တူနှစ်ကိုယ် ကျင့်ကြံခြင်း၏ များပြားစွာသော ရိတ်သိမ်းနိုင်မှု
Vol. 54 Ch. 744
ထန်ရှုသည် သူ့ဘေးနားရှိ ရွှယ်ယု၏ ပြင်းထန်စွာ စိတ်လှုပ်ရှားနေသော အသက်ရှုသံအား အာရုံမထားမိသလို သူမ၏ကိုယ်တွင်းရှိ အခြေအနေကိုလည်း သတိမမူမိဘဲ လျှပ်တပြက်အတွင်း သူ၏ခန္ဓာကိုယ်အခြေအနေ၌ နစ်မြုပ်သွားတော့သည်။
"ဒါက ဘာတွေဖြစ်နေတာလဲ။"
သူ၏ကိုယ်တွင်းအင်္ဂါများ၊ အရိုးများ၊ မရီဒျာန်များ၊ အရွတ်များနှင့် ကြွက်သားများ၏အခြေအနေကို သိမ်းကျုံးကြည့်ကာ ထိုအရာအားလုံးကို ဂရုတစိုက် လေ့လာလိုက်သည်။ သူ့အား အံ့အားသင့်စေရသည်မှာ ၎င်းတို့သည် တိုးတက်မှုမရှိဘဲ ယခင်အခြေအနေနှင့် အလားတူပြီး ပျက်စီးဆုံးရှုံးမှုများစွာလည်း မရှိခဲ့ပေ။ သို့သော် သူ၏အသိစိတ်သည် ဒန်တျန်သို့ ဝင်ရောက်စစ်ဆေးလိုက်ချိန်တွင် ထိုအရာ၏အတွင်းပိုင်း ပြောင်းလဲမှုများကြောင့် ထိတ်လန့်သွားခဲ့ရသည်။
သူ့ဒန်တျန်၏ကျယ်ဝန်းလှသော နေရာအတွင်းတွင် ရေဝဲတွင်းနက်ကြီး လုံးဝပျောက်ကွယ်သွားပြီး အာကာသငယ်လေးတစ်ခုက အစားထိုး ရောက်ရှိနေသည်။ ယခင်က လွတ်နေသော နေရာများတွင် ယခုအခါ နေများ၊ လများ၊ ဂြိုဟ်များနှင့် နှမ်းစေ့အရွယ် ကြယ်ပွင့်များ မြောက်မြားစွာ တည်ရှိနေပြီဖြစ်သည်။ ကြယ်ပွင့်များမှာ အရောင်အသွေး စုံလင်လှပြီး အနီရောင်၊ လိမ္မော်ရောင်၊ အဝါရောင်၊ အစိမ်းရောင်၊ ကောင်းကင်ပြာရောင်၊ အပြာရောင်နှင့် ခရမ်းရောင်တို့ ဖြစ်သည်။ အရောင်အသွေးစုံလင်ကာ တောက်ပနေသော အာကာသငယ်လေးသည် အိပ်မက်တစ်ခု မက်နေသည့်အလားပင် ထင်မှတ်မှားရလေသည်။
ကျယ်ပြန့်သော အဆုံးမဲ့စကြာဝဠာနှင့် နှိုင်းယှဉ်ပါက ၎င်းသည် အမှန်ပင် သေးငယ်သော နေရာလေးတစ်ခု ဖြစ်သော်လည်း ထိုဧရိယာသည် သူ၏ဒန်တျန်တွင်းရှိ နေရာထက် အဆပေါင်း ရာနှင့်ချီ၍ ကြီးမားသည်။ ထန်ရှု၏အတွေးများ ဖြန့်ကျက်လိုက်ချိန်တွင် သူ အံ့သြသွားရတော့သည်။ သူ၏အတွေးသည် ထိုအာကာသငယ်လေးတစ်ခုလုံးကို လွှမ်းခြုံနိုင်ခဲ့သည်။ သူ၏အတွေးအာရုံအောက်တွင် အာကာသငယ်လေးသည် ဖြည်းဖြည်းချင်း ကျယ်ပြန့်နေသည်ကို မမျှော်လင့်ဘဲ တွေ့ရှိရသည်။
ထို့အပြင် ထန်ရှုသည် မီတာဆယ်နှင့်ချီမြင့်သော သစ်ပင်တစ်ပင်အား စိမ်းလန်းစိုပြေစွာ ပေါက်ရောက်နေသည်ကိုလည်း မြင်တွေ့သည်။ ထိုအပင်သည် ကောင်းကင်လမ်းစကြာဝဠာသစ်ပင်၏ မျိုးစေ့မှ အပင်ပေါက်၊ အမြစ်စွဲကာ တဖြည်းဖြည်း ကြီးပြင်းလာခြင်းဖြစ်သည်။ သစ်ပင်၏ပင်စည်အနီးတွင် အရောင်တဖျတ်ဖျတ်လက်ကာ ငြိမ်သက်စွာ လွင့်မျောနေသော ဓားရှည်တစ်လက်လည်း ရှိနေသည်။
"တခြားအရာတွေကကော ဘာလဲ။"
ထန်ရှုသည် တစ်ချိန်က သူ၏ဒန်တျန်အတွင်း အရာဝတ္ထုများစွာကို သိမ်းဆည်းထားခဲ့သော်လည်း ၎င်းတို့အားလုံးသည် သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။ သူသည် အကျိုးအကြောင်းအား ရှင်းလင်းစွာ သိလိုသောကြောင့် သူ၏သွေးသောက်ဓားအား ဒန်တျန်အတွင်းရှိ အာကာသငယ်လေးထဲသို့ တိတ်တဆိတ် ခေါ်လိုက်သည်။
ဘိဇ် … ဘိဇ် …
သွေးသောက်ဓားသည် ဒန်တျန်ထဲရှိ အာကာသငယ်လေးထဲသို့ ဝင်ရောက်လာစဉ်တွင် မျောလွင့်နေသော ဓားရှည်ထံမှ စုပ်အားတစ်ခု ထွက်ပေါ်လာပြီး သွေးသောက်ဓားတွင် ပါရှိသော စွမ်းအားကို ဆွဲငင်ဝါးမြိုသွားကာ မမြင်နိုင်သော စွမ်းအားသည် သွေးသောက်ဓားအား သက်ရောက်ပြီး ပျက်စီးစပြုလာသည်။
"ဘာလဲ … ဘာတွေ ဖြစ်နေတာလဲ။"
ထန်ရှုသည် သွေးသောက်ဓားအား ဒန်တျန်တွင်း အာကာသငယ်လေးထဲမှ ထွက်သွားရန် မြန်နိုင်သမျှ မြန်မြန် ထိန်းချုပ်ပါသော်လည်း သွေးသောက်ဓားသည် စက္ကန့်အနည်းငယ်အတွင်း ပျက်စီးသွားသဖြင့် ထန်ရှု ငိုချင်မိသွားရတော့သည်။ ယခုအခါ သွေးသောက်ဓားသည် သံအပိုင်းအစတစ်ခုမှလွဲ၍ ဘာမှမဟုတ်တော့ဘဲ စိတ်ဝိညာဉ်လက်နက်၏ အငွေ့အသက်များပင် မကျန်ရစ်ခဲ့တော့ပေ။
“ဒီဓားရှည်က …. ဖြစ်နိုင်မလား …”
ထန်ရှု အတွေးတစ်ချက် လှုပ်ရှားလိုက်ပြီး ဓားရှည်ထဲသို့ ချက်ခြင်း ပေါင်းစပ်လိုက်သည်။ နားမလည်နိုင်စွာဖြင့် သူ၏စိတ်သည် ထိုဓားရှည်အား အမှန်တကယ် ထိန်းချုပ်နိုင်ပြီး သူ့ခန္ဓာကိုယ်၏အပြင်ဘက်သို့ စေလွှတ်နိုင်သည်ကိုလည်း သူ တွေ့ရှိခဲ့သည်။ ထိုဓားရှည်အား သူ့လက်များဖြင့် ကိုင်တွယ်အသုံးပြုနိုင်ပြီး သူ၏ထိန်းချုပ်မှုအောက်တွင် လုံးဝရှိနေပေသည်။ ထိုဓားရှည်အတွင်းရှိ ကြီးမားလှသော စွမ်းအားများကိုလည်း သူ ခံစားမိသည်။
“ဒါက နတ်ဘုရားလက်နက် ဖြစ်မယ်။ ငါ အင်မော်တယ်ကမ္ဘာမှာ အထွတ်အထိပ် ဖြစ်ခဲ့တုန်းက ငါ သုံးခဲ့ဖူးတဲ့ အကောင်းဆုံး အင်မော်တယ်ဓားရှည်ထက် ပိုကောင်းတာ သေချာတယ်။ ငါ့ခန္ဓာကိုယ်ထဲက ဒန်တျန်ထဲမှာ သိမ်းထားတဲ့ အရာတွေအားလုံးကို ဒီဓားရှည်က ဝါးမျိုသွားပုံပဲ။”
ဟိုယခင်က သိမ်းထားသော အရာဝတ္ထုများ အစအန မကျန်အောင် ပျောက်ဆုံးသွားသည့်အတွက် သူ အတန်ငယ် စိတ်ဆင်းရဲမှုကို ခံစားခဲ့ရသော်လည်း ဤဓားရှည်အား သူ အပြည့်အဝ ထိန်းချုပ်နိုင်သဖြင့် ထိုခံစားချက်က ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။ ထိုအရာဝတ္ထုများ မည်မျှ ကြီးမြတ်သည်ဖြစ်စေ သူ အမှန်တကယ် ပိုင်ဆိုင်ထားသည့် ဤနတ်ဘုရားလက်နက်နှင့် မနှိုင်းယှဉ်နိုင်ပါပေ။ ထန်ရှုသည် ထိုဓားရှည်အတွင်းက စိတ်ဝိညာဉ်ကိုပင် ခံစားမိပေသည်။ ထိုအရာ၏စွမ်းအားသည် အလွန်အားကောင်းသော်လည်း ၎င်း၏အသိစိတ်နှင့် ဉာဏ်ပညာမှာ လွန်စွာအားနည်းနေသေးသည်။ ၎င်းသည် ဓားဝိညာဉ်အဖြစ် မွေးဖွားလာပြီး သူကိုယ်တိုင် အမှန်တကယ် ပိုင်ဆိုင်သည့် အင်မော်တယ် သို့မဟုတ် နတ်ဘုရားလက်နက် ဖြစ်လာရန် အချိန်ယူကာ ပျိုးထောင်ပေးရမည်ဖြစ်သည်။
"အို…"
ရုတ်တရက် ထန်ရှုသည် သူ၏ဒန်တျန်အာကာသအတွင်း ကျန်ဂြိုဟ်များထက် ပိုကြီးသော ဂြိုဟ်တစ်လုံးအား တွေ့လိုက်ရပြီး သူ၏ဒန်တျန်ရှိ မူလဖရိုဖရဲစွမ်းအားသည် အဆက်မပြတ် ပေါင်းစပ်နေကာ ဂြိုဟ်မှ ထွက်လာခဲ့သည်။
သူသည် ကောင်းကင်ဘုံစကြာဝဠာကျင့်စဉ်၏ လမ်းကြောင်းအတိုင်း သူ၏ကျင့်ကြံမှုအား လည်ပတ်လိုက်ရာ ဂြိုဟ်မှ စိမ့်ထွက်နေသော မူလဖရိုဖရဲစွမ်းအားသည် တဝုန်းဝုန်း ထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်အတွင်းက မရီဒျာန်များထဲသို့ ဝင်ရောက်သွားစဉ်တွင် မရီဒျာန်အတွင်းရှိ မူလဖရိုဖရဲ စွမ်းအားအများစုသည်လည်း ထိုဂြိုလ်အတွင်းသို့ ပေါင်းစပ်ရန် ထွက်လာကြလေသည်။
ထိုရှာဖွေတွေ့ရှိမှုက ထန်ရှုအား အလန့်တကြား ဖြစ်သွားစေသည်။ သို့သော် အချိန်အတော်ကြာ လေ့လာပြီးနောက်တွင် သည်ဂြိုဟ်သည် စကြဝဠာအတွင်း မရေမတွက်နိုင်သော ကြယ်များကို တစ်ချိန်က ဝါးမျိုချခဲ့သည့် ဖန်တမ်ဂြိုဟ်ဖြစ်ပြီး စုပ်ယူထားခဲ့သော မူလဖရိုဖရဲစွမ်းအားမှ တဖြည်းဖြည်း ဖြစ်ပေါ်ဖွဲ့စည်းလာခြင်း ဖြစ်သည်ကို သူ တွေ့ရှိခဲ့သည်။
တစ်နည်းဆိုရသော် ဂြိုဟ်တိုင်းသည် စွမ်းအားဖြင့် ဖွဲ့စည်းထားသည်။ စွမ်းအားပိုရှိသရွေ့ ဂြိုဟ်က ပိုကြီးလာပေမည်။ အစစ်အမှန်ဂြိုလ်တစ်လုံးကို ဖွဲ့စည်းရန် ခက်ခဲပုံမရချေ။
အချိန်အတော်ကြာပြီးနောက် ထန်ရှုက မှိတ်ထားသော မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်ကာ ခါးသီးစွာ ပြုံးလိုက်မိသည်။ ဤဂြိုလ်များကို မူလဖရိုဖရဲစွမ်းအားမှ ဖွဲ့စည်းကြောင်း သူ သိရှိပြီးနောက် သူသည် ကူကယ်ရာမဲ့စွာ ခံစားလိုက်ရသည်။ မည်သို့ပင်ဆိုစေကာမူ ထိုအရာသည် ဖန်ဆင်းရှင်ဘုရားသခင်အဖြစ် စကြာဝဠာနှင့် ဤကမ္ဘာများကို သူနှင့်အတူ အတွင်း၌ ဖွဲ့စည်းထားသောကြောင့် ကောင်းမွန်သော အလုပ်တစ်ခု ဖြစ်နေဆဲပင်။ သို့သော် ထိုသို့ စုဆောင်းပြီး ကြီးမားပြည့်စုံသော ဂြိုဟ်တစ်လုံးအဖြစ်သို့ ပြောင်းလဲသွားစေမည့် သန်းပေါင်းများစွာသော ဂြိုဟ်များကို တည်ဆောက်ရန် မူလဖရိုဖရဲစွမ်းအား မည်မျှ လိုအပ်လိုက်လေမည်နည်း။
" ရှင် နိုးပြီလား။"
ရွှယ်ယုက သူမ၏ဘရာစီယာကို မည်သည့်အချိန်က ဝတ်ဆင်လိုက်မှန်းပင် မသိလိုက်ချေ။ ယခု သူမသည် ထန်ရှုအား ဘေးမှ ကြည့်နေသည်။ ထန်ရှု နိုးလာပြီး အနည်းငယ် ရှက်နေကာ မျက်နှာ နီရဲနေသည်ကို သူမ တွေ့သော်လည်း သူမက သူ့ကို တည့်တည့်ကြည့်နေဆဲပင်။
ထန်ရှုသည် ဤအခိုက်အတန့်တွင် အနေရခက်သလို ရှက်ရွံ့သလို ခံစားနေရသည်။ သူမ၏ခန္ဓာကိုယ် အခြေအနေကိုလည်း သူ မေးချင်သည်။ ထိုအချိန်က လုံးဝ အရေးကြီးသော အခိုက်အတန့် ဖြစ်နေသောကြောင့် သူမကို မဖြစ်မနေ ဖိအားပေး လုပ်ခဲ့ရသည်။ သူမ အစောပိုင်းက ခံစားရသည့် နာကျင်မှုအား ရှင်းလင်းစွာပင် သူ မှတ်မိနေသေးပေသည်။ ထန်ရှု ချောင်းခြောက်တစ်ချက် ဆိုးလိုက်ပြီးနောက် ထထိုင်လိုက်ကာ
"မင်း … အဆင်ပြေရဲ့လား..."
ရွှယ်ယုလည်း ထထိုင်ကာ ခေါင်းယမ်းပြရင်း နူးညံ့စွာ ဖြေသည်။
“ကျွန်မ အဆင်ပြေပါတယ်။ ပြီးတော့ ကျေးဇူးလည်း တင်ပါတယ်။”
"မင်းက ငါ့ကို ကျေးဇူးတင်နေတာလား။"
ထန်ရှု အူကြောင်ကြောင် ဖြစ်သွားသည်။ သူမကို သူ့အမျိုးသမီးအဖြစ် အတင်းအကြပ် ခံယူစေခဲ့ခြင်းအား သူမက မည်သည့်အတွက်ကြောင့် ကျေးဇူးတင်နေရပါသနည်း။
"ချီရဲ့စီးဆင်းမှုကို နားလည်ဖို့ မလွယ်ဘူးလို့ ရှင် အရင်က ကျွန်မကို ပြောဖူးတယ်။ ပြီးရင် အဲ့ဒါကို ထိန်းချုပ်ဖို့လည်း တစ်နှစ်ခွဲလောက် အချိန်လိုတယ်လေ။ ပြီးရင် ကျွန်မရဲ့ ကျင့်ကြံမှုကို အစစ်အမှန် ချီအဆီအနှစ်အဖြစ် ပြောင်းချင်ရင် တစ်နှစ် နှစ်နှစ်လောက် အချိန် လိုသေးတယ် မဟုတ်လား။ ရှင် ဘာနည်းလမ်းကို သုံးလိုက်တယ်ဆိုတာ ကျွန်မ မသိပေမယ့် ကျွန်မက အစစ်အမှန် အဆီအနှစ်ရှိတဲ့ ကျင့်ကြံသူတစ်ယောက် ဖြစ်လာပြီး ကျင့်ကြံမှုလမ်းကြောင်းထဲကို လျှောက်လှမ်းလိုက်ပြီဆိုတာတော့ သေချာတယ်။"
"ဘာကြီး…"
ထန်ရှုသည် ယခင်အခြေအနေကို ရုတ်တရက် ပြန်သတိရပြီး ရွှယ်ယု၏လက်ကောက်ဝတ်ကို ချက်ချင်း ကိုင်ကာ သူမ၏သွေးခုန်နှုန်းကို စမ်းသပ်လိုက်သည်။ မိနစ်ဝက်အကြာတွင် အစစ်အမှန် အဆီအနှစ်သည် သူမ၏ခန္ဓာကိုယ်အတွင်း၌ ရှိရုံသာမက ပမာဏလည်း မြင့်မားသည်ကို တွေ့ရှိသောကြောင့် ထူးဆန်းသော အမူအရာတစ်ခု သူ့မျက်နှာထက်တွင် ဖြစ်ပေါ်လာသည်။ ယင်နှင့်ယန်အကြား သဟဇာတဖြစ်မှုက ရွှယ်ယုအား အခြေခံတည်ထောင်ခြင်းအဆင့်၏ အစောပိုင်းအဆင့်အထိ တွန်းပို့ခဲ့ပြီဖြစ်သည်။
"ချီသန့်စင်ခြင်းအဆင့်ကို တိုက်ရိုက် ခုန်ကျော်တက်သွားတာလား။"
ထန်ရှု၏ပါးစပ်သည် အကြိမ်အနည်းငယ်မျှ တုန်ရီသွားရသည်။ တစ်ချိန်တည်းမှာပင် ၎င်းသည် မယုံနိုင်နိုင်စရာကောင်းပြီး အဓိပ္ပါယ်မဲ့လွန်းလှသော်လည်း အဖြစ်မှန်အဖြစ် သူ လက်ခံနေရဆဲသာ။ သည်အရာက ကံဆိုးမိုးမှောင်ကျသွားရသည့် ရွှယ်ယုအတွက် ကောင်းချီးတစ်ခုအဖြစ် ပြောင်းလဲသွားခြင်း မဟုတ်တုံလော။
တစ်ဖက်တွင် ရွှယ်ယုသည် ထန်ရှု၏အတွေးများကို သတိမထားမိဘဲ သူမ၏အပြစ်ကင်းစင်လှသော မျက်နှာလေးထက်တွင် အပြုံးတစ်ခု ပေါ်လာပြီး “ကျွန်မကို ကျင့်ကြံသူအဖြစ် အခု ရေတွက်လို့ရပြီ မဟုတ်လား။ ရှင် ကျွန်မကို မှော်မန္တာန်တွေ ဘယ်တော့ သင်ပေးနိုင်မလဲ။"
"မင်း လေ့လာချင်ရင် အချိန်မရွေး လုပ်နိုင်ပါတယ်။" ထန်ရှုက ရယ်မောလိုက်သည်။
“ဒါပေမယ့် ဒီဆေးဓာတ်စာအကြောင်း မင်း ငါ့ကို အရင် ပြောပြသင့်တယ်။”
သူ၏မေးမြန်းမှုကို ကြားလိုက်သောအခါ ရွှယ်ယု၏ မျက်နှာသည် အနည်းငယ် ပျက်သွားကာ လေသံတိုးတိတ်စွာဖြင့် ပြောပြလာသည်။
“အဲ့ဒါ … ကျွန်မ တကယ်ကို စိတ်မကောင်းပါဘူး…။ ဒီဆေးဓာတ်စာမျိုးကို ကျွန်မလည်း ပထမဆုံးအကြိမ် ကျိုဖူးတာပါ။ အစောပိုင်းက ရှင့်ပုံစံ အရမ်းကြောက်စရာ ကောင်းပုံရတော့ ရှင့်အတွက် အရမ်း အန္တရာယ်များခဲ့မှာပဲ။ အခုရော နေရတာ အဆင်ပြေရဲ့လား။"
ထန်ရှုက သူ၏ခေါင်းကို ယမ်းပြီး အပြုံးဖြင့်
"ငါ အရမ်းခံစားရုံတင်မဟုတ်ဘူး အဲ့ဒါက အရမ်းလည်း အကျိုးရှိပါတယ်။ ဆေးဓာတ်စာရဲ့ ပါဝင်ပစ္စည်းတွေက ဈေးကြီးတော့ အစွမ်းထက်တဲ့ ဆေးစွမ်းအားလောက်ပဲ ရှိမယ်လို့ ငါ ထင်ခဲ့တာ။ ထူးဆန်းတဲ့ စွမ်းအားတွေပါ ပါလာလိမ့်မယ်လို့ မမျှော်လင့်ခဲ့မိဘူး။ ငါ့ခန္ဓာကိုယ်ထဲ ကြီးမားတဲ့ ပြောင်းလဲမှုတွေကို ဖြစ်ပေါ်စေခဲ့တယ်။ ကြည့်ရတာ မင်းရဲ့မြောင်ဒေသမှာ တကယ်ကောင်းတဲ့ အရာတွေ အများကြီး ရှိတဲ့ပုံပဲ။”
"ရှင် ကျွန်မနဲ့ ပြန်လိုက်ချင်လား။"
ရွှယ်ယုက ပြုံးပြီး မေးလိုက်သည်။
"ငါ ဒီတလောမှာ အချိန်မပေးနိုင်မှာစိုးတယ်။ ကိစ္စတစ်ချို့ပြီးတဲ့အထိ စောင့်ပါ။ ကြယ်ခြောက်ပွင့် အစီအရင်ရဲ့အချက်အလက်အချို့ကို လေ့လာပြီးရင် ကမ်းဇတ်ကို နောက်တစ်ခေါက် ထပ်သွားဦးမယ်။ အဲ့ဒီနေရာက အစီအရင်ကို ထပ်မြင်ရရင် ငါ တိုးတက်မှုအသစ်တစ်ခု ပြုလုပ်နိုင်လိမ့်မယ်။ ကြယ်ခြောက်ပွင့် အစီအရင်ကို တစ်ခါတည်း ဖြိုခွဲကောင်း ဖြိုခွဲနိုင်ပြီး အဲ့ဒီအင်မော်တယ် ရတနာသိုက်ကို ယူသွားကောင်း ယူသွားနိုင်တယ်။”
"ကမ်းဇတ်ကို သွားရင် ကျွန်မကို ခေါ်သွားပါ။" ရွှယ်ယုက အမြန်ပြောလိုက်သည်။ “အင်မော်တယ်ရတနာသိုက်ထဲ ဘယ်လိုပစ္စည်းတွေ သိမ်းဆည်းထားလဲဆိုတာ ကျွန်မလည်း ကြည့်ချင်လို့။”
“ကောင်းပြီ။” ထန်ရှုက တန်းသဘောတူလိုက်သည်။
ထို့နောက် ချက်ချင်းပင် သူတို့နှစ်ယောက်လုံး တိတ်ဆိတ်သွားကာ ရှက်စရာကောင်းသည့် ပတ်ဝန်းကျင်လေထုကြောင့် အနေရခက်နေကြသဖြင့် နှစ်ယောက်သား စကားမပြောဖြစ်သည့်အပြင် မည်သည့်စကားဆိုရမှန်းပင် မသိကြတော့ချေ။ အချိန်အတော်ကြာပြီးနောက် ထန်ရှုက ထိုအခြေအနေအား သည်းမခံနိုင်တော့ဘဲ မေးလိုက်သည်။
“ငါတို့ ခဏလောက် အနားယူကြမလား။”
ရွှယ်ယုသည် အပြင်ဘက် ကောင်းကင်သို့ လှမ်းကြည့်လိုက်ပြီးနောက် သူမက ခေါင်းညိတ်ပြီး “အွန်း … ရှင် ကျွန်မကို အဖော်ပြုပေးမှာလား။"
"အိုခေ…"
ထို့နောက် နှစ်ယောက်သား တစ်ယောက်နှင့်တစ်ယောက် ဖက်ကာ မကြာမီ အိပ်မောကျသွားသည်။
မည်မျှကြာသွားအောင် အိပ်ပျော်နေမှန်း မသိသော ထန်ရှုသည် သူ၏ဖုန်းမြည်သံကြောင့် နိုးလာသည်။ သူ၏လက်မောင်းကြားထဲတွင် အိပ်မောကျနေသော ရွှယ်ယုသည်လည်း မျက်လုံးများ ပွင့်လာပြီး "တစ်ယောက်ယောက် ဖုန်းဆက်နေတာလား။"
ထန်ရှု ခေါင်းညိတ်ပြကာ သူ၏လက်ကိုင်ဖုန်းအား လှမ်းယူလိုက်သည်။ ခေါ်ဆိုသူမှာ ခန်းရှမှန်း သူ မြင်လိုက်ရပြီးနောက် ဖုန်းပြောလိုက်သည်။
“ဘာဖြစ်လို့လဲ ခန်းရှ…”
"ငါတို့ အခု ရှန်ဟိုင်းမှာ သူဌေး။ နင် ဘယ်မှာလဲ။" ခန်းရှ၏စကားသံ ထွက်ပေါ်လာသည်။
"နှစ်ရက်-သုံးရက်လောက်နေမှ ဒီကို ရောက်မယ်လို့ မင်း ပြောတာမဟုတ်ဘူးလား။ ဒီနေ့ ရှန်ဟိုင်းကို ဘယ်လိုရောက်လာတာလဲ။"
ထန်ရှုက တွေဝသွေားကာ အံ့သြသော လေသံဖြင့် မေးလိုက်သည်။
"သူဌေး … နင် စိတ်ရှုပ်နေတာလား ဘာလား။" ခန်းရှတစ်ယောက် ငိုရမလို ရယ်ရမလို ဖြစ်သွားရသည်။ "အဲ့ဒါ လွန်ခဲ့တဲ့ သုံးရက်လောက်က ပြောခဲ့တာလေ။"
ထန်ရှုသည် ရက်စွဲကို လျင်မြန်စွာ ကြည့်လိုက်ရာ သုံးရက်အကြာ အမှန်ပင်ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ ဆေးဓာတ်စာ သောက်ခြင်း၊ အကျပ်အတည်းကြုံခြင်း၊ အကျိုးကျေးဇူးများ ရရှိခြင်း၊ ရွှယ်ယုကို သူ့အမျိုးသမီးအဖြစ် ဆောင်ကြဉ်းကာ ခဏတာ တစ်ရေးတစ်မောအိပ်စက်ခြင်းတို့သည် ထိုကဲ့သို့ အချိန်ကြာသွားလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။
“ကြယ်ပြာအိမ်ရာကို တန်းသွားပါ။ ငါ အခု လာခဲ့မယ်။"
“ကောင်းပြီ။”
ဖုန်းချပြီးနောက် ထန်ရှုက လက်ကိုင်ဖုန်းကို အိပ်ယာဘေးရှိ စားပွဲပေါ်တင်လိုက်ပြီး
"ငါ လုပ်စရာတစ်ခုရှိလို့ ပြန်လိုက်ဦးမယ်။ ခန်းရှနဲ့ ကုမ္ပဏီကလူတချို့ ရှန်ဟိုင်းကို ရောက်လာကြပြီဆိုတော့ သူတို့နဲ့ ပရောဂျက်တင်ဒါကိစ္စ ဆွေးနွေးဖို့ လိုတယ်။”
"ခမ်းနားသောထန် စီးပွားရေးလုပ်ငန်းစုက စီအီးအို ခန်းရှလား။"
"ဟုတ်တယ်။" ထန်ရှု ခေါင်းညိတ်လိုက်သည်။
“သူမက အရမ်းလှတယ်။” ရွှယ်ယုက မှတ်ချက်ပေးသည်။
ထန်ရှုသည် သူမ၏မှတ်ချက်တွင် အခြားအဓိပ္ပါယ်ရှိ၊ မရှိကို မပြောနိုင်ပေ။ သို့သော် မိန်းမတစ်ယောက်၏ အရှေ့တွင် အခြားမိန်းမကို ချီးမွမ်း၍မရဟု ဖက်တီးယွမ် ပြောပြသည်ကို သူ ကြားဖူးထားသဖြင့် သူမ၏ မှတ်ချက်စကားကို မတုံ့ပြန်တော့ဘဲ
“မနက်ဖြန်ညနေ ငါ အားနိုင်တယ်။ မင်းကို ညစာအတူ စားဖို့ လာခေါ်မယ်။"
“ကောင်းပြီ။”
ရွှယ်ယုသည် အနည်းငယ် မလိုလားသော်လည်း သူမ၏ စိတ်ခံစားချက်များကို ထိန်းချုပ်ထားပြီး ခေါင်းညိတ်ပြဆဲဖြစ်သည်။ သည်အဖြစ်အပျက်မတိုင်မီက ထန်ရှုနှင့် သူမ၏ဆက်ဆံရေးသည် လက်တွေ့တွင် အကြင်လင်မယားမဟုတ်သောကြောင့် ရံဖန်ရံခါသာ သူ့ကို သတိရပြီး လွမ်းဆွတ်သည်ဟု ခံစားခဲ့ရသည်။ ပြောရမည်ဆိုပါက ထိုသူ့အပေါ် အနည်းငယ် သဘောကျရုံသာ ရှိပြီး ခံစားချက် သိပ်မရှိချေ။ ယခုမူ ကွဲပြားသွားပြီဖြစ်သည်။ သူမသည် ထန်ရှုအား သူမ၏နှလုံးသားနှင့်ခန္ဓာကိုယ် နှစ်ခုစလုံးအား ပုံအပ်လိုက်ပြီဖြစ်သောကြောင့် နေ့တစ်ဝက်ပင် ခွဲခွာရန် တွန့်ဆုတ်နေခဲ့သည်။
“ကောင်းပြီ။ အဝတ်အစား ဝတ်ရအောင်။"
ထန်ရှုက ပြုံးကာ သူမ၏နဖူးလေးကို နမ်းလိုက်ပြီးနောက် သူ၏လက်စွပ်ထဲက အဝတ်အစားအသစ်တစ်စုံကို ယူဝတ်လိုက်လေသည်။
***