခင်ကသိခဲ့သော ဝမ်ရှောင် မဟုတ်တော့ပေ။ သူသည် ထျန်းယန်မြို့သခင်သိခဲ့သော ဝမ်ရှောင်လည်း မဟုတ်တော့ပေ။ သူသည် လောကအတွင်းသို့ ဆင်းသက်လာသည့် မဟာအင်ပါယာတစ်ပါး၏ ပြန်ဝင်စားမှု ဖြစ်နေ၏။ သူသည် အင်ပါယာတစ်ပါးဖြစ်သည်။

မဟာအင်ပါယာသည် ဝမ်ရှောင်၏ခန္ဓာကိုယ်ကို ငှားယူထားခြင်းဖြစ်သော်လည်း မဟာအင်ပါယာအဆင့်လက်နက်သည် သူထုလုပ်ထားခြင်းဖြစ်သည်။ သူသာ တိုက်ပွဲအတွင်းတွင် မဟာအင်ပါယာအဆင့်လက်နက်တစ်ခုကို ကိုင်ဆွဲ၍ တိုက်ခိုက်မည်ဆိုလျှင် မည်မျှ ကြောက်မက်ဖွယ် ကောင်းမည်နည်း။

ဝမ်ရှောင်သည် မဟာအင်ပါယာလက်နက်တစ်ခု ကိုင်ဆွဲခဲ့သည်ပင် ရီဖူရှင်းကို မသတ်နိုင်ခဲ့ချေ။ သို့သော် အရှင်ထျန်းယန်မှာမူ သေချာပေါက် သူ့ကို သတ်နိုင်ပေလိမ့်မည်။

ထို့ကြောင့် သူသည် သူ့ရှေ့ရှိ ဝမ်ရှောင်မှာ အရှင်ထျန်းယန်ဖြစ်ကြောင်း မဖော်ဝံ့ဖြစ်နေခြင်းဖြစ်သည်။ သူသာ ထိုသို့လုပ်လိုက်လျှင် အကျိုးဆက်သည် မည်သို့ရှိမည်ကို သူမသိပေ။ သို့ကြောင့် သူသည် ထိုကိစ္စအပေါ် သူ့အသက်ကို လောင်းကြေးမထပ်နိုင်ချေ။

တစ်ဘက်တွင်လည်း အရှင်ထျန်းယန်သည် ရီဖူရှင်းကို စိုးရွံ့နေသည်။ ဤအခြေအနေတွင် သူတို့နှစ်ဦးသည် ဘုံသဘောတူညီမှု တစ်ခုကို ရရှိခဲ့ပြီဟု ဆိုနိုင်လေသည်။

သူသည် လွန်လေပြီးသောအတိတ်မှ မဟာအင်ပါယာတစ်ပါးပင် မဟုတ်ပါလား။ အကယ်၍ သူသာ ဤခေတ်တွင် ပြန်လည်မွေးဖွားလာပါက အခြား မဟာအင်ပါယာများသည် မည်သို့တွေးမည်နည်း။

လက်ရှိတွင် သူသည် ခန္ဓာကိုယ်တစ်ခုကို ငှားယူ၍ ပြန်မွေးဖွားလာရသည်ကိုကြည့်လျှင် အရှင်ထျန်းယန်သည် သူ၏အထွတ်အထိပ်အဆင့်သို့ ပြန်မရောက်သေးကြောင်း သိနိုင်၏။ သူသည် လက်ရှိ မဟာအင်ပါယာများ၏လက်တွင် ရှင်သန်နိုင်လိမ့်မည်ဟု သူ့ကိုယ်သူ ယုံကြည်မှု မရှိသေးပေ။

နားမလည်နိုင်အဖြစ်နေဆုံးသူမှာ မော့ချင်းကောဖြစ်သည်။ သူ့စိတ်ထဲတွင် အတွေးများစွာ ပေါ်လာလေသည်။ ဝမ်ရှောင်သည် အမှန်ပင် အရှင်ထျန်းယန်၏ စွမ်းအားကို ငှားယူ၍ ဖျက်ဆီး၍မရနိုင်သော ခန္ဓာတစ်ခုကို ထုဆစ်ခဲ့သည်လော။

သူ့ကို သတ်၍ ရနိုင်ပါလေသလော။

ရနိုင်လောက်ပေသည်။

ရီဖူရှင်းသည် မော့ချင်းကောကို ကြည့်လိုက်သည်။ မော့ချင်းကောသည် သူနှင့်အတူ ဝမ်ရှောင်ကို အမဲလိုက်ခဲ့သူဖြစ်သည်။ သူတို့သည် ဝမ်ရှောင်ကို သတ်ရန် အင်အားပူးပေါင်းခဲ့ပြီး ဝမ်ရှောင်သေသွားသည်ကို ကိုယ်တိုင်တွေ့မြင်ခဲ့ကြရ၏။ သူတို့သည် ဝမ်ရှောင်သေသွားပြီဖြစ်ကြောင်း သိသည့် နှစ်ဦးတည်းသောသူများ ဖြစ်သည်။ ဝမ်ရှောင်၏ခန္ဓာကိုယ် ဖျက်ဆီးခံလိုက်ရပြီးသောအခါ ရီဖူရှင်းသည် သူ၏စိတ်ဝိညာဉ်ကိုလည်း ဖျက်ဆီးခဲ့သည်။

ဝမ်ရှောင်သည် သေဆုံး ပျောက်ကွယ်သွားသင့်ပြီဖြစ်သည်။ မော့ချင်းကောသည် ဝမ်ရှောင်ကို မသတ်ခဲ့သော်လည်း သူသေသွားသည်ကို မြင်ခဲ့ရပေသည်။

မော့ချင်းကောသည် အမှန်တရားကို စဉ်းစားနိုင်မည်လော။

ရီဖူရှင်းသည် ထိုအရာကို အတပ်မပြောနိုင်ပေ။

ဝှီး...

ဝမ်ရှောင်၏လက်ထဲရှိ ကောင်းကင်တုန်ဟည်းနတ်တူသည် စွမ်းအားကြီးတုန်ခါလှိုင်းများကို ရီဖူရှင်းရပ်နေသောနေရာသို့ လွှတ်လိုက်သည်။ ဝမ်ရှောင်သည် ရှေ့သို့ ခြေတစ်လှမ်းတိုး၍ ပြောလိုက်၏။

“ငါ့အတွက် နတ်ခန္ဓာအသစ်တစ်ခု ဖန်တီးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ငါ, ဝမ်ရှောင်က ဖျက်ဆီးလို့မရနိုင်တဲ့ နတ်ခန္ဓာရှိတယ်။ ငါက ပြိုင်ဘက်ကင်းပဲ။ မင်း ငါ့ကိုသတ်ချင်ရင်တောင် သတ်နိုင်ပါ့မလား”

သူသည် ရီဖူရှင်းကို စိန်ခေါ်လိုက်ပြီး ရီဖူရှင်းဆီသို့ ပို၍ကြောက်မက်ဖွယ်ကောင်းသော တုန်ခါလှုန်များကို လွှတ်လိုက်လေသည်။ ကောင်းကင်တုန်ဟည်းနတ်တူသည် ရှေ့သို့ ရွေ့လျားသွားသည်။ ရီဖူရှင်းသည် ဝမ်ရှောင်ကို ဂရုတစိုက် လေ့လာလိုက်သည်။ လက်ရှိဝမ်ရှောင်သည် ဝမ်ရှောင်အစစ်ပြောသည့် ဟန်အတိုင်း တုပ၍ ပြောနေပုံပင်။ သူ၏စကားလုံးများသည်ပင် ဆင်တူသံပေါက်လေသည်။ သူ ထိုသို့လုပ်နေခြင်းမှာ သံသယ အဝင်မခံရစေရန် ဖြစ်သည်။ သူသည် ဖျက်ဆီး၍မရနိုင်သော နတ်ခန္ဓာအသစ်ရရှိသွားသော ယခင်ကဝမ်ရှောင်ပင် ဖြစ်သည်ဟု အားလုံးကို ယုံကြည်သွားစေလိုခြင်းပင်။

သူ၏အပြုအမူသည် အမှန်ပင် ပတ်ဝန်းကျင်မှ လူများ၏ ယုံကြည်မှုကို ရသွားစေသည်။ ထျန်းယန်မြို့သခင်သည် သူ၏စကားများကို ကြားပြီးသွားသောအခါ သူ၏သံသယအားလုံးကို ဖယ်ရှားလိုက်လေသည်။ ဝမ်ရှောင်သည် မည်သို့ ပြန်ရှင်သန်လာသည်ဆိုသည်မှာ အရေးမကြီးပေ။ ပို၍ အရေးကြီးသည်မှာ မဟာအင်ပါယာသည် သူ့ကို ဖျက်ဆီး၍မရနိုင်သော ပြီးပြည့်စုံသည့် နတ်ခန္ဓာတစ်ခု ထုဆစ်ရာတွင် အမှန်ပင် ကူညီပေးခဲ့သည်ဟူသော အချက်ပင်။

ဝမ်ရှောင်၏ အသွေးအသားသည် ဖျက်ဆီးမရရုံသာမက သူ၏စိတ်ဝိညာဉ်သည်လည်း ထာဝရတည်နိုင်သည့်အရာဖြစ်လေသည်။

ဝမ်ရှောင်သည် ပြိုင်ဘက်ကင်း ဖြစ်သည်။ သူသည် ထူးကဲရန် ကံကြမ္မာပါလာသူဖြစ်သည်။ သူသည် သေချာပေါက် မဟာအင်ပါယာတစ်ပါး ဖြစ်လာကာ ထျန်းယန်မြို့မှလူများကို ခေတ်သစ်သို့ ဦးဆောင်သွားမည်ဖြစ်သည်။

ရီဖူရှင်းသည် ဗုဒ္ဓရောင်ဝါခြေလှမ်းကို သုံးလိုက်ပြီး သူ၏မူလနေရာမှနေ၍ လျှပ်တစ်ပြက်အတွင်း ပျောက်ကွယ်သွားပြီး ဝမ်ရှောင် သူ့ကို တိုက်ခိုက်သည်မှ ကာကွယ်လိုက်သည်။ ဝမ်ရှောင်သည် သူပျောက်ကွယ်သွားသည်ကို ကြည့်၍ ကောင်းကင်တုန်ဟည်းနတ်တူနှင့် တိုက်ခိုက်ခြင်းကို ရပ်လိုက်သည်။ သူတို့သည် ကောင်းကင်ဒေသတွင်သာ ရှိသေးသည် မဟုတ်ပါလား။ သူ့အနေဖြင့် ဤနေရာတွင် ရီဖူရှင်းကို မဟာအင်ပါယာအဆင့်လက်နက်သုံး၍ သတ်ပစ်ရန် မသင့်တော်ပေ။

ဝမ်ရှောင်သည် ရီဖူရှင်းအနောက်သို့ လိုက်မသွားပေ။ သူသည် ပို၍အစွမ်းထက်သည့် စွမ်းရည်များကိုလည်း ထုတ်မပြလိုက်ချေ။ သူသည် ယခုတွင် ဝမ်ရှောင်ဖြစ်နေပေပြီ။ အနည်းဆုံး လောလောလတ်လတ်တွင် သူသည် ယခင်က ထုတ်ပြထားဖူးသည့် စွမ်းရည်များမှလွဲ၍ ပို၍စွမ်းအားကြီးသော စွမ်းရည်များကို ထုတ်ပြ၍မရပေ။ မဟုတ်လျှင် သူသည် သူ့ကိုယ်သူ သံသယအဝင်ခံလိုက်သလို ဖြစ်သွားပေမည်။

ရီဖူရှင်းသည် နတ်ဆိုးဘုံနှင့် မှော်နက်နန်းတော်မှ ကျင့်ကြံသူများ ရှိသည့်နေရာတွင် ပြန်ပေါ်လာသည်။ သူ့အနီးတွင် သေမင်းနတ်ဘုရား ရီချင်းယောင် ရှိပေသည်။ ရီဖူရှင်း ပြောလိုက်သည်။

“ပြန်ဆုတ်ကြရအောင်...”

“ပြန်ဆုတ်မယ်ဟုတ်လား...”

ရီချင်းယောင်သည် အနည်းငယ် မကျေနပ်ဟန်ဖြင့် မေးလိုက်သည်။

အစောကပင် ထိုလူများသည် ရီဖူရှင်းနှင့် စာရင်းရှင်းလိုနေခဲ့ကြသည်။ သူတို့အားလုံးသည် သူမ၏ရန်သူများဖြစ်သည်။ သူမသည် သူတို့အားလုံးကို သေစေလိုပေသည်။

ဝမ်ရှောင်သည် မသေသေးပေ။ သူမတို့ မည်သို့ ပြန်ဆုတ်နိုင်မည်နည်း။

မော့ချင်းကောသည်လည်း သူတို့ဆီသို့ ပြန်ဆုတ်လာသည်။ သူသည် ရီဖူရှင်းကို ကြည့်လိုက်ပြီး ရီဖူရှင်း ပြောသည်ကို သဘောတူခဲ့သည်။ မော့ချင်းကောပြောလိုက်သည်။

“ဒီနေ့အဖို့တော့ ဒီလောက်ပဲ...”

နတ်ဆိုးဘုံမှ ယန်ကွေ့ရီသည်လည်း ဤနေရာသို့ ပြန်ဆုတ်လာသည်။ နှစ်ဘက်စလုံးမှ ကျင့်ကြံသူများသည် သူတို့၏နေရာများကို ပြန်သွားကြသည်။

သူတို့သည် တိုက်ခိုက်ခြင်းကို ရပ်တန့်လိုက်ပြီး ပြန်ဆုတ်ရန် ပြင်ဆင်လိုက်ကြသည်။

အကယ်၍ ဝမ်ရှောင်သည် အမှန်ပင် ဖျက်ဆီး၍မရနိုင်သော နတ်ခန္ဓာပိုင်ဆိုင်ပါက ဆက်၍ တိုက်ခိုက်နေရန် မလိုတော့ပေ။ သူတို့သည် သူ့ကို မသတ်နိုင်ပေ။ ထို့ပြင် သူကိုင်ဆောင်ထားသော မဟာအင်ပါယာအဆင့်လက်နက်သည် လွန်စွာ စွမ်းအားကြီးပေသည်။

“ပြန်ဆုတ်ကြ...”

ယန်ကွေ့ရီ အမိန့်ပေးလိုက်သည်။ ကျင့်ကြံသူများသည် ပြန်ဆုတ်လိုက်ကြသည်။ ကောင်းကင်ဒေသမှ ကျင့်ကြံသူများသည်လည်း သူတို့‌နောက်သို့ မလိုက်ခဲ့ဘဲ သူတို့ထွက်သွားသည်ကိုသာ ရပ်ကြည့်နေခဲ့ပေသည်။ ဝမ်ရှောင်သည်လည်း မတိုက်ခိုက်ခဲ့ပေ။

သူသည် သူမည်သူ၊ မည်ဝါဖြစ်ကြောင်း ဖုံးကွယ်ရန် မလိုလျှင်ပင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းမျိုးကို လုပ်မည်မဟုတ်ပေ။

အကယ်၍ သူသာ ယခုတွင် လူပေါင်းများစွာကို သတ်ပစ်ခဲ့ပါက သူသည် မဟာအင်ပါယာဟူသော ဂုဏ်ပုဒ်ကို ပြန်မယူနိုင်ခင်မှာပင် ရန်သူများစွာ ရှိသွားမည်ဖြစ်သည်။ သို့ဆိုလျှင် ပြဿာနာကြီးပေလိမ့်မည်။

သူသည် စိတ်ရှည်တတ်သူမဟုတ်သော်လည်း ဤနေ့သို့ရောက်လာရန် နှစ်ပေါင်းများစွာ စောင့်ခဲ့ရပေသည်။ ထို့ကြောင့် သူသည် အနည်းငယ် ပိုစောင့်ရခြင်းကို စိတ်မရှိပေ။

ယခုတွင် သူ၏ဦးစားပေးသည် တည်ငြိမ်မှုဖြစ်သည်။

နတ်ဆိုးဘုံမှ ကျင့်ကြံသူများ ပြန်ဆုတ်ခွာသွားကြသည်။ ရီဖူရှင်းသည်လည်း သူတို့နှင့် လိုက်ပါသွားသည်။ ထျန်းယန်မြို့သခင်သည် ရီဖူရှင်း ထွက်ခွာသွားရာဘက်သို့ ငေးကြည့်ကာ ပြောလိုက်၏။

“ဒါက ရီဖူရှင်းက နတ်ဆိုးဘုံက အင်အားစုတွေနဲ့ ပူးပေါင်းပြီး သူတို့နဲ့ မဟာမိတ်ဖွဲ့လိုက်တယ်ဆိုတာကို ငြင်းမရနိုင်တဲ့ သက်သေပဲ။ သူက နောက်ကျရင် ပြဿနာတစ်ခု ဖြစ်လာလိမ့်မယ်။ အင်ပါယာနန်းတော်က စီဝေ့ကြယ်ကောင်းကင်ကို ကိုင်တွယ်ဖို့ တွေးနေရဲ့လား”

ဤမတိုင်ခင်ဖြစ်ပွားခဲ့သော တိုက်ပွဲက သူ့ကို ကြောက်ရွံ့စေနေ၏။

ဝမ်ရှောင်သည် တစ်ကြိမ်သေသွားခဲ့ပြီး ပြန်ရောက်လာသော ရီဖူရှင်းသည် သူ့ကို ထပ်မံသတ်ချင်ခဲ့သည်။

မြို့သခင်၏ တိုက်ခိုက်စွမ်းရည်သည် ရီဖူရှင်းထက် မနိမ့်နိုင်ပေ။ သို့သော် သွက်လက်မှုအပိုင်းတွင် သူသည် ရီဖူရှင်းကို မယှဉ်နိုင်ပေ။ အကယ်၍ သူတို့သာ တစ်ဦးချင်း တိုက်ခိုက်လျှင် သူ ခြေကုန်လက်ပန်းကျသွားမည်ဖြစ်ပြီး ရီဖူရှင်းသည် အကြွင်းမဲ့ အသာစီးရသွားမည်ဖြစ်သည်။

ထျန်းယန်မြို့ကို ခြိမ်း‌ခြောက်လာနိုင်သော အနာဂတ်ပြဿနာများကို ကာကွယ်ရန် ထိုအန္တရာယ်ကို ဖြစ်နိုင်သမျှမြန်မြန် ဖယ်ရှားပစ်ရပေမည်။

“ပြီးခဲ့တဲ့ တိုက်ပွဲက အဲဒီကိစ္စတွေအကုန်လုံးကို သက်သေပြပြီးပြီပဲ။ ဘာများ ထပ်ပြောဖို့ လိုဦးမှာလဲ”

တစ်စုံတစ်ယောက်က ပြန်ဖြေလိုက်သည်။ ကောင်းကင်ဒေသမှ လူများအကြားတွင် ဖုန်းရူသည် အသန်မာဆုံးဖြစ်သည်။ သူသည် ထျန်းယန်မြို့သခင်၏ စကားများကိုကြားသောအခါ မြို့သခင်၏ရည်ရွယ်ချက်ကို သူနားလည်ပေသည်။

သို့သော် မြို့သခင်၏စကားသည် အကျိုးသင့်အကြောင်းသင့်ပင် ဖြစ်ပေသေးသည်။

ဖုန်းရူပြန်ပြောလိုက်သည်။

“ကျုပ် ဒီကိစ္စကို အင်ပါယာနန်းတော်ကို တင်ပြပြီး အရှင်အင်ပါယာ သိသွားအောင် လုပ်ပေးပါမယ်။ စီဝေ့ကြယ်ကောင်းကင်ကို ဘာလုပ်မလဲဆိုတာတော့ သူပဲ ဆုံးဖြတ်ပါလိမ့်မယ်”

သူသည် ယနေ့အဖြစ်အပျက်ကို အလွန်ရှင်းလင်းစွာ မြင်ခဲ့ရပေသည်။ ရီဖူရှင်းသည် နတ်ဆိုးဘုံနှင့် မဟာမိတ်ဖွဲ့ထားသည်ဟု သံသယဖြစ်စရာ အကြောင်းများရှိသော်လည်း ရီဖူရှင်းသည် ဤကိစ္စမှာ သူနှင့် ထျန်းယန်မြို့ကြားက ကိစ္စဖြစ်သည်ဟု ပြတ်သားစွာ ပြောခဲ့သည်။ ရီဖူရှင်းသည် ဤပဋိပက္ခအတွင်းသို့ ဝင်မပါလိုဘဲ ဘက်ရွေးရန် ဖိအားပေးမခံလိုကြောင်း ထင်ရှားပေသည်။

သူ နတ်ဆိုးဘုံမှ လူများနှင့် ထွက်သွားရခြင်းမှာမူ လုံးလုံးအဓိပ္ပာယ်မရှိသည့် ကိစ္စသာဖြစ်သည်။ ကောင်းကင်ဒေသမှ လူများစွာသည် သူ့ကို သတ်လိုနေကြသည်။ အကယ်၍ သူသာ နတ်ဆိုးဘုံမှ ကျင့်ကြံသူများနှင့် ထွက်မသွားလျှင် သူတို့သည် သူ့ကို ထွက်သွားခွင့်ပင် ပေးပါမည်လော။

သူသည် ဤနေရာတွင်လည်း မနေခဲ့နိုင်ပေ။

မဟာအင်ပါယာသည်သာ ဤကိစ္စတွင် ဆုံးဖြတ်ပေးနိုင်လေသည်။

“ကောင်းပါပြီ...”

ထျန်းယန်မြို့သခင်က ခေါင်းညိတ်၍ ပြောလိုက်သည်။ ဖုန်းရူသည် ထိုသို့ပြောလိုက်ပြီဖြစ်သဖြင့် သူသည် ဆက်ပြောနေရန် မလိုတော့ပေ။

****

တစ်ဘက်တွင် ရီဖူရှင်းတို့အုပ်စုသည် စစ်မြေပြင်မှ ထွက်ခွာလာကြသည်။

“ဝမ်ရှောင် အသက်ရှင်နေသေးတာ ကံဆိုးတာပဲ”

ကျင့်ကြံသူတစ်ဦးက မှတ်ချက်ပြုလိုက်သည်။ စစ်မြေပြင်တွင် မဟာအင်ပါယာအဆင့်လက်နက်တစ်ခု ကိုင်ဆွဲထားသော ဝမ်ရှောင်၏ တိုက်ခိုက်စွမ်းရည်သည်  ထိပ်တန်းအဆင့်ဟု ဆိုနိုင်၏။ ယန်ကွေ့ရီသည်သာ သူ့ကို ထိပ်တိုက် ရင်ဆိုင်နိုင်၏။

အကယ်၍ ယန်ကွေ့ရီက ဝမ်ရှောင်ကို သတ်လိုက်လျှင် ယန်ကွေ့ရီသည် ပြိုင်ဘက်ကင်းဖြစ်သွားပေလိမ့်မည်။ ဖုန်းရူသည် ယန်ကွေ့ရီကို ထိန်းထာရုံလောက်သာ တတ်နိုင်ပြီး သူ့ကို မယှဉ်နိုင်ပေ။

ထို့ပြင် သူတို့ဘက်တွင် သေမင်းနတ်ဘုရားရှိပေသည်။ သေမင်းနတ်ဘုရားနှင့် ယန်ကွေ့ရီတို့ နှစ်ဦးပေါင်းလိုက်လျှင် သူတို့ကို ယှဉ်နိုင်မည့်သူမရှိတော့ဘဲ သူတို့သည် အားလုံးကို သတ်ပစ်နိုင်လေသည်။

လူများစွာသည် ရီဖူရှင်းကို ကြည့်လိုက်ကြသည်။ မူလဘုံမှ ထိပ်သီးတွင်လည်း ကျရှုံးသည့်အချိန်များ ရှိပုံပင်။ သူသည် ဝမ်ရှောင်ကို သတ်ခဲ့ပြီဟု ဆိုခဲ့သည်။ သို့သော် နောက်ဆုံးတွင် သူသည် အောင်အောင်မြင်မြင် မလုပ်ဆောင်နိုင်ခဲ့ချေ။

ထိုအရာသည် ရီဖူရှင်း၏အမှားမဟုတ်ကြောင်း သူတို့သိပေသည်။ လက်ရှိဝမ်ရှောင်သည် အလွန်ခံနိုင်ရည်ကောင်းလွန်းနေခြင်းပင်။

သို့သော် ဝမ်ရှောင်အစစ်သည် ရီဖူရှင်း၏သတ်ဖြတ်မှုကို ခံလိုက်ရပြီဖြစ်ကြောင်း သူတို့မည်သို့သိနိုင်မည်နည်း။

ရီဖူရှင်းသည် ရှင်းပြမနေတော့ပေ။ ဤနေရာတွင် ဝမ်ရှောင် မရှိလျှင်ပင် သူသည် လျှို့ဝှက်ချက်ကို ထိန်းသိမ်းထားရမည်ဖြစ်သည်။ သူသည် ထိုလျှို့ဝှက်ချက်ကို ထုတ်မပြောဝံ့ပေ။

သူ လျှို့ဝှက်ချက်ကို ထုတ်ပြောလိုက်သည်နှင့် အရှင်ထျန်းယန်သည် ထောက်ထားစရာမရှိတော့ဘဲ အားလုံးကို အစုလိုက်အပြုံလိုက်သတ်ပစ်မည်ကို သူစိုးရိမ်ပေသည်။

“ဒါပေမဲ့ ငါတို့က နန်းတော်သခင်ရီကို အကူအညီတစ်ခုအနေနဲ့ ရခဲ့ပြီပဲ။ ငါတို့ဘက်က အရေးသာပါသေးတယ်”

နောက် ကျင့်ကြံသူတစ်ဦးက ပြောလိုက်သည်။ သူသည် ရီဖူရှင်းက သူတို့ဘက်သို့ ပါလာပြီဟု တစ်ထစ်ချတွက်ထားပုံပင်။

ရီဖူရှင်း အနည်းငယ် မျက်ခုံးပင့်၍ ကိစ္စအချို့ကို ဆင်ခြင်သုံးသပ်လိုက်သည်။

“ရီဖူရှင်း...”

ထိုစဉ်တွင် အသံတစ်သံက ခေါ်လိုက်သည်။ ရီဖူရှင်းသည် ထိုခေါ်လိုက်သူဘက်သို့ လှည့်ကြည့်လိုက်သည်။ သူ့ဘေးတွင် ရပ်နေသောသူသည် ဖိအားအငွေ့အသက် ခပ်ရေးရေး ပေးနေ၏။ ယခုတွင် သူ့ကို ထိုသို့ခံစားရအောင် လုပ်နိုင်သူမှာ အနည်းငယ်သာ ရှိပေတော့သည်။

ထိုသူမှာ သူတို့ဘက်မှ စွမ်းအားအကြီးဆုံးသူဖြစ်သည်။ သူသည် နတ်ဆိုးဘုံ၏ ထိပ်တန်းနတ်ဆိုးသူတော်စင် ယန်ကွေ့ရီပင်။

“နတ်ဆိုးသူ‌တော်စင်...”

ရီဖူရှင်းသည် အနည်းငယ် ‌ခေါင်းဆတ်၍ နှုတ်ဆက်လိုက်သည်။

ယန်ကွေ့ရီ ပြောလိုက်၏။

“ငါလည်း နတ်ဆိုးဘုံမှာ ဖြစ်ခဲ့တဲ့ ကိစ္စအကြောင်းကို ကြားပြီးပါပြီ။ အဲဒီတိုက်ပွဲပြီးသွား‌တော့ ဒွန်ဟောင်တိယွမ်က အဲဒီနေရာက ထွက်သွားတယ်တဲ့... အရှင်ဒွန်ဟောင်ရဲ့ တစ်ဦးတည်းသော သမီးတော်ကို သရေကျအောင် တိုက်ခိုက်နိုင်တယ်ဆိုတော့ မင်းလည်း အင်ပါယာလမ်းစဉ်ကို လိုက်နိုင်တာပဲ”

သူသည် ရီဖူရှင်းကို အထင်ကြီးနေပုံပင်။

နတ်ဆိုးဘုံမှ ကျင့်ကြံသူများသည် စွမ်းရည်ကို အထင်ကြီးလေးစားပေသည်။ ယန်ကွေ့ရီသည် ထိုမတိုင်ခင်က ရီဖူရှင်းသည် လွန်စွာစွမ်းအားကြီးကြောင်း ကြားခဲ့ပေလိမ့်မည်။ ယခုတွင် သူသည် ထိုအရာကို ကိုယ်တိုင်မြင်ခဲ့ပေပြီ။

ရီဖူရှင်းသည် ဝမ်ရှောင်ကို မသတ်နိုင်ခဲ့သော်လည်း သူမည်မျှ စွမ်းအားကြီးကြောင်းကိုမူ သက်သေပြနိုင်ခဲ့ပေသည်။

“နတ်ဆိုးသူတော်စင်က ကျုပ်ကို အထင်ကြီးလွန်းနေတာပါ”

ရီဖူရှင်း ပြန်ဖြေလိုက်သည်။

“ကောင်းကင်ဒေသကလူတွေက မင်းကို သတ်ချင်နေကြတာ။ အခု မင်းနဲ့ စီဝေ့ကြယ်ကောင်းကင်မှာ ရွေးချယ်စရာ အများကြီးမရှိလောက်တော့ဘူး။ မင်း သူတို့ကို မတိုက်ခိုက်ရင်တောင် သူတို့က မင်းကို သေချာပေါက် တိုက်ခိုက်မှာပဲ”

ယန်ကွေ့ရီ ပြောလိုက်သည်။

“မင်း မဟာမိတ်ဖွဲ့ပြီးတော့ ကောင်းကင်ဒေသကို အတူတူ တိုက်ခိုက်ချင်လား”

ရီဖူရှင်းနှင့် ယူချင်းတို့သည် အမြဲ ဆက်ဆံရေးကောင်းမွန်ခဲ့သည်။ အနာဂတ်တွင် သူတို့ မဟာမိတ်ဖြစ်လာမည်ကို ရှောင်လွှဲ၍ မရပေ။

ရီဖူရှင်း ပြောလိုက်၏။

“နတ်ဆိုးသူတော်စင်... ကောင်းကင်ဒေသက လူတွေအများကြီးက ကျုပ်ကို သတ်ချင်နေတယ်ဆိုပေမယ့် အဲဒါက ကောင်းကင်ဒေသတစ်ခုလုံးမှာရှိတဲ့ လူတွေနဲ့ နှိုင်းကြည့်ရင် အရေအတွက်က နည်းနည်းလေးပါပဲ။ အခု စီဝေ့ကြယ်ကောင်းကင်က အင်ပါယာအဆင့်အင်အားစုတွေကို ယှဉ်တိုက်ရလောက်အောင် အင်အားမကြီးသေးပါဘူး။ နတ်ဆိုးသူ‌တော်စင် စိတ်မရှိဖို့ ကျုပ် မျှော်လင့်ပါတယ်”

“ပြီးတော့ ကျုပ်မှာ တခြားအရေးကြီးကိစ္စတွေလည်း လုပ်စရာရှိပါသေးတယ်။ ကျုပ် အရင်သွားပါတော့မယ်။ အားလုံးပဲ ကျုပ်ကို ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်”

ရီဖူရှင်းသည် လက်နှစ်ဖက်ဆုပ်၍ အရိုအသေပြုကာ ပြောလိုက်သည်။ သူသည် ရွာသို့ ပြန်သွားရန် ကြံစည်နေခြင်းဖြစ်သည်။

ယခုတွင် ဝမ်ရှောင်သည် အရှင်ထျန်းယန်ဖြစ်နေပေပြီ။ သူသည် ကြိုတင်ကာကွယ်မှုအချို့ လုပ်ရပေလိမ့်မည်။

“ကောင်းပါပြီ...”

ယန်ကွေ့ရီက ပြန်ပြောလိုက်သည်။ သူသည် ရီဖူရှင်းကို ဖိအားမပေးတော့ပေ။ သူဆက်ပြောလိုက်၏။

“မင်း သွားစရာရှိတာသွားပါ”

“ကျေးဇူးအများကြီးတင်ပါတယ်”

ရီဖူရှင်းသည် လက်နှစ်ဖက် ထပ်မံဆုပ်၍ အရိုအသေပြုကာ ပြောလိုက်သည်။ ထို့နောက် သူသည် ရီချင်းယောင်ကိုကြည့်၍ ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူသည် ချက်ချင်းပင် အလျင်စလို ထွက်ခွာသွားလေတော့သည်။

All Chapters