စိတ်ပျက်လက်ပျက်ပြန်လာခြင်း
Vol. 185 Ch. 2648
စီဝေ့ကြယ်ကမ္ဘာက တစ်ဖန်ထပ်ကာ ကြယ်အလင်းများဖြင့် လွှမ်းခြုံခံလိုက်ရသည်။ ရီဖူရှင်းက ကျယ်ပြောသည့် ကြယ်အလင်းများအောက်တွင် ရပ်နေရင်း စီဝေ့ကြယ်ကမ္ဘာနှင့် တသားတည်းဖြစ်လာသလို ထင်မှတ်ရသည်။
ပြင်ပဘုံများမှ အစွမ်းထက်စစ်တပ်က ရောက်ရှိလာပေသည်။ သူတို့က ကောင်းကင်ဒေသ၏ ကျင့်ကြံသူများမှလွဲ၍ အခြားမဟုတ်ပေ။
ဝမ်ရှောင် ယခု ထျန်းယန်မဟာအင်ပါယာက ထိုစစ်တပ်၏ အရှေ့တွင် ရှိနေခဲ့သည်။ သူ့ကို နတ်အလင်းတို့နှင့် ဝန်းရံထားပြီး သူ၏ နတ်ဘုရားစွမ်းအားတို့က ထူးခြားသာလွန်ပေသည်။ သူ့မျက်လုံးများက ရွှေရောင်နတ်အလင်းတို့နှင့် လင်းလက်နေကာ သူ့ဝန်းကျင်ရှိ အရာအားလုံးကို နှိမ့်ချကာ ကြည့်နေဟန်ရှိသည်။ သူ့နောက်တွင် အဓိက ရှေးဟောင်းနတ်ဘုရားကလန် အနည်းငယ်မှ ကျင့်ကြံသူများရှိနေခဲ့သည်။ သူတို့အားလုံးက ယခုတွင် သူ့အမိန့်အောက်၌ ရှိနေ၏။
ဤတစ်ကြိမ်၌ သူတို့က စီဝေ့ကို သေချာပေါက် သုတ်သင်ရှင်းလင်းပစ်မည် ဖြစ်သည်။
စီဝေ့ကြယ်ကမ္ဘာ၏ အပြင်ဘက်နယ်မြေသို့ ကျင့်ကြံသူများ ရောက်ရှိလာခဲ့သည်။ နှစ်အနည်းငယ်ကြာပြီးနောက် သူတို့က တစ်ဖန်ရောက်ရှိလာပြန်ပြီ ဖြစ်သည်။ အတိတ်တွင် သူတို့၏ စစ်တပ်များက ဤနေရာ၌ ရှုံးနိမ့်ခဲ့ရပြီး ပြန်ဆုတ်ခွာရန် ဖိအားပေးခံခဲ့ရသည်။ ရီဖူရှင်းသည် သူ၏ မျက်စိကျိန်းဖွယ် စွမ်းရည်တို့နှင့် ကောင်းကင်ဒေသမှ လူများကို ထိတ်လန့်တုန်လှုပ်စေခဲ့သည်။ ထိုစဥ်က သူ၏ အဆင့်အတန်းက ရှေးဟောင်းနတ်ဘုရားကလန်များကို ခြိမ်းခြောက်နိုင်၏။
ယခု ထျန်းယန်မဟာအင်ပါယာ ပြန်လည်ရောက်ရှိလာပြီ ဖြစ်သည်။ သူက သူတို့၏ စိုးရိမ်ပူပန်မှုကို ဖြေရှင်းပေးလိမ့်မည် ဖြစ်သည်။ သူတို့က စီဝေ့ကြယ်ကမ္ဘာအတွင်းရှိ အရာအားလုံးကို လုယက်ကြလိမ့်မည် ဖြစ်သည်။
ထျန်းယန်မဟာအင်ပါယာက ကြယ်ကမ္ဘာ အပြင်ဘက်၌ ရပ်တန့်လိုက်သည်။ သူက အောက်ဘက်သို့ ငုံ့ကြည့်လိုက်၏။ သူ့ပုံရိပ်က နတ်စွမ်းအားတို့ဖြင့် ဝန်းရံခံထားရပြီး အလွန် ပြိုင်ဘက်ကင်းပုံရသည်။ သူက ရှေ့သို့ ခြေလှမ်းလိုက်ပြီး သူ့ပုံရိပ်က ပိုမိုကြီးထွားလာကာ ကျန်းတစ်ရာမြင့်မားသည့် နတ်ဘုရားတစ်ပါးအဖြစ် ပြောင်းလဲသွားခဲ့သည်။ သူ ကိုင်ဆောင်လာသည့် ကောင်းကင်တူကလည်း တူညီစွာပင် ကြီးမားလာကာ ထိတ်လန့်တုန်လှုပ်ဖွယ် နတ်ဘုရားစွမ်းအားတို့ကို ထုတ်လွှတ်ပေးနေသည်။ ကောင်းကင်တူမှ ဖော်ပြလာသည့် စွမ်းအားက ယခင် ဝမ်ရှောင်အစစ် ထုတ်ဖော်ခဲ့သည့် စွမ်းအားနှင့် တူညီသောအဆင့်၌ ရှိမနေပေ။
နတ်ဘုရားတစ်ပါးအဖြစ် ပြောင်းလဲသွားသည့် ထျန်းယန်မဟာအင်ပါယာက ခေါင်းကိုငုံ့ကာ စီဝေ့ကြယ်ကမ္ဘာတစ်ခွင်အား ကြည့်လိုက်သည်။ ကြောက်မက်ဖွယ် မီးလျှံများက သူ၏ ကြီးမားသည့် မျက်လုံးများအတွင်း လောင်ကျွမ်းနေသည်။ စီဝေ့ကြယ်ကမ္ဘာအား ကာကွယ်နေသည့် အလင်းလွှာပေါ်သို့ ကြောက်မက်ဖွယ် အလင်းတန်းနှစ်ခု ကျရောက်လာသည်။ ထိုအလင်းလွှာသည် သူ့အကြည့်များနှင့် ထိုးဖောက်ခံရလုနီးပါးပင် ဖြစ်သည်။
ထျန်းယန်မဟာအင်ပါယာ၏ နောက်တွင် ရပ်နေသည့် ကျင့်ကြံသူများသည် သူတို့နှလုံးသားများက အကြောက်တရားများနှင့် တုန်ယင်နေသည်ကို ခံစားမိလိုက်သည်။ စစ်မှန်သည့် အင်ပါယာတစ်ပါး၏ စွမ်းအားက သူတို့ စိတ်ကူးနိုင်သည်ထက် ကျော်လွန်နေခဲ့သည်။
မဟာအင်ပါယာတစ်ပါးဖြစ်လာရန် ကွာခြားချက်က ကြီးမားလှသောကြောင့် မရေတွက်နိုင်သည့် ကျင့်ကြံသူများ ထိုအဆင့်သို့ ချိုးဖျက်ရောက်ရှိရန် ကျရှုံးကြခြင်းက အံ့သြစရာမရှိတော့ပေ။ သူတို့ လုပ်နိုင်ခဲ့လျှင် သူတို့က ထာဝရရှင်သန်နိုင်သည့် နတ်ဘုရားတစ်ပါး ဖြစ်လာပေလိမ့်မည်။
လက်ရှိ ထျန်းယန်မဟာအင်ပါယာသည် ယခင်ကသူနှင့်ယှဥ်လျှင် အနည်းငယ်အားနည်းနေသေးသော်လည်း သူက ဝမ်ရှောင်၏ ခန္ဓာကိုယ်ကို အသုံးပြုကာ ပြန်လာနိုင်ခဲ့သည့် မဟာအင်ပါယာတစ်ပါးပင် ဖြစ်ပေသည်။ သူ၏ စွမ်းရည်က အစွမ်းထက်ပြီး အခြားသော ကျင့်ကြံသူများ ယှဥ်နိုင်မည့်တစ်စုံတစ်ရာ မဟုတ်ပေ။ နတ်ဘုရားတစ်ပါးဖြစ်လုနီးပါး ပုဂ္ဂိုလ်များသည်ပင် သူ့ရှေ့တွင် ပုရွက်ဆိတ်ကဲ့သို့ ဖြစ်ရပေမည်။
စစ်မှန်သည့် မဟာအင်ပါယာများသာလျှင် သူ့ကို ဖိနှိပ်နိုင်မည် ဖြစ်သည်။
စီဝေ့ကြယ်ကမ္ဘာအတွင်းမှ ရီဖူရှင်းသည်လည်း ထျန်းယန်မဟာအင်ပါယာ ပုံရိပ်ကို မြင်တွေ့ခဲ့သည်။ ကျန်းတစ်ရာမြင့်မားသည့် နတ်ဘုရားပုံရိပ်က အလွန် ခမ်းနားထည်ဝါပြီး အမိန့်ကို လွန်ဆန်၍မရနိုင်သော နတ်ဘုရားတစ်ပါးကဲ့သို့ပင် ဖြစ်သည်။ သူက ကြယ်ကမ္ဘာသို့ အထင်အမြင်သေးသည့် အကြည့်တို့နှင့် ငုံ့ကြည့်လိုက်သည်။ ထျန်းယန်မဟာအင်ပါယာ၏ မျက်လုံးများမှ ထုတ်လွှတ်လာသည့် နတ်အလင်းသည် ရီဖူရှင်းအား သတ်ဖြတ်ရန် လုံလောက်နေပြီ ဖြစ်သည်။
ဤမြင်ကွင်းသည် ရီဖူရှင်းအား အကူအညီမဲ့သွားသလို ခံစားမိစေခဲ့သည်။ စီဝေ့ကြယ်ကမ္ဘာက တစ်ဖက်လူကို အမှန်တကယ် ခုခံကာကွယ်နိုင်စွမ်း ရှိပါမည်လား။
"ဘာလို့ မင်းကိုယ်မင်း ဒီလို အကျိုးမရှိတဲ့ အခက်အခဲထဲ တွန်းပို့ချင်နေရတာလဲ။ ကျုပ်က ရှေးခေတ်အချိန်ကနေ ပြန်လာခဲ့ပေမယ့် ဒီနေရာမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုလုပ်ဖို့ မရည်ရွယ်ထားဘူး။"
ထျန်းယန်မဟာအင်ပါယာက ပြောလိုက်သည်။
"ကာကွယ်ထားတဲ့ ချိပ်စည်းကို ဖွင့်ပေးပြီး ကိုယ်တိုင်လာအသတ်ခံလိုက်။ အဲဒါဆို စီဝေ့ကြယ်ကမ္ဘာမှာ ရှိတဲ့ လူတိုင်းကို အသက်ချမ်းသာပေးမယ်။"
သူ၏ အသံက မထီမဲ့မြင်ဆန်နေသည်။
ထျန်းယန်မဟာအင်ပါယာက ရီဖူရှင်းအား ခုခံနေရာမှ လက်လျှော့လိုက်ရန် အကြံပေးနေသည်။ သူသည် တစ်ဖက်လူက အကာအကွယ်စည်းကို ဖယ်ရှားပေးပြီး လိုလိုလားလား အသတ်ခံစေချင်နေသည်။
ရှင်းလင်းစွာပင် ထျန်းယန်မဟာအင်ပါယာက ရီဖူရှင်းအား သတ်ဖြတ်ရန် စိတ်ပိုင်းဖြတ်ထားပြီ ဖြစ်သည်။ သူက ရီဖူရှင်းကို လိမ်မည်မဟုတ်ပေ။ သူသည် ရီဖူရှင်းအား လိမ်လည်ရန် အလုပ်ရှုပ်မခံချင်လောက်အောင် မာနကြီးပေသည်။
ရီဖူရှင်းက သူ့အတွက် ပုရွက်ဆိတ်တစ်ကောင်သာ ဖြစ်သည်။ ရီဖူရှင်းက ထူးချွန်လှသော ပါရမီရှိလျှင်ပင် မဟာအင်ပါယာတစ်ပါးနှင့် ရင်ဆိုင်ရသည့်အခါ ပုရွက်ဆိတ်တစ်ကောင်သဖွယ် ရှိနေမည်မှာ မြေကြီးလက်ခတ်မလွဲပင်။ သူက မည်သည့်အရေးပါအရာရောက်မှုမှ ရှိမနေပေ။
ရီဖူရှင်း၏ ခံစားချက်များက တင်းကျပ်သွားသည်။ ထျန်းယန်မဟာအင်ပါယာက သူ့အား သေခြင်းတရားကို လက်ခံခိုင်းနေသည်လား။
ဤသည်က မဟာအင်ပါယာတစ်ပါး၏ စိတ်နေသဘောထားပေလား။ အခြားမဟာအင်ပါယာများသည်လည်း တူညီသောအတွေးများ ရှိပေလိမ့်မည်။ သူတို့က ကောင်းကင်၏ ဂုဏ်ယူရသော သားတော်အားလုံးကို အရေးကြီးသည်ဟု ယူဆလိမ့်မည် မဟုတ်ပေ။ မဟာအင်ပါယာများအတွက် ထိုပါရမီရှိသည့် လူငယ်လေးများက ပုရွက်ဆိတ်များသာ ဖြစ်ပေသည်။
သို့သော် ရီဖူရှင်းက အရင်ဆုံး ခုခံကာကွယ်ရန် မကြိုးစားကြည့်ဘဲနှင့် သူ၏ သေခြင်းတရားကို မည်သည့်အခါမှ အသာတကြည်လက်ခံလိမ့်မည် မဟုတ်ပေ။
ရီဖူရှင်းက မျက်လုံးများကို တင်းကျပ်စွာ ဖိမှိတ်လိုက်သည်။ သူ့ခန္ဓာကိုယ်က ပုံရိပ်ယောင်အဖြစ် ပြောင်းလဲသွားသကဲ့သို့ ဝေဝါးလာသည်။ စီဝေ့ကြယ်ကမ္ဘာ၏ ကောင်းကင်မှ အလွန် ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု ထိုးဖောက်ထွက်လာကာ မရေတွက်နိုင်သော ကြယ်များက တစ်ချိန်တည်း လင်းလက်လာသည်။ ရီဖူရှင်း၏ ပုံရိပ်ယောင်များက ကြယ်တစ်ခုချင်းစီတိုင်း၌ ပေါ်ပေါက်လာ၏။ ကြောက်မက်ဖွယ် ခြိမ်းခြောက်နိုင်သည့် အရှိန်အဝါတို့ ပေါက်ကွဲထွက်လာသည်။
ကောင်းကင်ထက်တွင် နတ်ဘုရားတစ်ပါးအသွင် ပြောင်းလဲထားသည့် ထျန်းယန်မဟာအင်ပါယာက အောက်ဘက်မှ မြင်ကွင်းကို အေးစက်သည့် အမူအရာနှင့် ကြည့်နေခဲ့သည်။ သူက စီဝေ့ကြယ်ကမ္ဘာသို့ အထင်အမြင်သေးသည့် အကြည့်နှင့် ကြည့်ကာ သရော်လိုက်သည်။
"မင်းက ပျိုးဖလံမျိုးမီးကိုတိုးနေတာပဲ။ ကိုယ့်သေတွင်းသေတူးနေတယ်။"
သူက ပြောပြီးသည်နှင့် သူ၏ ကောင်းကင်တူအား မြှောက်လိုက်လျှင် ထိတ်လန့်တုန်လှုပ်ဖွယ် စွမ်းအားလှိုင်းများ ပေါက်ကွဲထွက်လာသည်။ ထိတ်လန့်တုန်လှုပ်ဖွယ် လှိုင်းများ ဖြစ်ပေါ်လာပြီး ရီဖူရှင်းထံ တိုးဝင်လာ၏။
ထျန်းယန်မဟာအင်ပါယာက ကောင်းကင်တူနှင့် အောက်ဘက်သို့ ရိုက်ချလိုက်သည်။ သူ့ခြေထောက်အောက်မှ ကောင်းကင်က အက်ကွဲသွားခဲ့ပြီး တိုက်ခိုက်မှုလမ်းတလျှောက်ရှိ အရာအားလုံးက ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားသည်။ အသင်္ချေသော ထိတ်လန့်တုန်လှုပ်ဖွယ် စွမ်းအင်လှိုင်းတို့က စီဝေ့ကြယ်ကမ္ဘာအား ကာကွယ်ထားသည့် အကာအကွယ်ကို ထိုးဖောက်နေသည်။
ထိတ်လန့်ဖွယ်အသံက လေဟာနယ်အတွင်း ပဲ့တင်ထပ်နေပြီး စီဝေ့ကြယ်ကမ္ဘာတစ်ခုလုံးကို တုန်ခါသွားစေသည်။ ကြယ်ကမ္ဘာပေါ်မှ ကျင့်ကြံသူများအားလုံးက တုန်လှုပ်ချောက်ချားကုန်ကြသည်။ သူတို့က အထိတ်တလန့်ဖြင့် ကောင်းကင်သို့ မော့ကြည့်လိုက်ကြသည်။ သူတို့က နောက်ထပ် တိုက်ခိုက်မှုအောက် ရောက်နေပြန်ပြီလား။
စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည်လည်း သူတို့၏ နှလုံးသားများ ပြင်းထန်စွာ တုန်ယင်နေသည်ကို ခံစားမိကြသည်။ သူတို့၏ ခန္ဓာကိုယ်များက မြေပြင်တုန်ခါသည့်အတိုင်း တုန်ယင်နေကြသည်။ ကံကောင်းစွာဖြင့် အဆောက်အအုံများက အလွန် ခိုင်ခံ့နေခဲ့သည်။ မဟုတ်လျှင် ၎င်းတို့က ထိုတုန်ခါမှုကြောင့် ပြိုကျပျက်စီးသွားပေလိမ့်မည်။
"နန်းတော်သခင်။"
ကျင့်ကြံသူများက ခေါင်းများကိုမော့ကာ ကောင်းကင်သို့ ကြည့်နေရင်း ရေရွတ်လိုက်ကြသည်။ လျှပ်တပြက်အတွင်း ဟွာဂျီယူက ရီဖူရှင်း ရှိနေရာသို့ ရောက်ရှိသွားသည်။ သူမ၏ မျက်လုံးများက မျက်ရည်များနှင့် လင်းလဲ့နေသည်။
နှစ်ပေါင်းများစွာ ကြာမြင့်ကာ ကိစ္စအများအပြား ပြောင်းလဲသွားခဲ့ပြီဖြစ်သော်လည်း တစ်ဖက်လူက ရီဖူရှင်းအား လွှတ်ပေးရန်ငြင်းဆန်နေဆဲ ဖြစ်သည်။
မဟာအင်ပါယာတစ်ပါးက သူ၏ နတ်လက်နက်နှင့်အတူ ရောက်ရှိလာပြီး သူတို့အားလုံးကို သတ်ဖြတ်သုတ်သင်ချင်နေသည်။
စီဝေ့ကြယ်ကမ္ဘာအား ကာကွယ်ထားသည့် အကာအကွယ်လွှာက အက်ကွဲလာသည်။ ၎င်းသည် ကောင်းကင်က ပြိုကျပြီး အရာအားလုံးက မည်သည်မှ မရှိတော့အောင် ဖျက်ဆီးခံလိုက်ရတော့မလိုပင် ဖြစ်သည်။ ထျန်းယန်မဟာအင်ပါယာ၏ တိုက်ခိုက်မှုကို ရပ်တန့်နိုင်မည် မဟုတ်ပေ။
ဤတစ်ကြိမ်၌ ထျန်းယန်မဟာအင်ပါယာသည် ကြယ်ကမ္ဘာမှ ကျင့်ကြံသူများကို အမှန်တကယ် စိတ်ပျက်အားငယ်စေခဲ့သည်။
"သခင်မ.."
သခင်ချန်က အော်ဟစ်လိုက်သည်။ သူသည် ရီဖူရှင်းအား ဟွာဂျီယူကို ဤနေရာမှ အဝေးသို့ လိုက်ပို့ပေးမည်ဟု ကတိပေးခဲ့သည်။ သို့သော် သူမသည်လည်း ဒုတိယနတ်ဘုရားကပ်ဘေးအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ သခင်ချန်က သူမကို မတားဆီးနိုင်ပေ။ သူမက အဝေးကြီးမှ ခရီးနှင်ကာ ချက်ချင်းပင် ကောင်းကင်သို့ ရောက်ရှိသွားခဲ့သည်။
"ထားလိုက်ပါ။"
ဘေးမှ ဂူတုံးလျှိုက ပြောလိုက်၏။ စီဝေ့က အမှန်တကယ် ဖျက်ဆီးခံရပြီး သူ့ညီငယ်လေးလည်း အသတ်ခံလိုက်ရမည်ဆိုလျှင် ဟွာဂျီယူက ဆက်လက်ရှင်သန်နေရန် ရွေးချယ်လိမ့်မည် မဟုတ်ပေ။
မကြာသေးခင်က သူတို့သည် ကျင့်ကြံခြင်းလောက၏ အထွတ်အထိပ်သို့ ရောက်အောင် အတူတကွ ကြိုးစားကြမည်ဟု ကတိထားရှိခဲ့ကြသည်။ မျက်စိတစ်မှိတ်အတွင်း စီဝေ့ကြယ်ကမ္ဘာသို့ ကပ်ဘေးကြီးကျရောက်လာမည်ဟု မည်သူမှ ထင်မှတ်မထားခဲ့ပေ။ ထျန်းယန်မဟာအင်ပါယာကို မည်သူမှ မရပ်တန့်နိုင်ပါချေ။
စီဝေ့အင်ပါယာနန်းတော်တစ်ခွင်လုံး စိတ်ဓာတ်ကျသည့် အငွေ့အသက်များနှင့် လွှမ်းခြုံနေခဲ့သည်။ မျှော်လင့်ချက်မဲ့ခြင်းအပြင် လူတိုင်းသည် ခေါင်းများကို မော့ကာ ကောင်းကင်ထက်မှ တိုက်ပွဲကို ကြည့်ရင်း မချင့်မရဲ ဒေါသဖြစ်မှုတို့ကို ခံစားနေကြရ၏။
"ဆရာ။"
ရှောင်လင်းနှင့် အခြားလူများသည်လည်း ကောင်းကင်သို့ တက်သွားရန် ကြိုးစားလိုက်သည်။
"မသွားရဘူး။"
သခင်ချန်က ချက်ချင်းပင် ကြယ်စင်နယ်မြေတစ်ခု ဖန်တီးကာ လေဟာနယ်အား ချိပ်ပိတ်လိုက်သည်။ သူသည် လူငယ်လေးများကို အချည်းနှီး သွားသေရန် ခွင့်ပြုလိမ့်မည် မဟုတ်ပေ။
"ကျုပ်တို့ကို လွှတ်ပေး။"
ဖန်းစွင်က အော်ဟစ်ရင်း သခင်ချန်ကို ပြန်လှည့် စိုက်ကြည့်လိုက်သည်။ သခင်ချန်က တိတ်ဆိတ်နေပြီး သူ့ကို စိုက်ကြည့်လိုက်သည်။ သူက သူတို့အား ဆန္ဒရှိသလို လုပ်ဆောင်ခွင့်မပေးနိုင်ပေ။
သူတို့က မျှော်လင့်ချက်ကို ဆုပ်ကိုင်ထားရုံသာ တတ်နိုင်သည်။
စီဝေ့အင်ပါယာနန်းတော်အတွင်း လူများစွာက မျက်ရည်ဝေ့သီနေသည့် မျက်လုံးများနှင့် အဖြစ်အပျက်ကို စူးစမ်းလေ့လာနေသည်။ ကိစ္စများက အမှန်တကယ် ဤကဲ့သို့ အဆုံးသတ်သွားတော့မည်လား။
ဤသည်က ရုတ်တရက် ပျက်စီးခြင်းဖြစ်သည်။ သူတို့က အရာအားလုံးအတွက် အသင့်မဖြစ်သေးပေ။
ကောင်းကင်ထက်မှ နတ်ဘုရားတစ်ပါးက ငုံ့ကြည့်နေခဲ့သည်။ ရီဖူရှင်း၏ အရှိန်အဝါက မငြိမ်မသက်ဖြစ်နေပြီး သူ့ပါးစပ်ထောင့်မှ သွေးတို့စီးကျနေခဲ့၏။ စီဝေ့ကြယ်ကမ္ဘာအား ကာကွယ်ရန် ကြယ်များဖြင့် ဖွဲ့စည်းထားသည့် အကာအကွယ်လွှာက ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ ၎င်းက ရိုက်ချက်တစ်ချက်ကိုပင် တောင့်မခံနိုင်ဘဲ ထျန်းယန်မဟာအင်ပါယာ၏ နတ်ဘုရားလက်နက်ကြောင့် ချက်ချင်းပင် အပိုင်းပိုင်း ဖျက်ဆီးခံလိုက်ရသည်။
ထျန်းယန်မဟာအင်ပါယာက ကိုယ်တိုင် ရောက်လာခဲ့သည်။ သူက ဝမ်ရှောင်နှင့် မတူညီဘဲ အလွန် သာလွန်သော အဆင့်၌ ရှိနေခြင်း ဖြစ်သည်။
ထျန်းယန်မဟာအင်ပါယာ၏ အနောက်ဘက်တွင် ရှိနေသည့် ရှေးဟောင်းနတ်ဘုရားကလန် အဖွဲ့ဝင်များက အမြင့်တစ်နေရာမှ အရာအားလုံးကို စူးစမ်းလေ့လာနေခဲ့သည်။ သူတို့က ပျော်ရွှင်နေကြသည်။ စီဝေ့၏ အကာအကွယ်စည်းမရှိတော့လျှင် ရီဖူရှင်းထံ၌ အသက်ရှင်ရန် အခွင့်အရေး ရှိတော့မည် မဟုတ်ပေ။
ယနေ့ စီဝေ့ကြယ်ကမ္ဘာက ဖျက်ဆီးခံရရန် ကြမ္မာရှိပေသည်။ ရီဖူရှင်းသည်လည်း ဤနေရာ၌ သေရမည် ဖြစ်သည်။
နောက်ဆုံး၌ အရာအားလုံးက အဆုံးသတ်တော့မည် ဖြစ်သည်။
သို့သော် ထျန်းယန်မဟာအင်ပါယာက ရီဖူရှင်းကို သတ်ဖြတ်ရန် အလျင်စလို မလုပ်ခဲ့ပေ။ သူက ကောင်းကင်အမြင့်၌ နတ်ဘုရားတစ်ပါးကဲ့သို့ ရပ်နေခဲ့ပြီး အောက်ဘက်မှ ပုံရိပ်ကို ငုံ့ကြည့်နေခဲ့သည်။ ထျန်းယန်မဟာအင်ပါယာက ခမ်းနားထည်ဝါကာ သာလွန်သည့်ဟန် ရှိသည်။ သူက နတ်ဘုရားတစ်ပါးဖြစ်၏။
သူသည် ရီဖူရှင်းက ဧကရာဇ်အဆင့်လက်နက်များစွာကို ပိုင်ဆိုင်ကြောင်း ကြားဖူးခဲ့သည်။ သူက ထိုလက်နက်များကို အသုံးမပြုနိုင်သော်လည်း ထိုအရာများကို ဝမ်မိသားစုအတွင်း လွှဲပြောင်းပေးနိုင်၏။
"လာပြီး အသတ်ခံလိုက်။"
ထျန်းယန်မဟာအင်ပါယာက ရီဖူရှင်းကို ငုံ့ကြည့်ရင်း အမိန့်ပေးလိုက်သည်။ သူက ပြောလိုက်၏။
"ဒါက မင်းရဲ့ နောက်ဆုံးအခွင့်အရေးပဲ။ မင်းကို ငါကိုယ်တိုင် သတ်ပေးမှာကို ဂုဏ်ယူသင့်တယ်။"
သို့ဆိုလျှင် သူက ထျန်းယန်မဟာအင်ပါယာ၏ လက်အတွင်း၌ သေဆုံးရမည်လား။
ရီဖူရှင်းက အင်အားမဲ့နေသလို စိတ်ပျက်အားငယ်မှုတို့ကို ခံစားနေရ၏။ သူက မျက်လုံးများကို မှိတ်ကာ စီဝေ့မဟာအင်ပါယာ၏ စွမ်းအားတို့နှင့် ဆက်သွယ်ရန် ကြိုးစားလိုက်သည်။ သူက သူကိုယ်တိုင် မဟုတ်တော့သလို ထင်မှတ်ရသည်။ သူ့စိတ်ဝိညာဥ်က ကြယ်များနှင့် ပေါင်းစည်းသွားပြီး သူ၏ မဟာလမ်းစဥ်စွမ်းအားကို အဆုံးစွန်ထိ ထုတ်လွှတ်နေသည်။ သူက ကြယ်များဖြင့် ပေါင်းစပ်ပြီး ၎င်းတို့နှင့် တသားတည်းဖြစ်လာသည်။
ရီဖူရှင်းက သူကိုယ်တိုင်မဟုတ်တော့ဘဲ ကြယ်ကောင်းကင်၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာပေသည်။
ကြီးမားလှသည့် နိမိတ်ပုံရိပ်တစ်ခု ပေါ်ပေါက်လာသည်။ ၎င်းက အခြားမဟုတ်ဘဲ မဟာအင်ပါယာစီဝေ့၏ ပုံရိပ်ပင် ဖြစ်သည်။
သူက မကျေမနပ် ဖြစ်နေခဲ့၏။
"ဟ…"
ထျန်းယန်မဟာအင်ပါယာက မတူမတန်သလို အထင်သေးဟန်ဖြင့် ကြည့်လိုက်သည်။ ယခုထိတိုင် တစ်ဖက်လူက သူတို့၏ ခွန်အားကို မသိသေးဘဲ ခေါင်းမာစွာ ခုခံချင်နေသည်။
"မင်းက ကိုယ့်အခြေအနေကိုယ်မသိဘဲ မောက်မာနေမှတော့ မင်းရဲ့ သေခြင်းတရားဆီ ပို့ဆောင်ပေးရတာပေါ့။"
ထျန်းယန်မဟာအင်ပါယာက ပြောလိုက်သည်။
"ဒီကြယ်ကောင်းကင်ကို အတူတူ ဖျက်ဆီးပစ်ရအောင်။"
သူ ပြောလိုက်သည်နှင့် ကျယ်ပြောသည့် လေဟာနယ်အတွင်းမှ အလင်းတန်းက ပို၍ပင် တောက်ပလာသည်။ ထိတ်လန့်ဖွယ် ဖျက်ဆီးခြင်း စွမ်းအင်လှိုင်းတို့ ထွက်ပေါ်လာသည်။ သူက လက်ထဲမှ ကောင်းကင်တူကို တစ်ကြိမ်ထပ်မြှောက်လိုက်သည်။ ထိုနတ်ဘုရားက စီဝေ့ကို ဖျက်ဆီးရန် ရည်ရွယ်ချက်ဖြင့် သူ၏လက်ထဲမှ နတ်ဘုရားတူကို မြှောက်လာခဲ့သည်။
ရီဖူရှင်းက အာရုံ ပြုလိုက်သည်။
"ဟိုးအရင်နှစ်တုန်းက မဟာအင်ပါယာရဲ့ စွမ်းအားနိုးထလာပြီး နတ်ဘုရားလက်နက်ရဲ့ ချိပ်စည်းကို ချိုးဖျက်ဖို့နဲ့ ကောင်းကင်ချုပ်နှောင်နတ်ဘုရားဝင်္ကပါအစီအရင်ကို ဖျက်ဆီးနိုင်အောင် ကူညီပေးခဲ့တယ်။ အခုရော စီဝေ့ကြယ်ကမ္ဘာဖျက်ဆီးခံရခြင်းကနေ ကာကွယ်ဖို့ မဟာအင်ပါယာရဲ့ စွမ်းအားနိုးထလာမှာလား။"
အသိစိတ်တစ်ခုက ကြယ်များစွာကို လွှမ်းခြုံသွားသည်။ နောက်တခဏတွင် ကောင်းကင်တူမှ ထိတ်လန့်တုန်လှုပ်ဖွယ် ဖျက်ဆီးခြင်းလှိုင်းများနှင့်အတူ လောကဖျက်ဆီးခြင်းနတ်အလင်းတို့ ကျဆင်းလာသည်။ ၎င်းက ယခင်တိုက်ခိုက်မှုထက် ပို၍ ကြောက်မက်ဖွယ် ကောင်းလှပေသည်။
ပြိုင်ဘက်ကင်းသော ဖျက်ဆီးခြင်းစွမ်းအားများက မိုးရွာသကဲ့သို့ ကျဆင်းလာသည်။ စီဝေ့အင်ပါယာနန်းတော်အတွင်းမှ လူတိုင်းက စိတ်ပျက်အားငယ်မှုများကြားထဲ ကျရောက်နေခဲ့သည်။
ထို့နောက် ကြယ်ကောင်းကင်အတွင်း ပိုမိုတောက်ပသည့် နတ်ရောင်ဝါတို့ လင်းလက်လာသည်။ ၎င်းက ကြယ်များအားလုံး တောက်ပလာသကဲ့သို့ ဖြစ်သည်။
"ကောင်းပြီ။"
လေဟာနယ်ထဲမှ အသံတစ်ခုက ပြန်ဖြေလိုက်သည်။
ထို့နောက် ကြောက်မက်ဖွယ် အသံတစ်ခု ထွက်ပေါ်လာသည်။ အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သည့် ထိတ်လန့်တုန်လှုပ်ဖွယ် စွမ်းအင်လှိုင်းများက စီဝေ့ကြယ်ကမ္ဘာ၏ အကာအကွယ်ပေါ်သို့ ကျရောက်လာသည်။ ဤတစ်ကြိမ်၌ ခုခံကာကွယ်ခြင်းအလင်းလွှာတို့က ပြိုကွဲပျက်စီးသွားခြင်း မရှိခဲ့ပေ။ ကျရောက်လာသည့် ဖျက်ဆီးခြင်း နတ်ဘုရား၏ စွမ်းအားတို့က ကြယ်ကမ္ဘာတစ်ခုလုံးကို ဖျက်ဆီးပစ်ရန် ကျဆင်းလာသည်။ သို့သော် ၎င်းက ပိတ်ဆို့တားဆီးခံလိုက်ရသည်။ အလင်းလွှာပေါ်တွင် အက်ကြောင်းများစွာ ပေါ်ပေါက်လာသော်လည်း ဖျက်ဆီးခြင်းနတ်အလင်းတို့က ၎င်းကို မထိုးဖောက်နိုင်ပေ။ ၎င်း၏ စွမ်းအားများ တဖြေးဖြေး မှိန်ဖျော့လာသည်အထိ ဆက်လက်တိုက်ခိုက်နေရုံသာ တတ်နိုင်သည်။ နောက်ဆုံးတွင် နတ်အလင်းက ပြိုကွဲသွားပြီး အလင်းလွှာ၏ မျက်နှာပြင်ထက်မှ ပျောက်ကွယ်သွားခဲ့ပေသည်။
ဟမ်...
ထျန်းယန်မဟာအင်ပါယာနှင့် ကျင့်ကြံသူများစွာက ထိုမြင်ကွင်းကြောင့် အံ့သြမှင်တက်သွားခဲ့သည်။ အလင်းလွှာက ဖျက်ဆီးမခံရသည်လား။
ယခုလေးတင် ထွက်ပေါ်လာသည်မှာ မည်သူ့အသံ ဖြစ်သနည်း။
ဖျက်ဆီးခြင်းတိုက်ခိုက်မှုများ၏ အလယ်တွင် သူတို့သည် စကားတစ်ခွန်းထွက်ပေါ်လာသည်ကို ကြားလိုက်ရ၏။ မည်သူ့၏ အသံက တုန့်ပြန်လာခြင်း ဖြစ်သနည်း။
သူတို့သာလျှင် ကြားလိုက်ရခြင်းမဟုတ်ဘဲ စီဝေ့ကြယ်ကမ္ဘာအတွင်း ရှိနေသည့် သက်ရှိအားလုံးလည်း ကြားလိုက်ကြရ၏။
ရီဖူရှင်းသည်လည်း ကျိန်းသေ ကြားလိုက်ပေသည်။
ကြယ်များစွာက တောက်ပသည်ထက် တောက်ပလာသည်။ ၎င်းတို့၏ အလင်းများက တောက်လောင်နေသကဲ့သို့ပင် ဖြစ်သည်။ ပြိုင်ဘက်ကင်း နတ်ဘုရားတစ်ပါး၏ စွမ်းအားတို့က ကောင်းကင်ရှိ ကြယ်များစွာမှ ထွက်ပေါ်လာသည်။ ကောင်းကင်ထက်ရှိ ကျယ်ပြောသော ကြယ်ကောင်းကင်ထက် ပုံရိပ်တစ်ခု ပေါ်ပေါက်လာ၏။ ၎င်းက နက်နဲသိမ်မွေ့ကာ လွှမ်းမိုးနိုင်စွမ်းရှိသည့် နတ်ဘုရားတစ်ပါး ပုံရိပ် ဖြစ်လေသည်။
သူ၏ ဆံပင်ရှည်က လေထဲတွင် တဖျတ်ဖျတ်လွင့်နေခဲ့သည်။ သူ၏ ပုံရိပ်တစ်ခုလုံးက ကြယ်များမှ ဖြစ်တည်လာခြင်း ဖြစ်သည်။
"အဲဒါ မဟာအင်ပါယာပဲ။"
"မဟာအင်ပါယာပြန်ရောက်လာပြီ။"
"မဟာအင်ပါယာစီဝေ့ ပြန်ရောက်လာပြီ။"
စီဝေ့ကြယ်ကမ္ဘာတစ်ခုလုံးက ထိုတောက်ပကာ အံ့အားသင့်ဖွယ်ကောင်းသည့် မြင်ကွင်းကို မြင်သောအခါ များပြားလှသော လူများက မြေပေါ်သို့ ဒူးထောက်ချလိုက်ကြသည်။ သူတို့၏ မျက်နှာထက်၌ ပျော်ရွှင်ခြင်းမျက်ရည်များ စီးကျလာခဲ့၏။ သူတို့သည် စီဝေ့ကြယ်ကမ္ဘာက နောက်ထပ် သေကြေပျက်စီးနိုင်သော ကပ်ဘေးဒုက္ခကို တစ်ဖန်ရင်ဆိုင်ရလိမ့်ဦးမည်ဟု တွေးခဲ့ကြသည်။
သူတို့ မည်သည့်အခါမှ ထင်မှတ်မထားခဲ့သည်မှာ ထျန်းယန်မဟာအင်ပါယာ ပြန်လည်ရှင်သန်လာပြီးနောက် စီဝေ့ကြယ်ကမ္ဘာက ဘေးဒုက္ခကျရောက်လာလိမ့်မည်ကို ဖြစ်သည်။ ထိုရှေးခေတ်မှ မဟာအင်ပါယာက သူတို့ကို ဖျက်ဆီးပစ်ချင်နေသည်။
သို့သော် ထိုအခိုက်အတန့်၌ စီဝေ့မဟာအင်ပါယာက ပြန်လည်ရောက်ရှိလာပေသည်။
၎င်းက စီဝေ့မဟာအင်ပါယာ ဖြစ်သည်။ စီဝေ့အင်ပါယာနန်းတော်အတွင်းမှ လူတိုင်းသည် ကောင်းကင်ထက်ရှိ အံ့သြထိတ်လန့်ဖွယ် မြင်ကွင်းကို ကြည့်နေရင်း သူတို့၏ နှလုံးသားများက တဒိတ်ဒိတ် ခုန်နေခဲ့သည်ကို ခံစားမိနိုင်၏။
စီဝေ့မဟာအင်ပါယာက ပြန်လည်ရောက်ရှိလာပြီ ဖြစ်သည်။