← Chapters

နောက်ဆက်တွဲ အကျပ်အတည်းတစ်ခု

Vol. 54 Ch. 752

နောက်ဆက်တွဲ အကျပ်အတည်းတစ်ခု

Vol. 54 Ch. 752

ထန်ရှုနှင့် ကွေ့ကျန်းချိုးတို့သည် အမှောင်ဗိုင်းရပ်စ်ကို ယာယီနှိမ်နင်းရန် နည်းလမ်းတစ်ခုကို ရှာဖွေနိုင်ခဲ့သဖြင့် နောက်ဆုံးတွင် အာဏာပိုင်များသည် အသံထွက်လာနိုင်ကြပြီဖြစ်သည်။ ကျွန်းပေါ်တွင် ဗိုင်းရပ်စ်ပိုး ရက်အတော်ကြာ ကူးစက်ခံရပြီးနောက် အမှောင်ဗိုင်းရပ်စ်ကို ဖိနှိပ်နိုင်ခဲ့ပြီဖြစ်သဖြင့် ကျွန်းတွင် အမြင့်ဆုံးအရာရှိဖြစ်သော ရန်ချူးရှုံးသည် အခမ်းအနားပွဲတစ်ခု ကျင်းပရန် စိတ်လှုပ်ရှားစွာပင် အမိန့်ထုတ်ခဲ့သည်။

အခမ်းအနားပွဲအပြီး ညဘက်တွင် ထန်ရှုသည် အပြင်ထွက်လျှောက်ကြည့်ရန် ဆုံးဖြတ်ခဲ့ပြီး သူ၏ဝမ်းကွဲအစ်မ ထန်ဟန်အား သွားရင်းလာရင်း တွေ့ရန် စီစဉ်ခဲ့သည်။ စစ်တပ်အဆောက်အဦးမှ ထွက်ခွာမည့်အကြောင်း ရန်ချူးရှုံးအား ပြောပြသောအခါတွင် သူ၏အကြံအစည်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်လာသည်။

“ကျွန်းက လက်ရှိမှာ ရှုပ်ထွေးနေပြီး အရမ်းကို ဖရိုဖရဲ ဖြစ်နေတယ် နတ်ဆေးသမားတော်ထန်။ အဆိုးမြင်သမားတွေ ပြသနာ ဖန်တီးလိုက်တဲ့ ဗိုင်းရပ်စ်ကြောင့် ဖြစ်ပေါ်လာတဲ့ အကြောက်တရားကို အသာထားဦး … အဲ့ဒီနိုင်ငံခြားသားတွေကလည်း မကောင်းတဲ့ ရည်ရွယ်ချက်တွေကို ဖုံးကွယ်ပြီး ဥပဒေဟို သွားလာနေကြတာ။ မင်း သူတို့နဲ့ ဆုံရင် ဒုက္ခတွေ့မှာ ငါ စိုးရိမ်တယ်။"

“ကျွန်တော် ရထားတဲ့အမိန့်က ကျွန်းရဲ့ပြဿနာကို ဖြေရှင်းဖို့ဖြစ်ပြီး ဒီရောဂါဖြစ်ပွားမှုကို လေ့လာဖို့တင် မဟုတ်ပါဘူး။ တိုင်းဦးစီးမှူးရန် … အကြောက်တရားနဲ့ အန္တရာယ်ကြောင့် ကျွန်တော် ဒီမှာ ဆက်နေရဦးမယ်ဆိုရင် အမြင့်ဆုံး ခေါင်းဆောင်က ကျွန်တော့်ကို ဒီနေရာ စေလွှတ်တာ ဘာအဓိပ္ပာယ် ရှိမှာလဲ။”

"အမြင့်ဆုံးခေါင်းဆောင်လား…"

ရန်ချူးရှုံး အံ့အားသင့်သွားပြီး သူ၏မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားကြကာ ထိတ်လန့်သော အကြည့်တစ်ခုလည်း ဖြစ်ပေါ်လာသည်။ ဆီးနှင်းမြူဝကျွေန်းရှိ ပြဿနာများနှင့် အကျပ်အတည်းများကို ဖြေရှင်းရန်အတွက် ထန်ရှုကို ကူညီရမည်ဟူသော အမိန့်ကို ရခဲ့သော်လည်း မည်သည့်ထိပ်သီးခေါင်းဆောင်က အမိန့်ကို ထုတ်ပြန်ခဲ့သည်ကိုမူ သူ တိတိကျကျ မသိခဲ့ပေ။ သို့သော် ယခုအချိန်တွင် ထန်ရှုက သူ့အား လက်ခံနိုင်ရန် ထိတ်လန့်လွန်းရသည့် အရာတစ်ခုကို ပြောလိုက်ပြီဖြစ်သည်။

"တကယ်ကြီး နံပါတ်တစ်ကလား။" ရန်ချူးချုံးသည် ခဏတာ ငြိမ်သက်နေပြီးနောက် မဆိုင်းမတွ မေးလိုက်သည်။

“ဟုတ်ပါတယ်။”ထန်ရှု  ခေါင်းညိတ်သည်။

ရန်ချူးရှုံးသည် ရှုပ်ထွေးသောအကြည့်ဖြင့် ထန်ရှုကို ကြည့်ကာ

"ဒါဆိုရင်တော့ မင်းကို ငါ မတားတော့ဘူး။ ဒါပေမယ့် မင်းနဲ့ ငါ လိုက်ရမယ်။ အန္တရာယ်ကြုံခဲ့ရင်...."

“မဟုတ်ဘူး တိုင်းဦးစီးမှူးရန်က အမိန့်ကို ထိန်းဖို့ ဒီမှာပဲ နေရမယ်။"

ထန်ရှုက လက်ကို ဝှေ့ယမ်းကာ သူ့စကားကို ကြားဖြတ်လိုက်သည်။

“အနှောင့်အယှက်ပေးသူတွေက စစ်တပ်ကို တိုက်ခိုက်လာရင် ခင်ဗျားက အချိန်မီ တပ်တွေ စေလွှတ်နိုင်တယ်။ ကျွန်တော့်ရဲ့ဘေးကင်းမှုနဲ့ ပတ်သက်ပြီး အမြင့်ဆုံးခေါင်းဆောင်က တန်ဖိုးထားတယ်ဆိုပေမယ့် ကျွန်တော့်မှာ တကယ် အရည်အချင်းမရှိဘူးလို့ ထင်နေတာလား။"

ထန်ရှု၏စကားကြောင့် ရန်ချူးရှုံး အံအားသင့်သွားသည်။ သူက ထန်ရှုကို အချိန်အတော်ကြာအောင် အကဲခတ်ပြီး ခါးခါးသီးသီး ပြုံးလိုက်ကာ

"မင်း တစ်ခုခုဖြစ်ရင် 'တစ်ယောက်' ရဲ့ အမိန့်အရဆိုရင်တောင် ငါ ကြောက်တယ်... စီနီယာထန် ရှိသေးတယ်။ စီနီယာထန်ရဲ့ဒေါသကို ငါ မခံနိုင်ဘူးနော်။"

“ကျွန်တော့်အဘိုးကပဲ ဒီကို လွှတ်လိုက်တာ။ နောက်ပြီး ကျွန်တော်လည်း ပြသနာတွေကို ရင်ဆိုင်ဖို့ အဆင်သင့် ဖြစ်နေပြီမို့ သူက ခင်ဗျားကို ဒုက္ခမပေးပါဘူး။"

ထန်ရှုက ပြောလိုက်သည်။

နောက်ဆုံးတွင် ရန်ချူးရှုံးက လက်လျော့ပြီး

"ငါ မင်းနဲ့ မလိုက်ရဘူးဆိုရင်တော့ မင်းနဲ့လိုက်ဖို့ လူတစ်ချို့ကို တာဝန်ပေးခွင့်တော့ ပြုရမယ်။"

"ကျွန်တော့်နောက်ကို လိုက်ဖို့ တာဝန်ပေးလို့ရတဲ့သူ စစ်တပ်ထဲမှာ ရှိသေးတာလား။"

ထန်ရှုက မေးလိုက်သည်။

ရန်ချူးရှုံး၏အသက်ရှုသံများ နှေးကွေးသွားပြီး ခါးသီးစွာ ပြုံးကာ

“မင်းပြောတာ မှန်တယ်။ တပ်ဖွဲ့ဝင်အားလုံးလည်း ဗိုင်းရပ်စ် ကူးစက်ခံနေရပြီ။ အစောင့်အရှောက်တွေအဖြစ် လှုပ်ရှားဖို့ နေသာသာ အဖျားမတက်ရင်တောင် ကောင်းနေပြီ။ အာ ဟုတ်သားပဲ။ တစ္ဆေအထူးတိုက်ခိုက်ရေးက အဖွဲ့ဝင်တွေက မင်းနဲ့အတူ လာခဲ့ကြတာမလား။ မင်းကို ကာကွယ်ဖို့ သူတို့ကို ငါ တာဝန်ပေးလိုက်မယ်။"

“မပေးပါနဲ့…”

"ထန်ရှု … ဒါ ငါ့ဆုံးဖြတ်ချက်ပဲ။ မဟုတ်ရင် ငါ စိတ်သက်သာရာရမှာ မဟုတ်ဘူး။”

“…”

ထန်ရှု၏စိတ်ထဲတွင် ကူကယ်ရာမဲ့စွာသာ ခံစားနိုင်သည်။ သူသည် အင်မော်တယ်လမ်းစဉ် ကျင့်ကြံသူဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်း မပြောနိုင်သလို သူနှင့်အတူ ခေါ်ဆောင်လာသူများသည် ကျင့်ကြံသူများ ဖြစ်သည်ဟုလည်း မပြောနိုင်ပေ။ အထူးသဖြင့် ဤနေရာတွင် မဟူရာကလပ်ကဲ့သို့ အမျိုးမျိုးသော အင်အားစုများ၏ ခြိမ်းခြောက်မှုကို သူ သိရှိပြီးနောက်တွင် သူကြုံတွေ့ရမည့် ရန်သူများသည် သာမန်လူများမဟုတ်ကြောင်း သူ နားလည်ထားသည်။ အကယ်၍ သူသည် မဟူရာကလပ်၏ လုပ်ကြံသတ်ဖြတ်သူများနှင့် ထပ်မံကြုံတွေ့ရပါက နောက်ထပ် တစ္ဆေအထူးတပ်ဖွဲ့ ၁၀ဖွဲ့ ရှိမည်ဆိုရင်တောင် သူ့ကို ကာကွယ်နိုင်မည် မဟုတ်ပေ။ ထိုအစား … သူတို့သည် ဝန်ထုပ်ဝန်ပိုးသာ ဖြစ်လာပေလိမ့်မည်။

မည်သို့ပင်ဆိုစေကာမူ ရန်ချူးရှုံး၏ဆုံးဖြတ်ချက်ကို ထိုသူ၏ခိုင်မာသောအမူအရာမှ သူ ပြောပြနိုင်ပြီး ခေါင်းညိတ်ရုံသာ တတ်နိုင်ခဲ့ကာ ထန်ရှုတစ်ယောက် ခေါင်းများပင် ကိုက်လာလေတော့သည်။

နာရီဝက်အကြာတွင် ရန်ချူးရှုံးမှ ယာယီ ပေးလာသော အနက်ရောင် တောလမ်းမောင်းကားလေးစီး ရောက်ရှိလာပြီးနောက် ထန်ရှုသည် မိုအားဝူတို့အဖွဲ့နှင့်အတူ ကားပေါ်တက်လိုက်ပြီး ၎င်းတို့အနောက်မှ လိုက်ပါလာသော တစ္ဆေအထူးတပ်ဖွဲ့များကို သတိမထားမိလေဟန်ဆောင်လိုက်သည်။

"သူဌေး သွားချင်တဲ့ ထူးခြားတဲ့နေရာများ ရှိလား။"

မိုအားဝူသည် ကားမောင်းရမည့်သူ ဖြစ်သောကြောင့် စစ်တပ်ဝင်းမှ ထွက်ခွာပြီးနောက် မေးမြန်းလိုက်သည်။

"မင်း ဒီကျွန်းကို ရှင်းရှင်းလင်းလင်း မစုံစမ်းရသေးဘူးလား။ ကျွန်းရဲ့ဗဟိုအကျဆုံးနေရာက ဘယ်နေရာမှာ ရှိလဲ။” ထန်ရှုက မေးလိုက်သည်။

“ကျိတန်နဲ့ ဖုန်းယန်က အဲ့ဒီကို လူကိုယ်တိုင်သွားပြီး အပြည့်အစုံ စုံစမ်းခဲ့ပါတယ်။” မိုအားဝူက ဆိုသည်။

"အဲ့ဒါက သောင်းပြောင်းထွေလာမြို့ရဲ့မြောက်ဘက် ကီလိုမီတာ၁၀၀ကျော်လောက်ပဲ ဝေးတယ်။ မြို့လေးမြို့ကြား ကားလမ်း သွယ်တန်းထားပေမယ့် တောင်တန်းတွေကို ရှောင်ဖို့ လမ်းလွှဲလိုတယ်။ ကားနဲ့သွားရင် လေးနာရီကနေ ငါးနာရီလောက် ကြာမယ်။”

"ငါတို့နောက်မှာ ပါလာတဲ့ တစ္ဆေအထူးတပ်ဖွဲ့ဝင်တွေနဲ့ အလျင်လိုနေစရာ မလိုပါဘူး။" ထန်ရှုက ဆိုသည်။

"ဒါပေမယ့် အခုတော့ အဲ့ဒီကိုသွားပြီး တစ်ချက် ကြည့်လိုက်ရအောင်။ ဒါနဲ့ ကျိတန်နဲ့ ဖုန်းယန်က ဘယ်ကားမှာ ပါလဲ။

“သူတို့က ငါတို့အနောက်က ကားထဲမှာ ပါတယ်။” မိုအားဝူက ဖြေသည်။

"ကားကို ဘေးမှာ ရပ်လိုက်။ ရွှဲ့ရှ … မင်း ကျိတန်နဲ့ နေရာချင်းလဲလိုက်။ ငါ သူနဲ့ ဆွေးနွေးစရာ ရှိတယ်။”

"နားလည်ပြီ။"

ထန်ရှု၏ဘေးတွင်ထိုင်နေသော ရွှဲ့ရှက ခေါင်းညိတ်လိုက်သည်။

များမကြာမီ ပိန်ပါးသော ကျိတန်သည် ထန်ရှု၏အနားသို့ အပြေးရောက်လာပြီး ကားတံခါးပိတ်ပြီးနောက်

“သူဌေး … ငါ့ကို မေးစရာ ရှိလို့လား။”

“ဟုတ်တယ်။ မင်းနဲ့ဖုန်းယန်က ကျွန်းရဲ့အလယ်က တောင်ပေါ်ကို ကိုယ်တိုင် သွားခဲ့တယ်ဆို။ တောင်ထိပ်ပေါ်က နန်းတော်ကို မြင်ခဲ့လား။ အခြေအနေ ဘယ်လိုရှိလဲ။"

ထန်ရှုက မေးသည်။

“အဲ့ဒီအချိန်တုန်းက ငါတို့ အဲဒါကို အဝေးကြည့် မှန်ပြောင်းနဲ့ ကြည့်ခဲ့တာ။ နန်းတော်ကို အမှန်တကယ် မြင်နိုင်ခဲ့တယ်။ ကြီးကျယ်ခမ်းနားပြီး တောက်ပတာမျိုး မဟုတ်ပေမယ့် မြင့်မြတ်ထူးကဲမှုကိုတော့ ပေးစွမ်းနိုင်တုန်းပဲ။ တောင်ပေါ်ကနေ မီတာ ၆၀၀လောက်ပဲ ဝေးတဲ့အချိန်မှာ သိပ်သည်းထူထပ်တဲ့ မြူတွေက ပိတ်ဆို့နေခဲ့တယ်။ အဲ့ဒီနောက် မီတာ၁၀၀လောက် ရှေ့ကို တက်ဖို့ ကြိုးစားခဲ့ပေမယ့် ဝင်သွားတဲ့အခါ ကိုယ့်လက်ချောင်းတွေတောင် ကိုယ်မမြင်ရတော့ဘူး။ နောက်ပြီး ငါတို့ကို ပိတ်ဆို့ထားသော ဖိအားမျိုးလည်း ရှိနေတော့ ပိုပြီး နက်ရှိုင်းစွာ ဆက်သွားဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။”

"ဆိုတော့ … မင်း အထဲကိုတောင် ဝင်လို့မရခဲ့ဘူးပေါ့။" ထန်ရှုက ပြုံးပြီး မေးလိုက်သည်။

ကျိတန်က အားတင်းပြုံးပြီး

"ဟုတ်တယ် … ငါတို့ ဝင်လို့မရဘူး။ အစီအရင်တွေအကြောင်း ငါ ဘာမှ မသိပေမယ့် သူဌေးနောက်ကို လိုက်နေတာကြာပြီဆိုတော့ အစီအရင်တစ်ခုခုကြောင့် ဖြစ်တာလို့တော့ ငါ ကောက်ချက်ချနိုင်တယ်။ ငါတို့အတွက် သိပ်သည်းထူထပ်တဲ့ မြူခိုးတွေထဲ မီတာ၁၀၀အထိ ဆက်ပြီးစွန့်စားသွားနိုင်တာ ရလဒ်ကောင်းတစ်ခုလို့ ယူဆလို့ရနေပြီ။ သာမန်လူသာ အထဲကို ဝင်သွားရင် မီတာနည်းနည်းလောက် လမ်းလျှောက်ပြီးတာနဲ့ ဖိအားတွေ ပေးခံရမှာစိုးရတယ်။”

"ဒီအခြေအနေအပေါ် မင်း ဘယ်လိုမြင်လဲ။”

ထန်ရှုက လေးနက်သောအမူအရာဖြင့် မေးလိုက်သည်။

"ရှုထောင့်တစ်ခုကလွဲလို့ ဘာမှမရှိဘူး သူဌေး…" ကျီတန်က ချက်ချင်း ခေါင်းခါသည်။

“ငါတို့ တောင်ကို လှည့်ပတ်ကြည့်တော့ လူ ၁၀၀၀-၂၀၀၀ လောက်နေထိုင်တဲ့ တောင်ရဲ့တောင်ဘက်ခြမ်းက အနီးနားမှာ ရွာတစ်ရွာကို တွေ့တယ်။ ငါတို့ ရွာထဲကို ခိုးဝင်တော့ ရွာရဲ့ ဦးတည်ဘက်သုံးခုမှာ နိုင်ငံခြားသား ပညာရှင်တွေ ရှိနေတာကို တွေ့တယ်။ အတိအကျ ပြောရရင် အရှေ့၊ အနောက်၊ တောင်အရပ်ပေါ့။ တင်းတင်းကြပ်ကြပ် စောင့်ကြပ်ထားတဲ့ ခြံဝင်းများစွာကို မသိလိုက်မသိဘာသာနဲ့ သိမ်းပိုက်ထားတယ်။ တောင်ရဲ့မြောက်ဘက်ခြမ်းမှာ တပ်စွဲထားတဲ့ လူတချို့က စုစုပေါင်း လူ ၁၀၀ လောက် ရှိတယ်။ သူတို့ရဲ့ ဝတ်စားဆင်ယင်မှုကို ကြည့်ရတာ ကြေးစားသမားတွေလိုပဲ ခြေမသန်တဲ့ နိုင်ငံခြားသားအဘိုးအိုက ဦးဆောင်တယ်။”

“သူတို့အကြောင်းကို စုံစမ်းပြီးပြီလား။” ထန်ရှုက မေးလိုက်သည်။

“ရွာအရှေ့ဘက်ခြမ်းမှာ တပ်စွဲထားတဲ့ လူ၂၀ကျော်ကို ကွန်ရက်ကနေတဆင့် စစ်ဆေးကြည့်တော့ သူတို့ဟာ မက္ကဆီကို မာဖီးယားဂိုဏ်း ရက်စ်တွန်က ဖြစ်တယ်။ ခေါင်းဆောင်က ရက်စ်တွန်ရဲ့ဒုတိယအကြီးအကဲဖြစ်ပြီး ရက်စက်တဲ့သူ ကျန်းလေ့သိုမိုလို့ ခေါ်တယ်။ ဒီနေရာက ရနိုင်တဲ့ သတင်းရင်းမြစ်တွေက တအားနည်းလို့ အခြားအင်အားသုံးဖွဲ့ကို စုံစမ်းလို့မရသေးဘူး။”

"မာဖီးယားဂိုဏ်းကလူတွေလား။"

ထန်ရှု မျက်မှောင်ကြုတ်မိသည်။

"ဒီကျွန်းမှာ သူတို့ ဘာလာလုပ်နေကြတာလဲ။"

ကျီတန် မတုံ့ပြန်တော့ပေ။ သည်ဟာက သူ ရှင်းမပြနိုင်သည့် ကိစ္စပင်။

မနက်အရုဏ်မတက်ခင် တစ္ဆေအထူးတိုက်ခိုက်ရေးအဖွဲ့ဝင်များ၏ ကားနှစ်စီးနှင့်အတူ ဝံပုလွေအုပ်စုမြို့သို့ ထန်ရှုတို့ ရောက်ရှိလာသည်။ ယခင်အချိန်ကဆိုလျှင် ဝံပုလွေအုပ်စုမြို့ရှိ လမ်းဘေးဝဲယာနှစ်ဘက်စလုံးတွင် လမ်းမီးများ တောက်ပစွာ ထွန်းညှိထားပြီး ပတ်ဝန်းကျင်ရှိ အဆောက်အအုံများကို လင်းထိန်နေစေမည်ဖြစ်သည်။ သို့သော် သည်အချိန်သည် ယခင်နှင့် မတူပါပေ။ လမ်းနှစ်ဘက်လုံးသည် မည်းမှောင်နေပြီး လရောင်ရှိသော်လည်း မှောင်မိုက်နေပါသေးသည်။ လမ်းဆုံကို ဖြတ်ကျော်ပြီးမှသာ လမ်းကို အနည်းငယ် လင်းထိန်နေစေသော မီးပွိုင့်ကို မြင်လိုက်ရသည်။

မည်သို့ပင်ဆိုစေကာမူ ယခုအချိန်တွင် ပုံမှန်အားဖြင့် အိမ်များသည် အိပ်ရန် မီးများ ပိတ်ထားမည် ဖြစ်သော်လည်း ယခုအချိန်တွင် အိမ်တိုင်းတွင် မီးဖွင့်ထားပြီး မအိပ်သေးသော အိမ်တွင်းနေထိုင်သူအချို့ကို ပြတင်းပေါက်များမှ ရံဖန်ရံခါ မြင်တွေ့နိုင်သည်။

"ငါတို့ စောင့်ကြည့်ခံနေရတယ် သူဌေး…"

ရှေ့လမ်းကို ကြည့်ရင်း ကားမောင်းနေသော မိုအားဝူက နိုးကြားသောအကြည့်ဖြင့် သတင်းပို့လာရင်း သူ၏မျက်လုံးများတွင် အေးစက်သော အရိပ်တစ်ခု လင်းလက်လာသည်။

ထန်ရှုသည် မီတာ၃၀၀မှ ၄၀၀အတွင်းကို ဖုံးလွှမ်းရန် သူ၏စိတ်ဝိညာဉ်အာရုံကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။ အနက်ရောင် သားရေကုတ်အင်္ကျီ ဝတ်ထားသည့် လူနှစ်ဦးသည် သစ်ပင်များရှိနေသော လမ်းဘေးတွင် မှန်ပြောင်းဖြင့် ကြည့်နေစဉ်တွင် ကားခြောက်စီး၏အနောက် မီတာ ၃၀၀ ကျော်အကွာတွင် မီးမဖွင့်ထားသည့် ကားတစ်စီးရှိသည်။ ၎င်းတို့မှအပြင် အခြားလမ်းဘေးမှ ရိုလာစကိတ်စီးနေသော လူရွယ်တစ်ဦးလည်း အလွန်မြန်သော အရှိန်ဖြင့် ရှေ့သို့ လာနေသည်။ ဤလူသည် သာမန်လူ မဟုတ်သည်မှာ သေချာသည်။ ထိုသူသည် အထူးတပ်ဖွဲ့၏ ထိပ်တန်းစစ်သည်တစ်ဦး ဖြစ်ခဲ့သည့်တိုင် ထိုကဲ့သို့ မြန်ဆန်သော အရှိန်ဖြင့် ရိုလာစကိတ်ကို သူ စီးနိုင်မည်မဟုတ်ပေ။

"လမ်းအတိုင်း မောင်းပြီး ဟိုတယ်တစ်ခုကို ရှာလိုက်။" ထန်ရှုက သူ၏စိတ်ဝိညာဉ်အာရုံဖြင့် ဆက်လက်စောင့်ကြည့်ရင်း ခံစားချက်မဲ့စွာ ပြောလာသည်။

"ငါတို့သတင်းတွေအရ ကျွန်းတစ်ခုလုံးရဲ့ဟိုတယ်တွေကို ပိတ်ထားတယ်။ အခု သူတို့မှာ ဝန်ထမ်းနည်းနည်းပဲ ရှိပေမယ့် လက်တွေ့မှာတော့ ဘယ်သူမှ မနေရဲဘူး။”မိုအားဝူက ဆိုသည်။

“လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီးတော့ ဖြစ်နေတာပါ။ အဲ့ဒါကို ငါ နားလည်ပါတယ်။ ဒါပေမယ့် ဝန်ဆောင်မှု မပေးနိုင်ရင်တောင် အခန်းလွတ်တွေ ရှိလိမ့်မယ်။ ငါတို့ ဒီမှာ တစ်ညအိပ်ပြီး မနက်ဖြန်မနက်လမ်းပေါ်ပြန်တက်ကြမယ်။”

ထန်ရှုက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"နားလည်ပြီ။"

ဂရန်းဟိုက်ယက်ဟိုတယ်…

ဝံပုလွေအုပ်စုမြို့၏ စုစုပေါင်း အထပ်ငါးထပ်ရှိသည့်  အမြင့်ဆုံးအဆောက်အဦး ဖြစ်သည်။ မီးဖွင့်ထားသော အခန်းအနည်းငယ်မှလွဲ၍ ကျန်အခန်းအားလုံးမှာ မှောင်နေသည်။ ယခုအချိန်တွင် ဟိုတယ်ရှေ့မှန်တံခါးကို သံကြိုးဖြင့် ပိတ်ကာ သော့ခတ်ထားသည်။ ပထမထပ်ရှိ ဟိုတယ်၏ဧည့်ခန်းတွင် လူတစ်ယောက်ပင် မတွေ့ရချေ။

ကားခြောက်စီးရပ်ပြီးနောက် မိုအားဝူသည် ဟိုတယ်ပင်မတံခါး၏သော့ကို အလွယ်တကူ ဖွင့်လိုက်သည်။ တံခါးကို တွန်းဖွင့်ပြီးနောက် ထန်ရှုနှင့် အခြားသူများသည် ခန်းမအတွင်းရှိ အားနည်းသော အလင်းရောင်အောက်သို့ ခြေချလိုက်ပြီဖြစ်သည်။

“ငါတို့အခန်းတွေ ဖွင့်ပေးဖို့ တစ်ယောက်ယောက်ကို ရှာလိုက်မယ်။”

ပတ်ပတ်လည်ကို စစ်ဆေးပြီးနောက် မိုအားဝူက ပြောလိုက်သည်။

ထန်ရှုက လက်ကိုမြှောက်ကာ သူ့ကို တားလိုက်ပြီး “အလျင်မလိုနဲ့။ အားလုံး တိုက်ပွဲဝင်ဖို့ အသင့်ပြင်ထား။ ငါတို့ အော်ခေါ်ဖို့တောင် မလိုဘူး။ ငါတို့ကို လာနှုတ်ဆက်ဖို့ လူတချို့ ဆင်းလာလိမ့်မယ်။”

လျှပ်တပြက်အတွင်း မိုအားဝူသည် ထန်ရှု၏ဘေးသို့ ရောက်လာကာ သတိအနေအထားဖြင့် ရှိနေခြင်းမှလွဲ၍ ထာဝရခန်းမ၏အခြားကျွမ်းကျင်သူများသည် ပုန်းခိုဖုံးကွယ်ရန် ဘေးနှစ်ဖက်ဆီသို့ ချက်ချင်း ပြေးဝင်ပျောက်ကွယ်သွားကြသည်။ သူတို့သည် သတိအနေအထားဖြင့် ဟိုတယ်၏အရှေ့တံခါးများနှင့် ဘေးနှစ်ဖက်စလုံးရှိ စင်္ကြန်လမ်းများကို သတိထား ကြည့်ရှုနေကြပြီး ၎င်းတို့၏ချွန်ထက်သော ဓားမြှောင်များကို ကိုင်ဆောင်ထားကြသည်။

တိုက်ပွဲအတွက် အဆင်သင့်ပဲလား။

တစ္ဆေအထူးတိုက်ခိုက်ရေးတပ်မှအဖွဲ့ဝင်များသည် အံ့သြထိတ်လန့်သွားကြသည်။ သူတို့သည် အထူးအထွေ သတိထားမိခြင်း မရှိလေရာ မည်သည့်အတွက်ကြောင့် တိုက်ပွဲအတွက် အသင့်ပြင်ထားရမည်နည်း။

ယုရှုချင်းသည် ပဟေဠိဖြစ်နေသော်လည်း သူသည် အဖွဲ့အား လက်ဟန်အနည်းငယ် အလျင်အမြန် အချက်ပြလိုက်ပြီး ကျည်ဆန်များကို သူတို့၏သေနတ်များထဲသို့ ထည့်ကာ တပ်ဖြန့်ထားလိုက်သည်။

***

All Chapters