← Chapters

သတင်းစကားများနှင့် စွမ်းဆောင်မှုကြား ကွဲလွဲမှု

Vol. 53 Ch. 740

သတင်းစကားများနှင့် စွမ်းဆောင်မှုကြား ကွဲလွဲမှု

Vol. 53 Ch. 740

ထန်ရှုသည် ထိုမျိုးရိုးဗီဇစစ်သည်များ ဝတ်ဆင်ထားသော ကိုယ်လုံးပြည့် ချပ်ဝတ်တန်ဆာတစ်စုံလုံးကို မြင်ဖူးထားသည်။ ထိုတစ်စုံလုံးတွင် အစိတ်အပိုင်းများစွာ ပါဝင်ပြီး ၎င်းတို့ကို တစ်စုံအဖြစ် ပေါင်းစပ်ထားသော်လည်း အချိုးအဆစ်များသည် အလွန်ကွေးလွယ်ဆန့်လွယ်ကာ တိုက်ပွဲအတွင်း လှုပ်ရှားမှုများ လျင်မြန်ပြီး ဝတ်ဆင်သူ၏စွမ်းအားကို တစ်ချိန်တည်းတွင် တိုးမြင့်လာစေသည်။

"အားဝူ … အဲ့ဒီမျိုးရိုးစစ်သည်တော်တွေဝတ်ထားတဲ့ ကိုယ်လုံးပြည့် ချပ်ဝတ်တန်ဆာတွေကို ချွတ်ပြီးပြီလား။"

ထန်ရှုက စာရွက်စာတမ်းများကို အိတ်ထဲ ပြန်ထည့်ပြီး မေးလိုက်သည်။

“အတော်လေး ပျက်စီးသွားတဲ့ ချပ်ဝတ်တန်ဆာ လေးစုံကလွဲလို့ ကျန်တဲ့၂၃ စုံကို ငါ့ရဲ့လက်စွပ်ထဲမှာ သိမ်းထားတယ်။” မိုအားဝူက ဖြေသည်။

ထိုစကားပြောရင်း သူ၏အတွေး လှုပ်ရှားသွားကာ ချပ်ဝတ်တန်ဆာအသစ်တစ်ခု သူ့လက်ထဲတွင် ပေါ်လာသည်။ ချပ်ဝတ်တန်ဆာကို သေသပ်စွာ ခေါက်ထားပြီး ဖောက်ထွင်းမြင်ရသော ဘူးအတွင်း လုံခြုံစွာ ထည့်ထားသည်။ သိသာထင်ရှားစွာပင် ဤချပ်ဝတ်တန်ဆာဝတ်စုံအား ထိုမျိုးရိုးဗီဇ စစ်သည်တော်များ ဝတ်ဆင်ထားခြင်း မရှိခဲ့ပေ။

“ဝတ်ကြည့်စမ်းပါ။”

ထန်ရှု၏အမူအရာ လှုပ်ရှားသွားပြီး ချက်ချင်း အမိန့်ပေးလိုက်သည်။

မိုအားဝူသည် ကိုယ်လုံးပြည့် ချပ်ဝတ်တန်ဆာ ဝတ်စုံကို လျင်မြန်စွာ ဝတ်ဆင်ပြီးနောက် လှုပ်ရှားရန် ကြိုးစားကြည့်၊ ခံစားကြည့်ရင်း

"ဒီချပ်ဝတ်တန်ဆာက တော်တော်လေးတယ် သူဌေး။ ၄၀ကီလိုဂရမ် ရှိလောက်တယ်။ သာမာန်လူတစ်ယောက်က ဒီပစ္စည်းတွေကို ဝတ်ထားရင် တခြားသူတွေကို တိုက်ခိုက်ဖို့နေသာသာ သူ့လှုပ်ရှားမှုတွေက အရမ်းနှေးကွေးနေလိမ့်မယ်။ အဲ့ဒီမျိုးရိုးဗီဇစစ်သည်တော်တွေကတော့ ခွန်အားတွေ တိုးလာတာမို့ အဲ့ဒါကို ဝတ်ဆင်ဖို့ အလွန်သင့်တော်ပါတယ်။ ဒါပေမယ့် ဒီကိုယ်ထည် ချပ်ဝတ်တန်ဆာက ငါတို့လို ကျင့်ကြံသူတွေအတွက် တန်ဖိုး နည်းနည်းပဲ ရှိလိမ့်မယ်။”

"ဒါဆို မင်း ဘာအကြံပေးချင်လဲ။ ဒီချပ်ဝတ်တန်ဆာကို ငါ ရောင်းရရင် ဝယ်မယ့်သူ ရှိနိုင်လား။”

"ပုဂ္ဂလိကတပ်တွေက အဲ့ဒီလိုပစ္စည်းတွေ မလိုဘူး။ စစ်တပ်ကို ရောင်းချတာက အကောင်းဆုံးပဲ။" မိုအားဝူက သေချာစွာ ပြောလိုက်သည်။

ထန်ရှုကတော့ အနည်းဆုံး အခုလောလောဆယ်တွင် စစ်တပ်နှင့် သိပ်မပတ်သက်ချင်ပေ။ သူ ခဏလောက် စဉ်းစားပြီးမှ ဖုန်းကိုထုတ်ပြီး ယွမ်ကျန်းရွှမ်ဆီ ဆက်လိုက်သည်။

"ဟယ်လို ထန်ရှု … အစောကြီး နိုးနေတာလား။" ယွမ်ကျန်းရွှမ်၏အသံသည် ဖုန်းထဲမှ ထွက်လာသည်။

"ကျွန်တော် အန်ကယ်ယွမ် အနားယူတာကို အနှောင့်အယှက်များ ဖြစ်သွားလားမသိဘူး။ ကျွန်တော် အကူအညီ တောင်းချင်တာတစ်ခု ရှိနေလို့။ ဒါကြောင့် ဖုန်းဆက်လိုက်တာပါ။" ထန်ရှု ရယ်ရယ်မောမော ပြောလိုက်သည်။

"ဘာများလဲကွ။" ယွမ်ကျန်းရွှမ်က မေးလိုက်သည်။

"ကျွန်တော့်မှာ စစ်သားတွေ ဝတ်ဆင်နိုင်တဲ့ ကိုယ်လုံးပြည့် ချပ်ဝတ်တန်ဆာဝတ်စုံ အပြည့်အစုံနဲ့ သူ့ရဲ့ သုတေသနနဲ့ ဖွံ့ဖြိုးရေးအချက်အလက်တွေ ရှိတယ်။ အန်ကယ်ယွမ်က အရင်တုန်းက စစ်တပ်နဲ့ အဆက်အဆံ လုပ်ဖူးတယ်ဆိုတော့ သူတို့ကို အဲ့ဒါတွေ ရောင်းပေးနိုင်မလား။"

"စစ်သားတွေအတွက် ချပ်ဝတ်တန်ဆာ ဝတ်စုံလား။" ယွမ်ကျန်းရွှမ်က အံ့သြတကြီး ပြောလိုက်သည်။

“ငါ သိရသလောက်တော့ စစ်တပ်က ဒီကိုယ်လုံးပြည့် ချပ်ဝတ်တန်ဆာအမျိုးအစားကို သုတေသန ပြုနေပေမယ့် တိုးတက်မှု သိပ်မရှိသေးဘူးလို့ ငါ ကြားတယ်။ မင်း ဘယ်က ရလဲလို့ ငါ မမေးတော့ဘူး။ ဘယ်လောက်နဲ့ရောင်းမှာလဲသာ ပြောလိုက်။”

"အထုပ်တစ်ထုပ်လုံးမှာ ပြီးပြည့်စုံတဲ့ ချပ်ဝတ်တန်ဆာဝတ်စုံနှစ်စုံ ပါတယ်။ သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအချက်အလက် အပြည့်အစုံလည်း ပါတယ် ... ကျွန်တော် အဲ့ဒါကို ၅၀၀မီလီယံနဲ့ ရောင်းမယ်ဗျာ။" ထန်ရှု ခဏတွေးတောပြီးနောက် ပြောလိုက်သည်။

"ဒါက အတော်မြင့်တဲ့ဈေးပဲ။" ယွမ်ကျန်းရွှမ်က ကြားဖြတ်ပြောလိုက်သည်။

“ဒါပေမယ့် ဒီချပ်ဝတ်တန်ဆာဝတ်စုံကို ငါ မမြင်ရသေးတော့ သူ့ရဲ့တိကျတဲ့တန်ဖိုးကို ငါ မခန့်မှန်းနိုင်သေးဘူး။ ဒါနဲ့ မင်းက အခုရှန်ဟိုင်းမှာလား။ ငါ အဲ့ဒီကို အမြန်လာခဲ့မယ်။ ငါတို့ ဆုံတဲ့အခါ ထပ်ဆွေးနွေးကြတာပေါ့။”

“ကောင်းပါပြီ။ ဒုက္ခပေးသလို ဖြစ်သွားတဲ့အတွက် အန်ကယ်ယွမ်ကို အားနာမိပါတယ်ဗျာ။"

ဖုန်းခေါ်ဆိုမှုပြီးဆုံးချိန်တွင် ထန်ရှုသည် မိုအားဝူထံမှ ချပ်ဝတ်တန်ဆာဝတ်စုံများကို ယူကာ စာရွက်စာတမ်းများနှင့်အတူ သူ၏လက်စွပ်အတွင်း သိမ်းဆည်းလိုက်ပြီး

“ကျင်းမန်ကျွန်းက ငါတို့ထာဝရခန်းမရဲ့ ထောက်ပံ့ပို့ဆောင်ရေးဝန်ထမ်းတွေဆီ ဆက်သွယ်ပြီး ကျင့်ကြံမှုအတွက် ဆေးလုံးဆယ့်တစ်လုံး ပို့ပေးဖို့ ပြောလိုက်။ ဒီည မင်းတို့လုပ်ခဲ့တဲ့ အလုပ်အတွက် မင်းတို့ရဲ့ ဆုကြေးပဲ။"

မိုအားဝူ၏မျက်လုံးများ တောက်ပလာပြီး ထန်ရှုအား ပြန်ဖြေကာ ထွက်ခွာသွားတော့သည်။

ထန်ရှုသည် မျိုးရိုးဗီဇမြူများကို သိမ်းဆည်းပြီးနောက် ရေမိုးချိုး အဝတ်အစားလဲလိုက်သည်။ မနက်ခင်းအချိန်သည် အရမ်းစောနေသေးသောကြောင့် နှစ်နာရီကြာ သူ ကျင့်ကြံလိုက်သေးသည်။ ထို့နောက် သူသည် ကားကို ယူကာ တွမ်ဆန်အိမ်ရာသို့ ကိုယ်တိုင်မောင်းလာသည်။ ရွှယ်ယု နေထိုင်ရာအိမ်ခန်းသို့ သူ ရောက်ရှိလာချိန်တွင် သင်းပျံ့သော ဆေးရနံ့က သူ့အား ကြိုဆိုနှုတ်ဆက်နေတော့သည်။

" ရှင် ဒီလောက် အစောကြီး ရောက်မှာမဟုတ်ဘူးလို့ ထင်နေတာ။ ဆေးဓာတ်စာက ကျက်ဖို့ တစ်နာရီကျော် လိုသေးတယ်။”

ရွှယ်ယုသည် ညအိပ်ဝတ်စုံ မဝတ်ဆင်ထားတော့ဘဲ အရောင်လွင်လွင်ဝတ်စုံအား ဝတ်ဆင်ထားသောကြောင့် သူမ၏ကိုယ်ပိုင်တည်ရှိမှုသည် အိမ်ခန်းအား လှပနေစေသည်။

ထန်ရှုက သူ၏ကုတ်အင်္ကျီကို ချွတ်လိုက်ပြီး ခေါင်းညိတ်ပြကာ

"ဒါဆို ငါတို့ ဒီမှာပဲ ခဏစောင့်ရအောင်။ ငါ အခုထိ မနက်စာ မစားရသေးဘူး။ စကားမစပ် ငါ မင်းကို မေးချင်တာ တစ်ခုရှိလို့။ မင်း အဲ့ဒီကြယ်ခြောက်ပွင့် အစီအရင်ရဲ့မူလဇစ်မြစ်ကို သိလား။"

ရွှယ်ယု ခဏလောက် စဉ်းစားပြီး ဖြည်းဖြည်းချင်း ပြန်ပြောပြသည်။

"ရှေးဟောင်းကျမ်းဂန်တွေမှာ ရေးထားတဲ့ မှတ်တမ်းတွေက မှန်လားဆိုတာ ကျွန်မ မသိပေမယ့် အဲ့ဒီကြယ်ခြောက်ပွင့်အစီအရင်က ဆော်လမွန်ကျွန်းကနေ ဆင်းသက်လာတယ်ဆိုတာ ကျွန်မ မှတ်တမ်းများစွာနဲ့ စစ်ဆေးပြီး အတည်ပြုထားတယ်။ ဒါပေမယ့် အဲ့ဒါတွေကို စစ်ဆေးကြည့်လိုက်တော့ စိတ်ဝင်စားစရာကောင်းတဲ့ အချက်အလက်ကို ကျွန်မ တွေ့ခဲ့တယ်။ သူ့လက်အောက်ငယ်သားတွေကို ဖိနှိပ်ချုပ်ချယ်ဖို့ ဒီကြယ်ခြောက်ပွင့်အစီအရင်က အကျဉ်းသား လှောင်အိမ်လိုမျိုး နတ်ဆိုးနတ်ဘုရားတစ်ယောက် အသုံးပြုတဲ့ နည်းလမ်းတစ်ခု ဖြစ်တယ်လို့ ကောလဟာလတွေ ရှိနေတယ်။”

အကျဉ်းသားလှောင်အိမ်လား။

ထန်ရှုတစ်ယောက် အချိန်အတော်ကြာ အတွေးပျောက်နေပြီးမှ ခေါင်းယမ်းလိုက်သည်။ သည်ကောလဟာလက ကျိုးကြောင်းဆီလျော်မှု မရှိသလို ယုံကြည်လို့မရဘူးဟု သူ ထင်သည်။ ကြယ်ခြောက်ပွင့်အစီအရင်သည် သမားရိုးကျ အစီအရင်များနှင့် လွန်စွာ ကွာခြားပြီး နက်ရှိုင်းသော ဆန်းကြယ်မှုများ ပါရှိသည်။ အခြားကျင့်ကြံနည်းစနစ်များဖြင့် ကျင့်ကြံသူများ ဖန်ဆင်းသည်ဟု ဆိုပါက ထိုကောလာဟလကို သူ ယုံနိုင်သော်လည်း ၎င်း၏လက်အောက်ငယ်သားများကို ဖိနှိပ်ရန် နတ်ဆိုးနတ်ဘုရားက ပြုလုပ်ထားသည့် အကျဉ်းလှောင်အိမ်တစ်ခုဟု ဆိုခြင်းသည် ရယ်စရာကောင်းပြီး မဆီမဆိုင်သောအရာ ဖြစ်နေသည်။

သည်ကြယ်ခြောက်ပွင့်အစီအရင်ကို မည်သူက ဖန်တီးခဲ့သည်ဖြစ်ပါစေ ထိုအရာ၏အစွမ်းက အတော် ကြောက်စရာကောင်းပေသည်။ အင်မော်တယ်ကမ္ဘာတွင် အထွတ်အထိပ်ဖြစ်ခဲ့ဖူးသော ထန်ရှုသည်ပင်လျှင် ထိုသူ၏ပြိုင်ဘက်မဖြစ်နိုင်ချေ။ ကမ်းဇတ်၏လုံကွမ်ပင်လယ်လှိုဏ်ဂူတွင် ကြယ်ခြောက်ပွင့်အစီအရင်ကို တပ်ဆင်ခဲ့သူသည် အလွန်ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားရှိသူ ဖြစ်မည်မှာ သေချာသည်။

ထန်ရှုသည် ကမ်းဇတ်သို့ ရုတ်တရတ် ပြန်သွားလိုသော်လည်း မဝေးတော့သောအနာဂတ်တွင် သူကိုင်တွယ်ဖြေရှင်းရမည့်အရာများစွာရှိသောကြောင့် သူ၏စိတ်ကို ထိန်းချုပ်ထားလိုက်သည်။ ဤပြဿနာများကို ကိုင်တွယ်ပြီးမှသာ ထိုနေရာသို့ သွားနိုင်မည်ဖြစ်သည်။ သူသည် မျှော်လင့်မထားသော ရလဒ်အချို့ကို ထုတ်ပေးနိုင်ပြီး ကြယ်ခြောက်ပွင့် အစီအရင်၏အရှေ့တွင် ရပ်ကာ ဆန်းကြယ်နက်ရှိုင်းသော အရာများကို ဖြိုခွဲနိုင်ပေလိမ့်မည်။

အချိန် တရွေ့ရွေ့ ကုန်လွန်လာခဲ့သည်။

ဆေးဓာတ်စာအား စားပွဲပေါ်တွင် တည်ခင်းပြီး ရွှယ်ယုသည် ထန်ရှု မနက်စာ စားပြီးသည့်အထိ အဖော်လုပ်ပေးခဲ့သည်။ ပန်းကန်များ ဆေးပြီးနောက် သူတို့အပြင်မထွက်ခင်တွင် သူမက ရုတ်တရက် စကားဆိုလာသည်။

"ထန်ရှု … နောက်နှစ်ရက်လောက်နေရင် ကျွန်မ မြောင်ဒေသကို ပြန်မလို့။"

"ဟိုမှာ ဘာလုပ်မှာလဲ။" ထန်ရှုက မေးလိုက်သည်။

"ပထမဆုံး ကျွန်မက ရှင့်ရဲ့အမျိုးသမီး ဖြစ်နေပြီဆိုတာ မိဘတွေကို ပြောရမယ်။ ကျွန်မရဲ့နာမည်ကို မိသားစုသစ်ပင်ကနေ ဖျက်ပြီး ကျွန်မရဲ့နေထိုင်မှုစာရင်းကို ရှင့်ရဲ့အိမ်ထောင်စုစာရင်းထဲကို ရွှေ့လိုက်မယ်။ နောက်ပြီး အဖိုးတန်ဆေးပင်တွေရှာဖို့ မြောင်ဒေသမှာလည်း အမြန်လိုက်လံရှာဖွေရမယ်။”

"ဘာကြီး…"

ရွှယ်ယုသည် သူမ၏နေထိုင်မှုစာရင်းကို သူ့ထံသို့ ပြောင်းရွှေ့ရန် အမှန်တကယ် ဆုံးဖြတ်ချက် ချလိမ့်မည်ဟု ထန်ရှု အနည်းငယ်မျှပင် မမျှော်လင့်ခဲ့ပေ။ သူမ ဒါကို ဘယ်လို စီစဉ်လိမ့်မလဲ။ သူမ၏နေထိုင်မှုစာရင်းကို သူ၏အိမ်ထောင်စုစာရင်းအဖြစ် စာရင်းသွင်းရန်ပင် ဖြစ်နိုင်ပါသလား။

"အဲ့ဒါက အတော်ဒုက္ခများတယ်မဟုတ်လား။" ထန်ရှုက အနည်းငယ် ချီတုံချတုံဖြစ်စွာ မေးလိုက်သည်။

ရွှယ်ယုက ခေါင်းခါလိုက်ပြီး

“ဒါက ကျွန်မ လုပ်ကိုလုပ်ရမယ့် ဘိုးဘေးရဲ့အမိန့်ပဲ။ နို့မဟုတ်ရင် ကျွန်မရဲ့လူက ကျွန်မကို အမှိုက်လိုပဲ သဘောထားတယ်ဆိုပြီး ကျွန်မရဲ့မျိုးနွယ်စုတွေက ကျွန်မကို ဟားတိုက်နေကြလိမ့်မယ်။ စိတ်ချပါ။ ကျွန်မရဲ့နေထိုင်မှုစာရင်းကို ရှင့်ရဲ့အိမ်ထောင်စုစာရင်းဆီ ပြောင်းရွှေ့တာအတွက် ရှင် ဘာမှ အလုပ်မရှုပ်ပါဘူး။ ကျွန်မရဲ့သူငယ်ချင်းတစ်ယောက်ကို အကူအညီ တောင်းထားတယ်။ ကြယ်တာရာမှာ အိမ်တစ်လုံး ကျွန်မ ဝယ်ထားပြီးသားလေ။ သူငယ်ချင်းက အဲဒီ့မှာ အာဏာ နည်းနည်းရှိတယ်။ ဒါကြောင့် နေထိုင်မှုစာရင်း ရွှေ့ရတာ လွယ်လိမ့်မယ်။"

ထန်ရှု သဘောပေါက်သွားပြီး

“မင်းရဲ့နေထိုင်မှုစာရင်း ပြောင်းရွှေ့တာ ကူညီဖို့ တစ်ယောက်ယောက်ကို ငါ လွှတ်ပေးမယ်။ မင်းရဲ့သူငယ်ချင်းကို ဒုက္ခပေးစရာ မလိုဘူး။ မြောင်ဒေသမှာ ဆေးဖက်ဝင်အပင်တွေရှာဖို့က အဲ့ဒီမှာ အများကြီး ပေါက်လို့လား။”

"မြောင်ဒေသက မြေတွေမှာ ဆေးဖက်ဝင်ပစ္စည်းတွေ တအားပေါတယ်။ တချို့နေရာတွေဆို လူအရောက်အပေါက် နည်းတယ်။ အဲ့ဒီနေရာတွေက မြေအနေအထားအရဆိုရင် အရမ်းအန္တရာယ်များတဲ့ နေရာတွေမှာ တည်ရှိပေမယ့် အဖိုးတန်ဆေးပင်တွေ အများကြီး ပေါက်တယ်။ အရင်တုန်းကတော့ ကျွန်မတို့မြောင်လူမျိုးတွေဟာ ဆေးပင်ခူးဖို့ စိတ်ချရတဲ့ နေရာတချို့ကို ခရီးသွားကြမယ်ဆိုရင် နှစ်တိုင်း ဆေးပင်ဆေးဝါးကျွမ်းကျင်သူတွေ စုဝေးလေ့ရှိတယ်။”

ထန်ရှု ခဏလောက်စဉ်းစားပြီး

"မင်း မသွားခင် ငါ့ဆီ ဖုန်းဆက်ပါ။ မင်းကို အဖော်လုပ်ပေးဖို့ ကျွမ်းကျင်သူနှစ်ယောက်ကို ငါ ထည့်ပေးမယ်။"

ရွှယ်ယုတစ်ယောက် ခေါင်းညိတ်ခေါင်းခါ ဖြစ်သွားရသည်။

"ကျွန်မ မသွားခင် ရှင့်ကို ပြောရဦးမယ် ... ဘာလို့လဲဆိုတော့ ... ကျွန်မက ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်နဲ့ ပြန်လို့မရဘူး။ ရှင့်ရဲ့လူတွေကို ကျွန်မကို ကာကွယ်ဖို့ တာဝန်ပေးလိုက်တာက မလိုအပ်ဘူး။ အဲ့ဒါက အဆင်မပြေလောက်ဘူး…”

ထန်ရှုက သူမ၏အဖြေကြောင့် စိတ်ရှုပ်သွားပြီး မေးလိုက်သည်။

"မင်းက ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်နဲ့ ပြန်လို့မရနိုင်ဘူးဆိုတာ ဘာကို ပြောတာလဲ။”

ရွှယ်ယု၏နားရွက်များ နီရဲလာပြီး သူမ၏မျက်နှာလေးပါ ရဲလာတော့သည်။ ထန်ရှုနှင့် အကြည့်ချင်းပင် မဆုံဝံ့တော့ပေ။ သူမ တခဏမျှ တုံ့ဆိုင်းသွားပြီးနောက် လေသံတိုးတိုးဖြင့် ပြန်ပြောလာသည်။

“အဲ့ဒါက ငါ့ရဲ့အပျိုစင်ဘဝကို ဆုံးရှုံးတယ်လို့ ပြောတာ။”

ထန်ရှု ချက်ချင်း နားလည်သွားပြီး သူ၏မျက်နှာထက်တွင် အနေရခက်မှုများ ဖြစ်ပေါ်လာသည်။ ချောင်းခြောက်တစ်ချက် ဆိုးလိုက်ပြီးမှ လက်ကို ဝှေ့ယမ်းပြီး

“မင်း ဘာတွေ စိတ်ပူနေလဲ ငါ သိတယ်။ ဒါပေမယ့် စိတ်ချပါ … ငါ မင်းကို ကာကွယ်ဖို့ စေလွှတ်မယ့် လူတွေအားလုံးက အမျိုးသမီးတွေဖြစ်သလို ကျင့်ကြံသူတွေလည်း ဖြစ်တယ်။ မြောင်ဒေသက ဆေးဖက်ဝင်အပင်တွေကို ရှာဖွေမယ်ဆိုရင် အန္တရာယ်ရှိတဲ့ နေရာအချို့ကို မင်း မလွဲမသွေ သွားရမှာဆိုတော့ မင်း သူတို့နဲ့သွားတာ ပိုလုံခြုံလိမ့်မယ်။”

"ကောင်းပါပြီ။"

ရွှယ်ယုက ညင်သာစွာ ခေါင်းညိတ်ပြပြီး တံခါးဝမှ ကုတ်အကျီအဖြူနှင့် ဗီရိုထဲမှ နေကာမျက်မှန်ကို ယူကာ ဝတ်ပြီးနောက်

“ရှင်ရော လိုသေးသလား။”

ထန်ရှုသည် နေကာမျက်မှန်တပ်သည့် အလေ့အထ မရှိသောကြောင့် ခေါင်းယမ်းပြကာ တံခါးကို တွန်းဖွင့်လိုက်သည်။

ရှန်ဟိုင်းရှိ ဆေးပင်ဈေးသည် တုန်ပူခရိုင် ရှားဖေ့လမ်းတွင် တည်ရှိသည်။ အရင်တုန်းက ထန်ရှု သည်နေရာကို ရောက်ဖူးပြီး အတော်လေး ကျွမ်းဝင်ပေသည်။ ကားရပ်ရန် နေရာကောင်း ရှာပြီးနောက် သူနှင့် ရွှယ်ယုသည် ဆေးပင်ဈေးထဲသို့ ဝင်လာခဲ့သည်။

ဤအချိန်သည် အားလပ်ရက်မဟုတ်သောကြောင့် ဆေးပင်ဈေးထဲတွင် လူအသွားအလာနည်းပြီး ဧည့်သည်များလည်း မရှိပေ။ ဆိုင်ပိုင်ရှင်များနှင့် ၎င်းတို့၏ဝန်ထမ်းများမှလွဲ၍ အခြားသက်ကြီးရွယ်အို အနည်းငယ် သို့မဟုတ် ဝယ်ယူမည့်ဆေးပင်များကို ယခင်ကတည်းက သတ်မှတ်ထားသောသူ အနည်းငယ်သာ ရှိသည်။

"သူဌေး … အဲ့ဒီအသီးက ဘယ်မှာလဲ။"

ထန်ရှုနှင့် ရွှယ်ယုသည် ဆိုင်တစ်ဆိုင်၏အရှေ့သို့ ရောက်သောအခါ ရွှယ်ယုသည် အလျင်အမြန် လှည့်ပတ်ကြည့်လိုက်ပြီး မျက်ခုံးလေးတွန့်ချိုးကာ မေးလိုက်သည်။

ဆိုင်ရှင်သည် ငယ်ရွယ်သေးပြီး အသက်သုံးဆယ်ကျော်လောက်ဟုသာ ထင်ရသည်။ သူသည် အပေါ်ဝတ်ကုတ်အင်္ကျီရှည်၊ ဂျင်းဘောင်းဘီတို့ကို ဝတ်ဆင်ကာ ဦးထုပ် ဆောင်းထားသည်။ ရွှယ်ယုအား သာမန်ထက် ထူးခြားသော လူငယ်တစ်ဦးနှင့် တွေ့လိုက်ရသောအခါ အနည်းငယ် ဝမ်းနည်းသွားပုံရသော်လည်း ပြန်တော့ ဖြေဆဲဖြစ်သည်။

“ရောင်းပြီးသွားပြီ။”

"ငါတို့ မနေ့က သဘောတူပြီးသားမဟုတ်ဘူးလား။" ရွှယ်ယု၏မျက်နှာသည် အနည်းငယ် မှုန်ကုပ်သွားသည်။ "ငါ ဝယ်ဖို့ ပိုက်ဆံ ယူလာပြီလေ။ ရှင်ပဲ ငါ့ကို တစ်ရက် အချိန်ရတယ်လို့ ပြောပြီတော့။"

ဆိုင်ပိုင်ရှင်က သေချာအောင် ထပ်မေးလာသည်။

“ဒီနှင်းပေါက်ခဲဖြူအသီးကို မင်းက တကယ်ပဲ ၄မီလီယံ အကုန်ခံပြီး ဝယ်ချင်တာလား။”

"ဟုတ်တယ် ငါ ဝယ်ချင်တယ်။" ရွှယ်ယုက မဆိုင်းမတွ ပြန်ဖြေသည်။

"မဝယ်ချင်ရင် ငါ ဒီနေ့ ဘာလို့ ဒီကို ပြန်လာမှာလဲ။"

ဆိုင်ပိုင်ရှင်က စိတ်မကောင်းဖြစ်သွားပုံရပြီး ခါးသီးသော အမူအရာဖြင့်

“မနေ့က စပေါ်ငွေပေးဖို့ တောင်းတုန်းက မင်းက ၂သိန်းပဲ ပေးတော့ ငါ့ကို နောက်နေတာလို့ ထင်ခဲ့တာ။ မနေ့က မင်းရဲ့ကတိကိုလည်း လွဲမှားတဲ့ ကတိတစ်ခုပဲလို့ ငါ ထင်ခဲ့မိတယ်။ ဒါ … ဒါကြောင့် အဲ့ဒီအသီးကို ငါ ရောင်းလိုက်မိတာ။ ချီးတဲ့မှ ... ငါ တကယ်ကို စိတ်ဓာတ်ကျသွားပြီ။ ငါ နည်းနည်းလောက် ပိုရမှာကို … ယွမ် ၈သိန်းလောက် လျော့သွားပြီ … ချီးပဲ။”

“ငါ မနေ့က ငွေသား ယွမ် ၂သိန်းပဲ ပါလာတာမို့လေ။ ရှင်က အဲ့ဒီအသီးကို ၃.၂မီလီယံနဲ့ တကယ် ရောင်းလိုက်တာလား။”

ရွှယ်ယုက မေးသည်။

“ဟုတ်တယ်။” ဆိုင်ပိုင်ရှင်က ပြောသည်။ “နှင်းပေါက်ခဲဖြူအသီးက ယွမ် ၄မီလီယံကနေ ၅မီလီယံကြား ဈေးနှုန်းသင့်မယ်ဆိုတာ ငါ သိပေမယ့် ငါ့အသီးက စင်ပေါ်မှာ ကြာနေပြီဆိုတော့ အကျိုးသက်ရောက်မှု အများကြီး ဆုံးရှုံးနေပြီလို့ ငါ ထင်လိုက်တယ်။ ဒါကြောင့် အဘိုးဟော်က အဲ့ဒီအသီးကို ၃.၂မီလီယံနဲ့ ဝယ်မယ်ဆိုတော့ သူ့ကို ရောင်းလိုက်တာ။”

"အဲ့ဒီအဘိုးဟော်က ဘယ်သူလဲ။"

ရွှယ်ယုက အမြန်မေးလိုက်သည်။

***

All Chapters