တစ္ဆေအပေါင်း၏ ခစားမှု
Vol. 102 Ch. 1424
“အာကာပြင်ကျယ်... တာအိုခန္ဓာ....” ထိုရေရွတ်သံကို မန်ဟိုမှတစ်ပါး မည်သူမှ မကြားနိုင်ပေ။ အသံ သူ၏နား,နားမှ ဖြတ်သွားသည့်အချိန်မှာပင် သူ၏အသတ်အဖြတ်အရှိန်အဝါသည် စုရီနှင့် ရှင်းယွဲ့အနား ကပ်နေသော တစ္ဆေများကို တိုက်ထုတ်လိုက်သည့် ဝဲတစ်ဝဲ ဖြစ်လာ၏။
သို့သော် တစ္ဆေများက မန်ဟိုပင် ခေါင်းကြိမ်းလာသည့်တိုင်အောင် များပြားလှလေသည်။ တစ္ဆေများ ချဉ်းကပ်လာနေစဉ် သူက စုရီနှင့် ရှင်းယွဲ့ကို ဆွဲ၍ ဂိုဏ်းချုပ်ထံ သွားလိုက်သည်။
မန်ဟိုသည် လျင်မြန်စွာ သွားနေရင်း မျက်လုံးဝေ့ကြည့်လိုက်ရာ မြို့ကို ဖွဲ့စည်းထားသည့် အဆောက်အအုံများထဲတွင် အရိပ်များစွာ ပေါ်လာနေကြောင်း မြင်လိုက်ရ၏။ ထိုအရိပ်များက သူ မြင်ခဲ့ဖူးသောအရိပ်များထက်ပင်ပို၍ အင်အားကြီးမားလေသည်။ တစ္ဆေတစ်ကောင်မှ မရှိသော လမ်းတစ်လမ်းကို မြင်ရနိုင်ပြီး ဟိုးအဝေးတွင် မိုးထိလုအောင် အလွန်မြင့်မားသည့် ဧရာမသလွန်ကြီးတစ်ခုကို မန်ဟို လှမ်းမြင်လိုက်ရသည်။
သလွန်မှာ ကြီးလွန်းသဖြင့် အဝေးဆုံးမှကြည့်လျှင်ပင် မြင်ရနိုင်သည်။ သေချာကြည့်လျှင် ၎င်းသည် ပထမမြေထုအပေါ်တွင် ပျံဝဲနေသယောင်ထင်ရ၏။
ပထမမြေထုအပေါ်ရှိ တစ္ဆေအရေအတွက်မှာ ရေတွက်မရလောက်အောင် ကြိတ်ကြိတ်တိုးနေသည်။ ခပ်လှမ်းလှမ်းရှိ ကျန်မြေထုရှစ်ခုကိုတော့ သဲသဲကွဲကွဲမမြင်ရပေ။
ဖြည်းဖြည်းချင်း စူးစိုက်ကြည့်လိုက်သည့်အခါမှ သူနှင့်အဝေးဆုံးရှိ နဝမမြေထုအပေါ်၌ လူတစ်ယောက်ထိုင်နေသော ပလ္လင်တစ်ခုရှိနေကြောင်း မန်ဟို သတိထားမိလိုက်၏။
ထိုပုဂ္ဂိုလ်၏အကြည့်က ကြယ်တာရာကောင်းကင်ကို ခွင်းကာ သူ့အပေါ် ကျရောက်လာသည်။ ကြည့်ရသရွေ့ ဤပုဂ္ဂိုလ်က ... ‘အာကာပြင်ကျယ်တာအို’ ဟု ရေရွတ်ခဲ့သောပုဂ္ဂိုလ်ဖြစ်သယောင်ပင်။ ယခု သူကပင် စကားစပြောသည်။
“ကပ်ဘေးကြီး ဆိုက်ပြီ။ အာကာပြင်ကျယ်စကြဝဠာရဲ့ အထွတ်အထိပ်၊ မင်းက အဆုံး.....
“လောကပါလ,က အင်မော်တယ်ကို ကြောက်တယ်.....
“နောက်ဆုံးတော့ မင်း ရောက်လာခဲ့ပြီ....” အသံပဲ့တင်ထပ်နေစဉ် တစ္ဆေများမှာ ပို၍သွေးရူးသွေးတန်းဖြစ်လာသလို၊ သူ့ကိုယ်ထဲရှိ ကြေးမီးအိမ်လည်း တဖျတ်ဖျတ်လက်လာသည်။
၎င်းတို့အားလုံးက တခဏအတွင်း ဖြစ်ပျက်သွားခဲ့ခြင်းပင်။ မန်ဟို တစ္ဆေများဆီမှ ဆုတ်ခွာနေစဉ် ၎င်းတို့၏ရူးသွပ်မှုကို သူ ခံစားနေရသော်လည်း ၎င်းတို့တွင် မကောင်းကြံလိုစိတ်တော့ မရှိသယောင်ပင်။ တစ္ဆေများသည် စိုးရိမ်ကြောင့်ကြနေကြပုံပေါ်၏။ ယခုအချိန်မှာ စဉ်းစားရမည့်အချိန်မဟုတ်ပေ။ သူ၏အသတ်အဖြတ်အရှိန်အဝါက တစ္ဆေများကို တွန်းထုတ်ပေးနေသဖြင့် သူက တတိယမျက်လုံးကို ပိတ်လိုက်သည်။ ထိုအခိုက်အတန့်တွင် အရာအားလုံး မှေးမှိန်ပျောက်ကွယ်သွားသော်လည်း ပတ်ဝန်းကျင်တွင် စုဝေးလာသည့် အအေးဓာတ်ကိုတော့ သူ ခံစားလိုက်ရသေး၏။
“သွားကြစို့” ဂိုဏ်းချုပ်က ပြောသည်။ လူတိုင်းလှုပ်ရှားကြသော်လည်း မည်သည့်နေရာသွားရမှန်းမသိ၍ ဝရုန်းသုန်းကား ဖြစ်နေသည်။ သူတို့တဟုန်ထိုးသွားနေကြစဉ် သူတို့အနောက်ရှိ အအေးဓာတ်က ပို၍ပြင်းထန်လာသည်။ သို့သော် မန်ဟိုက တတိယမျက်လုံးကို ပိတ်ခဲ့သည့်အတွက် တစ္ဆေများသည် သူတို့၏တည်ရှိမှုကို ခံစားကြရပုံမပေါ်ပေ။ တစ်နာရီကြာသော် သူတို့အားလုံး တင်းမာခက်ထန်သော မျက်နှာထားများဖြင့် အအေးငွေ့များထဲမှ ထွက်လာနိုင်ကြ၏။ စုရီနှင့် ရှင်းယွဲ့မှာတော့ မန်ဟို့နောက်တွင် မျက်နှာငယ်လေးများဖြင့် တိတ်ဆိတ်စွာ ရပ်နေကြသည်။
ကျန်ပါရာဂွန်များလည်း စိတ်မဆိုးဘဲမနေပေ။
“သောက်ချီးတဲ့မှ။ မင်းတို့ဘာလုပ်နေတာလဲ ဟမ်။ ငါတို့ အခု ဘယ်လောက်အန္တရာယ်များလဲ မင်းတို့သိလား”
“အဆင်အခြင်မဲ့လိုက်တာ။ မင်းတို့ကြောင့် ငါတို့ သေရတော့မလို့” သူတို့သည် တစ္ဆေများကို မမြင်ရသော်လည်း သေဘေးမှ ပွတ်ကာသီကာလွတ်လာခဲ့မှန်း သိကြ၏။ အအေးငွေ့များသာ သူတို့ကို လွှမ်းခြုံနိုင်သွားလျှင် သူတို့ ဘယ်တော့မှ ပြန်ထွက်မလာနိုင်တော့ဘဲ ထိုထဲတွင် ထာဝရပိတ်မိသွားလိမ့်မည်။
မန်ဟိုက ဘာမှပြန်မချေပဘဲ လက်နှစ်ဖက်ကာ လူတိုင်းကို အရိုအသေပေးလိုက်သည်။
ဤအချိန်အထိ အေးတိအေးစက်နိုင်ခဲ့သော မန်ဟို၏စရိုက်ကို ထည့်တွက်လျှင် ယခုလိုအရိုအသေပေးလိုက်ခြင်းက ပါရာဂွန်အများစုကို ဒေါသပြေသွားစေသည်။ သို့သ်ော သူတို့၏အမူအရာများက အတော်လေး တင်းမာခက်ထန်နေသေး၏။
ယခုတော့ သူတို့အားလုံး လမ်းမှားအပေါ် ရောက်သွားကြပြီမဟုတ်ပါလော။
လမ်းမှားတစ်ခုအတိုင်း သွားခြင်း၏ နောက်ဆက်တွဲအကျိုးဆက်များကို သူတို့အားလုံး မသိဘဲမနေပေ။
မန်ဟို တောင်းတောင်းပန်ပန် လက်ယှက်အရိုအသေပေးခြင်းက ပါရာဂွန်အများစုကို နှုတ်ဆိတ်သွားစေရန် လုံလောက်သည်။ သို့သော် ဆဋ္ဌမပါရာဂွန်က အေးစက်စက် နှာမှုတ်၏။ “သောက်ဦးနှောက်မရှိတဲ့ ဆန်ကုန်မြေလေးတွေ။ မင်း အဲဒီသူငယ်မနှစ်ယောက်ကို အသေခံလိုက်ရမှာ။ သူတို့ကို ကယ်လိုက်တော့ အခု ငါတို့လမ်းပျောက်ပြီလေ။ အဲဒီနှစ်ယောက် သေကိုသေသင့်တယ်”
ပုံမှန်ဆို သူ့အနေဖြင့် မန်ဟို၏လက်သီးစာမိပြီးနောက် ယခုလိုပြောရဲမည်မဟုတ်ပေ။ သို့သော် ယခု မန်ဟိုက တစ်ဖွဲ့လုံး၏ အမျက်ရှခံနေရသဖြင့် မီးလောင်ရာ လေပင့်လိုက်သလို ဖြစ်သွားသည်။
“ဟုတ်တယ် အဘိုးကိုး” အဋ္ဌမပါရာဂွန်က အေးစက်စွာ ထောက်ခံသည်။ “လက်ယှက်အရိုအသေပေးရုံလေးနဲ့တင် မလုံလောက်ဘူး။ ဒီကိစ္စက ကြီးတယ်။ မင်းတို့ကြောင့် ငါတို့အားလုံး လမ်းပျောက်သွားပြီ။ မင်းတို့ကြောင့် ငါတို့ ဘယ်လောက်အန္တရာယ်ရှိသွားလဲ သိလား”
ဤနှစ်ယောက်၏စကားက ကျန်ပါရာဂွန်များကို မျက်မှောင်ကြုတ်သွားစေသည်။
ဂိုဏ်းချုပ်က မျက်မှောင်ကြုတ်လျက် မန်ဟို့ကို လှမ်းကြည့်၏။
မန်ဟိုက သူ့ကို ပြန်ကြည့်ကာ ပြောသည်။ “စောစောက အကူအညီအတွက် ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်”
တကယ်တော့ ဂိုဏ်းချုပ်သည် သူ့ကို အကူအညီများများစားစား မပေးခဲ့သော်လည်း သူတို့ကို ကူညီဖို့ ပြန်လှည့်လာခဲ့ကတည်းက သူ၏သဘောထားကို မန်ဟို ပြောနိုင်၏။ ထိုမျှသာမက ဆဋ္ဌမပါရာဂွန်မှလွဲ၍ ကျန်ပါရာဂွန်အားလုံးလည်း သူ့ကို ကူညီဖို့ ပြန်လှည့်လာခဲ့သည်။ ထိုအခြင်းအရာကို သူ မေ့မည်မဟုတ်သလို၊ အာကာပြင်ကျယ်ကျောင်းတော်အပေါ် ထားရှိသည့် သူ၏အမြင်ကိုလည်း ပြောင်းလဲစေခဲ့သည်။
“ခုနက မင်း ဘာမြင်ခဲ့တာလဲ” ဂိုဏ်းချုပ်က မေးသည်။
“တစ္ဆေမြို့တစ်မြို့” မန်ဟိုက ပြန်ဖြေသည်။ “ဒီတစ်နေရာလုံးက မြို့တစ်မြို့၊ ဥက္ကာခဲတွေက အဆောက်အဦးတွေ။ ကျုပ်တို့ကို တစ္ဆေတွေဝိုင်းနေတယ်။ ဒီနေရာက သက်ရှိမျက်စိနဲ့ မမြင်ရတဲ့ တစ္ဆေမြို့တစ်မြို့ပဲ”
ဤစကားကို ကြားလျှင် ဂိုဏ်းချုပ်က ရုတ်တရက် လှမ်း၍ဖမ်းဆုပ်လိုက်ဟန် လုပ်သည်။ အကွဲကြောင်းတစ်ကြောင်း ပွင့်လာပြီး ရှေးဆန်သောကျောက်စိမ်းပြားတစ်ပြား ပေါ်လာ၏။ သူက ၎င်းကို မန်ဟို့ဆီ ကမ်းပေးသည်။
“တစ်ချက်ကြည့်လိုက်၊ မင်းမြင်ခဲ့တာ အဲဒီမြို့လား”
မန်ဟိုက ကျောက်စိမ်းပြားကို ယူ၍ စစ်ဆေးကြည့်ရှုသည်။ မြို့တစ်မြို့၏ပုံရိပ်တစ်ခု သူ့စိတ်ထဲတွင် ပေါ်လာသည်။ ၎င်းကား သူမြင်ခဲ့သော တစ္ဆေမြို့ပင်ဖြစ်၏။
“အဟုတ်ပဲ”
ဂိုဏ်းချုပ်၏မျက်နှာအမူအရာက တစ်မျိုးတစ်မည်ဖြစ်သွားသည်။ သူက အတော်လေးစိတ်လှုပ်ရှားနေဟန်ဖြင့် မေးလေသည်။ “လမ်းတစ်လမ်းများ မင်း သတိထားမိခဲ့သေးလား”
မန်ဟိုသည် မြင်ခဲ့သမျှအရာအားလုံးကို ပြန်စဉ်းစားပြီးနောက် တစ္ဆေများကင်းရှင်းနေသော လမ်းတစ်လမ်းကို မှတ်မိလိုက်၏။ သူက ခေါင်းညိတ်လိုက်သည်။
ဂိုဏ်းချုပ်က ရှုပ်ထွေးနေသောခံစားချက်များဖြင့် ဥက္ကာခဲများကို တိတ်ဆိတ်စွာ ကြည့်လိုက်သည်။ နောက်ဆုံးတော့ သူက အဖွဲ့အား တိုးညင်းစွာ ပြောပြ၏။
“ဒဏ္ဍာရီတွေအရ ဟိုးလွန်ခဲ့တုန်းက ဒီနေရာက မြို့တစ်မြို့တဲ့။ မြေထုကြီးကိုးခုက မြို့ရဲ့ အလယ်ပိုင်းပဲရှိတဲ့အထိ ကြီးမားတဲ့ မြို့ကြီးတစ်မြို့ပေါ့
“အဲဒီတုန်းက ... မြို့ကို .... သူတော်စင်မြို့လို့ ခေါ်ခဲ့ကြတယ်
“တစ်နေ့ကျ မြို့တစ်မြို့လုံး ညတွင်းချင်း ပျောက်ကွယ်သွားတယ်။ လူတိုင်းနီးပါး သေဆုံးသွားတယ်..... မရေမတွက်နိုင်တဲ့အသက်တွေ၊ မရေမတွက်နိုင်တဲ့ကျင့်ကြံသူတွေ၊ မရေမတွက်နိုင်တဲ့ ဖြစ်တည်မှုတွေ .... အကုန်လုံး သေကုန်တယ်။ သူတို့သေသွားတာက အင်မတန် လျှို့ဝှက်ဆန်းကြယ်သလို၊ တိတ်တိတ်ဆိတ်ဆိတ် ဖြစ်သွားခဲ့တာ
“အာကာပြင်ကျယ်ဂိုဏ်းချုပ်နဲ့ လူနည်းစုပဲ အသက်ရှင်ကျန်ခဲ့တယ်။ သူတို့အားလုံးထွက်လာကြပြီးနောက်မှာတော့ အာကာပြင်ကျယ်စကြဝဠာရဲ့ အပြင်မှာ အာကာပြင်အဖွဲ့အစည်း တည်ရှိလာခဲ့တာပဲ
“နှစ်ပေါင်းများစွာကြာတော့ အာကာပြင်ကျယ်ဂိုဏ်းချုပ်က ပြန်လာပြီး ဒီနေရာကို သူ့ရဲ့ သင်္ချိုင်းဗိမာန်အဖြစ် ပြောင်းလဲဖို့ ရွေးချယ်ခဲ့တယ်
“ဒဏ္ဍာရီအများစုအရ သူ ဒီနေရာမှာ ကွယ်လွန်သွားတယ်တဲ့။ သူ မသေသေးဘဲ သူ့မိတ်ဆွေတွေရဲ့ အရိုးတွေကို အဖော်ပြုရင်း ရှင်နေသေးတယ်ဆိုတဲ့ ကောလဟာလတွေလည်း ရှိတယ်။ ကြည့်ရတာတော့ သူက တန်ခိုးရှင်အဆင့်တက်နည်းကို ချန်ခဲ့ရင်း ထွက်သွားပုံပဲ
“ဒဏ္ဍာရီတွေအားလုံးထဲမှာ အခုကြယ်တာရာကောင်းကင်က အဲဒီတုန်းကနဲ့ မတူတော့ဘူးလို့ ပြောတယ်။ ပူဆွေးနေတဲ့ အာကာပြင်ကျယ်ဂိုဏ်းချုပ်ဟာ သူ့မိတ်ဆွေကို မြှုပ်နှံနေတဲ့ အချိန်မှာ သူတို့ကို အဖော်ပြုပေးဖို့အတွက် ကြယ်တာရာကောင်းကင်ကို အာကာပြင်ကျယ်စကြဝဠာအဖြစ် ပြောင်းလဲခဲ့တယ်လို့ ဆိုကြတယ်
“မင်း မြင်ခဲ့တဲ့ မြို့က သူတော်စင်မြို့ဟောင်းပဲ... အဘိုးကိုး ကျေးဇူးပြုပြီး မင်းမြင်ခဲ့တဲ့ လမ်းအတိုင်း ငါတို့ကို ဦးဆောင်ခေါ်သွားပေးပါ။ အဲဒါက သင်္ချိုင်းဂူထဲ ဝင်နိုင်မယ့်လမ်းပဲ” အတိတ်ဇာတ်လမ်းအကြောင်း ပြန်ပြောပြပြီးနောက် သူက သက်ပြင်းချသည်။ အများစုက ထိုဇာတ်လမ်းများကို ကြားထားဖူးသော်လည်း မန်ဟို့အတွက်တော့ ပထမဆုံးအကြိမ်ပင်။ တခဏတိတ်ဆိတ်နေပြီးနောက် သူသည် တစ္ဆေမြို့၏ကမ္ဘာနှင့် နဝမမြောက်မြေထုအပေါ်တွင် မြင်ခဲ့ရသော ပုဂ္ဂိုလ်အကြောင်း တွေးမိလိုက်၏။
နောက်ဆုံးတော့ သူက ခေါင်းညိတ်ကာ အဝေးကို လှမ်းကြည့်သည်။ ထို့နောက် လူတိုင်းကို ဦးဆောင်လျက် ရှေ့မှပျံသန်းသွားသည်။
စစချင်း သူ့အနေဖြင့် လမ်းကို ဂရုတစိုက် ရွေးချယ်ဖို့ လိုအပ်ခဲ့သည်။ သို့သော် နှစ်နာရီကြာသော် သူက အရှိန်စတင်တော့သည်။ ထူးထူးဆန်းဆန်း မတော်တဆမှုများသော်လည်းကောင်း၊ သေဆုံးမှုများသော်လည်းကောင်း မဖြစ်ပွားခြင်းက သူတို့ခရီးနှင်နေသော လမ်းပေါ်တွင် တစ္ဆေတစ်ကောင်မှ မရှိကြောင်း သိသာစေသည်။
ဆဋ္ဌမနှင့် အဋ္ဌမပါရာဂွန်မှာ သိပ်ဘဝင်မကျဟန်တူသော်လည်း ကျန်ပါရာဂွန်များကတော့ စိတ်လှုပ်ရှားနေကြသည်။ မကြာမီ သူတို့သည် ပထမမြေထုနှင့် လွန်စွာ နီးကပ်လာကြလေပြီ။
သို့သော် ဤအခိုက်အတန့်တွင် ရုတ်တရက် အအေးငွေ့များ ပေါ်လာသည်။ လူတိုင်း ၎င်းကို ခံစားလိုက်ရပြီး ဘယ်သူမှ ဘာမှမလုပ်နိုင်ခင် အအေးဓာတ်သည် အဆတစ်ရာပြင်းထန်လာ၏။ ထို့နောက် အဆတစ်ထောင်၊ အဆတစ်သောင်း၊ ထို့ထက်ပင် ပိုလာသည်။
အဆုံးမဲ့အအေးငွေ့များ သူတို့ကို ဝန်းရံနေစဉ် မန်ဟို့ပင် ထိတ်လန့်သွားစေပြီး ဂိုဏ်းချုပ်ကို မျက်နှာပျက်သွားစေသော အရှိန်အဝါစီးကြောင်းများ ပေါ်လာသည်။
မန်ဟိုက တုံ့ခနဲ ရပ်လိုက်၍ သူ့အနောက်ရှိ လူတိုင်းလည်း ရပ်လိုက်ကြ၏။
“သိပ်တော်တယ်နော် မန်ဟို” ဆဋ္ဌမပါရာဂွန်က အော်သည်။ သူသည် မည်သူ့မျက်နှာမှထောက်မနေတော့ဘဲ မန်ဟို့နာမည်ကို တိုက်ရိုက်ခေါ်လိုက်၏။
အဋ္ဌမပါရာဂွန်လည်း မျက်မှောင်ကြုတ်သွားပြီး သတ်ဖြတ်လိုသောမျက်လုံးများဖြင့် မန်ဟို့ကို ကြည့်ကာ အပြစ်တင်သည်။ “မင်းက ငါတို့ကို သေမင်းခံတွင်းဝဆီ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်အောင် ပို့နေခဲ့တာပဲ”
ကျန်ပါရာဂွန်၏မျက်နှာများ တင်းမာခက်ထန်လာပြီး သူတို့အားလုံး ကျင့်ကြံခြင်းအခြေခံကို စတင်လှည့်ပတ်ကြသည်။
“တော်စမ်း” ဂိုဏ်းချုပ်က မာန်မဲသည်။ စိတ်ထဲတွင် သူ့မှာ သက်ပြင်းချနေသည်။ ယခုစစ်ဆင်ရေးကား ကျရှုံးသွားလေပြီ။ ထိုမျှသာမက ပြန်ဆုတ်ခွာလျှင်ပင် ထိခိုက်ကျဆုံးမှုများ ဖြစ်နိုင်ချေရှိသည်။ အထူးသဖြင့် အနှစ်သာရ ၈ ခုပါရာဂွန်များမှာ ကံကောင်းမှသာ အသက်ရှင်လိမ့်မည်။
မြင့်တက်လာခဲ့သော အအေးဓာတ်က လူတိုင်းကို ရင်တဒိန်းဒိန်း ခုန်လာစေသည်။ ဂိုဏ်းချုပ်မှာ ခါးသီးစွာ သက်ပြင်းချလိုက်တော့သည်။
“အစီအစဉ် ဖျက်သိမ်းတယ်။ ပြန်ဆုတ်ကြစို့။ နောက်တစ်ကြိမ်ပြန်လာနိုင်အောင် အရင်းအမြစ်တွေ ပြန်စုရမယ်” ထို့နောက် သူက ထွက်ခွာဖို့ ပြင်သည်။ ဆဋ္ဌမနှင့် အဋ္ဌမပါရာဂွန်က မန်ဟို့ကို ရန်လိုစွာ စောင်းကြည့်နေကြပြီး ရှန့်ကွမ်းဟုန်နှင့် ကျန်ပါရာဂွန်များမှာတော့ သက်ပြင်းချနေကြသည်။
သို့သ်ော မန်ဟို၏မျက်လုံးများ တောက်ပလာပြီး သူက ရုတ်တရက် ထပြောသည်။ “ခဏလေး”
ဆဋ္ဌမပါရာဂွန်က ချာခနဲ လှည့်၍ မန်ဟို့ကို စိန်းစိန်းဝါးဝါး ကြည့်ပြီးနောက် အေးစက်စွာ ပြုံးလိုက်သည်။ “ဘာလုပ်ဦးမလို့လဲ။ ငါတို့ထွက်မသွားအောင် တားဦးမလို့လား။ ဘာလဲ ငါတို့ကို ဒီမှာ အသေခံစေချင်တာလား။ မန်ဟို မင်းနှလုံးသားက ဖောက်ပြန်ပြီး ကောက်ကျစ်နေတာ။ မင်း နဝမပါရာဂွန်ကို စားခဲ့တာ ငါတို့ မသိဘူးများ ထင်နေလားဟမ်”
“သောက်ပါးစပ်ပိတ်ထားစမ်း” ဂိုဏ်းချုပ်က ငေါက်လိုက်သည်။ “အဘိုးကိုး။ စိတ်ထဲထားမနေနဲ့။ ငါ ကြိုရှင်းပြခဲ့သင့်တာ။ နောက်တစ်ခေါက်မှ ပြန်လာကြတာပေါ့” ဂိုဏ်းချုပ်သည် ဤအဖြစ်အပျက်ကြောင့် စိတ်တိုနေသော်လည်း ပြေရာပြေကြောင်း ပြော၏။
မန်ဟိုက ဆဋ္ဌမပါရာဂွန်ကို အဖက်မလုပ်ပေ။ “မဟုတ်ဘူး နားထောင်... အဲဒီတစ္ဆေတွေ ကျုပ်အပေါ် မကောင်းကြံလိုစိတ်မရှိတာ ကျုပ် ခံစားနေရတယ်”
သူ စကားပြောနေသည့်အချိန်မှာပင် တတိယမျက်လုံး ပွင့်လာသည်။
တစ်ချိန်တည်းမှာပင် ဆဋ္ဌမပါရာဂွန်က ဟိန်းဟောက်သည်။ “မင်း တာအိုမျက်လုံးကို ဖွင့်ရဲသေးတာ ငါ မယုံ... နေဦး ဘာ....”
သူ စကားပြော၍ပင်မဆုံးခင် စကားလုံးများအားလုံး သူ့လည်ချောင်းဝတွင် တစ်ဆို့ကုန်သည်။ သူက မျက်လုံးပြူးကြီးဖြင့် ဘေးဘီဝဲယာကို ကြည့်လိုက်၏။
ဤအခိုက်အတန့်တွင် အအေးဓာတ်က .... အညံ့ခံနေသောအငွေ့အသက်ကို ထုတ်လွှတ်နေကြောင်း သူ သတိထားမိလိုက်သည်။ သူ့ကို ဤမျှကြောက်လန့်စေသည့် အစွမ်းထက်ဖြစ်တည်မှုများက .. အမှန်ပင် သစ္စာခံနေကြလေသည်။
သူတစ်ယောက်တည်းသာ သတိထားမိခြင်းမဟုတ်။ ပါရာဂွန်အားလုံး ရိပ်စားမိသွားသည်။ မယုံနိုင်သောအမူအရာများ သူတို့မျက်နှာပေါ်တွင် ပေါ်လာကြ၏။ မန်ဟို့အတွက်မူ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည့်အခါ မရေမတွက်နိုင်သောတစ္ဆေများ သူ့အား ဒူးထောက်ခစားနေသည်ကို မြင်လိုက်ရသည်။
သူတို့က သူ့ကို ရှိခိုးနေကြလေသည်။
တစ္ဆေများ ဒူးထောက်၍ ရှိခိုးနေသည်မှာ ပင်လယ်ရေမျက်နှာပြင်ထက်တွင် လှိုင်းတစ်လှိုင်းပြေးသွားသည်နှင့် တူ၏။
မည်မျှရင်သပ်ရှုမောဖွယ်ကောင်းလှသနည်း။
သူတို့၏ရူးမိုက်မှုတွင် သတ်ဖြတ်လိုစိတ်မပါခဲ့ပေ။ သူတို့ မန်ဟို့ဆီ သွေးရူးသွေးတန်း ပြေးလာခဲ့ကြခြင်းမှာ သူ့ကို အန္တရာယ်ပြုလို၍မဟုတ်.... သူ့ကိုယ်ပေါ်တွင် သူတို့ခေါင်းဆောင်ကြီး၏အငွေ့အသက်ကို ခံစားလိုက်ရ၍ဖြစ်ပေသည်။