ပြီးခဲ့တာတွေ ပြီးပါစေ … ဒါပေမယ့် တိုင်းပြည်အပေါ် ထာဝရသစ္စာရှိပါ
Vol. 54 Ch. 748
ထန်ကောရှန့်နှင့် ထန်မင်းတို့အတွက် သည်အရာသည် ထန်ရှုကိုယ်တိုင် သူ့တွင် အမျိုးသမီး ရှိနေပြီဟူသောစကားအား ပထမဆုံးအကြိမ် ဝန်ခံပြောဆိုခြင်းဖြစ်သည်။ သူ့အမျိုးသမီးသည် မုဝမ်ရင်ဟု အပြင်က လူများ သိကြသော်လည်း ထန်ရှုကိုယ်တိုင် လက်မခံထားပေ။ ထိုအခိုက်အတန့်တွင် သားအဖနှစ်ယောက်သည် အကြည့်ချင်းဖလှယ်ကြပြီး နောက်ဆုံးတွင် ခန်းရှကို သေချာစွာလက်ခံခဲ့သည်။
ထို့အပြင် သူမသည် ကျင့်ကြံသူတစ်ယောက်လည်း ဖြစ်သည်။
ကျင့်ကြံသူတစ်ယောက်ဖြစ်သော သူမ၏အဆင့်အတန်းသည် အမှန်တကယ်ပင် ထန်ရှု၏ အထိရောက်ဆုံး လက်ထောက်ဖြစ်ကြောင်းအား ပြသနေသည်။ ဤအခိုက်အတန့်တွင် ထန်ရှုသည် ခမ်းနားသောထန် စီးပွားရေး လုပ်ငန်းစု၏စီမံခန့်ခွဲမှုကို ခန်းရှဆီသို့ လွှဲအပ်ထားနိုင်သည်မှာ အံ့ဩစရာ မဟုတ်ကြောင်း သူတို့နှစ်ဦးစလုံး သိရှိသွားကြသည်။
"ခန်းလေး … မင်းက ငါတို့ထန်မိသားစုရဲ့ အနာဂတ်မြေးချွေးမ ဖြစ်လာလိမ့်မယ်။"
ထန်ကောရှန့်က ခန်းရှကို လှည့်ကြည့်ကာ ပြောလိုက်သည်။ ထိုစကားကို ပြောပြီးနောက် သူသည် ထန်ရှုအား ပြန်လှည့်ကြည့်ကာ လက်ဖက်ရည်စားပွဲပေါ် တင်ထားသော စီးကရက်ကို ယူလိုက်သည်။
ထန်မိသားစု၏မြေးချွေးမ…
ဤအခိုက်အတန့်တွင် ခန်းရှ၏နှလုံးသားအတွင်း၌ လှိုင်းလုံးကြီးတစ်ခု ဖြစ်ပေါ်လာပြီး သူမ၏သိမ်မွေ့သော ခန္ဓာကိုယ်လေးသည် အကြိမ်အနည်းငယ်မျှ တုန်ရီသွားရသည်။ ပျော်ရွှင်မှုနှင့်အတူ ဝမ်းသာပီတိဖြစ်မှုက သူမအား ယခင်ကထက် ပိုမိုစိတ်ကျေနပ်စေခဲ့သည်။ သူမသည် ထန်ရှုကို လွန်စွာ ဂရုစိုက်ပြီး သဘာဝအားဖြင့် ထန်မိသားစု အကြီးအကဲများ၏ထောက်ခံမှုကို ရရန်လည်း ဂရုစိုက်ပေသည်။ တခါတရံ သူမ စိတ်ကူးယဉ်ခဲ့မိသော်လည်း သူမ၏အိမ်မက်များ တကယ်ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားမိချေ။
လူတစ်ဦး၏ချစ်ခင်မှုကို နက်ရှိုင်းစေရန်အတွက် ပြင်ပပြောင်းလဲမှုများသည် တစ်ခါတစ်ရံတွင် လိုအပ်ပြီး ချစ်ခြင်းမေတ္တာကို လိုချင်သော ထိုသူများသည် အမှန်တကယ် ဂရုစိုက်ကြမည်ဖြစ်သည်။ ထန်ရှု ခုနက ပြောလိုက်သော စကားများသည် သူမကို ကျေနပ်စေပြီး သူ့အပေါ်ထားသည့် သူမ၏ခံစားချက်များကို နက်ရှိုင်းစေခဲ့သည်။
ထန်ကောရှန့်သည် စီးကရက်ကို မီးညှိပြီး ခပ်ပြင်းပြင်း နှစ်ချက် ဖွာရှိုက်လိုက်သည်။ ထို့နောက် သူက ဖြည်းဖြည်းချင်း ပြောလာသည်။
“ဒီတခေါက် ပြဿနာက တော်တော်ဒုက္ခများတယ်။ ဒုက္ခအကြီးကြီးလို့တောင် ပြောလို့ရတယ်။ ၎င်းက တရုတ်နိုင်ငံတစ်ခုလုံးကို ဆုံးရှုံးမှုတစ်ခု ဖြစ်စေရုံတင်မကဘူး ကောင်းကောင်း မကိုင်တွယ်နိုင်ရင် ထန်မိသားစုကိုလည်း ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်စေလိမ့်မယ်။”
“ကျေးဇူးပြုပြီး ကျွန်တော့်ကို မခန့်မှန်းခိုင်းပါနဲ့ အဘိုး။ တည့်တည့်ပဲ ပြောပြလိုက်ပါ။” ထန်ရှုက ပြောသည်။
"ဆီးနှင်းမြူဝကျွေန်းအကြောင်း မင်း သိလား။" ထန်ကောရှန့်က မေးလိုက်သည်။
"ဟင့်အင်း … မကြားဖူးဘူး။" ထန်ရှုက ခေါင်းယမ်းလိုက်သည်။
"ကျွန်တော်တို့ တရုတ်နိုင်ငံမှာ ဒီလိုကျွန်း ရှိလို့လား။"
“ဒီ့မတိုင်ခင်က ဒီကျွန်းရဲ့တည်ရှိမှုကို ဖုံးကွယ်ဖို့ တိုင်းပြည်က ကြိုးစားခဲ့တာ ကောင်းတယ်လို့ ငါ ထင်ခဲ့တယ်။ ဒါပေမယ့် ဒီလိုအခြေအနေ ဖြစ်လာလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ တကယ်တော့ ဆီးနှင်းမြူဝကျွေန်းက လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀-၃၀လောက်က ထိုင်ဝမ်ပင်လယ်ပိုင်နက်အပြင်ဘက် ရေမိုင်၈၀၀အကွာလောက်မှာ ရုတ်တရက် ပေါ်လာခဲ့တယ်။ ဒီကျွန်းပေါ်လာတော့ နိုင်ငံတော်က တပ်ဖွဲ့ဝင်တွေ၊ ဘူမိဗေဒပညာရှင်တွေနဲ့ ဇီဝဗေဒပညာရှင်များစွာကို အဲ့ဒီနေရာဆီ ချက်ချင်း စေလွှတ်ခဲ့တယ်။ ထိုင်ဝမ်နဲ့ အရွယ်အစားတူတဲ့ ဒီကျွန်းမှာ ငါတို့ ဘယ်လိုအခြေအနေ တွေ့ခဲ့လဲ မင်း သိလား။”
“လူသားတွေကြောင့် ပျက်စီးခြင်းလုံး၀ မရှိသေးတဲ့ သစ်တောတွေ၊ အဲ့ဒီသစ်တောတွေ အတိဖုံးလွှမ်းနေတဲ့ မြင့်မားတဲ့ တောင်တန်းတွေ အပြည့်ပဲ။ အစပိုင်းမှာတော့ အဖိုးတန်တွင်းထွက်ရတနာတွေ အများအပြားရှိတဲ့ အဲ့ဒီနေရာမှာ တောရိုင်းတိရစ္ဆာန်တွေလည်း အများကြီးရှိတယ်။ ဆေးဖက်ဝင်အပင်တွေလည်း ပေါက်ရောက်တယ်။ အလွန်လေးစားထိုက်တဲ့ တရုတ်ဆေးပညာရှင်တွေက အဲ့ဒီနေရာကို စွန့်စားသွားလာပြီး အချို့ဆေးဖက်ဝင်အပင်တွေ နှစ်ထောင်ပေါင်းများစွာ သက်တမ်းရှိပြီလို့ အတည်ပြုခဲ့တယ်။ ငါကိုယ်တိုင်လည်း အဲဒီကို သွားခဲ့သေးတယ်။ ကျွန်းအလယ်က တောင်ထိပ်မှာ နန်းတော်ကြီးတစ်ခု ရှိတယ်။ အဲ့ဒါက အရမ်းရှေးကျပေမယ့် အခုချိန်ထိ တောင်ထိပ်ကို ဘယ်သူမှ မတက်နိုင်ကြသေးဘူး။
“တိုင်းပြည်က ကျွန်းရဲ့တိုးတက်ဖွံ့ဖြိုးမှုကို လျှို့ဝှက်တည်ဆောက်ပြီးတဲ့နောက်မှာတော့ ဆီးနှင်းမြူဝကျွေန်းက ငါတို့နိုင်ငံရဲ့ ထိန်းချုပ်မှုအောက်မှာ လုံးဝရှိနေပြီး ထိပ်တန်း စစ်သည်တွေ စခန်းချထားသလို အချို့စစ်သားတွေနဲ့ သုတေသီတွေရဲ့မိသားစုတွေလည်း ဟိုးတုန်းကတည်းက အဲ့ဒီနေရာမှာ အတူနေထိုင်တယ်။ အခုဆို ဆီးနှင်းမြူဝကျွေန်းတစ်ခုလုံးမှာ လူပေါင်းရာနဲ့ချီပြီး နေထိုင်တယ်လို့ဆိုနိုင်တယ်။"
ထိုစကားကို ပြောပြီးနောက် ထန်ကောရှန့် ခေတ္တရပ်တန့်ကာ နောက်ထပ်စီးကရက်တစ်လိပ်ကို ယူလိုက်သည်။
ထန်ရှု အံ့အားသင့်နေရင်း
"ဒီခေတ်ကြီးမှာ ဆီးနှင်းမြူဝကျွေန်းကို လျှို့ဝှက်ထားဖို့ ဘယ်လိုဖြစ်နိုင်မှာလဲ။ တခြားဟာတွေ အသာထားဦး မီဒီယာရဲ့ စွမ်းအားနဲ့တောင် အဲဒီ့ကအခြေအနေတွေကို ဖော်ထုတ်ဖို့ လုံလောက်တယ်မဟုတ်လား။”
"အဲ့ဒါကြောင့်ပဲ ဒီကျွန်းရဲ့တည်ရှိမှုက နိုင်ငံတော်တော်များများရဲ့စိုက်ကြည့်ခြင်းကို ခံနေရတယ်။" ထန်ကောရှန့်က သက်ပြင်းချလိုက်သည်။ “နိုင်ငံများစွာက ဒီကျွန်းကို လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက သိမ်းယူဖို့ ကြိုးစားခဲ့ကြတယ်။ ဒါပေမယ့် ငါတို့နိုင်ငံက အဲ့ဒီနေရာမှာ တပ်စွဲထားပြီးသားဖြစ်သလို ငါတို့ရဲ့ပင်လယ်ရေပြင်ပိုင်နက်ထဲမှာလည်း ရှိနေတဲ့အတွက်ကြောင့် သူတို့ရဲ့ ကြိုးပမ်းမှုတွေ မအောင်မြင်ခဲ့ဘူး။ ထိုင်ဝမ်လည်း အဲဒီနေရာကို ခြေချချင်ပေမယ့် ဖိနှိပ်ခံခဲ့ရပြီး နောက်ဆုံးမှာ ဆိတ်ဆိတ်နေဖို့ပဲ ရွေးချယ်နိုင်ခဲ့တယ်။”
“ဒါဆိုရင် အခုပြသနာက ဘာလဲ။” ထန်ရှုက မေးလိုက်သည်။
ထန်ကောရှန့်က ဒေါသကို မျိုသိပ်ထားရင်း “နိုင်ငံခြားတိုင်းပြည်တွေက ဆီးနှင်းမြူဝကျွေန်းကို အမြဲတမ်း တပ်မက်နေခဲ့ကြပြီး အဲ့ဒီနေရာကို လူတွေ ပို့ဖို့ နည်းလမ်းပေါင်းစုံကို ကြိုးစားခဲ့ကြပေမယ့် ငါတို့က ကမ်းရိုးတန်းကို အမြဲတမ်း တင်းတင်းကြပ်ကြပ် စောင့်ကြပ်ထားတာကြောင့် ကြီးကြီးမားမား ပြဿနာတွေ မဖြစ်ခဲ့ဘူး။ ဒါပေမယ့် ဒီတလောနှစ်တွေမှာ အဲ့ဒီနိုင်ငံအချို့က ကျွန်းအတွင်းကို ပြင်းထန်တဲ့ ထိုးဖောက်ဝင်ရောက်မှုကို ဆောင်ရွက်ဖို့ တပ်ဖွဲ့တွေကို ပံ့ပိုးလာတယ်။ နောက်ပြီး အဲ့ဒီပြည်ပက လူတွေက အတားအဆီးအတွင်း ချို့ယွင်းချက်တွေကနေတစ်ဆင့် အမှန်တကယ် စိမ့်ဝင်ရောက်လာတဲ့အရေအတွက်က မနည်းတော့ဘူး။
“လွန်ခဲ့တဲ့ခြောက်ရက်က အဲ့ဒီကျွန်းမှာ နေထိုင်တဲ့သူတစ်ဦး ရုတ်တရက် သတိမေ့သွားတယ်။ အဲ့နေရာက ဆေးဝန်ထမ်းတွေ စစ်ဆေးလိုက်တော့ ဗိုင်းရပ်စ်ကြောင့် ဖြစ်တာကို တွေ့ရပြီး ရောဂါပိုးက နေရာတိုင်းရဲ့လူတွေအများကြီးဆီ ကူးစက်နေတာကို တွေ့ခဲ့ရတယ်။ ဗိုင်းရပ်ကူးစက်မှုက အရမ်းကြောက်စရာကောင်းတဲ့ အရှိန်နဲ့ ဆက်တိုက်ဆိုသလို ပျံ့နှံ့သွားလိုက်တာ လေးရက်အတွင်း ကျွန်းမှာ နေထိုင်တဲ့သူ ၈၀% အကူးခံရတယ်။ အဲ့ဒီမှာ တပ်စွဲထားတဲ့စစ်တပ်တောင် ဒီနေ့ ကူးစက်တယ်။ တပ်ဖွဲ့ဝင်အားလုံးက လူပေါင်းရာနဲ့ ချီပြီး ရှိနေတာလေ။ ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်း နိုင်ငံတော်ကနေ အကောင်းဆုံး ဗိုင်းရပ်စ် ကျွမ်းကျင်သူတွေကို စေလွှတ်ခဲ့ပေမယ့် အဲ့ဒီအခြေအနေနဲ့ပတ်သက်ပြီး ကူကယ်ရာမဲ့နေတုန်းပဲ။ နောက်ဆုံးတော့ အဲ့ဒီနေရာကို ပေကျင်းမြို့ရဲ့ စီနီယာနတ်ဆေးသမားတော် ကွေ့ကျန်းချိုးလည်း မနေ့က သွားခဲ့တယ်။”
"ဒီဗိုင်းရပ်စ် ဘယ်ကလာတာလဲ။" ထန်ရှု မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"ကမ္ဘာ့အန္တရာယ်အရှိဆုံးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ မဟူရာကလပ်ကပဲ။" ထန်ကောရှန့်က လေးနက်သောအသံဖြင့်ပြောသည်။
“မဟူရာကလပ်ကလူတချို့ ကျွန်းထဲကို ခိုးဝင်လာပြီး ဗိုင်းရပ်စ်ကို ပထမဆုံးသယ်ဆောင်သူထဲကို ထိုးသွင်းတယ်။ ပြီးတော့ အချို့နိုင်ငံခြား မှောင်ခိုဈေးကွက်မှာ အားဖြည့်အရည်လို့ ခေါ်တဲ့ အဲ့ဒီဗိုင်းရပ်စ်ပိုးကာကွယ်ဆေးကို ရောင်းချကြတယ်။ အဲ့ဒီအားဖြည့်ဆေးရည်ကို ကြိုထိုးထားတဲ့သူတွေက ဗိုင်းရပ်စ်ပိုး ထပ်ပြီး ကူးစက်မခံရတော့ဘူး။ ဒါကြောင့် မဟူရာကလပ်က လူထောင်ပေါင်းများစွာနဲ့ အခြားတပ်ဖွဲ့ဝင်အချို့က ပြီးခဲ့တဲ့ ခုနစ်ရက်အတွင်း ကျွန်းပေါ်ကို ဆင်းသက်လာတယ်။ တပ်စွဲထားတဲ့ တပ်တွေနဲ့ အဲ့ဒီကောင်တွေ အပြင်းအထန် ထိပ်တိုက်တွေ့ပြီးနောက်တော့ ငါတို့ဘက်က အနည်းငယ် ဆုံးရှုံးခဲ့ရတယ်။ အဲ့ဒီလူတွေထဲမှာ အရမ်းစွမ်းအားကြီးတဲ့ လူတွေရှိတယ်။”
ထန်ရှုက လက်သီးဖြင့် စားပွဲကို ထုလိုက်ပြီး ဒေါသတကြီး ပြောလိုက်သည်။
“လာပြန်ပြီလား မဟူရာကလပ် ယီးပဲ…။ အဲ့ဒီအဖွဲ့ တည်ရှိနေတာ ဘေးဒုက္ခတွေကလွဲပြီး ဘာမှ ကောင်းကျိုးမပေးဘူး။”
"မဟူရာကလပ်အကြောင်း မင်း သိတာလား။" ထန်ကောရှန့်က အာရုံစိုက်ပြီး မေးလိုက်သည်။
ထန်ရှု၏မျက်လုံးများထဲတွင် အေးစက်သော အရိပ်အယောင်တစ်ခု လင်းလက်လာပြီး "အချို့အဖြစ်အပျက်တွေမှာ မဟူရာကလပ်ကလူတွေနဲ့ ကျွန်တော် ကြုံခဲ့ရပြီး သူတို့ အကြိမ်တိုင်း ကျွန်တော့်ဆီ ရှုံးခဲ့တာ။ အဘိုး … ကျွန်တော့်ကို ကျွန်းဆီ သွားစေချင်တာလား။"
“ငါ့မှာ အဲ့ဒီလို အစီအစဉ်ရှိပေမယ့် အဲ့ဒီနေရာရဲ့ လက်ရှိအခြေအနေက အရမ်းအန္တရာယ်များတယ်။ ဗိုင်းရပ်စ်ရဲ့ခြိမ်းခြောက်မှု ရှိသလို တဖက်မှာလည်း ပြည်ပက အင်အားစု အသီးသီးကလည်း လောဘကြီးတဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်နေကြတယ်။ ငါ စိတ်ပူတာက…”ထန်ကောရှန့် ရပ်သွားသည်။
“ဒီစိုးရိမ်မှုတွေကို ဖယ်ထားလိုက်ပါ အဘိုး။” ထန်ရှုက လေးနက်စွာ ပြောလိုက်သည်။
“ဒီဗိုင်းရပ်စ်က အသေးအဖွဲပါ။ အဲ့ဒါက ကျွန်တော့်ကို ဘာဒုက္ခမှ ပေးနိုင်မှာမဟုတ်ဘူး။ ဒီနိုင်ငံခြားတပ်ဖွဲ့တွေအနေနဲ့ နျူကလီးယားကိုသာ အသုံးမပြုရင် သူတို့တွေ ကျွန်တော့်ကို မခြိမ်းခြောက်နိုင်ဘူး။”
ထန်ကောရှန့်က စကားမပြောဘဲ ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက ခါးသီးသော အမူအရာဖြင့်
“ကျွန်းရဲ့ စစ်လေ့ကျင့်ရေးစခန်းမှာ ငါတို့လူအချို့ ဖွဲ့စည်းထားတဲ့ ကိုယ်ခံပညာရှင် တပ်ဖွဲ့တစ်ခု ရှိတယ်။ မင်းရဲ့ ဒုတိယအဘိုးကို ကျွန်းပေါ်မှာ လျှို့ဝှက်အခြေချဖို့ ငါ အမိန့်ပေးလိုက်တယ်။ မင်း အဲ့ဒီကို ရောက်လို့ တိုင်းပြည်ရဲ့ပထမခေါင်းဆောင်လက်အောက်ကလူတွေနဲ့ ဆက်သွယ်ပြီးသွားရင် ထန်ဟန်ကို ရှာဖို့ ထန်စံအိမ် ကိုယ်ခံပညာကျောင်းကို တိတ်တဆိတ် သွားပါ။"
"ထန်ဟန်က ဘယ်သူလဲ။" ထန်ရှုက မေးလိုက်သည်။
“သူက မင်းရဲ့ပထမဦးလေးရဲ့သမီးပဲ။” ထန်ကောရှန့်က ဖြေသည်။
ထန်ရှုက အံ့အားသင့်သွားပြီး
"ဦးလေးမှာ သမီးတစ်ယောက် ရှိတာလား။ ဘယ်လိုဖြစ်လို့ သူ့အကြောင်းကို မသိရတာလဲ။"
ထန်ကောရှန့်က အားတင်းပြုံးလိုက်ပြီး
"အဲ့ဒီကျွန်းမှာ နေရာတစ်ခု ရှိဖို့အတွက် မင်းဦးလေးရဲ့သမီးကို လေးနှစ်အရွယ်မှာ သေဆုံးသွားတယ်လို့ ပြည်သူတွေကို ကြေညာခဲ့ပေမယ့် တကယ်တော့ သူ့ကို အဲ့ဒီကျွန်းဆီ လျှို့ဝှက်ပို့ထားခဲ့တာ။ ငယ်စဉ်ကတည်းက လေ့ကျင့်မှုအမျိုးမျိုးကို ဖြတ်သန်းလာပြီးနောက် သူ့အသက်ဆယ့်ရှစ်နှစ်မှာ ထန်စံအိမ် ကိုယ်ခံပညာကျောင်းကို အောင်မြင်စွာ ဝင်ရောက်ခဲ့တယ်။ ၁၁ နှစ် ရှိသွားပြီ။ ဒီကလေး … ပေကျင်းကို နှစ်နှစ်တစ်ကြိမ် လျှို့ဝှက်စွာ ပြန်လာတယ်။ သူ့အသက်က ခုဆို ၂၉နှစ်ရှိပေမယ့် ၁၂ကြိမ်သာ ပြန်လာခဲ့ရတယ်။ ငါတို့မိသားစု … သူ့အပေါ် အကြွေးတွေ အရမ်းများနေတယ်။”
ဤထုတ်ဖော်ပြောဆိုမှုသည် သူ တစ်ခါမှ မတွေ့ဖူးသော ဝမ်းကွဲအစ်မအား ထန်ရှု၏နှလုံးသားထဲတွင် နက်နက်ရှိုင်းရှိုင်း လေးစားလာမိစေသည်။ သူက ခေါင်းညိတ်ပြပြီး
“ကျွန်တော် နားလည်ပါပြီ အဘိုး။”
ထန်မင်းသည် သူမ ယူဆောင်လာသော အိတ်ထဲမှ ပစ္စည်းနှစ်ခုကို ထုတ်လိုက်သည်။ ငြိမ်းချမ်းရေးနှင့် ဘေးကင်းမှုဟူသည့် စကားလုံးများ ပါဝင်သော အစိမ်းရောင်စာအုပ်ငယ်လေးတစ်အုပ်နှင့် ကျန်တစ်မျိုးမှာ သွေးစက်တစ်ခုသာ ရေးထွင်းသော အနက်ရောင် တံဆိပ်တစ်ခုဖြစ်သည်။
"ရှုအာ … ဒီစာအုပ်စိမ်းက မင်းအတွက် လုပ်ပေးထားတဲ့ နိုင်ငံတော်လုံခြုံရေးဌာနရဲ့ အထောက်အထား။ ဒီတံဆိပ်ကတော့ ငါတို့ထန်မိသားစုကလျှို့ဝှက်တပ်ဖွဲ့ရဲ့ သင်္ကေတပဲ။ အဲ့ဒါကို မင်းအစ်မဆီ ယူသွားလိုက် … သူက မင်းကို ယုံကြည်လိမ့်မယ်။” ထန်မင်းက အသံတိုးတိုးဖြင့် ပြောသည်။
ထန်ရှု ခေါင်းညိတ်ပြလိုက်သည်။ သူသည် တခဏမျှ တုံ့ဆိုင်းသွားပြီးနောက်
“အဘိုး … ကျွန်းကို သွားစေချင်တာ အဘိုးအပြင် တခြားသူတစ်ယောက် ရှိသေးတယ် မဟုတ်လား။ သူက ဘယ်သူလဲ။"
ထန်ကောရှန့်နှင့် ထန်မင်းတို့ အကြည့်ချင်းဖလှယ်ကြပြီး ထန်ကောရှန့်က ခါးသီးသောအပြုံးကို ချက်ချင်း ပြုံးလိုက်ကာ
“တကယ်ပါပဲ။ မင်းကို ငါ ဘာမှ ဖုံးကွယ်လို့ မရဘူး။ သူက ထိပ်ဆုံးကတစ်ယောက်ပါ။"
"ဘယ်တစ်ယောက်လဲ။"
"အမြင့်ဆုံးလူပဲ။"
ထန်ရှု၏မျက်လုံးအစုံ ကျဉ်းမြောင်းသွားပြီး "အကျိုးကျေးဇူး ရှိလား။"
"စာကြောင်းတစ်ကြောင်းပဲ - ပြီးခဲ့တာတွေ ပြီးပါစေ တိုင်းပြည်ကိုသာ ထာဝရသစ္စာစောင့်သိပါတဲ့။" ထန်ကောရှန့်က ပြောသည်။
ထန်ရှု အံ့အားသင့်သွားပြီး အမှတ်တမဲ့ဖြင့် စီးကရက်တစ်လိပ်ယူကာ မီးညှိလိုက်သည်။ အနည်းငယ် ဖွာရှိုက်လိုက်ပြီးနောက် သူက ပြုံးကာ ပြောသည်။ "ဒီစီနီယာက အပေးအယူလုပ်ဖို့ ရွေးချယ်ပြီး လှုပ်ရှားနိုင်ဖို့အတွက် ပြည့်စုံတဲ့ တိုင်းပြည်အာဏာကို ပေးထားတယ်။ ကျွန်တော့်ခန့်မှန်းချက်မှန်ရင် ဒီစာအုပ်စိမ်းလေးကိုလည်း ပြန်မယူတော့ဘူး မဟုတ်လား။”
"တကယ်ပဲ။" သူ့မြေး ဉာဏ်ကောင်းသည်ကို သိသော ထန်ကောရှန့်သည် ချက်ချင်းပင် ခေါင်းညိတ်ကာ ပြုံးလိုက်သည်။
"ကောင်းပြီ။" ထန်ရှု မတ်တပ်ရပ်လိုက်သည်။
“ကိစ္စက ဒီလိုဖြစ်လာပြီဆိုတော့ ကျွန်တော် ဒီအလုပ်ကို လက်ခံရမှာပေါ့။ ဘယ်အချိန် ကျွန်တော် ထွက်ရမလဲ။"
"တတ်နိုင်သမျှ မြန်မြန်ပဲ။" ထန်ကောရှန့်က ပြောသည်။ “ရှန်ဟိုင်းမှာရှိတဲ့ မြို့စောင့်တပ်စခန်းက စစ်သုံးဟယ်လီကော်ပတာတစ်စင်းကို ပြင်ဆင်ထားတယ်။ အချိန်မရွေး သွားနိုင်တယ်။"
ထို့နောက် ထန်ရှုက ခန်းရှကို ကြည့်လိုက်ပြီး "ဒီနေ့တင်ဒါပွဲကို ကိုယ် အဖော်မလုပ်မပေးနိုင်တော့ဘူး။ နောက်ပြီး ကိုယ် ဘယ်ရောက်နေလဲဆိုတာ ဘယ်သူ့ကိုမှ မပြောပါနဲ့။”
ခန်းရှလည်း ထရပ်လိုက်ပြီး သူမ၏မျက်နှာထက်တွင် နက်ရှိုင်းသော စိုးရိမ်ပူပန်မှုများ ရှိနေသည်။ သို့သော်လည်း သူမက ခေါင်းညိတ်ပြီး တိုက်တွန်းစကား ဆိုနေဆဲဖြစ်သည်။
“ကျေးဇူးပြုပြီး နင့်ရဲ့ဘေးကင်းလုံခြုံရေးကို ဂရုစိုက်ပါ။”
"ကိုယ် ဂရုစိုက်ပါမယ်။" ထန်ရှုက ပြန်ဖြေသည်။
ထန်ကောရှန့်နှင့် ထန်မင်းတို့သည် အလျင်စလို မထွက်ခွာခဲ့ဘဲ အိမ်မှ အမြန်ထွက်သွားသော ထန်ရှု၏ နောက်ကျောကို ကြည့်ကာ တပြိုင်နက်တည်း သက်ပြင်းချလိုက်မိကြသည်။
****
ရှန်ဟိုင်းမြို့စောင့်တပ်စခန်း…
စစ်ဝတ်စုံကို ဝတ်ဆင်ထားသည့် ဟူကျန်းဖုန်းသည် စောင့်ဆိုင်းနေခဲ့သည်မှာ အချိန်ကြာနေခဲ့ပြီဖြစ်သည်။ သူသည် အကြီးတန်းဗိုလ်မှူးကြီးအဆင့်ဖြင့် ဆီးနှင်းမြူဝကျွေန်း၏ စစ်ဦးစီးချုပ် ဖြစ်ပေသည်။ အဖြစ်အပျက်ကြီး မတိုင်မီက သူသည် ခွင့်ဖြင့် အပန်းဖြေခရီးထွက်ပြီး ပေကျင်းသို့ ပြန်လာခဲ့သော်လည်း ကျွန်းတွင် ဖြစ်ပွားခဲ့သော အဓိက အဖြစ်အပျက်ကြောင့် ထန်ကောရှန့်အား ရှန်ဟိုင်းသို့ စောင့်ရှောက်ခေါ်လာရန်နှင့် ရှန်ဟိုင်းအခြေစိုက်စခန်းတွင် အချိန်ပြည့် ရှိနေရန် အမိန့်တစ်ခုအား လက်ခံရရှိခဲ့သည်။
အချိန်ပြည့် ရှိနေပြီး တစ်စုံတစ်ယောက်ကို စောင့်နေရန်။
မည်သူ့ကို သူ စောင့်နေရမှန်း မသိသကဲ့သို့ ဗိုလ်မှူးကြီးအဆင့်ဖြင့် စစ်ဦးစီးချုပ်ဖြစ်သည့်တိုင် ထိုလူကို စောင့်နေရသဖြင့် ထိုလာမည့်လူတွင် မည်သည့် ဂုဏ်ပုဒ်များ ရှိသည်ကို သူ မသိပါချေ။
ပွမ် … ပွမ် …
အနက်ရောင် ဆာ့ဖ်ကားလေးစီး အဝေးကနေ မောင်းလာပြီး စစ်ရဟတ်ယာဉ်များအနီးတွင် ရပ်လိုက်ကာ အနက်ရောင်ဝတ်စုံဝတ်ထားသည့် လူတစ်ဦးက ကားတံခါးကို ဖွင့်လိုက်သည်။ ထို့နောက် ဟူကျန်းဖုန်း၏အကြည့်များသည် တတိယကား၏အနောက်တံခါးသို့ ကျရောက်သွားသည်။ အပြင်မှ တိုက်ရိုက်ဝင်နိုင်သူသည် အကောင်ကြီးကြီး ဖြစ်ကြောင်း သူ သိပေသည်။
***