ဒေါသများ တရိပ်ရိပ်ထွက်လာခြင်း
Vol. 55 Ch. 761
ထန်ရှုသည် ကားခေါင်မိုးထက်မှ သေလုမျောပါးဖြစ်နေသော ကလေးမလေးကို ကြည့်နေရင်း ဤလူယုတ်မာများသည် ကလေးတစ်ဦးကို ရက်ရက်စက်စက် ကားခေါင်မိုးတွင် ချည်နှောင်ကာ တစ်နာရီ ကီလိုမီတာ ၁၈၀နှုန်းဖြင့် အရှိန်ပြင်းစွာ မောင်းနှင်လိမ့်မည်ဟု သူ တစ်ခါမျှ မထင်ထားမိပေ။ ကြိုးသာ ပြေကျသွားပါက ထိုကလေးမလေးသည် ကားပေါ်က လွင့်စဉ်သွားပြီး အသေဆိုးနှင့် သေသွားရပေလိမ့်မည်။
ဘယ်လောက်တောင် လူမဆန်လိုက်တဲ့ အကောင်တွေလဲ…
ထန်ရှုက ထိုလူများအား သေတော့မည့် အလောင်းများကို ကြည့်နေသည့်အလား သူ့အမူအရာက ခံစားချက်မဲ့နေပေသည်။
"ဟေ့ မင်းတို့ကောင်တွေ။ ဘယ်ငရဲက လာတာလဲကွ။ ဟမ် မအေဘေးလေးတွေ … မင်းတို့တွေ လမ်းကို ရည်ရွယ်ချက်ရှိရှိ ပိတ်ဆို့တာမလား။ ငါတို့ ဘယ်သူတွေလဲဆိုတာ မင်းတို့ မသိဘူးလား။" ပထမလူထွားကြီးသည် သူ့ခါးမှ ဓားတစ်ချောင်းကို အမြန်ဆွဲယူပြီး ထန်ရှုအား ချိန်ရွယ်ကာ ဒေါသတကြီး ဆဲလိုက်သည်။
ထန်ရှုက အေးစက်စက် နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး မိုအားဝူနှင့် သူ့အနောက်က ထွက်လာသောသူများကို လက်မြှောက်ကာ ဟန့်တားပြီး သူတို့၏အနားသို့ ကပ်ကာ မေးလာသော ထိုလူကို ကြည့်ရင်း
“မင်းက ဘယ်သူလဲ။”
ထိုလူက ထန်ရှုနှင့် လေးမီတာအကွာတွင် ရပ်လိုက်ပြီး
"ငါတို့က မင်းဖေဖေကြီးတွေကွ သောက်ရူးရ။ ဒီနားတစ်ဝိုက် ငါတို့သူဌေးလေးကို ဘယ်သူက ဟန့်တားရဲလဲဆိုတာ မင်း မမေးကြည့်ဘူးလား။"
"ဟေ့ ဟူကြီး … ယီးပဲ မင်း ဘာလုပ်နေတာလဲ။ သူတို့ကို ဘေးသာ ဖယ်ခိုင်းလိုက်။ ဒီသခင်လေး ဓာတ်အားပေးစက်ရုံကို သွားတာ မနှောင့်နှေးစေနဲ့ကွ။ သူတို့တွေ ခုခံရဲရင် ရိုက်ပစ်လိုက်။ မင်း လူတချို့ကို သတ်ရင်တောင် ဒီမှာ ဘယ်သူမှ ဂရုမစိုက်ဘူး။ သူတို့က ပုရွက်ဆိတ်သာသာပဲ။”
ပျင်းရိပျင်းတွဲအသံသည် လူထွားကြီးခုနစ်ယောက်၏ နောက်ကွယ်မှ ထွက်ပေါ်လာသည်။ ထိုစကားသံအား နားပေါက်များစွာ ဖောက်ထားပြီး ဆံပင်အနီရောင် ဆိုးထားကာ တသမ်းသမ်းတဝေဝဖြေင့် လျှောက်လာသော လူရွယ်လေးမှ ပြောလိုက်ခြင်းဖြစ်သည်။
ထန်ရှုသည် တခဏ တိတ်ဆိတ်နေပြီးနောက် သူ၏ပုံရိပ်သည် တခဏချင်းပင် ထွားကျိုင်းသော လူခုနစ်ယောက်ရှေ့တွင် ရိပ်ကနဲ ပေါ်လာကာ ပြင်းထန်သော လက်သီးချက်များဖြင့် ထိုသူတို့၏ခေါင်းကို ထိုးခွင်းလိုက်သည်။ လူခုနစ်ဦး၏ ဦးခေါင်းများသည် ဖရဲသီးများ ကြေသွားသည့်အလား ဖြစ်သွားခဲ့ပြီး ၎င်းတို့၏အလောင်းများကို ထန်ရှုသည် မီတာများစွာအကွာသို့ ကန်ထုတ်လိုက်သည်။
ဟင်…
ဆံပင်နီဆိုးထားသော လူရွယ် ရူးကြောင်ကြောင် ဖြစ်ချင်သွားသည်။ သူ၏လေးလံထိုင်းမှိုင်းနေသော သွင်ပြင်သည် ပျောက်ကွယ်သွားပြီး ကြောက်စိတ်က အစားထိုးဝင်ရောက်လာကာ ကြီးလေးသော အမှားတစ်ခုကို ကျူးလွန်မိပြီဖြစ်ကြောင်း သတိပြုမိသွားသည်။ သူတို့သည် ကြောက်မက်ဖွယ် ကောင်းသောလူကို ပြသနာ ရှာလိုက်မိပုံရချေပြီ။ သူ့လူများသည် ပထမတန်းစား ကိုယ်ခံပညာရှင်များ ဖြစ်ကြပြီး ကိုယ်ခံပညာအား နှစ်၂၀ထက်မနည်း လေ့ကျင့်ခဲ့ကြသည်။ သို့သော် သူတို့သည် မည်ကဲ့သို့ အလွယ်တကူ သတ်ဖြတ်ခြင်း ခံလိုက်ရပါသနည်း။
ထန်ရှုသည် ထိုလူရွယ်၏လည်ပင်းကို ဆုပ်ကိုင်ကာ လေထဲမြှောက်ထားပြီး အေးစက်စက်အမူအရာဖြင့် စစ်ဆေးမေးမြန်းတော့သည်။
“မိမဆုံးမ ဖမဆုံးမလေး။ မင်းကို မဆုံးမတဲ့အတွက် မင်းအဖေကိုပါ အပြစ်ပေးရတော့မှာပဲ။ ပြောစမ်း … မင်း ဘယ်သူလဲ။"
လူငယ်သည် လည်ပင်းအစ်နေသောကြောင့် အသက်ပင် မရှူနိုင်တော့ဘဲ နီရဲလာပြီး သူ့ကိုယ်သူ လွတ်မြောက်ရန် ရုန်းကန်တော့သည်။ သို့သော် သူက ထန်ရှုကို စိုက်ကြည့်ရင်း တစ်ခုခုပြောချင်ဟန်ဖြင့် မျက်တောင်ခတ်ပြသည်။
ဘုန်း...
သည်တစ်ကြိမ်တွင် ထန်ရှုက သူ့ကို လွှတ်ပေးလိုက်ရာ မြေပြင်ပေါ်သို့ ဘုန်းကနဲ ပြုတ်ကျသွားတော့သည်။ ထို့နောက် ထိုလူရွယ်၏မျက်နှာကို ထန်ရှုက နင်းထားပြီး
“မြန်မြန်ပြောစမ်း … မင်းကို ဒီသတ္တိတွေ ဘယ်သူက ပေးတာလဲ။"
လူရွယ်က ချောင်းတစ်ချက်ဆိုးလိုက်ပြီး အော်ဟစ်တော့သည်။
“မင်းခြေထောက်ကို ဖယ်စမ်း ခွေးမသား။ ငါက မြောင်ဝမ်လေ့။ ငါ့အဖေက ဒီကျွန်းမှာ အချမ်းသာဆုံး သူဌေးကွ။ ငါတို့မိသားစုက ဒီကျွန်းမှာ သြဇာအကြီးဆုံးပဲ။ မင်း ငါ့ကို ကိုယ်ထိလက်ရောက် စော်ကားခဲ့တယ်။ ငါ့အဘိုးကြီး မင်းကိုသတ်မှာကို မကြောက်ဘူးလား။"
"မြောင်ဝမ်လေ့ဟုတ်လား။ မင်းနာမည်နဲ့ လုံလောက်ပြီ။"
ထန်ရှု ခြေထောက်ကို ထပ်အားထည့်ကာ ထိုလူရွယ်၏ လည်ပင်းကို တက်နင်းပစ်လိုက်သည်။ ထို့နောက် အလောင်းကို မီတာများစွာအကွာအဝေးက သစ်ပင်ကြီးတစ်ပင်နှင့်ထိသည်အထိ ပြင်းထန်စွာ ကန်ထုတ်လိုက်သည်။ ထို့နောက် သုန်မှုန်သော အမူအရာဖြင့်
“အမြွာစမ်းချောင်းမြို့ကို ရောက်ဖို့ ဘယ်လောက် ကြာဦးမလဲ။”
“သုံးနာရီလောက်ပေါ့။” မိုအားဝူက ဖြေသည်။
ထန်ရှု ခေါင်းညိတ်ပြပြီးနောက် လေထဲသို့ တက်ကာ မီတာအနည်းငယ်အကွာမှ ကားခေါင်မိုးပေါ်သို့ သွားလိုက်သည်။ ထို့နောက် သတိလစ်နေဆဲ သေလုမျောပါး ဖြစ်နေသော ကလေးမလေးကို ကြည့်လိုက်ပြီး ကြိုးကို အမြန်ဖြတ်ကာ ဂရုတစိုက် ပွေ့ချီလိုက်သည်။
"ငိုးမသားတွေ…"
ကလေးမလေး၏ခန္ဓာကိုယ်သေးသေးလေးတွင် အရိုးပေါင်းများစွာ ကျိုးသွားသည်ကို သိရှိလိုက်သောကြောင့် သူမသည် ရက်ရက်စက်စက် အရိုက်အနှက် ခံခဲ့ရသည်ကို သူ ရိပ်စားမိသည်။ အရေးကြီးဆုံးအချက်မှာ သူမသည် သွေးများစွာ ဆုံးရှုံးထားပြီး တစ်ကိုယ်လုံး အေးစက်နေခြင်းဖြစ်သည်။ ထန်ရှုသည် သူမ၏နှလုံးနှင့် သွေးကြောများကို အမြန်ကာကွယ်ရန် ကလေးမလေး၏ခန္ဓာကိုယ်ထဲသို့ သူ၏မူလဖရိုဖရဲစွမ်းအားကို အမြန်ထည့်ပေးပြီးနောက် သန့်စင်သော ဒဏ်ရာပျောက်ဆေးကို ထုတ်ကာ ဆယ်ပုံတစ်ပုံကို ခွဲပြီး သူမ၏ပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။
“မကြောက်နဲ့တော့နော်။ ဟိုခွေးမသားတွေကို ငါ ဆုံးမပေးပြီးပြီ။ မင်း သန်မာပြီး ဝေဒနာကို ကြံ့ကြံ့ခံထားပါ။ မင်းရဲ့အရိုးတွေကို ငါ ပြုပြင်ပေးမယ်။ အချိန်ခဏလေးပဲ ကြာမှာပါ။ မကြာခင် မင်း ပိုကောင်းလာလိမ့်မယ်။"
သို့သော်လည်း သူမ၏မျက်လုံးများတွင် တုံ့ပြန်မှု မရှိခဲ့ပေ။ သူမ၏ဒဏ်ရာများကြောင့် နာကျင်မှုကို မခံစားရသည့်အလားပင်။
ထန်ရှု စိတ်ထဲက သက်ပြင်းချလိုက်သည်။ ကလေးမလေးသည် နာကျင်လွန်းလှသည်ကို သူ သိသည်။ အချိန်အကြာကြီး နှိပ်စက်ခံရမှသာလျှင် ထုံကျင်နေကြပေလိမ့်မည်။ သို့သော် ဤအခိုက်အတန့်တွင် သူ ပို၍မနှောင့်နှေးချင်တော့ဘဲ သူမ၏အင်္ကျီကို အမြန်ချွတ်ကာ သူမ၏အရိုးများကို ပြုပြင်ပေးလိုက်သည်။ သူမ၏အရေးကြီးသော အရာများကို ကာကွယ်ရန် မူလဖရိုဖရဲစွမ်းအား ရှိသည့်တိုင် ထိုကုသရေးဖြစ်စဉ်သည် သူမအား နာကျင်နေစေဦးမည်ကို သူ သိသော်လည်း ထန်ရှု စိတ်တင်းကာ ဆောင်ရွက်ပေးလိုက်သည်။ ကလေးမလေး၏ နာကျင်စွာ အော်ဟစ်သံများကြားတွင် သူမ၏ကျိုးသွားသော အရိုးများကို ယခင်အခြေအနေသို့ သူ အမြန်ပြုပြင်ပေးခဲ့သည်။ သန့်စင်သော ဒဏ်ရာပျောက်ဆေးအား ဆယ်ပုံတစ်ပုံသာ တိုက်ကျွေးထားသော်လည်း ဆေး၏ထူးခြားသော အာနိသင်ဖြင့် ကလေးမလေး၏ဒဏ်ရာသည် သိသိသာသာ မြန်ဆန်စွာ ပြန်လည်ကောင်းမွန်လာသည်။
ထန်ရှုသည် သူ၏အင်္ကျီကို ချွတ်ကာ သူမ၏ ခန္ဓာကိုယ်ကို ညင်သာစွာ ရစ်ပတ်လိုက်သည်။ ထို့နောက် သူ၏ပုံရိပ်သည် သူတို့၏ကားဆီသို့ ရိပ်ကနဲ ရောက်သွားပြီး ကလေးမလေးကို မိုအားဝူထံ အပ်လိုက်ရင်း
“လမ်းအတိုင်း ဆက်သွားလိုက်။ အမြွာမြို့ကို ငါတို့ ရောက်ရင် ကျွန်းမှာ အချမ်းသာဆုံးနဲ့ သြဇာအရှိဆုံးလူကို မေးကြည့်ရမယ်။ နောက်ပြီး ဒီခွေးကောင် မြောင်ဝမ်လေ့က ဘယ်မိသားစုက ဆင်းသက်လာလဲလို့ ရှာ။”
"နားလည်ပြီ။"
မိုအားဝူသည် ကလေးမလေးကို လက်ခံပြီး ကားပေါ်သို့ ဂရုတစိုက် ခေါ်သွားကာ ယာဉ်မောင်းတာဝန်အား ရွှဲ့ရှကို ပေးလိုက်သည်။
နာရီအနည်းငယ်ကြာပြီးနောက်တွင် ကားလေးစီးသည် ကားလမ်းတစ်လျှောက် အရှိန်ပြင်းပြင်းဖြင့် မောင်းလာခဲ့ပြီး သူတို့၏မျက်စိရှေ့တွင် မြို့တစ်မြို့၏ မြင်ကွင်းပေါ်လာသောအခါ မြို့ထဲသို့ မောင်းဝင်ခဲ့သည်။ တစ်ချိန်က စည်ကားခဲ့သော မြို့သည် ယခုအခါတွင် သေခြင်းချီ၏ဖုံးလွှမ်းခြင်းကို ခံသွားရချေပြီ။ ကျယ်ပြောသော လမ်းများထက်တွင် မော်တော်ယာဉ်များ မရှိတော့ဘဲ လမ်းဘေးတွင် ဖြတ်သန်းသွားလာသူ လက်တစ်ဆုပ်စာမျှသာ ရှိသည်။
ထန်စံအိမ်ကိုယ်ခံပညာကျောင်းသည် အမြွာစမ်းချောင်းမြို့တွင် တည်ရှိသည်။
ပတ်ဝန်းကျင်ကို စုံစမ်းမေးမြန်းပြီးနောက် ကားလေးစီးသည် ထန်စံအိမ်ကိုယ်ခံပညာ သင်တန်းကျောင်းအဝင်ဝတွင် လျင်မြန်စွာ ရပ်တန့်သွားခဲ့သည်။ ထန်ရှု အံ့သြသွားသည်မှာ သင်တန်းကျောင်းတံခါး၏အပြင်ဘက်တွင် ထားသည့် ကျောက်ခြင်္သေ့ရုပ်တုအနီးတွင် ခြင်ဖမ်းယပ်တောင်တစ်ချောင်း ကိုင်ထားသော လူရွယ်နှစ်ယောက် ရှိနေပြီး စိတ်အားတက်ကြွမှု နည်းသောအမူအရာဖြင့် ၎င်းတို့၏လက်ကိုင်ဖုန်းများနှင့် ဆော့ကစားနေခြင်းပင်။
"မင်း ဘယ်သူလဲ။"
လူရွယ်တစ်ယောက်က လှမ်းကြည့်သည်။ ထန်ရှု၊ မိုအားဝူနှင့် ကျန်သောသူများကို မြင်လိုက်ရသောအခါ မျက်မှောင်ကြုပ်ပြီး ချက်ချင်း မေးလိုက်သည်။
"ငါ ထန်ဟန်ကို လာရှာတာ။" ထန်ရှုက ဖြေသည်။
"နေဦး …။ မင်းမှာ လျှပ်စစ်အသုံးအဆောင် မရှိဘူးလား။ မင်းက ဘာလား…”
လူရွယ်က ထန်ရှုကို အနည်းငယ် အံ့သြသည့် အမူအရာဖြင့် ကြည့်ကာ ရုတ်တရက် မေးလိုက်သည်။
"ဟုတ်တယ်။ ငါတို့ ကူးစက်မခံထားရဘူး။" ထန်ရှုက ဖြေလိုက်သည်။
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။" လူရွယ် အံ့အားသင့်သွားသည်။
“ကျွန်းကလူတိုင်း ကူးစက်ခံထားရတယ်။ မင်း... မဟုတ်သေးဘူး … တစ်ခုခုတော့ မမှန်ဘူး။ မင်းက အပြင်ကလား။ ဒါမှမဟုတ် အဲ့ဒီနိုင်ငံခြားသားတွေဆီက…”
“မဟုတ်ဘူး ငါတို့က ပြည်မကြီးက လာတာ။" ထန်ရှုက သူ့လက်ကို ဝှေ့ယမ်းကာ လူရွယ်၏စကားကို ကြားဖြတ်ပြီး
"ဒီနေရာက ထန်စံအိမ်ကိုယ်ခံပညာကျောင်းဆိုရင် ငါ မမှားဘူး။ ထန်ဟန်ကိုတွေ့ဖို့ ကျေးဇူးပြုပြီး ခေါ်သွားပေးပါ။”
“ငါတို့ကျောင်းအုပ်က လောလောဆယ် ဘယ်ဧည့်သည်ကိုမှ ဧည့်မခံနိုင်တော့ဘူး။”
"ငါက သူ့ရဲ့မောင်လေး။" ထန်ရှုက ပြောလိုက်သည်။
လူရွယ်သည် တခဏ အံ့အားသင့်သွားပြီး ချက်ချင်းပင် မထီမဲ့မြင်ဟန်ဖြင့် သူ၏မျက်လုံးများကို လှိမ့်လိုက်ကာ “ငါတို့ကျောင်းအုပ်က ငယ်ငယ်ကတည်းက မိဘမဲ့။ သူ့မှာ မောင်လေးတစ်ယောက် ဘယ်လိုရှိလာတာလဲ။ ငါ မင်းကို တစ်ခုပြောပြမယ် သူငယ်ချင်း။ မင်း ဒီကို ပြဿနာလုပ်ဖို့ လာလည်တဲ့ပုံလည်း မပေါ်ပါဘူး။ ဒါကြောင့် မင်းကို ထွက်သွားလိုက်ဖို့ ငါ ယဉ်ယဉ်ကျေးကျေးပဲ အကြံပေးမယ်။ ထန်စံအိမ် ကိုယ်ခံပညာကျောင်းက ငါတို့တွေက ရောဂါကူးစက်ခံထားရတယ်ဆိုပေမယ့် တိုက်ပွဲဝင်နိုင်သေးတယ်နော်။”
“ငါက အမှန်တကယ်ကို သူ့မောင်လေးပါကွ။ ဒါ အမှန်တရား ဟုတ်၊ မဟုတ်ကို မင်း သူမကို အကြောင်းကြားလိုက်ရင် သိလာမှာပဲလေ။ ကောင်းပြီ… ငါ မင်းကို နည်းနည်းအချိန်ပေးမှာမို့ မြန်မြန်ပြန်လာခဲ့။” ထန်ရှုက ပြောသည်။
ထိုလူရွယ်က ခဏကြာမျှ တုံ့ဆိုင်းသွားကာ ထန်ရှု၏အနောက်မှ လူများကို ကြည့်လိုက်ပြီး နောက်ဆုံးတွင် အတွင်းသို့ ပြေးဝင်သွားခဲ့သည်။
ထန်စံအိမ်ကိုယ်ခံပညာကျောင်း …
ထူးခြားပြီး ရှေးဟောင်းအငွေ့အသက်များ ရှိသော စာဖတ်ခန်းအတွင်း …
ထန်ဟန်သည် စာအုပ်တစ်အုပ်ကို တိတ်ဆိတ်စွာ ဖတ်နေသည်။ သူမ၏မျက်နှာသည် ဖျော့တော့နေပြီး ရံဖန်ရံခါတွင် သူမသည် ခြင်ရိုက်တံကို ကိုင်ကာ ခလုတ်ကို ခဏတာ သူမအတွက် ဖွင့်လိုက် ပိတ်လိုက် လုပ်လိုက်သည်။
"ကျောင်းအုပ်ကြီး…" လူရွယ်တစ်ဦး စာသင်ခန်းအပြင်ဘက်တွင် ကျယ်လောင်စွာ အော်လိုက်သည်။
ထန်ဟန် မော့ကြည့်လိုက်ပြီး
“တံခါး မပိတ်ထားဘူး။ ဝင်လာပြီး စကားပြောပါ။"
“ကျောင်းအုပ်ကြီး … အပြင်မှာ လူတစ်စု ရောက်နေတယ်။ ပြီးတော့ သူတို့ကို ဦးဆောင်လာတဲ့ လူငယ်က ကျောင်းအုပ်ကြီးရဲ့မောင်လေးလို့ ပြောလိုက်တယ်။ ကျွန်တော် သူတို့ကို မောင်းထုတ်ချင်ပေမယ့် သူ ခေါ်လာတဲ့လူတွေက ကိုယ်ခံပညာကျွမ်းကျင်တဲ့သူတွေလိုပဲ ဒါကြောင့်…”
မောင်ငယ်လေးလား…
ထန်ဟန် အနည်းငယ် ပြောင်းလဲသွားသော အမူအရာဖြင့် ဆိုဖာပေါ်မှ ရုတ်တရက်ထရပ်လိုက်ပြီး "သူ့ကိုတွေ့ဖို့ ငါ့ကို ခေါ်သွားပေး။"
လူငယ်သည် သံသယစိတ်နှင့် သံသယဝင်နေပုံ ရသော်လည်း သူက ခေါင်းညိတ်ပြဆဲဖြစ်သည်။ သူက ခြေလှမ်းအနည်းငယ် လှမ်းလိုက်ရင်း ရုတ်တရက် တစ်ခုခုကို သတိရသွားပုံသည့်အလား
“ကျောင်းအုပ်ကြီး … မောင်လေးလို့ ပြောလိုက်တဲ့ ဒီလူက ပြည်မကြီးက လာတာ။ မယုံနိုင်စရာ အကောင်းဆုံးက သူတို့တွေ ဗိုင်းရပ်စ်ပိုး မကူးစက်ထားဘူး။”
ထိုစကားကို ကြားလိုက်သည်နှင့် ထန်ဟန်၏အရှိန်က ချက်ချင်း မြန်သွားတော့သည်။
သင်တန်းကျောင်း၏အရှေ့တံခါးမှ သူမ ထွက်လာစဉ် သူမ၏အကြည့်များက ထန်ရှု၏မျက်နှာအပေါ် ကျရောက်သွားသည်။ ရှုပ်ထွေးနေသော အကြည့်တစ်ခုသည် သူမ၏မျက်လုံးများထဲတွင် ထင်ဟပ်လာပြီး ရုတ်တရက် ငိုချင်လာသလို သူမ ခံစားလိုက်ရသည်။ ကျွန်းတစ်ခုလုံးရှိ လူတိုင်းကို ကူးစက်စေသော အမှောင်ဗိုင်းရပ်စ် စတင်ဖြစ်ပွားချိန်မှစ၍ သူမသည် မိသားစုမှ ရောက်လာမည့်သူ ရှိရန် မျှော်လင့်ကာ စောင့်မျှော်နေခဲ့သည်။
ယခုအချိန်တွင် နောက်ဆုံးတွင် သူမ၏ မိသားစုဝင်တစ်ဦး ရောက်လာခဲ့ပြီဖြစ်သည်။ ထို့ထက်ပို၍ ရောက်လာသူမှာ သူမ၏မောင်ငယ်လေး ... ထန်ရှု ဖြစ်နေသည်။
သူမသည် ထန်မိသားစုအပေါ် လေးနက်သော တွယ်တာမှုနှင့် ခံစားချက်များ မရှိသည့်အပြင် သူမ၏ မိဘများကိုလည်း ချစ်ရသောသူများ သို့မဟုတ် မိသားစုဝင်များဖြစ်ကြောင်းကိုလည်း လုံးဝမခံစားမိပေ။ သို့သော် လွန်ခဲ့သော ခြောက်လလောက်က မိသားစုဆီက သတင်းတစ်ခုကို လက်ခံရရှိခဲ့ကာ သူမလိုပင် အခြေအနေတူညီသော ဆွေမျိုးတစ်ယောက် ရှိနေပြီး သူ့အမည်မှာ ထန်ရှုဖြစ်သည်ကို ရုတ်တရက် သိရှိခဲ့ရလေသည်။
သူမသည် ထန်ရှု၏ဓာတ်ပုံများကို မြင်ဖူးပြီး သူ့အကြောင်းအချက်အလက်ကို ဖတ်ထားခဲ့သည်။ လွန်ခဲ့သည့်ခြောက်လအတွင်း ထန်ရှု လုပ်ဆောင်ခဲ့သည့် အရာများကိုလည်း သူမ သိထားသည်။ ကမ္ဘာပေါ်ရှိလူအားလုံးတွင် လူအနည်းငယ်ကိုသာ သူမ သဘောကျပြီး ထန်ရှုသည် ၎င်းတို့ထဲမှ တစ်ဦး ဖြစ်သည်။ သူမသည် ထန်ရှုအပေါ် သံယောဇဉ် ရှိသည်ကို အလိုလို ခံစားလိုက်ရသည်။
"ထန်ရှု…"
သူမသည် ထန်ရှု၏အရှေ့သို့ လျင်မြန်စွာရောက်လာပြီး သူ၏ချောမောသောမျက်နှာကို တိတ်တဆိတ်ကြည့်ရင်း ထန်ဟန်၏နှုတ်ခမ်းလေးများ တဆတ်ဆတ် တုန်ရီသွားသည်။
ထန်ရှုကိုယ်တိုင်လည်း ထန်ဟန်အပေါ် ဂရုစိုက်ပြီး လေးစားမှု ရှိပေသည်။ သူမသည် ငယ်စဉ်ကပင် မိသားစုမှ နှင်ထုတ်ခံခဲ့ရပြီး မိသားစုနှင့်အတူ နေနိုင်သည့် အချိန်လက်တစ်ဆုပ်စာမျှသာ ရှိသည်ကို သိလိုက်ရသဖြင့် ထန်မိသားစုတစ်ခုလုံးအတွက် များစွာပေးဆပ်ခဲ့ပြီးပြီဟု ဆိုနိုင်သည်။
ပထမအကြိမ် တွေ့ဆုံမှုဆိုသော်လည်း အဆင်မပြေမှုနှင့် ထူးဆန်းမှုမရှိဘဲ ဤတွေ့ဆုံမှုတွင် ဖြစ်ပေါ်လာသော ခံစားချက်များကို ခွဲထုတ်နိုင်သည့် အတားအဆီးတစ်ခုမျှ မရှိပေ။
ထန်ရှုသည် ရှေ့သို့ တိုးလာပြီး လက်ရှိလူတိုင်း၏ စောင့်ကြည့်နေသော မျက်လုံးများအောက်တွင် ထန်ဟန်ကို ပွေ့ဖက်ကာ တီးတိုးစကားဆိုလိုက်သည်။
"ဒီတချိန်လုံး အစ်မကြီးအတွက် တကယ်ကို ခက်ခဲခဲ့မှာပဲ။"
ထန်ဟန်၏ကိုယ်လုံးလေး တုန်ရီသွားသည်။ ထန်ရှု၏ နူးညံ့သောအသံသည် သူမ၏အတွင်းစိတ်ခံစားချက်ကို ထိရှသွားသည်။ သူမ၏ပါးပြင်ထက် မျက်ရည်များ စီးကျလာချိန်တွင် ထန်ရှု ပွေ့ဖက်နှစ်သိမ့်လာသည်ကို မငြင်းဘဲ ထန်ဟန်က ခက်ခက်ခဲခဲ ခေါင်းကို ခါယမ်းရင်း သူမ၏အောက်နှုတ်ခမ်းကို ဖြူဖျော့သည်အထိ ကိုက်ထားသည်။
သူက ငါ့ကို နားလည်တယ်…။
ထန်ဟန်၏ရင်ထဲတွင် နွေးထွေးနေပြီး သူမ၏မောင်ငယ်လေးနှင့် တကယ် ရင်းနှီးနေသည့်အလား ခံစားလိုက်ရလေတော့သည်။