← Chapters

အကျင့်စရိုက်၊ အတွေးအခေါ်နှင့် စိတ်ခံစားချက်အား စမ်းသပ်ခြင်း

Vol. 54 Ch. 746

အကျင့်စရိုက်၊ အတွေးအခေါ်နှင့် စိတ်ခံစားချက်အား စမ်းသပ်ခြင်း

Vol. 54 Ch. 746

ဆိုးရွားသော ဆောင်းရာသီကို ကျော်လွန်သွားပြီဖြစ်သော်လည်း မနက်၃နာရီ၏ပတ်ဝန်းကျင်လေထုသည် အေးစိမ့်နေဆဲဖြစ်သည်။ လမ်းမီးတိုင်များ၏ မှိန်ပျပျ အလင်းရောင်အောက်တွင် စာငှက်ကလေး အနည်းငယ်သည် နိမ့်တုံ မြင့်တုံ ပျံသန်းနေကြကာ ဆာလောင်မှုကို ဖြေဖျောက်ရန်အတွက် အစာရှာ ထွက်နေကြပြီဖြစ်သည်။

သူ၏စီးကရက်ဖင်စီခံအထိ မီးလောင်သွားချိန်တွင် အနက်ရောင် မာစီးဒီးဘင့်ကားသည် ထန်ရှု၏ကားအရှေ့တွင် လျင်မြန်စွာ ထိုးရပ်လာခဲ့သည်။ တောင့်တင်းသော လူတစ်ယောက် ဆင်းလာပြီး ကားနောက်တံခါးကို ဖွင့်လိုက်ရာ ချန်ဇီရွှယ် ထွက်လာပြီး သူ၏အနက်ရောင် လေကာကာအင်္ကျီကို ခပ်တင်းတင်း ဆွဲစေ့လိုက်ရင်း စာရွက်တစ်လိပ်ကို သယ်ဆောင်ကာ ထန်ရှု၏ကားဆီသို့ လာခဲ့သည်။

"မင်္ဂလာပါ မစ္စတာထန်…"

ထန်ရှုသည် ကားပေါ်မှ ဆင်းရန် ရည်ရွယ်ချက်မရှိဟု ချန်ဇီရွှယ် သဘောပေါက်သောကြောင့် ကားပြတင်းပေါက်နား ခါးကိုင်းကာ ပြောရုံမှတပါး သူ့တွင် ရွေးချယ်စရာမရှိပေ။

ထန်ရှုသည် ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် ရှိနေသည်။ သူသည် ပြတင်းပေါက်မှ စီးကရက်ဖင်စီခံကို တောက်ထုတ်လိုက်ရာ ချန်ဇီရွှယ်၏မျက်နှာ အနည်းငယ် ပျက်သွားသည်ကို တွေ့လိုက်ရပြီး

“မင်း ပြောစရာရှိတာ မြန်မြန်ပြောပါ။ ရာသီဥတုက အေးတယ်။ အပြင်မှာထက် အိပ်ယာပေါ်မှာ အိပ်တာက ပိုပြီး သက်တောင့်သက်သာ ရှိတယ်။”

ချန်ဇီရွှယ် တခဏ တိတ်ဆိတ်သွားပြီး ရုတ်ခြည်းပင် ပြုံးလိုက်ကာ

"အချိန်မတော် မင်းကို စိတ်အနှောက်အယှက် ဖြစ်စေမိတဲ့အတွက် ငါ အရမ်းတောင်းပန်ပါတယ် မစ္စတာထန်။ ဘာကြောင့် ဒီလိုလုပ်ရတာဲဆိုတော့ မနက်ဖြန် တင်ဒါခေါ်တော့မယ့် မင်းကုမ္ပဏီရဲ့ ဆောက်လုပ်ရေး ပရောဂျက်နဲ့ ပတ်သက်နေလို့ပါ။ အနုစိတ်လုပ်ရတဲ့ အလုပ်တွေအတွက် အချိန်ယူပြီး ဖြည်းဖြည်းချင်း လုပ်ဖို့ လိုအပ်တယ်ဆိုတဲ့စကားကို မစ္စတာထန်လည်း ကြားဖူးလောက်မှာပါ။ ပြီးတော့ မင်းရဲ့ကုမ္ပဏီက အချိန်တိုလေးပဲ ပေးတာမို့ အသေးစိတ်ပုံစံဒီဇိုင်းဆွဲဖို့ ဗိသုကာအဖွဲ့ကို ငါကိုယ်တိုင် တာဝန်ယူခဲ့ပြီး ၆၀%လောက်တော့ ပြီးနိုင်ခဲ့တယ်။ ကျေးဇူးပြုပြီး ကြည့်ပေးပါ။"

ထန်ရှုသည် ထိုသူအား ပေါ့ပေါ့ပါးပါး စိုက်ကြည့်ပြီးနောက် လိပ်ထားသော ဒီဇိုင်းကို ယူလိုက်သည်။ ထိုဒီဇိုင်းလိပ်ကို ဖြန့်လိုက်သည်နှင့် သူ၏အကြည့်များက ချက်ချင်းပင် ထိုအပေါ် စူးစိုက်ကြည့်မိပြီး အကြိမ်အနည်းငယ်ခန့်ပင် သေချာစွာ ကြည့်မိလိုက်သည်။

ထန်ရှု ပေးထားသော ပင်မဒီဇိုင်းကို အမှီလိုက်ကာ အလွန်ကောင်းမွန်သော ဒီဇိုင်းကို ပြုလုပ်ထားခြင်း ဖြစ်သည်။ ကြမ်းပြင်အမြင့်၊ အဆောက်အအုံများ ဖြန့်ကျက်ထားမှု၊ ဗိသုကာဒီဇိုင်းနှင့် နေရာတို့ကို အသုံးပြုမှုတို့အား ကောင်းမွန်စွာ ခွဲခြားပိုင်းခြားထားပြီး ... ၎င်းတို့အားလုံးသည် ကောင်းမွန်သော ဒီဇိုင်းများ ဖြစ်ကာ အတော်ပင် လက်ရာမြောက်ပေသည်။ ခေတ်မီဗိသုကာဒီဇိုင်းဆိုင်ရာတွင် သူ၏အသိပညာဗဟုသုတသည် သိပ်မနက်ရှိုင်းသော်လည်း ထန်ရှုသည် အံ့အားသင့်နေရဆဲဖြစ်သည်။

ကံမကောင်းစွာဖြင့် ၎င်းသည် မပြီးဆုံးသေးသော၊ သို့မဟုတ် တစ်ဝက်တစ်ပျက်သာ ပြီးသေးသော ထုတ်ကုန်တစ်ခု ဖြစ်နေသည်။

ထန်ရှုသည် အခြားဒီဇိုင်းဒါဇင်ပေါင်းများစွာကို လေ့လာကြည့်ရှုပြီးနောက် ၎င်းတို့ကို ပြန်လိပ်လိုက်ပြီး ချန်ဇီရွှယ်အား ပြန်ပေးလိုက်ကာ

“ဒီမှာ အရမ်းအေးတယ်။ စကားပြောဖို့ တခြားနေရာ ရှာရအောင်။"

ချန်ဇီရွှယ်၏မျက်လုံးများ အရောင်လက်သွားပြီး မဆိုင်းမတွဘဲ သူ့ကားဆီ ပြန်လာသည်။ ကားနှစ်စီးသည် ၁၀ မိနစ်ထက်မနည်း မောင်းနှင်လာခဲ့ကြရာ အနီးနားမှ လမ်းတစ်ခုပေါ်ရှိ ၂၄ နာရီဖွင့်ထားသော  ကုန်မျိုးစုံ စတိုးဆိုင်တစ်ခု၏ဝင်ပေါက်နားတွင် နောက်ဆုံးတွင် ရပ်လိုက်ကြသည်။

“ကြိုဆိုပါတယ်။”

ငယ်ရွယ်လှပသော အမျိုးသမီး စာရေးမလေးက ခေါင်းကို မော့ကာ နှုတ်ဆက်သည်။ ဤ ၂၄ နာရီ စတိုးဆိုင်တွင် အရောင်းဝန်ထမ်းအဖြစ် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ရှိကြပြီး သုံးဦးစလုံးသည် ငယ်ရွယ်သူများ ဖြစ်ကြသည်။ သို့သော်လည်း ကောင်တာရှိ အမျိုးသမီးဝန်ထမ်းက ထန်ရှုကို တွေ့သောအခါ အံ့အားသင့်စွာဖြင့်

"ထန်ရှုလား…"

ဆိုင်ထဲ ဝင်သွားသော ထန်ရှုသည် အမျိုးသမီးဝန်ထမ်းလေးအား အာရုံမထားမိပေ။ သူ၏နာမည်အား ခေါ်သံကြားလိုက်မှသာ အဝေးကနေ လှမ်းကြည့်မိလေသည်။ သူ မမျှော်လင့်ထားသည်မှာ အမျိုးသမီးဝန်ထမ်းလေးသည် ရီလျန်ယန် ဖြစ်နေခြင်းပင်။

"မင်း ဘယ်လိုဖြစ်ပြီး ဒီကို ရောက်နေတာလဲ။"

ထန်ရှုကို တွေ့လိုက်ရသဖြင့် ရီလျန်ယျန် အံ့သြဝမ်းသာသွားဟန်ရသည်။ သူမက အနည်းငယ် ရှက်ရွံ့နေဟန်ဖြင့်

“ကျွန်မ ပိုက်ဆံပြတ်သွားလို့ စားဝတ်နေရေးစရိတ်အတွက် အလုပ်လုပ်နေတာ။ ရှင်ကရော … အချိန်မတော်ကျမှ ဘယ်လိုဖြစ်ပြီး အပြင်ထွက်လာတာလဲ။"

“ငါက သူငယ်ချင်းတစ်ယောက်နဲ့ ဆွေးနွေးစရာ ရှိလို့ ထွက်လာတာ။ ဒီမှာ မင်းနဲ့တွေ့မယ်လို့ မထင်မိဘူး။ ပိုက်ဆံပြတ်ရင် ငါ့ကို ပြောပါတော့လား။ မင်း ငါ့အတွက် အလုပ်လုပ်ပေးနိုင်ရင် ဂဏန်း၇လုံးလောက်တော့ ငါ ကတိပေးတယ်။"

ထန်ရှုက ပြောလိုက်သည်။

ရီလျန်ယန် ရယ်မောလိုက်ရင်း

" ရှင်က ကျွန်မရဲ့လစာကို ကြိုပြီးပေးချင်တာလား"

"ဒါပေါ့" ထန်ရှုမှ အတည်ပြုသည်။

“ဟင့်အင်း … အမျိုးကောင်းသားက စေတနာနဲ့ ပေးတာဆိုပေမယ့် ငါက မိန်းကလေးတစ်ယောက်မို့ မယူသင့်ဘူး။ ရှင့်အတွက် တရားဝင် အလုပ်လုပ်ပေးတော့မှပဲ ကျွန်မကို လစာပေးပါ။"

အနီးနားရှိ အမျိုးသားဝန်ထမ်းများသည် နှုတ်ခမ်းများကို မဲ့ရွဲ့ကာ အထင်သေးသော အကြည့်များဖြင့် ကြည့်နေကြသည်။

ဂဏန်းခုနစ်လုံးလား…

ဘယ်လောက်တောင် နွားကျလိုက်တဲ့အကောင်လဲ။ ချမ်းသာချင်ယောင်ဆောင်နေတယ်။ ရီလျန်ယန်ကို မင်းရဲ့အမျိုးသမီးအဖြစ် ပံ့ပိုးကူညီချင်ရင် တိုက်ရိုက်ပြောလိုက်ရုံပဲလေ။ ဘာကြောင့် သူမကို အချည်းနှီးစကားလုံးတွေ သုံးပြီး လှည့်ဖြားနေရတာလဲ။

ကြောင်သူတော်။

ထိုအမျိုးသားဝန်ထမ်းနှစ်ယောက်က ထန်ရှုကို စိတ်ထဲက ကင်ပွန်းတပ်ပေးလိုက်သည်။

သူ့အနောက်တွင် ရပ်ကာ စကားတစ်လုံး မှ မဆိုဘဲ ပြုံးနေသော ချန်ဇီရွှယ်အား ထန်ရှု လှည့်ကြည့်လိုက်သည်။ သူက ပြတင်းပေါက်နားက စားပွဲတစ်လုံးကို ညွှန်ပြပြီး

"ရီလျန်ယန် … ရေနှစ်ပုလင်းနဲ့ ဂျပန်ဟော့ပေါ့နှစ်ပွဲ ချပေးပါ။"

"သိပြီ။ ခဏလောက် စောင့်ပေးပါ။"

ရီလျန်ယန် ပြုံးပြီး ထွက်သွားသည်။

ထန်ရှုနှင့် ချန်ဇီရွှယ်သည် ပြတင်းပေါက်နားသို့ လာကာ စားပွဲတွင် ဝင်ထိုင်လိုက်သည်။ ထို့နောက် ထန်ရှုက တည့်တိုးပင် ပြောလိုက်သည်။

"မင်းရဲ့ကုမ္ပဏီက ရေးဆွဲထားတဲ့ ဒီဇိုင်းကို ငါ ကြည့်ပြီးပြီ တကယ်ကို ကောင်းပါတယ်။ ဒါပေမယ့် ငါ နားမလည်တဲ့ အရာတစ်ခု ရှိတယ်။ မင်းက ပြီးတောင်မပြီးသေးဘဲ ရှန်ဟိုင်းကို ဘာကြောင့် လာဝံ့တာတုန်း။ ဒီ့ထက်ပိုတာ ငါ့ကိုတောင် မင်းက အချိန်မတော်ကြီးကျမှ ရှာရဲသေးတယ်ပေါ့။”

“ဒါက အကျိုးအမြတ်နဲ့ စိတ်ဝင်စားမှုအတွက်ပါ။ ဒါကြောင့် မင်းကိုရှာဖို့ ဒီကိုလာခဲ့ရတာပဲ။” ချန်ဇီရွှယ်က ပြုံးပြီး ပြောလိုက်သည်။

"အကျိုးကျေးဇူး ဟုတ်လား။"

ထန်ရှုက မထီတထီဟန်ဖြင့် မှတ်ချက်ပေးသည်။ “လူတိုင်းက အကျိုးအမြတ်ကို လိုချင်ကြတဲ့သူချည်းပဲ။ ဒါပေမယ့် အခု ငါ့ကို ရှာပြီး အကျိုးအမြတ်ဝစေု ခွဲနိုင်မယ်လို့ မင်း ထင်နေတာလား။"

"ငါ လုပ်နေတာက မပြီးဆုံးသေးတဲ့ ဒီဇိုင်းကို ယူဖို့ အရူးတစ်ယောက်ရဲ့ အိပ်မက်တစ်ခုလိုပဲဆိုတာ အမှန်ပဲ။ ဒါပေမယ့် ဒီခမ်းနားသောထန် စီးပွားရေးလုပ်ငန်းစုရဲ့ ကြီးမားတဲ့ ပရောဂျက်တင်ဒါကို ငါ ရယူချင်နေတုန်းပါ။ ပြီးပြည့်စုံတဲ့ ဒီဇိုင်းမပါဘဲ ဘယ်ကုမ္ပဏီကမှ ပရောဂျက်ကို လက်လွှဲပေးမှာမဟုတ်ဘူးဆိုတာ ငါ ရှင်းရှင်းလင်းလင်း သိတယ်။ ဒါပေမယ့် ငါက အလောင်းအစားလုပ်နေပြီး ငါ လောင်းကြေးရဲ့၄၀% ရနေပြီးပါပြီ။”

"ဘာကြောင့် အဲ့ဒီလို…"

ထန်ရှုက စိတ်ဝင်တစား မေးလိုက်သည်။

"ငါ မင်းဆီ ဖုန်းဆက်ပြီး မင်းရဲ့သက်တောင့်သက်သာ အိပ်ရာကို အချိန်မတော်ကြီးမှာ ထားရစ်ခဲ့အောင် လုပ်ဖို့ အောင်မြင်ခဲ့တယ်။ အဲ့ဒါက ငါ ၂၀%လောက် အောင်မြင်တာကို သက်သေပြတယ်။ ပြီးတော့ မပြီးဆုံးသေးတဲ့ ဒီဇိုင်းကို မင်း ကြည့်တဲ့အတွက် နောက်ထပ် ၂၀% ထပ်ထည့်တယ်။ အရင်၂၀%နဲ့ ပေါင်းတော့ ၄၀%ပါ။”

ချန်ဇီရွှယ်က ပြုံးပြီး ပြောလိုက်သည်။

ထန်ရှုက ခေါင်းညိတ်ပြီး ဆိုလိုက်သည်။

"မင်းက အရမ်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတယ် … ဒီအချက်က ငါတန်ဖိုးထားတဲ့အရာတစ်ခုပါ။ ကဲ … ငါ့ကို ဒဲ့သာပြောလိုက်ကွာ။ မင်းက အချောတစ်ပိုင်း ဒီဇိုင်းကို ယူလာပြီး ငါ့ကို တန်းလာရှာတယ်ဆိုတော့ မင်း ငါ့ကို အထင်ကြီးစေဖို့ အဆင်သင့်ဖြစ်ပြီလား။"

ချန်ဇီရွှယ်ကိုယ်တိုင်က သူ့ကိုယ်ပိုင်ဇာတ်ညွှန်းကို အကြိမ်ပေါင်း မရေတွက်နိုင်အောင် ရွတ်ဆိုထားပြီး ဖြစ်သောကြောင့် ယုံကြည်ချက် ရှိရှိဖြင့် ပြောလိုက်သည်။

"ခမ်းနားသောထန် စီးပွားရေးလုပ်ငန်းစုက စက်မှုဥယျာဉ်နဲ့ ရုံးချုပ်ကြီးတစ်ခု တည်ဆောက်ဖို့ စီစဉ်နေချိန်မှာ ငါ့ရဲ့ စန်းယွမ်အုပ်စုက အစကနေ အဆုံးထိ ယွမ်မီလီယံ၁၀၀ပဲ ယူပြီး တစ်စိတ်တစ်ပိုင်းပဲ ဝင်ငွေရှာမှာပါ။ ဒီပရောဂျက်ကို တင်ဒါနိုင်ပြီး လုပ်ငန်း စတင်လိုက်တာနဲ့ မင်းရဲ့ခမ်းနားသောထန် စီးပွားရေးလုပ်ငန်းစုက တစ်ယောက်ယောက်ကို စေလွှတ်ပြီး ပရောဂျက်အတွက် လိုအပ်တဲ့ အရင်းအနှီး အသုံးစရိတ်အားလုံးအပါအဝင် ပရောဂျက်တစ်ခုလုံးရဲ့ လုပ်ငန်းစဉ်အားလုံးကို ကြီးကြပ်နိုင်ပါတယ်။”

မီလီယံ ၁၀၀ဟုတ်လား…။

ထန်ရှုသည် မျက်ခုံးကို လေးနက်သောအမူအရာဖြင့် တွန့်ချိုးလိုက်သည်။ ချန်ဇီရွှယ်က ယွမ် ၁၀၀မီလီယံသာ လိုချင်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ ခန်းရှနှင့် သူ ပြုလုပ်ခဲ့သော တွက်ချက်မှုအပေါ် အခြေခံလိုက်ပါက ရှန်ဟိုင်းရှိ ခမ်းနားသောထန် စီးပွားရေးလုပ်ငန်းစု၏ ရုံးချုပ်နှင့် စက်မှုဥယျာဉ် တည်ဆောက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုသည် အနည်းဆုံး ၁၀ဘီလီယံ ရှိရမည်ဖြစ်သည်။

ယွမ် ၁၀ဘီလီယံတန် ပရောဂျက်တစ်ခုမှ ၁၀၀မီလီယံသာ ဝင်ငွေယူခြင်းအား မည်သည့် ဆောက်လုပ်ရေး ကုမ္ပဏီမှ လုပ်ဆောင်ရန် ဆန္ဒမရှိသည်မှာ သေချာပါသည်။

"ဒီကိစ္စက သည်လောက်တော့ မရိုးရှင်းဘူး မဟုတ်လား" ထန်ရှုသည် စီးကရက်တစ်လိပ်ကို မသိစိတ်မှ ထုတ်ယူလိုက်စဉ် ချန်ဇီရွှယ်သည် မီးခြစ်ကို အမြန်ယူကာ သူ့အတွက် မီးညှိပေးလိုက်သည်။

"သူဌေးထန် … မင်း ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလိုအောင်မြင်မှုတွေ ရတယ်ဆိုတာ မင်းရဲ့ဉာဏ်ရည်နဲ့ ဉာဏ်ပညာက သာမန်ထက် ထူးကဲတယ်လို့ သက်သေပြနေတာပါ။ ခမ်းနားသော ထန် စီးပွားရေးလုပ်ငန်းစုရဲ့ ရုံးချုပ်နဲ့ ရှန်ဟိုင်းမှာရှိတဲ့ အဆောက်အဦးတွေကို ဆောက်လုပ်ဖို့ မိတ်ဆက်ချက်တစ်ခုအနေနဲ့ မင်းရဲ့အစီအစဉ်ကို ငါ အသုံးပြုချင်တယ် ဒါမှမဟုတ် မင်း အဲ့ဒါကို လက်ဆောင်လို့လည်း ခေါ်နိုင်ပါတယ်။ သူဌေးထန်က ခမ်းနားသောထန် စီးပွားရေးလုပ်ငန်းစုရဲ့ အနာဂတ် ဆောက်လုပ်ရေး ပရောဂျက်အားလုံးကို ငါ့ရဲ့စန်းယွမ်အုပ်စုသို့ ပေးမယ်လို့ ကတိပေးထားသရွေ့ပေါ့။"

ထန်ရှု၏မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး အေးစက်သော အရိပ်တစ်ခု သူ့မျက်လုံးများထဲတွင် တစ်ချက်လက်သွားသည်။ ချန်ဇီရွှယ်၏အရှေ့မှာပင် သူ၏ဖုန်းကို ထုတ်ကာ ဖုန်းနံပါတ်တစ်ခုကို အမြန်ခေါ်လိုက်ပြီး

"ခမ်းနားသောထန်ရဲ့စီနီယာအမှုဆောင်အားလုံးကို စစ်ဆေးလိုက်။ ကုမ္ပဏီရဲ့ဌာနခွဲ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်သစ်ကို ဘယ်သူ့ဆီက ပေါက်ကြားခဲ့တာလဲ သိချင်တယ်။”

"နားလည်ပြီ။"

ထာဝရခန်းမ၏ထောက်လှမ်းရေးအကြီးအကဲက ဖုန်းထဲမှ ထွက်ပေါ်လာသည်။

ချန်ဇီရွှယ်သည် တည်ငြိမ်သောအပြုံးဖြင့် ထန်ရှု ဖုန်းခေါ်မှု ပြီးဆုံးသည်အထိ စောင့်နေသည်။ ထို့နောက် သူက နှာခေါင်းကို ပွတ်လိုက်ကာ

“သူဌေးထန် … မင်းရဲ့ကုမ္ပဏီက ဒီဖွံ့ဖြိုးရေးအစီအစဉ်ကို လုပ်ထားပြီး ရှန်ဟိုင်းမှာ ပရောဂျက်နဲ့ ရင်းနှီးမြှုပ်နှံမှုပမာဏက အတော်ကြီးမားမယ်လို့ ငါ ယုံကြည်တယ်။ နောက်ပြီး ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်တွေကို မင်း မလွဲမသွေ ရှာရလိမ့်မယ်။ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ငါ့ရဲ့စန်းယွမ်အုပ်စုက အိမ်ခြံမြေလုပ်ငန်းနယ်ပယ်မှာ နှစ်၂၀ကျော်ကြာ လုပ်ကိုင်ခဲ့ပြီး တရုတ်နိုင်ငံရဲ့ ထိပ်တန်းဆောက်လုပ်ရေးကုမ္ပဏီဆယ်ခုထဲမှာ အဆင့်သတ်မှတ်ခံထားရနိုင်တယ်။ ဒါပေမယ့် လက်ရှိမှာ ငါ့ကုမ္ပဏီက ပိတ်ဆို့မှုတစ်ခုကို ရောက်ရှိနေပါပြီ။ ဒီအခြေအနေကို ဖြတ်ကျော်ပြီး ငါတို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှု အဆင့်တစ်ခုကို တွန်းအားပေးချင်တယ်ဆိုရင် အခြားဖြတ်လမ်းကို ရှာပြီး သမားရိုးကျမဟုတ်တဲ့ ကစားပွဲတွေကို လုပ်ရတော့မယ်။ ပြီးတော့ မင်းရဲ့ ခမ်းနားသောထန် စီးပွားရေးလုပ်ငန်းစုက ငါတို့ကို ထွက်လမ်းတစ်ခု ပေးနိုင်တယ်။"

"ဒါဆို ငါ မင်းကို တစ်ခုလောက်မေးချင်တယ်။" ထန်ရှုက ခံစားချက်မဲ့စွာ ပြောလိုက်သည်။

“ငါ့ကုမ္ပဏီက ဆိုင်ခွဲတွေနဲ့ သီးသန့်စတိုးဆိုင်တွေ ဘယ်နှစ်ဆိုင်ဆောက်မယ်ဆိုတာ မင်း သိလား။”

"ဒါတော့ ငါ မသိဘူး။" ချန်ဇီရွှယ် ခေါင်းယမ်းလိုက်သည်။

"ဒါပေမယ့် အများကြီးဖြစ်မယ်ဆိုတာတော့ ငါ သေချာပေါက် ပြောရဲတယ်။"

ထန်ရှုက မျက်လုံးကို မှေးစင်းကာ စားပွဲကို တစ်တောက်တောက် ခေါက်လိုက်ပြီး

"ခမ်းနားသောထန် စီးပွားရေးလုပ်ငန်းစုရဲ့ ရုံးချုပ်နဲ့ စက်မှုဥယျာဉ် တည်ဆောက်ရေး ပရောဂျက်ကို မင်းလက်ထဲ အပ်လိုက်တယ်ဆိုပါစို့ … ဆောက်လုပ်ရေးလုပ်ငန်းတွေ ပြီးသွားတဲ့အခါ ငါ ကတိမတည်မှာကို မင်း မကြောက်ဘူးလား။"

"ဒီနေရာမှာ ငါ လောင်းကြေးထပ်နေတာက မင်းရဲ့ အကျင့်စာရိတ္တနဲ့ ဂုဏ်သိက္ခာ ရိုးသားမှုပဲ။"

ချန်ဇီရွှယ်က လေးနက်စွာ ပြောလိုက်သည်။

"တခါတရံမှာ စိတ်ဝင်စားမှုတွေနဲ့ အကျိုးစီးပွားကို ရင်ဆိုင်ရတဲ့အခါ တစ်စုံတစ်ယောက်ရဲ့ အကျင့်စရိုက်တွေဆိုတာ အလကားပဲ။"

ထန်ရှုက အေးအေးသာသာ ပြောလိုက်သည်။

"မင်းရဲ့အကျင့်စရိုက်က အစုရှယ်ယာနဲ့ ထိုက်တန်တယ်လို့ ငါ လောင်းကြေးထပ်ထားတယ်။ နောက်ပြီး ငါ့ရဲ့စန်းယွမ်အုပ်စုက နောက်ဆက်တွဲ ပူးပေါင်းဆောင်ရွက်မှုမှာလည်း လောဘမကြီးဘူးဆိုတာကို ငါ အာမခံပါတယ်။ ငါတို့ ရရှိရမယ့်အရာကိုပဲ ငါတို့ ယူမယ်။ ငါတို့ကိုယ်ပိုင် မဟုတ်တဲ့ ဘယ်အရာကိုမှ မယူဖို့ ကိုယ့်ကိုယ်ကို ထိန်းချုပ်မှာပါ။ တခြားဆောက်လုပ်ရေးကုမ္ပဏီတွေနဲ့ ယှဉ်ရင် ငါ အာမခံနိုင်တာက ရုံးခွဲတွေနဲ့ သီးသန့်စတိုးဆိုင်တွေကို တည်ဆောက်ဖို့အတွက် ဘတ်ဂျက်ငွေကို ငါ ကျိန်းသေ လျှော့ချနိုင်ပေမယ့် စီမံကိန်းရဲ့အရည်အသွေးကို အာမခံပါတယ်။”

"ဒါဆို မင်း ဆိုလိုတဲ့ အကျိုးကျေးဇူးက အရည်အသွေးလမ်းကြောင်းကို ဖောက်ထွက်ချင်ရုံပဲပေါ့ ဒီလိုလား။"

ထန်ရှုက အမူအရာမဲ့စွာ ပြောလိုက်သည်။

"အမှန်ပဲ။" ချန်ဇီရွှယ်က ခိုင်မာစွာ ခေါင်းညိတ်သည်။

ထန်ရှုက ခေါင်းညိတ်တုန့်ပြန်လိုက်သည်။ ထိုသူ့အား ကတိမပေးရုံသာမက ဂျပန်ဟော့ပေါ့နှစ်ပွဲကို စားပွဲပေါ်သို့ တင်လိုက်သော ရီလျန်ယန်ဆီ အကြည့်ရောက်သွားပြီး အပြုံးဖြင့် ပြောလိုက်သေးသည်။

“ဒီဟော့ပေါ့ရဲ့အရသာက မိုက်တယ်။ ငါ အရင်က တစ်ခါ စားဖူးတယ်။ ဒါကို အရင်စားကြည့်ရင်ရော ဘယ်လိုလဲ။"

ချန်ဇီရွှယ်က ခေါင်းညိတ်တုံ့ပြန်လိုက်သည်။ သူသည် ထိုအရာကို စားနေရသော်လည်း အရသာမခံနိုင်ဘဲ မျိုချလိုက်သည်။ ထန်ရှု၏အထင်ကြီးမှုနှင့် လှုပ်ရှားနိုင်ခြေ အခွင့်အရေး တိုး မတိုး၊ ရာခိုင်နှုန်း မည်မျှရှိ မရှိကို စိတ်ထဲမှ သူ တွက်ချက်နေသည်။

ထန်ရှုသည် တိတ်ဆိတ်စွာ စားသောက်နေပြီး ရံဖန်ရံခါတွင် ချန်ဇီရွှယ်၏မျက်နှာကို စိုက်ကြည့်ကာ ထိုသူ၏တွေးတောနေသော အကြည့်ကို ဆန်းစစ်သည်။ ထိုဆန်းစစ်ချက်အရ သူ့အား လျှို့ဝှက်စွာ အံ့အားသင့်စေခဲ့သလို အတန်ငယ် နှမြောနေမိသည်။

သူ့ကို အံ့အားသင့်စေခဲ့သည်က သည်လူက တကယ်ကို အရည်အချင်းရှိပြီး သူ့ကို စိတ်ကျေနပ်အောင် လှုံ့ဆော်ပေးနိုင်စွမ်း ရှိသည့်သူ ဖြစ်သည်။ နှမြောမိသည့်အချက်မှာ ချန်ဇီရွှယ်သည် ရည်မှန်းချက် အလွန်ကြီးမားသည်။ ရည်မှန်းချက်ရှိသည့် လူများကို သူ မကြောက်သည့်တိုင် ထိုသူ့အပေါ် သူ အများကြီး မဖြုန်းတီးချင်ပေ။

"ငါ မင်းကို တစ်ခုလောက် မေးလို့ရမလား။"

ဂျပန်ဟော့ပေါ့ပန်းကန်တစ်ဝက်ကို စားပြီးသည့်အခါ ထန်ရှုက သူ၏ပါးစပ်ကို တစ်ရှူးဖြင့် သုတ်ကာ အပြုံးဖြင့် ပြောလိုက်သည်။

***

All Chapters