ရှင်သန်ဖို့ အကြောင်း
Vol. 54 Ch. 747
ချန်ဇီရွှယ်က စားလက်စ ဂျပန်ဟော့ပေါ့ကို မျိုချလိုက်ပြီး စားပွဲပေါ်ရှိရေဘူးကို ယူကာ သောက်လိုက်သည်။
"ကျေးဇူးပြုပြီး မေးပါ။ ငါ အတတ်နိုင်ဆုံး ဖြေပါ့မယ်။"
"ဝံပုလွေနဲ့ လင်းယုန်ငှက်ထဲက တစ်ခုခုကို ရွေးရရင် မင်း ဘာကိုရွေးမလဲ။" ထန်ရှုက မေးလိုက်သည်။
"ငါ လင်းယုန်ငှက်ကို ရွေးမယ်။" ချန်ဇီရွှယ်က မဆိုင်းမတွ ပြောလိုက်သည်။
"ဘာကြောင့်လဲ။ ဝံပုလွေတစ်ကောင်က သဘာဝအရ အရိုင်းဆန်ပြီး ခွန်အားကြီးတယ်၊ ခက်ထန်ပြီး ဇွဲသတ္တိရှိတယ် -လွန်ခဲ့တဲ့ရှစ်နှစ်က မင်း စတင်ခဲ့တဲ့အချိန်လိုပဲ။ လင်းယုန်က ကောင်းကင်မှာ အမှန်တကယ် ပျံသန်းနိုင်တယ်ဆိုပေမယ့် ဝံပုလွေလို ကိုယ်ရည်ကိုယ်သွေး ရှိတာမဟုတ်ဘဲ သူ့ရဲ့မွေးရာပါ ထောက်ပံ့မှုနဲ့ အစာကွင်းဆက်မှာပဲ ရှင်သန်နိုင်တာလေ။”
“လင်းယုန်က ကျယ်ပြောလှတဲ့ ကောင်းကင်ကို ပျံတက်နိုင်ပြီး သက်ရှိအလွှာပေါင်းစုံနဲ့ သတ္တဝါပေါင်းစုံကို ငုံ့ကြည့်နိုင်တယ်။ ငါက အမြင့်မှာ အထက်စီးနဲ့ နေရတယ်။ ငါက အယ်လ်ဖာတစ်ကောင် ဖြစ်ရမယ်ဆိုရင်တောင် ဝံပုလွေ မဖြစ်ချင်ဘူး။” ချန်ဇီရွှယ်က ဖြေသည်။
ထန်ရှု သက်ပြင်းချလိုက်သည်။ ထိုသူသာ ဝံပုလွေဖြစ်လိုပါက ၎င်းကို ထိန်းကျောင်းရန် ကြံရွယ်ထားသေးသော်လည်း လင်းယုန်တစ်ကောင် ဖြစ်လိုပါက လွယ်ကူမည်မဟုတ်ပေ။ လင်းယုန်ငှက်တစ်ကောင်ကို ဖမ်းပြီး ထိန်းကျောင်းသည့်အခါ ကိုက်ခဲခြင်းနှင့် မျက်စိကွယ်သွားခြင်း မဖြစ်အောင် စောင့်ကြပ်ရပေမည်။ ထန်ရှုက သူ့ကိုယ်သူ ကာကွယ်နိုင်စွမ်းရှိသော်လည်း ထိုအတွက်ကိုဖြင့် အချိန်အများကြီး မဖြုန်းချင်ပေ။
ထို့ထက်ပိုသည်မှာ ချန်ဇီရွှယ်သည် ချမ်းသာကြွယ်ဝလွန်းသည်။ အကယ်၍ သူသာ ကျင့်ကြံသူဖြစ်လာပါက အရင်းအမြစ်များကို ပြိုင်ဆိုင်ရန် အရင်းအနှီးရှိသူ ဖြစ်သည်။ ထန်ရှု ကမ္ဘာမြေသို့ ပြန်ရောက်လာပြီးနောက် ဤနေရာတွင် အဖိုးတန်ဆေးပင်များစွာ ရှိနေသည်ကို တွေ့ခဲ့ရသော်လည်း ထိုအဖိုးတန်ဆေးပင်များသည် အကန့်အသတ်ဖြင့်သာ ရှိနေသောကြောင့် နောက်ထပ် ဒုက္ခများကို ထပ်မတိုးချင်တော့ချေ။
“တကယ် နှမြောစရာပဲ။”
ထန်ရှုက သူ့ပိုက်ဆံအိတ်ကို ထုတ်ကာ ယွမ်ငွေတစ်ရာယူပြီး စားပွဲပေါ်သို့ တင်လိုက်သည်။ ထို့နောက် သူက ထရပ်လိုက်ပြီး
“ပရောဂျက်တင်ဒါမှာ တွေ့ကြတာပေါ့။”
ထိုသို့ပြောပြီးနောက် ရီလျန်ယန်ကို နှုတ်ဆက်ပြီး ၂၄နာရီ စတိုးဆိုင်မှ တစ်ခါတည်း ထွက်ခွာသွားတော့သည်။ သူသည် စီးပွားရေးသဘောတူညီချက်တွင် ချန်ဇီရွှယ်၏ နည်းလမ်းများကို လက်ခံနိုင်ခဲ့ပြီး ထိုသူ၏အရည်အချင်းကိုလည်း အသိအမှတ်ပြုသော်လည်း သူ့ကို အဖွဲ့ဝင်တစ်ဦးအနေဖြင့် အသိအမှတ်မပြုနိုင်ပေ။
ချန်ဇီရွှယ်က မထသေးပါချေ။ သူ့ခေါင်းထဲတွင် အတွေးမျိုးစုံ လှည့်ပတ်နေပြီး ထန်ရှု၏စကားများကို ပြန်စဉ်းစားနေသည်။ ထန်ရှုက သူ့အား ပရောဂျက်လေလံဆွဲရာတွင် ပါဝင်ခွင့်ပြုခဲ့ပြီး စန်းယွမ်အုပ်စုကို ရွေးချယ်ရန် အလားအလာ များကြောင်း သူ နားလည်သော်လည်း ထန်ရှု၏နောက်ဆုံးစကားက မည်သည်ကို ဆိုလိုပါသနည်း။
ထိုစကားကို သူ နားမလည်နိုင်ဖြစ်နေသောကြောင့် သူ့စိတ်အား စနိုးစနောင့် ဖြစ်စေသည်။
"နောက်ထပ် ဂျပန်ဟော့ပေါ့ ယူဦးမလား လူကြီးမင်း။"
ရီလျန်ယျန်သည် အပြုံးမျက်နှာဖြင့် ချန်ဇီရွှယ်၏ အရှေ့သို့ ရောက်ရှိလာပြီး ထန်ရှု မကုန်သော တစ်ခါသုံး အစားအစာဘူးအား သန့်ရှင်းရေးလုပ်ပြီးနောက် မေးလိုက်သည်။
ချန်ဇီရွှယ်သည် သူမအား ခေါင်းမော့ကြည့်လိုက်သည်။ ရုတ်ခြည်းပင် သူ့စိတ်လှုပ်ရှားလာပြီး
"မင်းကို ရီလျန်ယန်လို့ ခေါ်တာလား။ ငါက ချန်ဇီရွှယ်ပါ စန်းယွမ် ... အာ မေ့လိုက်ပါ။ မင်း စိတ်မရှိရင် ငါ့ကို အစ်ကိုကြီးချန်လို့ ခေါ်ပါ။"
"ကောင်းပြီ … မင်္ဂလာပါ အစ်ကိုချန်…" ရီလျန်ယန် ပြုံးကာ ပြောလိုက်သည်။
ချန်ဇီရွှယ်က ခေါင်းညိတ်ပြီး
"မင်း ထိုင်ပြီး စကားစမြည် ပြောလို့ရမလား။"
ရီလျန်ယန်က လိုက်လျောပြီး အစောပိုင်းက ထန်ရှု ထိုင်သွားသော ကုလားထိုင်တွင် ဝင်ထိုင်လိုက်သည်။ ထို့နောက် သူမက အပြုံးဖြင့်
"အစ်ကိုချန်က တော်တော် အရည်အချင်းရှိတဲ့ လူတစ်ယောက် ဖြစ်လိမ့်မယ် ဟုတ်တယ်မဟုတ်လား။ ရှင်တို့စကားပြောနေကြတာကို ကျွန်မ ကြားလိုက်ရတယ်။ ရှင်က ထန်ရှုနဲ့ စီးပွားဖက် လုပ်ချင်တယ် မဟုတ်လား။"
ချန်ဇီရွှယ်က ရယ်စရာတွေ့လိုက်သည့်အလား သူက မေးလိုက်သည်။
"ထန်ရှုနဲ့လက်တွဲချင်လို့ ငါက အရမ်းအရည်အချင်း ရှိတယ်လို့ ဆိုလိုတာလား။"
“ဒါပေါ့…” ရီလျန်ယန်က အပြုံးဖြင့် ပြောသည်။
"ထန်ရှုက အရမ်းတော်တဲ့သူတစ်ယောက်လေ။ ရှင့်ဆီမှာ ကျွမ်းကျင်တဲ့အရာ မရှိဘူးဆိုရင် သူက အိပ်ရေးပျက်ခံပြီး ရှင်နဲ့စီးပွားရေးကိစ္စဆွေးနွေးဖို့ ဒီနေရာကို ဘယ်လာပါ့မလဲ။ ဒါပေမယ့် ရှင်တို့နှစ်ယောက်ကြားက စကားကို ကြားနေရတဲ့အတိုင်းဆိုရင် သူ့ကို ရှင်က တောင်းဆိုနေတယ်လို့ ကျွန်မ ပြောနိုင်တယ်။"
ချန်ဇီရွှယ်က ရယ်လိုက်ပြီး
“အမှန်ပဲ။ ဝင်ငွေနဲ့ ကောင်းမွန်တဲ့ ကံကြမ္မာကို ပေးဖို့ ငါ တောင်းဆိုနေတာ။”
“ရှင် ရိုးသားနေသရွေ့ ရှင့်ရဲ့ အိပ်မက်တွေ အကောင်အထည် ဖော်နိုင်မှာပါ။ ဒါတော့ ကျွန်မ ယုံတယ်။ ထန်ရှုကတော့... တခါတရံမှာ ပျော့ပျောင်းတဲ့ အခြမ်း ရှိနေပေမယ့်…။"
"မင်း သူ့ကို ကောင်းကောင်းသိလား။" ချန်ဇီရွှယ် အံ့အားသင့်စွာ မေးလိုက်သည်။
ရီလျန်ယန်က တစ်ချက်တွေးလိုက်ပြီးနောက် ခေါင်းယမ်းကာ
“ဟင့်အင်း … ကျွန်မ သူ့ကို ကောင်းကောင်း မသိပါဘူး။ ဒါပေမယ့် သူ့ရဲ့တောက်ပတဲ့အခြမ်းကို တခါတရံ ခံစားမိတယ်။ အစ်ကိုချန် … ရှင်က အရမ်းချောတဲ့ ယောက်ျားတစ်ယောက်ပါ။ ဒါပေမယ့် ရှင့်မှာ ထန်ရှုဆီမှာ ရှိတဲ့ ဆွဲဆောင်မှုတစ်ခု မရှိဘူး။ ကျွန်မ မှတ်မိသေးတယ် …”
ထိုအရာသည် ပြောမပြနိုင်သော အကြောင်းအရာ ဖြစ်သည်ကို ရီလျန်ယန် သတိရသွားပြီး သူမ၏စကားများ ရုတ်ခြည်း ရပ်တန့်သွားသည်။ နောက်ဆုံးတွင် သူမသည် အနည်းငယ် ကသိကအောက် ဖြစ်သွားသည့် အမူအရာဖြင့်
"ထန်ရှု … ကျွန်မကို ကယ်တင်ခဲ့တဲ့ အချိန်ကို ပြန်သတိရမိတယ်။"
ချန်ဇီရွှယ်၏နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာပြီး သူ၏ကျနေသော စိတ်ဓာတ်များ ပိုကောင်းလာခဲ့သည်။ သူသည် အေးဆေးသော ပင်ကိုယ်စရိုက်ရှိပြီး သူစိမ်းများနှင့် ပျင်းရိဖွယ် စကားပြောခဲသည်။ သို့သော်လည်း အခုအချိန်တွင် ရီလျန်ယန်နှင့် စကားပြောချင်စိတ်ဖြစ်လာသောကြောင့် သူ အလျင်စလို မထွက်သွားတော့ပေ။ ထို့နောက် သူက အပြုံးဖြင့်
“မင်းလို မိန်းမလှလေးတစ်ယောက်အတွက် ကျေးဇူးရှင်တစ်ယောက် ဖြစ်လာဖို့ သူ့မှာ ဘယ်လိုအရည်အချင်းတွေ ရှိတယ်ဆိုတာ ပြောပြပေးနိုင်မလား။”
"ကျွန်မ စိတ်မကောင်းပါဘူး။ အဲ့ဒါကို မပြောပြနိုင်ဘူး။" ရီလျန်ယန်က အသက်မပါစွာ ပြုံးပြီး ငြင်းဆန်ခဲ့သည်။
"အိုး…" ချန်ဇီရွှယ်က သူမကို တည့်တည့်ကြည့်သည်။
ထိုသူ၏စိုက်ကြည့်မှုကို ခံလိုက်ရသော ရီလျန်ယန် အနည်းငယ် ထိတ်လန့်သွားသည်။ စကားအများကြီး ပြောလိုက်မိသည့်အတွက် သူမ ယခု နောင်တရသွားခဲ့သည်။ ရီလျန်ယန် ကမန်းကတန်းထပြီး
"အစ်ကိုချန် … ရှင်က လူဆိုးတစ်ယောက်လို့ ကျွန်မ မထင်ဘူး။ ဒါကြောင့် ရှင့်ကို တစ်ခုတော့ ပြောလိုက်မယ်။ ထန်ရှုကို မကောင်းကြံတဲ့ အတွေးမျိုး ဘယ်တော့မှ မတွေးပါနဲ့။ နို့မဟုတ်ရင် ရှင် တော်တော် သနားစရာ ကောင်းသွားလိမ့်မယ်။”
ထိုစကားပြောပြီးနောက် သူမသည် ငွေရှင်းကောင်တာသို့ ချက်ချင်း ပြန်သွားပြီး ချန်ဇီရွှယ်ဘက်သို့ လှည့်မကြည့်လာတော့ပေ။
ချန်ဇီရွှယ်သည် မျက်ခုံး အနည်းငယ် တွန့်သွားပြီး သူ၏အကြည့်ကို ပြန်ရုတ်သိမ်းလိုက်သည်။ သူသည် အတွေးထဲတွင် ပြန်လည်နစ်မျောသွားပြန်သည်။ ရီလျန်ချန် ထိုလျှို့ဝှက်ချက်အား မပြောရခြင်းမှာ ယင်းကိစ္စသည် မရိုးရှင်းသောကြောင့် ဖြစ်နိုင်သည်။ သူ၏စူးစမ်းလိုစိတ်သည် အမှန်တကယ်ပင် လှုပ်ရှားသွားသော်လည်း သူ၏စိတ်ကို မျိုသိပ်ထားလိုက်သည်။
****
နောက်နေ့မနက်စောစောတွင် …
ထန်ရှု အိပ်ပျော်ရာမှ နိုးလာသောအခါ သူ့ဘေးနားတွင် အိပ်နေသော ခန်းရှ မရှိတော့ပြီကို တွေ့လိုက်ရသည်။ မျက်နှာသစ် သွားတိုက်ကာ အဝတ်အစားလဲပြီးသည်နှင့် ပထမထပ်ကို ဆင်းလာသောအခါ မီးဖိုချောင်ထဲက အသံတချို့ ကြားလိုက်ရသည်။
"အစောကြီး နိုးနေတာလား။"
အေပရွန်ဝတ်ကာ ဟင်းချက်နေသော ခန်းရှ၏နောက်ကျောလေးအား ထန်ရှုသည် တံခါးကို မှီ၍ ကြည့်နေရင်း မေးလိုက်သည်။
ခန်းရှက နောက်လှည့်လာပြီး အပြုံးဖြင့်
"နင် အချိန်မတော်မှ အပြင်သွားသေးတယ် မဟုတ်လား။ ဘာလို့ ပိုမအိပ်ရတာလဲ။"
“ဒီနေ့လုပ်ရမယ့် အရေးကြီးတဲ့ ကိစ္စတစ်ခု ရှိနေတော့ စောစောထပြီး ပျော်ပွဲမှာ ပါဝင်တာက အကောင်းဆုံးပဲ မဟုတ်ဘူးလား။”
ထန်ရှုက ရယ်ရယ်မောမော ပြောလိုက်သည်။ “ဘယ်လိုပဲဖြစ်ဖြစ် ပရောဂျက်တင်ဒါမှာ အိမ်ရှင်က မင်းပဲ ဖြစ်နေလိမ့်မယ်။ ငါက နားထောင်ပြီး စောင့်ကြည့်ရုံလေးပဲ လုပ်မှာ။"
ခန်းရှက တစ်ချက်ပြုံးလိုက်ပြီး
"နင်က တကယ်ကို အပျင်းထူပြီး လွတ်လွတ်နေတတ်တဲ့ သောက်ကျိုးနည်း သူဌေးကြီးတစ်ယောက်ပဲ။ ကဲ … ထမင်းစားခန်းကို သွားပြီး ခဏလောက် စောင့်ဦး။ မကြာခင် မနက်စာ လာပြင်ပေးမယ်။"
ထန်ရှုက ထွက်မသွားသေးဘဲ စကားဆိုလိုက်သည်။ "မနေ့က ကိုယ့်ဆီ ချန်ဇီရွှယ် ဖုန်းဆက်တဲ့အတွက် သူနဲ့ သွားတွေ့ခဲ့တယ်။"
ခန်းရှ အံ့အားသင့်သွားပြီး ချက်ချင်းလှည့်လာကာ "နင့်ဆီက သူ ဘာလိုချင်တာတဲ့လဲ။"
"သူ့ရဲ့ကုမ္ပဏီစန်းယွမ်အုပ်စုက အသေးစိတ် အစီအစဉ်တစ်ခုလုံးကိုတော့ မပြီးသေးပေမယ့် သူက ကိုယ်နဲ့ စာချုပ်ချုပ်ချင်နေတယ်။ ဒီကောင်က အရမ်းတော်တယ်။ သူက ကိုယ်တွေ့ဖူးသမျှလူတွေထဲ စီးပွားရေးပါရမီအရှိဆုံးလို့ ဝန်ခံရမယ်။ နောက်ပြဿနာတစ်ခုလည်း ရှိတယ်။ ကိုယ်တို့ လုပ်ငန်းစုရဲ့ နောက်ဆုံးဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်က ပေါက်ကြားသွားတယ်။”ထန်ရှုက ပြောပြသည်။
"ဘာ…"
ခန်းရှ၏မျက်နှာ အကြီးအကျယ် ပျက်သွားပြီး သူမ၏မျက်လုံးများတွင် ဒေါသရောင်များပင် အနည်းငယ် လက်နေသည်။
"စုံစမ်းဖို့ တစ်ယောက်ယောက်ကို ကိုယ် ခိုင်းထားတယ်။ စီနီယာအမှုဆောင်အရာရှိအားလုံးကို စုံစမ်းစစ်ဆေးမှာဖြစ်လို့ မကြာခင် ရလဒ်တွေ ထွက်လာလိမ့်မယ်။ ကိုယ် မင်းကို ပြောပြချင်တာ ဒါအကုန်ပဲ။ စန်းယွမ်အုပ်စု အသေးစိတ်ပုံစံဒီဇိုင်းရဲ့ ရာခိုင်နှုန်း တော်တော်များများကို ပြီးခဲ့လို့ အဲ့ဒါတွေ ကိုယ်ကြည့်ခဲ့ရတယ်။ လက်ရာကောင်းတယ်။ ဒီနေ့တင်ဒါမှာ ထူးထူးခြားခြား ဒီဇိုင်း တင်ပြနိုင်တာ မရှိလာဘူး … လေလံဆွဲတဲ့သူလည်း နည်းတယ်ဆိုရင် အဲ့ဒီစန်းယွမ်အုပ်စုကို ရွေးလိုက်ပါ။”
“ဒါပေမယ့် ဒါက အသေးအဖွဲ ကိစ္စ မဟုတ်ဘူး။”ခန်းရှ မျက်မှောင်ကြုတ်သွားသည်။
"ကိုယ် သိတယ်။ မင်း ဆိုလိုတာကို ကိုယ် နားလည်တယ်။"
ထန်ရှု ခေါင်းညိတ်သည်။
“ဒါပေမယ့် ချန်ဇီရွှယ်က သူ့ရဲ့မူလစိတ်ကူးကို ပြောပြခဲ့ပြီး ဒါက လေလံဆွဲခြင်းရဲ့ နောက်ကွယ်က လှုပ်ရှားတဲ့ ရည်ရွယ်ချက်တစ်ခုပဲ။ ရှန်ဟိုင်းရဲ့အလုပ်ပမာဏက အလွန်ကြီးမားတယ်ဆိုပေမယ့် အရည်အသွေး မြင့်မားတဲ့ ပုံကြမ်းဒီဇိုင်းကို သူ ထုတ်လုပ်ချင်တာ ထင်ရှားတယ်။ ဒါပေမယ့် သူ့အတွက် အချိန်အများကြီးလည်း မရဘူး။ သူက စွန့်စားချင်တာကြောင့် နောက်ထပ်ရွေးချယ်ခွင့်တစ်ခု ပေးခဲ့တယ်…”
မိနစ်အနည်းငယ်ကြာပြီးနောက် ထန်ရှုက ချန်ဇီရွှယ်၏အစီအစဉ်ကို ပြောပြပြီး နောက်ဆုံးတွင် အဆုံးသတ်စကားဆိုလိုက်သည်။
"သူက ကိုယ့်ကို အလောင်းအစား လုပ်ချင်တယ် ဆိုမှတော့ သူ့ကို လောင်းကစားလုပ်ခွင့် ပေးလိုက်ကြတာပေါ့။ ကိုယ်တို့ကုမ္ပဏီရဲ့ဌာနချုပ်နဲ့ စက်မှုဥယျာဉ်တည်ဆောက်မှုကို သူ့ရဲ့စန်းယွမ်အုပ်စုဆီ လွှဲပေးမယ်။ အဲ့ဒါ ပြီးသွားတာနဲ့ ဌာနခွဲရုံးတွေ၊ သီးသန့်စတိုးဆိုင်တွေ ဆောက်လုပ်တဲ့ စီမံခန့်ခွဲရာမှာ သူ့ကို ပါဝင်စေလိုက်ပါ။ သူ လောဘမကြီးသရွေ့တော့ ကိုယ်တို့တွေ သူ့ကို အာရုံသိပ်စိုက်နေစရာ မလိုဘူး။”
ခန်းရှက လေးလေးနက်နက် တခဏလောက် စဉ်းစားကာ အားယူပြုံးလိုက်ပြီး
“နင်က ဒီကိစ္စကို အတော်ရိုးရိုးရှင်းရှင်း လုပ်နေတာပဲ။ ဒီချန်ဇီရွှယ်က အခုနှစ်ဒုတိယနှစ်ဝက်မှာ ဌာနခွဲရုံးတွေနဲ့ သီးသန့်စတိုးဆိုင်တွေ ငါတို့ တည်ဆောက်မယ်ဆိုတာကို ရှင်းရှင်းလင်းလင်း သိထားလို့ သူ ဒီလိုတောင်းဆိုမှုကို ပြုလုပ်တာ။ ဒါပေမယ့် နင် တစ်ခုတော့ လျစ်လျူမရှုသင့်ဘူး။ ခမ်းနားသောထန်ရဲ့ဌာနချုပ်နဲ့ စက်မှုဥယျာဉ်ကို နှစ်ဝက်နဲ့ အပြီးသတ် ဆောက်လုပ်မယ်ဆိုတာ မဖြစ်နိုင်ဘူး။ တစ်နှစ်တောင် မလုံလောက်ဘူး။ ငါတို့ရဲ့ခန့်မှန်းချက်အရ အနည်းဆုံးတော့ နောက်နှစ်အကုန်လောက်မှ ပြီးလိမ့်မယ်။”
“အဲ့ဒါကို ကိုယ် သိတယ်။ ဒါပေမဲ့ ကိုယ်တို့တွေ မတူညီတဲ့ ပြည်နယ်တွေက ဌာနခွဲရုံးတွေနဲ့ သီးသန့်စတိုးဆိုင်တွေကို တစ်ခုပြီးတစ်ခု တည်ဆောက်တဲ့ကိစ္စလည်း သက်သာသွားမယ် မဟုတ်လား။ အဲ့ဒါတွေအားလုံးကို တပြိုင်နက်တည်း တည်ဆောက်လို့ မရဘူးလေ။ စန်းယွမ်အုပ်စုကို ပြည်နယ်တစ်ခု ဒါမှမဟုတ် နှစ်ခုမှာ ပရောဂျက်တွေ ပေးနိုင်တယ်။ ပထမပြည်နယ်မှာ အလုပ်ပြီးသွားတဲ့အခါ ဒီကုမ္ပဏီက လောဘကြီးလာရင် ပူးပေါင်းဆောင်ရွက်မှုကို အချိန်မီ ရပ်တန့်လို့ရတယ်။”
ခန်းရှက ထိုအကြောင်းကို တွေးတောလိုက်ပြီး
"ဒါက တကယ်ကို ခိုင်လုံပြီး ကျိုးကြောင်းဆီလျော်တယ်။ ဒါဆို ဒီလိုပဲ ထားလိုက်တော့။ ဒီနေ့ တခြားလေလံဆွဲသူတွေဆီက အံ့သြစရာကောင်းတာ မရှိရင် စန်းယွမ်အုပ်စုကို ရွေးလိုက်မယ်။”
မနက်စာက အတော်လက်ရာကောင်းပြီး အရသာ ရှိပေသည်။
ထန်ရှုနှင့် ခန်းရှတို့သည် နံနက်စာစားပြီးသည်နှင့် သုခဘုံစံအိမ်သို့ သွားရန် ပြင်ဆင်နေကြစဉ် မဖိတ်ခေါ်ဘဲ ဧည့်သည်များ ရောက်ရှိလာပြီး ထန်ရှု၏ အစီအစဉ်အားလုံးကို ဖျက်ဆီးပစ်လိုက်သည်။
"ဘယ်လိုဖြစ်ပြီး ဒီကိုရောက်လာတာလဲ အဘိုး…။"
ထန်ရှုသည် စိုးရိမ်နေဟန်ရှိသော ထန်ကောရှန့်ကို ကြည့်ကာ အံ့အားသင့်နေသော အမူအရာဖြင့် မေးလိုက်စဉ် သူ၏အရှေ့တွင် ရပ်နေသော ခန်းရှသည်လည်း အနေရခက်နေဟန် ရှိသည်။
ထန်ကောရှန့်နှင့် ပါလာသူမှာ ထန်မင်းဖြစ်သည်။ ထန်ရှုကို ကြည့်သော သူမ၏အကြည့်များတွင် စိတ်မသက်မသာဖြစ်နေသော အကြည့်များ ရှိနေပြီး စကားပြောရန် အကြိမ်ကြိမ် ကြံရွယ်နေသော်လည်း ချီတုံချတုံဖြစ်နေပုံပေါ်သည်။ ခန်းရှနှင့် ထန်ရှုတို့ အတူတူ နေ နေသည်ကို မြင်သော်လည်း ယခုအချိန်တွင် သူမ၏ခေါင်းထဲတွင် ဤပြဿနာနှင့်ပတ်သက်ပြီး အတွေးများမရှိပေ။
"စာကြည့်ခန်းထဲမှာ စကားပြောရအောင် ရှုအာ…"
“ကောင်းပါပြီ။”
ထန်ရှုသည် ထန်ကောရှန့်နှင့် ထန်မင်းတို့အား စာကြည့်ခန်းထဲသို့ ခေါ်သွားပြီး ခန်းရှက လက်ဖက်ရည် တည်ခင်းရန် ပြင်ဆင်သည်။ လက်ဖက်ရည်ကို ထန်ကောရှန့်နှင့် ထန်မင်းတို့အား တည်ခင်းပေးပြီးသောအခါ သူမသည် အခန်းထဲမှ ထွက်ခွာရန်ပြင်လိုက်သည်။
"အဲ့ဒီမှာ ထိုင်။" ထန်ရှုက စားပွဲဘေးက ကုလားထိုင်ကို ညွှန်ပြရင်း ပြောလိုက်သည်။
ခန်းရှက ချီတုံချတုံဖြစ်နေသော်လည်း နာခံမှုအပြည့်ဖြင့် ထိုနေရာသို့ သွားကာ ထိုင်လိုက်သည်။
ထန်ကောရှန့်က အနည်းငယ် အံ့အားသင့်သွားသည်။ သူက ခန်းရှကို တစ်ချက်ကြည့်ပြီး သူ့အကြည့်အား ထန်ရှုဆီသို့ ပြောင်းလိုက်ကာ ဖြည်းညှင်းစွာ ပြောလာသည်။
“ဖြစ်ရပ်ကြီးတစ်ခု ဖြစ်သွားတယ်။ အဲ့ဒီဖြစ်ရပ်ကြီးက ထောက်လှမ်းရေးအမှုထမ်းများစွာ၊ စစ်မှုထမ်းများစွာတို့နဲ့အတူ လူထောင်ပေါင်းများစွာရဲ့ အသက်တို့နဲ့ ဆက်စပ်နေတယ်။ ငါတို့ထန်မိသားစုရဲ့ လျှို့ဝှက်အင်အားစုရဲ့ အသက်ရှင်သန်ရေးနဲ့ ပျက်စီးရေးအကြောင်းလည်း ပါတယ်။"
ထန်ရှု နှလုံးခုန်သံ မြန်လာကာ သူ ကြားလိုက်ရသည်ကို မယုံနိုင်ဖြစ်မိသည်။ တစ်ခုသိရမည်မှာ ယခုအချိန်သည် ငြိမ်းချမ်းနေသော ခေတ်ကာလ ဖြစ်ပေသည်။ သည်ကဲ့သို့ ဆိုးရွားလှသော ပြဿနာက မည်ကဲ့သို့ ဖြစ်ပေါ်လာပါသနည်း။
"ဘာဖြစ်တာလဲ အဘိုး"
ထန်ကောရှန့်က ချီတုံချတုံ ဖြစ်နေသည်။ သူ့တစ်သက်တာ စစ်မှုထမ်းသည့်အချိန်တုန်းက မရေမတွက်နိုင်သော လူများကို အကဲဖြတ်ခြင်းနှင့် လေ့လာခြင်းတို့ လုပ်ခဲ့သည်။ ခန်းရှနှင့် ထန်ရှုတို့သည် ပုံမှန်မဟုတ်သော ဆက်ဆံရေးရှိသည်ကို သူ မြင်နိုင်သော်လည်း သူပြောမည့်စကားသည် အရေးကြီးကိစ္စဖြစ်နေသောကြောင့် သူမအား ယုံကြည်နိုင်ရန် သင့် မသင့် သူ မသိပေ။ အခြေအနေတစ်ခုလုံးက အရေးကြီးပြီး ပိုအရေးကြီးသည်က ထန်ရှုနှင့် သက်ဆိုင်နေခြင်းပင်။
သူ၏ထက်မြက်သော ဉာဏ်ဖြင့် ထန်ရှုသည် ထန်ကောရှန့်ကိုတလှည့် ခန်းရှကိုတလှည့် ကြည့်လိုက်ပြီး သူ့အဘိုး၏စိတ်ထဲတွင် ရှိသည့်အရာကို ချက်ချင်း နားလည်သွားသည်။ ထို့နောက် သူက
“အဘိုး … ခန်းရှက ကျွန်တော့်အမျိုးသမီးပါ။ သူမလည်း ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး ကျွန်တော် ယုံကြည်နိုင်တဲ့ အရမ်းရင်းနှီးသူတစ်ဦးလည်း ဖြစ်တာမို့ ဒီနေရာမှာ စိတ်ချလက်ချ ဘာမဆို ပြောနိုင်ပါတယ်။”
***