သွေးမိုးရွာသော ညအမှောင်
Vol. 54 Ch. 755
တောင်ပံလူသားမှ သမန်းဝံပုလွေအဖြစ် ပြောင်းလဲသွားသော မွန်းစတားသည် သူ၏ဒဏ်ရာကို ပြင်းထန်စွာ ဖိနှိပ်ထားပြီး ၎င်း၏ကြမ်းတမ်းသော ခန္ဓာကိုယ်သည် မိုအားဝူ၏အရှေ့သို့ တဟုန်ထိုး ပြေးလာသည်။ ထိုမွန်းစတားသည် မိုအားဝူအား အတူတူ သေကျေပျက်စီးစေလိုသော ရည်ရွယ်ချက်ဖြင့် တိုက်ခိုက်လိုက်စဉ်တွင် ချွန်ထက်သော ခြေသည်းများအား အဖြတ်ခံထားရသည့် အခြား သမန်းဝံပုလွေတစ်ကောင်က ချက်ချင်း ထွက်ပြေးသွားခဲ့သည်။
"သူတို့ကို ထိန်းထား။"
ထန်ရှုက သူ၏ဓားပျံကို လျှပ်တပြက်အတွင်း ပြန်ခေါ်လိုက်ပြီး အော်ဟစ်လိုက်သည်။
မိုအားဝူ ကြုံးဝါးလိုက်သည်။ သူ၏ခန္ဓာကိုယ်သည် သမန်းဝံပုလွေ၏ချွန်ထက်သော လက်သည်းများကြောင့် ဒဏ်ရာ၈ခု ရထားပြီး ထိုဒဏ်ရာများဆီမှ သွေးများ စီးကျနေသော်လည်း သူ၏ပြင်းထန်သော လက်သီးများက မွန်းစတား၏မျက်နှာထက်ဆီသို့ ဗုံးကြဲလိုက်သည့်အလား တရစပ်ထိုးနှက်လိုက်သည်။ ထိုအချိန်တွင် သူ လွှတ်ထားသည့် ဓားပျံက ပြန်ကွေ့ဝင်လာပြီး မွန်းစတား၏လည်ပင်းအား တိုက်ရိုက် ခုတ်ပိုင်းပစ်လိုက်သည်။
ဝှစ်… ဝှစ်…
လျှပ်စီးအလင်းသဖွယ် ပုံရိပ်များသည် ထွက်ပြေးသွားသော သမန်းဝံပုလွေ၏အနောက်သို့ လိုက်သွားပြီး မျက်စိတစ်မှိတ်အတွင်း ဟိုတယ်ဝင်ပေါက်တွင် ပျောက်ကွယ်သွားခဲ့သည်။
ယခု သေနတ်သံများ ရပ်စဲသွားပြီဖြစ်သည်။
တစ္ဆေအထူးတိုက်ခိုက်ရေးတပ်၏ခေါင်းဆောင် ယုရှုချင်းနှင့် အခြားအထူးတပ်ဖွဲ့ဝင်ခြောက်ဦးတို့သည် တစ်ချိန်တည်းတွင် ဆုတ်ခွာသွားခဲ့ရာ ယခုအခါ နံရံနှင့် ကျော ကပ်နေပြီဖြစ်သည်။ ကြမ်းပြင်ပေါ်သို့ လဲကျနေသည့် ဦးခေါင်းမရှိသော အလောင်းကို ကြည့်ပြီး ယခုအချိန်တွင် ကြောက်ရွံ့မှုများသည် သူတို့၏နှလုံးသားထဲတွင် ရစ်ဝဲနေဆဲပင်။
သူတို့ဘဝတွင် မရေမတွက်နိုင်သော သတ်ဖြတ်မှုများကို မြင်တွေ့ခဲ့ရပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု မြောက်မြားစွာတွင် ပါဝင်ခဲ့ကြသည့်တိုင် သည်ကဲ့သို့ ရင်တုန်စိတ်လှုပ်ရှားဖွယ်ရာ တိုက်ပွဲမျိုး တစ်ခါမှ မကြုံဖူးခဲ့ချေ။ ယခုလက်ရှိတွင် သူတို့သည် ရုပ်ပုံလေးများသာလွဲပြီး ဘာမှ မဟုတ်ပါချေ။
“သူတို့က … ကြောက်စရာကောင်းတဲ့ မွန်းစတားတွေပဲ။”
မိုရှောင်နန်က သူ့မျက်နှာပေါ် စင်လာသော သွေးများကို သုတ်လိုက်ပြီး တုန်ရီနေသောအသံဖြင့် ပြောလိုက်သည်။ ယခင်တုန်းက သူ၏လက်ထဲတွင် သေနတ်ကိုင်ထားပါက သူ့အရှေ့တွင် နတ်ဆိုး ပေါ်လာရင်တောင် သူ ဘယ်တော့မှ ကြောက်မည်မဟုတ်ဟု အမြဲတွေးခဲ့သည်။ သို့သော် သူ တကယ် မြင်လိုက်ရသည့်နောက်မှာတော့ ကြောက်လန့်တကြား ဖြစ်ခဲ့ရလေသည်။
“အဟွတ် … အဟွတ် … သူတို့တွေက ရုပ်ရှင်ထဲက သမန်းဝံပုလွေတွေလိုပဲ … ပြီးတော့ တောင်ပံလူသားတစ်ယောက်ရောပဲ…”
ယုရှုချင်းသည် သူ့ပါးစပ်ထောင့်မှ သွေးများကို သုတ်ကာ ပြောလိုက်သည်။ ရင်ဘတ်ပေါ်ရှိ သွေးထွက်နေသော ဒဏ်ရာကို သူ ဂရုမစိုက်နိုင်ဘဲ မျက်လုံးများတွင် သတိအပြည့်ထည့်ထားကာ ဟိုတယ်၏ အရှေ့တံခါးအား သေနတ်ပြောင်းဝဖြင့် ချိန်ရွယ်ထားသည်။
ထန်ရှုသည် မိုအားဝူထံ ချဉ်းကပ်သွားသည်။ သူ၏ရင်ဘတ်ရှိ ဒဏ်ရာကို သေချာကြည့်ရှုပြီးနောက် သန့်စင်သော အနာကျက်ဆေးကို ချက်ခြင်းထုတ်ကာ ပါးစပ်ထဲသို့ အားဖြင့် ထည့်ပေးလိုက်ပြီး လေးနက်သော လေသံဖြင့်
“မင်းရဲ့ဒဏ်ရာတွေ ပျောက်သွားလိမ့်မယ်။ အဲ့ဒါကို မင်းရဲ့အဓိကအလုပ်လို သဘောထား … ကိုယ့်ကိုကိုယ် ကုစားဖို့ အချိန်ယူလိုက်။ ငါတို့ ဖယ်ရှားရမယ့် နယ်ပယ်တွေ အများကြီး ကျန်နေသေးဖို့ ဖြစ်နိုင်ခြေ များတယ်။”
မိုအားဝူက စကားတစ်ခွန်းမှ မပြောဘဲ ခေါင်းညိတ်ပြပြီး ထောင့်နားသို့ တန်းသွားကာ ထိုင်လိုက်သည်။
ထို့နောက် ထန်ရှုသည် ယုရှုချင်းဆီသို့ သွားကာ "ကိုယ့်ကိုယ်ကို ကုသပါ။ မဟူရာကလပ်က ဒီကွဲပြားတဲ့ ပြိုင်ဖက်တွေက ခင်ဗျား ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ အရာတွေ မဟုတ်ဘူး။ ကျွန်တော် အရင်က ခင်ဗျားကို ပြောခဲ့သလိုပဲ ခင်ဗျားတို့ရဲ့အကာအကွယ်ကို ကျွန်တော် မလိုပါဘူး။ ခင်ဗျားတို့အတွက် ကိုယ့်ကိုကိုယ် ကာကွယ်နိုင်တာကပဲ ကျွန်တော့်ကို ပေးနိုင်တဲ့ အကြီးမားဆုံး အကူအညီဖြစ်နေပါပြီ။"
ယုရှုချင်းနှင့် တစ္ဆေအထူးတိုက်ခိုက်ရေးတပ် အဖွဲ့ဝင်များ၏မျက်နှာများထက်တွင် ဖြူဖျော့နေကြသည်ကို မြင်တွေ့နိုင်သည်။ သူတို့၏ရင်ထဲတွင် အရှက်တရားများဖြင့် ပြည့်နှက်နေသည်။ ထန်ရှုအနေဖြင့် သူတို့၏အကာအကွယ်ကို မလိုအပ်ဟု ယခင်က ပြောခဲ့စဉ်က ထိုသူသည် မာနကြီးလွန်းပြီး အန္တရာယ်နှင့် သေခြင်းတရားအကြောင်း မသိဟု တွေးမိခဲ့ကြသည်။ သို့သော် သည်စကားသည် အခြားနည်းလမ်းဖြစ်သည်ကို နောက်ဆုံးတွင် သူတို့ သဘောပေါက်ခဲ့ကြလေပြီ။
ဒီလူတွေ … သူတို့က တူညီတဲ့ အဆင့်မှာ ရှိနေကြတာ မဟုတ်ဘဲ တခြားအဆင့်မှာ ရှိနေခဲ့ကြတာလေ…
ယုရှုချင်းနှင့် သူ၏လူများက အကြည့်ချင်း ဖလှယ်ကာ သူတို့၏နှလုံးသားထဲတွင် နက်ရှိုင်းသော အရှက်တရား တိုးဝင်လာသည့်တိုင် ကူကယ်ရာမဲ့သော မျက်နှာထက်တွင် အားတင်းပြုံးထားရုံသာ တတ်နိုင်ခဲ့သည်။ သူတို့၏ မာန၊ ဂုဏ်သိက္ခာနှင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုများ အားလုံးသည် သည်အချိန်တွင် လွင့်ပါးသွားလေခဲ့ပြီ။
ထန်ရှု ဘာမှ ထပ်မပြောတော့ပေ။ သူတို့တွေသည် သာမန်ပြည်သူများ ဖြစ်သည်ဆိုသော်လည်း တိုင်းပြည်အတွက် စစ်မှန်သော သူရဲကောင်းများ ဖြစ်နေဆဲပင်။ သူက ယုရှုချင်း၏ပခုံးကို ညင်သာစွာ ပုတ်လိုက်ပြီး
“ကျွန်းက အခု အကျပ်အတည်းထဲ ရောက်နေသလို မြို့စောင့်တပ်စခန်းကလည်း ကြီးမားတဲ့ အကျပ်အတည်းရဲ့ အလယ်မှာ ရောက်နေတယ်။ ခင်ဗျားတို့ရဲ့အရည်အချင်းတွေကို ဖြည့်ဆည်းပေးတဲ့ နေရာထဲမှာပဲ နေသင့်တယ်လို့ ကျွန်တော် ထင်တယ်။ ဒီကျွန်းပေါ်က တိုင်းတစ်ပါးစွမ်းအားတွေကို ကျွန်တော်နဲ့သာ ထားခဲ့လိုက်ပါ။"
ယုရှုချင်းသည် တခဏမျှ တိတ်ဆိတ်သွားပြီး ခက်ခက်ခဲခဲအမူအရာဖြင့် ပြောလိုက်သည်။ “ကောင်းပြီ… အခြေအနေကို တိုင်းမှူးရန်နဲ့ စစ်ဦးစီးချုပ် ဟူကို ငါ ရှင်းပြလိုက်မယ်။ သူတို့ အမိန့်ရရင် ငါတို့ တပ်စခန်းကို ချက်ချင်းပြန်သွားမယ်။”
"သူတို့ကို သတင်းပို့စရာ မလိုဘူး။" ထန်ရှု ခေါင်းခါလိုက်သည်။
“သူတို့ကို ကျွန်တော်ကိုယ်တိုင် ရှင်းပြလိုက်မယ်။ ဒါပေမယ့် ခင်ဗျား ကျွန်တော့်ကို တစ်ခုခု ကူညီပေးနိုင်မယ်လို့ မျှော်လင့်တယ်။"
"အဲ့ဒါ ဘာလဲ။" ယုရှုချင်း အမြန်မေးလိုက်သည်။
"ဒီနေ့ကိစ္စကို လျှို့ဝှက်ထားပေးပါ။" ထန်ရှုက တောင်းဆိုလိုက်သည်။
“ဒီနေ့တွေ့ခဲ့ ကြုံခဲ့တာတွေကို ဘယ်သူမှ ပြောလို့မရဘူး။ အထက်လူကြီးတွေကိုလည်း သတင်းပို့လို့လည်း မရဘူး။ ခင်ဗျားတို့အားလုံးက သစ္စာရှိတဲ့ မျိုးချစ်စစ်သည်တွေဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် ခင်ဗျားတို့ ဒီအမိန့်ကို နာခံရမယ်။"
ယုရှုချင်း နှုတ်ဆိတ်သွားပြီး မည်သည့်စကားတစ်ခွန်းမှ ထွက်မလာချေ။
"အဲ့ဒါ ဘာကိုဆိုလိုတာလဲ" မိုရှောင်နန်က ရှုပ်ထွေးသောအမူအရာဖြင့် မေးလိုက်သည်။ "မင်းဆိုလိုတာက ငါတို့က မင်းရဲ့အမိန့်ကို လက်ခံရမှာလား။ လျှို့ဝှက်ထိန်းသိမ်းရမယ့် လျှို့ဝှက်အမိန့်လား။”
"ဟုတ်တယ်။"
ထန်ရှုက အမူအရာမဲ့စွာ ပြောလိုက်သည်။
"မင်းရဲ့အမိန့်ကို ခဏတာလိုက်နာဖို့ပဲ ငါတို့ကို စေလွှတ်လိုက်တာ။ ငါတို့မှာ တာဝန်မရှိ…”
ထန်ရှုက ထိုသူ့အား ကြားဖြတ်ရန် လက်ကို မြှောက်လိုက်ပြီး အေးစက်စက် ပြောလိုက်သည်။ "အရင်က ကျွန်တော် ခင်ဗျားတို့ကို မပြောချင်တဲ့ ကိစ္စတချို့ရှိတယ်။ ဒါပေမယ့် ကြည့်ရတာ ကျွန်တော် ခင်ဗျားတို့ကို သတိပေးမှပဲ ဖြစ်တော့မယ်။ ဒီတစ်ခေါက် ကျွန်တော့်ကို ကျွန်းဆီ လွှတ်တဲ့သူက နိုင်ငံတော်ရဲ့ နံပါတ်တစ်ခေါင်းဆောင်ပဲ။ တရုတ်နိုင်ငံတစ်ခုလုံးမှာ ဒီစီနီယာထက် ဘယ်သူက ပိုလုပ်ပိုင်ခွင့်ရှိတယ်လို့ ထင်ပါသလဲ။ နောက်တစ်ခု ပြောပြမယ်။ နံပါတ်တစ်ခေါင်းဆောင်က ကျွန်တော့်ကို အမိန့်ပေးရင်တောင် ဒီကျွန်းကို ကျွန်တော် ဘယ်တော့မှ လာမှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော့်ရဲ့ဂုဏ်ပုဒ်တစ်ခုကို အစောပိုင်းက ခင်ဗျားတို့တွေ ရန်သူတွေဆီကနေ ကြားပြီးခဲ့ရော့မယ်။ ကျွန်တော်တို့တွေက ကျင့်ကြံသူတွေပဲ။ ကျွန်တော်တို့ လိုက်ရှာနေတဲ့ အရာတွေက ခွန်အားနဲ့ အင်မော်တယ်စွမ်းအား၊ ကောင်းကင်ဘုံက တာအိုနိယာမတရားတွေနဲ့ ဉာဏ်အလင်းရရှိဖို့ မသန့်စင်တဲ့ကမ္ဘာရဲ့ ချည်ကြိုးတွေကို ဖြတ်ပြီး နှလုံးသားတွေကို ကိုယ့်ရဲ့ဓားတွေနဲ့ ချိတ်ဆက်လေ့ကျင့်ဖို့ပဲ။ ကျန်တာတွေ သိပ်စိတ်မဝင်စားဘူး။
“ဒါပေမယ့် နံပါတ်တစ် စီနီယာအပြင် အဘိုးကပါ ကျွန်တော့်အိမ်ကို ကိုယ်တိုင်လာပြီး ဒီကိုလာခိုင်းတယ်။ ဒီအချက်ကို ခင်ဗျားတို့ဆီက ဖုံးကွယ်ထားဖို့ မလိုပါဘူး။ ထန်ကောရှန့်က ကျွန်တော့်အဘိုး၊ ပေကျင်းထန်မိသားစုက ကျွန်တော့်မိသားစုပဲ။ ဒီနေ့ ကြုံတွေ့ခဲ့ရတာတွေကို အစီရင်ခံဖို့ လိုအပ်တယ်လို့ ခင်ဗျား ထင်လား။"
တစ္ဆေအထူးတိုက်ခိုက်ရေးအဖွဲ့မှ အဖွဲ့ဝင်များအားလုံး တုန်လှုပ်ချောက်ချားစွာဖြင့် အကြည့်ချင်း ဖလှယ်မိကြသည်။ ထန်ရှုအား မမျှော်လင့်ဘဲ စေလွှတ်လိုက်သောသူသည် နိုင်ငံ၏နံပါတ်တစ် ခေါင်းဆောင် ဖြစ်လိမ့်မည်မှန်း သူတို့၏စိတ်ထဲမှာ မည်သည့်အခါကမှ မထင်ထားခဲ့မိကြသလို ထန်ကောရှန့်၏မြေး ဖြစ်လိမ့်မည်ဟုလည်း သူတို့ မထင်ထားခဲ့မိကြပေ။
"မဆန်းတော့ဘူး။”
“ကျွန်းရဲ့အကျပ်အတည်းကို ဖြေရှင်းဖို့ စီနီယာခေါင်းဆောင်နှစ်ဦးက မင်းကို စေလွှတ်ခဲ့တာ အံ့သြစရာမရှိတော့ဘူး။ မင်းက ကျင့်ကြံသူ ဖြစ်နေတော့ ဒီပြည်ပက မတူညီတဲ့ မျိုးနွယ်စုတွေကို ကိုင်တွယ်ဖြေရှင်းနိုင်မယ့် တစ်ဦးတည်းသော သူပဲ။ ကောင်းပြီ … ဒီကိစ္စကို အမြင့်ဆုံး စစ်ရေးလျှို့ဝှက်ချက်အဖြစ် သဘောထားပြီး နံပါတ်တစ်ခေါင်းဆောင်က ငါတို့ကို မတောင်းဆိုဘူးဆိုရင် ဒါကို ငါတို့ပါးစပ်ထဲက ဘယ်တော့မှ ဖွင့်မပြောပါဘူး။” ယုရှုချင်းက လေးနက်စွာ ပြောလိုက်သည်။
ထန်ရှု ခေါင်းအသာညိတ်ကာ တုန့်ပြန်လိုက်သည်။ ထို့နောက် သူက
“ဒီညတော့ ကျွန်တော်တို့ ဒီမှာပဲ နေကြတာပေါ့။ အပြင်မှာ အကျပ်အတည်းတွေနဲ့ နစ်မြုပ်နေပြီး ကျွန်တော်တို့ ဒီကို ရောက်လာတဲ့သတင်းကို အင်အားစုတော်တော်များများက သိပြီးသားဖြစ်မှာတောင်စိုးရတယ်။ ကျွန်တော့်ရဲ့ခန့်မှန်းချက်မှန်ရင် ဒီညက အေးချမ်းသာယာတဲ့ည ဖြစ်မှာမဟုတ်ဘူး။”
"မင်းတို့ ဘယ်သူတွေလဲ။"
စင်္ကြန်လမ်းတွင် လုံခြုံရေးယူနီဖောင်းဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦး ထွက်လာသည်။ သူတို့သည် ဓာတ်မီးများကိုင်ဆောင်ထားပြီး ထိတ်လန့်စွာ ကြည့်နေကြသည်။ သို့သော် မေးခွန်းမေးလိုက်သော ဘယ်ဘက်ရှိ လုံခြုံရေးအစောင့်က ရုတ်တရက် စူးစူးဝါးဝါး ထအော်တော့သည်။
“မိုးနတ်မင်းရေ … လူသတ်မှု … ဒီမှာ လူသေအလောင်းတွေ ရှိနေတယ်။”
သူ့အော်သံဆုံးသွားသည်နှင့် လုံခြုံရေးဝန်ထမ်းနှစ်ယောက် ကြောက်လန့်တကြား ထွက်ပြေးသွားကြသည်။ စင်္ကြန်ထဲသို့ မြန်မြန်ဆန်ဆန် ရောက်အောင် သူတို့၏ခွန်အားများ ကုန်ဆုံးလုနီးပါးထိ အားထုတ်ပြေးသွားကြဟန်ရှိသည်။
ထန်ရှု အော်ရယ်မိလိုက်ပြီး
“ခင်ဗျားနဲ့ကျန်တဲ့သူတွေ ဒီနေရာမှာ ဒီကိစ္စကို ဖြေရှင်းလိုက်ကြဦး။ ကျွန်တော် အပြင်ထွက် စောင့်ကြပ်ပေးပြီး ခင်ဗျားတို့ အခန်းတချို့ကို စိတ်ချရအောင် လုပ်ပြီးတဲ့အထိ စောင့်ပေးမယ်။"
"နားလည်ပြီ။" ယုရှုချင်း ခေါင်းညိတ်လိုက်သည်။
ထန်ရှု စီးကရက်တစ်လိပ်ကို ထုတ်ကာ မီးညှိလိုက်ပြီး ဟိုတယ်အရှေ့တံခါးမှ ထွက်လာသည်။ ထို့နောက် သူသည် အပြင်ဘက်ရှိ ပိန်းပိတ်အောင် မှောင်နေသော ညအမှောင်ထုအား စောင့်ကြည့်နေရင်း သူ၏စိတ်ဝိညာဉ်အာရုံအား ပတ်ဝန်းကျင်ဆီသို့ ဆက်လက်ထုတ်လွှင့်ထားသည်။ သူ၏လက်ရှိစွမ်းရည်ဖြင့် မီတာ ၅၀၀-၆၀၀ အတိုင်းအတာအထိ လွှမ်းခြုံထားနိုင်ရန်အတွက် ပြဿနာ မရှိလှချေ။ မည်သို့ပင်ဆိုစေကာမူ သမန်းဝံပုလွေနောက်သို့ လိုက်သွားသော ရွှဲ့ရှနှင့် ကျင်းရှီတို့အဖွဲ့သည် သူ၏စိတ်အာရုံနယ်ပယ်မှ ပျောက်ကွယ်သွားသောကြောင့် သူ စိတ်မပူဘဲ မနေနိုင်ပေ။
"စိတ်ချပါ သူဌေး။ ကျင်းရှီနဲ့ အခြားသူတွေက သူတို့ မယှဉ်နိုင်တဲ့ ရန်သူတွေနဲ့ ရင်ဆိုင်ရရင်တောင် လွတ်မြောက်နိုင်ပါတယ်။ သူတို့ လွတ်မြောက်ဖို့ ဓားပျံတွေကိုလည်း သုံးနိုင်ပါသေးတယ်။” မိုအားဝူက ပြန်လည်သက်သာလာပြီဖြစ်သည်။ အချို့ဒဏ်ရာများမှလွဲ၍ အစောပိုင်းက သွေးထွက်လွန်နေသော ဒဏ်ရာက ပိုမိုကောင်းမွန်လာသည်။
“မဟုတ်သေးဘူး။ ငါ့အတွက် အနှောင့်အယှက်တစ်ခု ရှိတယ်။ ဆိုးရွားတဲ့ ကြိုတင်သတိပေးချက်ပဲ။” ထန်ရှု ခေါင်းယမ်းလိုက်သည်။
“ဒါက ဘာလဲဆိုတာ ငါ အတိအကျ မရှင်းပြနိုင်ဘူး။ နောက်ပြီး ငါသတ်လိုက်တဲ့ မွန်းစတားကောင်နဲ့ ပတ်သက်ပြီး ထူးဆန်းတာတစ်ခုရှိတယ်။"
"သူဌေး ဆိုလိုတာက... သက်လတ်ပိုင်းလူက တောင်ပံလူသားရဲ့ သွင်ပြင်လက္ခဏာတွေ အရင်ပြခဲ့တယ် … ပြီးတော့ နောက်ဆုံးမှာ ဝံပုလွေ တစ်ကောင် ဖြစ်လာခဲ့တယ် အဲ့ဒီဟာလား။"
မိုအားဝူက မေးလိုက်သည်။
"ဟုတ်တယ်။" ထန်ရှုက ပြောသည်။
မိုအားဝူသည် တခဏမျှ တုံ့ဆိုင်းသွားပြီး “ဆေးတစ်မျိုးဖြစ်မယ်ထင်တယ် သူဌေး။ ဒီမွန်းစတားက ငါ့ကို မရိုက်ခင်မှာ သူ့ကိုယ်သူ ဆေးထိုးအပ်နဲ့ ဆေးထိုးလိုက်တယ်။ ဆေးထိုးပြွန်ထဲမှာ အစိမ်းရောင်အရည်တွေ ကျန်နေတာကို တွေ့လိုက်တယ်။ သူ့ကို သတ်ပြီး သူ့အလောင်းကို စစ်ဆေးကြည့်တော့ သူ့အောက်နံရိုးမှာ စိမ်းညိုညို အကြွင်းအကျန်တွေ ရှိနေတယ်။”
"တကယ်လို့ ဆေးဝါးတချို့ကြောင့်ဖြစ်ရင် အရမ်းစိတ်ဝင်စားဖို့ ကောင်းလာပြီ။ တောင်ပံလူသားအဖြစ် ပြောင်းလဲနိုင်တဲ့ ဝံပုလွေတစ်ကောင်။ ဒါက အနောက်တိုင်း မတူကွဲပြားတဲ့ လူမျိုးစုတွေမှာ ငြိမ်းချမ်းမှု မရှိဘူးဆိုတာ ပြနေတယ်။ အားဝူ … မင်းမှာ ဒီလိုဆေးမျိုး တကယ်ရှိနေရင် ထောင်ချောက်တစ်ခုကို လုပ်ကြံပြီး နောက်တစ်ယောက်ယောက်ကို အကောက်ကြံဖို့ အကောင်းဆုံးနည်းလမ်းတွေ ရှိနိုင်မယ်လို့ မထင်ဘူးလား။"
"တကယ်ကို ထင်တာပေါ့။"
မိုအားဝူက ခြောက်ကပ်ကပ် ရယ်မောလိုက်သည်။
ရုတ်တရက် သူတို့နှစ်ယောက်လုံး အရှေ့တောင်ဘက်ကို စူးစူးစိုက်စိုက် စိုက်ကြည့်လိုက်ကြသည်။ ထိန်းချုပ်ပျံသန်းလာသော ဓားပျံများသည် သူတို့ဆီသို့ ဦးတည်ပျံသန်းလာနေပြီး ဗန်ပိုင်းယားလေးယောက်က အနောက်မှ ထပ်ကြပ်မကွာ လိုက်ပါနေပေသည်။ ထိုသူတို့သည် လက်ထဲတွင် ပုံမှန်မဟုတ်သော လက်နက်တစ်ခုကို ကိုယ်စီကိုင်ဆောင်ထားကြကာ တိုက်ခိုက်မှုများကို အဆက်မပြတ် ထုတ်လွှတ်နေသည်။
"သူတို့ကို ကူညီလိုက်ဦး အားဝူ…"
ထန်ရှုသည် ချက်ချင်းပင် လေထဲသို့ ပျံတက်လိုက်ပြီး သူ့ခန္ဓာကိုယ်အတွင်းမှ ဓားရှည်အား ထွက်ပြေးလာသော လူများဆီသို့ ထုတ်လွှတ်လိုက်သည်။ ချက်ချင်းပင် သူ၏လက်ကို ပင့်လိုက်ကာ ဓားရှည်အား မီတာတစ်ရာ အလင်းအဖြစ်သို့ ပြောင်းလဲလိုက်ပြီး သွေးစုပ်ဖုတ်ကောင်လေးကောင်ဆီသို့ ပြင်းထန်စွာ ခုတ်ပိုင်းလိုက်လေသည်။
မြေကြီးကွဲအက်ပြီး ကောင်းကင်ကိုပင် ကြေမွစေနိုင်မည့် ဓားချက်သည် အာကာသအတားအဆီးကို စုတ်ဖြဲလိုက်ပုံရသည်။ အရပ်ရပ်မှ မရေမတွက်နိုင်သော စွမ်းအင်များသည် လျှပ်စီးတန်းအရှိန်သဖွယ် လျင်မြန်စွာဖြင့် ဓားပုံရိပ်ထဲသို့ ပေါင်းစပ်ဝင်ရောက်လာသည်။ စက္ကန့်တစ်ရာအတွင်း ဓား၏စွမ်းအားသည် အဆများစွာ တိုးလာခဲ့သည်။
“နောက်ဆုတ်…”
ဗန်ပိုင်းယားများထဲမှ စူးရှသော အော်သံတစ်ခု ထွက်ပေါ်လာသည်။ ထိုအော်သံထဲတွင် ပြင်းထန်သော ထိတ်လန့်မှု ကပ်ပါလာပြီး ဗန်ပိုင်းယားလေးကောင်သည် ဒရောသောပါး နောက်ဆုတ်သွားကြသည်။
ဝှစ်… ဝှစ်… ဝှစ်…
ထိုသူတို့၏ဆုတ်ခွာမှုအရှိန်သည် အလွန်လျင်မြန်သော်လည်း လျှပ်စီးအလင်းအလား ဓားခုတ်ချက်က ပိုပြီးမြန်ဆန်လှပေသည်။ ပြင်းထန်သော အရှိန်အဟုန်ဖြင့် ၎င်းဓားချက်သည် သူ့အား ဟန့်တားလာသော ဗန်ပိုင်းယား လေးကောင်၏ လက်ထဲမှ မူမမှန်သော လက်နက်များကိုပါ ချက်ချင်း ဖျက်ဆီးပစ်လိုက်သည်။ ဗန်ပိုင်းယားလေးကောင်သည် လှိုင်းလေထန်နေသော ပင်လယ်ကြားမှ လူးလွန့်နေသော အထီးကျန် လှေများသဖွယ် မီတာရာနှင့်ချီ၍ ဇောက်ထိုးလွင့်စင်သွားကာ သွေးများ ပန်းထွက်လာကြပြီး အဆောက်အဦးများစွာကို အပေါက်ကြီးတစ်ခု ဖြစ်သွားသည့်အထိ ဆက်တိုက်လွင့်စဉ်တိုက်မိသွားကြသည်။
"နတ်ဆိုးအငွေ့ …"
ပြိုကျနေသော အဆောက်အဦးထဲမှ ဗန်ပိုင်းယားတစ်ကောင် ပြေးထွက်လာသည်။ ထိုသူသည် အနက်ရောင် မီးခိုးမြူတစ်ခုအား ဖျန်းပက်လိုက်သည်။ အသက်ရှုချိန် အနည်းငယ်မျှ ကြာသောအခါ အမှောင်ထုသည် နေရာကို အရူးအမူး ဖုံးလွှမ်းသွားပြီး ကီလိုမီတာဝက်အတွင်း ရှုခင်းများကိုပါ ဖုံးလွှမ်းသွားသည်။ ဗန်ပိုင်းယားလေးကောင်သည် အမှောင်ထဲသို့ တိုးဝင်ကာ မြင်ကွင်းထဲမှ ကွယ်ပျောက်သွားတော့သည်။
သူ၏စိတ်ဝိညာဉ်အာရုံသည် အနက်ရောင်မြူများကို ထိုးဖောက်ဝင်ရောက်နိုင်စွမ်း မရှိသည်ကို ထန်ရှု တွေ့လိုက်သောကြောင့် မျက်မှောင်ခပ်တင်းတင်း ကြုတ်လိုက်မိသည်။ သူ့စိတ်ဝိညာဉ်အာရုံအား ပြန်ရုတ်သိမ်းရုံမှလွဲ၍ ရွေးစရာလမ်းမရှိတော့ဘဲ အလွန်လျင်မြန်သောအရှိန်ဖြင့် အခြားဦးတည်ရာဘက်သို့ လှည့်ကာ ဗန်ပိုင်းယားလေးကောင် ပျောက်ကွယ်သွားသည့် နေရာကို လိုက်ရှာလိုက်သည်။
မိနစ်အနည်းငယ် ကြာပြီးနောက် ထန်ရှုသည် ဟိုတယ်၏အရှေ့တံခါးဆီသို့ ပြန်လာခဲ့သည်။ သူက စိတ်ပျက်လက်ပျက်ဖြစ်နေသော အသွင်ရှိနေသည့် ကျင်းရှီနှင့်တခြားသူများကို ကြည့်ပြီး "ဒီဗန်ပိုင်းယားလေးကောင် ဘယ်ကလာလဲဆိုတာ မင်းတို့ သိလား။"
***