ရန်သူများကို သွေးဆောင်မျှားခေါ်ခြင်း
Vol. 54 Ch. 756
သူ၏စွမ်းအားအပြည့်ဖြင့် ဗန်ပိုင်းယားလေးကောင်ကို တိုက်ခိုက်ခဲ့သော်လည်း တိုက်ရိုက်မသတ်နိုင်ဘဲ ထိုသူတို့အား ပြင်းထန်သော ထိခိုက်မှုကိုသာ ဖြစ်ပေါ်စေခဲ့သဖြင့် ထန်ရှု အံ့အားသင့်ခဲ့ရသည်။ သူသည် ရှန်းကျန်မှ ဗန်ပိုင်းယားအဆင့်များကို လေ့လာထားခဲ့ရာ ထိုဗန်ပိုင်းယားလေးယောက်သည် အနည်းဆုံး မှူးမတ်အဆင့် ဖြစ်မည်ဟု ခန့်မှန်းထားသည်။
မှူးမတ် … ရှင်းကျန်က အနောက်တိုင်း ဗန်ပိုင်းယား မျိုးနွယ်တစ်ခုလုံးတွင် မှူးမတ်အဆင့်သို့ ရောက်ရှိသူများသည် အယောက်၂၀ပင် မရှိဟု ပြောခဲ့ဖူးသည်။ သို့သော် ယနေ့တွင် ထန်ရှု သတိထားမိသောအချက်မှာ ထိုအရေအတွက်ထဲမှ လေးဦး ရှိနေခဲ့သည်။
"သူတို့က မဟူရာကလပ်မှ ဖြစ်လိမ့်မယ် သူဌေး။ သမန်းဝံပုလွေကို ငါတို့ သေလုမျောပါး ဖြစ်အောင် လုပ်ပြီးပြီ။ ဒါပေမယ့် အဲ့ဒီဗန်ပိုင်းယားလေးကောင်က သူ့ကို ကယ်တင်ခဲ့တယ်။" ကျင်းရှီက ခါးခါးသီးသီး ပြောပြသည်။
“ဒီဗန်ပိုင်းယားလေးကောင်က တကယ်ကို အစွမ်းထက်တယ်။ ငါ့ရဲ့ဝှက်ဖဲတချို့ကို မသုံးမချင်း သူတို့ကို ကြီးမားတဲ့ ဆုံးရှုံးမှုတွေကို ဖြစ်စေဖို့ ဒါမှမဟုတ် သတ်ပစ်ဖို့က အရမ်းခက်ခဲတယ်။ အခုအချိန်မှာ တကယ့်ရန်သူ ပေါ်လာပြီဆိုတော့ ငါတို့နောက်ထပ် လှုပ်ရှားမှုမှာ ပိုပြီး သတိထားရတော့မယ်။ နို့မဟုတ်ရင် ငါတို့ ဒီကျွန်းမှာ သေရဖွယ် ရှိတယ်။”
"နားလည်ပါပြီ။" လူတိုင်းက လေးနက်စွာ ပြန်ဖြေသည်။
ထို့နောက် ထန်ရှုက သူ့လူများနှင့် ဟိုတယ်ကို ချက်ချင်း ပြန်သွားသည်။ တစ္ဆေအထူးတပ်အဖွဲ့ဝင်များကို ဦးဆောင်သော ယုရှုချင်းသည် လက်ရှိတွင် ဟိုတယ်တာဝန်ခံဖြစ်သော ဖြူဖျော့နေသောအသွင်ဖြင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးအား တွေ့ဆုံနေသည်။
“ငါတို့ အခန်းတွေ ဖွင့်ထားပြီးပြီ မစ္စတာထန်။ အချိန်မရွေး မင်း အသုံးပြုလို့ရပြီ။ ဒါက အခန်းတံခါးကတ်။"
ယုရှုချင်းက အခန်းကတ်များကို တလေးတစား ပေးလိုက်သည်။
ထန်ရှုသည် ဟိုတယ်၏ စီမံခန့်ခွဲသူကို လျစ်လျူရှုကာ အခန်းကတ်များ လက်ခံရရှိပြီးနောက် အခန်းကို တန်းရှာတွေ့ကာ အထဲသို့ ဝင်သွားခဲ့သည်။
****
ဟိုတယ်မှ ကီလိုမီတာ ဆယ်ဂဏန်းခန့်ဝေးသော မြို့အပြင်ဘက်တောအုပ်တွင် အတောင်ဖြတ်ခံထားရသော ဗန်ပိုင်းယားလေးကောင်သည် သွေးအလူးလူးဖြင့် ကြောက်လန့်တကြား ချုံပုတ်များထဲသို့ ပြေးဝင်လာကြစဉ် ပြင်းထန်စွာ ဒဏ်ရာရနေသော ဝံပုလွေသည် သူတို့အရှေ့တွင် ရုန်းကန်ရင်း တောင်းပန်နေသည်။ သို့သော် သူ့ခန္ဓာကိုယ်အတွင်းရှိ သွေးအဆီအနှစ်အားလုံးကို မိနစ်ဝက်အတွင်း ဗန်ပိုင်းယားလေးကောင်က စုပ်ယူသွားပြီး ထိုသူ့ကို တန်းသတ်ပစ်လိုက်သည်။
"ဘယ်လောက်တောင် မုန်းဖို့ကောင်းလိုက်လဲ။"
ဗန်ပိုင်းယားတစ်ကောင်က သူ့ပါးစပ်ထောင့်က သွေးများကို သုတ်လိုက်ပြီး ခြောက်သွေ့သွားသည့် ဝံပုလွေ၏ခန္ဓာကိုယ်ကို ကန်ထုတ်လိုက်သည်။ သူက ဒေါသတကြီး လေသံဖြင့်
“ဒီကောင်က သန်မာလွန်းတယ်။ ငါတို့ လေးယောက် ပူးပေါင်းတာတောင် သူ့ပြိုင်ဖက် လုံးဝမဟုတ်ဘူး။ ငါ မြင်ရသလောက်တော့ သူ့ကိုဖမ်းဖို့ ငါတို့မှာ လုံးဝအခွင့်အရေးမရှိဘူး။”
သွေးနီရောင်မျက်လုံးများနှင့် အခြားဗန်ပိုင်းယားတစ်ကောင်က မှတ်ချက်ချလိုက်သည်။
“ဒဏ္ဍာရီအရတော့ တရုတ်လူမျိုးကျင့်ကြံသူတွေဆိုတာ ဒဏ္ဍာရီလာ အရှေ့တိုင်း ကောင်းကင်ဘုံက အင်မော်တယ်တွေရဲ့ မျိုးဆက်တွေတဲ့။ သူတို့တွေက လျှို့ဝှက်ဆန်းကြယ်စွာ ပုန်းကွယ်နေကြပြီး အလားတူ လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းရည်တွေ ရှိကြတယ်ဆိုပဲ။ ရှေးတုန်းက ခရူးဆိတ်စစ်ပွဲမှာ စည်းကြပ်တဲ့သူတွေ ဒီအရှေ့တိုင်းကျင့်ကြံသူတွေနဲ့ ရင်ဆိုင်ရတုန်းက ဆိုးဆိုးရွားရွား အဆုံးသတ်သွားကြရတယ်။ ငါတို့တွေ ဒီအရှေ့တိုင်းသားကျင့်ကြံသူတွေနဲ့ ဆုံရလိမ့်မယ်လို့ မထင်ခဲ့မိဘူး။ ဒါကို ခေါင်းဆောင်ကို အကြောင်းကြားရမယ်။”
"အားလုံး မြင်ပြီးပြီ။"
မှုန်မှိုင်းနေသော အရိပ်တစ်ခု ပေါ်လာပြီး အနက်ရောင် ဝတ်စုံ ဝတ်ဆင်ထားသော လူရွယ်တစ်ဦးကို သူတို့ မြင်တွေ့ရသည်။ ထိုသူ၏အစွယ်နှစ်ချောင်းသည် အထူးသဖြင့် ရှည်လျားထက်ရှပြီး ထိုသူထံမှ အေးစက်ကာ ရက်စက်ကြမ်းကြုတ်သော အော်ရာများ ထွက်ပေါ်နေသည်။ သူ့လက်ထဲတွင် အနက်ရောင် လုံးပတ်သတ္တုဘောလုံးတစ်လုံးကို ကိုင်ကာ လှည့်နေရင်း သူ၏နီမြန်းသောမျက်လုံးများသည် မီတာဆယ်ဂဏန်းအကွာက ဝံပုလွေအလောင်းအား လှည့်ပတ်ကြည့်ရှုနေသော်လည်း သူ၏အေးစက်သော မျက်နှာပေါ်တွင် ပြောင်းလဲမှုတစ်စုံတစ်ရာမှ မဖြစ်ပေါ်လာခဲ့ပေ။
"အကြီးအကဲ…"
ဗန်ပိုင်းယားလေးယောက်က သူ့ကို အရိုအသေပေးကာ နှုတ်ဆက်လိုက်သည်။
ပင်စိမ်း…။ ၎င်းသည် မဟူရာကလပ်၏အဆင့်အမြင့်ဆုံး အရေးကြီးပုဂ္ဂိုလ်ရှစ်ယောက်အနက်မှ တစ်ဦးဖြစ်သည့် ကေ့သ်မိုး၏ယုံကြည်စိတ်ချရသော လက်အောက်ငယ်သား ဗန်ပိုင်းယားကောင်၏ အမည် ဖြစ်သည်။
"ငါတို့တွေ သခင်ကေ့သ်မိုးရဲ့အမိန့်ကို ဆက်လုပ်ရမယ်။ ငါတို့ရဲ့အသက်ကို ဘိုးဘေးကိန်းဆီ ပူဇော်ရရင်တောင် နောက်ကြောင်းပြန်မလှည့်ဘူး။ ဒီအရှေ့တိုင်းက ကျင့်ကြံသူထန်ရှုရဲ့ခွန်အား အရမ်းကောင်းတာ သံသယဖြစ်ဖွယ် မရှိသလို သူ့ဓားရဲ့စွမ်းအားကလည်း အရမ်း အစွမ်းထက်တယ်။ သူနဲ့တိုက်ခိုက်ရင် ငါကိုယ်တိုင်တောင် ဒဏ်ရာပြင်းပြင်းထန်ထန် ရနိုင်ခြေ ရှိတယ်။ ဒါကြောင့် သွေးအဆိပ်ကို သုံးပြီး သူ့ကို ဖမ်းဖို့ နည်းလမ်းတစ်ခုတည်းပဲ ရှိတော့တယ်။"
ပင်စိမ်းသည် သူ့လက်ကို တစ်ချက်လှုပ်လိုက်ပြီး ကြွေပုလင်းကို ထုတ်လိုက်သည်။ ထိုပုလင်းအား ဗန်ပိုင်းယားကောင်များထဲမှ တစ်ဦးထံ ပေးအပ်ပြီး “မင်းရဲ့ကိုယ်ပျောက်တိုက်ခိုက်ရေးစွမ်းရည်ကို အသုံးပြုပြီး အမှောင်ထဲကနေ တိုက်ခိုက်လိုက်ပါ။ သူ့အာရုံတွေ ပျံ့လွင့်လာတဲ့အခါ အခွင့်အရေးရှာပြီး ဒီသွေးအဆိပ်ကို သူ့အစာထဲမှာ ထည့်လိုက်။ အရှေ့တိုင်းသား ဖြစ်နေရင်တောင်မှ သူရဲ့စွမ်းအားကို သွေးအဆိပ်က အချိန်တိုတိုအတွင်း ချုပ်ကိုင်ထားမှာပဲ။ သူက ကြက်ကိုသတ်ဖို့တောင် အစွမ်းအစမရှိတော့တဲ့ တွားသွားသတ္တဝါအဖြစ်လို ပြောင်းလဲသွားလိမ့်မယ်။”
ဗန်ပိုင်းယားလေးကောင်သည် ကြွေပုလင်းကို ကြောက်လန့်တကြား စိုက်ကြည့်နေကြသည်။ သူတို့သည် သွေးမျိုးနွယ်မှဖြစ်၍ ဤသွေးအဆိပ်၏ အစွမ်းသတ္တိကို သိကြသည်။ ၎င်းတို့သည် မှူးမတ်အဆင့် ဗန်ပိုင်းယား ဖြစ်သည့်တိုင် ဤသွေးအဆိပ်ဖြင့် တစ်ကြိမ် အထိုးခံရပါက ၎င်းတို့၏ စွမ်းအားသည် အလွန်အားနည်းသွားလိမ့်မည်ဖြစ်သော်လည်း အခြားကွဲပြားသောမျိုးနွယ်စုများသည် ၎င်းတို့၏ ခွန်အားကို လုံးဝဆုံးရှုံးသွားကာ ရက်ပေါင်းများစွာ ကြာလျှင်ပင် သေရမည်မှာ သေချာပါသည်။
"ငါတို့တာဝန်ကျေအောင် လုပ်ပါ့မယ် အကြီးအကဲ။" ကြွေပုလင်းကို ကိုင်ထားသော ဗန်ပိုင်းယားကောင်က လေးနက်သော မျက်နှာဖြင့် ပြန်ပြောသည်။
"ငါရခဲ့တဲ့ အတွင်းစကားအရ ပိရမစ်ရဲ့ စစ်အကြီးအကဲ ဆယ်ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ စစ်ဉာဏ်ရည် အကြီးအကဲကျဲက အမှောင်အဆိပ်ရဲ့ အဆိပ်ဖြေဆေးကို လေ့လာဖို့ လူတွေကို မကြာသေးမီက လွှတ်ထားတယ်။ သူ့လူတွေကသာ အဲ့ဒါကို အောင်မြင်စွာ လေ့လာနိုင်ရင် ငါတို့ရဲ့အစီအစဉ်အပေါ် များစွာ သက်ရောက်လိမ့်မယ်။ သခင်ကေ့သ်ရဲ့အဆိုအရ စစ်ဉာဏ်ရည် အကြီးအကဲဝူကျဲက ဒီထန်ရှုကို ဖမ်းဆီးတဲ့အခါ ငါတို့ကို တားဆီးဖို့ သူ့လူတွေကို စေလွှတ်မှာမို့ မင်းတို့ မစ်ရှင် လုပ်ဆောင်ရင် ပိရမစ်ကလူတွေကို အထူးသတိထားပါ။ သူတို့ကို မြင်တာနဲ့ တစ်ခါတည်း သတ်ပစ်။”
"နားလည်ပြီ။" ဗန်ပိုင်းယားလေးကောင်သည် ၎င်းတို့၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားကာ သတ်ဖြတ်လိုသည့် အော်ရာများ မြင့်တက်လာသည်။
****
ဂရန်းဟိုက်ယက်ဟိုတယ် …
ထန်ရှုသည် သူ၏ကောင်းကင်စကြာဝဠာကျင့်စဉ်ကို တိတ်တဆိတ် ကျင့်ကြံရင်း ကုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေသည်။ သူ၏ဒန်တျန်အာကာသ ပြောင်းလဲမှုနှင့်အတူ သူသည် မူလဖရိုဖရဲစွမ်းအားကို ပိုမိုအသုံးပြုရပေသည်။ ယခင်က သူသည် သူ၏မူလဖရိုဖရဲစွမ်းအားကို အဆက်မပြတ် နှစ်နာရီသာ အသုံးပြုနိုင်ခဲ့သော်လည်း ယခုအခါ ဆယ်နာရီကြာအောင် အသုံးပြုနိုင်ပြီဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ အသွင်ပြောင်းပြီးနောက်တွင် သူ အတော်လေး ခေါင်းကိုက်ခဲ့ရသည့် ပြဿနာတစ်ခုကိုလည်း တွေ့ရှိခဲ့သည်။ ထိုအရာသည် ကြယ်များ၏စွမ်းအင်ကို ပိုမိုစုပ်ယူရန်လိုခြင်းဖြစ်ပြီး သူ့ခန္ဓာကိုယ်၏ခွန်အားကို တိုးလာစေရန်အတွက် နောက်ပိုင်းတွင် သူ ရင်ဆိုင်ရမည့် အခက်အခဲဖြစ်သည်။ ၎င်း၏အဆုံးသတ်အချက်ကိုပင် မမြင်နိုင်ပေ။ ထို့ပြင် သူ့ဒန်တျန်တွင်းမှာ ရှိနေသည့် အာကာသကြီးက လွန်စွာ ကြီးမားပေသည်။ အကယ်၍ သူသာ ဂြိုလ်ပေါင်း သန်းရာနှင့်ချီသော အတိုင်းအတာတစ်ခုအထိ ကြီးထွားစေခဲ့မည်ဆိုပါက သူ၏လက်ရှိကျင့်ကြံမှု အရှိန်ဖြင့် ၎င်းကို အောင်မြင်ရန် အနှစ် ၁၀,၀၀၀ပင် လုံလောက်မည်မဟုတ်ပါချေ။
“ကောင်းကင်စကြာဝဠာကျင့်စဉ်ရဲ့ခြင်ဆီပြောင်းလဲခြင်းအထွတ်အထိပ်ကို ရောက်သွားရင် ငါ့ကို အနိုင်ယူနိုင်တဲ့သူ နည်းလိမ့်မယ်လို့ အရင်က ထင်ခဲ့မိတယ်။ သောက်ကျိုးနည်း … ကမ္ဘာမြေမှာ အခြားကျင့်ကြံသူတွေတင်မကဘူး ဗန်ပိုင်းယားတွေနဲ့ အခြားသားရဲတစ်ပိုင်းလူသားတွေပါ ရှိမယ်လို့ ဘယ်တုန်းကမှ ငါ မမျှော်လင့်ထားခဲ့ဘူး။ မှူးမတ်အဆင့် ဗန်ပိုင်းယားတွေက ငါ့ထက် အနည်းငယ် ညံ့ပြီး မားကွီစ်မှူးမတ်အဆင့်ရဲ့ခွန်အားက ငါနဲ့ ယှဉ်နိုင်တယ်။ မင်းညီမင်းသားအဆင့်ရှိတဲ့ ဒါမှမဟုတ် အဆင့်အတန်းမြင့်တဲ့ ဗန်ပိုင်းယားဘုရင်နဲ့ ကြုံတွေ့ရရင် ထွက်ပြေးဖို့ကလွဲပြီး ငါ့မှာ တခြားရွေးချယ်စရာ မရှိဘူးပဲ။”
ထန်ရှု မျက်လုံးဖွင့်ကာ ကုတင်ပေါ်မှ ဆင်းလာပြီး ပြတင်းပေါက်ဆီသို့ သွားလိုက်သည်။ အပြင်ဘက် မိုးကုတ်စက်ဝိုင်းတွင် ပေါ်လာသော အလင်းရောင် မှိန်ဖျော့ဖျော့ကို ထိုနေရာမှ ကြည့်ရင်း သူ၏အတွေးများ နစ်မြုပ်သွားသည်။ သူ့တွင် တိုက်ခိုက်ရေး နည်းစနစ်များစွာ၊ လွတ်မြောက်ရန် နည်းလမ်းများစွာနှင့် အသက်ကယ်တင်ရေး နည်းလမ်းများစွာ ရှိသည်။ သို့သော် သူလွတ်မြောက်ပြီး နောက်တစ်နေ့တွင် စစ်မှန်သော စွမ်းအားရှင်တစ်ဦးနှင့် ရင်ဆိုင်ရပါက ဒဏ်ရာရရှိနေဦးမည်သာဖြစ်သည်။
ယခုတစ်ကြိမ်တွင် သူသည် မိုအားဝူနှင့် အခြားသူများကို ကျွန်းသို့ ခေါ်ဆောင်လာခဲ့သည်။ သူ တကယ် အန္တရာယ် ကြုံတွေ့နေရင်တောင် ထိုသူတို့ကို သူ ဘယ်တော့မှ စွန့်ပစ်မည် မဟုတ်ပါချေ။
ထို့ကြောင့်…
"ငါ အစီအရင်ချပ်တွေ ထုတ်လုပ်ဖို့ လိုတယ်။"
ထန်ရှုသည် လိုက်ကာများကို ဆွဲလိုက်ပြီး အစီအရင်ချပ်များကို သန့်စင်ရန်အတွက် သူ၏ လက်စွပ်အတွင်းမှ ကျောက်စိမ်းအမြောက်အမြားကို ထုတ်ခဲ့သည်။ သူ၏လက်ရှိခွန်အားမှာ အလွန်အားနည်းသေးသောကြောင့် အချိန်တိုအတွင်း ကြီးမားသောစွမ်းအားဖြင့် ကြီးမားသော အစီအရင်ကို မတည်ဆောက်နိုင်ပေ။ ဤအစီအရင်ချပ်များကို အသုံးပြုခြင်းဖြင့်သာ ရန်သူများကို ထောင်ချောက်ဆင်ပြီး သတ်ပစ်ရန် အစွမ်းထက်သော အစီအရင်တစ်ခုကို ချက်ချင်း ဖန်တီးနိုင်မည်ဖြစ်သည်။
နှစ်ရက်လုံးလုံး ထန်ရှုသည် မစားမသောက်၊ မအိပ်စက်ဘဲ အစီအရင်ချပ်များကို သန့်စင်ရန် သူ့ကိုယ်သူ အပြည့်အ၀ မြှုပ်နှံထားခဲ့သည်။ အစွမ်းထက်ဆုံး လင်းလက်သောကြယ်ပွင့်များ အစီအရင်အပါအဝင် ဤနှစ်ရက်အတွင်း စုစုပေါင်း အစီအရင်အခု ၅၀ခုကို ပြန်လည်သန့်စင်ခဲ့သည်။ ဤအစီအရင်၏အကူအညီဖြင့် မင်းညီမင်းသားအဆင့်ရှိ ဗန်ပိုင်းယားကောင်များကိုပင် သတ်ပစ်နိုင်မည်ဟု သူ ယုံကြည်ချက် ရှိနေခဲ့သည်။
ကျွီ...
ထန်ရှု အခန်းတံခါးကို ပိတ်ပြီး စင်္ကြန်လမ်းအတွင်း ခြေလှမ်း လှမ်းလိုက်ရာ မိုအားဝူတို့အဖွဲ့အား တင်ပျဉ်ခွေထိုင်ကာ ကျင့်ကြံနေသည်ကို တွေ့လိုက်ရသည်။ သူတို့ ဆက်တိုက်ရပ်လာပြီးနောက် ထန်ရှုက
“အဆိပ်အဖွဲ့ထဲကလူတွေ ထွက်သွားပြီလား။”
“ဟင့်အင်း … သူတို့ မထွက်သေးဘူး။ မပြန်ခင် ငါတို့ ထွက်သွားတာကို စောင့်မယ်လို့ ပြောတယ်။"
မိုအားဝူက ဖြေသည်။
“ကောင်းပြီ။ ဒါဆို သွားကြတာပေါ့။ ဒီသောင်းပြောင်းထွေလာမြို့ကို ဖြတ်ပြီး တောင်ပေါ်ကို သွားကြည့်မယ်။”ထန်ရှုက ပြောသည်။
“ငါတို့နောက်ကို လိုက်နေတဲ့ လူတွေရှိရင် သူတို့ မတိုက်ခိုက်သေးသရွေ့ သူတို့လိုက်ဖို့ ခွင့်ပြုပေးလိုက်။”
"ငါတို့က သူတို့ကို တန်းသတ်မှာ မဟုတ်ဘူးလား။" မိုအားဝူက ဇဝဇေဝါဖြင့် မေးလိုက်သည်။
“တောနက်ကြီးထဲမှာ ရန်သူတွေကို သတ်တာက မြို့ထဲမှာသတ်တာထက် ပိုပျော်စရာကောင်းတယ်လို့ မင်း မထင်ဘူးလား။” ထန်ရှုက မေးလိုက်သည်။
မိုအားဝူသည် တခဏမျှ မှုန်မှိုင်းသွားပြီး သူက ထန်ရှု၏ရည်ရွယ်ချက်ကို နားလည်သွားသည်။
“သူဌေးက ငါတို့ရဲ့ဂုဏ်ပုဒ်ကို သာမန်လူတွေရှေ့မှာ မဖော်ပြချင်တာမလား။ နားလည်ပြီ။ ငါတို့ ဘာလုပ်ရမယ်ဆိုတာ သိပြီ။”
ခဏအကြာတွင် အားလုံးက ပထမထပ်ရှိ ဧည့်ခန်းသို့ ရောက်လာကြသည်။ ယုရှုချင်း နှင့် တခြားသူများ စောင့်နေသည်ကို တွေ့သောအခါ ထန်ရှုက ချက်ချင်း ပြောလိုက်သည်။
"ငါတို့အရင်က ဆွေးနွေးခဲ့တာတွေကို မမေ့ပါနဲ့။ နောက်မှ ပြန်သွားတဲ့အခါ တစ္ဆေအဖွဲ့နဲ့ ငါ အရက်အတူ သောက်မယ်။"
"ငါတို့ပွဲတစ်ခုကို ပြင်ဆင်ပြီး မင်းရဲ့အောင်ပွဲနဲ့ ပြန်လာတာကို စောင့်မျှော်နေပါမယ်။" ယုရှုချင်းက အလျင်အမြန် ပြောလိုက်သည်။
ထန်ရှုက ပေါ့ပေါ့ပါးပါး ပြုံးပြီး ဟိုတယ်ကနေ ထွက်လာသည်။ ဤအခိုက်အတန့်တွင် သူ့အား စောင့်ကြည့်ခံနေရသည့် ခံစားချက်က ပြန်ပေါ်လာသော်လည်း ၎င်းကို လျစ်လျူရှုကာ သူ၏ စိတ်ဝိညာဉ်အာရုံကိုပင် မထုတ်လွှတ်ခဲ့ပေ။ ကားပေါ်တက်ပြီးနောက် ကားလေးစီးသည် လမ်းပေါ်ကို အမြန်တက်သွားသည်။
နှစ်နာရီကြာ မောင်းနှင်လာပြီးနောက် ကားလေးစီးသည် သောင်းပြောင်းထွေလာမြို့ကို ဖြတ်ကျော်လာခဲ့ရာ ယခုအခါ ကျွန်း၏အလယ်ဗဟိုရှိတောင်မှ ကီလိုမီတာ တစ်ဒါဇင်သာ ကွာဝေးတော့သည်။ ဤနေရာမှ ကီလိုမီတာ တစ်ဒါဇင်ကျော်ခန့်အကွာတွင် မြူခိုးများဖုံးလွှမ်းနေသော တောင်ကြီးကို မှုန်ဝါးဝါး မြင်နိုင်သည်။ သို့သော် တောင်ထိပ်တွင် မြူခိုးများ ဖုံးလွှမ်းနေသောကြောင့် ခမ်းနားထည်ဝါသော နန်းတော်ကိုမူ မမြင်နိုင်ပေ။
"လူအုပ်စုနှစ်စုက ငါတို့အနောက်က ဘယ်ဘက်နဲ့ ညာဘက်ကနေ လိုက်နေတယ် သူဌေး…"
ကားမောင်းနေသော မိုအားဝူသည် သည်းမခံနိုင်တော့ဘဲ အချိန်အတော်ကြာ စောင့်ကြည့်ပြီးနောက် သတင်းပို့သည်။
"သူတို့ ငါတို့နောက်ကို လိုက်ပါစေ။"
ထန်ရှုက ရယ်မောလိုက်သည်။
"သူတို့ရဲ့ အဆုံးစွန်ပန်းတိုင်က ဘာလဲဆိုတာ ငါ ကြည့်ချင်သေးတယ်။"
မိုအားဝူက ခေါင်းညိတ်လိုက်ပြီး အရှိန်မြှင့်လိုက်သည်။ အချိန်ကြာလာသည်နှင့်အမျှ သူတို့သည် တောင်ခြေမှ ကီလိုမီတာအနည်းငယ်သာ ကွာဝေးသော နေရာသို့ ရောက်လာကြသည်။
"ဒီတောင်က ဘယ်လောက်မြင့်လဲ။"
ကားပေါ်ကဆင်းပြီးနောက် ထန်ရှုက ကြီးမားသော တောင်ကြီးကို မော့ကြည့်ပြီး မေးလိုက်သည်။
“အရင်က ငါတို့ရဲ့ မျက်လုံးနဲ့ တိုင်းတာဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး။ တောင်အမြင့်ကို အတိအကျ အမြင်အာရုံဖြင့် တိုင်းတာဖို့အတွက် နည်းလမ်း မရှိပေမယ့် ခန့်မှန်းကြည့်တာတော့ အနည်းဆုံး တစ်ကီလိုမီတာ ရှိလိမ့်မယ်။"
ထို့နောက် ထန်ရှုသည် လမ်းတစ်ဝက်မှ တောင်ခြေအထိ မြူခိုးများဖုံးလွှမ်းနေသော ရှုခင်းများကို ကြည့်ရှုလိုက်စဉ်တွင် တောင်ဘေးမှ တောင်ထိပ်အထိသည် ကြည်လင်ပြတ်သားစွာ မြင်နိုင်ပေသည်။ ဤတောင်ကြီးသည် ကြီးမားသော အစီအရင်ဖြင့် ဖုံးလွှမ်းထားကြောင်း သူ ကောက်ချက်ချနိုင်သဖြင့် သူ၏နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။ သို့သော် ဤအစီအရင်သည် လျှို့ဝှက်ဆန်းကြယ်လှသည်။ အတွင်းထဲသို့ စွန့်စားရန် မကြိုးစားရသေးသည့်တိုင် သည်အစီအစဉ်၏ လျှို့ဝှက်ဆန်းကြယ်မှုကို ပြည့်စုံစွာ မြင်တွေ့နိုင်ရန် သူ့တွင် နည်းလမ်း မရှိပါချေ။
“ကားတွေ ဒီမှာ ထားခဲ့ရအောင်။ မင်းတို့အားလုံး ငါနဲ့လိုက်ခဲ့။ ငါတို့ အထဲကို ဝင်ဖို့ကြိုးစားမယ်။"
"သူဌေး … ငါတို့ အချိန်ခဏလောက် မဝင်နိုင်မှာကို စိုးမိတယ်။"
မိုအားဝူသည် ဘယ်ဘက်အနောက်နေရာကို စိုက်ကြည့်နေသည်။ သူ့မျက်လုံးထဲတွင် သတ်ဖြတ်လိုရိပ်တစ်ခု လင်းလက်လာခဲ့ပြီး သူ့အနီးဝန်းကျင်တွင် ပျံဝဲနေသောဓားကို ချက်ခြင်း ထုတ်လွှတ်လိုက်လေသည်။