← Chapters

ရယ်စရာကောင်းသော ကြွားလုံး

Vol. 54 Ch. 749

ရယ်စရာကောင်းသော ကြွားလုံး

Vol. 54 Ch. 749

သည်တစ်ခေါက် ဆီးနှင်းမြူဝကျွေန်းကို သွားရာတွင် ထန်ရှုသည် လူတွေအများကြီး မခေါ်လာခဲ့ပေ။ သူ့အနောက်ကို လိုက်လေ့ရှိသော မိုအားဝူအပြင် တခြား ဆယ်ယောက်သာ ပါပေသည်။ အမည်မသိ ရန်သူများစွာ ရှိမှန်း သူ သိသော်လည်း လုံး၀ ဖျက်ဆီးပစ်နိုင်သည်ဟု သူ ယုံကြည်သည်။

မြို့စောင့်တပ်စခန်းသို့ သွားရာလမ်းတွင် သူ ဖုန်းအနည်းငယ် ပြောခဲ့သေးသည်။ အတန်းပိုင်ဆရာမ ဟန်ကျင်းဝူထံမှ ခွင့်တောင်းခြင်းအပြင် ရွှယ်ယုနှင့် မကြာသေးမီက အလုပ်များနေသော လီလောင်ရှန်ကိုလည်း နောက်မှ အတူသောက်ရန် အချိန် ရှာမည်ဟု ပြောခဲ့သည်။ သူသည် လီလောင်ရှန်အား ထမင်းစားဖိတ်ချင်သော်လည်း ရှန်ဟိုင်းမှ ထွက်ခွာရန် အလျင်လိုနေသောကြောင့် ထိုလူကို ကြိုတင် ဖုန်းဆက်လိုက်ရသည်။

ထန်ရှု ကားပေါ်မှ ဆင်းလိုက်သောအခါတွင် အရပ်မြင့်မြင့် ကိုယ်ဟန်မတ်မတ်ဖြင့် စစ်ယူနီဖောင်းကို ဝတ်ဆင်ထားသော ဟူကျန်းဖုန်းကို မြင်လိုက်ရသဖြင့် ထိုလူဆီသို့ ဦးတည်သွားခဲ့သည်။ ထို့နောက် ထန်ရှုသည် အစိမ်းရောင် စာအုပ်ကို ထုတ်ကာ

“ကျွန်တော်က ထန်ရှုပါ။ ကျွန်တော်တို့ ဆီးနှင်းမြူဝကျွေန်းကို ချက်ချင်း အမြန် သွားချင်ပါတယ်။ ဒါက စာရွက်စာတမ်းတွေပါ။”

ဟူကျန်းဖုန်းသည် အစိမ်းရောင် စာအုပ်ကို ယူ၍ အကြိမ်များစွာ ကြည့်လိုက်ပြီး

"ငါတို့ကို နန်ရှားပြည်နယ်ကို ဒီစစ်ရဟတ်ယာဉ်ကို သုံးပြီးသွားဖို့ အထက်အရာရှိဆီက အမိန့်ရထားတယ်။ ပြီးရင် ကျွန်းကို သင်္ဘောနဲ့ ခရီးဆက်ရမယ်။ ခရီးစဉ် အဆင်ပြေရင် ညနေ မစောင်းခင် ရောက်မှာပါ။”

"ကျွန်တော်တို့ အဲ့ဒီကို တိုက်ရိုက် ပျံသန်းလို့ မရဘူးလား။" ထန်ရှု မျက်မှောင်ကြုတ်သွားသည်။

"စစ်တပ်လေကြောင်းသဘောတူညီချက်အရ အဲ့ဒီကျွန်းကို ဘယ်လေကြောင်းမှ တိုက်ရိုက် သွားလို့မရဘူး။" ဟူကျန်းဖုန်းက ခေါင်းယမ်းလိုက်သည်။

“ကျွန်းမှာ လေကြောင်းကာကွယ်ရေးဌာနရဲ့ အပြည်ပြည်ဆိုင်ရာ လက်နက်ကိုင်စနစ်တစ်ခုရှိတယ်။ အမြင့်ပေ ၄၀၀ မီတာရှိတဲ့ လေယာဉ်တစ်စင်းက ကျွန်းနဲ့ ကီလိုမီတာ ၅၀အကွာကို ရောက်တာနဲ့ ရန်သူအဖြစ် သတ်မှတ်ပြီး ပစ်ချခံရမယ်။”

“စစ်ရဟတ်ယာဉ်တွေက ခြွင်းချက်မဟုတ်ဘူးလား။ အဲ့ဒီမှာ တိုက်လေယာဉ်ရော မရှိဘူးလား။” ထန်ရှုက ဆက်မေးလိုက်သည်။

“မဟုတ်ဘူး … အဲ့ဒီမှာ အဆင်မပြေတာ တစ်ခုရှိတယ်။” ဟူကျန်းဖုန်းက ခေါင်းယမ်းသည်။

"အဲ့ဒါက ဘာများလဲ။" ထန်ရှုက မေးလိုက်သည်။

“အဲ့ဒါက ကျွန်းရဲ့အနီးတစ်ဝိုက်က ကီလိုမီတာ ဒါဇင်နဲ့ချီတဲ့ ဧရိယာကို ဖုံးအုပ်ပေးထားတဲ့ ထူးဆန်းတဲ့ သံလိုက်စက်ကွင်းကြောင့်ပါ။ တိုင်းတာရေးကိရိယာ ပါရှိတဲ့ ဘယ်ပျံသန်းရေးယာဉ်မဆို အဲ့ဒီဧရိယာအတွင်းကို ဝင်လာတာနဲ့ ချွတ်ယွင်းသွားမယ်။ နောက်ပြီး ကျွန်းတစ်ဝိုက်က မြူတွေ သိပ်သည်းထူထပ်နေတယ်။ ကျွန်းကို ရှာတွေ့ပြီးကတည်းက ကျွန်းမှာ မြူတွေ ကင်းစင်တဲ့ အချိန်က နေ့တိုင်း နှစ်နာရီလောက်ပဲ ရှိနေတာကို တွေ့ရတယ်။ အဲ့ဒါကြောင့် အဲ့ဒီနှစ်နာရီအတွင်းပဲ ကျွန်းပေါ် အဝင်အထွက် လုပ်လို့ရတယ်။”

အစီအရင်ခင်းကျင်းမှုတစ်ခုလား။

ထန်ရှု စက္ကန့်အနည်းငယ်လောက် တွေးလိုက်မိသည်။ ထို့နောက် သူက ခေါင်းညိတ်လိုက်ပြီး

“ဒါကို မေ့လိုက်ပါ။ အခု သွားကြတာပေါ့။ ဒါနဲ့ ဒီရဟတ်ယာဉ်နဲ့ လူအများကြီး သယ်လို့ရနိုင်မလား။”

“လေယာဉ်မှူး ၂ ယောက်နဲ့ လေယာဉ်ခန်းမှာ လူ၁၀ယောက်ပဲ စီးလို့ရမယ်။ မင်းနဲ့အတူ လူဘယ်နှစ်ယောက် ခေါ်လာမယ်ဆိုတာ ငါ မသိဘူးလေ။ ဒါကြောင့် ဒီရဟတ်ယာဉ်ကို ပြင်ဆင်ပေးဖို့ စစ်ဌာနကို တောင်းခဲ့တယ်။ အခု နောက်ထပ်တစ်စင်း ထပ်ထည့်ဖို့ တောင်းလို့ရနိုင်ပါတယ်။” ဟူကျန်းဖုန်းက ပြောသည်။

"ဒါဆို ကျွန်တော် ခင်ဗျားကို ဒုက္ခပေးရတော့မှာပဲ။" ထန်ရှု ခေါင်းညိတ်လိုက်သည်။

နှစ်မိနစ်အကြာတွင် စစ်တပ်သုံးဆာ့ဖ်ကားနှစ်စီးသည် ဘရိတ်အုပ်ကာ အနီးနားတွင် ရပ်တန့်လိုက်ပြီး ပြောက်ကျားစစ်ယူနီဖောင်းဝတ်ထားသော စစ်သားခုနစ်ဦး ကားပေါ်မှ ခုန်ဆင်းလာသည်။ သူတို့ယူလာသော ပြောက်ကျားအိတ်ကို ချလိုက်ကာ ဟူကျန်းဖုန်းကို အလေးပြုလိုက်ကြပြီး

"တစ္ဆေအထူးတိုက်ခိုက်ရေးအဖွဲ့ခေါင်းဆောင် ယုရှုချင်းက သတင်းပို့ပါတယ် လူကြီးမင်း။"

စစ်ရေးထုံးစံအတိုင်း အရိုအသေပေးလိုက်ကြပြီးနောက် ဟူကျန်းဖုန်းက ပြုံးပြီး ပြောလိုက်သည်။

"ထိပ်သီးခေါင်းဆောင်တွေဆီက အမိန့်ကို ရပြီးတဲ့အချိန် ရဲဘော်ဟောင်းတွေနဲ့ ပြန်တွေ့မယ်ဆိုတာ ငါ သိတယ်။ မင်းရဲ့တစ္ဆေအထူးတိုက်ခိုက်ရေးတပ်ဖွဲ့က ဒီနှစ်တွေတစ်လျှောက်လုံး နိုင်ငံအတွက် အံ့သြဖွယ်ကောင်းတဲ့ တာဝန်ထမ်းဆောင်မှုတွေကို ပြုလုပ်ပေးခဲ့လို့ မင်းတို့ရဲ့စီနီယာအရာရှိက မင်းတို့အားလုံးအတွက် အချီးမွမ်းမခံရဘူးရယ်လို့ကို မရှိတာ။”

“တိုင်းပြည်အတွက် ကျွန်တော်တို့ ထမ်းဆောင်ရမယ့် တာဝန်ပါ လူကြီးမင်း။”

ယုရှုချင်းက အပြုံးဖြင့် ပြောသည်။

ဟူချန်းဖုန်းက ခေါင်းညိတ်လိုက်ပြီး တစ္ဆေအထူးတိုက်ခိုက်ရေးအဖွဲ့ဝင်များကို ကြည့်လိုက်သည်။ ထို့နောက် သူက ကျေနပ်စွာ ခေါင်းညိတ်လိုက်ကာ

“မင်းရဲ့အထူးစစ်ဆင်ရေးအဖွဲ့က ငါနဲ့အတူ ကျွန်းကို လာခွင့်ရလို့ အရမ်းစိတ်သက်သာရာ ရသွားတယ်။ ရှုချင်း … ကျွန်းရဲ့ဖြစ်ရပ်တွေကို တာဝန်ယူဆောင်ရွက်မယ့် တာဝန်ခံ ထန်ရှုနဲ့ မိတ်ဆက်ပေးပါရစေဦး။ တစ္ဆေအထူးတိုက်ခိုက်ရေးအဖွဲ့ဝင်အားလုံးက အခု သူ့ဆီက အမိန့်ကို နာခံရလိမ့်မယ်။”

ယုရှုချင်း မျက်မှောင်ကြုတ်သွားသော်လည်း ထန်ရှုအား အလေးပြုနေဆဲဖြစ်သည်။

"တစ္ဆေအထူးတိုက်ခိုက်ရေးအဖွဲ့ခေါင်းဆောင် ယုရှုချင်းက ခေါင်းဆောင်ကို သတင်းပို့ပါတယ် လူကြီးမင်း…"

သူ့အနောက်မှ အထူးစစ်ဆင်ရေးအဖွဲ့ဝင်ခြောက်ဦး၏ မျက်လုံးများထဲတွင် အနည်းငယ် ဒေါသရိပ်များ စွက်နေသည်။ သူတို့ရောက်လာသောအချိန်တွင် မိုအားဝူနှင့် ကျန်သောသူများသည် သာမန်ထက် ထူးခြားသည်ကို သူတို့ ပြောနိုင်သည်။ ထို့ထက်ပို၍ ထိုသူတို့၏ကိုယ်ခန္ဓာမှ တိုက်ခိုက်ရည်ဝနေခြင်းကြောင့် သွေးစွန်းသောရနံ့ကို ရှူရှိုက်မိသောကြောင့် ပို၍ပင် ခြိမ်းချောက်မှုကို ခံစားရစေသည်။ သို့သော် ထန်ရှုသည် အလွန်ငယ်ရွယ်ပေသည်။ သူတို့အဖွဲ့သည် အမြဲတမ်း သူတို့တစ်ဖွဲ့တည်း လုပ်ဆောင်နေကျဖြစ်ရာ ယခု အမည်မသိလူငယ်တစ်ဦး၏ ကွပ်ကဲမှုအောက်တွင် ရုတ်တရက် တာဝန်ပေးအပ်ခံရခြင်းဖြစ်သည်... ထို့ကြောင့် သူတို့တွေ အတော်ကို မကျေမနပ် ဖြစ်နေကြသည်။

ထန်ရှုက ခပ်တည်တည်ဖြင့် ခေါင်းညိတ်လိုက်ပြီး "တကယ်တော့ ကျွန်တော် တခြားအကူအညီတွေ မလိုပါဘူး။ ဒါပေမယ့် ခင်ဗျားက အမိန့်လက်ခံပြီးဖြစ်လို့ ကျွန်တော် ငြင်းပြီး ခင်ဗျားကို ပြန်လွှတ်လိုက်ရင် ရိုင်းရာကျလိမ့်မယ်။ ကျွန်းပေါ် ရောက်ရင် ခင်ဗျားတို့ကို အခြေစိုက်စခန်းမှာနေခိုင်းဖို့ အဲ့ဒီက စစ်ကြီးကြပ်ရေးမှူးနဲ့ စကားပြောလိုက်ပါမယ်။"

ယုရှုချင်း၏မျက်လုံးများထဲတွင် အေးစက်သော အရိပ်တစ်ခု ဖြတ်သန်းသွားပြီး လေသံအေးစက်စက်ဖြင့် ပြောလိုက်သည်။

"မင်း ရူးနေပြီ။"

ထန်ရှုက ခေါင်းခါပြီး သူ့ကို တစ်ခါတည်း လျစ်လျူရှုလိုက်သည်။ သူသည် ဟူကျန်းဖုန်းဆီသို့ သွားကာ မိုအားဝူ၊ ကျင်းရှီနှင့် ကျန်သောသူများကို စစ်ရဟတ်ယာဉ်တစ်စင်းပေါ် တက်စေပြီး ထာဝရခန်းမ၏အခြားကျွမ်းကျင်သူနှစ်ဦးအား ဟူကျန်းဖုန်းတို့လေယာဉ်တွင် ချန်ထားခဲ့သည်။

"သူဌေး … ငါ ဒီတစ္ဆေအထူးတိုက်ခိုက်ရေးတပ်က လူတစ်ယောက်ကို တစ်ခါလောက် ကိုင်တွယ်ခဲ့ဖူးတယ်။"

ရွှဲ့ရှသည် လေယာဉ်ခန်းထဲတွင် ထိုင်ပြီးနောက် ထန်ရှုအား လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

"ဘယ်တုန်းကလဲ။" ထန်ရှု၏မျက်ခုံးများ ပင့်တက်သွားပြီး ပြန်မေးလိုက်သည်။

“ကြွက်ကို သွားတွေ့တုန်းက။” ရွှဲ့ ရှက ပြောသည်။

“အဲ့ဒီအထူးတိုက်ခိုက်ရေးတပ်ရဲ့ အဖွဲ့ဝင်တစ်ယောက်က ငါတို့နောက်ကို ခြေရာခံလိုက်လာတာကို ငါက ကြားဖြတ် ဟန့်တားလိုက်တယ်။ ဒါပေမယ့် သူက ငါ့ရဲ့ သွင်ပြင်ကို မမြင်ရတဲ့အတွက် ငါ့ကို မသိကြဘူး။”

ထန်ရှု နားလည်သွားပြီး တစ်ချက်ပြုံးပြကာ

"သူတို့က ရှန်ဟိုင်းမှာတုန်းက နိုင်ငံပိုင်လုပ်ငန်းက လူတွေနဲ့ တိုက်ခိုက်ခဲ့ပုံပဲ။ ငါတို့ရဲ့အထူးဝိသေသသာ မရှိရင် အဲ့ဒီအထူးတပ်ဖွဲ့က သာမန်လူတွေအတွက် အရမ်းအစွမ်းထက်တယ်လို့ မှတ်ယူနိုင်တယ်။”

"သူတို့နဲ့ ရင်ဆိုင်ရရင် ငါ ဒီအသင်းတစ်ခုလုံးကို ချေမှုန်းနိုင်တယ်။" ရွှဲ့ရှက ရယ်မောလိုက်သည်။

"အဲ့ဒီလို ပေါက်ကရတွေ မပြောနဲ့။" ထန်ရှုက သူ့ကို ခပ်ဆတ်ဆတ်လေး ပြောလိုက်သည်။

“သူတို့က သာမန်လူတွေ။ မင်းမှာ ရှိတဲ့ ဂုဏ်ပုဒ်က ဘာလဲ။ သူတို့နဲ့ ကိုယ့်ကိုယ်ကို နှိုင်းယှဉ်ရတာ ကောင်းတယ်လို့ ခံစားနေရတာလား။”

အာ … ရွှဲ့ရှက ခြောက်ကပ်ကပ် ရယ်မောကာ စကားမပြောတော့ဘဲ ခေါင်းညိတ်ပြလိုက်သည်။

အခြားစစ်ရဟတ်ယာဉ်ထဲတွင် တစ္ဆေအထူးတိုက်ခိုက်ရေးအဖွဲ့ဝင် မိုရှောင်နန်က ထာဝရခန်းမမှ လူနှစ်ယောက် ဖြစ်သော ရွှီကွေ့၊ ရဲရှီစန်းတို့ကို မျက်လုံးမှေးစင်းကာ တစ်ချက်ကြည့်လိုက်ပြီး ချက်ချင်း မေးလိုက်သည်။

“စီနီယာအရာရှိ … သူတို့က ဘာလုပ်ကြမှာလဲ။”

“မင်း မမေးသင့်တာတွေကို မမေးနဲ့။ ငါကိုယ်တိုင်တောင် ရှင်းရှင်းလင်းလင်း မသိဘူး။” ဟူကျန်းဖုန်း ခေါင်းယမ်းလိုက်သည်။

"သူတို့ကိုလည်း မသိဘူးလား။" မိုရှောင်နန်က မေးသည်။ "အဲ့ဒါက ထန်မျိုးရိုးကောင်လေးဆီက အမိန့်ကို နာခံရမယ်လို့ ဆိုလိုတာမဟုတ်ဘူးမလား။ ဒါက ဟာသတစ်ခုလား ဘာလား။"

"ဒါက အမိန့်ပဲ။" ဟူကျန်းဖုန်းက လေးနက်သော အသံဖြင့် အပြစ်တင်လိုက်သည်။

ရဲရှီစန်းသည် မိုရှောင်နန်ကို အေးစက်စက် တစ်ချက်စိုက်ကြည့်ကာ တင်းမာသော လေသံဖြင့်

"မင်းရဲ့စော်ကားတဲ့ မျက်နှာနဲ့ ငါတို့သူဌေးအကြောင်းကို ဒီထက်ပိုပြီး ပြောဝံ့ရင် မင်း စစ်သားဖြစ်ရင်တောင် ဒီမှာပဲ ငါ မင်းကို သတ်ပစ်မယ်။"

သူဌေးလား…

မိုရှောင်နန်က ခနိုးခနဲ့လေသံဖြင့်

“သူ့ကို ထိပ်သီးပိုင်းခေါင်းဆောင်တစ်ယောက်၊ ပုဂ္ဂိုလ်ကြီးတစ်ယောက် ဒါမှမဟုတ် တစ်ခုခုလို့ ငါ ထင်နေတာ။ အစသတ်တော့ သူက သူဌေးတစ်ယောက်ပဲ။ ဟမ့် … ငါတို့ အထက်လူကြီးတွေရဲ့ခေါင်းတွေ ဘာတွေ ဖြစ်ကုန်ပြီလဲ။ လုပ်ငန်းရှင်တစ်ယောက်ရဲ့အမိန့်ကို နာခံဖို့ သူတို့က ငါတို့ကို အမိန့်ပေးတယ်တဲ့လား။ သူ့ရဲ့ကြွားလုံးသက်သက် သက်တော်စောင့်တွေက ရယ်စရာကောင်းတဲ့ ဟာသတွေပဲ။”

ယုရှုချင်း၏မျက်နှာပေါ်တွင်လည်း မသက်မသာ အမူအရာတစ်ခု ရှိနေသည်။ သို့သော် သူတို့မြင်နေသော အရာထက် အများကြီး ပိုသော အရာများ ရှိလိမ့်မည်ဟု သူ တွေးမိသည်။ နို့မဟုတ်ပါက လုပ်ငန်းရှင်စစ်စစ်တစ်ယောက်အား သည်နေရာသို့ လာစေပြီး သူတို့အား အမိန့်ပေးနိုင်သည့် အရည်အချင်း ပြည့်မီစေခြင်းသည် မဖြစ်နိုင်ချေဟု သူ ယူဆမိသည်။ သူက မိုရှောင်နန်ကို စိုက်ကြည့်ကာ

"ပါးစပ်ပိတ်ထား…။"

မိုရှောင်နန်သည် အေးစက်စွာ ရေရွတ်လိုက်ပြီး ရဲရှီစန်းနှင့် ရွှီကွေ့တို့ကို ဒေါသတကြီး စိုက်ကြည့်ကာ စကားထပ်မပြောတော့ပေ။

မိနစ်နှစ်ဆယ်ကြာပြီးနောက် နောက်ထပ် စစ်ရဟတ်ယာဉ်တစ်စီး အဆင်သင့် ဖြစ်နေချေပြီ။ ဟူကျန်းဖုန်းနှင့် ကျန်သောသူများ တက်လာကြပြီး မကြာခင်မှာပင် ရဟတ်ယာဉ်သည် တိမ်တိုက်တွေထဲ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။ နှစ်နာရီကျော်အကြာတွင် စစ်ရဟတ်ယာဉ်နှစ်စင်းသည် နန်ရှားပြည်နယ် အခြေစိုက်စခန်းသို့ ရောက်ရှိလာခဲ့ပြီး အခြေစိုက်စခန်းကိုယ်တိုင်က ၎င်းတို့အား စစ်သုံးဆိပ်ကမ်းသို့ ပို့ဆောင်ရန် စစ်ဘက်ဆိုင်ရာ ဂျစ်ကားခြောက်စီးကို စေလွှတ်ပေးခဲ့သည်။

"လွတ်လပ်ခြင်း" ခရီးသည်တင်ရေယာဉ်…

ထိုရေယာဉ်ပေါ်တက်ပြီးနောက် ဟူကျန်းဖုန်းသည် ရေယာဉ်ပေါ်ရှိလူများအား စကားပြောဆိုပြီးနောက် ဆီးနှင်းမြူဝကျွေန်းသို့ တိုက်ရိုက်ရွက်လွှင့်ခဲ့သည်။ နန်ရှားပြည်နယ်မှ ဆီးနှင်းမြူဝကျွေန်းသို့ သွားရန်အတွက် ထိုင်ဝမ်ကျွန်းကို ကျော်ဖြတ်ရသောကြောင့် ခရီးသည် အချိန်များစွာ ယူခဲ့သည်။ နေဝင်ရီတရောအချိန်ရောက်မှ ရေယာဉ်သည် နောက်ဆုံးတွင် အုံ့ဆိုင်းနေသော ပင်လယ်ပြင်ဇုန်ထဲသို့ ဝင်လာခဲ့သည်။

“စိတ်ဝင်စားစရာပဲ။”

ရေယာဉ်ကုန်းပတ်ပေါ်တွင် လက်နှစ်ဖက်ကို ပိုက်ကာ ရပ်နေသော ထန်ရှုသည် ဘေးပတ်ပတ်လည်ကို လှည့်ကြည့်သည်။ ဘေးမှ ပျံ့လွင့်လာသော အထူးစွမ်းအင်များ ရှိနေကြောင်းကို သူ ရှင်းရှင်းလင်းလင်း ခံစားနိုင်ပြီး ၎င်းသည် မြူမှ ထွက်လာသည့် စွမ်းအင် ဖြစ်လိမ့်မည်။ သို့သော် ဤစွမ်းအင်လှုပ်ရှားမှုသည် သဘာဝအတိုင်း ဖြစ်ပေါ်နေခြင်း မဟုတ်ဘဲ တက်ကြွပြီး တည်ငြိမ်သော ပုံမှန်ပုံစံတစ်ခုဖြစ်အောင် အစီအရင်ပညာရပ်ဖြင့် ဖန်တီးထားခြင်းဖြစ်သည်။

"ထန်ရှု … မင်းရဲ့လုံခြုံရေးကို နောက်ပိုင်း အာရုံစိုက်ပါ။ ဒီပင်လယ်ပြင်က မငြိမ်းချမ်းဘူး။” ဟူကျန်းဖုန်းက ရေယာဉ်ဝမ်းထဲက ထွက်လာပြီး ထန်ရှု၏ဘေးတွင် ဘေးချင်းကပ်ရပ်ကာ အပြုံးမပျက် စကားပြောလိုက်သည်။

ထန်ရှုက လှည့်ကြည့်ပြီး

"ဂရုစိုက်ဖို့ အသေးစိတ် ပြောပေးပါ။"

“ဒီပင်လယ်ပြင်မှာ သားရဲကောင်တွေရှိတယ်။ သားရဲကောင်တွေဆိုတာ ဘာလဲ မင်း သိလား။ အဲ့ဒီကောင်တွေက ရိုးရှင်းထက်မြက်တဲ့ တောရိုင်းတိရစ္ဆာန် အမျိုးအစားဖြစ်ပေမယ့် သူတို့ရဲ့ တိုက်ခိုက်ရေး စွမ်းအားက တောရိုင်းတိရစ္ဆာန်တွေထက် အဆများစွာ ပြင်းထန်တယ်။ အထူးသဖြင့် ငါးမန်းနက်တွေ နေထိုင်တဲ့ ဒီမြူခိုးထူထပ်တဲ့ဧရိယာပဲ။ ကံကောင်းထောက်မပြီး ငါတို့သင်္ဘောကို သံမဏိနဲ့ဆောက်ထားလို့ပေါ့။ သစ်သားလှေတစ်စင်းသာ ဖြတ်သွားရင် အဲ့ဒီငါးမန်းနက်တွေက လှေကုန်းပတ်ကို တစ်ချက်ကိုက်ရုံနဲ့ ဖျက်ဆီးပစ်နိုင်မှာ သေချာတယ်။”

“အဲ့ဒီငါးမန်းနက်တွေကို ဘယ်သူမှ အမဲမလိုက်ကြဘူးလား။”

“သူတို့ကို လိုက်မရှာတာတော့ မဟုတ်ဘူး။ အဲ့ဒီငါးမန်းနက်တွေက အရေအတွက်များပြီး အုပ်စုလိုက် နေကြတာကွာ။ အုပ်စုလိုက်ပေါ်လာတိုင်း အနည်းဆုံး ရာနဲ့ချီ ရှိလိမ့်မယ်။ ဒီနေရာကို ရှင်းဖို့ အကြိမ်ပေါင်းများစွာ တပ်သားတွေ စေလွှတ်ထားတယ်ဆိုပေမယ့် သူတို့ကို မသတ်နိုင်ဘူးလို့ အမြဲတမ်း ခံစားနေကြရတာလေ။”

ထန်ရှု ခေါင်းညိတ်လိုက်ပြီး

“ကျွန်းရဲ့အကျပ်အတည်းကို ဖြေရှင်းပြီးသွားရင် သူတို့ကို ရှင်းဖို့ လူတချို့ကို ကျွန်တော် လွှတ်ပေးမယ်။ ဒီအဖြစ်အပျက်ပြီးရင် ဒီကျွန်းနဲ့ပတ်သက်တဲ့ သတင်းတွေကို ထပ်ပြီး ပိတ်လို့မရတော့မှာကို စိုးရိမ်မိတယ်။ အဲ့ဒီအချိန်ကျရင် ပြင်ပက အရပ်သားတွေ ဒီကို မလွဲမသွေ လာမှာဖြစ်လို့ ဒီပြသနာကိုလည်း ဖယ်ရှားဖို့လိုတယ်။”

ဟူကျန်းဖုန်း၏ပါးစပ်များ မဲ့ရွဲ့သွားပြီး ထန်ရှုအား အထင်သေးစွာ ကြည့်မိတော့သည်။ အရည်အချင်းရှိသူများနှင့် ကြွားလုံးထုတ်သူများစွာကို သူ တွေ့ဖူးသော်လည်း ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်မျှ ဤမျှလောက် ဘဝင်မမြင့်ပါချေ။ စစ်တပ်ကပင် ဤငါးမန်းနက်များကို ချေမှုန်းနိုင်ခြင်း မရှိသော်လည်း ၎င်းတို့ကို တစ်ခါမျှ မမြင်ဖူးသော ထန်ရှုက ဤနေရာတွင် ရယ်စရာကောင်းသော အရာကို အမှန်တကယ် ကြွားလုံးထုတ်ဝံ့ခဲ့သည်။ ကျွန်း၏အကျပ်အတည်းကို ဖြေရှင်းရန် ထိပ်သီးပိုင်းအရာရှိများက အဘယ်ကြောင့် ဤသို့သော လုပ်ဖော်ကိုင်ဖက်ကို စေလွှတ်လိုက်သည်ကို သူ အမှန်တကယ်ကို မတွေးတတ်တော့ပါချေ။

ရေယာဉ်သည် အရှေ့သို့ ရွက်လွှင့်လာသည်နှင့်အမျှ မြူခိုးထူထပ်သောဧရိယာကို လျင်မြန်စွာ ဖြတ်ကျော်လာပြီး အဝေးက ကျွန်းတစ်ကျွန်းအား ကြည်လင်ပြတ်သားစွာ မြင်နိုင်သော မြင်ကွင်းတစ်ခုသို့ ဝင်ရောက်လာသည်။ ရေယာဉ်သည် ကျွန်းတွင် ကျောက်ချရပ်နားသောအခါ ဟူကျန်းဖုန်းသည် နှာခေါင်းစည်းတစ်ထုပ်ကို ကိုယ်တိုင် ယူလာပေးသည်။

"ကျွန်တော် မလိုပါဘူး။" ထန်ရှုက ညင်သာစွာ ခေါင်းခါပြသည်။

"အဓိပ္ပာယ် မရှိတာတွေ မပြောနဲ့ ထန်ရှု…။" ဟူကျန်းဖုန်းက စိတ်ဆိုးမာန်ဆိုး ပြောလိုက်သည်။

“ကျွန်းမှာ ပြန့်ပွားနေတဲ့ ဗိုင်းရပ်စ်က အရမ်းပြင်းတယ်။ ဒီသင်္ဘောပေါ်က ပေးထားတဲ့ ဓာတ်ငွေ့ကာ မျက်နှာဖုံးတွေသာ မရှိရင် အခုမျက်နှာဖုံးတွေကို ငါ့ရဲဘော်တွေဆီ ယူသွားလိုက်တော့မှာ။ မြန်မြန်လေး ဒါကို တပ်လိုက်။ ငါတို့ သင်္ဘောပေါ်က ဆင်းတော့မယ်။”

ထန်ရှုက မယူဘဲ ရှေ့သို့ တခဏအတွင်း ပြေးလိုက်ရာ ကုန်းပတ်အနားထိ ရောက်သွားသည်။ ထို့နောက် တစ်ချက်ခုန်လိုက်ကာ ခြောက်မီတာအကွာမှ  ကမ်းခြေလမ်းပေါ်သို့ တိုက်ရိုက်ဆင်းသက်လိုက်သည်။ မိုအားဝူနှင့် ကျန်သည့်လူများသည်လည်း ထိုနည်းအတိုင်း နောက်မှ လိုက်ကာ ကမ်းပေါ်သို့ ခုန်ချခဲ့ကြလေသည်။

***

All Chapters