← Chapters

ယိုယွင်းနေသော လူ့သဘောသဘာဝ

Vol. 55 Ch. 760

ယိုယွင်းနေသော လူ့သဘောသဘာဝ

Vol. 55 Ch. 760

တစ်စုံတစ်ခု၏အသွင်အပြင်သည် ပို၍လှပလေလေ၊ အန္တရာယ်များလေလေဟု ဆိုရိုးစကားတစ်ခု ရှိသည်။ ဤလှပသော တောအုပ်တောင်တန်းကြီးတွင်လည်း အလားတူအဓိပ္ပာယ်မျိုး သက်ရောက်သည်။ နူးညံ့လှပသော ပန်းပွင့်စုစုလေးများ၊ အေးချမ်းသာယာသော အရိပ်များပေးဆောင်သည့် သစ်ပင်အုပ်လေးများအား မြူခိုးဖြူများဖြင့် ဖြည့်စွက်ထားသောအခါ အံ့သြဖွယ်ကောင်းသော တိုင်းပြည်သဖွယ်ပင်။ သို့သော် ထန်ရှုနှင့် သူ၏လူများသည် တံတားကိုဖြတ်၍ မီတာရာနှင့်ချီ ရှေ့သို့ဆက်လာခဲ့ရာဝယ် ကြောက်မက်ဖွယ်ရန်သူနှင့် ရင်ဆိုင်ရတော့မည့်ဟန်ဖြင့် သူတို့ ရုတ်တရက် ရပ်တန့်သွားသည်။

ခိုဖြူတစ်ကောင် ဖြစ်သည်။ ဒါပေါ့ … သည်ဟာက ခါတိုင်းလို ခိုဖြူတစ်ကောင်ဆိုသော်ငြား အရွယ်အစားက နွားတစ်ကောင်နှင့် ယှဉ်နိုင်ပြီး သာမန်ခိုဖြူတစ်ကောင်ထက် ဆယ်ဆကြီးမားပေသည်။ လက်ရှိ၌ ထိုခိုဖြူသည် ပန်းပင်များနှင့်မြက်ခင်းပြင်များ တစ်ဖက်တစ်ချက်တွင် ပေါက်နေသော လမ်းလေးပေါ်တွင် ပျင်းရိစွာ လမ်းလျှောက်နေသည်။ ထန်ရှုနှင့် သူ့လူများ ရောက်လာသည်ကို သတိပြုမိဟန် ရှိသော်လည်း ၎င်းတို့ကို ပေါ့ပေါ့ပါးပါး တစ်ချက်သာ ကြည့်လိုက်ပြီး မီးတောက်များ မှုတ်ထုတ်လိုက်သည်။

အပြာရောင်မီးတောက်က ပန်းပင်များ၊ အပင်များကို ထိကာ ချက်ချင်း လောင်ကျွမ်းသွားစေပြီး မြေပြင်ပေါ်သို့ ကျသောအခါ ထိုမီးတောက်နှင့်ထိတွေ့သော ဘောလုံးအရွယ် ကျောက်တုံးသည် ချက်ချင်းပင် ပြာများအဖြစ်သို့ လောင်ကျွမ်းသွားကာ လေနှင့်အတူ ပြန့်ကျဲသွားသည်။

“ဒါက ကြောက်စရာကောင်းတဲ့ မွန်းစတားပဲ…”

ရွှဲ့ရှသည် အလွန်ရဲရင့်သူဖြစ်သော်လည်း သူ့ရှေ့က မြင်ကွင်းကြောင့် ကြောက်ရွံ့ထိတ်လန့်နေပါသေးသည်။

ထန်ရှုသည် ခိုဖြူကို စူးစူးစိုက်စိုက် ကြည့်ရင်း ပတ်ဝန်းကျင်ကို ဖြည်းညှင်းစွာ လှည့်ပတ်ကြည့်သည်။ စက္ကန့်အနည်းငယ်အကြာတွင် ပုရွက်ဆိတ်များသည် မြင့်မားသော သစ်ပင်ကြီးတစ်ပင်ပေါ်သို့ တက်နေသည်ကို တွေ့လိုက်ရသည်။ မီတာဆယ်ဂဏန်းအကွာအဝေးတွင် ရှိသော်လည်း ပုရွက်ဆိတ်များသည် အရွယ်ရောက်ပြီးသော လူတစ်ယောက်၏ လက်သီးအရွယ်အစားဖြစ်ပြီး ချွန်ထက်သောခြေသည်းများရှိကြောင်း ရှင်းရှင်းလင်းလင်း သိမြင်နိုင်ပေသည်။

“ဟိုမှာ ကြည့်ပါဦး…” မိုအားဝူ ရုတ်တရက် တီးတိုး ပြောလိုက်သည်။

ထန်ရှုက သူညွှန်ပြသော နေရာသို့ လှမ်းကြည့်ပြီး မျက်လုံးအစုံ ကျဉ်းမြောင်းသွားရသည်။ မီတာလေးဆယ်ကျော်အကွာရှိ ချုံပုတ်များတွင် ဖြူကောင်တစ်ကောင်သည် မြေကြီးတူးဖော်နေ၏။ ထိုဖြူကောင်သည် အစောပိုင်းက နွားတစ်ကောင်အရွယ် ခိုဖြူတစ်ကောင်ကဲ့သို့ပင် ကြီးမားပြီး ၎င်း၏ချွန်ထက်သော ကျောရိုးများကို ပုံမှန်တကျ တလှုပ်လှုပ် ဖြစ်စေလျက် ဆောင်းရာသီ၏ အေးမြသောလေကဲ့သို့ အေးစိမ့်သောလေဖြူများကို ရှူသွင်းရှူထုတ်လုပ်နေပေရာ ထိုအေးမြသော လေကြောင့် ၎င်း၏နှာခေါင်းအောက်ရှိ ပန်းပွင့်များတွင် နှင်းခဲတစ်လွှာ ဖြစ်ပေါ်နေလေ၏။

“ရှေ့ဆက်သွားမယ်။”

ထန်ရှုသည် ထိုတိရစ္ဆာန်များထံမှ ရန်လိုစိတ်ကို မတွေ့မိပေ။ ခိုဖြူ၏အနားသို့ ရည်ရွယ်ချက်ရှိရှိ ချဉ်းကပ်လိုက်တာတောင်မှ သည်နေရာသည် သူ့ခြံ သူ့ဝင်းအလား သူ့အား လှုပ်လှုပ်ရွရွ ကြည့်နေခဲ့ပြီး အဝေးသို့ လျှောက်သွားတော့သည်။

နာရီဝက်လောက်ကြာပြီးနောက် ထန်ရှု၏စိတ်ထဲတွင် အတော်လေးကို အံ့အားသင့်နေပြီဖြစ်သည့်တိုင် တည်တည်ငြိမ်ငြိမ် နေလိုက်သည်။ သို့သော် မိုအားဝူ၊ ကျင်းရှီနှင့်အခြားသူများမှာ အံ့အားသင့်ရလွန်းသဖြင့် ထုံကျင်နေကြပြီဖြစ်သည်။ ထူးခြားသော ဖိအား၏အောက်တွင် တောင်အမြင့်လေးပုံတစ်ပုံအထိ  တောင်တက်လမ်းတစ်လျှောက် လမ်းလျှောက်ခဲ့စဉ်တွင် ၎င်းတို့သည် ရာနှင့်ချီသော တိရိစ္ဆာန်များကို ကြုံတွေ့ခဲ့ရပြီး တစ်ကောင်ချင်းစီ၏အရွယ်အစားသည် ပြင်ပကမ္ဘာရှိတိရစ္ဆာန်များထက် အဆများစွာ ကြီးမားပေသည်။ သည်တိရိစ္ဆာန်များတွင် ကိုယ်ပိုင်လက္ခဏာများ ရှိသည်မှာ ထင်ရှားသော်လည်း ၎င်းတို့၏တူညီသောအချက်မှာ သူတို့အားလုံး ပျံသန်းနိုင်ခြင်းပင်တည်း။ ဝက်တစ်ကောင်တောင်မှ လေထဲတွင် ခြေချနိုင်ပြီး နှေးကွေးစွာ ပျံသန်းနိုင်စွမ်း ရှိပေသည်။

“ဒါက ကောင်းကင်ဘုံရဲ့ စိတ်ဝိညာဉ်သားရဲတွေလား။”

ထန်ရှုသည် အင်မော်တယ်ကမ္ဘာတွင် သူ မွေးမြူထားသော စိတ်ဝိညာဉ်သားရဲများကို ပြန်သတိရပြီး ပြုံးမိသည်။ ထိုစိတ်ဝိညာဉ်သားရဲများသည် ကိုယ်ပိုင် ခံစားမှုရှိကြပြီး အချို့မှာ အလွန်ဉာဏ်ကောင်းကြသည်။ ဥပမာအားဖြင့်၊ နှစ်မီတာမြင့်သော မျောက်လွှဲကျော်များနှင့် မျောက်အုပ်စုတစ်စု။ ၎င်းတို့သည် လူသားများကို ရန်လိုခြင်းမရှိသော်လည်း မကြာခဏဆိုသလို ဖရဲသီးနှင့် သစ်သီးများကို ပစ်ပေါက်ခြင်းဖြင့် လူများကို ကစားကြသည်။

"ငါတို့ အထက်ကို ဆက်မတက်နိုင်တော့ဘူး သူဌေး…။" မိုအားဝူက နီမြန်းနေသော မျက်နှာနှင့် နဖူးထက်တွင် ချွေးများစီးကျလျက် အသက်ကို အမောတကောရှုကာ ခက်ခက်ခဲခဲ စကားပြောလာသည်။

ထန်ရှုက မိုအားဝူကို အကြည့်လွှဲလိုက်ပြီး တခြားသူများကိုလည်း အကဲခတ်လိုက်သည်။ နောက်ဆုံးတွင် သူသည် ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။

"မင်းတို့ ဆက်မသွားနိုင်တော့ဘူးဆိုရင် ဒီမှာပဲ နေခဲ့တော့။ အားဝူ … မင်းက သိုလှောင်လက်စွပ်တစ်ကွင်းကို ဝတ်ထားတယ်ဆိုတော့ မင်းတို့တွေက ဆေးဖက်ဝင်အပင်၊ သစ်သီးတွေနဲ့ သတ္တုရိုင်းတွေအားလုံးကို လိုက်ကောက်လိုက်။ အားလုံးကို မင်းရဲ့လက်စွပ်ထဲမှာ သိမ်းထားပါ။"

“ဟုတ် သူဌေး…။”

မိုအားဝူ ပေါ့ပေါ့ပါးပါး ခေါင်းညိတ်သည်။ သူတို့သည် အဖိုးတန်ရှားပါးသော ဆေးဖက်ဝင်အပင်များစွာကို တွေ့ခဲ့ကြရာ အများစုသည် နှစ်ထောင်ပေါင်းများစွာ သက်တမ်းပင် ရှိကြသည်။ များပြားလှသော သစ်ပင်များစွာတွင် အဖိုးတန်သစ်သီးများစွာရှိကြပြီး အဝေးမှ သင်းပျံ့သော သစ်သီးရနံ့များကို ရနိုင်ပေမည်။ ပတ်ဝန်းကျင်ကို ကြည့်မည်ဆိုပါကလည်း အဖိုးတန်သတ္တုရိုင်းအချို့ကို တွေ့ရှိနိုင်သည်။ ပြင်ပကမ္ဘာတွင် ရောင်းချလိုက်မည်ဆိုပါက မြင့်မားသောဈေးနှုန်းကို ရရှိနိုင်မည့်အရာများ ဖြစ်သည်။

တောင်ကြီးသည် လမ်းသွယ်များ၊ လူသွားလမ်းများ မရှိပေ။

ထန်ရှုသည် ကျောက်တုံး တစ်တုံးပြီး တစ်တုံးပေါ်သို့ ထပ်ကာ ထပ်ကာ ခုန်တက်ရင်း ဖိအားအောက်တွင် ဆက်လက်တက်လာခဲ့ရာ သူတက်ခဲ့သော ခရီးလမ်းတလျှောက် အဖိုးတန်ဆေးပင်များ၊ စိတ်ဝိညာဉ်အသီးများနှင့် သတ္တုရိုင်းများ အားလုံးကို ကောက်ယူ သိမ်းဆည်းပြီး သူ၏လက်စွပ်အတွင်းသို့ ထည့်ခဲ့သည်။ နှစ်နာရီကြာပြီးနောက် နောက်ဆုံးတွင် သူသည် တောင်စောင်းလမ်းတစ်ဝက်ဆီသို့ ရောက်လာခဲ့သည်။ သို့သော် ဤနှစ်နာရီအတွင်း သူရခဲ့သော အကျိုးကျေးဇူးသည် ပြင်ပကမ္ဘာမှရရှိသော ဆေးပင်များ၊ စိတ်ဝိညာဉ်သစ်သီးများနှင့် သတ္တုရိုင်းများအားလုံးကို ကျော်လွန်သွားခဲ့ပြီဖြစ်သည်။

"ငါ ဆက်မတက်နိုင်တော့ဘူး။"

ထန်ရှုသည် တောင်ထိပ်ပေါ်ရှိ ခမ်းနားထည်ဝါသော နန်းတော်အား ကူကယ်ရာမဲ့စွာ ငေးကြည့်နေရင်း အတန်ငယ် စိတ်ပျက်ဝမ်းနည်းသွားမိသည်။ ကြီးမားသော ဖိအားက သူ့ရှေ့ဆက်မည့် လမ်းကြောင်းကို ဟန့်တားထားသည်။ သူ၏ခန္ဓာကိုယ်ကြံ့ခိုင်မှုသည် သာမန်လူတစ်ယောက်ထက် သာလွန်နေသောကြောင့်သာ ကံကောင်းထောက်မပြီး သူ သည်တောင်စောင်းအထိ ရောက်နိုင်ခဲ့ပေသည်။ သူခန္ဓာကိုယ်၏အလားအလာကို လှုံ့ဆော်ရန်နှင့် ပုံသွင်းရန် ဤကြီးမားသောဖိအားကို အသုံးပြုလိုသော်လည်း အမှောင်ဗိုင်းရပ်စ်အား အပြည့်အဝ မဖြေရှင်းနိုင်သေးကြောင်း ပြန်တွေးမိကာ ထိုရည်ရွယ်ချက်အား စွန့်လွှတ်လိုက်ရန်မှတပါး ရွေးချယ်စရာမရှိတော့ဘဲ နောက်မှ ပြန်လာရန်သာ တေးထားလိုက်သည်။

တောင်ဆင်းလမ်းတွင် ထန်ရှုသည် ခုနစ်မီတာကျော်မြင့်သော စိတ်ဝိညာဉ်သားရဲအချို့ကို တွေ့ခဲ့သည်။ ၎င်းတို့ထဲမှ ကျားကြီးတစ်ကောင်၏ ဖိအားပေးသည့် အော်ရာသည်ပင် ထန်ရှုအား ရင်တွင်း၌ တုန်လှုပ်သွားစေသည်။ ကံကောင်းထောက်မစွာဖြင့် ဤစိတ်ဝိညာဉ်သားရဲများသည် လူသားတစ်ဦးကို တိုက်ခိုက်ရန် ရည်ရွယ်ချက်မရှိခဲ့ဘဲ ထန်ရှု ရောက်ရှိလာခြင်းကို လျစ်လျူရှုထားကြသည်။

ဝှစ်…

ထန်ရှုသည် ကျောက်တုံးကြီးတစ်ခုမှ ခုန်ဆင်းကာ မိုအားဝူ၏အနားတွင် ပေါ်လာသည်။ ထို့နောက် သူက အပြုံးဖြင့်

“လူတိုင်းကို ဒီမှာ စုဝေးဖို့ ပြောလိုက်။ ငါတို့ ဒီနေရာက ထွက်ကြမယ်။"

“ဒီမှာ အရင်းအမြစ်တွေ အများကြီးရှိတယ် သူဌေး” မိုအားဝူက အမြန်ပြောသည်။

“ဒီကိုလာဖို့က တော်တော်ခက်တယ်။ ဒါကြောင့် ဒီမှာ ခဏနေသင့်တယ်လို့ ငါ ထင်တယ်။ အနာဂတ်မှာ အရင်းအမြစ်တွေ ပိုရနိုင်စေဖို့ နည်းနည်း ပိုယူရအောင်ပါ။”

“အလျင်မလိုပါနဲ့။ နောက်ပြီး ဒီတောင်က ထွက်မပြေးပါဘူး။” ထန်ရှု ရယ်ရယ်မောမော ပြောလိုက်သည်။

“ငါတို့ အပြင်ကပြဿနာကို အရင်ဖြေရှင်းမှ ကျင့်ကြံခြင်းအရင်းအမြစ်တွေရှာဖို့ အားလပ်ချိန်တွေ ရနိုင်မယ်။ စိတ်မပူပါနဲ့။ အပြင်ထွက်ပြီးရင် ရှောင်ရွှဲ့ဆီ ဖုန်းဆက်လိုက်မယ်။ သူမကို နောက်ထပ်လူများများနဲ့ ဒီကိုလာဖို့ ငါ ပြောပါ့မယ်။"

မိုအားဝူ တခဏအတွင်း နားလည်သွားပြီး အပြုံးဖြင့်

"ရိုးရိုးသားသားပြောရရင် ငါက ဆင်းရဲမှာ ကြောက်နေတာ။ ငါ့ကို မဟားနဲ့နော် သူဌေး။"

ထန်ရှုက ဘာမှ ပြန်မပြောတော့ဘဲ ပြုံးရုံသာ ပြုံးနေလိုက်သည်။ သူက မိုအားဝူ၏စိတ်နေစိတ်ထားကို အစကတည်းက နားလည်ပေသည်။ ထိုအကြောင်းကို ပြောရမည်ဆိုပါက ထာဝရခန်းမတွင် အမှန်တကယ် ရရှိနိုင်သော အရင်းအမြစ် များစွာမရှိပေ။ ဆေးဖက်ဝင်ပစ္စည်းများ၊ အဖိုးတန်သတ္တုရိုင်းများနှင့် အခြားကျင့်ကြံရေးအရင်းအမြစ်များကို မကြာသေးမီက လမ်းကြောင်းအမျိုးမျိုးဖြင့် အမြောက်အမြား ဝယ်ယူခဲ့သော်လည်း ထာဝရခန်းမတွင် လူအများအပြား ရှိပြီး ကလေးများစွာကိုလည်း လေ့ကျင့်ပေးနေရသည်။ ထို့ကြောင့် လူတိုင်းအတွက် ပေးအပ်ထားသော အရင်းအမြစ် အရေအတွက်မှာ အမှန်တကယ် အလွန်နည်းပါးပေသည်။

မကြာမီ ထန်ရှုနှင့် အခြားသူများသည် ထိုနေရာမှ ထွက်ခွာပြီး တောင်ခြေသို့ ဦးတည်သွားလိုက်ကာ မြူခိုးဖြူများဖုံးလွှမ်းနေသော ဧရိယာမှ ချောမွေ့စွာ ထွက်ခွာသွားကြသည်။ ကားပေါ်တက်ကာ အမြန်ထွက်ခွာပြီး လမ်းပေါ်တွင် နာရီဝက်ကြာအောင် ခရီးနှင်ခဲ့သည်။ သူတို့အနောက်ကို မည်သူမှ မလိုက်လာကြောင်း သေချာပြီးနောက်တွင် တောတွင်းစီးကားလေးစီးသည် အမြွာစမ်းချောင်းမြို့ဆီ တန်းတန်းမတ်မတ် မောင်းသွားတော့သည်။ လမ်းတွင် ထန်ရှုသည် အနီရောင်ဟော်တွန်သီးကို စားလာခဲ့ရာ အသီးအတွင်းမှ စွမ်းအင်များသည် သူ၏ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်လာသောကြောင့် ဆာလောင်မှု လုံးဝ ပျောက်ကွယ်သွားခဲ့သည်။ ထို့နောက် သူသည် သုံးရက်နီးပါး မအိပ်ခဲ့ရသေးသောကြောင့် ဖြည်းညှင်းစွာ အိပ်မောကျသွားတော့သည်။

ကျွီ…

ကားဘရိတ်အုပ်သံကြောင့် ထန်ရှု အိပ်ပျော်နေရာမှ ရုတ်တရက် လန့်နိုးသွားသည်။ ကားအရှိန်ကြောင့် သူ့အရှေ့ကထိုင်ခုံအား ဝင်တိုက်လုနီးပါး ဖြစ်သွားသည်။ တွန့်ချိုးနေသော မျက်ခုံးများဖြင့် ထန်ရှုက ရှေ့ကိုကြည့်ကာ

"ဘာဖြစ်တာလဲ။"

မိုအားဝူက ခေါင်းလှည့်လာပြီး

“လမ်းဘေးမှာ လူသေအလောင်းတွေရှိတယ် သူဌေး။ အများကြီးပဲ။”

ထန်ရှု မျက်မှောင်ကြုတ်သွားပြီး ကားပေါ်မှ တံခါးဖွင့်ဆင်းလာပြီးနောက် လမ်းနှစ်ဘက်လုံးတွင် ဒါဇင်ပေါင်းများစွာသော အလောင်းများကို ချက်ချင်းတွေ့လိုက်ရသည်။ အလောင်းများသည် ပုပ်ပွနေပြီဖြစ်ရာ ၎င်းတို့ပတ်ဝန်းကျင်တွင် အင်းဆက်ပိုးကောင်များက တွန့်လိမ်ကာ စူးစူးရှရှ အော်ဟစ်နေကြသည်။

"သူတို့က အသတ်ခံရတာတော့ မဟုတ်ဘူး။ ဒါပေမယ့်... အမှောင်ဗိုင်းရပ်စ်ကူးစက်ခံရတဲ့လူတွေ ဖြစ်မယ်။"

ဤအမှောင်ဗိုင်းရပ်စ်၏အဓိကတရားခံများဖြစ်သည့် မဟူရာကလပ်၏လူများအပေါ် ထန်ရှု၏ နှလုံးသားအတွင်း၌ ဒေါသနှင့် ပြင်းထန်သည့် သတ်ဖြတ်လိုစိတ်များ ပေါက်ကွဲထွက်လာသည်။ အမှောင်ဗိုင်းရပ်စ်ကြောင့် လူရာနှင့်ချီ သေဆုံးခဲ့ရကြောင်း လွန်ခဲ့သည့် ရက်အနည်းငယ်က သူ သတင်းကို ရရှိခဲ့သော်လည်း လူသေဆုံးသည့် နေရာကို မမြင်ရသေးသောကြောင့် ယခုလို ပြင်းထန်သော ဒေါသ မထွက်ခဲ့ပေ။

သို့သော် ယခုအချိန်တွင် မဟူရာကလပ်၏အဖွဲ့ဝင်များ ရှိပါက ဤအစုလိုက်အပြုံလိုက်လူသတ်သမားများကို အမြစ်ပြတ်ချေမှုန်းရန် ရနိုင်သမျှ နည်းလမ်းအားလုံးကို သူ အသုံးပြုမိပေလိမ့်မည်။

"အလောင်းတွေကို စု၊ မြေတွင်းကြီးတစ်ခုတူးပြီး မြှုပ်လိုက်"

ထန်ရှုက အမိန့်ပေးပြီး ကားပေါ်သို့ ပြန်လာခဲ့သည်။ စီးကရက်တစ်လိပ်ကို ထုတ်ကာ မီးညှိဖွာရှိုက်လိုက်သည်။ ဂူရှောင်ရွှဲ့ကို ဖုန်းခေါ်ရန် ဟန်ပြင်ချိန်တွင် သူ့ဖုန်း၌ မည်သည်လိုင်းမှ မဝင်သည်ကို တွေ့လိုက်ရသည်။ အနည်းငယ် စဉ်းစားပြီးနောက် တပ်မမှူးက သူ့အား စစ်တပ်အစောင့်တပ်ဝင်းထဲက ထွက်လာချိန်၌ ဆက်သွယ်ရေးကိရိယာတချို့ ပေးခဲ့ပြီး မိုအားဝူ၏လက်စွပ်ထဲတွင် သိမ်းဆည်းထားသည်ကို ပြန်သတိရသွားသည်။

ဆက်သွယ်ရေးစက်ကို လည်ပတ်ပြီးနောက် ထန်ရှုသည် ဂူရှောင်ရွှဲ့၏ဖုန်းနံပါတ်ကို ခေါ်ဆိုပြီး

" ရှောင်ရွှဲ့ … ငါ မင်းကို တည်နေရာသြဒီနိတ်တစ်ခု နောက်ပြီး ပို့လိုက်မယ်။ မင်း ဒီကိုလိုက်လာခဲ့။  လာရင် ဆေးဖက်ဝင်အပင်တွေနဲ့ သတ္တုရိုင်းတွေကို ဖော်ထုတ်ရာမှာ ကျွမ်းကျင်တဲ့သူတွေကို ခေါ်လာခဲ့ဦး။ ရတနာသိုက်တောင်ကို ငါတို့ ရှာတွေ့ပြီ။ အဲ့ဒီနေရာက အဖိုးတန်ဆေးဖက်ဝင်အပင်တွေနဲ့ သတ္တုရိုင်းတွေ အများကြီးရှိတယ်။”

“နားလည်ပါပြီ ဆရာဘိုးဘေး။” ဂူရှောင်ရွှဲ့က ပြန်ဖြေသည်။

"ဒါနဲ့ ယန်အာ … အခု ဘယ်လိုနေသေးလဲ။" တစ်စုံတစ်ခုကို သတိရပြီးနောက် ထန်ရှုက မေးလိုက်သည်။

“ဆရာသခင်က သူ့ဒဏ်ရာကို နေ့တိုင်းကုသပေးနေတဲ့ စေတီတော်ထဲမှာ ရှိနေတုန်းပဲ။ တစ်ခါတရံတော့ လျှောက်လည်ဖို့ ထွက်လာတတ်တယ်။ ဒါပေမယ့် ဆရာသခင်ရဲ့ဒဏ်ရာက ပိုကောင်းလာပြီး နှစ်နှစ်အတွင်း လုံးဝသက်သာလာဖို့ မျှော်လင့်ထားပါတယ်။”

"ကောင်းတယ်။" ထန်ရှုက ပြောသည်။

“ထာဝရခန်းမှာပဲ ဆက်နေဖို့ သူမကို ပြောပေးပါ။ အခု ငါ အပြင်မှာ ထူးခြားပြီး အရေးကြီးတဲ့ မစ်ရှင်တစ်ခုကို ထမ်းဆောင်နေတာ။ ဒီပြဿနာကို ဘယ်အချိန်မှာ မှန်ကန်စွာ ကိုင်တွယ်ဖြေရှင်းပြီးမလဲဆိုတာ ငါ မသိဘူး။ ဒါပေမယ့် မင်းရောက်လာတဲ့အခါ ဒီကအခြေအနေကို မင်း နားလည်လာလိမ့်မယ်။ ဒီကိစ္စကို ဖြေရှင်းပြီးရင် ငါ ကျင်းမန်ကျွန်းကို တစ်ခါတည်း လာခဲ့မယ်ဆိုတာ ယန်အာကို ပြောပေးပါ။"

“ကောင်းပါပြီ။”

ဖုန်းချပြီးနောက် ထန်ရှုက နောက်ထပ် စီးကရက်နှစ်လိပ်ကို ဆက်တိုက်သောက်ခဲ့သည် မိုအားဝူနှင့်အခြားသူများသည် လူသေအလောင်းများကို မြေမြုပ်သင်္ဂြိုဟ်နေကြသည်။ နေရာက အတော် ခေါင်ပေသည်။ ရွာများ၊ ဈေးဆိုင်များ မရှိသဖြင့် ပတ်ဝန်းကျင်က ကြောက်စရာကောင်းလောက်အောင် တိတ်ဆိတ်နေခဲ့သည်။

သို့သော် ကားများစတင်မောင်းသောအချိန်တွင် ကားနှစ်စီးသည် ရှေ့မှ တရကြမ်း မောင်းလာကာ ၎င်းတို့ဆီသို့ အလွန်လျင်မြန်စွာ ဦးတည်လာသည်။ ထိုကားများ၏အရှိန်သည် တစ်နာရီကို ၁၈၀ကီလိုမီတာ နီးပါး ရှိပြီး အရှေ့တွင် ကားလေးစီး ရှိနေသည်ကို မြင်သည့်တိုင် အရှိန်လျှော့ရန် ရည်ရွယ်ချက် မရှိချေ။ ဆန့်ကျင်ဘက်အနေနှင့် မက်တယ်တေးဂီတသည် နားမကြားနိုင်လောက်အောင် ဆူညံနေပြီး ပိုမိုနီးကပ်လာသည်နှင့်အမျှ ၎င်းတို့၏အမြန်နှုန်းသည် များစွာ အရှိန်မြှင့်လာသည်။

သောင်းကျန်းပြီး ဘဝင်လေဟပ်သော စိတ်သဘောထားဖြစ်သည်။ ထို့ပြင် ရူးသွပ်သည်ထက်ပင် ပိုမိုရူးသွပ်သော စရိုက်ရှိပေသည်။

ထိတ်လန့်စရာအကောင်းဆုံး မြင်ကွင်းသည် ကားအမိုးထက်တွင် တစ်စုံတစ်ယောက်ကို ကြိုးတုပ်တင်ထားခြင်း ဖြစ်သည်။ ပြီးတော့ ထိုတစ်စုံတစ်ယောက်သည် ဆယ်ကျော်သက် ကလေးအရွယ်ဟု ထင်ရသည်။

"သူတို့ကို ပိတ်ဆို့ပြီး တားလိုက်။"

ထန်ရှု၏မျက်လုံးများ အေးစက်သွားကာ အော်လိုက်သည်။

မိုအားဝူသည် စတီယာရင်ကို ရုတ်တရက် လှည့်လိုက်ပြီး ကားကို အရှိန်မြှင့်လိုက်သည်။ ကားများကို ရပ်တန့်ရန် အနီးနားရှိ ရဲရှီစန်းအား အချက်ပြလိုက်ပြီး ကားများသည် ကားပြတင်းမှန်များကို အောက်ချလိုက်ကြသည်။

ကျွီ…

မီတာရာနှင့်ချီအကွာမှ ကားနှစ်စီးသည် ရုတ်တရက် ဘရိတ်ကို နင်းမိပြီး ၎င်းတို့နှင့် ဆယ်မီတာအကွာတွင် ရပ်တန့်သွားခဲ့သည်။ ဤအခိုက်အတန့်တွင် ကားခေါင်မိုးပေါ်တွင် ချည်နှောင်ခံထားရသူမှာ ဆယ်ကျော်သက်မိန်းကလေးငယ်တစ်ဦးဖြစ်ပြီး ဆိုးဆိုးရွားရွား သွေးထွက်ဒဏ်ရာများဖြင့် စုတ်ပြတ်သတ်နေကြောင်း ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

"သူမ အသက်ရောရှင်သေးရဲ့လား။"

ထန်ရှု၏မျက်လုံးများ ရုတ်တရက် ကျဉ်းမြောင်းသွားသည်။ ကားတံခါးကို ပွင့်လာပြီးနောက် ထွားကြိုင်းသော လူခုနစ်ဦးသည် ကားနှစ်စီးပေါ်မှ ခုန်ဆင်းလာကာ သူ့ဆီသို့ ဒေါသတကြီး အပြေးအလွှား ပြေးလာသည်။

***

All Chapters