← Chapters

ားအစီအရင်အောက်တွင် ရန်သူများကို သတ်ဖြတ်ခြင်

Vol. 55 Ch. 757

ားအစီအရင်အောက်တွင် ရန်သူများကို သတ်ဖြတ်ခြင်

Vol. 55 Ch. 757

ထန်ရှုသည် အဝေးကို လှမ်းကြည့်လိုက်ရင်း သူ၏ သတ်ဖြတ်လိုစိတ်သည် တခဏချင်း မြင့်တက်လာသည်။ လျှပ်စီးသဖွယ် ပုံရိပ်ငါးခုသည် လေးမှ လွှတ်လိုက်သော ချွန်ထက်သော မြှားများသဖွယ် ကီလိုမီတာအကွာတောအုပ်အနီးမှ ပေါ်ထွက်လာသည်။ အသက်ရှူချိန် အနည်းငယ်အတွင်း ထိုသူများသည် သူတို့၏အရှေ့သို့ အပြေးရောက်လာသည်။

"မစ္စတာထန်…”

ပင်စိမ်း၏အေးစက်စက်အကြည့်များက ထန်ရှုအပေါ်သို့ ကျရောက်လာသည်။ သူ့လက်အောက်ရှိ အမှောင်ဝိညာဉ်အဖွဲ့ဝင်များသည် နှစ်ရက်ကြာ စောင့်ကြည့်နေခဲ့ပြီး ဂရန်းဟိုက်ယတ်ဟိုတယ်ထဲသို့ ခိုးဝင်ခဲ့သော်လည်း ထန်ရှုသည် ဤနှစ်ရက်တာအတွင်း မည်သည့်အရာမှ မစားမသောက်ခဲ့သဖြင့် သွေးအဆိပ်အား ထန်ရှု၏အစားအစာထဲသို့ မထည့်နိုင်ခဲ့သောကြောင့် လက်ရှိတွင် သူ၏စိတ်ထဲတွင် ဒေါသထွက်နေသည်။

ထန်ရှုသည် ပင်စိမ်း၏အနောက်မှ ပါလာသော ဗန်ပိုင်းယားလေးကောင်ကို တစ်ချက်ကြည့်လိုက်ရင်း ၎င်းတို့ကို ချက်ချင်း မှတ်မိသွားသည်။ ၎င်းတို့သည် လွန်ခဲ့သောနှစ်ရက်က ကျင်းရှီနှင့်အဖွဲ့အား အနောက်မှ လိုက်ခဲ့သောသူများ ဖြစ်ပြီး သူ၏ဓားဖြင့်ပင် ဖိအားပေးကာ ပြန်ဆုတ်ခိုင်းခဲ့ရသည်။ ကြည့်ရသည်မှာ ၎င်းတို့၏ဒဏ်ရာများက ပိုကောင်းနေပြီဟု ထင်ရပေသည်။

"မင်းကလည်း မဟူရာကလပ်ရဲ့ အဖွဲ့ဝင်တစ်ယောက်ပဲလား။"

မျိုးရိုးမြင့်မြတ်သောသူတစ်ယောက်၏တင့်တယ်သော သွင်ပြင်၊ ကျက်သရေရှိမှုနှင့်အတူ ပင်စိမ်းသည် ဖြူသွယ်သော လက်ချောင်းလေးများဖြင့် သတ္တုဘောလုံးကို ဆော့ကစားနေရင်း ခေါင်းညိတ်ပြကာ

"ငါတို့တွေက မဟူရာကလပ်က လူကြီးမင်းကေ့သ်မိုးရဲ့ လက်အောက်ခံတွေပဲ။ အစောပိုင်းကလာခဲ့တဲ့ လုပ်ကြံသတ်ဖြတ်သူတွေဟာ မင်းကို အရမ်း ရိုင်းရိုင်းစိုင်းစိုင်းဆက်ဆံကြလို့ အဲ့ဒီအဖွဲ့ထဲက လွတ်မြောက်လာတဲ့ ဝံပုလွေကို ငါတို့ ကွပ်မျက်ပြီးပြီ။ ငါတို့လူကြီးမင်းက မင်းကို တွေ့ချင်နေတာပါ။ ဒါကြောင့် မင်း ငါတို့ကို မျက်နှာသာပေးပြီးတော့ ငါတို့နောက်ကို လိုက်ခဲ့နိုင်မယ်လို့ ငါ မျှော်လင့်ပါတယ်။"

"သူက ငါ့ကို တွေ့ချင်နေတာလေ။ ငါ့ကို သွားတွေ့ဖို့ မင်းက တောင်းဆိုနေတာလား။"

ထန်ရှုက ထီမထင်ဟန်ဖြင့် ပြောလိုက်သည်။

"ဒီနေရာက တရုတ်နိုင်ငံရဲ့ပိုင်နက်ဖြစ်ပြီး သူက ဒီလို ဘဝင်မြင့်နေတုန်းလား။ ဒီလိုဆိုရင် သူ့ဖင်ကို ပိတ်ကန်ဖို့ လုံလောက်တာထက် ပိုနေပြီ။ ထွက်သွားစမ်း … ပြီးတော့ ငါ့ကို တွေ့ချင်ရင် သူ့ဖင်ကို မ ပြီးလာခဲ့တာ ပိုကောင်းတယ်လို့ အဲ့ဒီကောင်ကို ပြောလိုက်။ ငါ့စိတ်အခြေအနေကောင်းရင် သူ့ကို တွေ့နိုင်ပါတယ်။"

ပင်စိမ်းသည် လက်ထဲတွင် သတ္တုဘောလုံးကို ဆော့ကစားနေရာမှ ချက်ချင်းရပ်လိုက်ပြီး သူ၏အေးစက်စက် မျက်လုံးများထဲတွင် သတ်ဖြတ်လိုရိပ်တစ်ခု လက်လာသည်။ ထို့နောက် သူက အေးစက်စွာ ပြောလိုက်ပြီး

“မင်းတို့အားလုံး အရှေ့တိုင်းက ကျင့်ကြံသူတွေဆိုတာ ငါ သိတယ် မစ္စတာထန်။ မင်းရဲ့လူတွေရဲ့ခွန်အားကို ငါ မြင်ထားပြီးသား … ငါ့ရဲ့အမှောင်ဝိညာဉ်အဖွဲ့ကို ဘယ်တော့မှ သူတို့ အနိုင်မယူနိုင်ဘူး။ မင်းကိုယ်တိုင်ကလည်း ဂုဏ်ယူရလောက်တဲ့ အရည်အချင်းတွေ ရှိပေမယ့် ငါ့ရှေ့မှာ ထုတ်ဖော်ပြသဖို့ မလုံလောက်မှာစိုးရတယ်။ ဒါကြောင့် ငါတို့ကို မင်းတို့ရဲ့သွေးတွေ အပြည့်အ၀ မစုပ်စေချင်ရင် ငါတို့နောက်ကို လိုက်ခဲ့။"

"မင်း ငါ့ကို ခြိမ်းခြောက်နေတာလား။" ထန်ရှုက သရော်လိုက်ပြီး သူ့လူများကို အမိန့်ပေးလိုက်သည်။

“အားဝူ … ကျီတန်နေရာကို ဝင်ပြီး ဒသဂံဓားပုံစံကို ဖန်တီးပါ။ အဲ့ဒီကောင် လုပ်ရဲရင် ငါကိုယ်တိုင် ဆော်မယ်။"

"နားလည်ပါပြီ။"

မိုအားဝူ၊ ကျင်းရှီနှင့်ကျန်သောသူများ မတ်တပ်ထရပ်ပြီး သူတို့ပတ်ပတ်လည်တွင် ပျံဝဲနေသော ဓားရှည်များကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။ ပင်စိမ်းသည် အထင်သေးစွာ တစ်ချက်ကြည့်လိုက်ပြီး မီတာ ၁၀၀အကွာသို့ ချက်ချင်း ပြန်ဆုတ်သွားသည်။ ဗန်ပိုင်းယားလေးကောင်သည် ပြုံးလိုက်ကာ လျှာဖြင့် နှုတ်ခမ်းကို သပ်လိုက်ကြရင်း ကြံခုတ်ဓားပုံသဏ္ဌာန် ဓားများကို ကျောပေါ်ရှိ ဓားအိမ်များမှ ဆွဲထုတ်သည်။ ၎င်းသည် ၎င်းတို့သွေးမျိုးနွယ်၏ထင်ရှားသော စိတ်ဝိညာဉ် လက်နက်ဖြစ်သည့် မဟူရာနတ်ဆိုးဓား ဖြစ်ပြီး အမှောင်အလင်းတန်းများကို ဖြစ်ပေါ်စေသည်။

"သူ့လူတွေကို အနိုင်ယူပြီး သူ့ကိုဖမ်း။"

မှူးမတ်အဆင့် ဗန်ပိုင်းယားကောင်သည် လျှို့ ဝှက်စွာ ပြုံးလိုက်သည်။ သူ၏တောင်ပံများကို ဖြန့်လိုက်ရာ မိုအားဝူဆီ လျှပ်တပြက်အတွင်း ရောက်သွားပြီး ဓားကို မြှောက်ကာ မိုအားဝူကို နှစ်ခြမ်းခွဲ ခုတ်ပိုင်းလိုက်သည်။

“အစီအရင် စ…”

သေခြင်းတရားကို ထိပ်တိုက်ရင်ဆိုင်နေရချိန်တွင် မိုအားဝူသည် ထိတ်လန့်ခြင်းမရှိသော်လည်း ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူ၏ ပျံသန်းနေသောဓားသည် အခြားဓားကိုးစင်းနှင့် ချက်ချင်းပင် အုပ်စုဖွဲ့သွားပြီး သူ၏ပုံရိပ်သည်လည်း လျှပ်တစ်ပြက်အတွင်း ကွယ်ပျောက်သွားကာ လေထဲတွင် လွင့်မျောနေပြီဖြစ်သော ကျင်းရှီနှင့်အခြားလူများအား အမီလိုက်သည်။ သူတို့သည် လေဟာနယ်ထဲတွင် ခြေချကြစဉ် ၎င်းတို့၏ပုံရိပ်များသည် ပုံရိပ်ယောင်များသဖွယ် လှည့်လည်နေကာ တစ်နေရာမှ တစ်နေရာသို့ လွင့်မျောသွားကြသည်။

"သူတို့ကို သတ်ပြီး သူတို့ရဲ့သွေးကို သောက်ကြ။"

ဗန်ပိုင်းယားလေးကောင်ကလည်း ကောင်းကင်သို့ ပျံတက်လာသည်။ ၎င်းတို့၏တစ်ဦးချင်းစွမ်းအားသည် ကျင်းရှီနှင့် အခြားသူများထက် အားကောင်းသောကြောင့် ၎င်းတို့၏မဟူရာ နတ်ဆိုးဓားများကို ဝှေ့ယမ်းကာ ထိုဆယ်ယောက်ကို သတ်ရန် ကြိုးပမ်းလိုက်သည်။

မီတာ ၁၀၀အကွာတွင် ရပ်နေသော ပင်စိမ်းက ပြုံးနေသည်။ လွန်ခဲ့သည့်နှစ်ရက်က သူ၏အမှောင်စိတ်ဝိညာဉ်အဖွဲ့ဝင်လေးဦးသည် ထန်ရှု၏လူများအနောက်ကို လိုက်ကာ ရိုက်နှက်နိုင်ခဲ့သည်။ ယခုလည်း သူ့မျက်လုံးထဲတွင် သူ့လူများသည် နောက်ဆုံးတွင် ထိုသူတို့အား သတ်ပစ်နိုင်ပေလိမ့်မည်။ ထိုသူတို့ အခြားလူတစ်ယောက် လူစားထိုး ပြောင်းလဲထားရင်တောင် အဆုံးသတ်က သေချာပြီးသားပင်။

ထန်ရှု မည်သည့်အတွက်ကြောင့် ဤကဲ့သို့ မိုက်မဲနေသည်ကို သူ အမှန်တကယ် နားမလည်နိုင်ပေ။ လွန်ခဲ့သောနှစ်ရက်က တိုက်ပွဲရလဒ်ကြောင့် ထန်ရှု၏လူများ မည်မျှ ဆိုးဆိုးရွားရွား ဒုက္ခရောက်ခဲ့ရသည်ကို ထန်ရှု မမြင်ခဲ့လေရော့သလား။

တိုက်ပွဲမှ တစ်ကီလိုမီတာကျော် အကွာအဝေးတွင်…

သစ်တော၏တစ်ဖက်ခြမ်းတွင် ပုန်းအောင်းနေသော အမျိုးသားအမျိုးသမီးများသည် တိုက်ပွဲ၏မြင်ကွင်းကို ရှင်းရှင်းလင်းလင်း မြင်နိုင်ကြပြီး ၎င်းတို့အနက်မှ စူသည် ဓားချွန်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားကာ စိတ်အားထက်သန်နေပုံရသည်။

“အစ်ကိုကြီးစူ … ကြည့်ရတာ ငါတို့တွေ အခုချက်ချင်း လှုပ်ရှားဖို့ မလိုတဲ့ပုံပဲ။ ပင်စိမ်းက သူ့အဖွဲ့ဝင်တွေနဲ့ အခု စပြီး လုပ်ဆောင်နေပြီဆိုတော့ တတိယအဖွဲ့အနေနဲ့ ကျွန်မတို့တွေ အကျိုးရှိလိမ့်မယ်။”

အနက်ရောင် သားရေကုတ်အင်္ကျီကို ဝတ်ဆင်ထားသည့် ချစ်စရာမိန်းကလေးက အပြုံးဖြင့် တီးတိုးပြောလိုက်သည်။

“ဟုတ်တယ်။ မင်း ပြောတာမှန်တယ်။" စူကလည်း ခေါင်းညိတ်ကာ အပြုံးဖြင့် ထောက်ခံသည်။ “ဘယ်သူနိုင်နိုင် ရှုံးရှုံး … သူတို့နှစ်ဖွဲ့စလုံး အဆုံးသတ်မှာ ရှုံးရလိမ့်မယ်။ ငါတို့ပေါ်လာတာနဲ့ သူတို့အားလုံးကို ဖယ်ရှားပစ်နိုင်လိမ့်မယ်။ ဟီးဟီးဟီး … စစ်ထောက်လှမ်းရေးအကြီးအကဲက ငါတို့ကို ဆုကောင်းကောင်းချတော့မှာ ကျိန်းသေတယ်။”

“သူတို့နှစ်ဖွဲ့ ဒုက္ခရောက်နေတာကို တွေ့ဖို့ ကျွန်မ တကယ် မစောင့်နိုင်တော့ဘူး။” မိန်းကလေးက တခစ်ခစ် ရယ်ရင်း ပြောသည်။

"ဒါနဲ့ သူတို့ကြားက ဘယ်သူအနိုင်ရမယ်ထင်လဲ အစ်ကိုစူ။"

"ဒါက ပင်စိမ်း ဖြစ်လိမ့်မယ်။" စူက ဆိုသည်။

"မင်း သတိမထားမိသေးဘူးလို့ မပြောနဲ့။ ပင်စိမ်းရဲ့အစ်ကို အလိုဒီ မပေါ်လာသေးဘူး။ သူက ပင်စိမ်းထက် အများကြီး သန်မာတယ်ဆိုတာ မင်းလည်း သိပါတယ်။”

မိန်းကလေး၏မျက်နှာပေါ်ရှိ အပြုံးသည် ဒီရေကဲ့သို့ ယုတ်လျော့သွားကာ သူမ၏မျက်လုံးများထဲတွင် အမုန်းတရားများ ပြည့်နှက်လာပြီးနောက် မကျေမချမ်း ပြောလာသည်။

“အလိုဒီ ဟုတ်လား။ ချီးလို ဗန်ပိုင်းယား အစုတ်ပလုတ်ကောင်။ ကျွန်မကို သူ အရင်တုန်းက ဖမ်းပြီး သွေးကန်ထဲ ၁၄ နှစ်တောင် အကျဉ်းချထားခဲ့တာ။ သူက ကျွန်မရဲ့စိတ်စွမ်းရည်ကို ပျက်စီးစေလို့ အစ်မကြီးကို ကျွန်မကိုယ်တိုင် သတ်လိုက်မိတယ်။ ဒီနေ့ သူ့ကို ကျွန်မကိုယ်တိုင် သတ်ပြီး သူ့ဝိညာဉ်ကို ငရဲမီးမှာ လောင်ကျွမ်းစေရမယ်…”

စူက သူမ၏လက်ကို ဖမ်းဆုပ်လိုက်ပြီး ဆူလိုက်သည်။

"မင်းရဲ့အော်ရာကို ထိန်းပါ။ မဟုတ်ရင် သူတို့က မင်းကို သတိထားမိလိမ့်မယ်။"

“ကောင်းပြီ။”

မိန်းကလေးက ခေါင်းညိတ်ပြီး အမုန်းတရားကို ဖိနှိပ်လိုက်သည်။

မြူခိုးများဖုံးလွှမ်းနေသော တောင်အနီးတွင် ပုံရိပ်ဆယ်ခုသည် အဆက်မပြတ် လှုပ်ရှားနေပြီး ဓားပျံဆယ်စင်းသည် ထောင်ပေါင်းများစွာသော တလက်လက်တောက်ပနေသည့် ဓားအလင်းများအဖြစ် ပြောင်းလဲသွားကာ ဓားအလင်းအထပ်ထပ်သည် ပွင့်အာနေသော ကြာပန်းပွင့်လွှာများသဖွယ် ဖြစ်ပေါ်စေသည်။ မဟူရာနတ်ဆိုးဓားလေးချက်၏ အရိပ်များသည် ထိုဓားအလင်းကြာပန်းပွင့်လွှာများသို့ ထိုးဖောက်ဝင်ရောက်လာသည့်အခါ ထိုဓားအလင်းကြာပန်းများထဲမှ တစ်ခုသည် ချက်ချင်းပင် တိုက်ခိုက်လိုက်သည်။

ဘုန်း...

အော်ရာနှစ်ခု ထိပ်တိုက်တွေ့ပြီး မိုးခြိမ်းလိုက်သည့်အလား ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။ ဓားအလင်းကြာပန်းသည် အပိုင်းပိုင်း ကွဲသွားသည့်နည်းတူ နတ်ဆိုးဓားလေးချက်သည်လည်း အလားတူ ပျက်စီးသွားသည်။ သို့သော် ၎င်းတို့၏ဓားအလင်းများသည် အပေါ်ဘက်သို့ လွင့်တက်နေဆဲဖြစ်သည်။ သူတို့ကြား ပထမဆုံး ထိပ်တိုက်တွေ့ဆုံမှုတွင် ဗန်ပိုင်းယားလေးကောင်က ပိုမိုအားကောင်းကြောင်း ပြသသွားခဲ့သည်။ သို့သော် ခဏလေးအတွင်းမှာပင် သီးခြားဓားအလင်းကြာပန်း၏ အခြားဓားလှိုင်းများက နတ်ဆိုးဓားအလင်းများအား တိုက်ရိုက်တန်ပြန်တိုက်ခိုက်လာသောကြောင့် အခြေအနေက ၃၆၀ ဒီဂရီ ပြောင်းပြန်ဖြစ်သွားသည်။

"သတိထား…။"

ဗန်ပိုင်းယားလေးကောင်၏အမူအရာများ ပြောင်းလဲသွားသည်။ သူတို့သည် ပုံမှန်မဟုတ်သော နည်းများဖြင့် ၎င်းတို့၏ခန္ဓာကိုယ်ကို လျင်မြန်စွာ ရှောင်တမ်းကာ မီတာများစွာထိ အထက်သို့ မျောလွင့်လိုက်သဖြင့် သူတို့အား တိုက်ခိုက်နေသော ဓားအလင်းကြာပန်းဆီမှ လွတ်မြောက်သွားကြသည်။

“ပြုတ်ကျစမ်း…”

မိုအားဝူက ဟိန်းဟောက်လိုက်သည်။ ဒသဂံဓားအစီအရင်အား ပြီးပြည့်စုံအောင် လုံးဝဖွဲ့စည်းပြီးသွားချိန်တွင် ဗန်ပိုင်းယားလေးကောင်ကို ဖုံးအုပ်မိကာ ချက်ချင်းပြုတ်ကျလာစေသည်။ ဓားအလင်းကြာပန်းများသည် အပြာရောင်အလင်းများ ထွက်ပေါ်လာပြီး မှူးမတ်အဆင့် ဗန်ပိုငးယား လေးယောက်ဆီသို့ တိုးဝင်လာသည်။

"သေစမ်း … ချီးပဲ ဒါ ဘာကြီးလဲ။”

မှူးမတ်ဗန်ပိုင်းယားသည် ဓားအလင်းနှစ်ခုကို ချေဖျက်လိုက်သော်လည်း သူ၏ခန္ဓာကိုယ်သည် ပို၍ပို၍ များလာသော ဓားအလင်းကြာပန်းများ ထိမှန်သွားသည်။ ချက်ချင်းဆိုသလိုပင် သူ၏ခန္ဓာကိုယ်ထက်တွင် ကြောက်စရာကောင်းသော ဒဏ်ရာတစ်ခုနှင့်အတူ သွေးများ စီးကျလာသည်။ အခြားဗန်ပိုင်းယားသုံးကောင်သည်လည်း အလားတူ အန္တရာယ်များနှင့် ရင်ဆိုင်နေရသည်။ ဓားအလင်းကြာပန်းများ တိုးပွားလာသည်နှင့်အမျှ ၎င်းတို့၏ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများ ပိုများလာကာ စက္ကန့်အနည်းငယ်အတွင်း ၎င်းတို့၏ တဖျတ်ဖျတ်ခတ်နေသော တောင်ပံများတွင်လည်း ဒဏ်ရာများ ဖြစ်ပေါ်လာခဲ့ပြီး ၎င်းတို့၏ အရှိန်ကို အလွန်နှေးကွေးစေသည်။

"အင်အားများ ပေါင်းစည်း…။"

ဗန်ပိုင်းယားတစ်ကောင်က ကြုံးဝါးပြီး တခြားဗန်ပိုင်းယားသုံးကောင်နှင့် ချက်ချင်း စုရုံးလိုက်သည်။ သူတို့သည် ၎င်းတို့၏မဟူရာနတ်ဆိုးဓားများကို အပြင်းအထန် ဝှေ့ယမ်းပြီး ရာနှင့်ချီသော ဓားအလင်းကြာပန်းများကို တစ်ချက်တည်း ချေဖျက်လိုက်ကြသည်။

"မင်းတို့တွေ သေကြစမ်း…"

မိုအားဝူက နှာခေါင်းရှုံ့လိုက်ပြီး သွေးစုပ်ဖုတ်ကောင်၏ အရှေ့သို့ ပြေးသွားသည်။ သူ၏ပျံသန်းနေသော ဓားသည် သွေးစုပ်ဖုတ်ကောင်၏ရင်ဘတ်ကို ထိုးဖောက်ပြီး အနောက်သို့ ပျံသန်းသွားသည်။ နောက်အခိုက်အတန့်တွင် ကျင်းရှီသည် ဘွားကနဲ ပေါ်လာပြီး သွေးစုပ်ဖုတ်ကောင်၏လည်ချောင်းကို ဓားပျံဖြင့် ထိုးစိုက်လိုက်သည်။ လျှပ်တပြက်အတွင်း ထိုသူကို ဓားဖြင့်ထိုးပြီးနောက် ဗန်ပိုင်းယားကောင်၏ ဦးခေါင်းကို လက်ဝါးရိုက်ချက် တစ်ချက်ပေးပြီး ရွှဲ့ရှကလည်း ထိုပုံစံအတိုင်း တိုက်ကွက်ခင်းသည်။

ဘန်း…ဘန်း…ဘန်း…

ဓားအလင်းကြာပန်းပွင့်များ ပါဝင်သော သုံးဖက်မြင် ဓားဖွဲ့စည်းပုံနှင့် ပေါ်လိုက်ပျောက်လိုက် ဖြစ်နေသော ပုံရိပ်ဆယ်ခုများကြားတွင် ဗန်ပိုင်းယားလေးကောင်အား

ကြီးစွာသော ထိခိုက်မှုဖြစ်စေခဲ့ပြီး ဒဏ်ရာများစွာသည် ၎င်းတို့အား ဆိုးဆိုးရွားရွား ထိခိုက်စေသည်။

“ပျောက်ကွယ်စမ်း…”

မိုအားဝူတို့ဆယ်ယောက်အဖွဲ့သည် နောက်ဆုံးတွင် တိုက်ခိုက်ခြင်းကို ရပ်လိုက်ပြီး ၎င်းတို့၏ ဓားပျံများကို ချက်ခြင်း ဆုပ်ကိုင်လိုက်ကာ ဗန်ပိုင်းယား လေးကောင်ကို ဝိုင်းထားပြီးနောက် လျှပ်စီးတန်းအလျင်သဖွယ် လျင်မြန်စွာ တိုက်ခိုက်သည်။

အားးး…

ဗန်ပိုင်းယားလေးကောင်၏ပါးစပ်မှ စူးစူးဝါးဝါး အော်သံများ ထွက်ပေါ်လာခဲ့ချေပြီ။ ဗန်ပိုင်းယား နှစ်ကောင်သည် ဓားချက်များကြောင့် ၎င်းတို့၏ ခန္ဓာကိုယ်အစိတ်အပိုင်းများ တစစီ ကြွေကျကာ သွေးမိုးများ ကျလာသည်။ အခြားဗန်ပိုင်းယားကောင် နှစ်ကောင်အနက် တစ်ကောင်မှာ ကြေမွသွားသည့်အထိ မြေပြင်ထက်ဆီသို့ ရိုက်ချခံလိုက်ရပြီး ၎င်း၏အော်ရာ လုံးဝ ဆုံးရှုံးသွားစဉ်တွင် နောက်ဆုံး ဗန်ပိုင်းယားကောင်သည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ဗုန်းကနဲ ပြုတ်ကျကာ ဖုန်မှုန့်တထောင်းထောင်း ထစေလျက် သေလုမျောပါး ဖြစ်နေသည်။

"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"

ကြေကွဲဖွယ် ဆိုးရွားသောအခြေအနေသည် ပင်စိမ်းကို အံအားသင့်သွားစေသည်။ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုက သူ့အား လွန်စွာတုန်လှုပ်စေခဲ့သည်။ သူ့လက်အောက်ငယ်သားလေးယောက်က ထန်ရှု၏လူများကို ချေမှုန်းနိုင်မည်ဟု ယုံကြည်ချက်အပြည့် ရှိနေစဉ်တွင် ရလဒ်က အခြားနည်းဖြင့် ထွက်လာလိမ့်မည်ဟု မည်သူက ထင်ပါမည်နည်း။

စိတ်အနှောင့်အယှက်ဖြစ် … စိတ်ဆင်းရဲ … ပင်စိမ်း၏နှလုံးသားက သွေးစိမ်းရှင်ရှင် ထွက်နေချေပြီ။

တစ်ခုသိရမည်မှာ ပင်စိမ်း၏လက်အောက်ငယ်သား လေးယောက်သည် မှူးမတ်အဆင့် ဗန်ပိုင်းယားများ ဖြစ်ပြီး ၎င်း၏အစွမ်းအထက်ဆုံး လက်အောက်ခံများ ဖြစ်ကြပေရာ မဟူရာကလပ်တွင် သူသည် အဆင့်အတန်း မြင့်မားစွာ ရနိုင်ခဲ့ပေသည်။ နို့မဟုတ်ရင် သူနှင့် သူ့အစ်ကို၏ခွန်အားချည်းသာ ဆိုပါက ကလပ်ထဲတွင် အလေးအနက်ထားခံရဖို့ဆိုသည်မှာ မဖြစ်နိုင်ချေ။

ဝှစ်… ဝှစ်… ဝှစ်…

မိုအားဝူတို့ဆယ်ယောက်အဖွဲ့သည် လေထဲမှ ဆင်းလာပြီး ထန်ရှု၏အရှေ့တွင် သေသပ်စွာ စီတန်းရပ်နေလေသည်။ ဗန်ပိုင်းယားလေးကောင်၏ သွေးများ စွန်းထင်းနေရုံမှလွဲ၍ ၎င်းတို့တွင် မည်သည့်ဒဏ်ရာမျှ မရရှိထားပေ။

"ကောင်းတယ်…။" ထန်ရှုက ချီးကျူးလိုက်သည်။ “မှူးမတ်အဆင့် ဗန်ပိုင်းယားက သာမန်ပါပဲ။”

ပင်စိမ်းသည် စုတ်ပြတ်သတ်နေသော တိုက်ပွဲနေရာသို့ လျှပ်တပြက်အတွင်း ရောက်သွားခဲ့ရာ ယခုတွင် သူ့၌ လက်အောက်ငယ်သားတစ်ယောက်တည်းသာ သက်ရှိထင်ရှား ရှိတော့ပေသည်။ ထိုသူ၏ဒဏ်ရာကို စစ်ဆေးသောအခါတွင် ထိုသူ၏အဓိကဗဟိုချက်သည် ဒဏ်ရာကြီးကြီးမားမား ရှိသော်လည်း မကြေမွ မပျက်စီးသွားသောကြောင့် သူ၏စိတ်ထဲတွင် အနည်းငယ် နေလို့ကောင်းသွားပြီး ထိုသူအသက်ရှင်ရန် မျှော်လင့်ချက် ရှိနေသေးသည်။

ဤအခိုက်အတန့်တွင် ထန်ရှုသည် မိုအားဝူတို့အရှေ့တွင် ရုတ်တရက် ပေါ်လာသည်။ သူသည် ဓားရှည်ကို ထုတ်လွှတ်လိုက်သောအခါ ရုတ်ခြည်းပင် ကောင်းကင်ကို ဆုတ်ဖြဲနိုင်ပြီး မြေကြီးအား စိစိညက်ညက် ကြေစေနိုင်သော စွမ်းအားတစ်ခု ထွက်ပေါ်လာပြီး ပင်စိမ်းနှင့် ဒဏ်ရာရနေသော ဗန်ပိုင်းယားကောင်ကို ဖုံးလွှမ်းသွားသည်။ ကောင်းကင်မြေကြီးစွမ်းအားကို စုပ်ယူပြီးနောက် ဓားပုံရိပ်၏ခွန်အားသည် မီတာတစ်ရာထိ တိုးပွားလာပြီး ပင်စိမ်းအား ခုတ်ပိုင်းလိုက်တော့သည်။ ဓားချက်တစ်ချက်တည်း ဖြစ်သော်လည်း ပင်စိမ်းအား သွေးရူးသွေးတန်း ဖြစ်သွားစေသည်။ သူ၏ပုံသဏ္ဍာန်သည် ချက်ချင်း ပျောက်ကွယ်သွားပြီး မီတာ၁၀၀အကွာသို့ ပြန်ဆုတ်သွားပေသည်။ သူ့လက်အောက်ငယ်သားကို ကယ်တင်ရန် အချိန်မရှိသဖြင့် နှစ်ခြမ်းကွဲတော့မည့် အခြေအနေဖြင့်သာ ထားခဲ့ရတော့သည်။

ပင်စိမ်းသည် လွတ်မြောက်ခဲ့သော်လည်း ဓားချီ၏ ထိမှန်ခြင်းကို ခံခဲ့ရပြီး သူ၏သွေးထွက်ဒဏ်ရာမှာ အထူး ကြောက်စရာကောင်းလှသည်။

ဝှစ်…

မထင်မရှား အရိပ်တစ်ခုက ထန်ရှု၏ဘေးနားကနေ ရုတ်တရက် ရောက်လာသည်။

ထန်ရှု၏မျက်လုံးအစုံ ကျဉ်းမြောင်းသွားကာ မမြင်နိုင်သော အရေးကြီးသော အချိန်ကြောင့် သူ့ဆံပင်အားလုံးပင် ချက်ချင်း ထောင်လာသည်။ သူ၏စိတ်ဝိညာဉ်အာရုံကို ထုတ်လွှတ်ရန် အချိန်မရတော့ဘဲ သူ၏သာလွန်သော အမြင်အာရုံနှင့် ပင်ကိုယ်သိမြင်စိတ်ကို အားကိုးကာ ဓားရှည်ကို ဘယ်ဘက်သို့ ခုတ်ပိုင်းလိုက်တော့သည်။

***

All Chapters