တားမြစ်ထားသော ကုန်ပစ္စည်းများ
Vol. 53 Ch. 738
ရှဲ့ကျီချန်သည် သဘာဝအားဖြင့် လွန်စွာ သတိထားတတ်သူဖြစ်ပြီး အရေးကြီးသော အခြေအနေတစ်ခုသို့ အတင်းအကြပ် အပို့မခံရပါက သူနှင့်တွဲဖက်လုပ်ကိုင်နေသော လူများ၏အသက်ကို မြတ်နိုးပေသည်။ ရန်သူသည် တတိယထွက်ပေါက်ကို ရှာတွေ့ခြင်း ရှိ၊ မရှိနှင့် တွေ့ရှိပါကလည်း ရန်သူသည် တံခါးပေါက်အား ဖျက်ဆီးနိုင်ခြင်း ရှိ၊ မရှိ မသိနိုင်သောကြောင့် မြေအောက်စခန်းမှ ဆုတ်ခွာရသောအခါတွင် အနည်းငယ်မျှ နှောင့်နှေးခြင်း မရှိပေ။
ဆာ့ဖ်ကားခြောက်စီး၏အင်ဂျင်သံများကို သူ သတိထားမိသောအခါ သူသည် စက်ရုံတံခါးဝတွင် ရပ်လိုက်ရင်း နောက်ဆုံးတွင် စိတ်သက်သာရာ ရသွားသည်။ ကုမ္ပဏီတွင် လူအနည်းငယ်သာသိသော ဘေးတံခါးတစ်ခု ရှိသည်။ ရန်သူများသည် ကုမ္ပဏီ၏အရှေ့တံခါးကို ပိတ်ဆို့ထားလျှင်ပင် သူ၏ထွက်ပြေးရာလမ်းကြောင်းကို ထိခိုက်နိုင်မည်မဟုတ်ချေ။
ကားအရှေ့တွင် ရပ်လိုက်ပြီး ရှဲ့ကျီချန်သည် လှည့်ကာ ဂိုဒေါင်အတွင်းပိုင်းကို စူးစူးနစ်နစ် တစ်ချက်စိုက်ကြည့်ကာ သူ့ဘာသာ ရေရွတ်လိုက်သည်။
“ဒီနေရာက မကြာခင် ကမ္ဘာပေါ်က ငရဲတစ်ခု ဖြစ်လာတော့မယ်။ ငါ့ရဲ့သုတေသနရလဒ်ကို မျက်စိကျရဲတဲ့ ဘယ်သူမဆို သေရစေ့မယ်။”
ထိုစကားပြောပြီးနောက် သူက အေးစက်စက် စုတ်သပ်လိုက်ပြီး ဆာဖ့်ကားပေါ်သို့ တက်ရန် လှည့်လိုက်သည်။ သူ့အနောက်မှ ပါလာသော အားမင်သည် ရှဲ့ကျီချန်အတွက် တံခါးဖွင့်ခါနီးအချိန်တွင် သူ၏နှလုံးသားအတွင်း၌ တင်းကြပ်သော အာရုံကို ရုတ်တရက် ခံစားလိုက်ရသည်။ လျှပ်တပြက်အတွင်း သူသည် ရှဲ့ကျီချန်၏ခန္ဓာကိုယ်ကို မြေပြင်ပေါ်သို့ တွန်းချလိုက်သည်။
ဝှစ် … ဝှစ် … ဝှစ် …
တလက်လက်တောက်ပနေသော ကြယ်ရောင်အလင်းတန်းများအောက် နဂါးငွေ့တန်းဂလက်ဆီမှ အလင်းတန်းများ ကျဆင်းလာသည့်အလား ကောင်းကင်ယံမှ ရုတ်တရက် ဓားအလင်းများ ဆင်းသက်လာသည်။ ဓားအလင်းများသည် ဆာ့ဖ်ကားခြောက်စီးအား ကျယ်လောင်သောအသံဖြင့် ခုတ်ပိုင်းလိုက်သဖြင့် ဓာတ်ငွေ့တိုင်ကီများ ပေါက်ထွက်ပြီး မီးတောက်များသည် အရပ်ရပ်သို့ ပျံ့ နှံ့သွားကာ ဆာ့ဖ်ကားခြောက်စီးအား ချက်ခြင်း ဝါးမျိုသွားတော့သည်။
ထာဝရခန်းမ၏ကျွမ်းကျင်သူလေးဦးကို ဦးဆောင်လာသော မိုအားဝူသည် လေထဲမှ ပြင်းထန်သော လေပြင်းတစ်ခုအလား တဟုန်ထိုး ဆင်းလာသည်။ ဆာ့ဖ်ကားခြောက်စီး ပေါက်ကွဲပြီး ရှဲ့ကျီချန်၏ လူများဆီသို့ မီးတောက်များ ကူးစက်လာသောအခါ မိုအားဝူတို့ငါးဦးသည် အသက်ရှူချိန်အနည်းငယ်မျှဖြင့် လူငါးဦး-ခြောက်ဦးခန့်ကို သုတ်သင်လိုက်သည်။
“ထွက်သွားစမ်း…”
အားလျန်၏ခန္ဓာကိုယ်ထက်ရှိ ကြွက်သားများသည် ပိုမိုတင်းကျပ်လာသည်။ သူ့ကို မျိုးရိုးဗီဇစစ်သည်တော်အဖြစ် ပြောင်းလဲစေသော မျိုးရိုးဗီဇမြူများသည်လည်း ထိုးသွင်းခံခဲ့ရပြီးဖြစ်သည်။ ခွန်အားဖြစ်စေ အရှိန်အဟုန်ဖြစ်စေ ယခုအချိန်တွင် သူသည် ယခင်က အိပ်မက်ထဲမှာပင် စိတ်ကူးမယဉ်ဝံ့ဖူးသော တစ်စုံတစ်ခု ဖြစ်နေခဲ့ချေပြီ။ ဤအခိုက်အတန့်တွင် အားလျန်သည် သူ့တစ်ကိုယ်လုံးမှ စွမ်းအားများ ထွက်လာသည်ကို ခံစားလိုက်ရသည်။ သူသည် လက်နက်ကို မထုတ်ဘဲ မိုအားဝူအား လက်သီးဖြင့် ထိုးခွင်းလိုက်သည်။
မိုအားဝူနှင့်သူ၏လူများ ပေါ်လာပုံမှာ အလွန်အံ့သြဖွယ် ကောင်းသည်ဟု သူ ထင်ခဲ့သော်လည်း ၎င်းတို့၏ အစွမ်းထက်သော လက်နက်များကြောင့် ဖြစ်လိမ့်မည်ဟု သူ ထင်သောကြောင့် အထင်မကြီးပေ။ ထိပ်တိုက်ရင်ဆိုင်ရပါက အလွယ်တကူ သတ်နိုင်မည်ဟု သူ အခိုင်အမာ ယုံကြည်ထားသည်။
မိုအားဝူသည် ထိုပြင်းထန်သော တိုက်ခိုက်မှုကို မရှောင်ဘဲ အလားတူ ပြင်းထန်သော လက်သီးများကို ပြန်လည်စေလွှတ်လိုက်သည်။ အားလျန်နှင့် လက်သီးချင်း ထိပ်တိုက်တွေ့တော့မည့် အချိန်တွင် သူ၏လက်သီးမှ ဓားပျံတစ်ချောင်းကို ထုတ်လွှတ်လိုက်သည်။ ထိုဓားသည် အားလျန်၏လက်သီးကို ပိုင်းဖြတ်ကာ ချက်ချင်းပင် ထိုသူ၏လက်မောင်းမှတဆင့် တည့်တည့်ပိုင်းဖြတ်သွားပြီး ခန္ဓာကိုယ်အား နှစ်ခြမ်းကွဲသွားစေသည်။
“သူဌေး ပြောထားတဲ့အတိုင်း ရန်သူကို အတတ်နိုင်ဆုံး အတိုဆုံးနဲ့ အမြန်ဆုံး သတ်သင့်တယ်။ သူတို့ကို သတ်ဖို့ မင်းတို့ရဲ့ပျံသန်းနေတဲ့ ဓားရှည်တွေကို လွှတ်လိုက်။ ဒါပေမယ့် ရှဲ့ကျီချန်တော့ အသက်ရှင်ကျန်နေပလေ့စေ။"
ထာဝရခန်းမ၏အခြားကျွမ်းကျင်ပညာရှင် လေးဦးသည် ၎င်းတို့၏ဓားပျံများဖြင့် ဓားအစီအရင်များ ခင်းကျင်းကာ ဓားများအား လေထဲသို့ လျင်မြန်စွာ လှည့်ပတ်စေပြီး ရှဲ့ကျီချန်နှင့် အားမင်မှလွဲ၍ ကျန်လူများ၏အသက်ကို သုတ်သင်လိုက်ပြီး မြေပြင်ထက်တွင် အနက်ရောင် ခရီးဆောင် သေတ္တာ ခြောက်လုံးကို ချန်ထားရစ်စေသည်။
ဝှစ် … ဝှစ် … ဝှစ် …
ဝိညာဉ်ပုံသဏ္ဍာန်အရိပ်တစ်ခု စက်ရုံထဲမှ ပြေးထွက်လာသည်။ ထိုအရိပ်သည် ထန်ရှုဖြစ်ပြီး သူသည် လက်ကိုဝှေ့ယမ်းကာ မီးလောင်နေသော ဆာ့ဖ်ကားများကို ဖုံးအုပ်ရန် လေထုထဲမှ အေးစိမ့်သောရေခဲလွှာကို ဖန်တီးလိုက်သည်။ အစောပိုင်းက မီးလောင်နေသော ဆာ့ဖ်ကားများသည် ထိုရေခဲလွှာဖုံးအုပ်ပြီး အသက်ရှူချိန် ခြောက်ရှိုက်-ခုနစ်ရှိုက်အတွင်း မီးတောက်များ လုံးဝငြိမ်းသွားခဲ့သည်။
"သူဌေး…"
စက္ကန့်အနည်းငယ်ကြာသောအခါ စက်ရုံထဲမှ လူလတ်ပိုင်းတစ်ယောက် ထွက်လာသည်။ ထို့နောက် သူသည် ထန်ရှု၏အရှေ့တွင် ရပ်ကာ လေးစားသော အမူအရာဖြင့် ပြောလိုက်သည်။
" ကိုယ်တိုင်ဖျက်ဆီးမှုစနစ်ကိရိယာကို ငါ ဖယ်ရှားလိုက်ပြီဖြစ်လို့ မြေအောက်အခြေစိုက်စခန်းကို ထိန်းသိမ်းထားနိုင်ပါပြီ။"
မြေပြင်မှ ကုန်းရုန်းထလာသော ရှဲ့ကျီချန်သည် အထိတ်တလန့်နှင့် တုန်လှုပ်ချောက်ချားနေပေသည်။ အားမင်၏အကာအကွယ်ပေးမှုအောက်တွင် သူသည် ထန်ရှုနှင့် အခြားသူများကို စိုက်ကြည့်နေသည်။ သို့သော် ထာဝရခန်းမ၏ကျွမ်းကျင်ပညာရှင်ထံမှ အစီရင်ခံမှုကို ကြားလိုက်ရသောအခါ သူ၏ရင်ထဲတွင် ကြောက်ရွံ့စိတ်များ ပြည့်နှက်သွားပြီး မယုံကြည်နိုင်သော မျက်နှာဖြင့် အော်ဟစ်လိုက်သည်။
“မဖြစ်နိုင်ဘူး။ ကိုယ်တိုင်ဖျက်စီးခြင်းစနစ်က စတင်လိုက်တာနဲ့ ဘယ်သူမှ ဖယ်ရှားတာတို့၊ ရပ်တန့်တာတို့ မလုပ်နိုင်ဘူး။ ဒီကိုယ်တိုင်ဖျက်စီးတဲ့ စနစ်ကို ဂျာမဏီက မှောင်ခိုလက်နက်ရောင်းဝယ်သူ ကင်းပင်ဆီက မိုးလောက်မြင့်တဲ့ဈေးနဲ့ ငါ ဝယ်ခဲ့တာ။”
လူလတ်ပိုင်းအရွယ် အမျိုးသားက ရှဲ့ကျီချန်ကို အေးစက်စက်ကြည့်ကာ လှောင်ပြောင်လိုက်သည်။ “အဲ့ဒီစကား တခြားသူတွေကို သွားပြော။ ငါ့ လာမပြောနဲ့။ မင်းရဲ့ကိုယ်တိုင်ဖျက်စီးခြင်းစနစ်က ဂျာမနီမှာ လက်နက်ကိုင်တပ်ဖွဲ့တချိုနဲ့ ငါ လေ့ကျင့်တုန်းက ငါ သုတေသနပြုပြီး တီထွင်ခဲ့တဲ့အရာပါကွ။ သင်္ကေတတွေနဲ့ လုပ်နည်းစနစ်တွေကို ငါကိုယ်တိုင် ရေးပြီး ဖုံးကွယ်ထားတဲ့ သင်္ကေတချို့နဲ့ ချိပ်ပိတ်ထားတဲ့ အကာအကွယ်နှစ်ခုကို ဖန်တီးခဲ့တာပဲ။”
ရှဲ့ကျီချန်၏ခန္ဓာကိုယ် တုန်လှုပ်သွားပြီး သူ၏မျက်လုံးများ ပြူးသွားကာ တစ်ချိန်တည်းမှာပင် ရုတ်တရက် ပြောမိသွားသည်။
"မင်း … မင်း ... မင်းက သွေးငါးမန်း ရွှဲ့ရှလား။ ချီးပဲ … နာမည်ကြီး ရွှဲ့ရှက တရုတ်ပြည်ကို ဘယ်လို ရောက်လာတာလဲ။ နောက်ပြီး … သူက … မင်းရဲ့ သူဌေးလား။”
ရွှဲ့ရှက သူ့ကို လျစ်လျူရှုပြီး ထန်ရှုကို လှည့်ကြည့်သည်။
ထန်ရှုက သူ့ကို ခေါင်းညိတ်ပြပြီး တစ်ချက်ပြုံးကာ ပြောလိုက်သည်။
"အရင်က ပြဿနာတွေ ဆူညံသံတွေ ထပ်ဖြစ်လာမှာကို ငါ စိုးရိမ်မိတယ်။ ဒါပေမယ့် အခုပြဿနာက ပြေလည်သွားပုံပဲ။ မင်း ကောင်းကောင်း လုပ်ခဲ့တယ်။ ငါတို့ပြန်ရောက်ရင် မင်းကို ဆုချီးမြှင့်မယ်။" ထိုသို့ပြောပြီးနောက်တွင် သူ၏အကြည့်များသည် ရှဲ့ကျီချန်ထံ ရောက်သွားပြီး အပြုံးဖြင့် "မင်းရဲ့အကြောင်းတွေ အများကြီး ကြားရပါတယ် သူဌေးရှဲ့…။"
ရှဲ့ကျီချန်ကိုယ်တိုင်က ထန်ရှုကို အတန်ငယ် မြင်ဖူးနေသည်ဟု ခံစားမိသော်လည်း သူ မြင်ဖူးသည့်နေရာကို မမှတ်မိတော့ပေ။ သူ တုံ့ဆိုင်းသွားပြီးနောက်
“မင်းက ဘယ်သူလဲ။”
“မင်းရဲ့စွမ်းရည်အရ ငါ့နာမည်ကို သိဖို့ ထိုက်တန်ပါတယ်။ ငါက ထန်ရှုပါ။"
ရှဲ့ကျီချန်၏အမူအရာသည် တုန်လှုပ်သွားပြီး “နတ်ဆေးသမားတော် ထန်ရှု … ခမ်းနားထည်ဝါသော ထန် စီးပွားရေးလုပ်ငန်းစုရဲ့ပိုင်ရှင်လား။”
"ကောင်းပြီ … မင်းက ငါ့ကို သိနေပြီးသားဆိုတော့ အရာအားလုံးက ပိုလွယ်သွားတာပေါ့။ ဒီမျိုးရိုးဗီဇမြူတွေကို မင်း သုတေသန လုပ်ခဲ့တဲ့အတွက် ငါ တကယ် ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် အဲ့ဒါတွေ ပျံ့နှံ့သွားတာနဲ့ ကမ္ဘာ့အခြေအနေမှာ ကြီးမားတဲ့ ပြောင်းလဲမှုတွေ ဖြစ်လာမှာ ကျိန်းသေတယ်။ ဒါကြောင့် ဒီပစ္စည်းတွေကို မင်းအတွက် သိမ်းထားဖို့ လိုတယ်လို့ ငါ ခံစားမိတယ်။ မင်း မကန့်ကွက်ဘူးမလား။"
“မင်း ငါ့ဆီက လုယက်ချင်တယ်ဆိုရင် ပွင့်ပွင့်လင်းလင်း ပြောလိုက်။ ယီးလို … ကြောင်သူတော်လို လုပ်နေတာလား။”
ရှဲ့ကျီချန်က ဒေါသတကြီး အော်လိုက်သည်။
"မင်း သေရမှာ မကြောက်ဘူးလား။"
ထန်ရှုက ခပ်ပြုံးပြုံးပဲ မေးလိုက်သည်။
ရှဲ့ကျီချန် တွေကနဲ ဖြစ်သွားပြီး သူ့အမူအရာက လွန်စွာ ရုပ်ဆိုးလာသည်။ လူတစ်ယောက်သည် မိမိအစွမ်းဖြင့် အခြားသူတစ်ယောက်အား ဆန့်ကျင်ရန် မလုံလောက်ပါက မိမိကိုယ်ကို အမှန်တကယ် နှိမ့်ချစွာ နေရန်လိုအပ်ပြီး သူသည်လည်း သေခြင်းတရားကို ရင်ဆိုင်ရမှာ တကယ် ကြောက်ပေသည်။ သို့သော် သုတေသနတွင် ငွေအမြောက်အမြားဖြင့် နှစ်အတန်ကြာ ရင်းနှီးမြုပ်နှံပြီးနောက် သူ၏သုတေသနရလဒ်များ လုယူသွားခြင်းမှာ သူ့ကို အမှန်တကယ် စိတ်ဆင်းရဲစေသည်။
ထန်ရှု၏အရှေ့တွင် ဦးမညွှတ်ရန် ပထမဆုံးအကြိမ်အဖြစ် သူ၏ဒေါသများက သူ၏ကြောက်ရွံ့မှုအား အနိုင်ရသွားသည်။
“ငါ့ခန့်မှန်းချက် မမှားဘူးဆိုရင် ဥရောပက နိုင်ငံပိုင်ကုမ္ပဏီက အော်စတင်ကိုးလ်လည်း ရှန်ဟိုင်းကို ရောက်လာပြီး မင်းနဲ့ စာချုပ်ချုပ်ဖို့ ဒီမှာ ရှိနေတယ် မဟုတ်လား။ ဒါပေမယ့် ဒီလူက ရှန်ဟိုင်းကို တိတ်တဆိတ်လာပြီး လုံခြုံရေးဌာနနဲ့ ရဲတွေကို လမ်းကြောင်းပြောင်းဖို့၊ လူထုရဲ့ မျက်လုံးနဲ့ နားတွေကို ဖုံးလွှမ်းဖို့ လူသတ်မှု အများအပြားကိုတောင်မှ ဖန်တီးခဲ့သေးတယ်။ မင်းခေါင်းထဲက ဒီစာရင်းကိုရော ငါ တွက်သင့်လား။"
ရှဲ့ကျီချန်က ငြင်းဖို့ မကြိုးစားပေ။ ထိုသူပြောသမျှ စကားများကနေ လွတ်မြောက်ရန် မဖြစ်နိုင်သည်ကို သူ ကောင်းစွာ သိပေသည်။
“ငါ့ကို ဥရောပက နိုင်ငံပိုင်ကုမ္ပဏီကနေ ပိုက်ဆံအချို့ရအောင် ကူညီပေးရင် မင်းအသက်ကို ကယ်ပေးမယ်။ ဒီသဘောတူညီချက်ကို ဘယ်လိုသဘောရလဲ။"
ထန်ရှုက ဖြည့်စွက်ပြောလိုက်သည်။
ရှဲ့ကျီချန်က ထန်ရှုကို လေးလေးနက်နက် စိုက်ကြည့်ရင်း ရုတ်တရက် မေးလိုက်သည်။
"မင်းက ဒီမျိုးရိုးဗီဇမြူတွေကို မပျံ့ချင်ဘူးလို့ ပြောတာ မဟုတ်လား။ ဘာကြောင့်လဲ။ အဲဒီ့ဆီကနေ မင်း စည်းစိမ်ဥစ္စာကို တကယ်မလိုချင်ဘူးလား။"
“ဟင့်အင်း … လုံးဝ မလိုချင်ဘူး။"
ထန်ရှု ခေါင်းခါလိုက်သည်။
ရှဲ့ကျီချန်က သရော်လိုဟန် ပြုံးလိုက်ပြီး
“ငါ သိပြီ။ ဒါဆို ငါ အမှန်အတိုင်းပြောရသေးတာပေါ့။ ဆွစ်ဘဏ်က ငါရဲ့စာရင်းမသွင်းထားတဲ့ အကောင့်ထဲ နိုင်ငံပိုင်ကုမ္ပဏီက အမေရိကန်ဒေါ်လာ ၁ဘီလီယံ ပေးချေပြီးသွားပြီ။ ဒါပေမယ့် ငါ မင်းကို ဘယ်တော့မှ လွှဲပေးမှာ မဟုတ်ဘူး။ မျိုးရိုးဗီဇမြူနဲ့ပတ်သက်တဲ့ အချက်အလက်တွေက ငါအသက်ရှင်နေသရွေ့ ပျံ့နှံ့နေမှာပဲ။ ပြီးတော့ မင်း ငါ့ကို သတ်နိုင်တယ်ဆိုတာ ငါ ကောင်းကောင်းသိတယ် … ဟုတ်တယ်မလား။ လူသေတွေကပဲ ပုံပြင်တွေ မပြောတာ။”
ထန်ရှုသည် ခဏမျှ နှုတ်ဆိတ်နေပြီး ဖြည်းညှင်းစွာ ခေါင်းညိတ်ကာ
“ကောင်းမွန်တဲ့ ကောက်ချက်ပဲ။ မင်းလို ထက်မြက်တဲ့ လူတစ်ယောက် ဒီည သေရတာ နှမြောစရာ ကောင်းတယ်လို့ ငါ ခံစားရပေမယ့်လည်း …။"
ရှဲ့ကျီချန်သည် မိုအားဝူနှင့် အနီးတစ်ဝိုက်ရှိ ထာဝရခန်းမ၏ ကျွမ်းကျင်ပညာရှင်များကို လှည့်ကြည့်ကာ လှောင်ပြောင်လိုက်သည်။ “မျိုးရိုးဗီဇမြူတွေရဲ့တန်ဖိုးက ရိုးရှင်းစွာပဲ တိုင်းတာလို့ မရဘူး။ အဲ့ဒါကို ပိုင်ဆိုင်ထားတာက ငွေကြေး၊ အာဏာ၊ အဆင့်အတန်းနဲ့ တူညီတယ်။ မင်းတို့ကိုယ်တိုင် အသုံးပြုကြည့်ရင် ပြင်းထန်တဲ့ ခွန်အားကိုတောင် ရနိုင်သေးတယ်။ သတင်းတွေ မပြန့်ပွားဘူးလို့ မင်း တကယ် ထင်လား။ မင်းက လုယူဖို့ လူတွေအများကြီး ခေါ်လာတယ်။ ဟားဟားဟား … ငှက်တွေက အစာစားဖို့အတွက် သေကြသလို စည်းစိမ်ဥစ္စာအတွက် လူတွေ သေကြလိမ့်မယ်။ အဲ့ဒီအတွက် မင်းကို သစ္စာဖောက်မယ့်သူတွေ မင်းတို့အထဲမှာ ရှိနေမှာပဲ။”
ထန်ရှု၏မျက်နှာထက်တွင် အထင်သေးသော အကြည့်တစ်ခု ပေါ်လာပြီး မိုအားဝူနှင့် အခြားသော လူ၁၀ယောက်၏ မျက်နှာပေါ်တွင် အလားတူ မထီမဲ့မြင်ပြုသော အမူအရာ ပေါ်လာခဲ့သည်။ ထန်ရှုက ခေါင်းယမ်းလိုက်ပြီး အပြုံးဖြင့်
"မင်းကို ဉာဏ်ကောင်းတယ်လို့ ငါ ထင်ခဲ့ပေမဲ့ ဒီလိုငတုံးတစ်ယောက် ဖြစ်လိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မမျှော်လင့်ထားဘူး။ ဒီည ငါတို့လုပ်ခဲ့တာတွေကနေ မင်း တစ်ခုခုကို နားမလည်သေးဘူးလို့ ငါ့ကို မပြောနဲ့။"
"ဘာကိုလဲ။" ရှဲ့ကျီချန် မျက်မှောင်ကြုတ်သွားသည်။
ထန်ရှု လက်ဖျောက်တစ်ချက် တီးလိုက်သောအခါ သွေးသောက်ဓား ပေါ်လာပြီး သူ၏လက်ချောင်းများတစ်ဝိုက်တွင် လှည့်ပတ်နေသည်။ သူ၏စိတ်ဆန္ဒအရ ဓားသည် အရောင်တစ်ချက် လက်သွားကာ သွေးရောင်အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး အားမင်၏လည်ချောင်းအား ထိုးဖောက်ဝင်ရောက်သွားပြီးနောက် ထိုလူ၏နှလုံးကို နောက်ကျောမှ ပြန်လှည့်ဝင်ကာ ထိုးဖောက်လိုက်သည်။ တစ်စက္ကန့်မပြည့်မီတွင် ဓားသည် ထန်ရှု၏ လက်ချောင်းများဆီသို့ ပြန်လည်ပျံသန်းသွားခဲ့သည်။
“မင်းရဲ့မျိုးရိုးဗီဇစစ်သည်တော်တွေဆိုတာ ငါတို့အတွက် ဟာသပဲ။ ကိုယ်လုံးပြည့်ချပ်ဝတ်တန်ဆာဝတ်ထားတဲ့ လူတွေနဲ့ မင်းရဲ့အသန်မာဆုံး လူလေးယောက်ကို မျိုးရိုးဗီဇမြူတွေနဲ့ ထိုးထားတယ်မဟုတ်လား။ သူတို့တွေ အရမ်းသန်မာလာကြတယ်။ ပုရွက်ဆိတ်လေးကို သတ်တာထက် နည်းနည်း ပိုခက်ပေမဲ့ သူတို့တွေက ငါတို့ရှေ့မှာတော့ ခွေးတွေလို ပြိုလဲသွားရတာပဲ။
“ကောင်းပြီ။ ဒီလျှို့ဝှက်ချက်ကို ဒီနေရာမှာ မြှုပ်နှံထားဖို့အတွက် ဒီအသေးအမွှားငွေကို ငါ စွန့်လွှတ်လိုက်မယ်။
ဒီတော့ … မင်း သေလို့ရပြီ။"
သွေးသောက်ဓားက လျှပ်တပြက်အတွင်း ရှဲ့ကျီချန်ကို သတ်လိုက်ပြီးနောက် ထန်ရှုက
"မင်းတို့အားလုံး အပြင်က လုံခြုံရေးအစောင့်တွေ အားလုံးကို ရှင်းဖို့ နာရီဝက်ပဲ အချိန်ရတယ်။ နောက်ပြီး မြေအောက်အခြေစိုက်စခန်းက အရာအားလုံးကို သုတ်သင်ရှင်းလင်းပြီး ဒီနေရာက လူသတ်မှုရဲ့သဲလွန်စ ဒါမှမဟုတ် သက်သေတွေ မထားခဲ့နဲ့။”
"နားလည်ပါပြီ။"
မိုအားဝူအပါအဝင် လူ ၁၁ဦးက သူတို့နေရာကနေ ချက်ချင်း ပျောက်သွားကြသည်။ အလောင်းများကို ပြာများအဖြစ်သို့ ပြောင်းပစ်ခြင်းနှင့် ခြေရာခံနိုင်သည့် အရာအားလုံးကို ဖျောက်ဖျက်ခြင်းသည် ကျွမ်းကျင်သူတိုင်းတွင် ရှိသင့်သည့် ကျွမ်းကျင်မှုတစ်ခုဖြစ်သည်။ အလောင်းအားလုံးကို ဖယ်ရှားရန် နာရီဝက်သာ အချိန်ယူခဲ့ပြီး တိုက်ခိုက်ရေးသဲလွန်စများအားလုံးကို ဖျက်ပစ်ကာ မြေအောက်အခြေစိုက်စခန်းတွင် တပ်ဆင်ထားသည့် ဖောက်ခွဲရေးပစ္စည်းများပင် အတူတကွ ဖယ်ရှားနိုင်ခဲ့သည်။
“မြေအောက်အခြေစိုက်စခန်းမှာ တားမြစ်ထားတဲ့ ကုန်ပစ္စည်းတွေ အများကြီးရှိပေမယ့် တိတ်တိတ်ဆိတ်ဆိတ် ထုတ်ယူဖို့ မလွယ်ဘူး။” မိုအားဝူသည် ထန်ရှု၏အရှေ့သို့ရောက်လာပြီး ကသိကအောက်ဖြစ်နေသောမျက်နှာဖြင့် သတင်းပို့လာသည်။
ထန်ရှုသည် သူ၏လက်ကို တစ်ချက်လှုပ်ပြီး သိုလှောင်လက်စွပ်တစ်ကွင်းကို ထုတ်ယူလိုက်သည်။ သူက မိုအားဝူကို ထိုလက်စွပ် လွှဲပေးလိုက်ပြီး “မင်းရဲ့ပိုင်ဆိုင်မှုအမှတ်အသားအတွက် မင်းရဲ့သွေးတွေကို လက်စွပ်ပေါ် ချလိုက်ပါ။ ဒီလက်စွပ်က နောက်ပိုင်းတွင် မင်းအပိုင် ဖြစ်လာလိမ့်မယ်။ ဒါနဲ့ဆိုရင် ဒီစခန်းက အဲ့ဒီပစ္စည်းတွေကို တိတ်တဆိတ် ကိုင်တွယ်ဖြေရှင်းလို့ရပြီ။ ဖောက်ခွဲရေးပစ္စည်းအားလုံးကိုလည်း ယူလာခဲ့။”
သိုလှောင်လက်စွပ်လား…
မိုအားဝူ၏နှလုံးခုန်သံနှင့် သူ၏မျက်နှာသည် အပျော်များဖြင့် ပြည့်နေ၏။ သိုလှောင်လက်စွပ်၏ အဓိပ္ပာယ်ကို သူ သိပေသည်။ သူဌေး၊ သူဌေးလေး၊ သူဌေးဂူယန်အာ၊ အကြီးအကဲကျိနှင့် အခြားသူအချို့တွင်လည်း ရှိသည်ကို သူ မြင်ဖူးပြီး သူ့တွင်လည်း တစ်ခုလောက် ရှိရန် အိပ်မက်မက်မိသော်လည်း သူ့အိပ်မက်များ ဤမျှ မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်နိုင်မည်ဟု မထင်ခဲ့မိပေ။
သူ့ဘေးနားက ကျန်သောလူများသည်လည်း သူ့ကို အားကျနေကြပုံပေါ်ပေသည်။ သူတို့သည်လည်း သိုလှောင်လက်စွပ်တစ်ကွင်း လိုချင်သော်လည်း ထန်ရှုကို မည်သူမျှ မတောင်းဆိုရဲကြပေ။ အမှန်တော့ သိုလှောင်လက်စွပ်တစ်ကွင်းသည် သာမန်အရာဝတ္ထု မဟုတ်တော့ဘဲ မရေမတွက်နိုင်သော ကျင့်ကြံသူများ၏အမြင်တွင် အဖိုးမဖြတ်နိုင်သော ရတနာဟုပင် သတ်မှတ်ခံထားရပေသည်။
***