မဟာအင်ပါယာတစ်ပါး၏အဆုံးသတ်
Vol. 185 Ch. 2649
ရီဖူရှင်း၏ နှလုံးသားသည်လည်း တူညီစွာပင် တဒိတ်ဒိတ်ခုန်နေခဲ့သည်။ သူ၏ အသိစိတ်ကလည်း ထိတ်လန့်တုန်လှုပ်လာခဲ့ပေသည်။ သူက ထိုနတ်ဘုရားပုံရိပ်ကို ကြည့်ကာ အော်ဟစ်လိုက်သည်။
"မဟာအင်ပါယာ။"
သူသည် စီဝေ့မဟာအင်ပါယာက သူ၏ ခေါ်သံကို ကြားကာ စိတ်ပျက်အားငယ်နေရသည့် အခိုက်အတန့်၌ လောကသို့ ဆင်းသက်လာလိမ့်မည်ဟု မည်သည့်အခါမှ ထင်မှတ်မထားခဲ့ပေ။
သူတို့က ဤစိတ်ပျက်အားငယ်စရာ အခြေအနေမှ ကယ်တင်ခံရတော့မည် ဖြစ်သည်။
စီဝေ့မဟာအင်ပါယာ၏ နက်နဲသိမ်မွေ့သော မျက်နှာက ရီဖူရှင်းကို ကြည့်ကာ ပြောလိုက်သည်။
"မင်းက စီဝေ့စွမ်းအားနဲ့ ကျုပ်ရဲ့ ပညာရပ်ကို ဆက်ခံခဲ့တယ်။ ကျုပ်ကို ဆရာလို့မခေါ်သင့်ဘူးလား။"
ရီဖူရှင်းက စီဝေ့စွမ်းအားကို ဆက်ခံခဲ့ပြီး ယခု စီဝေ့ကြယ်ကမ္ဘာမှ အဖွဲ့ဝင်များ၏ သစ္စာခံမှုကိုလည်း ရရှိထားသည်။ ကောင်းကင်ရှိ ကြယ်များကိုလည်း သူ အမိန့်ပေးနိုင်သည်။ သူက စီဝေ့စွမ်းအားအပေါ်တွင်လည်း မှီခိုနိုင်၏။ အမှန်တကယ်ပင် သူက စီဝေ့မဟာအင်ပါယာ၏ တပည့်တစ်ယောက်အဖြစ် ဆုံးဖြတ်နိုင်၏။ ဤသည်မှာ သူတို့နှစ်ယောက် ပထမဆုံး ဆုံတွေ့သည့်အကြိမ် ဖြစ်သော်လည်း ရီဖူရှင်းက သူ့အား ဆရာဟုခေါ်ရန် အကြောင်းပြချက်ရှိပေသည်။
"ဆရာ" ရီဖူရှင်းက အရိုအသေပြုရင်း ခေါ်လိုက်သည်။
စီဝေ့မဟာအင်ပါယာ၏ နက်နဲသိမ်မွေ့သည့် မျက်နှာထက်တွင် စိတ်ချလက်ချဖြစ်သွားသည့် အပြုံးတစ်ခုဖြစ်ပေါ်လာသည်။ သူက ပြောလိုက်၏။ "ငါ သေဆုံးပြီး နှစ်ပေါင်းများစွာကြာပြီးနောက်မှာ ငါ့ရဲ့ အသိစိတ်နိုးထလာပြီး တပည့်တစ်ယောက်လက်ခံနိုင်ခဲ့တာ စိတ်သက်သာရာရမိတယ်။"
ရှင်းလင်းစွာပင် မဟာအင်ပါယာစီဝေ့က ရီဖူရှင်းကို အသိအမှတ်ပြုပေသည်။ သို့မဟုတ်လျှင် သူက ရီဖူရှင်းအား တပည့်အဖြစ် မှတ်ယူလိမ့်မည်မဟုတ်ပေ။
သူ၏ အသံကို စီဝေ့ကြယ်ကမ္ဘာတစ်ခွင်လုံးက ကြားနိုင်၏။ လက်ရှိ ရှိနေသော ကျင့်ကြံသူများအားလုံးက သူ့အသံကို ရှင်းလင်းစွာ ကြားနိုင်ကြပေသည်။ သူက စီဝေ့ကြယ်ကမ္ဘာ၏ အရှင်သခင်ဖြစ်သော စီဝေ့မဟာအင်ပါယာဖြစ်လေသည်။ ဤသည်က သူ၏ ကမ္ဘာဖြစ်သည်။ စီဝေ့၏ ကျင့်ကြံသူများက သူ၏ အသံနှင့်စွမ်းအားကို မည်သို့သတိမပြုမိဘဲ နေပါမည်နည်း။
"ဒီနေ့ကစပြီး ရီဖူရှင်းက စီဝေ့ရဲ့ စွမ်းအားကို ဆက်ခံပြီး စီဝေ့ကြယ်ကမ္ဘာရဲ့ အရှင်သခင် ဖြစ်လာလိမ့်မယ်။"
စီဝေ့မဟာအင်ပါယာက ကြေညာလိုက်သည်။ စီဝေ့ကြယ်ကမ္ဘာအတွင်းမှ ကျင့်ကြံသူများအားလုံးက သူတို့၏ နှလုံးသားများ တုန်ယင်လာသည်ကို ခံစားမိလိုက်ကြသည်။ စီဝေ့မဟာအင်ပါယာက ပြန်လည်ရောက်ရှိလာပြီး ရီဖူရှင်းအား သူ၏ ဆက်ခံသူအဖြစ် တရားဝင်အသိအမှတ်ပြုခဲ့သည်။ သူသည် ရီဖူရှင်းက စီဝေ့ကြယ်ကမ္ဘာကို ဆက်ခံလိမ့်မည်ဟု ကြေညာခဲ့သည်။
စီဝေ့ကြယ်ကမ္ဘာမှ လူများသည် ယခင်ကတည်းက ရီဖူရှင်းကို အသိအမှတ်ပြုပြီး သူ့အပေါ် သစ္စာစောင့်သိကြသည်။ သို့သော် သူသည် ယခင်က စီဝေ့အင်ပါယာနန်းတော်အား အင်အားသုံးသိမ်းပိုက်ခဲ့သည်မှာ အငြင်းပွားဖွယ် အချက်တစ်ခုဖြစ်သည်။
သို့ပါသော်ငြား ယခုမှစကာ သူက စီဝေ့ကြယ်ကမ္ဘာ၏ တရားဝင်အရှင်သခင် ဖြစ်လာခဲ့ပြီ ဖြစ်သည်။
"ဆရာ။"
ရီဖူရှင်းက အော်ခေါ်လိုက်သည်။ သူက မကောင်းသော နိမိတ်တို့ကို ကြိုတင်ခံစားမိနေသည်။ စီဝေ့မဟာအင်ပါယာ၏ အသိစိတ်အား ဆင့်ခေါ်လိုက်မိသည့် သူ့လုပ်ဆောင်မှုမှာ ယခုအဖြစ်အပျက်များ ပြီးသည့်နောက် စီဝေ့မဟာအင်ပါယာ၏ စွမ်းအားများက ပျောက်ကွယ်သွားတော့မည်ဟု ဆိုလိုနေသည်လား။ ထိုစကားလုံးများသည် နောက်ဆုံးဆန္ဒကို မိန့်မှာနေသည်နှင့် အလားတူလှပေသည်။
စီဝေ့မဟာအင်ပါယာသည် ရီဖူရှင်းက မည်သည်တို့ကို တွေးနေကြောင်း သိရှိခဲ့သည်။ ယခုတွင် သူတို့၏ စိတ်များက ချိတ်ဆက်နေခဲ့ခြင်း ဖြစ်သည်။ သူတို့၏ စွမ်းအားများက ကောင်းကင်အတွင်းရှိ များပြားလှသော ကြယ်များနှင့် ပေါင်းစပ်နေခဲ့သည်။ စီဝေ့မဟာအင်ပါယာက ဆက်ပြောလိုက်သည်။
"ငါက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက သေဆုံးခဲ့ပြီး ဒီလောကမှာ မတည်ရှိသင့်တော့ဘူး။ ဒါပေမယ့် ငါက စီဝေ့ကြယ်ကမ္ဘာအတွက် စိုးရိမ်ပူပန်နေတာကြောင့် ငါ့ အသိစိတ်စွမ်းအားအချို့ကို ကြယ်တွေထဲမှာ ချိပ်ပိတ်ထားခဲ့တာ။ အတိတ်မှာတုန်းက မင်းလုပ်ခဲ့သမျှ အရာအားလုံးကို သတိပြုမိပါတယ်။ လွန်ခဲ့တဲ့ နှစ်တွေတုန်းက မင်း ငါ့ရဲ့ အသိစိတ်ကို နိုးထစေခဲ့ပြီး ဒီလောကထဲမှာ ပြန်ထွက်ပေါ်လာစေဖို့ ခွင့်ပြုပေးခဲ့တယ်။ ငါ မင်းကို ကျေးဇူးတင်သင့်တယ်။"
ရီဖူရှင်းသည် စီဝေ့မဟာအင်ပါယာ၏ စကားများကို ကြားပြီးနောက် သူ့ခန့်မှန်းချက်က မှန်ကန်ကြောင်း အတည်ပြုနိုင်ခဲ့သည်။ စီဝေ့မဟာအင်ပါယာသည် ဤတစ်ကြိမ် ထွက်ပေါ်လာပြီးနောက်ပိုင်း၌ ထာဝရပျောက်ကွယ်သွားတော့မည် ဖြစ်သည်။
"မင်းရဲ့ ခန္ဓာကိုယ် ငှားပေးပါ။"
စီဝေ့မဟာအင်ပါယာက ပြောလိုက်သည်။
သူက ပြောလိုက်ပြီးသည်နှင့် အဆုံးမဲ့ကြယ်အလင်းများက ရီဖူရှင်း၏ ခန္ဓာကိုယ်အတွင်းသို့ တိုးဝင်လာသည်။ တစ်ချိန်လုံး မျက်လုံးများ မှိတ်ထားခဲ့သည့် ရီဖူရှင်းသည် သူ့ခန္ဓာကိုယ်က ရုတ်တရက် တုန်ယင်သွားသည်ကို ခံစားမိခဲ့သည်။ ကြယ်အလင်းရောင်များက တောက်ပနေပြီး ကောင်းကင်အတွင်း မရေတွက်နိုင်သော ကြယ်များက သူ့ခန္ဓာကိုယ်နှင့် ပေါင်းစပ်လာသည်။
ရုတ်တရက် သူက မျက်လုံးများကို ဖွင့်လိုက်သည်။ ၎င်းတို့အတွင်းမှ ကြယ်အလင်းရောင်က ကောင်းကင်သို့ ထိုးထွက်လာခဲ့၏။ တောက်ပနေသော အလင်းများက ထျန်းယန်မဟာအင်ပါယာ၏ ထိန်းချုပ်ခြင်းကို ခံထားရသော ဝမ်ရှောင်ထံ တိုးဝင်သွားသည်။
ထျန်းယန်မဟာအင်ပါယာသည် ဝမ်ရှောင်၏ ခန္ဓာကိုယ်ကို အသုံးပြုကာ ဤလောကအတွင်း ပြန်လည်မွေးဖွားလာခြင်း ဖြစ်သည်။
ယခု စီဝေ့မဟာအင်ပါယာသည်လည်း ရီဖူရှင်း၏ ခန္ဓာကိုယ်ကို အသုံးပြုကာ ပြန်လည်ရောက်လာပေသည်။
သူတို့နှစ်ယောက်က တူညီသော်လည်း အခြေခံအားဖြင့် ကွဲပြားသည်။
သို့သော် ကြည့်ရသည်မှာ သူတို့က မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားပုံရသည်။ ထျန်းယန်မဟာအင်ပါယာနှင့် စီဝေ့မဟာအင်ပါယာကြားမှ တိုက်ပွဲသည် ယခင်က ဝမ်ရှောင်နှင့် ရီဖူရှင်းကြားမှ တိုက်ပွဲကဲ့သို့ ဖြစ်လေသည်။
သူတို့သည် အိပ်မက်အတွင်းမှ အတိတ်သို့ ပြန်လည်ရောက်ရှိသွားသလို ထင်မှတ်ရသည်။ ဤမြင်ကွင်းက ရင်းနှီးနေသယောင် ရှိပေသည်။
ထျန်းယန်မဟာအင်ပါယာက အောက်ဘက်သို့ ဆက်လက်စိုက်ကြည့်နေခဲ့သည်။ သူ၏ အမူအရာက လေးနက်နေခဲ့ပြီး ယခင်က လွှမ်းမိုးနိုင်စွမ်းသည့် အရှိန်အဝါက ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ သူ၏ မောက်မာသော သဘောထားကလည်း အစရှာမရတော့ပေ။
ရီဖူရှင်းက မည်မျှအစွမ်းထက်နေပါစေ ထျန်းယန်မဟာအင်ပါယာ၏ မျက်လုံးထဲ၌ ပုရွက်ဆိတ်တစ်ကောင်မျှသာ ဖြစ်သည်။ ယခု သူ့ရှေ့၌ ထွက်ပေါ်လာသူက စီဝေ့မဟာအင်ပါယာ ဖြစ်လေသည်။ ထိုသူမှာ ယခင်က အစွမ်းထက်ဆုံး မဟာအင်ပါယာများထဲမှ တစ်ပါးဖြစ်ခဲ့ပြီး သူ့လက်အောက်၌ အခြားမဟာအင်ပါယာများစွာ ရှိပေသည်။
မဟာအင်ပါယာများ၏ ခေတ်အတွင်း စီဝေ့မဟာအင်ပါယာ၏ အမည်က အလွန်ပင် ထင်ရှားကျော်ကြားခဲ့သည်။
ထျန်းယန်မဟာအင်ပါယာက ဝမ်ရှောင်၏ ခန္ဓာကိုယ်ကို အသုံးပြုကာ စီဝေ့ကြယ်ကမ္ဘာအား သိမ်းပိုက်ချင်ခဲ့သည်။ သို့သော် သူ လုံးဝ ထင်မှတ်မထားခဲ့သည်မှာ စီဝေ့မဟာအင်ပါယာက တူညီစွာပင် ရီဖူရှင်း၏ ခန္ဓာကိုယ်အား အသုံးပြု၍ ပြန်လည်ရောက်ရှိလာသည်ကို ဖြစ်ပေသည်။
သူ့နောက်ရှိ ကျင့်ကြံသူများက ထိုမြင်ကွင်းကို မြင်သည့်အခါ သူတို့၏ နှလုံးသားများက တုန်လှုပ်လာကြသည်။
သူတို့သည် အစပိုင်း၌ ပွဲကြည့်ရန် လာရောက်ခဲ့ကြခြင်း ဖြစ်သည်။ သူတို့က စီဝေ့ကြယ်ကမ္ဘာ ဖျက်ဆီးခံရပြီး ရီဖူရှင်း၏ သေဆုံးမှုကို ကိုယ်ပိုင်မျက်လုံးများဖြင့် မြင်တွေ့ချင်ခဲ့ကြသည်။ သို့သော် သူတို့သည် ထိုမျှ ခမ်းနားကြီးကျယ်သည့် မြင်ကွင်းအား မြင်တွေ့ရလိမ့်မည်ဟု ထင်မှတ်မထားခဲ့ကြပေ။ စီဝေ့မဟာအင်ပါယာသည်လည်း ပေါ်ပေါက်လာခဲ့ပေသည်။
ထျန်းယန်မြို့သခင်၏ မျက်လုံးများထဲမှ အကြည့်တို့က အလွန်အရုပ်ဆိုးလာခဲ့သည်။ ဤသည်က မည်သို့ဖြစ်လာရပါသနည်း။
သူက မလွယ်ကူသလို ခံစားလိုက်ရသည်။ စီဝေ့မဟာအင်ပါယာက ပြန်လည်ရောက်ရှိလာပေသည်။ ထျန်းယန်မဟာအင်ပါယာက သူ့ကို အနိုင်ယူနိုင်ပါမည်လား။
ဤသည်က ပြဿနာမဟုတ်လောက်ဟု ထျန်းယန်မြို့သခင်က သူ့ကိုယ်သူ နှစ်သိမ့်လိုက်သည်။ ထျန်းယန်မဟာအင်ပါယာက ပြန်လည်သက်သာလာကာ ပိုပြီး အစွမ်းထက်လာသည်။ သူသည် တစ်ချိန်က သူကိုယ်တိုင် ဖန်တီးထားခဲ့သော နတ်ဘုရားလက်နက်တစ်ခုကိုလည်း ကိုင်ဆောင်ထား၏။ သူက ကျိန်းသေ အရေးသာမှုရှိနေပေလိမ့်မည်။
စီဝေ့မဟာအင်ပါယာ ပြန်လည်ရောက်ရှိလာလျှင်ပင် မည်သည်ကို လုပ်နိုင်ပါမည်နည်း။
အဆုံးသတ်ရလဒ်က ပြောင်းလဲသွားလိမ့်မည် မဟုတ်ပေ။
သူက ထိုကိစ္စများကို ချင့်ချိန်တွေးတောနေစဥ် စီဝေ့ကြယ်ကမ္ဘာအတွင်းမှ ပြိုင်ဘက်ကင်းကြယ်အလင်းများက တောက်ပလာသည်။ ကြယ်များက အလွန် တောက်ပလင်းလက်လာခဲ့၏။ စီဝေ့ကြယ်ကမ္ဘာဝန်းကျင်ရှိ ကြယ်များစွာက တစ်ချိန်တည်း လင်းလက်လာပြီး တောက်ပသည့် နတ်ရောင်ဝါတို့ကို ထုတ်လွှတ်နေသည်။ ၎င်းက မျက်စိကျိန်းလောက်ဖွယ် မြင်ကွင်းပင် ဖြစ်လေသည်။
ထိုအလင်းက အဝေးထိ ထိုးဖောက်သွားကာ ကျယ်ပြောသော ကောင်းကင်၌ လင်းချင်းသွားစေသည်။ အလွန် အစွမ်းထက်သည့် စွမ်းအားတစ်ခုက အောက်ဘက်မှ ထွက်ပေါ်လာ၏။ ၎င်းက ကောင်းကင်၏ စစ်မှန်သော အာဏာစက်ဖြစ်လေသည်။ သူတို့က အဝေး၌ ရှိနေသော်လည်း ထိုစွမ်းအားအောက်တွင် သူတို့ကြား၌ အကွာအဝေးမရှိဟု ထင်မှတ်ရစေသည်။ လူတိုင်းသည် ထိုစွမ်းအားမှ ပြင်းထန်သည့် ဖိအားကို ခံစားမိနိုင်၏။
လူအချို့က နောက်သို့ အလျင်အမြန် ဆုတ်ခွာလိုက်ကြသည်။ ရှေးဟောင်းနတ်ဘုရားကလန်မှ ကျင့်ကြံသူများနှင့် ကောင်းကင်ဒေသမှ အခြားကျင့်ကြံသူများသည်လည်း နောက်သို့ ဆုတ်ခွာလိုက်ကြ၏။ သူတို့သည် မဟာအင်ပါယာများကြားမှ တိုက်ပွဲအတွင်း ကြားညပ်သွားအောင် မနေရဲကြပေ။ သူတို့က ဆိုးဆိုးဝါးဝါး သေပွဲဝင်လိုက်ကြရပေလိမ့်မည်။
ဘုန်း…
ကောင်းကင်ထက်တွင် ထိတ်လန့်ဖွယ် အသံတစ်ခု ထွက်ပေါ်လာသည်။ ၎င်းက ကောင်းကင်နှင့် မြေကြီးက ပြိုကျတော့မလို ထင်မှတ်ရစေသည်။ ထျန်းယန်မဟာအင်ပါယာက ရှေ့သို့ ခြေလှမ်းလိုက်၏။ သူ၏ နတ်ဘုရားကဲ့သို့ ပုံရိပ်က ကောင်းကင်တူကို မြှောက်လိုက်လျှင် အသင်္ချေသော ထိတ်လန့်ဖွယ်စွမ်းအင်လှိုင်းတို့က လွှမ်းခြုံလာ၏။ ၎င်းတို့က ကောင်းကင်ကို ထိုးဖောက်ကာ လေဟာနယ်အတွင်း အက်ကြောင်းများစွာ ဖြစ်ပေါ်လာစေသည်။ ကောင်းကင်က အပိုင်းအစများအဖြစ် ပြိုကျပျက်စီးတော့မလို ထင်မှတ်ရပေသည်။
သူသည် သူတို့အဆင့်နှင့် အနီးကပ်တိုက်ခိုက်လျှင်လည်း အဓိပ္ပါယ်မရှိကြောင်း သိရှိသည်။ သူတို့က မည်မျှကွာဝေးသည်ဖြစ်စေ ပစ်မှတ်က သူတို့၏ တိုက်ခိုက်မှုအတိုင်းအတာအတွင်း၌သာ ရှိနေမည် ဖြစ်သည်။
သူတို့က တိုက်ခိုက်ရုံသာ တတ်နိုင်သည်။
သူက ရှေးခေတ်အခါမှ ပြန်ရောက်လာသည့် မဟာအင်ပါယာတစ်ပါးဖြစ်သည်။ သူသည် တိုက်ခိုက်မှုမှ ရှောင်ထွက်သွားရန် မဖြစ်နိုင်ပေ။
ယနေ့ သူက နတ်ဘုရားလက်နက်ကို ကိုင်ဆောင်ထားပြီး စီဝေ့အား သတ်ဖြတ်ကာ ကြယ်ကမ္ဘာကို သိမ်းယူမည် ဖြစ်သည်။ သူက ထိုသူ၏ နေရာကို အစားထိုးပစ်မည် ဖြစ်လေသည်။
ကြယ်အလင်းများက ရီဖူရှင်း၏ ပုံရိပ်ကို လွှမ်းခြုံထားပြီး သူ့အနီးတွင် ဖြစ်တည်လာသည့် စီဝေ့မဟာအင်ပါယာ၏ ပုံရိပ်က ရီဖူရှင်းနှင့် တသားတည်းဖြစ်နေခဲ့သည်။ သူက နတ်ဘုရားတစ်ပါးကဲ့သို့ ထင်မှတ်ရပေသည်။ သူ့ပုံရိပ်မှ ပြိုင်ဘက်ကင်း အရှိန်အဝါတို့ ထုတ်လွှတ်နေ၏။ မရေတွက်နိုင်သော ကြယ်များက သူနှင့် ပေါင်းစပ်လာနေသည်။ စီဝေ့အနေနှင့် သူက ကောင်းကင်အတွင်းမှ ကြယ်များ၏ အရှင်သခင်တစ်ပါးအဖြစ် ၎င်းတို့ကို ထိန်းချုပ်နိုင်၏။
ဘုန်း....
နတ်အလင်းတစ်ခုက ထွက်ပေါ်လာပြီး လေဟာနယ်ကို ထိုးဖောက်လာ၏။ ပြိုင်ဘက်ကင်း အင်ပါယာတစ်ပါး ဆင်းသက်လာပေသည်။ ထိုအခိုက်အတန့်တွင် စီဝေ့မဟာအင်ပါယာက ကောင်းကင်နှင့်မြေကမ္ဘာ၏ အုပ်ချုပ်သူကဲ့သို့ ထင်မှတ်ရပေသည်။ အလွန် ပြင်းထန်သည့် သတ်ဖြတ်ခြင်း အရှိန်အဝါတို့က လေဟာနယ်အတွင်း ထိုးဖောက်လာသည်။ ၎င်းက အကြွင်းမဲ့သတ်ဖြတ်ခြင်းဆန္ဒပင် ဖြစ်လေ၏။ ယင်းက မဟာအင်ပါယာတစ်ပါး၏ သတ်ဖြတ်ခြင်းဆန္ဒဖြစ်သည်။
ရီဖူရှင်း၏ ပုံရိပ်က မိုးကြိုးကဲ့သို့ အထက်သို့ တည့်မတ်စွာ ထိုးတက်သွားခဲ့သည်။ သူက လက်ချောင်းကို ရှေ့သို့ ညွှန်လိုက်သည်နှင့် သူ့အနီးမှ စီဝေ့မဟာအင်ပါယာပုံရိပ်ကလည်း ထပ်တူလုပ်ဆောင်ခဲ့သည်။ အဆုံးမဲ့ မဟာလမ်းစဥ် ကြယ်အလင်းများက ကောင်းကင်ကိုပင် ထိုးဖောက်မည့် နတ်ဓားတစ်လက်အဖြစ် ဖွဲ့စည်းလာသည်။
ထျန်းယန်မဟာအင်ပါယာ၏ ခန္ဓာကိုယ်က ပို၍ကြီးမားလာကာ မြင့်မားသည့် နတ်ဘုရားတစ်ပါး ဖြစ်လာခဲ့သည်။ ကောင်းကင်တူသည်လည်း ကြီးမားကျယ်ပြန့်လာကာ စီဝေ့မဟာအင်ပါယာ၏ တိုက်ခိုက်မှုအား ချေဖျက်ရန် ကြိုးစားလိုက်၏။ လောကကို ဖျက်ဆီးနိုင်သည့် တိုက်ခိုက်မှုနှစ်ခုက ထိပ်တိုက်တွေ့ဆုံသွားသည်။ အနီးဝန်းကျင်ရှိ လေဟာနယ်က ပြိုကျကာ ဖျက်ဆီးခံလိုက်ရပေသည်။ သူတို့က လေဟာနယ်ကို အပိုင်းပိုင်းစုတ်၍ ပရမ်းပတာ လေဟာနယ်မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာစေသည်။ သူတို့သည် အစကနဦး၌ ရှိနေသည့်နေရာ၌ ရှိမနေတော့သလို ထင်မှတ်ရသည်။ ပရမ်းပတာစွမ်းအင်လှိုင်းများ၏ အဆုံးမဲ့မုန်တိုင်းအတွင်းမှ နတ်ဓားများ ထိုးထွက်လာကာ ထိတ်လန့်ဖွယ်စွမ်းအားလှိုင်းတို့ကို ဖျက်ဆီးပစ်လိုက်သည်။
ချောက်ချားဖွယ် အသံတို့ကို ကြားလိုက်ရပြီး ထိတ်လန့်စရာကောင်းလှသည့် လှိုင်းများက လွှမ်းခြုံလာပေသည်။ သူတို့အနီးဝန်းကျင်မှ အရာအားလုံးက အစိတ်စိတ်အမြွှာမြွှာ ဖျက်ဆီးခံလိုက်ရသည်။
ထိုထိတ်လန့်ဖွယ်စွမ်းအားလှိုင်းများက စီဝေ့ကြယ်ကမ္ဘာတစ်ခုလုံးကို တုန်ခါသွားစေခဲ့သည်။ အလင်းလွှာပေါ်တွင် မရေတွက်နိုင်သည့် အက်ကြောင်းများ ပေါ်ပေါက်လာပြီးနောက် တဖြေးဖြေး ပျောက်ကွယ်သွားသည်။ သို့သော် တစ်ချိန်တည်းတွင် ကြောက်မက်ဖွယ် နတ်ဓားတစ်လက်က ရှေ့သို့ ဆက်လက်တိုးဝင်လာ၏။ ကောင်းကင်တူက ထိုတိုက်ခိုက်မှုကို မဟန့်တားနိုင်ခဲ့ပေ။ ကောင်းကင်နှင့်မြေကြီးအား ထိုးဖောက်လာသည့် ထိုနတ်ဓားက ကောင်းကင်တူ၏ တောက်ပနေသော အလင်းတို့ကို တဖြေးဖြေး မှိန်ဖျော့သွားစေခဲ့သည်။ နတ်ဓား၏ အလင်းများက ထျန်းယန်မဟာအင်ပါယာ၏ ပုံရိပ်ကို အဆက်မပြတ် ထိုးနှက်လာသည်။ သူ့ခန္ဓာကိုယ်က တုန်လှုပ်သွားပြီး ထွက်ပြေးရန် ကြိုးစားလိုက်သည်။ သို့သော် သုတ်သင်ခြင်းနတ်ဓား၏ အောက်တွင် လေဟာနယ်တစ်ခုလုံး ဖျက်ဆီးချေမှုန်းခံလိုက်ရပေသည်။
ဘုန်း…
နတ်ဓား၏ အလင်းက နတ်ဘုရားကဲ့သို့ ပုံရိပ်ကို ထိုးဖောက်သွားခဲ့ပြီး ပုံရိပ်ယောင်တစ်ခု ထွက်ပေါ်လာ၏။ ၎င်းက ထျန်းယန်မဟာအင်ပါယာပင် ဖြစ်လေသည်။ သူ့မျက်လုံးများ၌ ထိတ်လန့်အံ့သြနေသည့် အကြည့်တို့နှင့်အတူ ပြင်းထန်သည့် မကျေနပ်မှုတို့ကို ဖော်ပြလာသည်။ သူ့ခန္ဓာကိုယ်က တဖြေးဖြေး ပျောက်ကွယ်လာနေသည်။
အဆုံးမဲ့ကြယ်အလင်းရောင်တို့က ပြင်းထန်သည့် သတ်ဖြတ်ခြင်းစွမ်းအားများအဖြစ် ပြောင်းလဲသွားပြီး တစ်နေရာတည်း၌ စုဝေးလာသည်။ ထျန်းယန်မဟာအင်ပါယာ၏ ပုံရိပ်ယောင်သည်ပင် လွတ်မြောက်နိုင်ခြင်း မရှိခဲ့ပေ။
"မဟုတ်ဘူး...."
ထျန်းယန်မဟာအင်ပါယာက ရေရွတ်လိုက်သည်။ သူသည် နောက်ဆုံး၌ ပြန်ရောက်ရှိလာနိုင်ရန် မရေတွက်နိုင်သော နှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ရသည်။
ကံကြမ္မာက မည်သည့်အတွက်ကြောင့် သူ့အား ထိုကဲ့သို့ အပြုအမူမျိုးနှင့် ဆက်ဆံရသနည်း။
သူက စီဝေ့မဟာအင်ပါယာနှင့် ထိပ်တိုက်တွေ့ဆုံခဲ့ရသည်။
နောက်ထပ် မရေတွက်နိုင်သော ကြယ်အလင်းရောင်များက သူ့ကို ထိုးဖောက်လာသည်။ ထျန်းယန်မဟာအင်ပါယာက ဖုန်မှုန့်များအဖြစ် အပြီးတိုင် ပြောင်းလဲသွားပေသည်။ ဤပရမ်းပတာစွမ်းအင်လှိုင်းများကြားတွင် သူ၏ အရှိန်အဝါ အစအနလေးမျှသာ ကျန်ရစ်ခဲ့သည်။
စွမ်းအင်လှိုင်းများက ဦးတည်ရာမဲ့ စီးဆင်းနေပြီး လေဟာနယ်အတွင်း မျောလွင့်နေသည်။ ထိုစွမ်းအင်လှိုင်းများ မည်သည့်နေရာ၌ အဆုံးသတ်မည်ကို မည်သူမှမသိကြပေ။
စီဝေ့ကြယ်ကမ္ဘာအပြင်ဘက် လေဟာနယ်တွင် ပျက်စီးခြင်းစွမ်းအင်လှိုင်းမုန်တိုင်းတစ်ခု ဖြစ်ပေါ်လာသည်။ လူတိုင်းက အလျင်အမြန် အဝေးသို့ ရှောင်ရှားလိုက်ကြသည်။ တိုက်ပွဲက သူတို့ကို တိုက်ရိုက် မရည်ရွယ်လျှင်ပင် ဂရုမစိုက်ဘဲနေမိပါက ထိုတိုက်ပွဲ၏ အဖျားခတ်မှုကြောင့် သေသည်အထိ ဖြစ်နိုင်၏။
အချိန်အတော်ကြာပြီး နောက်ဆုံးတွင် မုန်တိုင်းက ပျောက်ကွယ်သွားပြီ ဖြစ်သည်။ လေဟာနယ်ကလည်း တည်ငြိမ်သွားသည်။ ကျင့်ကြံသူများစွာက မသပ်မရပ် ဘိုသီဘတ်သီနှင့် ရှောင်တိမ်းနေရာမှ ထွက်လာကြသည်။
ထျန်းယန်မြို့သခင်က ထိုနေရာ၌ အံ့သြမှင်တက်စွာနှင့် ရပ်နေခဲ့သည်။ သူက လေဟာနယ်အတွင်းသို့ ကြည့်လိုက်သည်။ ထျန်းယန်မဟာအင်ပါယာက ပျောက်ကွယ်သွားပြီ ဖြစ်သည်။ အရာအားလုံးက ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။
သူသည် နှလုံးသားက တင်းကျပ်လာသည်ကို ခံစားလိုက်ရပြီး သူ့မျက်နှာထက်၌ နာကျင်နေသည့် အရိပ်အယောင်တို့ ဖြစ်ပေါ်လာသည်။
မဟာအင်ပါယာ ပြန်ရောက်ရှိလာမှုကြောင့် ထျန်းယန်မြို့က ဂုဏ်သရေ ပြန်လည်တောက်ပြောင်လာစေမည့် လမ်းစပေါ်ပေါက်လာခဲ့သည်။ သို့သော် သူတို့သည် ထိုလှပသည့်အိပ်မက်က မကြာခင် အဆုံးသတ်သွားလိမ့်မည်ဟု မည်သည့်အခါမှ ထင်မှတ်ထားခဲ့ခြင်း မရှိပေ။ သူတို့က ယခု အိပ်မက်ဆိုးနှင့် ရင်ဆိုင်လိုက်ရပေသည်။
ထျန်းယန်မဟာအင်ပါယာ သေဆုံးသွားခြင်း၏ အဓိပ္ပါယ်က မည်သည်နည်း။
ယခု ထျန်းယန်မြို့အတွင်း မဟာအင်ပါယာ၏ စွမ်းအားက ထပ်မံတည်ရှိတော့မည် မဟုတ်ပေ။ နတ်ဘုရားလက်နက်နှစ်ခုထဲမှ တစ်ခုက ဖျက်ဆီးခံလိုက်ရပြီ ဖြစ်သည်။ ယခု ကောင်းကင်တူက စီဝေ့ကြယ်ကမ္ဘာအတွင်း ပြုတ်ကျသွားခဲ့ပြီး ရီဖူရှင်းလက်ထဲသို့ ရောက်ရှိသွားသည်။
နှစ်ပေါင်းများစွာ မဟာအင်ပါယာတစ်ပါး၏ သင်ကြားပြသပေးမှုများကို လက်ဆင့်ကမ်းလာပေးခဲ့သည့် ထျန်းယန်မြို့က ယခု ရှေးဟောင်းနတ်ဘုရားကလန်ဟု ခေါ်ထိုက်ပါသေးရဲ့လား။
ယနေ့မှစပြီး ထျန်းယန်မြို့က ရှေးဟောင်းနတ်ဘုရားကလန်ဟူသည့် ခေါင်းစဥ်ကို ဆုံးရှုံးသွားရပေတော့မည်။
သူတို့က နောက်ထပ် မည်သည်တို့ကို ရင်ဆိုင်ရလိမ့်မည်နည်း။
ကျင့်ကြံသူများစွာက ထိုအကြောင်းများကို တွေးတောမနေခဲ့ကြပေ။ သူတို့က ထျန်းယန်မဟာအင်ပါယာ၏ ဖျက်ဆီးခံရမှုကြောင့် တွေဝေမိန်းမောသွားခြင်းမှ ပြန်၍ မနိုးထလာကြသေးချေ။ သူတို့ မြင်တွေ့လိုက်ရသည့် မြင်ကွင်းက သူတို့အား အံံ့သြထိတ်လန့်စေခဲ့သည်။
ယနေ့ စီဝေ့မဟာအင်ပါယာက တိုက်ပွဲတစ်ပွဲအတွက် ပြန်လည်ရောက်ရှိလာပြီး ပြန်လည်မွေးဖွားလာသည့် ထျန်းယန်မဟာအင်ပါယာအား သတ်ဖြတ်ပစ်ခဲ့သည်။
ထျန်းယန်မဟာအင်ပါယာ ပြန်လည်မွေးဖွားလာသည်ဟူသော သတင်းက လောကတစ်ခုလုံးကို တုန်လှုပ်စေခဲ့သည်။ သို့သော် သူက အမှန်တကယ် လှုပ်ရှားခြင်းပင် မပြုသေးရခင် အသတ်ခံရပြီး ပျောက်ကွယ်သွားခဲ့ပေသည်။