← Chapters

တစ်စုံတစ်ဦး၏ အစီအစဉ်ကို နှောင့်ယှက်ခြင်း

Vol. 53 Ch. 741

တစ်စုံတစ်ဦး၏ အစီအစဉ်ကို နှောင့်ယှက်ခြင်း

Vol. 53 Ch. 741

ဆိုင်ပိုင်ရှင်က အဝေးကထောင့်တစ်နေရာကို ညွှန်ပြပြီး “သူက အဲဒီလမ်းထောင့်မှာရှိတဲ့ အကောင်းဆုံး ဆိုင်ပိုင်ရှင်ပါ။ သူ့မှာ ဆေးပင်လုပ်ငန်းလည်း ရှိတယ်။ တစ်နှစ်ပတ်လုံး ဒီလုပ်ငန်းကို လုပ်ကိုင်သူတိုင်းနီးပါး သိကြတယ်။ မင်း အဲဒီကို သွားကြည့်လိုက်ရင် သူ့ကို တွေ့လိမ့်မယ်။"

“ကောင်းပြီ။”

ရွှယ်ယုက ပြန်ပြောပြီးနောက် ထန်ရှု၏လက်ကို ကိုင်ကာ ဆိုင်ထဲမှ ထွက်လာလိုက်သည်။ သူမသည် ဤဆိုင်ပိုင်ရှင်ကို လုံးဝ အမြင်ကောင်း မရှိတော့ပေ။ သူ့ကတိအား ပျက်ကွက်ရုံသာမက ထိုကဲ့သို့သော ရတနာများကို ဈေးပေါပေါဖြင့် ရောင်းချသည့် အမြင်ကျဉ်းသောသူမျိုးသည် သူမအတွက် အမှန်တကယ် မနှစ်မြို့စရာကောင်းသော လူမျိုးဖြစ်သည်။

ထန်ရှုကိုယ်တိုင်က ညို့ငင်အသီးကို တစ်ခါမှ မကြားဖူးသလို ထိုအသီး၏ကောင်းကျိုးကိုလည်း မသိပါချေ။ ရွှယ်ယုက ဤအသီး၏ အနာကျက်ခြင်းဆိုင်ရာ အကျိုးသက်ရောက်မှုများကို ရှင်းပြသော်လည်း သူကမူ ၎င်းအသီးကို အဖိုးတန်စိတ်ဝိညာဉ်အသီးအဖြစ်သာ မြင်ပေသည်။

“စိတ်မပူပါနဲ့။ ဝယ်တဲ့သူကို သိတဲ့အတွက် ပြန်ဝယ်ဖို့ အခွင့်အရေးရှိပါသေးတယ်။ အဆိုးတကာ့ အဆိုးဆုံးဖြစ်လာရင် ဒီထက်မြင့်တဲ့ဈေးနဲ့ ဝယ်ရလိမ့်မယ်။” ထန်ရှုက သူမကို နှစ်သိမ့်လိုက်သည်။

"အခွင့်အရေးတစ်ခုပဲ ရှိရင်တောင် အဲ့ဒီညို့ငင်အသီးကို ရအောင် ဝယ်ရမှာပဲ။"

ရွှယ်ယုက ခိုင်မာသော အကြည့်ဖြင့် ပြောသည်။ "ဝယ်ပြီးရင် ရှင့်အတွက် အခမ်းနားဆုံး ဆေးဓာတ်စာ ဖြစ်အောင် ကျွန်မ လုပ်ပေးမယ်။"

ဆေးဓာတ်စာ…

ထန်ရှု၏ပါးစပ် မဲ့ရွဲ့သွားရသည်။

အဖိုးတန် စိတ်ဝိညာဉ်အသီးတစ်လုံးဝယ်ဖို့ မီလီယံပေါင်းများစွာ အကုန်အကျခံတာ ငါ့အတွက် ဆေးဓာတ်စာ လုပ်ဖို့တဲ့လား။ အစ်မကြီးရွှယ်ယု …  မင်းက ငွေစက္ကူတွေကို ငွေလို့ အမှန်တကယ် မမြင်တာပဲကွ။

ထိုသို့ ပုံမှန်မဟုတ်သော အဖြစ်အပျက်ကို ကြုံတွေ့လိုက်ရသော်လည်း ထန်ရှုသည် သူမနှင့် ငြင်းခုံမနေတော့ပေ။ နောက်ဆုံးတော့ သူမက သူ့အတွက်ကြောင့် ထိုအသီးကို ဝယ်ရန် ပိုက်ဆံအများကြီး အကုန်ခံနေခြင်းသာ ဖြစ်သည်။

ရတနာပုံဆိုင်။ ၎င်းသည် ဆိုင်၏ အလွန်သာမာန်ဆန်သော တံခါးတွင် ချိတ်ဆွဲထားသော ပြောက်ကွက်အလှ မှုန်းခြယ်ထားသည့် ဆိုင်းဘုတ်တစ်ခု ဖြစ်သည်။ ဆေးဆိုင်တစ်ခုလုံး၏ဆိုင်မျက်နှာစာသည် အလွန်ကျယ်သော်လည်း အတွင်းတွင် အထူးသဖြင့် ဗလာဖြစ်နေသည်ဟု ခံစားရသည်။ ငယ်ရွယ်သော စာရေးတစ်ယောက်၊ လက်ကိုင်ဖုန်းများဖြင့် ကစားနေသော အမျိုးသားတစ်ယောက်၊ အမျိုးသမီးတစ်ယောက်ကလွဲပြီး အခြားဘယ်သူမှ မရှိပါချေ။

လူငယ်စာရေးသည် ထန်ရှုနှင့် ရွှယ်ယုကို မြင်သောအခါ သူ၏အကြည့်များသည် ထန်ရှုကို ခဏသာ ကြည့်ခဲ့ပြီး ရွှယ်ယုထံမှ တခဏမျှပင် မျက်လုံးများကို မဖယ်နိုင်ပေ။

ရွှယ်ယုသည် သူမ၏မျက်နှာကာ ဖယ်လိုက်စဉ်ကတည်းက ယောကျာ်းသားများ သူမအား စိုက်ကြည့်သောအခါတွင် ထူးထူးခြားခြား ပြုမူကြသည်ကို မြင်နေကျဖြစ်သည်။ သူမက သူ့ကို လျစ်လျူရှုပြီး အေးစက်ကြည်လင်သော အသံဖြင့်

"ငါတို့ သူဌေးဟော်ကို လာရှာတာပါ။"

လူငယ်သည် အိပ်မက်မှ နိုးလာပုံရသည်။ သူ၏သိမ်မွေ့သော မျက်နှာသည် ချက်ချင်းပင် နီရဲသွားသည်။ သူသည် လှပသော အမျိုးသမီးများကို မြင်ဖူးသော်လည်း ရွှယ်ယုကဲ့သို့ လှပသောသူ မည်သူမျှ မရှိပေ။ သူက အရမ်းငယ်သေးသည့်အတွက် ချုပ်တည်းနိုင်စွမ်းလည်း မရှိသေးပေ။ ပြီးခဲ့သော အခိုက်အတန့်က သူ၏အကြည့်များသည် ရိုင်းစိုင်းလွန်းသွားသည်ဟု ထင်ကာ ထစ်ထစ်ငေါ့ငေါ့ဖြင့် ပြောလိုက်သည်။

"အဘိုးဟော် ... သူဌေး ... သူ... သူ... အပေါ်ထပ်မှာ ဧည့်သည်တွေကို လက်ခံနေတယ်။"

ရွှယ်ယုက ညင်သာစွာ ခေါင်းညိတ်ပြပြီး

"နင် ငါတို့ကို အပေါ်ထပ်ကို ခေါ်သွားပေးလို့ရမလား။ နင့်ရဲ့သူဌေးနဲ့ ငါတို့မှာ စီးပွားရေးကိစ္စတစ်ခုရှိတယ်။”

“အာ … ကောင်းပါပြီ … ကျေးဇူးပြုပြီး ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ။”

သူ၏အနေရခက်မှုနှင့် ရှက်ရွံ့မှုကို ဖုံးကွယ်ရန်အတွက် လူငယ်က ထစ်ထစ်အအ ပြန်ဖြေပြီးနောက် လှည့်ကာ လှေကားပေါ်သို့ အနည်းငယ် ပြေးတက်သွားခဲ့သည်။ ဒုတိယလှေကားထစ်ကို လှမ်းလိုက်ချိန်တွင် သူ၏အရှိန်က အနည်းငယ် မြန်သွားပြီး ဧည့်သည်များ လိုက်မမှီနိုင်မှန်း ရုတ်တရက် သိလိုက်ရသည်။ ထို့ကြောင့် စက္ကန့်အတော်ကြာအောင် သူ ချက်ခြင်း ရပ်လိုက်သည်။ ဘေးဘက်သို့ တိတ်တခိုး လှမ်းကြည့်ပြီးနောက် အပေါ်ထပ်သို့ အရှိန်နှေးကွေးစွာ လျှောက်လာလိုက်သည်။

ထန်ရှု ပြုံးရုံသာပြုံးမိလေသည်။ စာရေးလူငယ်၏ ခံစားချက်အား သူ ကောင်းစွာ သိပေသည်။ အင်မော်တယ်ကမ္ဘာတွင် နှစ်ပေါင်း ၁၀,၀၀၀ သက်တမ်းနှင့် ကျင့်ကြံမှုတို့သာ မရှိခဲ့ပါက သူသည်လည်း ဤစာရေးလေးကဲ့သို့ အပြုအမူ ရှိမိပေလိမ့်မည်။

ဒုတိယထပ်တွင်…

ဟော်စီမင်း၏ရုံးခန်းသည် ဆိုင်၏အတွင်းကျဆုံး နေရာတွင် တည်ရှိသည်။ ရုံးခန်းတွင် များသောအားဖြင့် အရေးကြီးသော ဧည့်သည်များကိုသာ လက်ခံလေ့ရှိပြီး သာမန်လူကို တစ်ခါမှ လက်ခံလေ့မရှိချေ။ သပ်ရပ်ပြီး ခန့်ညားသော သစ်သားပရိဘောဂများဖြင့် တင့်တယ်စွာ အလှဆင်ထားသည်။ ပိုင်ရှင် ဟော်စီမင်းသည် ယခုအခါ မဟော်ဂနီလက်ဖက်ရည်စားပွဲရှေ့တွင် ထိုင်နေပြီး မုတ်ဆိတ်ဖြူဖြူများကို ပွတ်သပ်လျက် စားပွဲပေါ်ရှိ ဆေးဖက်ဝင်ပစ္စည်းများကို အကဲဖြတ်နေသော မျက်နှာချင်းဆိုင်ကုလားထိုင်များပေါ်တွင် ထိုင်နေသော ဧည့်သည်များကို အဆက်မပြတ် အကဲဖြတ်ကြည့်ရှုနေသည်။

"ဧည့်သည်တော်တို့နှစ်ယောက် … ဒီနှင်းပေါက်ခဲဖြူအသီးက တကယ်ကို ကောင်းမွန်ပါတယ်။ ငါ ဒီဆေးပင်ဈေးကွက်မှာ နှစ်အတော်ကြာ နေခဲ့ဖူးပေမယ့် ဒီအသီးကို နှစ်ကြိမ်သာ ရဖူးသေးတယ်။ ဒါက ငါ့ရဲ့ ဒုတိယအကြိမ်ပေါ့။ ဒါ့အပြင် ငါ မင်းတို့ကို ဖွင့်တဲ့ ယွမ် ၆.၅ မီလီယံက မျှတတဲ့ဈေးနှုန်းဆိုတာ သေချာပေါက်ပဲ။”

ဧည့်သည်တော်နှစ်ဦးမှာ တရုတ်ရိုးရာဝတ်စုံ ဝတ်ထားသော အဘိုးအိုတစ်ဦးနှင့် ဆွဲဆောင်မှုရှိနေသော အရွယ်အတန်အသင့် ရောက်နေပြီဖြစ်သော အမျိုးသမီးတစ်ဦးဖြစ်ပြီး မြေအောက်တိုက်ပွဲပြိုင်ပွဲကို တက်ရောက်လာသူ တစ်ဦးသာ ရှိပါက သူမကို သေချာပေါက် သိနိုင်မည် ဖြစ်ပေသည်။ သူမသည် မြေအောက်တိုက်ပွဲ ဖိုင်နယ်ပွဲ၏ အိမ်ရှင်လုပ်ခဲ့သူ ပင့်ကူနက် ဖြစ်သည်။

တရုတ်ရိုးရာဝတ်စုံ ဝတ်ထားသော အဖိုးအိုသည် သူ့လက်ထဲရှိ စိတ်ဝိညာဉ်အသီးကို အကဲခတ်နေသော်လည်း အမှန်တကယ်တွင် စိတ်အတွင်းက မထီမဲ့မြင်ပြုနေသည်။ ဟော်စီမင်းသည် ဤညို့ငင်အသီးကို နှင်းပေါက်ခဲဖြူအသီးအဖြစ် လွဲမှားစွာ မှတ်ယူခဲ့သော်လည်း ဤအရာသည် ညို့ငင်အသီး ဖြစ်သည်ကို သူကမူ ရှင်းလင်းစွာ သိနေပြီဖြစ်သည်။

သို့သော် ယခုတစ်ကြိမ်တွင် သူသည် ရှန်ဟိုင်း၏ ဆေးပင်များဈေးကွက်သို့ ရောက်လာရခြင်းသည် ထောင်စုနှစ်ဂျင်ဆင်းရိုင်းကို ရှာဖွေရန်ဖြစ်ပြီး ဤအဖိုးတန်သောအသီးကို မထင်မှတ်ပဲ တွေ့ရှိခဲ့ခြင်းဖြစ်သည်။ အရေးအကြီးဆုံးမှာ သူသည် ကြီးမားသော ဈေးဆစ်မှုတစ်ခု ပြုလုပ်နိုင်ပုံရပြီး ဟော်စီမင်းအား ထိုအသီး၏တန်ဖိုးအစစ်အမှန်ကို ပြောပြလိုခြင်းမရှိပေ။

စာရေးလူငယ်က ရုံးခန်းတံခါးကို ခေါက်ကာ တံခါးကို ဂရုတစိုက် အနည်းငယ် တွန်းဖွင့်လိုက်ပြီး အခန်းထဲ သေချာကြည့်လိုက်သည်။ သူ၏အကြည့်များသည် ဟော်စီမင်းအပေါ် ကျရောက်သွားကာ တံခါးကို ချက်ချင်းဖွင့်လိုက်ပြီး

"သူဌေးကို တွေ့ဖို့ ဒီမှာဧည့်သည်တော်နှစ်ယောက် ရှိပါတယ်။ သူတို့က သူဌေးနဲ့ စီးပွားရေး ဆွေးနွေးမှုတစ်ခု လုပ်ချင်တယ်လို့ ပြောပါတယ်။”

သူ၏အရောင်းစာရေးသည် မည်သို့သော စည်းမျဉ်းစည်းကမ်းများ ရှိသည်ကို သိသော်လည်း အမှန်တကယ်ပင် အနှောင့်အယှက် ပေးလိမ့်မည်ဟု ဟော်စီမင်းသည် မမျှော်လင့်ထားပေ။ သို့သော် သူ့တင်ပြချက်ကို ကြားပြီးနောက် ဒေါသစိတ်ကို မျိုသိပ်လိုက်ပြီး သံသယစိတ်ဖြင့်

“ငါနဲ့ စီးပွားရေးကိစ္စလုပ်ချင်တဲ့ ဧည့်သည်တွေလား။ သူတို့က ဘယ်သူတွေလဲ။"

ထန်ရှုနှင့် ရွှယ်ယုသည် တံခါးဝတွင် ပေါ်လာသည်။ အခန်းထဲသို့ ဝင်သွားသောအခါ ရွှယ်ယု၏အကြည့်သည် တရုတ်ရိုးရာဝတ်စုံဝတ်ထားသော အဘိုးကြီး ကိုင်ဆောင်ထားသည့် ညို့ငင်အသီးပေါ်သို့ ချက်ချင်းကျရောက်သွားသည်။ သူမက

"ရှင်က သူဌေးဟော်လား။ ကျွန်မနာမည်က ရွှယ်ယုပါ။ ရှင့်ဆီက ဒီအသီးကို ဝယ်ချင်ပါတယ်။"

ဟော်စီမင်း၏ခေါင်းထဲတွင် မေးခွန်းများ အစီအရီ ပေါ်လာပြီး မှုန်ကုပ်ကုပ် စိုက်ကြည့်နေသည်။ မနေ့က သည်နှင်းပေါက်ခဲဖြူအသီးကို အမှတ်တမဲ့ တွေ့ခဲ့ခြင်း ဖြစ်သည်။ သည်အသီးကို စိတ်ဝင်စားသည့် ဖောက်သည်နှစ်ဖွဲ့ ကြုံလာလိမ့်မည်ဟု သူ မထင်ခဲ့မိပေ။ သို့သော် နောက်တဖန် သည်ဟာသည် ကြီးကျယ်ခမ်းနားသော သမရိုးကျ အချိန်အခါတစ်ခုပင်။

သူ၏ရင်ထဲတွင် အနည်းငယ် စိတ်လှုပ်ရှားနေမိသည်။ ဈေးကွက်က ပြိုင်ဆိုင်မှု ရှိသင့်သည်။ အကယ်၍ ဤနှစ်ဖွဲ့သာ ဤအသီးကို အမှန်တကယ် လိုချင်ပါက ဈေးနှုန်းကမ်းလှမ်းမှုတွင် အပြိုင်အဆိုင် ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး အကျိုးအမြတ်ရရှိမည့် နောက်ဆုံးလူမှာ သူကိုယ်တိုင်ဖြစ်သည်။

တရုတ်ရိုးရာအင်္ကျီ ဝတ်ဆင်ထားသည့် အဖိုးအိုသည် ထန်ရှုနှင့် ရွှယ်ယုကို လှည့်ကြည့်ပြီး ဟော်စီမင်း မဖြေမီ “မိန်းကလေး … ဒီအသီးကို ငါ ကြိုတင်မှာထားပြီးသား။ ဒါကြောင့် မင်း ရောက်လာတာ ကံမကောင်းဘူး။ လိုအပ်ရင် တခြားနေရာကို သွားကြည့်ပါ။"

ဟော်စီမင်း၏မျက်နှာသည် အနည်းငယ် ပြောင်းလဲသွားပြီး သူက လျင်မြန်စွာ ကြားဖြတ်ပြောလိုက်သည်။

"မင်း အခုပဲ မဝယ်ချင်သေးဘူးလို့ ပြောနေတာလေ မစ္စတာစစ်ထူ။ ဒါကြောင့် ဒီအသီးကို သူ ဝယ်ပိုင်ခွင့် ရှိနေတုန်းပဲလေ။ သူတို့ရည်ရွယ်ချက်ကို ပြောထားပြီးသားမို့လား … ဒါကြောင့်…”

တရုတ်ရိုးရာဝတ်စုံ ဝတ်ထားသော အဘိုးအိုသည် အနည်းငယ် မျက်မှောင်ကြုတ်သွားကာ သူ၏မျက်လုံးထဲတွင် အေးစက်သော အလင်းရောင်တစ်ခု လင်းလက်လာသည်။ သူသည် အသက်လည်း ကြီးပြီဖြစ်သလို အတွေ့အကြုံလည်း ရှိသူဖြစ်သောကြောင့် ဟော်စီမင်းက သူ့ကို အခုမှ ရောက်လာသော        လူငယ်နှစ်ယောက်နှင့် ယှဉ်ပြိုင်စေချင်နေသည်ကို သူ မသိဘဲ မည်ကဲ့သို့ ဖြစ်နိုင်ပါမည်နည်း။ ဟော်စီမင်း၏ စိတ်နေသဘောထားနှင့်အဓိပ္ပါယ်ကို မကြိုက်သော်လည်း ဝယ်မည်မဟုတ်ကြောင်း သူ ပြောခဲ့မိသည်ကိုတော့ ဝန်ခံရပေမည်။

ထိုစကားအတွက် သူ အနည်းငယ် နောင်တရမိသော်လည်း ယခုအချိန်သည် ၎င်းကို ငြင်းခုံနေရမည့် အချိန်မဟုတ်ပေ။ ယွမ် ၆.၅မီလီယံ မဆိုထားဘိ ၆၅မီလီယံဆိုရင်တောင် သူ ပေးနိုင်ပေသည်။ သို့သော်လည်း သူက ငွေ အများကြီး မသုံးချင်သည့်အပြင် သူ၏ကြီးမြင့်သော စိတ်ထား၏ ချုပ်နှောင်မှုကို ခံရပြန်သည်။ သူသည် ဖြည်းညှင်းစွာ ထကာ ထန်ရှုနှင့် ရွှယ်ယုကို တည့်တည့်ကြည့်ရင်း "မင်းတို့နှစ်ယောက် ဘာကိစ္စပဲလုပ်လုပ် ပထမဆုံး ရောက်တဲ့သူက ပထမဆုံး ဝန်ဆောင်မှုကို ရမယ်ဆိုတာကိုလည်း ထည့်သွင်းစဉ်းစားသင့်တယ်။ ငါ့လက်ထဲမှာ ဒီအသီးရှိနေပြီမို့ မင်းတို့ အဲ့ဒီအတိုင်း ထားခဲ့ဖို့ ငါ မျှော်လင့်တယ်။"

ပင့်ကူနက်သည် ထန်ရှုကို မသိပေ။ ထိုအချိန်တုန်းက မြေအောက်တိုက်ပွဲပြိုင်ပွဲတွင် ကြည့်ရှုသူ အရမ်းများခဲ့ပြီး သူမသည်လည်း လူတိုင်းကို မမှတ်မိနိုင်ပေ။ တရုတ်ရိုးရာဝတ်စုံဝတ်ထားသည့် အဘိုးကြီး ထလာသည်နှင့် သူမသည်လည်း အလျင်အမြန် ထလာပြီး

“ဧည့်သည်တော်နှစ်ယောက် … ပေကျင်းမြို့ စစ်ထူမိသားစုမှ အကြီးအကဲ စစ်ထူဟောင်နဲ့ နင်တို့ကို မိတ်ဆက်ပေးပါရစေ။ စစ်ထူမိသားစုရဲ့ မိသားစုခေါင်းဆောင်ကတောင် အကြီးအကဲဟောင်ကို ဒုတိယဦးလေးလို့ ခေါ်ရပါတယ်။”

ရွှယ်ယု မျက်ခုံးတွန့်ချိုးသွားသည်။ မလုံ့တလုံ ဝတ်ထားသော ဤအမျိုးသမီးသည် စစ်ထူဟောင်ကို မိတ်ဆက်ပေးပြီး စစ်ထူမိသားစုနာမည်ဖြင့် ဖိအားပေးရန် ရည်ရွယ်ကြောင်း သူမ ပြောနိုင်ပေသည်။ သူမ၏ဘေးတွင် ရပ်နေသော ထန်ရှုသည်လည်း ထိုစကားကို ကြားပြီးနောက် အလားတူအတွေးမျိုး ရှိခဲ့သည်။

"စစ်ထူဟောင်ဟုတ်လား…။ အဲ့ဒီအသီးကို ဝယ်ဖို့ ခင်ဗျား စိတ်ပိုင်းဖြတ်ထားပြီးပြီ မဟုတ်လား။" ထန်ရှုက ဖြည်းညှင်းစွာ မေးလိုက်သည်။

"မှန်တယ်။ ငါ အဲ့ဒီအသီး လိုအပ်တယ်။" စစ်ထူဟောင်က ခေါင်းညိတ်သည်။

"သူဌေးဟော်နဲ့ငါက ဈေးကို သဘောတူပြီးပြီ။"

"ဒီလိုဆိုရင်တော့ ကျွန်တော့်အတွက် ဆေးဓာတ်စာက နည်းသွားရုံပါပဲ။" ထန်ရှု ခေါင်းယမ်းလိုက်သည်။ "နောက်ပြီး ကျွန်တော်က စစ်ထူမိသားစုနဲ့ နည်းနည်း ခင်မင်ရင်းနှီးတယ်။ ဒါကြောင့် ခင်ဗျားကို ဒီတစ်ကြိမ်တော့ ပြိုင်မငြင်းချင်ဘူး။"

"ရဲတင်းလှချည်လား…။" ပင့်ကူနက်၏မျက်နှာ ကွက်ကနဲ ပျက်သွားပြီး ဒေါသတကြီး ကြိမ်းမောင်းလိုက်သည်။ စစ်ထူဟောင်၏ မျက်နှာထက်တွင်လည်း အမျက်ဒေါသရိပ်အား အနည်းငယ် တွေ့နိုင်ပေသည်။ ထန်ရှုသည် ဆေးဓာတ်စာအတွက် ဤစစ်မှန်သော ညို့ငင်အသီးကို ဝယ်ချင်သည်ဟု သူ တစ်ခါမှ မထင်ထားမိပေ။ သူသည် ဤအသီးကို ညို့ငင်အသီးအဖြစ် မသတ်မှတ်ပါက နှင်းပေါက်ခဲဖြူအသီးအဖြစ် ဝယ်ယူနေဦးမည်ဖြစ်ပြီး ၎င်းသည် ယွမ် ၅မီလီယံမှ ၆မီလီယံခန့် ကုန်ကျမည်ဖြစ်သည်။

ဟော်စီမင်းသည် စိတ်ထဲ၌ အတော်ပင် စိတ်ပျက်နေသည်။ သည်လူငယ်နှစ်ယောက်နှင့် စစ်ထူဟောင်သည် ဈေးပြိုင်ဝယ်မည်ဟု သူ ထင်ခဲ့သော်လည်း ထိုလူငယ်သည် အသီးကို တိုက်ရိုက် စွန့်လွှတ်ကြောင်း အမှန်တကယ် မမျှော်လင့်ခဲ့မိပေ။ သူသည် စိတ်ထဲမှ သက်ပြင်းချကာ လက်ကို ဝှေ့ယမ်းလိုက်ပြီး

"မင်းတို့ မဝယ်ဘူးဆိုရင် အောက်ထပ်မှာ သွားစောင့်ပါ။ ဒီဧည့်သည်တော်နှစ်ဦးကို ဧည့်ခံပြီးရင် မင်းတို့နှစ်ဦးကို ငါ ဧည့်ခံပါ့မယ်။"

ရွှယ်ယုသည် အနည်းငယ် စိတ်မပါလက်မပါ ဖြစ်နေသည်။ ဟော်စီမင်းက သူတို့ကို ထွက်သွားရန် တောင်းဆိုသည်ကို ကြားလိုက်ရချိန်တွင် သူမသည် ချီတုံချတုံ ကြည့်လာပြီး

"ထန်ရှု … ကျွန်မ တကယ်လုပ်ချင်တာက ..."

"ဟင့်အင်း … ဆေးဓာတ်စာထဲ တစ်မျိုးလိုနေတာက အဆင်ပြေပါတယ်။" ထန်ရှုက သူမ၏စကားကို ကြားဖြတ်လိုက်သည်။

"နောက်ပြီး … ဒီအသီးလေးအတွက် စစ်ထူမိသားစုရဲ့ အကြီးအကဲနဲ့ အငြင်းအခုံ ဖြစ်ရရင် မတန်ဘူးလေ။"

သူ သည်လိုပြောရခြင်း၏အကြောင်းအရင်းကတော့ လက်ရှိအချိန်မှာ သူ အတော်လေး မွဲနေလို့ပင်ဖြစ်သည်။ ရွှယ်ယုအား သူ ပေးထားသော ယွမ် ၁၀မီလီယံမှလွဲ၍ သူ့ဘဏ်ကတ်ထဲတွင် ယွမ် ၂မီလီယံကျော်သာ ကျန်တော့သည်။ စစ်ထူဟောင်နှင့်သာ ဈေးနှုန်း ယှဉ်ပြိုင်မည်ဆိုပါက သူသာ မျက်နှာပျက်ရပေလိမ့်မည်။

"သွားရအောင်။"

ထန်ရှုက ရွှယ်ယု၏ပခုံးကို ကိုင်လိုက်ပြီး လှည့်ထွက်လိုက်သည်။

"ကျေးဇူးပြုပြီးခဏစောင့်ပါဦး။"

စစ်ထူဟောင်၏အမူအရာသည် အနည်းငယ် ပြောင်းလဲသွားပြီး ရှေ့သို့ တက်ကာ လှမ်းခေါ်လိုက်သည်။

“ကျွန်တော်တို့ စွန့်လွှတ်ပြီးသားပါ။ အခု ခင်ဗျား ဘာလိုချင်လို့လဲ။"

ထန်ရှုက လှည့်ပြီး စိတ်အနှောင့်အယှက် ဖြစ်သွားဟန်ဖြင့် မေးလိုက်သည်။

"ဒီမိန်းကလေးက မင်းကို ထန်ရှုလို့ ခေါ်လိုက်တယ် မဟုတ်လား။ မင်းက ကြယ်တာရာ တရုတ်တိုင်းရင်းဆေးရုံရဲ့ နတ်ဆေးသမားတော်လေး ထန်ရှု ဖြစ်လေမလား။" စစ်ထူဟောင်က မေးသည်။

"ကျွန်တော် အရမ်းနာမည်ကြီးတယ်လို့ နည်းနည်းလေးတော့ ထင်ခဲ့မိပေမယ့် …။"

ထန်ရှုက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"စစ်ထူမိသားစုရဲ့ဒုတိယဦးလေးက ကျွန်တော့်နာမည်ကို သိလိမ့်မယ်လို့ မထင်ထားမိဘူး။"

ဤတစ်ကြိမ်တွင် စစ်ထူဟောင်၏မျက်နှာသည် လုံးဝပြောင်းလဲသွားပြီဖြစ်သည်။ ထို့နောက် သူ၏မျက်လုံးများထဲတွင် ရှုပ်ထွေးနေသော အမူအရာတစ်ခု ရှိနေပြီး သူက ပြောလိုက်သည်။

"မင်းက တကယ်ပဲ ဆရာကြီးထန်ပဲ။ အစောပိုင်းက မင်းကို မသိလိုက်မိလို့ ငါ တကယ် လျစ်လျူရှုမိတယ်။ စိတ်အနှောင့်အယှက်ဖြစ်သွားရင် တောင်းပန်ပါတယ်။ ဒီအသီးကို ငါ တကယ် ဝယ်ချင်ပေမယ့် မင်းကို တောင်းပန်တဲ့အနေနဲ့ ငါ လက်ဆောင်ပေးချင်ပါတယ်။"

***

All Chapters