စမ်းသပ်မှုအတွက် သင့်လျော်သော လူတစ်ဦးကို ရှာဖွေခြင်း
Vol. 53 Ch. 739
သူ့လူများ၏အမူအရာကို မြင်သောအခါ ထန်ရှုက ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြီး
"မင်းတို့ကြိုးစားနေသရွေ့ ရွှေအမြုတေအဆင့်ကို ရောက်ရင် မင်းတို့တစ်ယောက်ချင်းစီကို သိုလှောင်လက်စွပ်တစ်ကွင်းစီ လက်ဆောင်ပေးမယ်။"
"ကျေးဇူးအများကြီးတင်ပါတယ် သူဌေး…။"
ကျင်းရှီအဖွဲ့မှ လူ၁၀ယောက်သည် အံ့အားသင့်သွားဟန် ရှိပြီး လက်သီးဆုပ် အရိုအသေပေးကာ တစ်ချိန်တည်းမှာပင် သူ့ကို ကျေးဇူးတင်စကား ဆိုကြသည်။
ထန်ရှု၏မျက်နှာပေါ်ရှိ အပြုံးသည် ပိုမိုသိပ်သည်းလာခဲ့သည်။ သိုလှောင်လက်စွပ်များ ထုတ်လုပ်ရာတွင် ရှားပါးပြီး ရှာရခက်သော ဗလာအက်ကွဲကျောက်ကဲ့သို့သော အဖိုးတန်ပစ္စည်းများ များစွာ လိုအပ်ပေသည်။ သို့သော် ထာဝရခန်းမသည် မကြာသေးမီက အဖိုးတန်သတ္တုရိုင်းများကို အမြောက်အမြားဝယ်ယူခဲ့ရာ ဂူရှောင်ရွှဲ့ ပေးပို့လာသောစာရင်းမှ ထိုအထဲတွင် လက်သီးဆုပ်အရွယ် ဗလာအက်ကွဲကျောက် တစ်ဒါဇင် ပါရှိကြောင်း သိခဲ့ရသည်။
လက်ရှိအချိန်သည် သူ့လူများ၏နှလုံးသားကို သိမ်းသွင်းရန် ကောင်းမွန်သော အချိန်နှင့် အခွင့်အရေး ဖြစ်သောကြောင့် သူ အချည်းနှီး မဖြစ်ချင်ပေ။
ထို့နောက် ထန်ရှုသည် ရှဲ့ကျီချန် ယူသွားမည့် ခရီးဆောင်သေတ္တာအားလုံးကို သူ၏လက်စွပ်အတွင်း သိမ်းဆည်းခဲ့သည်။ မိုအားဝူသည် မြေအောက်အခြေစိုက်စခန်းရှိ ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ တားမြစ်ပစ္စည်းများအားလုံးကို သူ၏လက်စွပ်အတွင်း စုစည်းသိမ်းဆည်းပြီးသောအခါ သူတို့အဖွဲ့သည် ကိုယ်ယောင်ဖျောက်အဆောင်များကို တပ်ဆင်လိုက်ကြပြီးနောက် တိတ်တဆိတ် ထွက်ခွာလာခဲ့ကြသည်။
အစောပိုင်းက သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့သော်လည်း အခင်းဖြစ်ပွားရာ နေရာသည် မြေအောက်မီတာများစွာ အနက်တွင် ရှိသောကြောင့် အပြင်ဘက်မှ ထိုဆူညံသံများကို မကြားနိုင်ပေ။ ထို့ကြောင့် ရက်စက်ပြင်းထန်စွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ဖြစ်ပွားခဲ့သည်ကို ပြင်ပလူများ မသိခဲ့ကြချေ။ သို့သော်လည်း ဆာ့ဖ်ကားခြောက်စီး၏ပေါက်ကွဲမှုသည် နိုင်ငံတော် ထောက်လှမ်းရေးအေဂျင်စီမှ တစ်စုံတစ်ဦးကဲ့သို့သော အနီးနားရှိ လူအချို့၏အာရုံကို နှိုးဆွခဲ့သည်။
ချန်းပင် …
သူသည် နိုင်ငံရပ်ခြားတွင် သူ၏မစ်ရှင်များကို အကြိမ်ကြိမ် ပြီးမြောက်အောင်မြင်ခဲ့သော ထောက်လှမ်းရေးကွန်ရက်၏ပထမတန်းစား ထိပ်တန်းစစ်သားတစ်ဦးဖြစ်သည်။ ရှန်ဟိုင်းတွင် လူသတ်မှုများ ဖြစ်ပွားသောကြောင့် သိပ်မကြာခင်မှာပင် သူ့အား ပြည်မကြီးဆီသို့ ပြန်ပို့ခဲ့ကြသည်။ သူ၏စုံစမ်းစစ်ဆေးမှုအပြီးတွင် ဉာဏ်အလင်းဇီဝဗေဒသုတေသနအသင်း၏ လက်အောက်ခံကုမ္ပဏီဖြစ်သော ကန်ရှဆေးဝါးလုပ်ငန်းသည် အလွန်သံသယဖြစ်ဖွယ် ကောင်းပြီး နိုင်ငံခြားက နိုင်ငံပိုင်စီးပွားရေးကုမ္ပဏီ၏ တာဝန်ခံ တတိယလူ၏ ပုန်းအောင်းရာနေရာ ဖြစ်နိုင်သည်ဟု ဆုံးဖြတ်ခဲ့သည်။
"ကြွက်လို့ခေါ်တဲ့ ငတိနဲ့ အဆက်အသွယ် ရလား။" ကန်ရှဆေးဝါးလုပ်ငန်းတံခါးပေါက်မှာ ရပ်နေသော ချန်းပင်က သာမာန်လုံခြုံရေး အစောင့်လေးယောက်၏ မျက်လုံးများကို ကြည့်လိုက်ရင်း သူ၏လူတစ်ယောက်ကို မေးလိုက်သည်။
“ဟင့်အင်း … ငါတို့ သူ့ကို မတွေ့ဘူး။ သူက ဒီလောကထဲကနေ အငွေ့ပျံပြီး ပျောက်သွားသလိုပဲ။ သူ့ကို လုံးဝ ရှာမတွေ့တော့ဘူး။”
“သူ့ကို ဆက်ရှာပါ။ မင်း သူနဲ့အဆက်အသွယ်ရအောင် သေချာလုပ်ပါ။"
ထိုအမိန့်ပေးပြီး ချန်းပင်သည် လမ်းဘေးတွင် ရပ်ထားသော ကားဆီသို့ လှည့်ကြည့်လိုက်သည်။ ကန်ရှဆေးဝါးလုပ်ငန်း၏အဆောက်အအုံအတွင်း ဖြစ်ပျက်ခဲ့သည်များနှင့် မည်သည့်အတွက်ကြောင့် အချိန်တိုအတွင်း မီးလောင်မှု ဖြစ်ပွားခဲ့သည်ကို မသိသော်လည်း စုံစမ်းစစ်ဆေးမှုကို ရပ်တန့်ရန် မရည်ရွယ်ထားပေ။ သို့သော် အချိန်သည် မနက်လေးနာရီထိုးပြီ ဖြစ်ပြီး ကုမ္ပဏီအတွင်းရှိ လုံခြုံရေးအစောင့်များ သတိအထားဆုံးအချိန်ဖြစ်သည်။
အရုဏ်တက်ပြီးနောက်တွင် ထိုလုံခြုံရေးအစောင့်များက ဆေးဝါးလုပ်ငန်းအတွင်းသို့ မည်သူမှ ခိုးဝင်တော့မည်မဟုတ်ဟု ထင်မြင်နိုင်စေရန် စောင့်ဆိုင်းရုံသာ ရှိတော့ပေသည်။ သို့မှသာ အထဲသို့ ခိုးဝင်ပြီး စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် အကောင်းဆုံးအချိန် ဖြစ်ပေလိမ့်မည်။
****
ကြယ်ပြာအိမ်ရာ…
ထန်ရှု အိမ်ပြန်ရောက်သည်နှင့် ကြွက်ဆီက ဖုန်းဝင်လာသည်။ သူ၏တင်ပြချက်များကို နားထောင်ပြီးနောက် ထန်ရှုသည် တခဏမျှ နှုတ်ဆိတ်သွားပြီး
"တစ်ဖက်လူရဲ့အကြောင်းကို မင်း ရှာနိုင်ပြီလား။"
ကြွက်က ပြန်ဖြေလာသည်။
“လက်ရှိအချိန်မှာ အဲ့ဒါအတွက် အဖြေမရသေးဘူး။ ဒါပေမယ့် သူက နိုင်ငံတော် ထောက်လှမ်းရေး အေဂျင်စီအဖွဲ့ဝင်တစ်ဦးလို့တော့ ငါ သံသယရှိတယ်။ မနေ့ညက ကန်ရှဆေးဝါးလုပ်ငန်းအနီးတစ်ဝိုက်မှာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ခဲ့ပြီး အဲ့ဒီအတွက် အစိုးရိမ်ဆုံးလူတွေက သူတို့ပဲဖြစ်လိမ့်မယ်။ တိုက်ပွဲထဲ ပါဝင်ခဲ့တဲ့ ချပ်ဝတ်တန်ဆာ ကိုယ်လုံးပြည့် ဝတ်ဆင်ထားတဲ့ လူနှစ်ဦးက စစ်တပ်အထူးတပ်ဖွဲ့ဝင် အချို့ကို ပြင်းထန်စွာ ဒဏ်ရာရရှိစေခဲ့တာမို့လေ။”
"မိုးလင်းတဲ့အထိ အချိန်ဆွဲပြီးမှ သူတို့ကို ဆက်သွယ်ပါ။"
ထန်ရှုက ဖြည်းညှင်းစွာ ပြောလိုက်သည်။
"သူတို့က မင်းဆီက သတင်းတွေ ဝယ်ချင်ရင် ရှဲ့ကျီချန်က အထူးလမ်းကြောင်းတချို့ကနေ နိုင်ငံခြားကို ထွက်ပြေးလွတ်မြောက်သွားပြီလို့ သူတို့ကို တိုက်ရိုက်သာ ပြောလိုက်။ မင်း စုံစမ်းလို့ သိပ်မရကြောင်းလည်း ပြောဦး။ နောက်ပြီး ဥရောပက နိုင်ငံပိုင်စီးပွားရေး ကုမ္ပဏီရဲ့ လူတွေလည်း ထွက်ခွာသွားပြီး ကန်ရှဆေးဝါးလုပ်ငန်းအတွင်းက လူသေအလောင်းတွေကို လူတချို့က မနေ့ညက မီးရှို့ခဲ့ကြောင်း သူတို့ကို ပြောပါ။ အဲ့ဒီအလောင်းတွေရဲ့ အသေးစိတ်ကို သူတို့ကို ပြောပြဖို့ မလိုဘူး။ သူတို့အားလုံးက နိုင်ငံခြားသားတွေလို့ ပြောရုံလောက်ပဲ။”
"ငါ နားလည်တယ်။ ဒါပေမယ့် …”
ကြွက်က ပြန်ဖြေပြီး သူ့အသံမှာ တုံ့ဆိုင်းနေသည်။
“ပြောစရာကို တိုက်ရိုက်ပြောပါ။ ရေရွတ်တာ၊ ညည်းညူတာကို ငါ မကြိုက်ဘူး။” ထန်ရှုက ဆိုသည်။
“စစ်တပ်ကို အချက်အလက်တွေ အရင်က ငါ ရောင်းပြီးပြီ သူဌေး။ သူဌေးပြောတဲ့အတိုင်း သူတို့ဆီကို ငါ အချက်အလက်တွေ ရောင်းရင် … အဲ့ဒါက သူတို့ကို သတိရှိသွားစေမှာ ငါ ကြောက်တယ်။ ဒီကိစ္စပြီးသွားရင် သူတို့က ငါ့ကို စောင့်ကြည့်စာရင်းထဲ ထည့်သွားမှာကို စိုးရတယ်။”ကြွက်က အလျင်စလို ပြောလိုက်သည်။
"ဒီည မင်းကို ရှန်ဟိုင်းကနေ ခေါ်ထုတ်ဖို့ လူတချို့ကို ငါ လွှတ်လိုက်မယ်။" ထန်ရှုက ပြောသည်။
ငါတို့က ပတ်ဝန်းကျင်မြို့တွေရဲ့ ထောက်လှမ်းရေးကွန်ရက်ကို ထူထောင်ဖို့ လိုနေသေးတာဆိုတော့ မင်း အခြားမြို့ကို မပြောင်းရွှေ့ခင် ချန်ရှီမှာ နှစ်ရက်လောက်တော့ နေရမယ်။ မင်းကို ကာကွယ်ပေးဖို့ ကျွမ်းကျင်သူ နှစ်ယောက်ကို ငါ တာဝန်ပေးပြီး ရုပ်ဖျက်တဲ့ နည်းပညာအချို့ကိုလည်း မင်းကို မျှဝေပေးထားမယ်။" ထန်ရှုက ပြောလိုက်သည်။
“ကျေးဇူးအများကြီးတင်ပါတယ် သူဌေး…။” ကြွက်က လျင်မြန်စွာ ဆိုလိုက်သည်။
ထန်ရှုက ဖုန်းချလိုက်ပြီး မိုအားဝူကို စာကြည့်ခန်းဆီ ခေါ်သွားသည်။ လက်စွပ်တွင်းမှ လက်ဆွဲသေတ္တာကြီးနှင့် လက်ဆွဲသေတ္တာငယ် စုစုပေါင်း၆လုံးကို ယူပြီးနောက် လက်ဆွဲသေတ္တာငယ်ကို ဦးစွာ ဖွင့်လိုက်သည်။ နက်နဲသော ဘလောက်တုံးအတွင်း အစိမ်းရောင်ပုလင်း ခြောက်ပုလင်းအား ရေမြှုပ်များဖြင့် ဖုံးအုပ်ထားသည်။
"ဒါက မျိုးရိုးဗီဇမြူလား သူဌေး…"
မိုအားဝူသည် ပုလင်းကို ကောက်ယူပြီး အကြိမ်ကြိမ် စူးစမ်းလေ့လာပြီးနောက် မေးလိုက်သည်။
"ဒါဖြစ်လိမ့်မယ်။ နို့မဟုတ်ရင် အရမ်းသတိကြီးပြီး ကိုယ်နဲ့မကွာ ယူလာမှာ မဟုတ်ဘူး။" ထန်ရှုက ကောက်ချက်ချလိုက်သည်။
“ဒီမျိုးဗီဇမြူကို သုံးခြင်းရဲ့ဘေးထွက်ဆိုးကျိုး ရှိ၊ မရှိ မသိရသေးဘူး။ ဆိုတော့ ငါ စမ်းသပ်မှုတစ်ခုတော့ လုပ်ရမယ်။ ငါ ဒီကို ပြန်လာတဲ့လမ်းမှာ စမ်းသပ်ဖို့ သင့်တော်သူအချို့ကို စဉ်းစားနေတာ။"
"ဘယ်သူတွေနဲ့ စမ်းကြည့်မှာလဲ သူဌေး…"
မိုအားဝူက အံ့အားသင့်စွာ မေးလိုက်သည်။
“တချို့ပြည်နယ်အကျဉ်းထောင်တွေကနေ ကွပ်မျက်ခံရတော့မယ့် ကြိုးတိုက်အကျဉ်းသားတွေကို ရအောင်ရှာဖို့ နည်းလမ်းရှာမယ်။ ဘာပဲဖြစ်ဖြစ် သူတို့က သေရတော့မှာပဲ။ ဒါကြောင့် သူတို့ကို စမ်းသပ်ဖို့ သင့်တော်တယ်။" ထန်ရှုက ဆိုသည်။
မိုအားဝူ၏အမူအရာသည် အတွေးတစ်ခုနှင့် ရုတ်တရက် လင်းလက်သွားပုံရပြီး လေးနက်သော အမူအရာဖြင့် ချေပပြောဆိုလာသည်။
“ငါတို့နိုင်ငံရဲ့အကျဉ်းထောင်တွေက နိုင်ငံခြားက အကျဉ်းထောင်တွေနဲ့ အနည်းငယ် ကွဲပြားတယ်။ စီမံခန့်ခွဲမှုစနစ်ကြောင့်ပဲဆိုဆို၊ အတွင်းဝန်ထမ်းတွေရဲ့ သဘောထားကြောင့်ပဲဆိုဆို ကြိုးတိုက်အကျဉ်းသားတွေကို အပြင်ကို ခေါ်ဆောင်ဖို့ဆိုတာ အတော်ခက်လိမ့်မယ်။ ငါ သေချာတဲ့ နိုင်ငံတခုကို ခရီးထွက်ရင်ရော ဘယ်လိုလဲ။ ကမ်းလှမ်းဖို့ ပိုက်ဆံအလုံအလောက်ရှိသရွေ့ အကျဉ်းသားတွေ အများကြီးဝယ်လို့ရတယ်။”
ထန်ရှုသည် မိုအားဝူ၏စိတ်ကူးကို သေချာစဉ်းစားပြီး အဓိပ္ပါယ်ရှိသည်ဟု ခံစားမိသည်။ အထူးသဖြင့် တရုတ်နိုင်ငံတွင် အစိုးရနှင့်ပတ်သက်ပြီး ဒုက္ခများရမည့်ကိစ္စများကို သူ မလုပ်ချင်ပေ။ နိုင်ငံခြား အကျဉ်းထောင်တချို့က ကြိုးတိုက်အကျဉ်းသားတချို့ကို ပိုက်ဆံသုံးပြီး ရနိုင်ပါက ပိုကောင်းပြီး ဖြစ်နိုင်ချေ ပိုများလိမ့်မည်။
"ဘယ်နိုင်ငံရဲ့အကျဉ်းထောင်တွေက အစီအစဉ်နဲ့ ပိုသင့်တော်တယ်လို့ ထင်လဲ အားဝူ။"
"သူဌေးရဲ့စမ်းသပ်မှုရဲ့ တကယ့်ရည်ရွယ်ချက်က ဘာများလဲ။" မိုအားဝူက ပြန်မေးသည်။
“ငါဆိုလိုတာက မျိုးရိုးဗီဇမြူကို စမ်းသပ်ပြီးတာနဲ့ ဘေးထွက်ဆိုးကျိုးမရှိရင် သူဌေး စမ်းသပ်လိုက်တဲ့ လူတွေရဲ့ ခွန်အားကို သိသိသာသာ မြှင့်တက်လာမှာ သေချာတယ်။ အဲ့ဒါတွေကို ဘယ်လို ကိုင်တွယ်မလဲ။ အကယ်လို့ သူဌေးက သူတို့ကို တန်းသတ်ဖို့ ရည်ရွယ်ထားရင် နှစ်စဉ်နှစ်တိုင်း သေဆုံးနေတဲ့၊ အကျဉ်းသားအရေအတွက် အများအပြားရှိတဲ့ ကမ္ဘာပေါ်တွင် လူမဆန်ဆုံး အကျဉ်းထောင် ဆယ်ခုလိုမျိုး ရွေးချယ်မှုများစွာ ရှိတယ်။ ဒါပေမယ့် သူဌေးက မသတ်ချင်ဘူး … အသုံးချမယ်ဆိုရင်တောင် ငါတို့က သူတို့တွေကို သေချာစိစစ်ဖို့ လိုလိမ့်မယ်။”
ထန်ရှုက အားတင်းပြုံးပြီး ပြောလိုက်သည်။
"ငါ့ရန်သူတွေအပေါ် ရက်စက်ပြီး အညှာအတာ ကင်းတယ်ဆိုတာ ငါ ဝန်ခံပါတယ်။ ဒါပေမယ့် ငါ့ကို မစော်ကားဖူးတဲ့သူတွေအတွက်တော့ ဒီလိုလုပ်ဖို့ ခက်လိမ့်မယ်။ မျိုးရိုးဗီဇမြူမှာ ဘေးထွက်ဆိုးကျိုးသာ မရှိရင် ငါ့အတွက် အလုပ်လုပ်ပေးဖို့ အဲ့လိုလူတွေကို လက်ခံမယ့် အစီအစဉ်ရှိတယ်။”
မိုအားဝူက သေသေချာချာ တွေးတောလိုက်ပြီးမှ
"ဒီလိုဆိုရင် အဲ့ဒါအတွက် သင့်တော်တဲ့ ထောင်တစ်ခု ရှိတယ်။ အစ္စရေးအကျဉ်းစခန်းအမှတ် ၁၃၁၉။ အဲ့ဒီစခန်းက သေစေလောက်အောင် အန္တရာယ်ရှိတဲ့ အကျဉ်းသားတွေကို ထိန်းသိမ်းထားတဲ့ အကျဉ်းစခန်းဖြစ်ပြီး အဲ့ဒီနေရာတစ်ခုလုံးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေက တအားလျှို့ဝှက်တယ်။ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ လက်နက်ရောင်းဝယ်တဲ့သူကို လုပ်ကြံသတ်ဖြတ်ဖို့ အားဝမ်က အဲ့ဒီနေရာကို ရောက်ဖူးခဲ့တယ်။ အရင် ငါတို့ ရထားတဲ့ အတွင်းလူရဲ့အဆိုအရ အကျဉ်းစခန်းနံပါတ် ၁၃၁၉က အစ္စရေးရဲ့ အကျဉ်းထောင်ကြီးတစ်ခုပဲ ဆိုပေမယ့် ကမ္ဘာ့အရက်စက်ဆုံးနဲ့ သေလောက်အောင် အန္တရာယ်ရှိတဲ့ ပုဂ္ဂိုလ်တွေဆိုရင် အဲ့ဒီနေရာကို စေလွှတ်ဖို့ ကုလသမဂ္ဂနိုင်ငံပေါင်း ၁၆နိုင်ငံက ထိပ်တန်းလျှို့ဝှက်သဘောတူစာချုပ် လက်မှတ်ရေးထိုးထားတဲ့အကြောင်း လူနည်းစုပဲ သိတယ်။ အဲ့ဒီဆိုးသွမ်းတဲ့ပုဂ္ဂိုလ်တွေထဲက ၆၀ ရာခိုင်နှုန်းကျော်ကို တိတ်တဆိတ် စေလွှတ်ပြီး အဲ့ဒီနေရာမှာ ထိန်းသိမ်းထားတာ။”
"မင်းဆိုလိုတာက အဲ့ဒီနေရာမှာ အကျဉ်းကျခံနေရတဲ့ အကျဉ်းသားတွေ အကုန်လုံးက ကြောက်စရာ၊ ထိတ်လန့်စရာကောင်းတဲ့ ပုဂ္ဂိုလ်တွေကြီးပဲပေါ့။"
ထန်ရှု အံ့အားသင့်စွာ မေးလိုက်သည်။
“ဟုတ်တယ်။ သူတို့အားလုံးနီးပါးက သွေးစွန်းနေကြတဲ့သူတွေချည်းပဲ။” မိုအားဝူက ခေါင်းညိတ်လိုက်သည်။
“အကျဉ်းကျခံနေရတဲ့ အကျဉ်းသား ၈၀ရာခိုင်နှုန်းလောက်က အထဲမှာ သေကုန်လိမ့်မယ်။ ဒီအကျဉ်းထောင်မှာ ချုပ်နှောင်ခံထားရတဲ့ အကျဉ်းသားအရေအတွက်က မများပါဘူး၊ လွန်ခဲ့တဲ့ငါးနှစ်လောက်က လူ ၁၂၀၀ ကျော်လောက် ရှိတယ်။ ဒါပေမယ့် ဒီလူ ၁၂၀၀ အားလုံးကို ဘယ်နိုင်ငံမှာမဆို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ရင် တိုင်းပြည်ကမောက်ကမဖြစ်သွားမှာ ကျိန်းသေတယ်။
“လွန်ခဲ့တဲ့ ၁၁နှစ်က ဖျက်ဆီးခံခဲ့ရတဲ့ ကမ္ဘာ့ထိပ်တန်း ကြေးစားလုပ်ကြံသူအဖွဲ့အစည်းဖြစ်တဲ့ ညရဲ့စိတ်ဝိညာဉ်အမှောင်က ကြောက်မက်ဖွယ် အကောင်းဆုံး နံပါတ်တစ်တိုက်ခိုက်ရေးသမား ဝိညာဉ်ဆိုတဲ့သူကို အဲ့ဒီနေရာမှာ ထိန်းသိမ်းထားတယ်။ သူက ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ လူထောင်ပေါင်းများစွာရဲ့ဝိညာဉ်တွေကို သိမ်းပိုက်ခဲ့လို့ အဲ့ဒီအချိန်တုန်းက ထိတ်လန့်ကြောက်ရွံ့စွာ ပြောဆိုကြတဲ့ စကားဝိုင်းတွေမှာဆိုရင် အဓိက ကြောက်ဖို့ကောင်းတဲ့ ဇာတ်ကောင်တစ်ဦးပဲ။”
ထန်ရှု မျက်မှောင်ကြုပ်သွားပြီး
"သူ ဒီလောက် စွမ်းအားကြီးနေရင် ဘာလို့ မလွတ်မြောက်ရတာလဲ။"
“အကျဉ်းစခန်းအမှတ် ၁၃၁၉ က အဝင်အထွက်လွယ်တဲ့ နေရာမဟုတ်ဘူး။” မိုအားဝူက အားတင်းပြုံးကာ ဆက်ရှင်းပြသည်။
“ငါ၊ အားဝမ်နဲ့ ထာဝရခန်းမရဲ့တခြားကျွမ်းကျင်သူ ခြောက်ယောက် အဲ့ဒီကို သွားတုန်းက ငါတို့ရဲ့ရှိသမျှ လှည့်ကွက်တွေ အကုန်ကုန်သွားပြီး နောက်ဆုံးကျမှ အားဝမ်က အထဲကို ခိုးဝင်သွားနိုင်ခဲ့တယ်။ သူ အပြင်ပြန်ထွက်လာဖို့ကျတော့ အတွင်းမှာရှိတဲ့ လူတချိုနဲ့ပူးပေါင်းပြီး ဈေးပေးချေပြီးတာတောင် ငါတို့ထဲကတစ်ယောက် အသက်ပေးလိုက်ရပြီး ကျန်တဲ့ငါးယောက်က ဒဏ်ရာအပြင်းအထန် ရခဲ့သေးတယ်။”
ရှူး … ထန်ရှု ပင့်သက်မရှိုက်ဘဲ မနေနိုင်တော့ပေ။ သူသည် မိုအားဝူနှင့် မိုအားဝမ်တို့ညီအစ်ကို၏ ခွန်အားအကြောင်း ကောင်းစွာသိသည်။ သူတို့သည် ကျင့်ကြံသူများမဖြစ်မီကပင် လွန်စွာကြောက်စရာ ကောင်းနေပြီဖြစ်သည်။ သို့တိုင် အဆိုပါ အကျဉ်းစခန်းတွင် ၎င်းတို့၏ပစ်မှတ်ကို လုပ်ကြံရန်အတွက် ဤမျှကြီးမားသော တန်ဖိုးကို ပေးရလိမ့်မည်ဟု သူ ဘယ်သောအခါမှ မထင်ခဲ့မိပေ။
ထန်ရှု စီးကရက်တစ်လိပ်ကို မီးညှိလိုက်သည်။ တစ်ဝက်တစ်ပျက် ဖွာရှိုက်ပြီးနောက် သူအစိုးရိမ်ဆုံး ပြဿနာကို မေးလိုက်သည်။
“ဒီထောင်က ဒီလောက်တောင် ကြောက်စရာ ကောင်းနေတာ။ သူ့ကို ဒီထောင်က လွတ်ဖို့ဆိုတာ တကယ်မလွယ်ဘူးမဟုတ်လား။”
“လူတစ်ယောက်မှာ ပိုက်ဆံရှိနေသရွေ့ နတ်ဆိုးတွေကို ကြိတ်ဆုံကျောက်ကို တွန်းထုတ်ဖို့ ခိုင်းစေနိုင်တယ်။ ငွေကြေးတတ်နိုင်ရင် ပြဿနာဆိုတာ မရှိတော့ဘူး။” မိုအားဝူက ပြောသည်။
"ဝိညာဉ်ဆိုတဲ့သူ ဒီထောင်က ထွက်ဖို့ ဘယ်လောက် ပေးရမယ်ထင်လဲ။" ထန်ရှုက မေးလိုက်သည်။
“ဂဏန်းကိုးလုံးလောက် မပြင်ဆင်ထားရင် တော်တော် ခက်လိမ့်မယ်။ ပြီးတော့ ငါ ပြောနေတာက အမေရိကန်ဒေါ်လာ။”မိုအားဝူက အားတင်းပြုံးကာ ပြောလိုက်သည်။
ထန်ရှု၏မျက်လုံးများ ပြူးကျယ်သွားကြပြီး
“အနည်းဆုံး အမေရိကန်ဒေါ်လာ မီလီယံ၁၀၀လား။”
“ဟုတ်တယ်။” မိုအားဝူက ခေါင်းညိတ်လိုက်သည်။ “ဝိညာဉ်ကို ထောင်ထဲ ဝင်ပြီး လက်စားချေ သတ်ပေးဖို့ ဒေါ်လာ၁၀၀မီလီယံ ပေးချေဖို့ ဆန္ဒရှိတဲ့ ပုဂ္ဂိုလ်ရေးရန်သူ ရှိတယ်ဆိုတဲ့သတင်းကို ငါ ကြားဖူးတယ်။ အဆုံးမှာတော့ အဲ့ဒီလူက လက်စားချေဖို့ ကျ ရှုံးခဲ့ရုံတင်မကဘူး သူ့ကိုယ်သူပါ အဲ့ဒီမှာ မြှုပ်နှံခဲ့ရတယ်။”
"အာ … ဆိုလိုတာက ဝိညာဉ်က ထောင်ထဲမှာ အဲ့ဒီကောင်ကို သတ်လိုက်တာလား။” ထန်ရှုက မေးလိုက်သည်။
“ဟုတ်တယ်။” မိုအားဝူက ခေါင်းညိတ်လိုက်သည်။
"အဲ့ဒါ စိတ်ဝင်စားစရာပဲ။" ထန်ရှု ပြုံးလိုက်သည်။ “အဲ့ဒီဝိညာဉ်လို့အမည်ရတဲ့ကောင်က ငါ့ကို စိတ်ဝင်စားအောင် ဆွဲဆောင်သွားပြီ။ ဘာပဲဖြစ်ဖြစ် အရင်စောင့်ရအောင်။ ငါ အခုတော့ မွဲနေတယ်။ သူ့ကို ထောင်က လွတ်အောင် လုပ်ဖို့ဆိုတာ အရူးတစ်ယောက်ရဲ့ အိပ်မက်ပဲ ဖြစ်လိမ့်မယ်။ ငါ့အတွက် အခုအရေးကြီးဆုံးက ပိုက်ဆံများများ ရှာဖို့ပဲ။”
ထို့နောက် ထန်ရှုသည် အခြားသေတ္တာများအား ဆက်လက်ဖွင့်ကြည့်ရာ သေတ္တာ၂လုံးသည် လက်ရာမြောက်ပြီး ခေတ်မီဆန်းသစ်သည့် ကိရိယာမျိုးစုံတပ်ဆင်ထားသော ချပ်ဝတ်တန်ဆာများ၊ အမျိုးအစားပေါင်း ဒါဇင်များစွာနှင့် အခြားသေတ္တာကြီးများသည် စာရွက်စာတမ်းမျိုးစုံအား အပြည့်ထည့်ထားသည်။
“စိတ်ဝင်စားစရာပဲ။ ဒီမျိုးရိုးဗီဇမြူတွေရဲ့ အချက်အလက်တွေအပြင် ကိုယ်လုံးပြည့် ချပ်ဝတ်တန်ဆာတွေရဲ့ အချက်အလက်တွေလည်း ရှိသေးတယ်။ ဒီတစ်ခါ ရိတ်သိမ်းရတာက မျိုးရိုးဗီဇမြူတွေချည်းတင် မကဘူးပဲ။”
***