လောကပါလ,က အင်မော်တယ်ကို ကြောက်သည်
Vol. 102 Ch. 1425
“အမ်...” ဆဋ္ဌမပါရာဂွန်မှာ ဖြစ်ပျက်နေသောအရာကို အမှန်တကယ် မမြင်ရသော်လည်း သူ၏ကျင့်ကြံခြင်းအဆင့်အရ အရှိန်အဝါများကို ခံစားထိတွေ့နိုင်စွမ်း ရှိလေသည်။ ဤအခိုက်အတန့်တွင် မန်ဟို့အနားရှိ ကျင့်ကြံသူအားလုံး အအေးဓာတ်က ... သစ္စာခံနေခြင်းဖြစ်ကြောင်း အာရုံရလိုက်ကြ၏။
ဆဋ္ဌမပါရာဂွန်၏မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားသည်။ သူ့မှာ စိတ်ခွန်အားမြင့်မားသည့်တိုင် တအံ့တဩ ပင့်သက်မရှိုက်မိဘဲ မနေပေ။ အဋ္ဌမပါရာဂွန်တွင်လည်း တူညီသောအမူအရာရှိပြီး ဖြစ်ပျက်နေသောအရာကို မယုံကြည်နိုင်စွာ ကြည့်နေသည်။
ပါရာဂွန်အားလုံး အလားတူပင်။ မန်ဟို့ကို လှမ်းကြည့်နေကြစဉ် သူတို့၏မျက်လုံးများက ထူးခြားစွာ တောက်ပလာကြသည်။ လက်ရှိအဖြစ်အပျက်က မန်ဟို ဆဋ္ဌမပါရာဂွန်ကို တိုက်ခိုက်ခဲ့စဉ်တုန်းကထက် သူတို့ကို တုန်လှုပ်သွားစေလေသည်။
ဂိုဏ်းချုပ်က အသက်ပြင်းပြင်းရှူ၍ ဘေးပတ်ဝန်းကျင်ကို အကဲခတ်ပြီးနောက် မန်ဟို့ကို ပြန်ကြည့်သည်။ ရုတ်တရက် မန်ဟိုနှင့်ပတ်သက်၍ သူ ချခဲ့သော ဆုံးဖြတ်ချက်အားလုံး မှန်ကန်ခဲ့သည်ဟု သူ ခံစားလိုက်ရတော့သည်။
“နဝမပါရာဂွန်အစစ်တောင်မှ ဒီလိုလုပ်နိုင်မှာမဟုတ်ဘူး” သူက တွေးသည်။ “ဒါက တာအိုမျက်လုံးရဲ့ စွမ်းအားထက်တောင် ကျော်လွန်နေတယ်” ဤအခိုက်အတန့်တွင် ဂိုဏ်းချုပ်သည် မန်ဟို၏သရုပ်မှန်ပတ်သက်၍ မေးခွန်းထုတ်စရာမလိုတော့သည်သာမက သူ့ကို ရာနှုန်းပြည့်အသိအမှတ်ပြုလိုက်၏။
ဆဋ္ဌမပါရာဂွန်က မဆင်မခြင်ပြောသည်။ “မင်း ဒီလိုလုပ်နိုင်တယ်ဆိုရင်လည်း ဘာလို့အခုအချိန်အထိ စောင့်နေခဲ့တာလဲ။ မင်း...” သူ့အနားရှိ ပါရာဂွန်များက နောက်ဆုတ်သွားပြီး သူနှင့်သူတို့အကြား တတ်နိုင်သမျှ ခြားသွားစေသည်။
ဆဋ္ဌမပါရာဂွန်စကားပြောမပြီးခင် မန်ဟိုက အေးစက်စွာ နှာမှုတ်ပြီး ပြောသည်။ “ပါးစပ်ပိတ်ထားစမ်း”
သူက ဆဋ္ဌမပါရာဂွန်ကို စိုက်ကြည့်လိုက်ပြီး စကားကို အားထည့်မပြောခဲ့သော်လည်း လွန်စွာအေးစက်နေလေသည်။ ဆဋ္ဌမပါရာဂွန်မှာ ချာချာလည်သွားပြီး တစ်ခုခုပြောတော့မည့်အချိန် မျက်နှာပျက်သွား၏။ ဘေးရှိ အဋ္ဌမပါရာဂွန်မှာတော့ အသက်ပြင်းပြင်းရှူသွင်းလိုက်မိသည်။
တဂျုန်းဂျုန်းမြည်သံများက မန်ဟို့အသံကို အဖော်ပြုလာသည်။ ဧကရာဇ်မင်းတစ်ပါး အမျက်ထွက်လျှင် မှူးမတ်များလည်း ဒေါသထွက်လိမ့်မည်။ ထိုနည်းတူစွာပဲ ပတ်ဝန်းကျင်ရှိ တစ္ဆေများသည် ခေါင်းထောင်၍ ဟိန်းဟောက်ကာ ဆဋ္ဌမပါရာဂွန်ကို စိန်းစိန်းဝါးဝါးကြည့်ကြ၏။
ဆဋ္ဌမပါရာဂွန်မှာ ထိုအကြည့်ကို မမြင်နိုင်သော်လည်း ခံစားနေရသည့်အထိအတွေ့က သူ့ကို စကားလုံးများအား ပြန်မြိုချမိလိုက်စေသည်။ သူသည် တွေးပင်မတွေးမိဘဲ မျက်နှာဖြူဖပ်ဖြူလျော်နှင့် နောက်ဆုတ်သွား၏။ သေခြင်းတရား၏အထိအတွေ့က သူ့ကို ရစ်သိုင်းနေလေသည်။
မန်ဟိုက အတွေးလေးတစ်ချက်တည်းဖြင့် သူ၏သေခြင်းရှင်ခြင်းကို ဆုံးဖြတ်ပေးနိုင်ကြောင်း သူ ရှင်းလင်းပြတ်သားစွာ ခံစားနေရသည်။
“ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ... သူက တစ္ဆေတွေသစ္စာခံလာအောင် လုပ်နိုင်သလို ထိန်းလည်း ထိန်းချုပ်နိုင်တယ်လား။ ဒါ မဖြစ်နိုင်တာကြီးလေ”
ဆဋ္ဌမပါရာဂွန် ကြောက်ဒူးတုန်နေသည့်အချိန်မှာပင် ဂိုဏ်းချုပ်က ကြားဝင်၍ မန်ဟို့ကို ကြည့်သည်။
“အဘိုးကိုး ၊ နည်းနည်းပါးပါး သက်ညှာပေးလိုက်ပါ။ ငါတို့အားလုံးက တစ်လှေတည်းစီးနေကြတာမဟုတ်လား။ မီးစကို မီးတောက်ဖြစ်လာအောင် မလုပ်ဖို့ တောင်းဆိုပါတယ်”
တခဏတိတ်ဆိတ်နေပြီးနောက် မန်ဟိုက ဆဋ္ဌမပါရာဂွန်ကို အေးစက်စက်ကြည့်ကာ ပြောသည်။ “နောက်နောင် ငါ စကားပြောနေတဲ့အချိန် မင်းအပေါက်ကို ပိတ်ထား။ ပိတ်မထားလို့တော့ မင်းရဲ့ ဆဋ္ဌမပါရာဂွန်နေရာကို တခြားတစ်ယောက်နဲ့ အစားထိုးပစ်ဖို့ ဝန်မလေးဘူး”
ဆဋ္ဌမပါရာဂွန်၏မျက်နှာမှာ သွေးမရှိတော့ပေ။ သူ့မျက်လုံးထဲတွင် မုန်းတီးမှုတို့ ရှိနေသေးသော်လည်း သူက ဘာမှပြန်ပြောခြင်းမရှိ။ သို့သော် သူ၏အသတ်အဖြတ်စိတ်ဆန္ဒသည် ပို၍ပင်ပြင်းထန်လာ၏။
“ပြီးတော့ မင်း” မန်ဟိုက အဋ္ဌမပါရာဂွန်ဘက် လှည့်ပြောသည်။
အဋ္ဌမပါရာဂွန်မှာ အသက်မနည်းရှူ၍ အားတင်းပြုံးရင်း လက်ယှက်အရိုအသေသေးကာ ဘာမှမပြောပေ။
ထိုအပြုအမူက မန်ဟို့ကို မျက်မှောင်ကြုတ်သွားစေသည်။ သူ ပြောခဲ့သည့်စကား၏ အဓိပ္ပါယ်က ထင်ရှားသော်လည်း ရန်လိုတတ်သောဆဋ္ဌမပါရာဂွန် နှုတ်ဆိတ်နေခဲ့ခြင်း ထူးဆန်းလေသည်။
“အခုလိုမျိုး ငါ အပြစ်တင်တာ ခံရတာတောင်” သူက တွေးသည်။ “ဘာမှပြန်မပြောဘူးဆိုတော့ သူတို့နောက်မှာ သူတို့အဆင့်အထက် ကျော်လွန်နေတဲ့ နောက်ခံတစ်ယောက်ယောက် ရှိရမယ်။ ဒါပေမဲ့ ဘယ်သူများလဲ” မန်ဟိုသည် ဖြစ်ပျက်ခဲ့သည့်အရာအားလုံးကို ပြန်တွေးပြီး အာကာပြင်ကျယ်ကျောင်းတော်တွင် အနှစ်သာရ ၉ ခုအထွတ်အထိပ်အဆင့်ပညာရှင်စုစုပေါင်း လေးယောက်ရှိကြောင်း သတိရလိုက်၏။ ဂိုဏ်းချုပ်က တစ်ယောက်အပါအဝင်ဖြစ်သော်လည်း သူ့အပြင် နောက်သုံးယောက် ရှိသေးသည်။
ထိုသုံးယောက်ထဲမှ တစ်ယောက်က သူ တံခါးပိတ်ကျင့်နေခဲ့တုန်းက သူ့ကို စကားပြောခဲ့သည့် အသံအက်အက်နှင့်လူပင်။ ကျန်နှစ်ယောက်ကိုတော့ မန်ဟိုမတွေ့ဖူးပေ။
သူ၏မျက်လုံးများက လင်းလက်သွားပြီးနောက် သူ့အမူအရာသည် ပုံမှန်ပြန်ဖြစ်သွား၏။ သူက ပတ်ဝန်းကျင်ရှိ တစ္ဆေများကို ကြည့်ပြီးနောက် လက်ဝှေ့ယမ်းကာ စိတ်ဆန္ဒစီးကြောင်းတစ်ကြောင်း ဖြန့်ကျက်လိုက်သည်။ ချက်ချင်း တစ္ဆေများသည် ဘေးသို့ဆုတ်ကာ လမ်းတစ်လမ်းကို ဖော်ဆောင်ပေးကြ၏။
ဤလမ်းက စောစောက သူမြင်ခဲ့သော လမ်းမှန်း မန်ဟို ပြောနိုင်သည်။
သူသည် တွန့်ဆုတ်မနေဘဲ အဖွဲ့ကို ဆက်လက်ဦးဆောင်သွား၏။ ဂိုဏ်းချုပ်က သူ့အနောက်မှ ကပ်လိုက်လာပြီး ကျန်ပါရာဂွန်များလည်း လိုက်လာနေကြသည်။ ဂိုဏ်းချုပ် နှစ်ရက်သွားရမည့် ခရီးကို နေ့ဝက်တည်းနှင့် သူတို့ ရောက်သွားကြလေပြီ။
နောက်ဆုံးတော့ လမ်းဆုံးသို့ သူတို့ ရောက်လာခဲ့ကြ၏။ သူတို့အရှေ့တွင် သုဿန်တစပြင်ပမာ တိတ်ဆိတ်လျက် အပျက်အစီးများ ပြည့်နေသော ဧရာမမြေထုကြီးတစ်ခု ပျံဝဲနေသည်။
သက်ရှိဟူ၍မရှိ.... အရာအားလုံးသည် အပ်ကျသံမကြားရလောက်အောင် တိတ်ဆိတ်နေသည်။
တစ္ဆေများလည်း မန်ဟို့အနောက် လိုက်ခဲ့ကြသည့်တိုင် ဤနေရာသို့ ရောက်လျှင် သူတို့က ရပ်၍ အဝေးကို လှမ်းကြည့်ကြသည်။ တစ်ကောင်မှ မြေထုထဲ ဝင်ရောက်လိုပုံမရပေ။
မန်ဟိုက သူတို့ကို လှည်ကြည့်သည်။ သူ၏တာအိုမျက်လုံးပိတ်နေသော်လည်း သူတို့၏တည်ရှိမှုကိုတော့ သူ ခံစားရလေသည်။ အကြောင်းတစ်စုံတရာကြောင့် သူ၏တစ်စိတ်တစ်ပိုင်းဖြစ်သော ကြေးမီးအိမ်မှာ ဝမ်းနည်းပူဆွေးနေသလို သူ ခံစားလိုက်ရသည်။
“သူတို့က ကြေးမီးအိမ်ရဲ့ အရင်ပိုင်ရှင်ကို ခစားခဲ့ကြတာဖြစ်မယ်... အခုတွေးကြည့်တော့မှ ကြေးမီးအိမ်ကို တစ်ခါတုန်းက ပိုင်ခဲ့ဖူးတဲ့လူဟာ အာကာပြင်ကျယ်ဂိုဏ်းချုပ်များ ဖြစ်နေမလား” တခဏကြာသော် မန်ဟိုသည် လက်ယှက်၍ တစ္ဆေများကို လေးနက်စွာ အရိုအသေပေးလိုက်၏။
ကျန်ပါရာဂွန်များကတော့ ဖြစ်ပျက်နေသောအရာကို ကြည့်ပြီး အတွေးမျိုးစုံပေါ်လာသည်။
လမ်းဆုံးနှင့် မြေထု၏အကြားက ဟင်းလင်းပြင်တွင် လှုပ်ရမ်းနေသော တံတားတစ်စင်း ရှိသည်။ တံတားအဆုံးတစ်ဖက်က မြေထုနှင့် ဆက်နေပြီး တစ်ဖက်က ကြယ်တာရာကောင်းကင်တွင် မလှုပ်မယှက်ငြိမ်နေသည့် ဥက္ကာခဲကြီးတစ်ခုနှင့် ဆက်နေ၏။
အေးစိမ့်စိမ့်လေတစ်ချက်က ပုပ်သိုးဆွေးမြည့်ခြင်း၏အနံအသက်တို့ကို သယ်ဆောင်လျက် တိုက်ခတ်သွားသည်။ ၎င်း မည်သည့်နေရာမှလာပြီး မည်သည့်နေရာကို ဦးတည်နေလဲ ပြောရန် မဖြစ်နိုင်ပေ။ လေသည် ထာဝရတည်ရှိနေပြီး တံတားကို လှုပ်ရမ်းနေစေသော အကြောင်းရင်းဖြစ်သည့်အလား လွန်စွာထူးဆန်း၏။
မန်ဟိုက တံတားအရှေ့တွင် ရပ်ပြီးနောက် ဂိုဏ်းချုပ်ဘက် လှည့်လိုက်သည်။ အနောက်တွင် သတိအပြည့်ကပ်ထားသော စုရီနှင့် ရှင်းယွဲ့ရှိသည်။ သူတို့ပင်လျှင် တံတားတွင် အလွန်ဆန်းပြားသောအရှိန်အဝါတစ်ခု ပါရှိကြောင်း ခံစားနေရသဖြင့် စိတ်လေးနေတော့သည်။
“ကဲ တံတားဆီ ပြန်ရောက်လာပြန်ပြီပေါ့....” ဂိုဏ်းချုပ်က ပြောသည်။ “ငါတို့ ဒီတံတားကို နှစ်ခါမြင်ခဲ့ဖူးတယ်။ ဒါနဲ့ဆို သုံးခါဖြစ်ပြီ...
“အရင်နှစ်ခါတုန်းက ဒီနေရာကို တခြားလမ်းကနေ လာခဲ့တာ။ ပိုပြီးအန္တရာယ်များခဲ့တဲ့ လမ်းပေါ့လေ” ဂိုဏ်းချုပ်သည် တံတားကို စိတ်လှုပ်ရှားနေသလို စိတ်ဖြတ်ထားဟန်ဖြင့် ကြည့်နေ၏။
“ငါတို့ ဒီတံတားကို ဖြတ်သွားဖို့ ကြိုးစားခဲ့တုန်းက အလယ်မှာ ပိတ်မိနေခဲ့တယ်။ နောက်ဆုံးတစ်ခေါက်ရောက်တော့ ခုနစ်ဆယ်ရာခိုင်နှုန်းအထိပဲ ဖြတ်သွားနိုင်ခဲ့ပြန်တယ်။ ငါတို့လက်အောက်ငယ်သားတွေအများကြီး သေသွားခဲ့သလို၊ ငါတို့ဖန်ဆင်းခဲ့တဲ့ ကိုယ်ပွားအများစုလည်း သေဆုံးသွားခဲ့တယ်
“အဘိုးကိုး ငါတို့ မင်းကို လာဖို့ တောင်းဆိုခဲ့တဲ့ အကြောင်းရင်းတစ်ခုလုံးက မင်းရဲ့ တာအိုမျက်လုံးပဲ... ကျေးဇူးပြုပြီး အဲဒါနဲ့ တံတားကို ကြည့်လိုက်ပါ။ မင်း နားလည်သွားလိမ့်မယ်”
မန်ဟိုက သူ့နဖူးထက်ရှိ တတိယမျက်လုံးကို မဆိုင်းမတွ ဖွင့်လိုက်သည်။
ထိုအခိုက်အတန့်တွင် တစ်ကမ္ဘာလုံး ပြောင်းလဲသွား၏။ တံတားသည် တံတားဖြစ်နေသေးသော်လည်း အခြားတစ်ဖက်ရှိ မြေထုကြီးမှာ ကျင့်ကြံသူများဖြင့် စည်ကားသိုက်မြိုက်နေလေသည်။
မရေမတွက်နိုင်သော အဆောက်အဦးများ၊ မရေမတွက်နိုင်သော ကျင့်ကြံသူများ....
ယခုတွင် မန်ဟို အဝေးရှိ နဝမမြေထုအပေါ်၌ မြင်ခဲ့ရသော ပုဂ္ဂိုလ်သည် ပို၍သဲကွဲထင်ရှားလာ၏။ ထိုပုဂ္ဂိုလ်ကား ဧရာမပလ္လင်တစ်ခုအပေါ်တွင် ထိုင်နေသော လူတစ်ယောက်ဖြစ်သည်။ သူသည် မန်ဟို့ကို စိုက်ကြည့်နေပြီး သူ့အသံက ပို၍ပင် ရှင်းလင်းနေ၏။
“လောကပါလ,က ... အင်မော်တယ်ကို ကြောက်တယ်....
“အင်မော်တယ် ပေါ်ထွန်းမလာစေချင်လို့ .. မိစ္ဆာကို ရောက်ရှိလာစေချင်တယ်....
“အတုမရှိမိစ္ဆာရဲ့ အမျိုးကွဲတွေဟာ ... ကောင်းကင်ရဲ့အမျိုးကွဲတွေလိုပဲ....
“မိစ္ဆာပေါ်လာဖို့ ပူဆွေးသောကကို လိုအပ်တယ်.. မင်းသေရင် အရာအားလုံး အဆုံးသတ်ပြီ....”
သူတစ်ယောက်တည်းသာ ကြားရသောအသံကြောင့် မန်ဟိုမှာ စိတ်နှလုံးချောက်ချားသွားသည်။ ‘မိစ္ဆာ’ ဟူသော စကားလုံကို ကြားလျှင် သူ၏စိတ်သည် ချာချာလည်သွား၏။
တခဏကြာသော် သူ၏မျက်လုံးများ တောက်ပလာပြီး သူက ထိုဝိုးတိုးဝါးတားပုဂ္ဂိုလ်ထံမှ အကြည့်လွှဲကာ တံတားကို ကြည့်သည်။ အံ့အားသင့်ဖွယ်ကောင်းစွာနှင့် .... တံတားက ရိုးရိုးတံတားမဟုတ်..... အသားတစ်များ၊ ကလီစာအပိုင်းအစများထပ်လျက် ဖြစ်ပေါ်လာသည့် သွေးသံရဲရဲအသားတံတားကြီး ဖြစ်နေသည်။
ထိုမြင်ကွင်းကား အင်မတန်ကြောက်စရာကောင်းပေသည်။
မရေမတွက်နိုင်သောလက်များက ထိုးထိုးထောင်ထောင်ထွက်လျက် ရံဖန်ရံခါ မုဒြာလက်ကွက်များ ဖော်၍ တံတားတွင် တားမြစ်ဝင်္ကပါများ ပြည့်နှက်နေစေ၏။
သွေးမြူများကလည်း တံတားကို ရစ်သိုင်းထားသည်။ ရံဖန်ရံခါ ထိုမြူများအတွင်းမှ မျက်လုံးများ ပေါ်လာတတ်ပြီး မန်ဟိုတို့ကို လောဘတကြီး ကြည့်တတ်သည်။
အားလုံးအထဲ တုန်လှုပ်စရာအကောင်းဆုံးမှာ တံတား၏အောက်မှာ ဟင်းလင်းပြင်မဟုတ်ဘဲ ချောက်နက်ကြီးတစ်ခု ဖြစ်နေခြင်းပင်။ ထိုအသူရာချောက်နက်ထဲတွင် လောလောဆယ်အောက်မှ တက်လာနေသော ခေါင်းသုံးလုံးဘီလူးတစ်ကောင် ရှိသည်။ ၎င်းက တစ်ခါတရံ ဒေါသတကြီး ဟိန်းဟောက်တတ်၏။ ထိုဟိန်းဟောက်သံက တံတားကို လှုပ်ရမ်းနေစေသော လေပြင်းတစ်ချက် ဖြစ်လာသည်။
မန်ဟို ခေါင်းသုံးလုံးဘီလူးကို မြင်လိုက်သည်နှင့် ၎င်း၏ခေါင်းသုံးလုံးက မော့လာပြီး မျက်လုံးခြောက်စုံက မန်ဟို့အပေါ် ကျရောက်လာ၏။ သူတို့အကြည့်ချင်းဆုံသွားသည့်အခါ သူ့ကို ရိုက်ခတ်လိုက်သည့် အင်အားကြီးသောစိတ်ဆန္ဒကြောင့် မန်ဟိုမှ ခေါင်းမူးသွားလေသည်။
သူ၏မျက်လုံးများက အေးစက်စက်တောက်ပလာပြီး သူက နှာမှုတ်လျက် ခြေတစ်ချက်ဆောင့်နင်းလိုက်ကာ သူ၏နတ်ဘုရားအာရုံဖြင့် ဖိနှိပ်လိုက်၏။ တံတားတစ်စင်းလုံး လှုပ်ခါသွားပြီး ခေါင်းသုံးလုံးဘီလူးကြီးက မန်ဟိုသာကြားရသော ဒေါသတကြီးဟိန်းဟောက်သံပြုကာ အကြည့်လွှဲသွားတော့သည်။
“ဒီတံတားကို အသွေးအသားနဲ့လုပ်ထားတာ။ မြူတစ်ခုကလည်း ရစ်သိုင်းထားပြီး အောက်မှာ ကျုပ်တို့ကို သားကောင်ချောင်းသလိုချောင်းနေတဲ့ ခေါင်းသုံးလုံးဘီလူးတစ်ကောင် ရှိတယ်” မန်ဟို စကားပြောနေစဉ် သူ့အနောက်ရှိ အုပ်စု၏မျက်နှာများအပေါ်တွင် အလွန်လေးနက်သောအမူအရာများအား မြင်ရနိုင်သည်။
ဂိုဏ်းချုပ်က ခေါင်းညိတ်ကာ ပြောသည်။ “ဒီတံတားကို ဖြတ်မှ ပထမမြေထုကို ရောက်မှာ။ တခြားလမ်းမရှိဘူး။ တံတားပေါ် ဖြတ်သွားနေတုန်း ဘေးကို ထွက်လိုက်လို့ရတယ်။ ဒါပေမဲ့ တံတားရဲ့အပြင်မှာ ကြာကြာနေရင် သေချာပေါက် သေလိမ့်မယ်
“တံတားပေါ်မှာ တားမြစ်မန္တန်တွေ ရှိတယ်။ ခြေတစ်လှမ်းမှားတာနဲ့ ထာဝရပျက်စီးသွားနိုင်ခြေရှိတယ်။ ခြေတစ်လှမ်းလေး မှားတာက ဘာမဖြစ်လောက်ပါဘူးလို့ မင်းတို့ထင်ကောင်းထင်လိမ့်မယ်။ ဒါပေမဲ့ ခြေလှမ်းမှားလေမှားလေ၊ ဝင်္ကပါအမှတ်တစ်မှတ်မှာ ပေါက်ကွဲမယ့် မန္တန်ဝင်္ကပါစွမ်းအားတွေ များလာလေလေပဲ။ အဲဒီလိုဖြစ်ရင် ငါတို့ မြေထုဆီ ဘယ်တော့မှရောက်မှာမဟုတ်တော့ဘူး
“ဒါကြောင့် ငါတို့ မင်းရဲ့တာအိုမျက်လုံးကို လိုအပ်တာ အဘိုးကိုး။ မင်းက ဟင်းလင်းပြင်ထဲမှာ ပုန်းအောင်းနေတာမှန်သမျှ မြင်နိုင်တယ်။ အားပြင်းတဲ့ တားမြစ်မန္တန်တွေကို ရှောင်နိုင်အောင် ကျေးဇူးပြုပြီး လမ်းပြပေးပါ။ ဝင်္ကပါတွေကို မဖြစ်မနေဖြတ်ရမယ့် နေရာတွေရောက်ရင်လည်း အားနည်းတဲ့ဝင်္ကပါတွေကို ရွေးနိုင်အောင် ကူညီပေးပါ” ဂိုဏ်းချုပ်က လက်ယှက်၍ မန်ဟို့ကို လေးနက်စွာ အရိုအသေပေးသည်။
“ဒါကြောင့် ငါတို့ မင်းကို လိုအပ်တာပါ တာအိုရောင်ရင်း။ ငါတို့အောင်မြင်ရင် တန်ခိုးရှင်ဉာဏ်အလင်းကို မင်းလည်း ရစေရပါမယ်”