ကမ္ဘာက စိတ်ကြိုက်ရွေးချယ်ထားသော
Vol. 55 Ch. 758
ထန်ရှုနှင့် မမြင်နိုင်သောအရိပ်ကြား အားပြိုင်မှုကြောင့် ထန်ရှုသည် မီတာဆယ်နှင့်ချီ၍ ဘေးတိုက် ပျံသန်းလိုက်ရပြီးမှ မြဲမြံစွာ ခြေချလိုက်ရသည်။ တစ်ဖက်တွင် အနက်ရောင်ညဝတ်စုံဝတ်ထားသည့် အခြားဗန်ပိုင်းယားကောင်သည် ဓားချီနှင့်တိုက်ခိုက်ခံရပြီးနောက် သွေးထွက်နေသော လက်များဖြင့် သူ၏ရုပ်သွင်ကို ထုတ်ဖော်လာသည်။
"ဘာစွမ်းအားလဲ။"
အလိုဒီ၏တောင်ပံများသည် ဓားချီကြောင့် အထိနာသွားခဲ့ပြီး ပြင်းထန်သော နာကျင်မှုက သူ့အား အသက်ရှူရပ်လုနီးပါး ဖြစ်စေခဲ့သည်။ မီတာပေါင်းများစွာ အနောက်သို့ ပျံသန်းပြီးနောက် ချက်ချင်း သူ ထွက်ပြေးလိုက်သည်။ ထန်ရှုသည် အလိုဒီ၏အလစ်ဝင်တိုက်ခိုက်မှုကို တန်ပြန်တိုက်ခိုက်ရန် လိုအပ်သမျှကို ထုတ်မပြသေးသော်လည်း စိတ်ဓာတ်ရေးရာတိုက်ခိုက်မှု အဖြစ် သူက သည်ကဲ့သို့ ထိုးနှက်လိုက်ပြီဖြစ်သည်။
"ဘယ်လိုနေသေးလဲ အလိုဒီ။"
ပင်စိမ်းသည် အလိုဒီဘက်သို့ ပျံသန်းသွားသည်။ အလိုဒီ၏ ဆိုးဆိုးရွားရွား ရုပ်ပျက်ဆင်းပျက် ဖြစ်နေသော လက်များကို ကြည့်ရင်း ပင်စိမ်း ရင်တုန်နေတော့သည်။
အလိုဒီ၏လေးလေးနက်နက် အကြည့်သည် ထန်ရှုဘက်သို့ ရောက်သွားပြီး
“ဒီကောင်က လူ မဟုတ်ဘူး။ သူ့စွမ်းအားက အရမ်းအားကောင်းပြီး ဓားချက်ကလည်း လူကြီးမင်း ကေ့သ်မိုးရဲ့စွမ်းအားပြည့် တိုက်ခိုက်မှုနဲ့ နှိုင်းယှဉ်လုနီးပါးပဲ။ နောက်ဆုတ်ကြရအောင်။ လူကြီးမင်းကေ့သ်ပဲ သူ့ကို အနိုင်တိုက်နိုင်လိမ့်မယ်။”
အလိုဒီ၏စကားသည် မှန်နေသောကြောင့် ပင်စိမ်း မချေပနိုင်ပေ။ သူနှင့်အလိုဒီ လက်တွဲမည်ဆိုရင်တောင်မှ ထိုလူနှင့် လုံးဝ မတိုက်ခိုက်နိုင်လောက်ချေ။
"သွားကြစို့။" နှစ်ယောက်သား ဆက်မနေတော့ဘဲ သူတို့လာခဲ့ရာဘက်ဆီသို့ ဦးတည်ပျံသန်းသွားကြသည်။
တစ်ကီလိုမီတာအကွာက သစ်တောထူထပ်သော တောင်ထဲတွင်…
သူ၏မျက်စိရှေ့တွင် မြင်လိုက်ရသော မြင်ကွင်းကြောင့် စူသည် ကြက်သေသေကာ ပြောစရာစကားမဲ့နေရပြီး ထိုသို့သောအဆုံးသတ်ကို မယုံနိုင်လောက်အောင် ဖြစ်သွားသည်။ သူသည် မဟူရာကလပ်၏ အမှောင်ဝိညာဉ်အဖွဲ့ မှ နိုင်လိမ့်မည်ဟု အခိုင်အမာ ပြောခဲ့သော်လည်း ခဏအတွင်း အမှောင်ဝိညာဉ်အဖွဲ့၏ ဗန်ပိုင်းယားလေးကောင်လုံး လုံးဝပြိုကွဲသွားခဲ့ပြီး ခေါင်းဆောင်ပင်စိမ်းအား ဖိအားပေး နောက်ပြန်ဆုတ်စေသည့်အပြင် သူ၏အစ်ကိုအလိုဒီပါ ရှုံးနိမ့်သွားခဲ့သည်။ ထိုအရာသည် သူ့မျက်နှာပေါ်သို့ မမြင်ရသော ပါးရိုက်ချက် ကျရောက်လာခြင်း နှင့် အလားတူပေသည်။
အရှေ့တိုင်းမှ ကျင့်ကြံသူများ၏ခွန်အားသည် ကြောက်မက်ဖွယ်ကောင်းသည်ဟု ဆိုနိုင်ပါသလော။
စူသည် ထိုတိုက်ပွဲအဆုံးသတ်ကို ကြည့်ပြီး အာအနည်းငယ်ခြောက်လာသကဲ့သို့ ရုတ်တရက် ခံစားလိုက်ရသည်။ သူ၏ဦးဆောင်မှုအောက်တွင် လူဆယ်ယောက်ကျော် ရှိပြီး ပင်စိမ်းတို့ ဗန်ပိုင်းယားကောင်များနှင့် ရင်ဆိုင်ရပါက တိုက်ပွဲတွင် အနိုင်ရရန် သို့မဟုတ် ရှုံးရန် အခွင့်အလမ်း ၅၀-၅၀ ဖြစ်သည်။ ယခုမူ ထိုဗန်ပိုင်းယားလေးကောင် အသတ်ခံခဲ့ရပြီး ပင်စိမ်းနှင့် အလိုဒီတို့ပင် ဆိုးဆိုးရွားရွား ပြန်ပြေးခဲ့ကြရသည်။ ပွဲလန့်တုန်း ဖျာဝင်ခင်းမည်ဆိုရင်တောင်မှ သူတို့ပေးရမည့် တန်ဖိုးသည် သက်သာမည်မဟုတ်ချေ။
ငါ ဘာလုပ်သင့်လဲ။ သခင်ဝူကျဲ ပေးအပ်လိုက်တဲ့ တာဝန်ကို စွန့်လွှတ်ပြီး စိတ်ပျက်လက်ပျက် မျက်နှာထားနဲ့ ထွက်သွားရုံကလွဲလို့ ငါ့မှာ ရွေးချယ်စရာလမ်းမရှိဘူးလို့ မပြောနဲ့နော်။
စူ၏ဘေးတွင် ရပ်နေသော ချစ်စရာ မိန်းကလေးက လက်သီးများကို တင်းတင်းကြပ်ကြပ် ဆုပ်ထားသည်။ သူမ၏မျက်လုံးထဲတွင် မီးတောက်တစ်ခု တောက်လောင်နေသည့်အလား စူးစူးရဲရဲ ဖြစ်နေသည်။ သည်ကဲ့သို့ အခြေအနေမျိုး ဖြစ်လာလိမ့်မည်ဟု သူမ မထင်ခဲ့မိသလို ချီးထုပ်ဗန်ပိုင်းယားကောင် အလိုဒီသည် အရှက်မရှိ ထွက်ပြေးသွားလိမ့်မည်ဟု သူမ မထင်ထားခဲ့မိပေ။ သူမသည် ဤဗန်ပိုင်းယားကောင်ကို သတ်ပစ်ချင်ခဲ့ပြီး သူ့ကို စိစိညက်ညက် ချေလိုက်ချင်သော်လည်း ယခုတွင် သူမမှာ ထိုသို့ပြုလုပ်ရန် အခွင့်အလမ်းမရတော့ပေ။
"အိုး…"
အတွေးထဲ နစ်မွန်းနေသော စူ၏မျက်လုံးများ ရုတ်တရက် တောက်ပလာသည်။ ထန်ရှု၏လူများက ဝိုင်းရံထားကာ ပါးစပ်အပြည့် သွေးတစ်လုပ် အန်ထုတ်လိုက်သော ထန်ရှုကို သူ၏ထက်သန်သော မျက်လုံးများက မြင်လိုက်ရသည်။ ဒါသည် မည်သည့်အရာကို ပြနေပါသနည်း။ ထန်ရှု ဒဏ်ရာရသွားပြီး အတော်လေး ပြင်းထန်သွားသည့်ဟန်ရသည်။
ဒါ အခွင့်အရေးတစ်ခုပဲ။
သူ၏အတွေးဆုံးဖြတ်ချက်ကို တင်းတင်းကြပ်ကြပ် တွန်းအားပေးလိုက်ရင်း စူက လေးနက်သောလေသံဖြင့် “တယ်ရာစတော်ကာ … မော့စ် … မင်းတို့နှစ်ယောက်က သီးခြားနေရာတွေကနေ မြေအောက်ထဲကဖြတ်ပြီး သူတို့အနား ချဉ်းကပ်ကြ။ ရန်သူတွေ ဆုံးရှုံးမှုကြီးကြီးမားမား ဖြစ်အောင် ငါတို့ကို သတိမမူမိစေဖို့ တတ်နိုင်သမျှ လုပ်။ အရိပ်မဲ့နဲ့ ကင်းကောင် … မင်းတို့နှစ်ယောက်က သူတို့နောက်ကနေ လိုက်သွားလိုက်။ ထန်ရှုကို အလစ်ဝင်ပြီး လုပ်ကြံဖို့ အခွင့်အရေးကို ဆုပ်ကိုင်ထား။ မင်းတို့ သူ့ကို မသတ်နိုင်ရင်တောင် သူ့ဒဏ်ရာကို ပိုဆိုးအောင် လုပ်ရမယ်။ လေနက်က သုံးယောက်က ငါနဲ့အတူ လိုက်ခဲ့။”
ထိုအကွာအဝေး၌…
ထန်ရှု၏ပါးစပ်မှ သွေးများ ထွက်လာစဉ် သူ၏အကြည့်များက စူနှင့်သူ့လူများ ပုန်းနေသည့် ဦးတည်ရာကို ဖျတ်ခနဲ စိုက်ကြည့်လိုက်သည်။ သူ၏သတိရှိမှုက စောစီးစွာ အသိပေးထားပြီး မဟူရာကလပ်အပြင် သူတို့နောက်ကို လိုက်နေသော တခြားအင်အားစုများပါ ရှိသည်ကို သူ သိခဲ့သည်မှာ ကြာချေပြီ။ ထိုသူတို့ပုန်းနေသောနေရာကိုပင် သူ မှန်းဆထားပြီးဖြစ်သည်။
တကယ်တမ်း သူ့တွင် ဒဏ်ရာ မရထားချေ။ ပါးစပ်က သွေးများ ထွက်ကျလာခြင်းသည် သရုပ်ဆောင်မှု တစ်ခုသာဖြစ်သည်။ အလိုဒီ၏အလစ်ဝင်တိုက်ခိုက်မှုကြောင့် သူ၏လက် အနည်းငယ် ထုံကျင်သွားကာ ခန္ဓာကိုယ်တွင်းရှိ သွေးများကို ဗြောင်းဆန်သွားရုံသာ ဖြစ်ပြီး စက္ကန့်အနည်းငယ်အကြာတွင် သူ့အခြေအနေသည် ပြန်လည်ကောင်းမွန်နေပြီဖြစ်သည်။
"သတိထား … ရန်သူတွေ…။"
သူ့လူများက သူ့အား ဝိုင်းရံထားသည့်အချိန်ကို အခွင့်ကောင်းယူပြီး ထန်ရှုက သူတို့ကို အမြန် သတိပေးလိုက်သည်။
မိုအားဝူတို့အဖွဲ့သည် သူတို့အား လူအုပ်စုနှစ်စုက နောက်ယောင်ခံလိုက်နေကြောင်း ဟိုးအရင်ကတည်းက သိထားပေရာ ထန်ရှု၏သတိပေးချက်ကို ကြားသည့်အခါ အခြားအဖွဲ့တစ်ဖွဲ့ ပေါ်လာပြီဖြစ်ကြောင်း ချက်ချင်း သိလိုက်ရသည်။
ဖုန်းယန်သည် ထာဝရခန်းမ၏ပင်မသိုင်းပညာရှင် ဖြစ်သည်။ ဂူယန်အာက သူ့ကို ရွေးချယ်ရသည့် အကြောင်းရင်း မှာ သူ့တွင် ကောင်းမွန်သော အကျင့်စရိုက် ရှိသည့်အပြင် ထူးခြားသော အရည်အချင်းများလည်း ရှိသောကြောင့်ဖြစ်သည်။ ထာဝရခန်းမ၏လူအနည်းငယ်ကသာ သူ၏ထူးခြားသော အရည်အချင်းများကို သိကြပြီး ထိုအရည်ချင်းအား သိသွားသည့် အပြင်လူများအတွက်ကတော့ သေရမည်သာဖြစ်သည်။
သူသည် မြေဓာတ်ကို ထိန်းချုပ်နိုင်သူဖြစ်ပြီး မြေ၏ဂုဏ်သတ္တိကို အသုံးပြုခြင်းသည် သူ၏ အထူးစွမ်းရည် ဖြစ်သည်။
တစ်ကီလိုမီတာကျော်အကွာက ပြေးလာနေသော ပုံရိပ်ကို လူတိုင်း တွေ့လိုက်ရစဉ်တွင် ဖုန်းယန်၏အမူအရာ ရုတ်တရက် ပြောင်းလဲသွားပြီး "တစ်စုံတစ်ယောက် မြေအောက်က လာနေတယ်။ သူက မြေဓာတ်မှော်စွမ်းရည်ကို သုံးနိုင်တဲ့ ပါရမီရှင်ပဲ။"
ပါရမီရှင် … ဒြပ်စင်မှော်ပညာရှင်လား … ကမ္ဘာကြီးရဲ့ နှစ်သက်တဲ့အရာတွေထဲက တစ်ခုလား…
(Charm Ming Nge - ဒြပ်စင်မှော်ပညာရှင်သည် ဒြပ်စင်မှော်ပညာကို အသုံးပြုသူဖြစ်သည်။ ဒြပ်စင်များအား လေ၊ ရေ၊ မြေ၊ အလင်း၊ မီးနှင့် အမှောင်ဟု သတ်မှတ်နိုင်သည်။)
ထန်ရှု၏မျက်လုံးများ အရောင်လက်သွားသည်။ ဤပါရမီရှင်များကို ယခင်က သူ မြင်ဖူးသော်လည်း ထိုအကြောင်းကို နက်နက်နဲနဲ သူ မလေ့လာရသေးပေ။ လျှပ်တပြက်အတွင်း သူသည် အစီအရင်ချပ်လေးခုကို လျင်မြန်စွာ ထုတ်ယူကာ အလွန်တရာ မြန်ဆန်သော အရှိန်ဖြင့် ပစ်လွှတ်လိုက်သည်။ သူသည် အစီအရင်ပုံစံအား ချက်ချင်း ရေးဆွဲလိုက်ပြီး ကြယ်လေးပွင့်အစီအရင်အား အသက်နှစ်ရှိုက်စာမျှဖြင့် ဖွဲ့စည်းလိုက်သည်။
"မြေဓာတ်မှော်ပညာရှင်အကြောင်း တစ်ခုခု သိတာလား ဖုန်းယန်…။"
ထန်ရှုသည် သူတို့ဆီ ပြေးလာနေသော လူဆယ်ယောက်ကို စိုက်ကြည့်နေသည်။ ထိုသူများဆီက သတ်ဖြတ်လိုသော အော်ရာကို သူ ခံစားမိပြီး ထိုသူများသည် ကောင်းသောသူများ မဟုတ်သည်ကို သူ သိပေသည်။
"ငါက မြေဓာတ်မှော်ပညာရှင်တစ်ယောက်ပါ သူဌေး။" ဖုန်းယန်က ပြန်ဖြေသည်။
ထန်ရှု တွေကနဲ ဖြစ်သွားပြီး ချက်ချင်းပင် အံ့သြသည့် အမူအရာဖြင့် သူ့ကို ကြည့်ကာ ခေါင်းညိတ်လိုက်ပြီး "ဖုန်းယန် … ဒီမြေအောက်က မြေဓာတ်မှော်ပညာရှင်ကို ဖမ်းချုပ်ဖို့ ရွှဲ့ရှနဲ့ မင်း ပူးပေါင်းဆောင်ရွက်လိုက်။ တတ်နိုင်ရင် သူ့ကို အရှင်လတ်လတ် ဖမ်းဖို့ မမေ့ပါနဲ့။ ဒါပေမယ့် မဖြစ်နိုင်ဘူးလို့ ထင်ရင်တော့ သူ့ကို သတ်ပစ်လိုက်။”
"ငါ ဒါကို ပြီးစီးအောင် လုပ်ပါ့မယ် သူဌေး။"
ဖုန်းယန်က ယုံကြည်မှုအပြည့်ရှိသည့် အပြုံးဖြင့် ပြောလိုက်သည်။
"ပထမဆုံး စိတ်အေးအေးထားလုပ် … အလျင်မလိုနဲ့" ထန်ရှုက ပြောသည်။
“တကယ်လို့ သူတို့က ငါတို့ကို သတ်ချင်နေရင် ကြယ်လေးပွင့်အစီအရင်ထဲ မလွဲမသွေ ဝင်ကြလိမ့်မယ်။ မင်းတို့အားလုံးက ဒီကြယ်လေးပွင့် အစီအရင်အကြောင်း လေ့လာပြီးပြီဆိုတော့ အတွင်းထဲကနေ ရန်သူတွေကို တိုက်ခိုက်ရင် အားသာချက်တွေ ရလိမ့်မယ်။ ဒါပေမယ့် ဒဏ်ရာရသွားတာနဲ့ ချက်ချင်းပြန်ဆုတ်ဖို့ မမေ့ပါနဲ့။ မင်းတို့ထဲက တစ်ယောက်ယောက် တိုက်ပွဲမှာ ကျဆုံးတာကို ငါ မမြင်ချင်ဘူး။"
မိုအားဝူနှင့်အဖွဲ့က မည်သည့်စကားမှ မဆိုကြချေ။ သူတို့၏အဓိက တာဝန်မှာ ရန်သူများကို သတ်ရန်ဖြစ်သည်။ သို့သော် တိုက်ပွဲတွင် သေမလား ရှင်မလားဆိုသည်ကတော့ သူတို့ ထိန်းချုပ်မရနိုင်သော အရာဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ထန်ရှု၏စကားများက သူတို့ရင်တွင်းကို နွေးထွေးစေသည်။ ရန်သူများအပေါ်တွင် လွန်စွာ ရက်စက်ကြမ်းကြုတ်သော်လည်း သူ့လူများအပေါ် အလွန်ဂရုစိုက်တတ်သော ထန်ရှု၏စိတ်နေစိတ်ထားကို သူတို့ သိမြင်လာကြသည်။ ထိုကဲ့သို့သော သူဌေး၏ အနောက်သို့ လိုက်ခြင်းသည် သူ့အတွက် အသက်စွန့်ရမည်ဆိုလျှင်တောင်မှ ကြိုးစားအားထုတ်ရကျိုးနှင့် စွန့်လွှတ်အနစ်နာခံရကျိုး နပ်ပေသည်ဟုလည်း ခံစားသွားမိကြလေသည်။
“သတ်…”
စူ၏အထူးစွမ်းရည်မှာ လျှပ်စီးကြောင်းနှင့် လျှပ်စစ်ဓာတ်အားများကို ထိန်းချုပ်ခြင်းဖြစ်သည်။ "သတ်" ဟူသော ကြွေးကြော်သံနှင့်အတူ ထန်ရှုနှင့် အခြားလူများဆီသို့ တောက်လောင်နေသော မြှားတစ်စင်းကဲ့သို့ အပြာရောင်အလင်းတန်းများ ပစ်လွှတ်လိုက်သည်။
စူ၏ဘေးနားရှိ အမျိုးသားများနှင့် အမျိုးသမီးတို့သည်လည်း ရေခဲမြှားများ၊ လိမ္မော်ရောင်သတ္တုမြှားများနှင့် ကမ္ဘာမြေပြိုနိုင်လောက်သော မီးတောက်နဂါးများကို ထန်ရှု၊ မိုအားဝူနှင့် အခြားသူများဆီသို့ တခဲနက် ပစ်လွှတ်လိုက်ကြသည်။
"ကြယ်ခုနစ်ပွင့် ဓားအစီအရင်…"
ကျင်းရှီက ကြုံးဝါးလိုက်ပြီး ချက်ချင်းပင် ကြယ်ခုနစ်ပွင့်ဓားအစီအရင်အား အခြားခြောက်ယောက်နှင့် ဖွဲ့စည်းလိုက်သည်။ ဓားပုံရိပ်လွှာများသည် ကမ္ဘာအား ပိုင်းဖြတ်ဖောက်ကွဲတော့မည့်အလား ထင်ရစေပြီး လျှပ်စီးကြောင်းများ၊ ရေခဲမြှားများ၊ သတ္တုမြှားများနှင့် မီးနဂါးများအား ဆီးကြိုရန်အတွက် ပြင်းထန်မာကျောသော အော်ရာအား ရှေ့သို့ လွှင့်ထုတ်လာခဲ့သည်။
ဘန်း…
လူခုနစ်ဦး၏ခန္ဓာကိုယ်သည် အကြီးအကျယ် တုန်လှုပ်သွားကာ ကြယ်ခုနစ်ပွင့် ဓားအစီအရင်သည်လည်း အလားတူ ပုံစံပျက်လာပြီး အက်ကွဲလုနီးပါးဖြစ်နေသည်။ သို့သော် စူ၏ လေးယောက်အုပ်စုသည်လည်း ပါးစပ်အပြည့် သွေးတစ်လုတ်ကို အန်ထုတ်ကာ နောက်သို့ ပြန်ပြေးသွားကြသည်။ သူတို့၏စွမ်းအားများ ပြန့်ကျဲသွားချိန်တွင် ကျင်းရှီတို့ခုနစ်ယောက်၏ စွမ်းအားသည် အတူတကွ စည်းလုံးနေသည်။ ယခုတိုက်ပွဲတွင် စူ၏လေးယောက်အုပ်စုသည် ဆုံးရှုံးမှုအနည်းငယ် ရှိခဲ့သည်။
“အစီအရင် … အသက်ဝင်…”
ထန်ရှု၏မျက်လုံးများထဲတွင် အေးစက်စက် အရိပ်အယောင်တစ်ချက် ရုတ်တရက် လက်သွားပြီး ကြယ်လေးပွင့်အစီအရင်အား အသက်သွင်းရန် တွန့်ဆိုင်းမနေတော့ပေ။ စူ၏လေးယောက်အုပ်စု နောက်ပြန်ဆုတ်သွားသောအခါတွင် ၎င်းတို့၏ကျောပြင်သည် မမြင်နိုင်သော စွမ်းအင်ဒိုင်းနှင့် ပြင်းထန်စွာ ရိုက်မိသွားသည်။ ကြယ်လေးပွင့်အစီအရင်တွင် ထောင်ချောက်ဆင်ခြင်း၊ တိုက်ခိုက်ခြင်း၊ အမြင်မှားခြင်း နှင့် ထိန်းချုပ်ခြင်းကို ပံ့ပိုးပေးခြင်းစသော လက္ခဏာလေးရပ် ရှိသည်။ ကြယ်လေးပွင့်အစီအရင်တွင် တစ်မျိုးတည်း မဟုတ်ဘဲ ၎င်းတို့သည် တိုက်ခိုက်မှုပုံစံနှစ်ရပ်ကို ခံစားရရုံသာမက အစီအရင်အတွင်းသို့ ကျရောက်သည်နှင့် မည်သည့်အရာမှ ရုန်းမထွက်နိုင်ဘဲ အထဲတွင် ပိတ်မိနေမည်ဖြစ်သည်။ ထို့အပြင် ကြယ်လေးပွင့် အစီအရင်ကို ထိန်းချုပ်ထားသူများသည် သူ လုပ်ဆောင်နေသရွေ့ ၎င်းတို့ဘက်မှ မည်သူကိုမဆို ပံ့ပိုးပေးနိုင်သည်။
အင်မော်တယ်ကမ္ဘာတွင် ကြယ်လေးပွင့်အစီအရင်၏ စွမ်းအားသည် အလွန်သာမန်ဖြစ်သော်လည်း ကမ္ဘာပေါ်တွင်မူ လုံးဝကွဲပြားသောဇာတ်လမ်းဖြစ်သည်။ ထန်ရှုသည် ကမ္ဘာမြေကြီးပေါ်တွင် ကြောက်မက်ဖွယ် အစွမ်းသတ္တိရှိကြောင်း တစ်ချိန်က လေ့လာခဲ့ဖူးသည်။
သာမာန်အားဖြင့် အဆက်မပြတ် လည်ပတ်နေသော စက်ဝိုင်းပုံစံတွင် တိုက်ခိုက်မှုများကို ထုတ်လွှတ်ရန်အတွက် လူလေးဦး ပူးပေါင်းကာ အမျိုးမျိုးသောပြောင်းလဲမှုများအတိုင်း လှုပ်ရှားရန် လိုအပ်ပါသည်။ လက်တွေ့အားဖြင့် ၎င်းသည် အဆုံးမရှိသော ဆက်တိုက် တိုက်ခိုက်မှုမျိုးဖြစ်ပြီး အလွန်သိမ်မွေ့ပြီး ကြီးမားသော စွမ်းအားကို ပေးစွမ်းသည်။ ထိုသို့သောကိစ္စသည် ခေတ်မီသော လူတစ်ယောက်၏အမြင်တွင် ရယ်စရာ ဖြစ်နိုင်ပေသည်။
မြေပြင်သည် ပုံရိပ်၆ခုကြောင့် ရုတ်တရက် ကွဲအက်သွားသည်။ ရွှံ့စေးဖြင့် လုပ်ထားသော မြှားများ ထွက်ပေါ်လာသကဲ့သို့ မြေကြီးဖြင့် ဖွဲ့စည်းထားသော လက်နက်များ ထွက်ပေါ်လာကာ ဖုန်းယန်၊ မိုအားဝူနှင့် ရွှဲ့ရှတို့ကို ချက်ချင်းတိုက်ခိုက်တော့သည်။ ၎င်းတို့ကြားတွင် ချွန်ထက်သော လေဓားများ၊ ရေဓားများ၊ မီးမြွေများ ရောထွေးနေလေ၏။
“ကြည့်ပြီး ပြန်တိုက်။”
ဖုန်းယန်၏တစ်ကိုယ်လုံးရှိ ကြွက်သားများသည် တုန်ခါနေကာ မြေဆီလွှာထိန်းချုပ်မှုအပေါ် ပြင်းထန်စွာ တွန်းလှန်နိုင်ခဲ့သည်။ မြေမြှားများသည် ရုတ်တရက် ငြိမ်သွားကာ မြေဖြင့်ဖွဲ့စည်းထားသော လက်နက်များသည် အလားတူ ခေတ္တရပ်သွားကြသည်။ ခဏအကြာတွင် မြေမြှားများသည် ဦးတည်ချက် ပြောင်းသွားကာ မြေဖြင့်ဖွဲ့စည်းထားသော လက်နက်များသည် ပတ်ဝန်းကျင်ကို တိုက်ခိုက်လေတော့သည်။
မီးမြွေများသည် ပုံပျက်ပန်းပျက်ဖြစ်ပြီးနောက် ပျောက်ကွယ်သွားသကဲ့သို့ လေဓားများ ပျက်စီးကာ ရေဓားများလည်း ကျိုးပဲ့သွားကြသည်။
တယ်ရာစတောကာနှင့် မောစ်တို့သည် မြေပြင်မှ ခုန်တက်လာပြီး အခြားသော ဒြပ်စင်မှော်ပညာရှင်လေးဦးသည် ချက်ချင်း ပြောင်းလဲမှုကြောင့် အံ့အားသင့်ကုန်သည်။ ဤအခိုက်အတန့်တွင် မိုအားဝူနှင့် ရွှဲ့ရှတို့သည် ဥက္ကာပျံများကဲ့သို့ ပျံသန်းနေသောဓားများဖြင့် ရှေ့သို့ တိုးဝင်သွားကြသည်။
ထို့နောက် လူခြောက်ဦးသည် နီရဲသော သွေးအလင်းများကို သယ်ဆောင်လာသည့် ကြီးမားသော လှုပ်ရှားမှုကြီးထဲတွင် နစ်မြုပ်သွားခဲ့သည်။
“ရှောင်ကြ…”
တယ်ရာစတော်ကာနှင့် မော့စ်တို့သည် တစ်ချိန်တည်းတွင် ကြုံးဝါးလိုက်ကြသည်။ ရုတ်တရက်ပင် လူနှစ်ယောက်၏ရှေ့တွင် မြေတံတိုင်းပေါ်ပေါက်လာသည်။ သို့သော် အခြားလေးယောက်မှာ ကံမကောင်းသောကြောင့် ၎င်းတို့၏အထူးစွမ်းရည်များကို အလျင်စလို ထုတ်ကာ ကာကွယ်ပါသော်လည်း ချက်ချင်းပင် ဓားဖြင့် အထိုးခံလိုက်ရသည်။ ဓားရှည်နှစ်လက်သည် သူတို့၏ရင်ဘတ်ကို ထိုးဖောက်သတ်သွားကာ တစ်စက္ကန့်မပြည့်မီအတွင်း ၎င်းတို့၏လည်ပင်းများကို ခုတ်ပိုင်းလိုက်သည်။ တစ်စက္ကန့်အတွင်းမှာပင် လူလေးဦးသည် ပွဲချင်းပြီးသေဆုံးသွားခဲ့သည်။
ထန်ရှုသည် ကြယ်လေးပွင့်အစီအရင်၏ ဗဟိုချက်တွင် ရပ်နေပြီး စူနှင့်သူ၏လူများ ဦးတည်ရာမဲ့ ယောက်ယက်ခတ်နေသည်ကို ကြည့်နေသည်။ သူ၏ကိုယ်ပိုင်ခွန်အား၊ လက်ဆောင်များနှင့် စိတ်ကူးဉာဏ်ရှိသော မွေးရာပါ စွမ်းရည်များအကြောင်းကဲ့သို့ပင် ဤလူများသည် အလွန်ကြောက်စရာကောင်းသည်။ အကယ်၍ သူ့တွင် ကြယ်လေးပွင့်အစီအရင် မရှိပါက ၎င်းတို့နှင့်တိုက်ခိုက်ရာတွင် ထိုဗန်ပိုင်းယားကောင်များထက် ပိုမိုခက်ခဲမည်ဖြစ်သည်။
ကံမကောင်းစွာပင် သည်တစ်ကြိမ်မှာတော့ သူတို့သည် မှားယွင်းသော ရန်သူကို တွေ့လိုက်ရပေသည်။
ထန်ရှု၏အကြည့်သည် အသတ်ခံခဲ့ရသော ရန်သူလေးယောက်ဆီ ရောက်သွားပြီး နက်နဲသောအသံဖြင့် အော်ပြောလိုက်သည်။
"ငါ စိတ်ပြောင်းသွားပြီ။ ဒီစွမ်းရည်တွေကို ပိုင်ဆိုင်တဲ့သူအားလုံးက ရန်သူတွေပဲ။ ဘယ်သူ့ကိုမှ မသနားနဲ့၊ အားလုံးကို သတ်။"
အော်ဟစ်နေရင်း သူ့လက်များက သင်္ကေတစ်ခုကို အလျင်အမြန် ပုံဖော်ကာ ပစ်လွှတ်လိုက်သည်။ ထိုအချိန်တွင် သူသည် ကြယ်လေးပွင့်အစီအရင်၏ တိုက်ခိုက်နိုင်စွမ်းကို စတင်အသက်သွင်းခဲ့သည်။
***