← Chapters

အသုံးမကျသောသူ၏သားမက်

Vol. 55 Ch. 762

အသုံးမကျသောသူ၏သားမက်

Vol. 55 Ch. 762

လက်ဖက်ရည်ရနံ့ သင်းပျံ့နေသော စာကြည့်ခန်းထဲတွင် လက်ဖက်ရည်ကြမ်း၊ အဆာပြေမုန့်များ တည်ခင်းရန် အလုပ်ရှုပ်နေသော ထန်ဟန်အား နူးညံ့သော ဆိုဖာထက်တွင် ထိုင်လျက် ကြည့်နေသည်။ အစောပိုင်းက အပြင်ဘက်တွင် အနည်းငယ်မျှသာ ဖက်လှဲတကင်း လုပ်ခဲ့သည့်တိုင် ရင်ထဲ၌ နွေးထွေးမှု ခံစားနေရပေရာ စာကြည့်ခန်းထဲသို့ ဝင်လာပြီးနောက် နွေးထွေးသောစကားအဖြစ်သို့ ပြောင်းလဲသွားသည်။

"ပုအာလက်ဖက်ရည်ကို မြည်းစမ်းရတာ ဘယ်လိုနေလဲ မောင်ငယ်လေး။"

ထန်ရှု၏မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်ပြီးနောက် ထန်ဟန်က ပြုံးပြီး မေးသည်။

(Charm Ming Nge - ပုအာလက်ဖက်ခြောက် (Pu-erh or Pu’er Tea) သည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် ရိုးရာအချဉ်ဖောက်ထားသော လက်ဖက်ခြောက်တစ်မျိုး ဖြစ်သည်။ ၎င်းကို ဒေသတွင်ပေါက်ရောက်သော "တောရိုင်းအပင်ဟောင်း" ဟုခေါ်သော အရွက်များမှ ပြုလုပ်ထားသည်။ ထိုလက်ဖက်ခြောက်သည် ကိုယ်အလေးချိန်ကျခြင်း၊ ကိုလက်စထရောပမာဏကို လျှော့ချပေးခြင်း၊ ကင်ဆာကြီးထွားမှုကို ဟန့်တားခြင်း၊ အသည်းကျန်းမာရေးကို မြှင့်တင်ပေးနိုင်သည်။ ဘေးထွက်ဆိုးကျိုးအနေဖြင့် ပမာဏများစွာ သောက်သုံးမိပါက အိပ်မပျော်ခြင်း၊ မူးဝေခြင်း၊ ရင်တုန်ခြင်း၊ ရေဓာတ်ခန်းခြောက်ခြင်း၊ ဝမ်းလျှောခြင်း သို့မဟုတ် အလွန်အကျွံ ဆီးသွားခြင်းတို့ ဖြစ်တတ်သည်။

ထန်ရှုသည် လက်ဖက်ရည်ခွက်ငယ်ကို ကောက်ယူပြီး တစ်ငုံသောက်လိုက်သည်။ ထို့နောက် သူက ညင်သာစွာ ခေါင်းညိတ်ပြပြီး

“လက်ဖက်ရည်ချစ်သူတွေက လက်ဖက်ရည် သောက်လိုက်ရင် သင်းပျံ့တဲ့အရသာ ပါးစပ်ထဲ ကျန်နေခဲ့တာကို သဘောကျကြတယ်။ ဒါကြောင့် လက်ဖက်ရည်ကို မြည်းစမ်းဖို့ အမြဲ စိတ်ဝင်စားကြတယ်။ ပြောရရင် ဒီလက်ဖက်ရည်က အရမ်းကောင်းတယ် အစ်မကြီး။”

ထန်ဟန်၏မျက်လုံးများ အရောင်လက်သွားကာ လက်မထောင်ပြလိုက်ပြီး

“မောင်ငယ်လေး … နင်က ရှန်ဟိုင်းတက္ကသိုလ်ရဲ့ ထူးချွန်ကျောင်းသားအဖြစ် တကယ်ကို ထိုက်တန်တာပဲ။ ဆရာသခင်ရဲ့အရောင်တင်ထားတဲ့ ဘောပင်လိုမျိုး နင့်စကားလေးတွေက သွက်နေရောပဲ။ နင်ကြိုက်ရင် နောက်တော့ အကောင်းဆုံး ပုအာလက်ဖက်ခြောက်ကို ငါ ပို့ပေးလိုက်မယ်။"

"လူကြီးလူကောင်းတစ်ယောက်က အမျိုးသမီးတစ်ယောက်ရဲ့ ပစ္စည်းဥစ္စာကို မယူဘူး အစ်မကြီး။" ထန်ရှုက ခပ်ဖွဖွ ပြုံးလိုက်သည်။

“နောက်ပြီး ကျွန်တော့်မှာ အေးအေးဆေးဆေး လက်ဖက်ရည်သောက်ဖို့ အားလပ်ချိန်လည်း မရှိသလောက် ရှားပါတယ်။ ဒါကြောင့် အစ်မကြီး ကျွန်တော့်ကို ပေးလိုက်ရင် အလဟသ ဖြစ်သွားလိမ့်မယ်။ ဒါပေမယ့် နောက်ပိုင်း အချိန်ပိုရလာရင် အစ်မကြီးကို ပြန်လာတွေ့ဦးမှာပါ။ အဲ့ဒီအချိန်ကျရင် ဒီပုအာလက်ဖက်ရည်ကို အစ်မကြီးနဲ့ပဲ အတူ မြည်းစမ်းကြည့်မယ်လေ။”

"ဒါလည်း အဆင်ပြေပါတယ်။" ထန်ဟန်က ပေါ့ပေါ့ပါးပါး ပြုံးပြီး ခြင်ရိုက်ဘက်တံကို ကိုင်လိုက်သည်။ ခလုတ်ကို ဖွင့်ပြီး သူမ၏လက်နှင့်ထိကာ လျှပ်စစ်ဓာတ်အားများကို သူမခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားစေလျက် သူမ၏ခန္ဓာကိုယ်အတွင်းရှိ အမှောင်ဗိုင်းရပ်စ်ကို နှိမ်နင်းရန် ကူညီပေးစေသည်။

သည်အချင်းအရာကို ထန်ရှု မြင်ရသောအခါ ထပြီး ထန်ဟန်ဆီ လျှောက်သွားလိုက်သည်။ ထန်ဟန်၏အံ့သြနေသော အကြည့်များအောက်တွင် သူမ၏လက်ကောက်ဝတ်ကို ဆုပ်ကိုင်ကာ သွေးခုန်နှုန်းကို မိနစ်ဝက်ခန့် စစ်ဆေးပြီးနောက်

“အစ်မကြီး … တစ်ယောက်ယောက်ကို ရေသန့်တစ်ဇလုံ ယူခိုင်းလိုက်။ နောက်ပြီး အစ်မကြီးက ထန်စံအိမ်ကိုယ်ခံပညာကျောင်းကို နှစ်ပေါင်းများစွာ စီမံခန့်ခွဲလာတာဆိုတော့ ယုံကြည်ရတဲ့ လက်အောက်ငယ်သားအချို့တော့ ရှိတယ်မလား။ သူတို့ကိုပါ ဒီကိုလာဖို့ ခေါ်လို့ရတယ်။”

"ဘာအတွက်လဲ။" ထန်ဟန် ဇဝဇေဝါ ဖြစ်သွားသည်။

"အစ်မကြီးရဲ့အမှောင်ဗိုင်းရပ်စ် အမြစ်ပြတ်အောင် ကျွန်တော် ကူညီပေးမယ်။" ထန်ရှုက ပြောလိုက်သည်။

"နင် ဘာပြောလိုက်တာ။"

ထန်ဟန်သည် ဆိုဖာပေါ်မှ ရုတ်တရက် ခုန်ထလာပြီး အံ့သြတုန်လှုပ်သော မျက်နှာဖြင့်

"မောင်ငယ်လေး … နင် ဒီကူးစက်ရောဂါကို ကုသပေးနိုင်တယ်လို့ ပြောလိုက်တာလား။"

"ဟုတ်တယ် … ကျွန်တော် ကုနိုင်တယ်။" ထန်ရှုက ပြောသည်။

"နင့်ကို တရုတ်တိုင်းရင်းဆေးပညာနယ်ပယ်မှာ နတ်ဆေးသမားတော်လေးတစ်ယောက်အဖြစ် ချီးကျူးခံရတာ ငါ သိပါတယ်။ ဒါပေမယ့် ဒီလောက် အစွမ်းထက်တဲ့သူ ဖြစ်လိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မမျှော်လင့်ထားဘူး။ ဒီကြောက်စရာကောင်းတဲ့ အမှောင်ဗိုင်းရပ်စ်ကိုပါ ကုသနိုင်လိမ့်မယ်လို့ တွေးဖို့ဆိုတာ... ကောင်းပြီ။ ဒါဆို ဒီမှာစောင့်။ ငါ တစ်ယောက်ယောက်ကို ရှာလိုက်ဦးမယ်။"

ထန်ဟန်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

ထန်ရှုက သူမကို ဟန့်တားလိုက်ပြီး မချိပြုံးဖြင့် “အစ်မကြီး … ကျွန်တော် ကုသတဲ့နည်းလမ်းက အရမ်းထူးခြားတယ်။ ကုသရာမှာလည်း ထူးခြားတဲ့ ပစ္စည်းတစ်ခုခု လိုအပ်တယ်။ ဒါကြောင့် ဒီအမှောင်ဗိုင်းရပ်စ်ကို ကျွန်တော် ကုသနိုင်တယ်ဆိုတဲ့ အချက်ကို မဖြန့်သင့်ဘူး။ အစ်မကြီးရဲ့ အယုံကြည်ရဆုံးသူတွေ မဟုတ်ရင် ဒီအကြောင်းကို ဘယ်သူ့ကိုမှ မပြောပြပါနဲ့။"

"ဒါပေမယ့် … ဘာကြောင့်လဲ။" ထန်ဟန် စိတ်ရှုပ်သွားသည်။

"ပထမအချက်အနေနဲ့ ဒီကူးစက်ရောဂါကို ကုသတဲ့ဆေးတွေက အရမ်းထူးခြားလို့ ကျွန်းပေါ်က လူတိုင်းကို နေ့ရောညပါ ကုသရရင်တောင်မှ ကုသဖို့ နည်းလမ်းမရှိမှာစိုးရတယ်။" ထန်ရှုမှ ရှင်းပြသည်။

“နောက်တစ်ချက်က ဒါအရမ်းဈေးကြီးတယ်။ လူအနည်းငယ်ကို ကယ်ဆယ်တာက ကောင်းပေမယ့် ကျွန်တော်တို့မှာ ရှိရှိသမျှ အကုန်ရောင်းချရင်တောင် လူအများကြီးကို ကယ်တင်ဖို့ မဖြစ်နိုင်ပါဘူး။”

ထန်ဟန်သည် လျှပ်တပြက်အတွင်း နားလည်သွားပြီး နှမြောတသနေဟန်ဖြင့်

“အမှောင်ဗိုင်းရပ်စ်ပိုးကို ဖိနှိပ်ထားတာက ယာယီဖြေရှင်းချက်တစ်ခုပဲ။ တည်ငြိမ်လျှပ်စစ်ဓာတ်က လူ့ခန္ဓာကိုယ်ကို ကြာရင် ထိခိုက်စေနိုင်တယ်။ လူတွေက အမှောင်ဗိုင်းရပ်စ်ပိုးကို အမြစ်ပြတ် မချေဖျက်နိုင်သေးရင် ငါ ကြောက်တာက…”

"နတ်ဆေးသမားတော် ကွေ့ကျန်းချိုးက အဆိပ်ဖြေဆေးကို သုတေသနပြုဖို့ အတတ်နိုင်ဆုံး လုပ်ဆောင်နေသလို နိုင်ငံတော်ကလည်း ဒီနေရာကို ဆေးပညာကျွမ်းကျင်တဲ့သူအများအပြား လွှတ်ပါလိမ့်မယ်။"

ထန်ရှုက အားတင်းပြုံးကာ ပြောလိုက်သည်။

“ကျွန်တော်က တရုတ်တိုင်းရင်းဆေးသမားတော် ဆိုပေမယ့် သူတော်စင်တစ်ယောက်တော့ မဟုတ်ဘူးလေ။ အလိုအပ်ဆုံးနေရာမှာ အကောင်းဆုံး ပစ္စည်းတွေကို အသုံးချနိုင်တယ်။ ဒါကြောင့် ကျွန်တော် ဂရုစိုက်တဲ့လူတွေရဲ့ လုံခြုံရေးနဲ့ ပြဿနာကို အရင်ဆုံး ဖြေရှင်းမှာပါ။”

“ဟုတ်တယ်။” ထန်ဟန်က ညင်သာစွာ ခေါင်းညိတ်ပြီး စိတ်ထဲတွင် နွေးထွေးသွားသည်။ "ငါ့ရဲ့ထန်စံအိမ်ကိုယ်ခံပညာကျောင်းမှာ ငါယုံကြည်ရတဲ့သူက ၁၂ ယောက်ပဲရှိတယ်။ သူတို့အားလုံးက ငါရဲ့သစ္စာရှိထောက်ခံသူတွေ ဖြစ်သလို ထန်မိသားစုအတွက်လည်း အများကြီး ပံ့ပိုးပေးခဲ့ကြတဲ့သူတွေ။ ငါ လေ့ကျင့်ပေးထားတဲ့ လက်နက်ကိုင်တပ်ဖွဲ့ အရေအတွက်ကတော့ လူ ၂၀၆ဦးခန့် ရှိတယ်။ သူတို့ရဲ့ သစ္စာစောင့်သိမှုနဲ့ ယုံကြည်စိတ်ချရမှုကို ငါ အာမခံနိုင်ပါတယ်။ နင် ဘယ်လို ထင်လဲ ... များလွန်းလား။"

"ဟင့်အင်း … ဒါက အဆင်ပြေတယ်။"

ထန်ရှုက ခေါင်းယမ်းပြီး ပြောလိုက်သည်။ “သူတို့အားလုံးကို ခေါ်စုလိုက်ပါ။ အစ်မကြီးကို ကုသပြီးရင် ကျွန်တော် ချက်ချင်း ကုသပေးမယ်။"

“ကောင်းပြီ။” ထန်ဟန်က ပြန်ဖြေပြီးနောက် ထွက်သွား၏။ အချိန်အများကြီးမဖြုန်းဘဲ ထန်ဟန်က ရေသန့်တစ်ခွက်နှင့် ပြန်ရောက်လာခဲ့ပြီး ထန်ရှုက ဆေးလုံးတစ်ဝက်ကို ချိုးကာ ရေထဲ ထည့်လိုက်သည်ကို ကြည့်နေသည်။ ထို့နောက် ထန်ရှု၏ ညွှန်ကြားချက်အတိုင်း သူမသည် ထိုရေကို သောက်လိုက်သည်။

သူမ၏ခန္ဓာကိုယ်အတွင်း၌ ပူနွေးသော စွမ်းအင်စီးကြောင်း မြင့်တက်လာပြီး အမှောင်ဗိုင်းရပ်စ်ကြောင့် ဖြစ်ပေါ်လာသော အားနည်းမှုကို မြန်ဆန်သောနှုန်းဖြင့် သက်သာသွားစေသည်။ သူမ၏ခန္ဓာကိုယ်အတွင်းပိုင်း အခြေအနေကို သူမ မမြင်နိုင်သော်လည်း ထိုအရာသည် နွေးထွေးမှုနှင့်အတူ သက်တောင့်သက်သာရှိမှုတို့ကို ယူဆောင်လာသည့်နည်းတူ သူမ၏ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းအား အပ်များဖြင့်ထိုးလိုက်သကဲ့သို့ နာကျင်ကိုက်ခဲမှုတစ်ခုလည်း ထွက်ပေါ်လာသည်ကို သူမ ရှင်းရှင်းလင်းလင်း ခံစားမိသေးသည်။ သူမသည် အစပိုင်းတွင် နာကျင်မှုကို ကြံ့ကြံ့ခံနိုင်ဆဲဖြစ်သော်လည်း အချိန်အတော်ကြာပြီးနောက်တွင် ၎င်းသည် ဖော်ပြချက်ထက် ကျော်လွန်၍ ဆိုးရွားသော ခံစားချက်ကို ယူဆောင်လာသည်။

သို့သော်လည်း ထန်ရှုသည် သူမအား မည်သည့်အခါမှ ဒုက္ခပေးမည်မဟုတ်ဟု သူမ ယုံကြည်ထားသည်။ သို့သော် နာရီဝက်ကျော်ကြာအောင် ကြံ့ကြံ့ခံနေပြီးနောက်တွင် ခန္ဓာကိုယ်ထဲမှ ထွက်လာသော အနံ့အသက်များကို မခံနိုင်တော့ဘဲ ရေချိုးခန်းထဲသို့ အရှိန်ပြင်းစွာ ပြေးသွားတော့သည်။

ကျွီ...

စာကြည့်ခန်းတံခါး ပွင့်လာပြီး ရေချိုးပြီးသွားသော ထန်ဟန်သည် သူမ၏ဗိုက်ကို ပွတ်သပ်ရင်း ထူးဆန်းသော အမူအရာဖြင့် ထန်ရှု၏အရှေ့သို့ ရောက်လာသည်။ သူမသည် အားနည်းနေသေးသော်လည်း သူမ၏ခန္ဓာကိုယ်မှ အနက်ရောင်အညစ်အကြေးများ ထွက်လာပြီး ခြောက်ကြိမ်ခန့် ဝမ်းလျှောသွားခြင်း၏ရလဒ်ကြောင့် အမှောင်ဗိုင်းရပ်စ် ကင်းစင်သွားကြောင်း သူမ ရှင်းရှင်းလင်းလင်း ခံစားမိပေသည်။

"ကြည့်ရတာ ငါ အခြေအနေ အတော်ကောင်းသွားသလိုပဲ မောင်ငယ်လေး။"

ထန်ဟန်၏မျက်လုံးလေးများက အရောင်တောက်ပလျက် ရွှင်မြူးသောအမူအရာဖြင့် ဆိုသည်။

ထန်ရှု ခပ်ဖွဖွ ပြုံးလိုက်သည်။ သူ သုံးလိုက်သောဆေးသည် ကျိချွီမိန်ဆီက ရလာသည့် သန့်စင်သော ဒဏ်ရာပျောက်ဆေးဖြစ်သည်။ သူ့တွင် သန့်စင်သော ဒဏ်ရာပျောက်ဆေး အနည်းငယ်သာ ကျန်ရှိသော်လည်း ၎င်းသည် ကျင့်ကြံသူများအတွက် ကုထုံးတစ်ခုဖြစ်ပေရာ ဤကဲ့သို့ အမှောင်ဗိုင်းရပ်စ်ပိုးအား မည်ကဲ့သို့ အကျိုးမသက်ရောက်ပဲ နေပါမည်နည်း။

ကျိချွီမိန်သည် ဂူယန်အာနှင့် ကမ္ဘာမြေသို့ လိုက်ပါလာပြီးနောက် သူမ၏နေရာလွတ်လက်စွပ်သည် အာကာသမုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားခဲ့ပြီး သူမ၏ ပစ္စည်းအားလုံးကို ဆုံးရှုံးခဲ့ရသည့်တိုင် ဆေးလုံးများ ဖော်စပ်ရန် အင်မော်တယ်မီးဖိုကို အသုံးပြုလိုက်သည်နှင့် သူမ သန့်စင်လိုက်သော အဆိုးဆုံးအဆင့် ဆေးလုံးပင်လျှင် အင်မော်တယ်အဆင့် ဆေးလုံးများ ဖြစ်နိုင်ချေ များပေသည်။

"အဲ့ဒီလူတွေ ဘယ်မှာလဲ အစ်မကြီး။"

ထန်ရှုက ထကာ ပြုံးပြီး မေးလိုက်သည်။

"ငါနဲ့ လိုက်ခဲ့။ သူတို့က သိုင်းလေ့ကျင့်ရေးကွင်းရဲ့ အိပ်ဆောင်မှာ နေကြတော့ အခုလေ့ကျင့်ရေးကွင်းမှာ စုဝေးနေကြပြီ။" ထန်ဟန်က ရှင်းပြသည်။ မိနစ်အနည်းငယ်ကြာပြီးနောက် ထန်ဟန်သည် ထန်ရှုကို ခေါ်သွားခဲ့လေရာ မိုအားဝူနှင့်အခြားသူများသည် အနောက်မှ လိုက်ပါလာကြပြီး ထန်စံအိမ် ကိုယ်ခံပညာသင်တန်းကျောင်း၏ လေ့ကျင့်ရေးကွင်းသို့ လာခဲ့ကြသည်။ ယခုအချိန်တွင် သိုင်းကျောင်း၏ အမာခံအဖွဲ့ဝင် ၂၀၆ဦးအပြင် ထန်ဟန်မှ လေ့ကျင့်ပေးထားသည့် ယုံကြည်စိတ်ချရသော လက်အောက်ငယ်သား ၁၂ ဦးလည်း ရှိသည်။ သည်လူများအားလုံးသည် သိုင်းပညာရှင်စစ်စစ်များ ဖြစ်သည်။ ၎င်းတို့အနက်မှ မည်သူမျှ သိုင်းပညာရှင်ကြီးအဆင့်သို့ မရောက်သေးသော်လည်း ၎င်းတို့၏ခွန်အားသည် တွက်ဆရမည့်ခွန်အားတစ်ခု ဖြစ်နေဆဲပင်။

"ရေသန့်။"

လူတိုင်း၏စောင့်ကြည့်နေသော မျက်လုံးများအောက်တွင် ထန်ရှုက မိုအားဝူ ပေးသော ရေသန့်ကို ယူကာ သန့်စင်သော ဒဏ်ရာပျောက်ဆေး ဆေးပြားတစ်ဝက်ကို လောင်းထည့်လိုက်သည်။

ထန်ဟန်၏အမူအရာသည် ယခုအကြိမ်တွင် အလွန်လေးနက်နေပြီး

"အားလုံး … နင်တို့ထဲက တစ်ချို့က ငါ့အနားမှာရှိတဲ့ ဒီလူကို သိပြီးပြီ … တစ်ချို့က မသိကြဘူး။ သူ့ကို သိသည်ဖြစ်စေ မသိသည်ဖြစ်စေ သူက ငါ့ရဲ့ဝမ်းကွဲမောင်လေး ထန်ရှုပဲ။ ကူးစက်ရောဂါ ပြဿနာကို ဖြေရှင်းဖို့ မိသားစုက သူ့ကို တာဝန်ပေးထားတယ်။ ဒီဆေးက အလွန်ရှားတယ်လို့ မှတ်ထားပေးပါ။ ဒါကြောင့် ငါ့ရဲ့အရင်းနှီးဆုံးနဲ့ အယုံကြည်ရဆုံးလူတွေကိုပဲ သောက်ခိုင်းနိုင်တယ်။ ဒါကြောင့် ဒီဆေးသောက်ပြီးတာနဲ့ ဘယ်သူမှ ဒီကိစ္စကို ပေါက်ကြားခွင့်မပြုနိုင်ဘူး။ ဒီဆေးက ငါတို့မှာ ဖြစ်နေတဲ့ ကူးစက်ရောဂါကို လုံးလုံးလျားလျား ဖြေရှင်းပေးနိုင်တယ်။”

အားလုံးက ကျေနပ်အံ့အားသင့်နေကြဟန် ရှိသည်။ ၎င်းတို့သည် အမှောင်ဗိုင်းရပ်စ်ကြောင့် အကြပ်အတည်းနှင့်ဒုက္ခများတွေ့ကာ စိတ်ပျက်အားငယ်နေရသည်။ ဗိုင်းရပ်စ်ကြောင့် ဖြစ်ပေါ်လာသော ၎င်းတို့၏ခန္ဓာကိုယ် ယိုယွင်းပျက်စီးမှုကို တည်ငြိမ်လျှပ်စစ်ဓာတ်ဖြင့် ခေတ္တထိန်းထားနိုင်သော်လည်း ၎င်းမှာ မှုန်ပျသော မျှော်လင့်ချက်အလင်းရောင်မျှသာ ဖြစ်သည်။

သို့သော် ယခုချိန်တွင် သူတို့၏ဘေးကင်းရေးကို အာမခံပြီး အကျပ်အတည်းကို ဖြေရှင်းနိုင်မည်ကို သူတို့ နောက်ဆုံး သဘောပေါက်ခဲ့ပေသည်။

သန့်စင်သော ဒဏ်ရာပျောက်ဆေးသည် ရေတွင် ကောင်းစွာ ပျော်ဝင်သွားပြီး ထိုရေအား လူတိုင်း ယူပြီးသွားသောအခါ ထန်ဟန်က ချက်ချင်းပင် ၎င်းတို့အားလုံးကို တန်းဖြုတ်ပေးလိုက်သည်။ ဆေးသောက်ပြီးပါက ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို သူမ သိထားပြီးဖြစ်ရာ လက်အောက်ငယ်သားများ၏ ရှက်ရွံ့နေသောပုံစံကို သူမ မမြင်ချင်သလို အနံ့အသက်ဆိုးကိုလည်း သူမ ထပ်မရှုချင်ပါချေ။

ထန်ဟန်၏စာကြည့်ခန်းသို့ ပြန်ရောက်လာကြပြီးနောက် ထန်ရှုက

"အစ်မကြီး … ကျွန်းမှာ ဘယ်သူက အချမ်းသာဆုံးနဲ့ သြဇာအရှိဆုံးလဲ။ မြောင်မျိုးရိုးအမည်ရှိတဲ့ လူတစ်ယောက်ကိုရော သိလား။"

"မြောင်ဟုန်းဖူလား။" ထန်ဟန်က အံ့အားသင့်သော အမူအရာဖြင့် ကြားဖြတ်ပြောလိုက်သည်။ "နင် ဘာလို့ သူ့အကြောင်း မေးနေတာလဲ။"

ထန်ရှု၏မျက်လုံးများထဲတွင် အေးစက်စက် အရိပ်တစ်ခု လင်းလက်သွားသည်။

"ပျက်စီးနေတဲ့သားရဲ့ အမှားတွေက သူ့အဖေရဲ့ သွန်သင်ဆုံးမချက်နဲ့ ဘယ်တော့မှ မကင်းကွာနိုင်ဘူး။ သူ့သားမြောင်ဝမ်လေ့က သားရဲတစ်ကောင်ပဲ။ ကျွန်တော် သူ့ကိုရော သူ့ရဲ့လူရမ်းကားတွေကိုရော သတ်ပြီးသွားပြီ။ ဟမ့် … ကျွန်တော် လုပ်ခဲ့ပြီးသားမို့ ဒုက္ခရဲ့ရင်းမြစ်ကို ကောင်းကောင်း ရှင်းပစ်ရမယ်။”

ကျောက်ရုပ်ပမာမျက်နှာဖြင့် ပါးစပ်အာစေးမိနေသော ထန်ဟန်သည် ထန်ရှုကို အချိန်အတော်ကြာ ကြည့်ပြီး မချိပြုံး ပြုံးလိုက်ကာ

“မောင်ငယ်လေး … နင် တတ်နိုင်ရင် … အာ မေ့လိုက်တော့ … နင် လုပ်ပြီးနေပြီပဲ။ ဒုက္ခရဲ့အရင်းအမြစ်ကို ဖယ်ထုတ်တာက အကောင်းဆုံးဆိုတာ အမှန်ပဲ။ တကယ်တော့ မိမဆုံးမ ဖမဆုံးမ ဖြစ်တာမျိုး မဟုတ်ဘဲနဲ့ သူ့အဖေနဲ့ သွားတူတာနေမယ်။ မြောင်ဟုန်းဖူကလည်း  ရက်စက်ကြမ်းကြုတ်တယ်၊ အကြင်နာကင်းမဲ့ပြီး လိမ္မာပါးနပ်သူဖြစ်တယ်။ ဒီနှစ်အတွင်း သူ ဘယ်လောက် ဒုက္ခပေးခဲ့မှန်းမသိပေမယ့် အစိုးရက သူ့ကို ဖယ်ရှားချင်ရင်တောင် အဲ့ဒီအကျင့်ဆိုးတွေရဲ့ နောက်ကွယ်မှာ ရှိနေတယ်ဆိုတဲ့ အထောက်အထား ရှာမတွေ့ဘူး။ ဒါကြောင့် သူက အမြဲတမ်း လွတ်လွတ်ကျွတ်ကျွတ် ဖြစ်နေတာ။ နောက်ပြီး သူ့နောက်မှာ တခြားတစ်ယောက်လည်း ရှိသေးတယ်။"

ထန်ရှုက မျက်မှောင်ကြုတ်သွားပြီး

"သူ့နောက်မှာ တခြားတစ်ယောက်ယောက် ရှိနေသေးတာလား။ ဘယ်သူများလဲ။"

“ပေကျင်းမြို့ မုမိသားစုက မုကျန်းဟွာ။” ထန်ဟန်က ပြန်ဖြေသည်။

"ဘာကြီး…" ထန်ရှုက ထအော်လိုက်မိသည်။

"ဘာမှားလို့လဲ။ မုတွေက မြို့တော်မှာ အတော်လေး သြဇာရှိပြီး လွှမ်းမိုးမှုရှိပေမယ့် သူတို့က ငါတို့ထန်မိသားစုထက် နိမ့်ကျနေသေးတယ် မဟုတ်ဘူးလား။ နင် သူတို့ကြောင့် စိတ်ရှုပ်ရတာက မထိုက်တန်ပါဘူး။”

ထန်ရှုက ခဏလောက် ချီတုံချတုံဖြစ်နေပြီးမှ မချိပြုံး ပြုံးလိုက်ရင်း

"မုမိသားစုသာဆိုရင် အဲ့ဒီလောက် ရှုပ်နေမှာ မဟုတ်ဘူး။ ဒါပေမယ့် ပြဿနာက … ဟူး … မုကျန်းဟွာက ကျွန်တော့်ရဲ့ အနာဂတ် ယောက္ခမဖြစ်နေတယ်။”

ခွိ ... ဟားဟားဟား … ထန်ဟန်က ရယ်မောလိုက်ရင်း ငိုရမလိုလို ရယ်ရမလိုလိုဖြစ်နေကာ

"နင် အရမ်းတော်တာပဲ မောင်ငယ်လေး။ မြို့တော်ရဲ့နံပါတစ်အလှလေး မုဝမ်ရင်ကိုတောင် ရထားလိမ့်မယ်လို့ မထင်ထားမိဘူး။ ဘာပဲဖြစ်ဖြစ်... ဟားဟား... သူစိမ်းတစ်ယောက်နဲ့ ရန်ဖြစ်လိုက်တာ အဆုံးသတ်မှာ သူက မင်းရဲ့ဆွေမျိုးဖြစ်နေသလိုပဲပေါ့။ နင်က အနာဂတ်ယောက္ခမရဲ့ လုပ်ဖော်ကိုင်ဖက်ရဲ့သားကို တကယ်သတ်လိုက်တာပဲ။ မြောင်ဟုန်းဖူကို နင်သတ်ရင် နင့်ရဲ့ယောက္ခမက နင့်ကို တိုက်ခိုက်လာလိမ့်မယ်လို့ ငါ ပြောရဲတယ်။"

ထန်ရှု ကူကယ်ရာမဲ့ဟန်ဖြင့် မချိပြုံး ပြုံးလိုက်ပြီး "ဒီလောက်အထိ သူ လုပ်ပါ့မလား။"

"ဘယ်လို မဖြစ်နိုင်ရမှာလဲ။"

ထန်ဟန်က အပြုံးဖြင့် ငြင်းဆန်လိုက်သည်။

“မုကျန်းဟွာက မုမိသားစုရဲ့ တခြားအဖွဲ့ဝင်တွေအမြင်မှာ အသုံးမကျတဲ့သူပဲ။ သူ့အဘိုးကြီးက မုမိသားစုရဲ့အကြီးအကဲ ဖြစ်တာတောင် အဲ့ဒီရာထူးကို မုကျန်းဟွာ အမွေဆက်ခံဖို့ နည်းလမ်းမရှိဘူး။ နင့်ရဲ့ အနာဂတ်ယောက္ခမ အကြောင်း တစ်ခုခုတော့ နင် လေ့လာသင့်တယ်ထင်တယ်။ ဒီလူက ရိုးရိုးရှင်းရှင်းပဲ... တစ်ခုတော့ ပြောရဦးမယ်။ နင် မြောင်ဟုန်းဖူကို သတ်လိုက်ရင် ဒါက မင်းယောက္ခမရဲ့ အကြီးမားဆုံး ဝင်ငွေရင်းမြစ်ကို ဖျက်စီးပစ်လိုက်သလို ဖြစ်မှာနော်။ သူ မင်းနဲ့ အကြီးအကျယ် မတိုက်ခိုက်ရင်သာ ထူးဆန်းလိမ့်မယ်။"

"ကျွန်တော် နားမလည်ဘူး။" ထန်ရှုက မျက်မှောင်ကြုတ်လိုက်သည်။

"တကယ်လို့ မုကျန်းဟွာက မြောင်ဟုန်းဖူဆီကနေ ဒီလိုငွေအရင်းအနှီးရနေရင် သူ့အကြွေးတွေ ဆပ်ဖို့ ပိုက်ဆံကို သူ့သမီးဆီကနေ ဘာလို့ တောင်းနေတာလဲ။”

ထန်ဟန်၏မျက်နှာတွင် အံ့အားသင့်သွားသော အမူအရာတစ်ခု ရှိနေသော်လည်း သူမက ချက်ချင်းပြန်ပြောသည်။

"နင့်အနာဂတ်ယောက္ခမရဲ့ မကောင်းတဲ့အကျင့်ကို နင် လျှော့တွက်မိပြီထင်တယ် မောင်ငယ်လေး။ လူတွေ သတိမထားမိကြပေမယ့် လွန်ခဲ့တဲ့သုံးနှစ်လောက်က မုကျန်းဟွာက ကာစီနိုမြို့တော် လက်စ်ဗီးဂတ်စ်မှာနေပြီး ယွမ်မီလီယံခြောက်ရာကျော် တစ်ကြိမ် ဆုံးရှုံးခဲ့တယ်လို့ ငါ ကြားဖူးတယ်။”

“ချီးပဲ…”

မုကျန်းဟွာ သည်ကဲ့သို့ အကြီးကြီး လုပ်ဆောင်သောကြောင့် ထန်ရှု အံ့အားသင့်သွားသည်။

***

All Chapters