အလွန်စျေးကြီးသော အသက်ကယ်ဆေးများ
Vol. 53 Ch. 736
ထန်ရှုက လူလူ၏ပိုက်ဆံကို မယူခြင်းမှာ ယောက်ျားတစ်ယောက်၏မာနကြောင့်မဟုတ်ဘဲ တကယ်ကို မလိုအပ်ခြင်းကြောင့်ပင်။ လူလူက သူ့ကို ယွမ်ငွေ ဘီလီယံပေါင်းများစွာ ပေးရင်တောင်မှ သူ၏ငွေပြတ်လပ်မှုပြဿနာကို အချိန်အကြာကြီး ဖြေရှင်းနိုင်မည် မဟုတ်ပေ။
သူမနှင့်အချိန်အတော်ကြာ စကားပြောပြီးနောက် ထန်ရှုအား ချန်းရှောင်ဝမ်မှ ဖုန်းဆက်လာခဲ့သည်။
ညဆယ်နာရီ…
ထန်ရှုသည် ချန်းရှောင်ဝမ်အား ပိုင်ရှန်ကန်ခရိုင်ရှိ သူမ၏တိုက်ခန်းသို့ ပြန်ပို့ပေးခဲ့သည်။ လူနေအိမ်အဆောက်အဦး၏အဝင်ဝတွင် ချန်းရှောင်ဝမ် ဝင်ရောက်ပျောက်ကွယ်သွားပြီးနောက် ထန်ရှု ပြန်ထွက်ခွာလာခဲ့သည်။
ထို့နောက် သူသည် တွမ်ဆန်အိမ်ရာသို့ ဦးတည်ခဲ့သည်။ အစောပိုင်းက ရွှယ်ယုဆီ ဖုန်းဆက်ကြည့်ရာ သူမ မအိပ်သေးကြောင်း သိလိုက်ရသဖြင့် အပြေးသွားလိုက်သည်။
ထန်ရှုက သူ့ဖိနပ်အား ချွတ်ကာ အိမ်တွင်းစီး ဖိနပ်တစ်ရံ ပြောင်းစီးလိုက်ပြီး အပေါ်ကုတ်အင်္ကျီကို ချွတ်လိုက်သည်။ ဧည့်ခန်းရှိ ဆိုဖာပေါ်တွင် ထိုင်ပြီးနောက် ညဝတ်ဂါဝန်ကို ဝတ်ဆင်ထားကာ ဆံပင်ရှည်ရှည်လေးများကို ဖြန့်ချထားသော ရွှယ်ယုကို ကြည့်ပြီး
"မင်းမှာ ပိုက်ဆံအလုံအလောက်ရှိသေးလား။"
“အင်း … အချိန်တစ်ခုလောက်တော့ လုံလောက်ပါသေးတယ်။”
ရွှယ်ယုက ခေါင်းညိတ်လိုက်သည်။
ထန်ရှုက သူ၏ဖုန်းကို ထုတ်ကာ ရွှယ်ယုဆီသို့ ယွမ်ငွေ ၁၀မီလီယံ လွှဲပေးခဲ့ပြီး
"ငါ ခုနလေးတင်ကမှ ငွေပြတ်သွားလို့ မင်းရဲ့ဘဏ်အကောင့်ထဲကို ယွမ်၁၀မီလီယံပဲ ပို့လိုက်တယ်။ ငါ့မှာ ယွမ်၂မီလီယံပဲ ကျန်တော့တယ်။”
"တစ်ခုခု ဖြစ်ခဲ့လို့လား။" ရွှယ်ယုက စိတ်ဝင်တစား မေးသည်။
“ဘာမှ မဖြစ်ပါဘူး။” ထန်ရှု ခေါင်းယမ်းလိုက်သည်။ “ငါ့ရဲ့လုပ်ငန်းက ဖွဲ့စည်းပုံ ပိုကြီးလာတာကြောင့် အစောပိုင်းအဆင့်တွေမှာ ရင်းနှီးမြုပ်နှံထားတဲ့ ငွေပမာဏက နည်းနည်းပိုများလာတယ်။ တစ်နှစ်ကျော် ပြီးသွားရင်တော့ ပြဿနာ မဖြစ်တော့ပါဘူး။”
ရွှယ်ယုက ဘာမှပြန်မပြောဘဲ ခေါင်းညိတ်ပြပြီး ထန်ရှုနှင့် စကားစမြည် ပြောခဲ့သည်။ ထို့နောက် သူမသည် မီးဖိုချောင်သို့ အမြန်သွားကာ ကျိုထားသော ဆေးအိုးကို လျင်မြန်စွာ ယူပြီး ဧည့်ခန်းဆီသို့ ပြန်လာသည်။
"မနက်ဖြန် အားလပ်ချိန်ရှိလား"
"ကိစ္စတစ်ခုခု ရှိလို့လား။"
ရွှယ်ယုက ခေါင်းညိတ်ပြီး
"တကယ်တော့ ရှင် ဒီည မလာဘူးဆိုရင် မနက်ဖြန် ရှင့်ကို ဆက်သွယ်တော့မလို့ပဲ။ မနေ့မွန်းလွဲပိုင်းက ဆေးပင်တွေဈေးမှာ ညို့ငင်အသီးတစ်လုံး တွေ့ခဲ့တယ်။ ကံမကောင်းချင်တော့ ဈေးနည်းနည်းလေး မြင့်နေတယ်။ ဝယ်ဖို့ ပိုက်ဆံမလောက်ဘူး။"
"ညို့ငင်အသီး…"
ထန်ရှုသည် စာအုပ်များစွာကို ဖတ်ပြီး ထောင်နှင့်ချီသော တရုတ်ဆေးဖက်ဝင်အပင်များကို မှတ်မိသော်လည်း ထိုအသီးကိုမူ လုံးဝမကြားခဲ့ဖူးပေ။
“ညို့ငင်အသီးက မြောင်ဒေသရဲ့အထူးနယ်မြေတွေမှာ ပေါက်ရောက်တတ်တဲ့ စိတ်ဝိညာဉ်အသီးတစ်မျိုးပဲ။ အရမ်းအဖိုးတန်သလို ရှားလည်း ရှားတယ်။ ဘိုးဘေးအဘွားဆီမှာ အဲ့ဒီအသီးနှစ်လုံးရှိခဲ့ပြီး လူ့သွေးထဲက ဗိုင်းရပ်စ်တချို့ကို ကုသဖို့ သုံးခဲ့တယ်လို့ ငယ်ငယ်တုန်းက ကြားဖူးတယ်။ နောက်ပြီး ထူးဆန်းသောတံခါးများမှ ကျင့်ကြံသူအချို့ရဲ့ အဆိုအရဆိုရင် အဲ့ဒီအသီးက အလွန်မှော်ဆန်တဲ့ အကျိုးသက်ရောက်မှုများ ရှိတယ်ဆိုပဲ။ ဒါပေမယ့် အဲဒီ မှော်ဆန်တဲ့ သက်ရောက်မှုတွေက ဘာတွေလဲတော့ ကျွန်မလည်း မသိဘူး။”
“ဘယ်လောက်တဲ့လဲ။” ထန်ရှုက မေးလိုက်သည်။
“ဆိုင်ရှင်က ညို့ငင်အသီးကို နှင်းပေါက်ခဲဖြူအသီးလို့ မှားယွင်းသတ်မှတ်ထားတယ်။ အဲ့ဒီအသီးဈေးကလည်း ၄မီလီယံကနေ ၅မီလီယံအထိ ရှိတာဆိုတော့ ဈေး အရမ်းမြင့်တယ်လို့ ဆိုနိုင်တယ်။ ပိုင်ရှင်က မသိပေမယ့် တစ်စုံတစ်ယောက်က အမြင်ကောင်းပြီး ဗဟုသုတလည်း ရှိတယ်ဆိုရင် ဒီညို့ငင်အသီးကို သိပြီး တစ်ဘီလီယံကျော်တောင် အလျင်စလိုဝယ်မှာ သေချာတယ်။” ရွှယ်ယုက တစ်ချက်ပြုံးလိုက်ပြီး ဆိုသည်။
ထန်ရှု တခဏလောက် အံ့သြမိန်းမောသွားပြီး
"မင်းက တရုတ်ဆေးအကြောင်းလည်း သိတာပဲလား။"
"ကျွန်မတို့မြောင်ဒေသက ထွက်လာတဲ့သူတိုင်း ဒီဟာနဲ့ ပတ်သက်ပြီး ဗဟုသုတ နည်းနည်းတော့ ရှိကြပါတယ်။ ငယ်ငယ်လေးကတည်းက အဖေနဲ့ ဘိုးဘွားတွေဆီက ကျွန်မ သင်ယူခဲ့တာ။ ကျွန်မရဲ့ဆေးပညာ အရည်အချင်းက သိပ်မကောင်းပေမယ့် သာမန်ရောဂါတချို့ကိုတော့ ကုသနိုင်ပါသေးတယ်။ လွန်ခဲ့တဲ့လေးနှစ်က တရုတ်ဆေးဘက်ဆိုင်ရာ ပညာရှင်တွေ ထုတ်ဝေခဲ့တဲ့ ရောဂါဗေဒ အတွေးအမြင်ဆိုင်ရာ ကျောင်းများစွာ ဆိုတဲ့ စာအုပ်ရဲ့တစ်စိတ်တစ်ပိုင်းကိုလည်း ကျွန်မ ရေးပေးခဲ့သေးတယ်။"
ထန်ရှု၏မျက်လုံးများ အရောင်လက်လာသည်။ သူ၏စိတ်ဝင်စားမှု ရုတ်ခြည်း တိုးမြှင့်သွားပြီး
“မင်းနဲ့သင့်တော်မယ့် လုပ်ငန်းတစ်ခုကို ငါ ရုတ်တရက် တွေးလိုက်မိတယ်။ မင်း ကောင်းကောင်းလုပ်ရင် မင်းအတွက် အခွင့်အရေးကောင်းပဲ။”
"ဘာစီးပွားရေးများလဲ။" ရွှယ်ယုက အပြုံးဖြင့် မေးလိုက်သည်။
“အရည်အသွေးကောင်းမွန်တဲ့ ဆေးပင်စီးပွားရေး…။”
"အဲ့ဒါက ဘာလဲ။" ရွှယ်ယု ရှုပ်ထွေးသွားသည်။
“ငါ မြင်ရသလောက် တရုတ်နိုင်ငံရဲ့ မြို့ကြီးတွေမှာ ဆေးပင်ဈေးကွက်ရှိပြီး ဒုတိယအဆင့်နဲ့ တတိယအဆင့်မြို့တွေမှာလည်း ရှိကြတယ်။ အဲ့ဒီဆေးပင်တွေရောင်းချတဲ့ဈေးကွက်မှာ အဖိုးတန်ဆေးပင်တွေ ရှိပေမယ့် တချို့ဆေးပင်တွေက အများသုံးဆေးဖက်ဝင်ပစ္စည်းတွေကြားမှာ ကွယ်ပျောက်ရောနှောနေကြတယ်။ တစ်ချို့အချိန်တွေဆိုရင် သာမန်ဆေးပင်တွေ ရောင်းတဲ့ ဆိုင်တွေကနေ အရမ်းတန်ဖိုးရှိတဲ့ ဆေးပင်တွေကို ငါ တွေ့ခဲ့ရတယ်။”
"ဒါဆို ရှင်ဆိုလိုတာက ဈေးကွက်ကနေ အဲ့ဒါကို လိုက်ရှာဖို့လား။"
ရွှယ်ယု ကြားဖြတ်ပြောလိုက်သည်။
"ဒီလိုလည်း မင်းပြောလို့ရတယ်။" ထန်ရှု ခေါင်းညိတ်ပြီး အပြုံးဖြင့် ပြောလိုက်သည်။
“ဒါပေမယ့် မင်းမှာ ခွန်အားအကန့်အသတ် ရှိတဲ့အတွက် ဆေးပင်တွေ ရှာဖွေရာမှာ ကူညီဖို့ လူအချို့ကို မင်း ခန့်လို့ရတယ်။ ဆေးအပင်တွေ၊ နာမည်တွေ၊ အကျိုးသက်ရောက်မှုနဲ့ ပုံသဏ္ဍာန်တွေကို သူတို့ မှတ်မိအောင် ရေတိုသင်တန်းကို လုပ်ပေးနိုင်ရင်တော့ အကောင်းဆုံးပဲ။ မင်းရဲ့လူတွေက ပစ္စည်းတွေ ဝယ်တဲ့အခါ ပစ္စည်းတွေကို အကဲဖြတ်ဖို့နဲ့ ခွဲခြားသတ်မှတ်ဖို့အတွက် မင်းဆီကို ဓာတ်ပုံ ဒါမှမဟုတ် ဗီဒီယို ပေးပို့ဖို့ သူတို့ကို မှာထားလိုက်ပေါ့။ ပစ္စည်း ဝယ်တာပဲဖြစ်စေ၊ မဝယ်တာပဲဖြစ်စေ ဝယ်ယူမှုကို မင်း အဝေးကနေ ထိန်းချုပ်လို့လည်း ရသွားလိမ့်မယ်။”
ရွှယ်ယု၏မျက်လုံးများ အရောင်တဖျတ်ဖျတ် လက်လာသည်။ ထန်ရှု၏ရှင်းပြချက်အရ ဤနည်းလမ်းသည် အမှန်တကယ် ငွေရှာရန် နည်းလမ်းကောင်းတစ်ခု ဖြစ်ကြောင်း သူမ သိရှိသွားပြီဖြစ်သည်။ အရေးကြီးဆုံးအချက်မှာ ဆေးပင်များကို ဝယ်ယူကာ စီးပွားရှာခြင်းဖြင့် သူမ၏တစ်ကိုယ်ရေအသုံးအတွက် ဆေးပင်များကို သိမ်းဆည်းထားနိုင်စေရန်ဖြစ်သည်။
"ကျွန်မ အဲ့ဒါကို ကြိုးစားကြည့်မယ်။"
"ဒါကို ဘယ်လို ရှင်းရှင်းလင်းလင်း လုပ်ရမလဲဆိုတာ မင်းကိုယ်တိုင် တွေးကြည့်လို့ရတယ်။ နောက်လ တစ်ဝက်လောက်ကျရင် ငါ မင်းကို ပိုက်ဆံထပ်ပို့ပေးမယ်။ ဒါပေမယ့် အဲ့ဒါကို ဖိအားလို့ သဘောမထားပါနဲ့။ ဒီအလုပ်ကို အချိန်ကုန်စေဖို့ နည်းလမ်းတစ်ခုလို့ပဲ မှတ်ယူထားပါ။”
ထန်ရှုက ပြောလိုက်သည်။
“မဟုတ်ဘူး။ ရှင် ကျွန်မကို ပိုက်ဆံ ထပ်ပေးစရာ မလိုပါဘူး။ ရှင် ကျွန်မဆီ လွှဲပေးခဲ့တဲ့ ငွေ ၁၀မီလီယံ ရှိတယ်လေ။ လုံလောက်ပါတယ်။” ရွှယ်ယုက ညင်သာစွာ ခေါင်းယမ်းရင်း ဆိုလိုက်သည်။
ထန်ရှုက မတုံ့ပြန်တော့ဘဲ သူ၏ဖုန်းအား ထုတ်ကာ လီကျွီရန်၏ဖုန်းနံပါတ်အား ရှာဖွေကာ မိနစ်အတော်ကြာအောင် ထိုနံပါတ်အား ကြည့်နေသည်။
သူသည် သက်တမ်းကို တိုးစေနိုင်သည့် ဆေးလုံးများကို သန့်စင်နိုင်သော်လည်း တိကျသောဆေးဖက်ဝင် ပစ္စည်းများကို ရှာဖွေရန်မှာ လွယ်ကူသောအလုပ် မဟုတ်ပေ။ အစောပိုင်းက လီကျွီရန်ဆီမှ သူ့ထံသို့ ပေးပို့ထားသော ဆေးပင်အသုတ်များထဲမှ အသက်အဆီအနှစ် ဆေးလုံးအနည်းငယ်ကို သူ သန့်စင်နိုင်ခဲ့သော်လည်း ဈေးမည်မျှရောင်းချရမည်ကိုမူ သေချာ မသိသေးပေ။
"ဘာတွေ စဉ်းစားနေတာလဲ။" ရွှယ်ယုက မေးလိုက်သည်။
ထန်ရှုက သူမကို ကြည့်ပြီး
"အသက်ကြီးတဲ့သူတွေရဲ့သက်တမ်းကို ၃ နှစ်ကနေ ၅နှစ်အထိ တိုးပေးနိုင်တဲ့ ဆေးလုံးတစ်လုံးရှိရင် ဒီဆေးလုံးကို ဘယ်ဈေးနဲ့ရောင်းနိုင်မယ်လို့ မင်း ထင်လဲ။"
"ရှင် ဒီဆေးလုံး ဘယ်နှစ်လုံးလောက် ထုတ်လုပ်နိုင်လဲ။" ရွှယ်ယုက မေးသည်။
“နည်းနည်းလောက်ပဲ။ ဆယ်လုံးကို အချိန်တိုအတွင်း သန့်စင်နိုင်တယ် … အဲ့ဒါက ငါ့ရဲ့အကန့်အသတ်ပဲ။”ထန်ရှုက ဖြေသည်။
ရွှယ်ယုသည် အချိန်အတန်ကြာ တွေးနေခဲ့ပြီးမှ ခပ်ဖြည်းဖြည်း ပြောလိုက်သည်။
"ပစ္စည်းတစ်ခုရဲ့တန်ဖိုးက သူ့ရဲ့ရှားပါးမှုနဲ့ အချိုးကျတယ်။ အသက်ဆိုတာ လူသားတွေအတွက် အလွန်အရေးပါအရာရောက်တဲ့ အရာတစ်ခုပဲလေ။ အခုခေတ် ပြည်မကြီးမှာပဲဖြစ်ဖြစ်၊ နိုင်ငံခြားမှာပဲဖြစ်ဖြစ် ချမ်းသာကြွယ်ဝပြီး သြဇာကြီးသူတွေအတွက် အရေးအကြီးဆုံးကိစ္စက သေခြင်းတံခါးနဲ့ နီးလာတာပဲ။ ဆိုတော့ သူတို့တွေက နောက်ထပ်သုံးနှစ်လောက် အသက်ရှည်ရှည်နေနိုင်ဖို့ သူတို့ရဲ့ ငွေကြေးကို အများကြီး သုံးစွဲကြလိမ့်မယ်။”
"ဈေးနှုန်းအတိအကျက ဘာလဲ။"
ထန်ရှုက မျက်ခုံးပင့်ကာ မေးလိုက်သည်။
"ဈေးနှုန်းကို မီလီယံ၅၀၀လောက် အစမ်းသဘော သတ်မှတ်တာ ပြဿနာ မရှိလောက်ဘူး။"
ရွှယ်ယုက လေးလေးနက်နက် ပြောလိုက်သည်။
ယွမ်မီလီယံ ၅၀၀လား။
ထန်ရှု အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး လီကျွီရန်၏ဖုန်းနံပါတ်ကို ဆက်လိုက်သည်။ လီကျွီရန်၏ ရယ်သံက ဖုန်းထဲမှ လျင်မြန်စွာ ထွက်ပေါ်လာသည်။ "ထန်ရှု … မင်း ဖုန်းဆက်လာတာ အရမ်းဝမ်းသာတယ်။"
"ကျွန်တော် ခင်ဗျားနဲ့ ကိစ္စတစ်ခုလောက် ဆွေးနွေးချင်လို့။ အသက်အဆီအနှစ် ဆေးလုံးအကြောင်း ခင်ဗျားလည်း အသိသားပဲ။ ကျွန်တော် ခင်ဗျားကို တစ်လုံး မီလီယံ၅၀၀နဲ့ အသက်အဆီအနှစ် ၁၀လုံး ရောင်းရင် ခင်ဗျား ဝယ်မှာလား။”
"ငါ .... ဝယ်မယ်။" လီကျွီရန်က ပြတ်ပြတ်သားသား လေသံဖြင့် ပြန်ဖြေသည်။
"ကျွန်တော် လဝက်အတွင်း အသက်အဆီအနှစ် ဆေး၁၀လုံးကို ကျင်းမန်ကျွန်းကို ယူလာပေးမယ်။ သူတို့ကို ဝယ်ဖို့ စိတ်ပိုင်းဖြတ်ထားရင် ကျင်းမန်ကျွန်းရဲ့ ထာဝရခန်းမကို လာခဲ့ပါ။ ကိုယ့်အတွက်ပဲ ဝယ်ဝယ်၊ ပြန်ပဲရောင်းရောင်း အဲ့ဒါက ခင်ဗျားသဘောပဲ။”
"ဆေးလုံးတစ်လုံးကို ယွမ်မီလီယံ၅၀၀နဲ့ ပေးဝယ်ရတာ အရမ်းလည်း တတ်နိုင်သလို အကျိုးအမြတ်လည်း ရပါတယ်။" လီကျွီရန်က ပျော်ရွှင်နေသော လေသံဖြင့် ပြောလိုက်သည်။
"ငါကိုယ်တိုင် ကျင်းမန်ကျွန်းကို အပြေးသွားပြီး မင်းဖုန်းဆက်တာကို စောင့်နေမယ်။"
“ကောင်းပါပြီ။” ထန်ရှုက ပြန်ပြောပြီး ဖုန်းကို တန်းချလိုက်သည်။
ရွှယ်ယုသည် ထန်ရှုနှင့် လီကျွီရန်တို့အကြား စကားပြောဆိုမှုအား ရှင်းရှင်းလင်းလင်း ကြားနေရသည်။ သူမအနေဖြင့် ကြွယ်ဝချမ်းသာမှုကို အသေးအဖွဲအဖြစ် မှတ်ယူထားသော်လည်း ဖုန်းတစ်ချက် ခေါ်ဆိုရုံဖြင့် ဆေးလုံး၁၀လုံးကို ယွမ် ၅ဘီလီယံဖြင့် ရောင်းချနိုင်သောကြောင့် ထန်ရှုအပေါ် စစ်မှန်သော လေးစားမှုကို ခံစားမိလိုက်သေးသည်။
အင်အား၊ အရည်အချင်းနှင့် အသိပညာ၊ အကျင့်စာရိတ္တနှင့် ငွေရှာနိုင်စွမ်း။
ရွှယ်ယုသည် ဤစရိုက်လက္ခဏာလေးပါးကို စိတ်ထဲ၌ ပိုင်းခြားစိတ်ဖြာကာ အထပ်ထပ် တွေးနေမိသည်။ ထန်ရှုသည် ဤလေးမျိုးလုံးအား ပိုင်ဆိုင်ထားကြောင်း သူမ တွေ့မြင်ရပြီး အလွန်ထွန်းတောက်မည့်သူအဖြစ် မြင်မိပေသည်။
"ဒါဆို ဒီဆေးလုံးကို ရှင် သန့်စင်တော့မှာပေါ့။"
"ဟုတ်တယ်။ မနက်ဖြန် ဆေးပင်ဈေးကွက်ကို လိုက်ပြီး ဆေးဖက်ဝင်အပင်တွေ လိုက်ဝယ်မယ်။ ဒါနဲ့ အာဟာရဆေးဝါးက ဘယ်အချိန် အဆင်သင့်ဖြစ်မလဲ။ သောက်ပြီးရင် အိမ်စောစောပြန်တော့မယ်။"
ရွှယ်ယုက တွေဝစွော စိုက်ကြည့်ပြီး
" ရှင် ... ဒီည နေနိုင်လား။"
ထန်ရှုက သူမအား လေးလေးနက်နက် တစ်ချက် ကြည့်လိုက်ပြီး ခေါင်းယမ်းလိုက်ကာ
“ငါ မနေတော့ဘူး။ ကိုင်တွယ်ဖြေရှင်းရမယ့် ကိစ္စတွေ ရှိတယ်။ ခဏလေး စောင့်ပါ … ငါ ဒီအတောအတွင်း ကိစ္စတစ်ခု လုပ်စရာ ရှိနေတယ်။"
အသေအချာပင်။ ဆေးပင်များကို ကျိုချက်ပြီးနောက် ထန် ရှုသည် ၎င်းဆေးကို မသောက်ရသေးခင် နိုင်ငံပိုင်လုပ်ငန်း၏အော်စတင်ကိုးလ်အဖွဲ့နှင့် ကျင်းနင်ခရိုင်ရှိ ကန်ရှအနီးတစ်ဝိုက်ရှိ စစ်တပ်တို့ကြားတွင် ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့ကြောင်း မိုအားဝူမှ သတင်းပေးပို့လာသည်။ စစ်တပ်သည် လူအချို့ ဆုံးရှုံးခဲ့သော်လည်း အော်စတင်ကိုးလ်သည် ဒဏ်ရာရခဲ့ပြီး ပြင်းထန်သော တိုက်ပွဲတွင် သူ၏လူခုနစ်ဦး သို့မဟုတ် ရှစ်ဦး သေဆုံးခဲ့သည်။
"တိုက်ပွဲအပြီးမှာ လူနှစ်ယောက် ရုတ်တရက် ပေါ်လာတယ် သူဌေး။ သူတို့တွေက အလွန်သန်မာပြီး သိုင်းပညာရှင်ကြီးအဆင့်တောင် ရောက်လုနီးပါးပဲ။ စစ်ဘက်ဆိုင်ရာကျွမ်းကျင်သူများစွာကို အကြီးအကျယ် ထိခိုက်ပျက်စီးစေပြီးနောက် အော်စတင်ကိုးလ်ကို ခေါ်ဆောင်ပြီး ထွက်ခွာသွားကြတယ်။ ကန်ရှဆေးဝါးလုပ်ငန်းဘက်ကို ဆုတ်ခွာသွားကြတာ။”
"သူတို့ကို ကြွက်က ဘာတွေ့လဲ။" ထန်ရှုက မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။
“ကြွက်က သူ့လူတွေကို စုံစမ်းဖို့ စေလွှတ်ထားပေမယ့် တစ်ဖက်လူက ဆုတ်ခွာတာ မြန်သွားတဲ့အတွက် ဘာရလဒ်မှ မရသေးဘူး။ ဒါပေမယ့် တစ်ကိုယ်လုံး ချပ်ဝတ်တန်ဆာ ဝတ်ထားတဲ့ အဲ့ဒီလူနှစ်ယောက်က ကန်ရှဆေးဝါးလုပ်ငန်းရဲ့နံရံအပြင်ဘက်မှာ ခြေရာတွေ ချန်ထားခဲ့တယ်။" မိုအားဝူက ဖြေသည်။
ထန်ရှုက အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး
“ငါ ချက်ချင်း လာခဲ့မယ်။ ငါ မရောက်မချင်း အလောတကြီး မလုပ်နဲ့။"
ဖုန်းချပြီးနောက် ထန်ရှုက ထကာ သူ့အပေါ်ဝတ်အင်္ကျီကို ကောက်ကိုင်လိုက်သည်။ ထို့နောက် စကားပြောချင်သော်လည်း တုံ့ဆိုင်းနေသည့် ဟန်ရှိနေသော ရွှယ်ယုကို ကြည့်ကာ ပြောလိုက်သည်။ "ဒီညတော့ ငါ ဖြေရှင်းစရာ ကိစ္စတစ်ခု ပေါ်လာတယ်။ ဟိုမှာ ကိစ္စပြီးရင် မနက်ဖြန် မင်းကို ငါ လာခေါ်မယ်။"
"ကျေးဇူးပြုပြီး သတိထားပါ။ ရှင့်ရဲ့လုံခြုံရေးကို ဂရုစိုက်ပါ။" ရွှယ်ယုက အလျင်အမြန် ပြောသည်။
"အိုခေ။" ထန်ရှုက ပြန်ပြောပြီး တတ်နိုင်သမျှ မြန်မြန် ထွက်ခွာသွားသည်။ ကန်ရှဆေးဝါးလုပ်ငန်းသို့ သူ ရောက်သောအခါ ညဉ့်နက်နေချေပြီ။ ထိုနေရာသည် တိတ်ဆိတ်နေမည်မဟုတ်ဟု သူ ခန့်မှန်းထားပြီး ဖြစ်သော်လည်း ရဲတပ်ဖွဲ့ဝင်အများအပြားနှင့် အထူးတပ်ဖွဲ့တပ်သားများသည် အနီးနားရှိ နေရာအားလုံးကို ပိတ်ဆို့ထားသည်ကို သူ မြင်တွေ့လိုက်ရသဖြင့် မျက်မှောင်ကြုတ်မိသည်။
"သူဌေး…"
မှောင်မိုက်သော လမ်းထောင့်တစ်နေရာတွင် ကြွက်သည် တိတ်တဆိတ် ပေါ်လာပြီး ထန်ရှုကို မြင်သောအခါ အသံအုပ်အုပ်ဖြင့် ခေါ်ကာ မိုအားဝူတို့၏အဖွဲ့ထံ ခေါ်ဆောင်သွားခဲ့သည်။
"နောက်ဆုံးတော့ သူဌေး ဒီကို ရောက်လာပြီ။"
"လောလောဆယ် အခြေအနေက ဘယ်လိုလဲ။" ထန်ရှုက မေးလိုက်သည်။
“တိုက်ပွဲအဆုံးသတ်မှာ ပေါ်လာတဲ့ လူနှစ်ယောက်ရဲ့ နောက်ခံကို မင်း သိပြီးပြီလား။”
"ငါ ၁၀၀% မသေချာဘူး။" ကြွက်က ချီတုံချတုံ ပြန်ဖြေသည်။
“ဒါပေမယ့် သူတို့ ထွက်ခွာသွားချိန်မှာ သူတို့ ကျန်ရစ်ခဲ့တဲ့ ခြေရာတွေအရ၊ ငါမြင်ခဲ့ရသမျှ ကြားခဲ့ရတဲ့ နှစ်တွေအရ သူတို့က ရှဲ့ကျီချန်ရဲ့ လူတွေ ဖြစ်လိမ့်မယ်။ အော်စတင်ကိုးလ်ကို ကယ်တင်ပြီး ကန်ရှဆေးဝါးလုပ်ငန်းကို ပြန်သွားတာဆိုတော့လေ။"
ထန်ရှုက ခဏလောက် စဉ်းစားပြီး ကြွက်ကို ကြည့်လိုက်သည်။
"ဒါဆို မင်းရဲ့ အတွေ့အကြုံကို အခြေခံပြီး တိုက်ပွဲနေရာကို ရဲတွေက ဘယ်အချိန်မှာ ပိတ်ထားတာ ဖြေလျော့နိုင်လဲ။"
ကြွက်က
“အများစုက နှစ်နာရီအတွင်း ထွက်ခွာလိမ့်မယ်။ “ဒါပေမယ့်လည်း အခင်းဖြစ်ပွားရာနေရာကို စောင့်ကြည့်ဖို့ လူတချို့တော့ ကျန်နေဦးမယ်။”
ထန်ရှု၏မျက်လုံးများထဲတွင် အလင်းတစ်ချက် လက်သွားပြီး သူသည် လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
"ကြွက် … မင်းရဲ့လူတွေကို အပြီးအပိုင် နောက်ပြန်ဆုတ်ခိုင်းလိုက်။ အားဝူ … ငါတို့ မနက် ၃နာရီအထိ ဒီမှာ စောင့်မယ်။ မင်းနဲ့ငါ အပြေးအလွှား ဖြတ်ပြီး ကန်ရှဆေးဝါးလုပ်ငန်းထဲကို ဝင်လိုက်မယ်။"
***