ကြီးမြတ်သူတို့ဂုဏ်ရောင်
Vol. 185 Ch. 2647
စစ်ပွဲရပ်တန့်ရန်အတွက် ဒွန်ဟောင်အင်ပါယာနန်းတော်နှင့် နတ်ဆိုးလောကတို့က ငြိမ်းချမ်းရေးယူလိုက်သည်ဟူသည့် ထိတ်လန့်အံ့သြဖွယ်သတင်းက ကောင်းကင်ဒေသ၏ နယ်မြေမှ ထွက်ပေါ်လာသည်။
ထိုအကြောင်းပြချက်ကြောင့် ကောင်းကင်ဒေသက မြောက်ဘက်စွန်းဒေသကို လက်လျှော့ကာ နတ်ဆိုးလောကမှ လူများ၏ ကျင့်ကြံရာနေရာတစ်ခုအဖြစ် ထားရှိခဲ့သည်။ ကောင်းကင်ဒေသသည် နောက်ထပ် ဝင်စွက်ဖက်ခြင်းမရှိတော့ဘဲ သူတို့၏ စစ်တပ်များကိုလည်း ရုပ်သိမ်းခဲ့သည်။
တစ်ချိန်တည်းတွင် မြောက်ဘက်စွန်းဒေသမှ ကျင့်ကြံသူများက အဝေးသို့ ထွက်သွားသည်ဖြစ်စေ ဆက်နေသည်ဖြစ်စေ လွတ်လပ်စွာ ရွေးချယ်နိုင်၏။ ထိုဖြစ်စဥ်အတောအတွင်း နတ်ဆိုးလောကမှ လူများက မြောက်ဘက်စွန်းဒေသမှ ကျင့်ကြံသူများအား မည်သည်မှ ပြုလုပ်လိမ့်မည် မဟုတ်ပေ။
ဒွန်ဟောင်အင်ပါယာနန်းတော်သည် ကောင်းကင်ဒေသ၏ နယ်မြေဆယ့်ရှစ်ခုမှ တစ်ခုဖြစ်သည့် မြောက်ဘက်စွန်းဒေသကို ပေးအပ်လိုက်ပြီး ငြိမ်းချမ်းရေးရယူခဲ့ရသည်။
ဤဆုံးဖြတ်ချက်က ကောင်းကင်ဒေသတစ်ခွင်ကို အထိတ်တလန့်ဖြစ်သွားစေပြီး အငြင်းအခုန်များစွာ ဖြစ်စေခဲ့သည်။
အချို့သော လူများက အရှင်ဒွန်ဟောင်၏ ဝေဖန်ပိုင်းခြားနိုင်စွမ်းကို မေးခွန်းထုတ်လာကြသည်။ လွန်ခဲ့သည့် နှစ်ရာချီခန့်က အရှင်ဒွန်ဟောင် ထွက်ပေါ်လာပြီး သူ၏ ထူးချွန်လှသော အရည်အချင်းများဖြင့် ကောင်းကင်ဒေသ နယ်မြေများကို အုပ်စိုးခဲ့သည်။ ယခု နှစ်ရာချီကြာပြီးနောက် အရှင်ဒွန်ဟောင်က မြောက်ဘက်စွန်းဒေသအား လက်လျှော့ရန် ဆုံးဖြတ်ခဲ့သည်။
ထိုသူမှာ သူတို့ တစ်ချိန်က သိရှိခဲ့သည့် မဟာအင်ပါယာ အမှန်တကယ် ဟုတ်သေးပါ၏လား။
၎င်းသည် အင်ပါယာရီချင်မရှိပါက အရှင်ဒွန်ဟောင်သည် နတ်ဆိုးအင်ပါယာကို သတိထားနေရသည်ဟု ဆိုလိုခြင်းပေလား။
အခြားသော ကောလာဟလများစွာက ကောင်းကင်ဒေသအတွင်း ပျံ့နှံ့နေပြီး အရှင်ဒွန်ဟောင်၏ အာဏာက ထိခိုက်လာခဲ့သည်။
အချို့က ပြောကြသည်မှာ မြောက်ဘက်စွန်းဒေသသည် နတ်ဆိုးလောကမှ အဓိကတပ်မသုံးခု၏ သိမ်းပိုက်ခံထားရခြင်း ဖြစ်သည်ဟု ဆိုလိုသည်။ ထိုနေရာက တိုက်ပွဲမြေပြင်အဖြစ် ပြောင်းလဲသွားလျှင်ပင် အဓိပ္ပါယ်မရှိသည့် တိုက်ခိုက်မှုများသာ ဖြစ်ပေလိမ့်မည်။ ၎င်းက ပိုမိုများပြားသည့် သေဆုံးမှုများနှင့် ထိခိုက်မှုများကို ဖြစ်ပေါ်လာစေနိုင်ပြီး မြောက်ဘက်စွန်းဒေသအတွင်းမှ အခြားကုန်းမြေများကို ကြီးမားသည့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်စေရုံသာ ရှိသည်။
အရှင်ဒွန်ဟောင်က မည်သည့်အတွက်ကြောင့် မာနကို ဘေးချိတ်ကာ မြောက်ဘက်စွန်းဒေသကို လက်လွှဲပေးခဲ့ရသနည်းဟူသည့် အကြောင်းပြချက် အမှန်မှာ မြောက်ဘက်စွန်းဒေသမှ ကျင့်ကြံသူများအား ဘေးဒုက္ခမှ လွတ်မြောက်ရန် အခွင့်အရေးပေးလိုသည့်အတွက် ဖြစ်သည်။
သို့သော် အရှင်ဒွန်ဟောင်၏ ခေါင်းထဲ၌ မည်သည့် အတွေးတို့ ရှိနေသည်ကို မည်သူမှ အမှန်တကယ် မသိကြပေ။
ကောင်းကင်ဒေသက ၎င်း၏ အခွင့်အာဏာကို ထိပါးခံခဲ့ရပြီး ယခု မြောက်ဘက်စွန်းဒေသသည်ပင် နတ်ဆိုးလောက၏ လက်တွင်းသို့ ကျရောက်သွားခဲ့ပြီ ဖြစ်သည်။ နှစ်များစွာကြာပြီးနောက်၌ ကောင်းကင်ဒေသက တစ်ခုပြီးတစ်ခု အလျှော့ပေးမှုလုပ်လာရပုံရသည်။ ကောင်းကင်ဒေသက သူတို့ သိရှိထားခဲ့သည့် ကောင်းကင်ဒေသနှင့် တူညီနေသေးပါရဲ့လား။
အရှင်ဒွန်ဟောင်သည်လည်း ယခင်က မဟာအင်ပါယာနှင့် တူညီနေသေးပါရဲ့လား။
ထို့ပြင် နောက်ထပ် လှုပ်လှုပ်ရှားရှားဖြစ်သွားစေမည့် သတင်းများလည်း ကောင်းကင်မှ ထွက်လာခဲ့သည်။
ကောလာဟလများသည် ထျန်းယန်မြို့မှ ဝမ်ရှောင်က ဝမ်ရှောင် မဟုတ်တော့ဟု ဆိုပေသည်။
ထိုသတင်းက မြောက်ဘက်စွန်းဒေသမှ ပထမဆုံး ထွက်ပေါ်လာခဲ့ခြင်း ဖြစ်ပြီး နတ္ထိဘုံမှ မောချန်းကောက ထိုကဲ့သို့ ပြောခဲ့ခြင်း ဖြစ်သည်။ သူသည် ဝမ်ရှောင်၏ သေဆုံးမှုကို ကိုယ်တိုင်မြင်တွေ့လိုက်ရပြီး သေဆုံးသည့်အချိန်၌ သူ၏ ဝိညာဥ်က အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားခဲ့ပေသည်။
သို့သော် ထျန်းယန်မြို့က ထိုကောလာဟလနှင့် ပတ်သတ်ပြီး မည်သည့် တုန့်ပြန်မှုမှ မပြုလုပ်ခဲ့ပေ။
ထိုကဲ့သို့ ထိတ်လန့်တုန်လှုပ်ဖွယ် သတင်းကြောင့် ကောင်းကင်ဒေသမှ ကျင့်ကြံသူများက ထျန်းယန်မြို့ကို စုံစမ်းမှုများ ပြုလုပ်လာကြသည်။ သူတို့အားလုံးက ထိပ်သီးအင်အားစုများမှဖြစ်ကာ ရှေးဟောင်းနတ်ဘုရားကလန်မှ လူများလည်း ပါဝင်သည်။ သူတို့က ထိုစွပ်စွဲချက်၏ အဖြစ်မှန်ကို စိတ်အဝင်စားဆုံး ဖြစ်လေသည်။
ထိုသူက ဝမ်ရှောင်မဟုတ်တော့လျှင် မည်သူဖြစ်နိုင်သနည်း။
အချိန်က ကုန်ဆုံးလာသော်လည်း ထျန်းယန်မြို့က ဆက်လက်တိတ်ဆိတ်နေခဲ့သည်က သံသယများအား ပို၍ ကြီးထွားလာစေသည်။ ကောင်းကင်ဒေသမှ ကျင့်ကြံသူများစွာက နောက်ဆုံး၌ ထျန်းယန်မြို့သို့ သွားကာ ဝမ်ရှောင်အား တွေ့ဆုံ၍ သူတို့ကိုယ်တိုင် အဖြစ်မှန်ကို ရှာဖွေရန် ဆုံးဖြတ်ခဲ့သည်။
တစ်ရက်တွင် ဝမ်ရှောင်က လူအများရှေ့ ထွက်ပေါ်လာပြီး သူက ထျန်းယန်မဟာအင်ပါယာ ပြန်လည်ဝင်စားခြင်း ဖြစ်သည်ဟု ကြေညာခဲ့သည်။
အချိန်တိုအတွင်း ထိုပေါက်ကွဲထွက်လာသည့် သတင်းက ကောင်းကင်ဒေသကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေကာ လောကတစ်ခုလုံးကို တုန်လှုပ်သွားစေသည်။
ရှေးခေတ်အချိန်အခါက လက်နက်ပြုလုပ်ခြင်း၌ အထွတ်အထိပ်ကျွမ်းကျင်သူ ထျန်းယန်မဟာအင်ပါယာက ပြန်လည်ရောက်ရှိလာပြီ ဖြစ်သည်။
ထိုအချိန်တွင် ထိပ်သီးကျင့်ကြံသူများအပါအဝင် ကျင့်ကြံသူအားလုံးက အံ့သြမှင်တက်သွားကြသည်။ ခြွင်းချက်မရှိ သူတို့က မည်သို့ပြောရမလဲ မသိတော့ဘဲ ဆွံ့အသွားခဲ့ကြ၏။ ဤသတင်းက အလွန် ထိတ်လန့်ဖွယ် ကောင်းလှသည်။ ထျန်းယန်မြို့၏ မဟာအင်ပါယာက ဝမ်ရှောင်မှတဆင့် ပြန်လည်မွေးဖွားလာပြီး လောကအတွင်း တစ်ဖန် ထွက်ပေါ်လာပြီ ဖြစ်သည်။
ထိုအဖြစ်အပျက်က ကောင်းကင်ဒေသအတွက် မည်သို့သော အဓိပ္ပါယ်သက်ရောက်သနည်း။
ဤလောကအတွင်းရှိ မဟာအင်ပါယာခြောက်ပါးက ၎င်းကို အာရုံစိုက်လာလိမ့်မည်လား။
သို့သော် မဟာအင်ပါယာခြောက်ပါး၏ မည်သည့်အရိပ်အယောင်မှ မတွေ့ရပေ။ ကောင်းကင်ဒေသမှ ဒွန်ဟောင်အင်ပါယာနန်းတော်သည်ပင် ပုံမှန်မဟုတ်စွာ တိတ်ဆိတ်နေခဲ့သည်။ အရှင်ဒွန်ဟောင်က မေးမြန်းရန်အတွက် အင်ပါယာနန်းတော်မှ ထျန်းယန်မြို့သို့ သံတမန်စေလွှတ်ခဲ့သည်ဟု ဆိုသော်လည်း သူတို့က မဟာအင်ပါယာတစ်ပါး ပြန်လည်ရောက်ရှိလာခြင်း၏ အတိမ်အနက်ကို မသိသကဲ့သို့ အလွန် သမရိုးကျဆန်စွာ ပြုမူနေသည်။
ဤကဲ့သို့သော ဂရုမစိုက်မှုမျိုးသည် လူအများကို အရှင်ဒွန်ဟောင်က အတိအကျ မည်သည်ကို တွေးနေကြောင်း သိချင်စေမိသည်။
ထျန်းယန်မဟာအင်ပါယာက သူ၏ အထွတ်အထိပ် ခွန်အားကို ပြန်လည်ရရှိလာလျှင် သူက ကောင်းကင်ဒေသကို အုပ်ချုပ်ခွင့်ရရန် အရှင်ဒွန်ဟောင်နှင့် ယှဥ်ပြိုင်လိမ့်မည်လား။
ရှေးဟောင်းနတ်ဘုရားကလန်များက အင်ပါယာနန်းတော်၏ တိုက်ရိုက်အုပ်ချုပ်မှုအောက်၌ မည်သည့်အခါကမှ မရှိခဲ့ပေ။ သူတို့က ကောင်းကင်ဒေသအတွင်း တည်ရှိခဲ့သည့် အင်အားစုများထဲမှ တစ်ခုထက်မပိုခဲ့ချေ။ ထို့ပြင် သူတို့က မရေတွက်နိုင်သော နှစ်ပေါင်းများစွာကပင် တည်ရှိလာခဲ့ပြီး လက်ဆင့်ကမ်းလာသော အမွေအနှစ်များမှာလည်း ဒွန်ဟောင်အင်ပါယာနန်းတော်နှင့် အရှင်ဒွန်ဟောင်ထက် ပို၍ ရှေးကျပေသည်။
ထျန်းယန်မဟာအင်ပါယာက အရှင်ဒွန်ဟောင်၏ လက်အောက်သို့ အညံ့ခံလိမ့်မည်ဟု မည်သူကမှ တွေးထားကြလိမ့်မည် မဟုတ်ပေ။ ဤသည်က ရှေးခေတ်နေ့ရက်များ၌ လက်နက်ပြုလုပ်ရာတွင် ကျွမ်းကျင်ခဲ့သော မဟာအင်ပါယာတစ်ပါးဖြစ်သည်။ သူက ယခင် ဘုန်းတန်ခိုးများကို ပြန်လည်ရရှိလာပါက အခြားတစ်စုံတစ်ယောက်ထံ မည်သို့ အညံ့ခံနိုင်ပါမည်နည်း။
ထို့နောက်တွင် လူသားဘုံမှ ထျန်းယန်မြို့သို့ သံတမန်တစ်ဦးစေလွှတ်၍ ထျန်းယန်အရှင်၏ ပြန်လည်ရောက်ရှိလာမှုကို ဂုဏ်ပြုပေးခဲ့သည်။ ရှေးခေတ်အခါမှ မဟာအင်ပါယာတစ်ပါး ပြန်လည်ရောက်ရှိလာမှုက ကျင့်ကြံခြင်းလောကအတွက် ကောင်းချီးတစ်ခုပင် ဖြစ်သည်။
ကြည့်ရသည်မှာ အရာအားလုံးက အကောင်းဘက်သို့ ဦးတည်နေပုံရ၏။
ထျန်းယန်မဟာအင်ပါယာက မည်သည့်အရာမှ တုန့်ပြန်ခြင်းမပြုလုပ်ခဲ့ပေ။ သူက နှစ်ပေါင်းများစွာ ရှင်သန်လာခဲ့သည့် မကောင်းဆိုးဝါးအိုကြီး ဖြစ်သည်။ သူက ရှေးခေတ်အချိန်များမှ ယခုအချိန်သို့ ပြန်လည်ရောက်ရှိလာသည့် တစ်စုံတစ်ယောက် ဖြစ်သည်။ ၎င်းက အလွန် လေးနက်သည့် ကိစ္စတစ်ခုဖြစ်သည်။ အထူးသဖြင့် ယခုတွင် သူတို့က ပရမ်းပတာအချိန်ကာလများ၌ ရောက်ရှိနေသည့်အတွက် သူသည် မည်သည့်ဘက်နှင့် ရင်းနှီးသည်ဖြစ်စေ အခြားအင်အားစုများ၏ ပစ်မှတ်ဖြစ်လာပေလိမ့်မည်။
မဟာအင်ပါယာတစ်ပါး၏ ထွက်ပေါ်လာမှုက လောကမျှခြေကို ထိခိုက်စေနိုင်သည်။ သူသည် လက်ရှိလောကအတွင်း ထိုအုပ်စိုးနေသည့် မဟာအင်ပါယာများကို သက်ရောက်စေခြင်းမရှိဘဲ တည်ရှိနေသည့် မျှခြေအား ထိန်းသိမ်းရန်နည်းလမ်းမှာ သူ၏ ကျင့်ကြံခြင်းကို အထွတ်အထိပ်အဆင့်သို့ အပြည့်အဝ ပြန်လည်ရောက်ရှိအောင် စောင့်ဆိုင်းရန်ဖြစ်သည်။ မဟုတ်လျှင် သူ၏ တစ်ဖက်ဖက်ကို ရွေးချယ်လိုက်ခြင်းက သူနှင့် သူ့လူများကို ပျက်စီးခြင်းဆိုက်ရောက်စေနိုင်ခြင်း မရှိကြောင်း ရှင်းလင်းသော အနေအထားဖြစ်သည့်တိုင်အောင် စောင့်ဆိုင်းနိုင်၏။
ထို့နောက် ထျန်းယန်မဟာအင်ပါယာက စီဝေ့အင်ပါယာနန်းတော်၏ ရီဖူရှင်းက ထျန်းယန်မြို့အတွင်း မရေတွက်နိုင်သော ကျင့်ကြံသူများကို သတ်ဖြတ်ခဲ့သည်။ ထို့အတွက်ကြောင့် သူက တရားမျှတမှု ယူဆောင်ရန် လိုအပ်သည်ဟု ကြေညာခဲ့သည်။
ထို့ပြင် သူသည် စီဝေ့အင်ပါယာနန်းတော်က မူလဘုံကို အုပ်စိုးပြီး နယ်မြေသိမ်းပိုက်ထားရန် မထိုက်တန်ဟု ကြေညာခဲ့သည်။ ထို့အစား ထျန်းယန်မြို့က စီဝေ့အင်ပါယာနန်းတော်ကို သိမ်းယူပြီး အစားထိုးအုပ်ချုပ်မည် ဖြစ်သည်။
ထိုသတင်းထွက်ပေါ်လာပြီးနောက် ကောင်းကင်ဒေသက တစ်ဖန် လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီး အလွန် တုန်လှုပ်သွားခဲ့ကြပေသည်။
ထျန်းယန်မဟာအင်ပါယာက စီဝေ့ကြယ်ကမ္ဘာကို တိုက်ခိုက်ရန်ဆုံးဖြတ်လိုက်သည်မှာ စီဝေ့ကြယ်ကမ္ဘာနှင့် ရင်ဆိုင်ရုံမျှမက ပို၍နက်ရှိုင်းသည့် ရည်ရွယ်ချက်များ ရှိနေသေးသည်။ ဥပမာအနေနှင့် သူက အနာဂတ်၌ ထျန်းယန်မြို့ကို စီဝေ့ကြယ်ကမ္ဘာအတွင်း ရွှေ့ပြောင်းနိုင်ပြီး ၎င်းကို ထိန်းချုပ်ကာ မူလဘုံတစ်ခွင်ကို အုပ်ချုပ်နိုင်၏။
ဤနည်းလမ်းဖြင့် သူက ကောင်းကင်ဒေသနှင့် သက်ဆိုင်လိမ့်တော့မည် မဟုတ်သလို ကောင်းကင်ဒေသအား ထိန်းချုပ်ရန် ဒွန်ဟောင်အင်ပါယာနန်းတော်နှင့် ယှဥ်ပြိုင်လိမ့်မည်မဟုတ်ကြောင်း သိသာစေသည်။
သူက မူလဘုံကို လိုချင်တပ်မက်နေသည်။
ထိုအကြောင်းရင်းများကြောင့် ထျန်းယန်မဟာအင်ပါယာ၏ ထောက်ခံအားပေးသူ ရှေးဟောင်းနတ်ဘုရားကလန်များ အပါအဝင် အင်အားစုများစွာက သူ၏ လူသူစုဆောင်းမှုကို တုန့်ပြန်ခဲ့ကြသည်။ သူတို့က စီဝေ့ကြယ်ကမ္ဘာသို့ သူ့နောက်မှ လိုက်ပါကာ စီဝေ့အားဖျက်ဆီး၍ ရီဖူရှင်းကို စုတ်ဖြဲပစ်ရန် ဆန္ဒရှိကြပေသည်။
သူတို့သည် တစ်ချိန်က ဖြစ်ပျက်ခဲ့သည်များကို အမှန်တကယ် မေ့ပျောက်သွားသလို ထင်မှတ်ရပေသည်။
အဆုံးမှာတော့ ဤတစ်ကြိမ်၌ ထျန်းယန်မဟာအင်ပါယာ ပြန်လည်ရောက်ရှိလာခြင်း ဖြစ်ပြီး ရီဖူရှင်းက မေးခွန်းထုတ်ရန်မရှိ သေဆုံးရပေလိမ့်မည်။
နောက်ဆုံးတွင် စီဝေ့နှင့် ရီဖူရှင်းတို့ အဆုံးသတ်တော့မည် ဖြစ်၏။
ကောင်းကင်ဒေသအတွင်းမှ လူများက ထိုသတင်းကို ကြားသည့်အခါ အတော်လေး စိတ်မကောင်းဖြစ်သွားကြသည်။ ရီဖူရှင်း၏ ခွန်အားက သက်သေပြခဲ့ပြီး ဖြစ်သည်မှာ လူအများ အမြင်ပင် ဖြစ်သည်။ တိုက်ပွဲအတွင်း၌ ဝမ်ရှောင်က နတ်ဘုရားလက်နက်ကို အသုံးပြုခဲ့သော်လည်း သူက ဝမ်ရှောင်အား သတ်ပစ်နိုင်ခဲ့သည်ဟု ပြော၍ရသည်။ ထို့ပြင် သူက ထျန်းယန်မြို့သခင်အား ဖိနှိပ်ကာ သူက မည်မျှ အစွမ်းထက်ကြောင်း ပြသခဲ့သည်။ အမှန်တကယ်ပင် သူက ကမ္ဘာကျော်ပါရမီရှင်ဟု ပြောနိုင်၏။
အချိန်တန်လျှင် ရီဖူရှင်းက မဟာအင်ပါယာတစ်ပါး ဖြစ်လာရန် လမ်းကြောင်းကို လျှောက်လှမ်းနိုင်မည်မှာ သေချာပေသည်။ သို့သော် ရှေးခေတ်မှ မဟာအင်ပါယာတစ်ပါး ပြန်လည်ရောက်ရှိလာခြင်းက သူ၏ မဟာအင်ပါယာဖြစ်လာမည့် လမ်းကြောင်းကို ဖြတ်တောက်ပစ်လိမ့်မည် ဖြစ်သည်။ ထိုရှေးခေတ်မှ မဟာအင်ပါယာက သူ့အား သတ်ဖြတ်ချင်နေ၏။ ဤတစ်ကြိမ်၌ ရီဖူရှင်းက လွတ်မြောက်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။
စီဝေ့အင်ပါယာနန်းတော်အတွင်းရှိရီဖူရှင်းသည်လည်း ထိုသတင်းကို အလျင်အမြန် ရရှိခဲ့သည်။ သူနှင့်သက်ဆိုင်နေသည့် ထိုကဲ့သို့သော အရေးကြီးသတင်းကို သည်အတိုင်းထားလိုက်နိုင်ပါမည်နည်း။
လူအများက ချက်ချင်းဆိုသလို သတင်းစကားပါးလာပြီး ထိုနေရာ၌ ရှိနေသည့် ရှီးချီယောင်သည်လည်း သူ့အား ချက်ချင်း သတင်းပေးခဲ့သည်။
စီဝေ့အင်ပါယာနန်းတော်တစ်ခွင်ကို ထိုသတင်း ပျံ့နှံ့သွားသည်နှင့် ကျင့်ကြံသူများစွာက သူတို့ခေါင်းထက်တွင် အနက်ရောင်တိမ်တိုက်များ ရစ်သိုင်းနေသကဲ့သို့ မျှော်လင့်ချက်မဲ့မှုတို့ကို ခံစားနေကြရ၏။ သူတို့သည် အချိန်တိုင်းလိုလို ဘေးဒုက္ခအန္တရာယ်များကို တွေ့ကြုံဖြတ်သန်းခဲ့ရပြီး စီဝေ့ကြယ်ကမ္ဘာအတွက် ယနေ့ထိ ရပ်တည်နိုင်ရန်မှာ လွယ်ကူသော ခရီးစဥ်မဟုတ်ခဲ့ပေ။
ယခု မဟာအင်ပါယာတစ်ပါးက ပြန်လည်ရှင်သန်လာပြီး သူ၏ ပထမဆုံး လုပ်ဆောင်ချက်မှာ သူတို့အား ဖျက်ဆီးပစ်ရန် ဖြစ်သည်။ ဤသည်မှာ သူတို့ကို မတရားဖိနှိပ်ညှဥ်းပန်းနေသလို ခံစားမိစေသည်။
ဤတစ်ကြိမ်၌ သူတို့က ပျက်စီးခြင်းသို့ ဦးတည်နေလိမ့်မည်လား။
မဟာအင်ပါယာတစ်ပါး၏ စွမ်းအားကို မည်သူက တားဆီးနိုင်ပါမည်နည်း။
ထျန်းယန်မဟာအင်ပါယာက မဟာအင်ပါယာတစ်ပါးအဖြစ် သူ၏ ခွန်အားအပြည့်အဝကို ပြန်လည်မရရှိသေးလျှင်ပင် သူက နတ်ဘုရားလက်နက်များကို ကျွမ်းကျင်သည့် ရှေးခေတ်မဟာအင်ပါယာတစ်ပါး ဖြစ်ခဲ့ဖူးသည်။ မည်သို့ပင်ဖြစ်စေ သူ့အား တားဆီးနိုင်မည် မဟုတ်ပေ။
ရီဖူရှင်းက အပြင်ဘက်မှ ပြောစကားများကို ကြားပြီးကတည်းက အနှေးနှင့်အမြန် ထိုသို့ ဖြစ်လာလိမ့်မည်ကို တွေးထားပြီးသား ဖြစ်သည်။ သူက နောက်ပိုင်းမှ ဖြစ်လာမည်ဟု မျှော်လင့်ထားသော်လည်း အမှန်တရားက မကြာခင် ထွက်ပေါ်လာပေသည်။ ဆိုးယုတ်မှုအရှင်သခင် မော့ချင်းကော ခန့်မှန်းချက်က မှန်ကန်သည်။ ယခု ထျန်းယန်မဟာအင်ပါယာ၏ သရုပ်မှန်က ပေါ်ပေါက်သွားခဲ့ပြီဖြစ်ပြီး သူက အမှန်တရားကို ထပ်မံ ဖုံးကွယ်ထားရန်မလိုတော့ပေ။ ထို့ကြောင့် သူက ရီဖူရှင်းနှင့် စီဝေ့ကြယ်ကမ္ဘာအား ဖျက်ဆီးဖို့ရာ တက်ကြွစွာ လှုပ်ရှားရန် ဆုံးဖြတ်ခဲ့သည်။
ရီဖူရှင်းက ရှေ့သို့ ခြေလှမ်းလိုက်သည်နှင့် စီဝေ့အင်ပါယာနန်းတော်အတွင်း ကျင့်ကြံသူများစွာ စုဝေးနေသည့် အဓိကခန်းမဆောင်သို့ ရောက်ရှိလာသည်။ ရီဖူရှင်းကို မြင်လိုက်သောအခါ သူတို့၏ အာရုံက ရီဖူရှင်းထံ ရောက်ရှိလာသည်။
"နန်းတော်သခင်။" သခင်ချန်က ခေါ်လိုက်သည်။
"သူတို့က ဒီကိုလာတဲ့ လမ်းမှာ ရောက်နေပြီ။" ရီဖူရှင်းက ပြောလိုက်သည်။ ရှန်ကလန်ခေါင်းဆောင်သည်လည်း ထျန်းယန်မြို့မှ ထွက်ခွာလာသည့် စစ်တပ်နှင့် ပူးပေါင်းခဲ့သည်။ ရှန်ကလန်က သူ၏ ထိန်းချုပ်မှုအောက်၌ ရှိနေသောကြောင့် သူက မည်သည်တို့ဖြစ်ပျက်နေကြောင်း သိရှိပေသည်။ တစ်ဖက်လူ၏ မည်သည့်လှုပ်ရှားမှုမဆို သူ့အမြင်မှ ပြေးမလွတ်နိုင်ပေ။
လူတိုင်းက ဇဝေဇဝါဖြစ်သွားကြသော်လည်း ထပ်မမေးခဲ့ကြပေ။ ရီဖူရှင်းက ကိစ္စများကို သူ့နည်းသူ့ဟန်ဖြင့် ရင်ဆိုင်လိမ့်မည် ဖြစ်သည်။
"ကျုပ် မြောက်ဘက်စွန်းဒေသမှာ ရှိကတည်းက သိခဲ့ပြီးသား။ အဲဒါက ကျုပ် ထွက်ခွာလာဖို့ ရွေးချယ်ခဲ့ရတဲ့ အကြောင်းရင်းပဲ။ ပြီးတော့ လေးမျက်နှာကျေးရွာကို ပြန်ပြီး ဆရာသခင်နဲ့ စကားပြောခဲ့တယ်။ ဆရာသခင်ပြောတာတော့ သူ ဒီနေရာကို စောင့်ကြည့်နေပေးမယ်တဲ့။"
ရီဖူရှင်းက လူတိုင်းကို စိတ်ငြိမ်သွားစေရန် ကြိုးစားပြီး ဆက်ပြောလိုက်သည်။
"ဒါပေမယ့် ဆရာသခင်နဲ့ ပတ်သတ်တဲ့ အခြေအနေကို ကျုပ်သေချာမသိဘူး။ ထျန်းယန်မဟာအင်ပါယာက ပြန်လည်ရောက်ရှိတာကြောင့် ဒီတိုက်ပွဲရလဒ်က သေချာပြောလို့မရနိုင်ဘူး။ ထျန်းယန်မဟာအင်ပါယာကို မတားဆီးနိုင်ဘူးဆိုရင် ခင်ဗျားတို့အားလုံးက ချက်ချင်းပဲ စီဝေ့အင်ပါယာနန်းတော်ကို လက်လျှော့ပြီး အာကာသခရီးသွားဝင်္ကပါနဲ့ ထွက်သွားရမယ်။"
"ကျုပ်တို့က စီဝေ့အင်ပါယာနန်းတော်မှာ သေအတူရှင်မကွာရှိနေမှာပါ။"
သခင်ချန်နှင့် အခြားလူများက ပြောလိုက်သည်။
"အဲဒီလိုလုပ်ဖို့မလိုဘူး။ ခင်ဗျားတို့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရမယ်။"
ရီဖူရှင်းက လက်ကို ဝှေ့ယမ်းလိုက်သည်။ သူက အသုံးမဝင်သည့် အနစ်နာခံမှုမျိုးကို မနှစ်သက်ပေ။ ၎င်းက မြင့်မြတ်သည်ဟု ထင်မှတ်ရသော်လည်း အမှန်တကယ်၌ ၎င်းက အဓိပ္ပါယ်မရှိပေ။ ရလဒ်ကို ကြိုတင်သိရှိပြီးဖြစ်လျှင် တတ်နိုင်သမျှ လူများစွာ ကယ်တင်နိုင်ရန် မျှော်လင့်ပေသည်။
"သခင်ချန် ခင်ဗျားက အကြီးအကဲတစ်ယောက်ပါ။ ဒါကြောင့် အဖြစ်အပျက်တွေကို သေချာလုပ်ဆောင်ဖို့ တာဝန်ရှိတယ်။"
ရီဖူရှင်းက သခင်ချန်ကို ကြည့်ကာ ထပ်ပြောလိုက်သည်။
"ဒါက အမိန့်ပဲ။"
သခင်ချန်က ရီဖူရှင်းကို ကြည့်လိုက်ပြီးနောက် ခေါင်းညိတ်ကာ သဘောတူလိုက်သည်။
"ကောင်းပါပြီ နန်းတော်သခင်။"
လူတိုင်း၏ ခေါင်းများ ငိုက်စိုက်ကျနေသည်ကို ကြည့်ရင်း ရီဖူရှင်းက ပြုံး၍ပြောလိုက်သည်။
"အရမ်းကြီး အဆိုးမမြင်ကြပါနဲ့။ အရင်တုန်းက ကျုပ် ဒီလိုဖြစ်ရပ်မျိုးကို အကြိမ်ပေါင်းများစွာ ကြုံတွေ့ခဲ့ဖူးတယ်။ ဒါပေမယ့် အခေါက်တိုင်း ရှင်သန်နိုင်ခဲ့တယ်လေ။ ဒီတစ်ကြိမ်လည်း အတူတူပဲ။ ကျုပ် လွယ်လွယ် ရှုံးနိမ့်မှာ မဟုတ်ပါဘူး။"
သူက ပခုံးတွန့်ရင်းပြောလိုက်ပြီး ဂရုမစိုက်ဟန်ဖြင့် စိတ်လွတ်လပ်ပေါ့ပါးနေသလိုပင် ဖြစ်သည်။ လူအများသည် သူ၏ လွတ်လပ်ပေါ့ပါးနေသည့် အမူအရာကို ကြည့်လိုက်သော်လည်း သူတို့၏ နှလုံးသားတို့က လေးလံသွားခဲ့ပေသည်။
ဤတစ်ကြိမ်၌ ပြိုင်ဘက်က ယခင်က ရင်ဆိုင်ခဲ့ရသည်များထက် ပိုမိုကြောက်မက်ဖွယ်ကောင်းပေသည်။ ထိုသူသည် ရှေးယခင်က မဟာအင်ပါယာတစ်ပါး ပြန်လည်ရှင်သန်လာခြင်း ဖြစ်သည်။
"ကျုပ်တို့ စကားပြောနေတုန်းမှာ သူတို့က ထွက်ခွာလာပြီး မူလဘုံရဲ့နယ်မြေအတွင်း ဝင်ရောက်လာပြီ။ ကျုပ် အခု အဲဒီကိုဦးတည်သွားတော့မှာ။ သခင်ချန် ကျုပ်အမိန့်ကို သတိရပါ။"
ရီဖူရှင်းက ပြောလိုက်ပြီးနောက် သူရှိနေသည့်နေရာမှ ဖျတ်ခနဲ ပျောက်ကွယ်သွားပေသည်။
စီဝေ့အင်ပါယာနန်းတော်အတွင်းမှ လူတိုင်းက သူတို့၏ ခေါင်းများကို မော့ကာ ကောင်းကင်ထက်သို့ တက်သွားသည့် ပုံရိပ်ကို ကြည့်နေခဲဲ့ကြပြီး သူတို့၏ နှလုံးသားများက ပြောပြ၍မရအောင် လေးလံနေခဲ့သည်။
စီဝေ့ကြယ်ကမ္ဘာအတွင်း တောက်ပသည့် ကြယ်အလင်းလွှာတစ်ခု ပေါ်ပေါက်လာစေရန် အချိန်သိပ်မယူလိုက်ရဘဲ ကြယ်ကမ္ဘာတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။ မူလဘုံ၏ နယ်မြေအတွင်း အစွမ်းထက် စစ်တပ်တစ်တပ် ပေါ်ပေါက်လာပြီး ၎င်း၏ တပ်သားများက စီဝေ့ကို အနိုင်ယူရန် ရည်ရွယ်ထားကြသည်။
ဤတစ်ကြိမ်၌ စစ်တပ်ကို ဦးဆောင်လာသူမှာ ထျန်းယန်မဟာအင်ပါယာ ကိုယ်တိုင်ပင် ဖြစ်လေသည်။