တစ်ကွက်တည်း
Vol. 54 Ch. 753
ဟိုတယ်၏ခန်းမဆောင်အလင်းရောင်မှိန်ပျပျတွင် ထန်ရှုသည် အလယ်ကျကျနေရာတွင် ရပ်ကာ ဟိုတယ်၏အရှေ့တံခါးအား စူးစိုက်ကြည့်နေသည်။ အနက်ရောင်သားရေကုတ်အင်္ကျီ ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦးနှင့် အေးစက်စက် အမူအရာရှိသော လူလတ်ပိုင်းတစ်ဦးတို့ ခန်းမအတွင်းသို့ ဝင်ရောက်လာသောအခါ တစ္ဆေအထူးတိုက်ခိုက်ရေးအဖွဲ့ဝင်များ၏ သေနတ်များသည် ၎င်းတို့ကို ချက်ချင်း ချိန်ရွယ်လိုက်ကြသည်။
"ထန်ရှု … နတ်ဆေးသမားတော်ထန်…"
ဘယ်ဘက်ရှိ သားရေဝတ်စုံ ဝတ်ဆင်ထားသော ပိန်ပါးပါး သက်လတ်ပိုင်းအရွယ် အမျိုးသားသည် ရွှေရောင်ဆံပင်အရှည်နှင့် ဖြစ်သည်။ သူသည် သေနတ်များဖြင့် ချိန်ရွယ်နေသော အထူးတိုက်ခိုက်ရေး တပ်ဖွဲ့ဝင်များကို တိုက်ရိုက်လျစ်လျူရှုလိုက်ပြီး ထန်ရှုနှင့်ခုနစ်မီတာကျော်အကွာ ရှေ့တည့်တည့်သို့ လျှောက်လာသည်။
"မင်း ဘယ်ကလဲ။" ထန်ရှုက ဂရုမစိုက်စွာ မေးလိုက်သည်။
“လောလောဆယ်တော့ ငါတို့အကြောင်းကို မင်း သိဖို့ မလိုဘူး။” ပိန်ပိန်ပါးပါး လူလတ်ပိုင်း အမျိုးသားက ဆိုသည်။
“မင်းအတွက် ရှင်းရှင်းလင်းလင်း အချက်တစ်ခုပဲ ရှိတယ်။ မင်းရဲ့အမှိုက်လိုကောင်တွေကို သေနတ်တွေ ချဖို့ အမိန့်ပေးပြီး ငါတို့နောက်ကို တစ်ယောက်တည်း လိုက်ခဲ့လိုက်။ မင်း ငါတို့နေရာကို ရောက်တဲ့အခါ ငါတို့ ဘယ်သူလဲဆိုတာ သဘာဝကျစွာ သိလာလိမ့်မယ်။"
“အဓိပ္ပာယ်မရှိတဲ့ ဘာသောက်ရူးစကားတွေ လာပြောနေတာလဲ။ မင်းက ရိုင်းစိုင်းပြီး ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတဲ့ လူတစ်ယောက်ပဲ။” ထန်ရှုက ရယ်လိုက်သည်။
"မင်း တရုတ်နိုင်ငံရဲ့ဥပဒေကို ချိုးဖောက်တာ မသိဘူးလို့ မပြောနဲ့။ မင်းက ငါတို့တိုင်းပြည်မှာ ဒုစရိုက်တွေ ကျူးလွန်ခဲ့တာ။”
ပိန်ပိန်ပါးပါး လူလတ်ပိုင်းအရွယ် အမျိုးသားက ရှုံ့မဲ့ပြီး သုန်မှုန်စွာဖြင့်
“ဥပဒေက ငါတို့ရှေ့မှာ အလကားပဲ။ ပြီးတော့ မင်းရဲ့ပါးစပ်ကို ထိန်းပါ မစ္စတာထန်။ ငါတို့ရဲ့စွမ်းဆောင်နိုင်မှုကို မင်း အမြန်ရှာတွေ့လိမ့်မယ်။ အခု ငါတို့က မင်းကို မျက်နှာသာပေးတဲ့အနေနဲ့ တလေးတစား ဖိတ်ခေါ်နေတာပါ။ မင်းတို့ တရုတ်စကားမှာ 'ဖိအားပေးပြီး လုပ်ခိုင်းရသည့်အထိ တစ်ခုခု လုပ်ဖို့ တွန့်ဆုတ်နေတယ်' ဆိုတဲ့ ရှေးဆိုရိုးစကားလည်း ရှိတယ်မဟုတ်လား။ ဒါကြောင့် မင်း ဒါကို ပြန်စဉ်းစားဖို့ ငါ မျှော်လင့်ပါတယ် မစ္စတာထန်။"
"မင်း ငါ့ကို ခြိမ်းခြောက်နေတာလား။" ထန်ရှုက မေးလိုက်သည်။
“အနုနည်းက ကျရှုံးရင်တော့ အကြမ်းနည်းကို သုံးဖို့ကလွဲပြီး ရွေးချယ်စရာမရှိဘူးပဲ။” လူလတ်ပိုင်းအရွယ် အမျိုးသားက အေးစက်စွာ ပြန်ပြောသည်။
“ဒါပေမယ့် အဲ့ဒီလို မဖြစ်ခင်မှာ မင်းကို ဒီနောက်ဆုံးအခွင့်အရေး ယူဖို့ ငါတိုက်တွန်းတယ်။ ငါတို့နောက် လိုက်ခဲ့ပါ။"
ယုရှုချင်းသည် သေနတ်တစ်လက်ကို ကိုင်ထားပြီး ရွှေရောင်ဆံပင်လူလတ်ပိုင်းအရွယ် အမျိုးသား၏ နားသယ်စပ်ကို ချိန်ရွယ်ထားသည်။ သူသည် သတိကြီးစွာ ထားကာ ရှေ့သို့ ပြေးသွားပြီး အလေးအနက် စကားဆိုလိုက်သည်။
“မစ္စတာထန်က မင်းတို့နဲ့ ဘယ်တော့မှ မလိုက်ဘူး။ မင်းတို့ မလုပ်ဆောင်ခင်မှာ ကြုံတွေ့ရမယ့် အကျိုးဆက်တွေကို ပထမဆုံး သတိထား။”
ပိန်ပိန်ပါးပါး သက်လတ်ပိုင်း အမျိုးသားသည် ယုရှုချင်းကို လှည့်ကြည့်ကာ အကဲခတ်ပြီးနောက် သူက ခေါင်းညိတ်ပြီး
“မင်း မကြောက်တာ အံ့သြစရာ မရှိပါဘူး မစ္စတာထန်။ တချို့ပညာရှင်တွေက မင်းကို အကာအကွယ် ပေးထားတာပဲ။ ငါ မမှားရင် ဒီလူတွေက တရုတ်စစ်တပ်ရဲ့ အထူးစစ်သားတွေ ဖြစ်လိမ့်မယ် မဟုတ်လား။ မင်းက အင်အားကို အသုံးပြုချင်တယ်ဆိုတော့ အမြည်းစားကြည့်ရင်ရော ဘယ်လိုလဲ။ ငါတို့ဘက်က လူတစ်ယောက်ကို ရွေးပြီး သူတို့အချင်းချင်း လက်ရည်စမ်းခိုင်းလိုက်။"
ထိုစကားပြောပြီးနောက် လက်ခုပ်တီးလိုက်ရာ ကျောပေါ်တွင် ဆေဘာဓားတစ်လက်စီနှင့် လူရှစ်ဦးသည် တဟုန်ထိုး ပြေးထွက်လာကာ ပိန်ပိန်ပါးပါး သက်လတ်ပိုင်းလူ၏ အနောက်တွင် အမြန်တန်းစီရပ်ပြီးနောက် အေးစက်သောအော်ရာများ ထုတ်လွှင့်လိုက်ကြသည်။
ယုရှုချင်းကိုယ်တိုင်က ဤလူများသည် သာမန် မဟုတ်ကြောင်း ဝိုးတဝါး ခံစားမိနိုင်သည်။ သူ ခဏလောက် စဉ်းစားပြီးနောက် ခြေတစ်လှမ်းဆုတ်ပြီး "ကန်ဇီ … သူတို့နဲ့ အဖော်လုပ် ကစားပေးလိုက်။"
သည်တစ္ဆေတိုက်ခိုက်ရေးအဖွဲ့ဝင်သည် တိုက်ခိုက်ရေးစွမ်းရည်တွင် ယုရှုချင်း ပြီးလျှင် ဒုတိယအကောင်းဆုံးဖြစ်သည်။ ကန်ဇီသည် သူ၏သေနတ်ကို မိုရှောင်နန်ထံ လွှဲပြောင်းပေးပြီးနောက် သူ့ခန္ဓာကိုယ်ပေါ်ရှိ အခြားပစ္စည်းများကို လျင်မြန်သော အရှိန်ဖြင့် သိမ်းလိုက်သည်။ သူသည် လည်ပင်းကို ဘယ်ညာချိုးကာ ရှေ့သို့ ခြေလှမ်းအနည်းငယ် တက်လာပြီး ခနဲ့တဲ့တဲ့လေသံဖြင့်
"ဘယ်သူ ကစားမှာလဲ။"
ပိန်ပိန်ပါးပါး သက်လတ်ပိုင်းအရွယ် အမျိုးသားက လှောင်ပြုံး ပြုံးလိုက်ပြီး ညာလက်ကို မြှောက်ကာ အချက်ပြလိုက်သည်။ တန်းစီနေသော လူတန်းထဲက ဘယ်ဘက်အကျဆုံးလူက ရှေ့တိုးလာပြီး ဝေ့ချန်းကန်၏အရှေ့သို့ ရောက်လာကာ
"ငါက ငါ့အဖွဲ့မှာ အညံ့ဆုံးပဲ။ ဒါပေမယ့် မင်းကို မှောက်သိပ်ဖို့ဆိုတာ ငါ့အတွက် လွယ်ပါသေးတယ်။ လာစမ်းပါ … တရုတ်အထူးတပ်ဖွဲ့ဝင်တစ်ဦးရဲ့ခွန်အားကို ကြည့်စမ်းပါရစေ။”
ဝေ့ချန်းကန်က တိုက်ခိုက်ရေးပုံစံဖြင့် အသင့်နေကာ လှောင်ပြောင်လိုက်သည်။
“မင်း ကြွားလုံးထုတ်မနေနဲ့။ လာလိုက်စမ်းပါ။"
ထန်ရှု တိတ်တဆိတ် ခေါင်းယမ်းမိသည်။ မဟူရာကလပ်တွင် ၎င်းတို့၏အလံအောက်တွင် ဝှက်ထားသော ပညာရှင်များစွာ ရှိသည်မှာ သေချာသည်။ ချန်ရှီမြို့တွင် သူ ကြုံတွေ့ရသော လုပ်ကြံသတ်ဖြတ်သူများသည် ကွဲပြားသော မျိုးနွယ်စုများမှ ဖြစ်ကြပြီး ကြောက်မက်ဖွယ် စွမ်းအားများ ပိုင်ဆိုင်ထားသည်။ ပိန်ပိန်ပါးပါး လူလတ်ပိုင်းအရွယ်နှင့် သူ့ဘေးနားရှိ လူတို့သည် လူသားများ မဟုတ်နိုင်ကြသလို အလွန်ကြောက်စရာ ကောင်းသော ခွန်အားလည်း ရှိနိုင်ကြသည်။ ပိန်ပိန်ပါးပါး သက်လတ်ပိုင်းလူ၏လက်အောက်ရှိ လူရှစ်ဦးစီတွင် သတ်ဖြတ်လိုစိတ် ပြင်းထန်ကြပြီး အားကောင်းသော သတ်ဖြတ်မှုအော်ရာတို့ဖြင့် သိပ်သည်းသော သွေးနံ့ကို ရနေသည်။ ၎င်းတို့သည် အလွန်သန်မာကြောင်း လုံလောက်သော အထောက်အထားဖြစ်သည်။ အနည်းဆုံး ထိုသူတို့သည် တိုက်ပွဲပေါင်းများစွာကို ကြုံတွေ့ဖူးကြသည့် ပညာရှင်များပင်တည်း။
ဝေ့ချန်းကန်ကရော… ဝေ့ချန်းကန်သည် ထိုလူ၏ ပြိုင်ဘက်မဟုတ်သကဲ့သို့ အခွင့်အရေးလည်း ရမည်မဟုတ်ပေ။
သို့သော်လည်း ထန်ရှုသည် ဝေ့ချန်းကန်အား လုံးဝသတိပေးရန် မရည်ရွယ်ထားပေ။ တစ္ဆေအထူးတိုက်ခိုက်ရေးတပ်ဖွဲ့ဝင်အပေါ် သူ အထင်အမြင်ကောင်း မရှိချေ။ အထူးသဖြင့် ယခုအချိန်တွင် သူ စကားမပြောသေးသော်လည်း ခေါင်းဆောင်ယုရှုချင်းသည် တိုက်ပွဲမှ ခုန်ထွက်ပြီး သူ့လူများအား ရန်သူများနှင့် ယှဉ်ပြိုင်ခိုင်းသည်။ သည်ဟာက ရိုးရိုးရှင်းရှင်းပင် မိုက်မဲသောအလုပ်ပင်။
တစ်ချိန်တည်းမှာပင် ထန်ရှု၌ အခြားရည်ရွယ်ချက် တစ်ခုလည်း ရှိနေသေးသည်။ ဤတစ္ဆေအထူးတပ်ဖွဲ့ဝင်များ အားလုံး ထိခိုက်ဒဏ်ရာရပါက အကောင်းဆုံး ဖြစ်သည်။ ထိုသို့ ဖြစ်ပါက ဤကိစ္စတွင် ထိုသူတို့သည် သူ့နောက်သို့ တတန်းတန်း လိုက်နိုင်တော့မည်မဟုတ်သောကြောင့် ကျွန်းရှိ သူ၏လုပ်ဆောင်ချက်များနှင့် လှုပ်ရှားမှုများကို မထိခိုက်စေနိုင်တော့ပေ။
ထိုအချိန်တွင် ဝေ့ချန်းကန်သည် ယုံကြည်မှုအပြည့် ရှိသည်။ စစ်ဒေသတွင်းတိုက်ပွဲများတွင် သူသည် ချန်ပီယံဆု နှစ်ကြိမ်ဆက်တိုက် ရရှိထားသည်။ ရန်သူကို အလေးအနက် ထားသော်လည်း ပြိုင်ဘက်ကို သူသည် အနိုင်မယူနိုင်ဟူသောစကားအား မသိစိတ်က ငြင်းဆိုနေသည်။ ရန်သူသည် စတင်တိုက်ခိုက်ခြင်း မပြုသည်ကို မြင်လိုက်ရသဖြင့် သူသည် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မည့်အစား ချက်ချင်းပင် ကန်ချက်ပြင်းပြင်းတစ်ချက် သွင်းလိုက်သည်။ အဆိုပါကန်ချက်သည် သာမန်လူတစ်ယောက်ဆိုပါက ရန်သူကို အသေသတ်နိုင်သကဲ့သို့ အနည်းဆုံး ပြင်းထန်စွာ ဒဏ်ရာရစေမှာ သေချာပေသည်။
"အရမ်းနှေးတယ်။"
တစ်ဖက်လူက ခေါင်းယမ်းပြီး အော်ဟစ်လိုက်သည်။ သူသည် ဝေ့ချန်းကန်၏ခြေထောက်ကို ဖမ်းဆုပ်လိုက်ပြီး အခြားခြေထောက်တစ်ဖက်ဆီသို့ လျှပ်စီးတန်းသဖွယ် ကန်ချက်တစ်ခု ပြန်လွှတ်လိုက်သည်။ တစ်ဖန် သူ၏လက်သီးသည်လည်း ဝေ့ကျန်းကန်၏မျက်နှာကို ဦးတည်ကာ ချက်ချင်းပင် ထိုးခွင်းလိုက်သည်။
ဘန်း...
ယုံကြည်မှုအပြည့် ရှိနေခဲ့သော ဝေ့ချန်းကန်သည် ပြိုင်ဘက်၏လက်သီးဖြင့် နောက်ပြန်ဆုတ်သွားခဲ့ရပြီး သူ၏ခန္ဓာကိုယ်သည်လည်း အနီးနားရှိ နံရံတစ်ခုဆီသို့ လွင့်ပျံသွားတော့သည်။ သူ၏သန်မာသော ခံနိုင်ရည်ကြောင့်သာ မဟုတ်ပါက ပြိုင်ဘက်၏ ပြင်းထန်သော တန်ပြန်ထိုးနှက်ချက်သည် သူ့အား အစောကြီးကတည်းက ပြုတ်ကျနေစေလိမ့်မည်။
တစ်ကွက်လောက်သာ ရွေ့လျားလိုက်ခြင်း ဖြစ်သော်လည်း အနိုင်ရသူနှင့် ရှုံးနိမ့်သူကို ပြတ်ပြတ်သားသား ဆုံးဖြတ်သွားပြီဖြစ်သည်။
ဝေ့ချန်းကန် လဲကျသွားသည့် နေရာတွင် ထိုလူက မထီမဲ့မြင်ပြုသောအမူအရာဖြင့် တံတွေးထွေးလိုက်သည်။ သူ့တိုက်ခိုက်မှုကို လိုက်မမီသလို သတ်ဖို့လည်း မလိုက်နိုင်ချေ။ ထိုသူ၏မျက်နှာထက်တွင် အထင်အမြင်သေးသော အမူအရာပေါ်လာပြီး ရှုတ်ချလိုက်ကာ ဝေ့ချန်းကန်ကို တစ်ချက်မျှ မကြည့်ဘဲ ပြန်သွားခဲ့ပြီး လူလတ်ပိုင်းအရွယ် အမျိုးသား၏နောက်တွင် လက်ပိုက်ရပ်နေသည်။
တစ္ဆေအထူးတိုက်ခိုက်ရေးတပ်၏အခြားအဖွဲ့ဝင်များ ကျောက်ရုပ်သဖွယ် ဖြစ်သွားကြပြီး သူတို့မျက်နှာပေါ်က အမူအရာများက မွန်းစတားတစ်ကောင်ကို မြင်လိုက်ရသည့်အလားပင်။
တစ္ဆေအဖွဲ့တစ်ဖွဲ့လုံးက တစ်ယောက်အကြောင်း တစ်ယောက် ကောင်းကောင်းသိကြသဖြင့် ဝေ့ချန်းကန်၏တိုက်ခိုက်ရေးစွမ်းရည် မည်မျှ ကြောက်စရာ ကောင်းသည်ကို သဘာဝကျစွာ သိထားကြသည်။ သို့သော် တစ်ချက်တည်းဖြင့် တစ်ဖက်လူက သူ့အား အနိုင်ယူနိုင်လိမ့်မည်ဟု မထင်ထားမိခဲ့ကြပေ။
ယုရှုချင်း အံ့သြတုန်လှုပ်နေသည်။ သူ၏တစ္ဆေအဖွဲ့မှ အခြားအဖွဲ့ဝင်များသည် ရန်သူ၏ တိုက်ခိုက်ရေး လမ်းကြောင်းကို မမြင်နိုင်ဘဲ ရန်သူ၏အရှိန်သည် အလွန်လျင်မြန်ပြီး ကြောက်မက်ဖွယ်ကောင်းစွာ အစွမ်းထက်သည်ဟုသာ ခံစားမိကြသည်။ သို့သော် သူကမူ ရန်သူ၏တိုက်ခိုက်မှုလမ်းကြောင်းကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပြီး ရန်သူ၏ ကြောက်မက်ဖွယ်အရှိန်အဟုန်ကို အကဲဖြတ်နိုင်သည်။
ဘယ်လောက်တောင် မြန်လိုက်တဲ့ အရှိန်နဲ့ခွန်အားလဲ…
ငါ့တစ္ဆေအဖွဲ့ မှာ ဘယ်သူမှ အဲ့ဒီကောင်ရဲ့ ပြိုင်ဘက် မဖြစ်နိုင်ဘူး။ အစွမ်းကုန်တိုက်ခိုက်နေရင်တောင် ဒီ့ကောင်ကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး။ သူ့ရဲ့ ခွန်အားဖြစ်စေ အရှိန်အဟုန် ဖြစ်စေ အရမ်းအားကောင်းလွန်းတယ်။
ယုရှုချင်းသည် ထန်ရှုကို ရှက်ရွံ့သောမျက်နှာဖြင့် ကြည့်လိုက်မိသည်။ ထန်ရှုကို ကာကွယ်ရန် စောစီးစွာ ရှေ့သို့ ထွက်လိုက်မိသဖြင့် ရင်ထဲမှ တိတ်ဆိတ်စွာ နောင်တရနေပေသည်။ ထိုအချိန်တွင် သူ ခုန်ထွက်လာပြီးကတည်းက ထန်ရှုသည် အော်လည်းမအော်၊ မည်သည့်စကားမှ မပြောတော့ဘဲ ရှိနေသည်ကို သူ နားလည်သွားသည်။
ထန်ရှုသည် ယုရှုချင်း၏စိတ်အခြေနေကို သူ၏အမူအရာမှ ဆုပ်ကိုင်နိုင်ခဲ့သည်။ တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
“အောင်ပွဲနဲ့အရှုံးဆိုတာ စစ်ခေါင်းဆောင်တစ်ယောက်အတွက် ဖြစ်ရိုးဖြစ်စဉ် တစ်ခုပဲ။ ဒီတစ်ကြိမ် ကျရှုံးမှုက နောင်မှာ ထပ်ပြီး ကျရှုံးမယ်လို့ မဆိုလိုပါဘူး။ ခင်ဗျားရဲ့ရည်မှန်းချက်နဲ့ စိတ်ဓာတ်က မြင့်မားနေသရွေ့ ဆက်ပြီး အလုပ်လုပ်ရုံပဲလေ။ အောင်ပွဲနေ့ဟာ ခင်ဗျားဆီကို မကြာခင် ဒါမှမဟုတ် နောက်ပိုင်းမှာ ရောက်လာမယ်ဆိုတာ သေချာပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်က ကျွန်းကို ကြီးကြပ်ကွပ်ကဲဖို့ တာဝန်ရှိတဲ့အတွက် ကျွန်တော့်အမိန့်မရဘဲ ဘယ်သူမှ ရှေ့မထွက်ပါနဲ့။”
"ငါ နားလည်ပြီ။" ယုရှုချင်းသည် ခါးသီးသော အမူအရာဖြင့် ခေါင်းညိတ်လိုက်သည်။
ထို့နောက် ထန်ရှုက ပိန်ပိန်ပါးပါး သက်လတ်ပိုင်းလူကို ကြည့်လိုက်ပြီး
"မင်းက အရင်ဆုံးဟန်ရေးပြချင်တယ်ဆိုမှတော့ မင်းနဲ့ အဆုံးထိ ငါ လိုက်ပေးရမှာပေါ့။ ရွှဲ့ရှ … သူတို့နဲ့ သွားကစားပေးလိုက်။"
ရွှဲ့ရှသည် စင်္ကြန်ထောင့်မှ ထွက်လာပြီး ထန်ရှု၏အနား ချက်ချင်း ပေါ်လာသည်။ သူက လက်သီးဆုပ် အရိုအသေပေးပြီး အဖွဲ့နှစ်ခုကြား အလယ်ဗဟိုသို့ လျှောက်သွားသည်။ ထို့နောက် ရွှဲ့ရှက ခပ်ညစ်ညစ်အပြုံးဖြင့်
“အရင်တုန်းက ခံစားချက်မဲ့ သတ်ဖြတ်မှုတွေ လုပ်ခဲ့ဖူးတယ်။ အရမ်းပျင်းစရာကောင်းတယ်လို့ အမြဲ ခံစားရတယ်။ ဒီနေ့ ကစားဖို့ ဒီလိုပညာရှင်များစွာနဲ့ တွေ့ရလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး။ ဟေး … မင်း … အရှေ့ကတစ်ယောက်။ ဒီကိုလာ … ကစားရအောင်။"
ပိန်ပိန်ပါးပါး လူလတ်ပိုင်းအရွယ် အမျိုးသားက ထိုလူကို လက်ညိုးထိုးပြီး
“နောက်ဆုံးအချိန် မရောက်သေးတဲ့အတွက် ဒေါသအလျောက် မသတ်နဲ့ဦး။ ဒါပေမယ့် သနားဖို့ မလိုဘူး။ သူ့ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် လုပ်လိုက်ရင်ရပြီ။”
"နားလည်ပြီ။"
ထိုလူက တုံ့ပြန်ပြီး မျက်လုံးတစ်မှိတ်အတွင်း ပြေးလာကာ ရွှဲ့ရှအား မထီမဲ့မြင် စိုက်ကြည့်နေသည်။ တခဏအကြာတွင် ထိုသူက ရွှဲ့ရှ၏အရှေ့သို့ ရိပ်ကနဲ ရောက်လာပြီး ရုတ်တရက် လက်ဝါးရိုက်ချက် တစ်ခုထုတ်ကာ ရွှဲ့ရှ၏နဖူးကို ချက်ချင်း ရိုက်ဖို့ ကြိုးစားလိုက်သည်။
“ဟမ့် … သိပ်နှေးတယ်။"
ရွှဲ့ရှက ရယ်မောကာ သရော်လိုက်သည်။ သူ၏ပုံရိပ်က ချက်ချင်း အရိပ်တစ်ခုလို ဖြစ်သွားသည်။ ထိုလူက သူ၏လက်ဖဝါးကို ပြန်မထိန်းနိုင်ခင်မှာပင် သူ၏လက်ဝါးရိုက်ချက်က ရွှဲ့ရှ၏ပုံရိပ်ကိုသာ ရိုက်မိသွားချေသည်။ သူ၏သေချာသော ရိုက်ချက် လွဲချော်သွားသည့်အတွက် ထိုသူ၏အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ ဒုတိယရိုက်ချက်ကို ပြင်ဆင်ခါနီးတွင် မမြင်နိုင်သော လက်ဝါးတစ်စုံ၏ ရိုက်ချက်ကြောင့် ရုတ်တရက် ကြမ်းပြင်ပေါ်သို့ သူ လဲကျသွားသည်။ ထို့နောက်တွင် ရွှဲ့ရှသည် ထိုလူ၏ဝမ်းဗိုက်ဆီသို့ သိပ်မပြင်းသော ကန်ချက်တစ်ခု ထုတ်ဖော်လိုက်ပုံရပြီး ထိုလူသည် ကြမ်းပြင်ထက်တွင် လူးလိမ့်သွားသည်။ ထို့နောက်တစ်ဖန် ထိုလူ၏ အခြားခါးတစ်ဖက်ကိုလည်း ရွှဲ့ရှက ကန်ချက်တစ်ချက် ထည့်လိုက်သည်။
ရိုးရှင်းသော တစ်ကွက်။ ထိုအကွက်သည် အစောပိုင်းကကဲ့သို့ အလားတူ အကွက်တစ်ကွက် လှုပ်ရှားမှုတစ်ခုသာ ဖြစ်ပြီး ရွှဲ့ရှသည် ၎င်း၏ပြိုင်ဘက်အား ကြီးမားသော ဆုံးရှုံးမှုများ ဖြစ်ပေါ်စေခဲ့သည်။ ထိုလူ၏ခန္ဓာကိုယ်သည် ကြမ်းပြင်ပေါ် ခုနစ်မီတာအထိ နောက်ပြန်လျောသွားကာ နောက်ဆုံးတွင် နံရံအောက်ပိုင်းအား ဦးခေါင်းဖြင့် ပြင်းထန်စွာ ဆောင့်မိသဖြင့် ချက်ခြင်းပင် သတိမေ့သွားခဲ့သည်။
"ဘာရီး…"
ပိန်ပိန်ပါးပါး သက်လတ်ပိုင်းလူနှင့် သူ၏အခြားအဖွဲ့ဝင်များ လွန်စွာရှုံ့မဲ့သွားခဲ့ကြသည်။ ယင်ကောင်တစ်ကောင်ကို စားလိုက်မိသည့်အတိုင်း သူတို့ကို ရူးသွပ်သွားစေသည်။ မည်သို့ပင်ဆိုစေကာမူ ဤအချိန်တွင် ရွှဲ့ရှ မည်မျှ ကြောက်စရာကောင်းသည်ကို သူတို့ နားလည်ကြသည်။
တစ္ဆေအထူးတိုက်ခိုက်ရေးအဖွဲ့အတွက်မူ မိုရှောင်နန်သည် ရွှဲ့ရှက သူ၏ပြိုင်ဘက်အား တစ်ကွက်တည်းဖြင့် လှဲသိပ်လိုက်သည်ကို မြင်သောအခါ အံသြဆွံ့အသွားခဲ့သည်။ တုန်လှုပ်ခြောက်ခြားနေပြီဖြစ်သော ဝေ့ချန်းကန်ကို သူ ကြည့်လိုက်သည်။ ရုတ်တရက် သူက ချန်းယန်ဖန်ကို တံတောင်ဆစ်ဖြင့် တို့ကာ တီးတိုးလေသံဖြင့်
"ငါ့ကို အိပ်မက်မက်နေတာလို့ ပြောပေးပါလား။"
"မင်း အိပ်မက် မက်နေတာ မဟုတ်ဘူး။ ဒါတွေအားလုံးက အမှန်ပဲ။”
ချန်းယန်ဖန်သည် သူ့လက်သီးများကို တင်းတင်းကျပ်ကျပ် ဆုပ်ထားပြီး ရွှဲ့ရှကို စူးစိုက်စိုက်ကြည့်နေမိသည်။ သူ၏မျက်လုံးများတွင် ထိတ်လန့်သောအမူအရာတစ်ခု ရှိနေသော်လည်း အခြားသူများ၏မျက်လုံးများတွင် နက်ရှိုင်းသော ကြည်ညိုလေးစားမှုနှင့်အတူ မယုံနိုင်သောအကြည့်များ ရှိနေသည်။ ထန်ရှု၏လက်အောက်ငယ်သားသည် မတ်မတ်ရပ်ပြီး ရန်သူကိုပင် အနိုင်ယူနိုင်မည်ဟု သူတို့ မထင်ထားကြပေ။
မိုရှောင်နန်က သူ၏ပေါင်ကို ဆိတ်လိုက်သည်။ ထို့နောက် သူက တုန်လှုပ်စွာဖြင့် သူ့ဘာသူ ရေရွတ်နေတော့သည်။
"အစောပိုင်းက ကန်ဇီက အဲ့ဒီလူဆီ တစ်ကွက်တည်းနဲ့ ရှုံးနိမ့်ခဲ့ပေမယ့် အဲ့ဒီကျွမ်းကျင်သူက ထန်ရှုရဲ့လူဆီ တစ်ကွက်တည်းနဲ့ ရှုံးနိမ့်သွားတယ်။"
“ဒါ…”
"ဒါက ဘာကို ဆိုလိုတာလဲ။ ထန်ရှုရဲ့ လူတွေက ကန်ဇီကို တိုက်ချင်တယ်ဆိုရင် ပုရွက်ဆိတ်ကို ချေလိုက်သလိုသဘောနဲ့တူတူပဲ မဟုတ်လား။”
သို့သော် ရွှဲ့ရှသည် မေ့လဲသွားသော ပြိုင်ဘက်ကို မြင်သောအခါ အနည်းငယ် ဝမ်းနည်းသွားပုံရသည်။ သူက ချက်ချင်းပင် ထန်ရှုဘက်ကို လှည့်ကာပြုံးပြပြီး
"သူဌေးနဲ့ တိုက်ခိုက်ချင်နေကြတာဆိုတော့ ငါပဲ သူတို့ကို အရင်ရှင်းပစ်လိုက်တာ ကောင်းမယ်လို့ မထင်ဘူးလား။ မဟုတ်ရင် ဒီယင်ကောင်တွေက ငါတို့ပတ်ဝန်းကျင်မှာ စုဝေးနေရင် စိတ်အနှောင့်အယှက်ဖြစ်လိမ့်မယ်။”
***