ထူးချွန်သော ပါရမီရှင်
Vol. 54 Ch. 745
ကြယ်ပြာအိမ်ရာ…
ခန်းရှသည် ထိုနေရာအား နှစ်ကြိမ်ထက်မက ရောက်ဖူးနေသောကြောင့် လုံခြုံရေးအစောင့်များက သူမကို မတားဆီးပေ။ ထန်ရှု၏အိမ်ရှိ အိမ်အကူ အဒေါ်ကြီးနှစ်ယောက်ကလည်း သူမအား အိမ်သခင်မအဖြစ် ဆက်ဆံပြီး အစားအသောက် ပူပူနွေးနွေး တည်ခင်းသည်။ သို့သော် ခန်းရှသည် တူကိုပင် မကိုင်ချေ။ ထန်ရှု အိမ်ပြန်ရောက်ချိန်တွင် ထမင်းစားခန်းထဲတွင် အတွေးများ နစ်မြုပ်နေသော ခန်းရှကို တွေ့သည့်အခါ ပြုံးလိုက်ပြီး တစ်ဖက်ခြမ်းတွင် ဝင်ထိုင်လိုက်သည်။
"ဘာတွေ တွေးနေတာလဲ။"
ခန်းရှ အတွေးကမ္ဘာထဲမှ ပြန်ရောက်လာပြီး သူမ၏ မျက်နှာလှလှလေးထက်တွင် သိမ်မွေ့သော အပြုံးတစ်ခု ပေါ်လာကာ
“ဘာရယ်လို့ မဟုတ်ပါဘူး။ ငါ ခုတလော အရမ်းပင်ပန်းနေလို့ပါ။ ပရောဂျက်တင်ဒါကိစ္စတွေကို ကိုင်တွယ်ပြီးရင် ငါ နိုင်ငံခြားကို အပန်းဖြေခရီး ထွက်ချင်တယ်။”
"အချိန်ကို မင်းကိုယ်တိုင် စီမံပါ။" ထန်ရှုက ခေါင်းညိတ်ပြီး အပြုံးဖြင့်
"ဒါပေမယ့် မင်း မသွားခင် ငါ့ကို ကြိုဖုန်းဆက်ပေး။ မင်းကို ကာကွယ်ဖို့ လူတချို့ ငါ လွှတ်ပေးမယ်။"
“ဟင့်အင်း … ငါ့ရဲ့ကိုယ်ရံတော်တွေနဲ့ လုံလောက်ပါတယ်။" ခန်းရှ ခေါင်းယမ်းလိုက်သည်။
"သူတို့ကို လုံလောက်တယ်လို့ မင်း ထင်ပေမယ့် ငါကတော့ မထင်ဘူး။" ထန်ရှု သက်ပြင်းချလိုက်သည်။ "တရုတ်နိုင်ငံမှာဆိုရင် အတော်လေး လုံခြုံပါတယ်။ ပြီးတော့ မင်းရဲ့ကိုယ်ရံတော်တွေက မင်းကို လျှို့ဝှက်ပြီးဖြစ်စေ လူမြင်ကွင်းမှာဖြစ်စေ အပြည့်အဝ ကာကွယ်ပေးနိုင်တယ်။ ဒါပေမယ့် နိုင်ငံခြား ရောက်သွားရင် မတူတော့ဘူးလေ။ ခမ်းနားသောထန် စီးပွားရေးလုပ်ငန်းစုရဲ့ ထုတ်ကုန်တွေကို လောဘမျက်လုံးတွေနဲ့ စောင့်ကြည့်နေတဲ့ အင်အားစုတွေများစွာ ရှိတယ်။ မင်း တရုတ်နိုင်ငံကနေ ထွက်လိုက်တာနဲ့ အင်အားစုအများအပြားက မင်းကို အာရုံစိုက်လာမှာ သေချာတယ်။ သူတို့က မင်းကို ချောင်းမြောင်းပြီး ပြန်ပေးဆွဲဖို့ တတ်နိုင်သမျှ လုပ်ကြလိမ့်မယ်။”
ခန်းရှ၏မျက်ခုံးလေးများ အနည်းငယ် တွန့်ချိုးသွားသည်။ သူမက တစ်ချက်စဉ်းစားပြီး
“ဒါဆို မေ့လိုက်ပါတော့။ အားလပ်ရက် မယူတာက ပိုကောင်းပါတယ်။"
"မင်းနဲ့အဆင်ပြေရင် ငါ မင်းကို နေရာကောင်းတစ်ခု အကြံပေးနိုင်တယ်။" ထန်ရှုက ပြုံးပြီး ပြောလိုက်သည်။
"ဘယ်နေရာလဲ။" ခန်းရှက မေးသည်။
“ငါတို့ရဲ့အနာဂတ် အခြေစိုက်စခန်းနဲ့ ဌာနချုပ်လည်း ဖြစ်တဲ့ နဂါးကိုးကောင်ကျွန်း။ အခု ရင်ရင်လည်း အဲ့ဒီမှာရှိတယ်။” ထန်ရှုက ပြန်ဖြေသည်။
ခန်းရှ၏မျက်လုံးများ တောက်ပလာပြီး စောင့်မျှော်နေသော အမူအရာဖြင့်
"နင် နဂါးကိုးကောင်ကျွန်းကို ဝယ်ပြီး ပြန်လည်တည်ဆောက်နေတာကို ငါ သိတယ်။ ဒါပေမယ့် အဲ့ဒီနေရာကို တစ်ခေါက်မှ မရောက်ဖူးသေးဘူး။ အိုခေ … ငါ အဲ့ဒီမှာ ကစားဖို့ ခရီးတစ်ခု ထွက်မယ်။"
ထန်ရှု ပြုံးပြီး ခေါင်းညိတ်သည်။ ခန်းရှကို အစားစားရန် ပြောပြီးနောက် စားသောက်ပြီးချိန်တွင် သူတို့နှစ်ယောက် ခဏတာ စကားစမြည် ပြောခဲ့သည်။ ဧည့်ခန်းဆီသို့ သွားကြစဉ် သူမနှင့်အတူ ရှန်ဟိုင်းသို့ လိုက်ပါလာသော ခမ်းနားသော ထန် စီးပွားရေးလုပ်ငန်းစု၏စီနီယာအမှုဆောင်များအား သုခဘုံစံအိမ်တွင် တည်းခိုရန် စီစဉ်ပေးထားကြောင်း သူမထံမှ ထန်ရှု သိရှိခဲ့ရသည်။ တင်ဒါတွေ့ဆုံပွဲအတွက် နေရာကိုလည်း ထိုနေရာအား သတ်မှတ်ထားကြောင်း သိရသဖြင့် ထန်ရှု အံ့အားသင့်သွားကာ မေးလိုက်သည်။
"ဘာလို့ အဲ့ဒီမှာ အစည်းအဝေး လုပ်တာလဲ။"
“ငါတို့ အခု ပိုက်ဆံနည်းနေပြီဆိုတော့ တစ်ပြားတစ်ချပ်ကအစ ဂရုတစိုက် သုံးသင့်တယ်။” ခန်းရှက လေသံတိုးတိုးဖြင့် ပြန်ဖြေသည်။
“နောက်ပြီး သုခဘုံစံအိမ်က အပြင်လူပိုင်တဲ့ လုပ်ငန်း မဟုတ်ဘူးလေ။ ငါတို့ရဲ့အရင်းအမြစ်တွေကို အခြားအဖွဲ့အစည်းအချို့မှာ မသုံးဘူးလို့ ဆိုနိုင်တယ်။ အိုးရန်လူလူက နတ်ဘုရားဝတ်ရည်ဝိုင်ကို ထပ်တောင်းတဲ့ နောက်ဆုံးအကြိမ်က လုံးဝယဉ်ကျေးသိမ်မွေ့တာမျိုး မရှိပေမယ့် ငါတို့တွေ ကုန်ကျစရိတ်အချို့ကို လျှော့ချနိုင်တဲ့အတွက် ကောင်းပါသေးတယ်။”
အဟွတ် … အဟွတ် …
ထန်ရှုသည် ထိုစကားကို ကြားပြီးနောက် အနည်းငယ် နေရခက်သွားသည်။ ခန်းရှ၏လေသံထဲမှ မခံချိမခံသာဖြင့် စိတ်အားလျော့နေသော အငွေ့အသက်ကို သူ ခံစားနိုင်သည်။ အခြားကိစ္စတစ်ခုကို ထန်ရှု ချက်ချင်း ပြန်သတိရသွားသည်။ သူမ ပင်ပန်းလွန်းသဖြင့် နိုင်ငံခြားကို အပန်းဖြေခရီး ထွက်ချင်သည်ဟု ယခုလေးတင် ပြောသွားသည်။ ထိုအရာသည် သူနှင့် အိုးရန်လူလူကြားက ကိစ္စကြောင့် ဖြစ်ပေါ်ခြင်းလေလား။
သူ၏အတွေးများ ထိုနေရာသို့အရောက်တွင် ထန်ရှု ခေါင်းကိုက်လာသည်။ ယောက်ျားနှင့်မိန်းမကြားက ဆက်ဆံရေးသည် လွန်စွာ ရှုပ်ထွေးလွန်းလှသည်။ သူသည် လေးမှမြှားများကို လွှတ်လိုက်ပြီ ဖြစ်သောကြောင့် သူ့အတွက် နောက်ပြန်လှည့်၍ မရတော့ပေ။ ထိုအရာသည် ခန်းရှအတွက် အတော်ပင် မမျှမတ ဖြစ်နေပြီဟု သူ၏စိတ်ထဲတွင် ခံစားမိပေသည်။
ခန်းရှ၏မျက်နှာလေး ညိုသွားခဲ့ချေပြီ။ ထန်ရှု၏အမူအရာမှတဆင့် အိုးရန်လူလူ ပြောခဲ့သော စကားများ မှန်သည်ဟု သူမ ကောက်ချက်ချနိုင်ပါသည်။ တစ်နေ့ ထိုသို့သောအရာများနှင့် ကြုံတွေ့လာရလိမ့်မည်ဟု သူမ အချိန်အတော်ကြာကတည်းက စိတ်ကို ပြင်ဆင်ထားပါသော်လည်း ဝမ်းနည်းမှုနှင့် စိတ်ဓာတ်ကျအားငယ်မှုတို့သည် တလှိုက်လှိုက် ဖြစ်ကာ သူမ၏နှလုံးသားထဲတွင် ပြည့်နှက်နေလျက်ရှိသည်။
ထန်ရှု စိတ်ထဲမှ သက်ပြင်းသာ ချနိုင်ခဲ့သည်။ သည်အချိန်သည် သူ နှုတ်ဆိတ်နေရမည့်အချိန် မဟုတ်မှန်း နားလည်သောကြောင့် မတ်တပ်ရပ်ပြီး သူမ၏လက်ကို ဆွဲလိုက်သည်။
"နင် ငါ့ကို ဘယ်နေရာ ခေါ်သွားနေတာလဲ။"
ထန်ရှု သူမကို ခေါ်ကာ ကားမောင်းထွက်လာခဲ့ပေရာ နောက်ဆုံးတွင် ခန်းရှက မေးလိုက်သည်။
“မင်းက ကုမ္ပဏီစီမံခန့်ခွဲတာနဲ့ အမြဲတမ်း အလုပ်ရှုပ်နေခဲ့တာလေ။ ဈေးဝယ်ထွက်တာ သိပ်မှ မရှိတာ။ ဒီတနေ့လည်ခင်းလုံး အလုပ်နဲ့ပတ်သက်တဲ့ အရာအားလုံးကို ဘေးဖယ်ထားလိုက်။ ကိုယ် မင်းကို အဖော်လုပ်ပေးပြီး လမ်းလျှောက်ထွက်မယ် … ဈေးဝယ်ထွက်မယ်။"
ခန်းရှသည် ထန်ရှု၏ရည်ရွယ်ချက်ကို သိသည်။ သည်ဟာသည် သူမကို တောင်းပန်နေသည့် ထန်ရှု၏နည်းလမ်းပင်။ ထိုအကြောင်းကို ပြောရမည်ဆိုပါက သူမနှင့် ထန်ရှုသည် အချိန်အတော်ကြာ အတူနေခဲ့ကြသော်လည်း သူမနှင့်အတူ လမ်းလျှောက်ပြီး ဈေးဝယ်ထွက်သည့် အကြိမ်အရေအတွက်မှာ လွန်စွာ နည်းပါးလှသည်။
လမ်းလျှောက်ခြင်း၊ ဈေးဝယ်ထွက်ခြင်း၊ ထမင်းစားခြင်း၊ ရုပ်ရှင်ကြည့်ခြင်း။
တနေ့ခင်းလုံးနှင့်တညနေခင်းလုံး ထန်ရှုနှင့် ခန်းရှတို့သည် မခွဲမခွာနိုင်ဘဲ ရှန်ဟိုင်းမြို့၏ လူစည်ကားသော နေရာများစွာတွင် သူတို့နှစ်ယောက်၏ ခြေရာများကို ချန်ရစ်ထားခဲ့ကြသည်။ ညဦးယံအချိန်မှသာ သူတို့သည် ကြယ်ပြာအိမ်ရာသို့ ပြန်လာကြပြီး ယောက်ျားနှင့် မိန်းမကြား “အိပ်ရာထက်ချစ်ပွဲ”အား နောက်ဆုံး မောပန်းနွမ်းနယ်ပြီး ကျေနပ်အားရသည့်အထိ ဆင်နွှဲခဲ့ကာ သူတို့၏တောက်လောင်နေသော ဆန္ဒမီးတောက်များကို လောင်ကျွမ်းစေခဲ့သည်။
သူတို့နှစ်ယောက် ပြည့်ဝစွာ စိတ်ကျေနပ်မှုရနေချိန်တွင် ရှန်ဟိုင်း ဝမ်ကွာနေရာရှိ ဟိုတယ်တစ်ခု၏ အဆင်မြင့်စီးပွားရေးခန်းတစ်ခု၌ ဆံပင်အဖြူရောင် လူရွယ်တစ်ဦးသည် အိပ်မပျော်နိုင်ဖြစ်နေကာ ခါးသီးသောအမူအရာဖြင့် စီးကရက် သောက်နေရသည်ကို ထန်ရှုတို့နှစ်ဦးလုံး မသိခဲ့ကြပေ။
ထိုလူရွယ်သည် ကျာ့ကျန်းပြည်နယ်မှ စန်းယွမ်အုပ်စု၏ အထွေထွေမန်နေဂျာ ချန်ဇီရွှယ်ဖြစ်ပြီး ပိုင်ဆိုင်မှု ဘီလီယံနှင့်ချီကာ ချမ်းသာကြွယ်ဝသော အမျိုးသားတစ်ယောက်ဖြစ်သည်။ သူသည် လူငယ်များစွာ၏စံပြပုဂ္ဂိုလ်နှင့် အမျိုးသမီးများ၏အမြင်တွင် ပြီးပြည့်စုံသော လူပျိုတစ်ဦးလည်း ဖြစ်သည်။
"တစ်ပိုင်းချောထုတ်ကုန်တွေ ရလာပြီလား။"
လက်တစ်ဖက်က စီးကရက်ကို ကိုင်ထားပြီး အခြားလက်တစ်ဖက်က ရေနွေးခွက်ကို ကိုင်ထားရင်း သူသည် မျက်မှောင်ကြုတ်ကာ စိတ်ပူပန်နေပုံရသည်။
စန်းယွမ်အုပ်စုသည် တရုတ်နိုင်ငံရှိ ထိပ်တန်း ဆောက်လုပ်ရေးကုမ္ပဏီဆယ်ခုတွင် ဝင်ရောက်ရန်အတွက် သူ၏ ရွှေလက်နှင့် ခွဲခြား၍မရပေ။ သို့သော် သူသည် ဤအခိုက်အတန့်တွင် ကူကယ်ရာမဲ့နေပြီး ကြံရာမရဖြစ်နေဟန်ရသည်။
သူသည် ငယ်ရွယ်ပြီး လက်ရှိတွင် အသက် ၂၉နှစ်သာ ရှိသေးသည်။ လွန်ခဲ့သော ၈နှစ်က သူသည် ကျာ့ကျန်းပြည်နယ်ရှိ ချမ်းသာပြီး လူလတ်တန်းစားအားလုံး၏ သခင်လေးများ၏ အကြွင်းမဲ့ခေါင်းဆောင်အဖြစ် သတ်မှတ်ခံရသော၊ ငယ်ရွယ်ပြီး ကရော်ကမည်နိုင်သော လူငယ်လေးတစ်ဦးမျှသာ ဖြစ်သည်။ သူ၏ နာမည်ဂုဏ်သတင်းသည် လုံး၀ ရှုပ်ယှက်ခတ်နေသည်ဟု လူအများက ဆိုကြသည်။ သူသည် ငယ်ရွယ်စဉ်အချိန်က ပိုက်ဆံကိုထိုင်ဖြုန်းကာ ပျော်ရွှင်သောဘဝ၌ လွတ်လပ်ပေါ့ပါးစွာ နေထိုင်နိုင်မည်ဟု ယခင်က သူ ထင်ခဲ့မိသည်။ သို့သော် သူ့ခေါင်းအထက်က ကောင်းကင်သည် ပြိုကျသွားခဲ့သည်။
စန်းယွမ်အုပ်စု၏စီအီးအိုဖြစ်သော သူ့ဖခင်သည် ဦးနှောက်သွေးယိုစီးမှုကြောင့် ကွယ်လွန်သွားခဲ့ပြီး ကြီးမားသော ဖိအားနှင့် ဝန်ထုပ်ဝန်ပိုးသည် ရုတ်တရက် သူ့အပေါ်သို့ ကျရောက်လာသည်။ ထိုအရာသည် သူ့ကို ပြိုကွဲသွားအောင် မလုပ်နိုင်သော်လည်း စိုးရိမ်ပူပန်မှုများကြောင့် သူ၏ဆံပင်များသည် ညတွင်းချင်း ဖြူသွားခဲ့သည်။ ရှယ်ယာဆက်ခံပိုင်ခွင့်၏ ၇၅%ကို ကိုင်စွဲထားခြင်းကြောင့် စီအီးအိုအသစ် သူ ဖြစ်လာခဲ့သော်လည်း လူအများအပြားက ရယ်မောစရာ ဖြစ်လာရန် သူ့အား စောင့်မျှော်နေကြသည်။
သို့သော် ဤရှစ်နှစ်အတွင်းတွင် သူသည် သူ၏ယခင် သူဌေးသားသခင်လေး၏နေထိုင်မှုပုံစံကို ပြောင်းလဲခဲ့ပြီး အမျိုးမျိုးသော အသိပညာများကို အရူးအမူးသင်ယူကာ ချို့ယွင်းချက်များကို အဆက်မပြတ် ဖြည့်ဆည်းခဲ့သည်။ သူသည် မန္တာန်တစ်ခုနှင့် အပြုစားခံလိုက်ရသလိုပင်။ စန်းယွမ်အုပ်စုကို စီအီးအိုအဖြစ် သူ တာဝန်ယူသည့် ပထမနှစ်တွင် သူ့ကုမ္ပဏီ၏စတော့အညွှန်းကိန်း ဈေးနှုန်းသည် ၂၀%နီးပါး သိသိသာသာ ကျဆင်းသွားပြီး ကုမ္ပဏီ၏ ပိုင်ဆိုင်မှုများကို ပြင်းထန်စွာ လျော့သွားစေခဲ့သည်။ သူ တာဝန်ယူပြီးနောက် ဒုတိယနှစ်တွင် ကုမ္ပဏီ၏အသုံးစရိတ်နှင့်ဝင်ငွေသည် မျှတသွားကာ အကျိုးအမြတ်အမှတ်ကို ရရှိခဲ့သည်။ တတိယနှစ်တွင် သူသည် အလွန်အန္တရာယ်များသော ပေါင်းစည်းမှု၊ တိုးတက်ဖွံ့ဖြိုးမှုတို့ဖြင့် အိမ်ခြံမြေအသစ်တစ်ခုကို ရောင်းချနိုင်ခဲ့ပြီး သူ၏ပထမနှစ်မှ ကျန်ရှိနေသေးသော ဆုံးရှုံးမှုအချို့အား ပြန်လည်ကာမိစေခဲ့သည်။
စတုတ္ထနှစ်…
ပဉ္စမနှစ်…
၎င်းတို့သည် မြေကွက်အများအပြားကို ရယူကာ နေရာတိုင်းတွင် ဖွံ့ဖြိုးဆဲ လူနေရပ်ကွက်များ၊ စီးပွားရေး အဆောက်အအုံများကို ရောင်းချခြင်းကြောင့် စန်းယွမ်အုပ်စု၏ဝင်ငွေသည် ရပ်တန့်မသွားဘဲ တိုးမြင့်လာသည်ဟု ဆိုနိုင်သည်။
အဋ္ဌမနှစ်တွင် စန်းယွမ်အုပ်စု၏စုစုပေါင်းပိုင်ဆိုင်မှုသည် ဆယ်ဆတိုးလာပြီး ချန်ဇီရွှယ်သည် ကြီးကျယ်ခမ်းနားသော နာမည်ဖြင့် နာမည်ကျော် အိမ်ခြံမြေသူဌေးကြီးတစ်ဦး ဖြစ်လာခဲ့သည်။
ဖုန်းမြည်သံ…
သူ၏ဖုန်းမြည်သံက သူ့အား ပစ္စုပ္ပန်ကာလသို့ ပြန်ခေါ်လာပြီး ချန်ဇီရွှယ်၏အမူအရာသည် ပြောင်းလဲသွားသည်။ သူသည် ထိုဖုန်းအား မြန်မြန်လက်ခံလိုက်ပြီး
“တွေ့ပြီလား။”
"ငါ့မှာ …"
ခဏအကြာတွင် ချန်ဇီရွှယ်က ဖုန်းချလိုက်ပြီး အခြားနံပါတ်တစ်ခုကို ခေါ်ဆိုလိုက်သည်။
****
ကြယ်ပြာအိမ်ရာ…
ထန်ရှုသည် အိပ်မောကျသွားရုံရှိသေးချိန်တွင် ကျယ်လောင်စွာ မြည်လာသော သူ၏ဖုန်းသံကြောင့် အိပ်ပျော်နေရာမှ နိုးလာသည်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော ခန်းရှအား ကြည့်လိုက်ကာ သူ့ဖုန်းကို ကိုင်ရန်ကလွဲပြီး ရွေးချယ်စရာမရှိတော့ပေ။ မြင်နေကျ မဟုတ်သည့် မရင်းနှီးသော ဖုန်းနံပါတ်မှ ခေါ်ဆိုမှုဖြစ်သည်ကို သူ တွေ့လိုက်သောကြောင့် အချိန်အတော်ကြာ ချီတုံချတုံဖြစ်နေပြီးမှ လက်ခံလိုက်သည်။
"ထန်ရှု ပြောနေပါတယ်။ ဘယ်သူဆက်တာပါလဲ။"
"အချိန်နောက်ကျမှ မင်းကို စိတ်အနှောက်အယှက် ပေးမိလို့ စိတ်မကောင်းပါဘူး မစ္စတာထန်။ ငါက စန်းယွမ်အုပ်စုက ချန်ဇီရွှယ်ပါ။"
"မင်း ဘာပြောချင်တာလဲပြောပါ။"
ထန်ရှု၏လေသံက အနည်းငယ် ရိုင်းနေသည်။ သူက "အိပ်ရာထက်လေ့ကျင့်ခန်း" လုပ်ပြီး အနည်းငယ် ပင်ပန်းနေကာ အိပ်မောကျရုံရှိသေးချိန်တွင် ဆူညံသံကြောင့် ပြန်နိုးလာခဲ့ရသဖြင့် သူ၏စိတ်အခြေအနေသည် အတော်ပင် ဆိုးရွားနေခဲ့သည်။
"ညကြီးအချိန်မတော် မင်းကို စိတ်အနှောက်အယှက် ဖြစ်မိစေလို့ စိတ်မကောင်းပါဘူး မစ္စတာထန်။ ဒါ မလျော်ကန်ဘူးဆိုတာ သိပါတယ်။ ငါ ဒီလိုလုပ်ပိုင်ခွင့် မရှိဘူးဆိုပေမယ့် ငါ့မှာ တခြားရွေးချယ်စရာ မရှိလို့ပါ။ မင်းနဲ့တွေ့ဖို့ ငါ့ကို အချိန်ခဏလောက် ပေးလို့ရမလား။"
"အခုလား။ မင်း ငါ့ကို လာနောက်နေတာလား။"
ထန်ရှု အချိန်ကို ကြည့်လိုက်သောအခါ မနက် နှစ်နာရီခွဲသာ ရှိသေးသည်ကို တွေ့ရသည်။
ချန်ဇီရွှယ်က အားတင်းပြုံးလိုက်ပြီး
"မနက်ဖြန်အထိ စောင့်နေရင် ငါ တင်ဒါထဲကနေ အထုတ်ခံရမှာစိုးလို့ပါ။"
မနက်ဖြန်လား…
ထို့အခါမှ ထန်ရှုသည် မနက်ဖြန်ပရောဂျက်အတွက် တင်ဒါခေါ်ယူထားကြောင်း သတိရမိသည်။ ခန်းရှသည် ထိပ်တန်းပြည်တွင်း ဆောက်လုပ်ရေးကုမ္ပဏီ ၁၀ခုအား စာရင်းလုပ်ထားကြောင်းကိုလည်း ပြန်တွေးလိုက်မိသည်။ စန်းယွမ်အုပ်စုသည် ၎င်းတို့အနက်မှ တစ်ခုဖြစ်ပြီး ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ်မှာ ချန်ဇီရွှယ် ဖြစ်သည်။
သို့သော် အခုချိန်သည် အချိန်မတော်ကာလ ဖြစ်နေပြီ။ တင်ဒါခေါ်ယူမည့် ပရောဂျက်ကို ရယူရန်အတွက် နောက်ဖေးတံခါးပေါက်ကို သူက ဖြတ်ချင်တာလား။
ထန်ရှုက မဖြေခင် စက္ကန့်အတော်ကြာ စဉ်းစားပြီးနောက် "မင်းက အခု ဘယ်မှာလဲ။"
"ငါက ဝမ်ကွာနေရာက ဟိုတယ်တစ်ခုမှာနေတယ်။"
“အဲ့ဒါ ဘယ်မှာလဲ ငါ မသိဘူး။ ငါ့ကိုတွေ့ချင်ရင် တစ်နာရီအတွင်း ရှန်ဟိုင်းတက္ကသိုလ်ကို လာခဲ့။ ဝင်ပေါက်မှာ မင်းကို စောင့်နေမယ်။"
မိနစ် ၄၀ကြာသောအခါ ရှန်ဟိုင်းတက္ကသိုလ် ကျောင်းဝင်းအဝင်ပေါက်တွင် …
ထန်ရှုသည် သပ်ရပ်စွာ ဝတ်စားထားပြီး အွန်လိုင်းမှ သူ ရှာတွေ့ခဲ့သော အချက်အလက်များကို တိတ်ဆိတ်စွာ လှန်ကြည့်ရင်း ကားအတွင်း၌ စောင့်ဆိုင်းနေခဲ့သည်။ ထိုအချက်အလက်များတွင် ချန်ဇီရွှယ်၏ ကိုယ်ရေးရာဇဝင်များနှင့် အစုရှယ်ယာများအကြောင်း အားလုံး ပါသည်။ အကြောင်းအရာသည် တိုတောင်းသော်လည်း အလေးပေးထားသော အချက်များစွာ ရှိသည်။ ထိုအချက်များကို ဖတ်ပြီးနောက်တွင် ဤချန်ဇီရွှယ်သည် သူနှင့်နှိုင်းယှဉ်နိုင်သည်ဟုပင် ထင်ယောင်ထင်မှား ဖြစ်သွားရသည်။ ထိုသူသည် ညတွင်းချင်းပင် သူ၏ ပင်ကိုယ်စရိုက်နှင့် သဘာဝကို အကြီးအကျယ် ပြောင်းလဲခဲ့ပြီး စိန်ခေါ်မှုများစွာကို ဖြတ်ကျော်အောင်မြင်လာခဲ့သူဖြစ်သည်။
"ဌာနချုပ်က နောက်ထပ်အချက်အလက်တစ်ခု ပို့လိုက်သေးတယ် သူဌေး…"
ပြတင်းပေါက်အပြင်ဘက်မှာ ရပ်နေသည့် မိုအားဝူက သူ၏တက်ဘလက်ဖုန်းကို ထန်ရှုအား ပေးလိုက်သည်။
ထန်ရှု ထိုအရာကို လက်ခံပြီး သေသေချာချာ ဖတ်ပြီးနောက် သူ၏အမူအရာသည် အလွန်လေးနက်သော အမူအရာဖြစ်သွားခဲ့သည်။ ထာဝရခန်းမတွင် ချန်ဇီရွှယ်နှင့်ပတ်သက်သည့် အချက်အလက် အမှန်တကယ် ရှိလိမ့်မည်ဟု သူ မထင်ထားပေ။ အချက်အလက်သည် လွန်စွာ အသေးစိတ်ပြီး မှတ်တမ်းတွင် လူအများမသိနိုင်သော ကိစ္စအချို့ပါရှိကြောင်း သိသာပေသည်။
"သန့်ရှင်းသောယန်ဖွဲ့စည်းပုံအပြင် ထူးချွန်သော ပါရမီရှင်။"
စာရွက်ပေါ်ရှိ ဂူရှောင်ရွှဲ့ ရေးခဲ့သော နောက်ဆုံးမှတ်စုသည် ထန်ရှု၏စိတ်ထဲတွင် ပဲ့တင်ထပ်နေသည်။
ထန်ရှု တခဏတုံ့ဆိုင်းသွားပြီးနောက် ဂူရှောင်ရွှဲ့ဆီ ဖုန်းဆက်လိုက်သည်။ ထို့နောက် သူက မေးလိုက်သည်။
“ချန်ဇီရွှယ်နဲ့ပတ်သက်တဲ့ အချက်အလက်တွေ ဘာလို့ ရှိနေတာလဲ။ ထာဝရခန်းမအတွက် မင်း ဘာကြောင့် မရွေးခဲ့တာလဲ။”
"ဆရာသခင်က သူငယ်ငယ်လေးတုန်းက အမှတ်တမဲ့ တွေ့ခဲ့တာ။ ချန်ဇီရွှယ်ရဲ့အခြေအနေကို စောင့်ကြည့်ဖို့ ဆရာသခင်က ကျွန်မတို့ကို အမိန့်ပေးခဲ့တယ်။ ဒါပေမယ့် ဆရာသခင်က စေတီတော်အတွင်း တစ်နှစ်ပတ်လုံး နေထိုင်ရလို့ သူ့ကို စုံစမ်းဖို့ ကျွန်မကပဲ လူတွေကို စေလွှတ်တာဝန်ပေးခဲ့တယ်။ နောက်ဆုံးတော့ သူ့မှာ ပြဿနာရှိတဲ့ စိတ်နေစိတ်ထားတစ်ခု ရှိနေတာကို တွေ့ခဲ့ရတယ်။ ဒါကြောင့် သူ့ရဲ့အချက်အလက်တွေကို စုဆောင်းတဲ့လူတွေကို ထာဝရခန်းမဆီ သူ့ကို မခေါ်ဖို့ အမိန့်ထုတ်ခဲ့ရတယ်။”
သူ့ရဲ့ပင်ကိုယ်စရိုက်မှာ ပြဿနာတစ်ခု ရှိနေတာလား…
ထန်ရှုက အချက်အလက်ကို ပြန်ကြည့်လိုက်ရာ ဂူရှောင်ရွှဲ့ ရေးထားသည့် မှတ်ချက်တစ်ခု ရှိနေသေးသည်။
ပဟေဠိဆန်ပြီး ခန့်မှန်းရန် မဖြစ်နိုင်သော စိတ်၊ အရိုင်းဆန်သော သဘာဝနှင့် အောက်ခြေရှိ ရိုင်းစိုင်းမှုကို ထိန်းကျောင်းရန် ခက်ခဲ၊ ပြဿနာများကို ကိုင်တွယ်ရာတွင် ရက်စက်ကြမ်းကြုတ်သော၊ သမားရိုးကျမဟုတ်သော ဂိမ်းများဖြင့် အပန်းဖြေရန် နှစ်သက်။
ထန်ရှု ဖုန်းချလိုက်ပြီး တက်ဘလက်ဖုန်းကို မိုအားဝူထံ ပြန်ပေးလိုက်သည်။ ထို့နောက် သူဘာသာ တီးတိုးရေရွတ်လိုက်သည်။
“သူက တော်တော် အရည်အချင်း ရှိတာပဲ။ ဒီမှာမွေးတာ တကယ်ကို နှမြောဖို့ ကောင်းတယ်။”
"သူဌေး … သူ့ကို သူဌေးရဲ့လက်အောက်ထဲ သိမ်းသွင်းချင်တာလား…။"
ထန်ရှု၏အမူအရာကို ကြည့်ရင်း မိုအားဝူက မေးသည်။
ထန်ရှုက ခဏတာ ငြိမ်သက်သွားပြီး ရုတ်တရက် ပြုံးပြကာ
“သူ့ကို ပိုပြီး စောင့်ကြည့်စိစစ်ချင်သေးတယ်။ ဒီနေ့ခေတ်မှာ ငါ့ရဲ့စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်တာ လူအနည်းငယ်ပဲ ရှိတယ်ဆိုတော့လေ။ သူ့ဆီမှာ ကျေနပ်အံ့သြဖို့ကောင်းတာ တစ်ခုခု ရှိရင် … ဖြစ်ကောင်းဖြစ်လိမ့်မယ်။”
***