← Chapters

တဖြည်းဖြည်း မြင့်တက်လာသော ပရမ်းပတာနှင့် ဗလောင်ဆန်ဆူညံနေခြင်းများ

Vol. 55 Ch. 765

တဖြည်းဖြည်း မြင့်တက်လာသော ပရမ်းပတာနှင့် ဗလောင်ဆန်ဆူညံနေခြင်းများ

Vol. 55 Ch. 765

မြောင်ဟုန်းဖူ ချက်ချင်းအော်ဟစ်တော့သည်။

“ဝမ်လေ့ ဘယ်မှာရှိလဲ ခုရှာ။ ရဲတပ်ဖွဲ့ဆီ ဆက်သွယ်ပြီး သူတို့ရဲ့ဆက်သွယ်ရေးကိရိယာတွေကို အသုံးပြုခိုင်း။ သူ့ဖုန်းက ဖွင့်ထားဆဲမို့ ဝမ်လေ့ရဲ့နေရာကို အဲ့ဒီကနေ လိုက်ဖို့ သူတို့ကို ပြောပေး။ သူ့ကို ရှာဖို့ လူတွေကို ချက်ခြင်းလွှတ်နော်။ မင်း ဘာနည်းလမ်းပဲ သုံးသုံး၊ ငွေ ဘယ်လောက်ပဲ ကုန်ကုန် ငါ ဂရုမစိုက်ဘူး။ မင်း သူ့ကို တတ်နိုင်သမျှ မြန်မြန် ရှာရမယ်။"

“ဒါ…”

ထိပ်တန်းအမှုဆောင်အရာရှိက တုံ့ဆိုင်းသွားသော်လည်း မချိပြုံး ပြုံးကာ

“သူဌေး … လက်ရှိအခြေအနေက အရမ်းထူးခြားတယ်။ ကျွန်တော်တို့လူတွေအားလုံးက ကူးစက်ခံထားရတော့ အခုလို ရှာဖွေမှုကြီးကို လုပ်ဆောင်တာ လက်တွေ့မကျဘူး။ ကြိုတင်ပြင်ဆင်မှု လုပ်ထားတဲ့ လုံခြုံရေးအဖွဲ့ဝင်အားလုံးကို စေလွှတ်တာက ပိုကောင်းမယ်လို့ ကျွန်တော် ထင်တယ်။ ရဲတွေက သခင်လေးမြောင်ရဲ့ဖုန်းတည်နေရာကို ရှာတွေ့ပြီးတာနဲ့ ကျွန်တော်တို့လူတွေ အဲ့ဒီနေရာကို ချက်ချင်း အပြေးအလွှား သွားနိုင်ပါတယ်။”

မြောင်ဟုန်းဖူ ရုတ်တရက် အသိဝင်သွားသည်။ ယခုအချိန်သည် ကျွန်းမှလူများအားလုံး အမှောင်ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသောကြောင့် အထူးအချိန်ကာလဖြစ်သည်။ ဗိုင်းရပ်စ်ပိုးကို ခေတ္တ နှိမ်နှင်းရန် နည်းလမ်းကို ရှာတွေ့ခဲ့သော်လည်း ၎င်းသည် ယာယီဖြေရှင်းချက်သာ ဖြစ်သည်။ ကျွန်းပေါ်ရှိ လူများအားလုံး ရှုပ်ယှက်ခတ်ပြီး ဖရိုဖရဲ ဖြစ်နေချိန်တွင် သူ့သားကို အင်အားသုံးရှာဖွေရန် လူများစွာကို စေလွှတ်ခြင်းသည် လက်တွေ့မကျလှပေ။

"မင်းပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့။ ဒါပေမယ့် အခြေအနေကို ရှင်းရှင်းလင်းလင်း သိနိုင်ဖို့ တစ်စုံတစ်ယောက်ကို လုံခြုံရေးအဖွဲ့ဆီ လွှတ်လိုက်ပါ။ ဝမ်လေ့နဲ့ဘယ်သူကျန်ခဲ့လဲ၊ ဘယ်ကို သွားကြလဲဆိုတာ သိနိုင်တဲ့သူတွေအားလုံးကို မေး။”

"ကျွန်တော် ချက်ချင်း လုပ်လိုက်မယ်။"

ကုမ္ပဏီအမှုဆောင်နှစ်ဦး ထွက်ခွာသွားချိန်တွင် မြောင်ဟုန်းဖူသည် ရီဝေသောခေါင်းဖြင့် ရုံးခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေသည်။ ကုမ္ပဏီ၏ လုံခြုံရေးအစောင့်က သူ့ဆီ ဖုန်းဆက်ပြီး အကြောင်းပြချက်မရှိဘဲ အကူအညီ တောင်းသည်ဟူသော ဖြစ်နိုင်ခြေကို ဖယ်ထုတ်လိုက်သည်။

အဘယ်ကြောင့်ဆိုသော် မီးလျှံအဖွဲ့တွင် ရွေးချယ်တာဝန် ပေးအပ်ထားသော အဖွဲ့ဝင်များအားလုံးသည် မကောင်းမှုပြုရာတွင် ရာဇဝတ်မှုများ ပြုလုပ်ရန်အတွက်နှင့် သူ အထူးလေ့ကျင့်ပေးထားသော ကြေးစားလူမိုက်များ ဖြစ်သောကြောင့်ပင်။

မျှော်လင့်ထားသည့်အတိုင်း စုံစမ်းမှုရလဒ်များသည် မြောင်ဟုန်းဖူထံသို့ လျင်မြန်စွာ ရောက်ရှိလာသည်။ မနေ့ညက သားဖြစ်သူ မြောင်ဝမ်လေ့နှင့် စုစုပေါင်း ခုနစ်ဦး ကျန်ခဲ့သည်။ သူတို့သည် ပါတီပွဲကျင်းပပြီး သန်းကြွယ်သူဌေးကလပ်တစ်ခုတွင် အခြားသော ဖျော်ဖြေမှုမျိုးစုံကို ခံစားပြီးနောက် ယနေ့နံနက်တွင် ထွက်ခွာသွားခဲ့သည်။

မြောင်ဟုန်းဖူသည် ယာဉ်ထိန်းရဲအဖွဲ့မှ ပေးပို့သော ယာဉ်လမ်းကြောဗီဒီယိုကို ကြည့်ရှုခဲ့သည်။ သူ့အား ဒေါသအမျက်ထွက်စေခဲ့သည့်အရာမှာ အမှိုက်သရိုက်လို သူ့သားက ကလေးမလေးတစ်ယောက်ကို ကားခေါင်မိုးထက်တွင် ကြိုးဖြင့် ချည်ပြီး မြို့လယ်လမ်းကို ဖြတ်ပြီး ကျွန်းလယ်ခေါင်က တောင်ပေါ်ကို ဦးတည်သွားခြင်းပင်တည်း။

"ကောချန် … လူတစ်ချို့ကို ခေါ်သွားပြီး သူ့ကိုရှာပါ။"

ကောချန်သည် မီးလျှံအဖွဲ့၏အသင်းခေါင်းဆောင်ဖြစ်ပြီး ၎င်း၏ယုံကြည်ရသော ကြေးစားလူမိုက်လည်း ဖြစ်သည်။

****

ထန်စံအိမ်ကိုယ်ခံပညာသင်တန်းကျောင်းတွင်…

ထန်ရှုသည် ကျီတန်ထံမှ အစီရင်ခံစာကို လက်ခံရရှိခဲ့သည်။ ရက်စ်တွန်ဂိုဏ်းမှ ကျန်းလေ့သိုမိုသည် အမှန်တကယ် ကျွမ်းကျင်သူ တစ်ယောက် ဖြစ်သည်ကို သူ သိရသောအခါတွင် ချက်ချင်းပင် စိတ်ဝင်စားသွားသည်။ ကျီတန်နှင့် ရဲရှီစန်းတို့သည် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ရှိပြီးသော ကျင့်ကြံသူများဖြစ်ကြသော်လည်း ၎င်းတို့၏ခွန်အားသည် တစ်ဖက်လူနှင့် ဆန့်ကျင်ဘက်သာ ဖြစ်ကြောင်း မှတ်သားထားရပေမည်။ ဤသည်မှာ ကျန်းလေ့သိုမို၏ ကိုယ်ပိုင်လက္ခဏာနှင့်ပတ်သက်၍ ထန်ရှုအား စိတ်ဝင်စားမှုနှင့် စူးစမ်းလိုမှုကို ဖြစ်ပေါ်စေသည်။

"ကိုယ်တိုင်သွားချင်လား။" ထန်ဟန်က ချီတုံချတုံ မျက်နှာအမူအရာဖြင့် မေးသည်။

"ကျွန်တော် တကယ်စိတ်ဝင်စားနေလို့ အခြေအနေတွေကို ကိုယ်တိုင် ကြည့်ချင်တယ်။ တကယ်တော့ ပြည်ပရာဇဝတ်မှုအဖွဲ့အစည်းတစ်ခုရဲ့ အဖွဲ့ဝင်တစ်ယောက်အတွက် သူ့ဘာသာသူ ဒီလိုခွန်အားမျိုးရှိဖို့က ပုံမှန်မဟုတ်တဲ့ကိစ္စပါ။ အစ်မကြီး ဒီမှာပဲနေပြီး ကျွန်တော့်သတင်းကို စောင့်ပေး။ ဒီတစ်ကြိမ်မှာ ကျွန်တော် လုပ်ခဲ့တဲ့ နည်းပရိယာယ်တွေက မြောင်ဟုန်းဖူနဲ့ ရက်စ်တွန်တို့ကိုသာမကဘူး အခြားပိုအားကောင်းတဲ့ အင်အားစုနှစ်ခုကိုပါ ဆန့်ကျင်ဘက် ဖြစ်လိမ့်မယ်။ ကျွန်တော့်ဇာတ်ညွှန်းအတိုင်း ပြဇာတ်က လည်ပတ်နေသရွေ့ ကျွန်းကအကျပ်အတည်းကို ဖြေရှင်းပေးနိုင်ပါတယ်။”

"ငါ နင်နဲ့လိုက်ခဲ့မယ်။" ထန်ဟန်က ကြားဝင်ပြောသည်။ “ငါက သိုင်းပညာရှင်ကြီးအဆင့်ကို မရောက်သေးပေမယ့် ခြေတစ်လှမ်းလောက်ပဲ လိုတော့တာပါ။ နောက်ပြီး အရေးပေါ်အခြေအနေမှာ ကျွမ်းကျင်သူအဖွဲ့တစ်ဖွဲ့ကိုလည်း ခေါ်ဆောင်လာနိုင်တယ်။”

"အစ်မကြီးစိတ်ထဲရှိတာကို ကျွန်တော် နားလည်ပါတယ်။" ထန်ရှုက သူ့လက်ကို ဝှေ့ယမ်းပြီး "ဒါပေမယ့် အဘိုးက ကျွန်တော့်ကို ဒီပို့လိုက်တယ်ဆိုတာက ဒီကပြဿနာတွေအားလုံးကို ကျွန်တော် ဖြေရှင်းနိုင်စွမ်းရှိတယ်လို့ သူ ယုံကြည်ထားလို့ပါ။ ကျေးဇူးပြုပြီး စိတ်မပူပါနဲ့။ ကျွန်းတစ်ခုလုံးက လူအများကြီး မရှိတာမို့ အုပ်စုလိုက်ဆိုရင် ကျွန်တော့်ကို သတိထားမိသွားလိမ့်မယ်။ အစီအစဉ်တွေ၊ နည်းပရိယာယ်တွေကို အသုံးချရတာက ကျွန်တော်ကိုယ်တိုင် မလှုပ်ရှားချင်လိုပါ။ နောက်ပြီး ထန်စံအိမ်သိုင်းသင်တန်းကျောင်းက ကျွန်းပေါ်က ကျွန်တော်တို့ ထန်မိသားစုရဲ့လွတ်မြောက်ရာလမ်းပါ။ အဲ့ဒါကို တတ်နိုင်သမျှ သိုသိုသိပ်သိပ်နေစေချင်ပြီး မလိုအပ်ရင် မထုတ်ပြချင်ဘူး။”

ထန်ဟန်သည် ခဏမျှ တုံ့ဆိုင်းသွားပြီး နောက်ဆုံးတွင် သူမ ခေါင်းညိတ်ကာ

“ကောင်းပြီ။ ဒါဆို နင့်ရဲ့လုံခြုံရေးကို ဂရုစိုက်ရမယ်။ ဒီမှာ နင် တစ်ယောက်တည်း မဟုတ်ဘူး။ ဒါကြောင့် နင့်ကိုယ်နင် အန္တရာယ်ထဲ မကျစေနဲ့။"

"သိပါတယ် အစ်မကြီး။"

ထန်ရှုက ပြန်ပြောပြီး ထန်စံအိမ်ကိုယ်ခံပညာကျောင်းမှ ကားကို မောင်းထွက်လာသည်။ ညသန်းခေါင်တွင် သူသည် သောင်းပြောင်းထွေလာမြို့ မြောက်ဘက် ဆယ်ကီလိုမီတာကျော်ရှိ တောအုပ်သို့ ရောက်ရှိလာပြီး ရဲရှီစန်းနှင့် ကျီတန်တို့ကို တွေ့ဆုံခဲ့သည်။

"မင်းတို့နှစ်ယောက်တည်းလား။ ကျန်တဲ့သူတွေရော။"

"သူတို့က လောလောဆယ် အတွင်းသတင်းကို စုဆောင်းနေပါတယ်။" ရဲရှီစန်းက လေးစားစွာပြောသည်။

“ငါတို့က နည်းပရိယာယ်တွေကို အာရုံစိုက်ဖို့ လိုနေသေးတယ်။ ဒါကြောင့် လမ်းခုလတ်မှာ မတော်တဆမှုတစ်ခုခုဖြစ်ရင် အစီအစဉ်ကို ချိန်ညှိနိုင်သလို မီးတောက်ထဲကို လောင်စာထည့်နိုင်ပါတယ်။”

"မင်းတို့အားလုံး ဘယ်လိုတွေလုပ်နေကြလဲဆိုတာက ငါ့ကို တကယ်ပဲ စိတ်ငြိမ်စေနိုင်တယ်။" ထန်ရှုက ပြုံးလိုက်သည်။။

"ဒါနဲ့ ဒီမြောင်ဆိုတဲ့လူက ဘယ်လိုအခြေအနေရှိလဲ"

"ကျန်းကျူးက အဲ့ဒီနေရာမှာ အခြေအနေကို စောင့်ကြည့်နေတယ်။ ပြီးခဲ့တဲ့ နှစ်နာရီ ၁၅ မိနစ်ခန့်က မြောင်ဟုန်းဖူရဲ့လူယုံကောချန်က ချင်းယွမ်အုပ်စုရဲ့ လုံခြုံရေးအစောင့်ဒါဇင်ပေါင်းများစွာကို ဦးဆောင်ပြီး မြောင်ဝမ်လေ့ကို သတ်ခဲ့တဲ့နေရာဆီ အပြေးအလွှား သွားနေတယ်လို့ စာတိုပေးပို့တယ်။ ဒါပေမယ့် ဟိုက်ရှုံးက မြောင်ဝမ်လေ့ရဲ့ဖုန်းတင်မကဘူး သူ့ရဲ့ကြေးစားလူမိုက်ခုနစ်ယောက်လုံးရဲ့ဖုန်းကိုပါ သတင်းပေးပို့ခဲ့တယ်။ ဟိုက်ရှုံးက ဖုန်းကိုဖွင့်ပြီး သုံးမိနစ်ကြာအောင် ချိတ်ဆက်လိုက်တယ်။ ဒါပေမယ့် အချိန်က လုံလောက်ပါတယ်။”

ထန်ရှုက မျက်လုံးတွေကို မှေးစင်းလိုက်ပြီး "ဆိုလိုတာက ... သူတို့က ဂြိုလ်တုကနေ အဲ့ဒါရဲ့တည်နေရာကို ခြေရာခံနေတာလား။ ပြည်သူ့လုံခြုံရေးဗျူရို ဒါမှမဟုတ် ယာဉ်ထိန်းရဲဌာနက လူတွေ ဒီကိစ္စမှာ ပါဝင်ပတ်သက်ခဲ့တာလား။”

"ဟုတ်တယ်။ ကျီတန်က ကွန်ရက်ကို ဟက်လိုက်တော့ ယာဉ်ထိန်းရဲဌာနက ကြားဝင်ဆောင်ရွက်ပေးတယ်လို့ သိရတယ်။ အစက ဝံပုလွေအုပ်စုရဲ့ရဲတပ်ဖွဲ့တွေ အဲ့ဒီနေရာမှာ စုဝေးနေကြပေမယ့် ဘာကြောင့်လဲမသိဘူး သူတို့တွေ ပျောက်သွားကြတယ်။ ရဲတပ်ဖွဲ့အပေါ် သူ လွှမ်းမိုးတယ်ဆိုတာ ပုံမှန်ပါပဲ။ ကျွန်းမှာ အချမ်းသာဆုံးလူဖြစ်ခွင့်ရဖို့အတွက် သူ့မှာ ခိုင်မာတဲ့ကွန်ရက်နဲ့ ကိုယ်ရေးကိုယ်တာချိတ်ဆက်မှုတွေ ရှိတာပဲ။ ခဏစောင့်ရအောင်။ ငါတို့က တော်တော်ကောင်းတဲ့ ဇာတ်လမ်းတွဲကို ကြည့်ကြမယ်။”

"သူဌေး … မဟူရာကလပ်နဲ့ မှော်ဓာတ်ပညာရှင်တွေ တွေ့ကြဖို့ ငါတို့တော့ တွင်းတစ်ခုကို တူးပြီးပြီ။ ဒါပေမယ့် ငါတို့ ဒါကို တိတ်တဆိတ် စောင့်ကြည့်ဖို့ နည်းလမ်းမရှိဘူး။" ရဲရှီစန်းက တုံ့ဆိုင်းစွာ ပြောလိုက်သည်။

"နှစ်ဘက်စလုံးမှာ ပြဿနာတချို့ ကြုံလာရင် ငါတို့ အစီအစဉ်ကို အချိန်မီ ပြင်နိုင်မှာ မဟုတ်ဘူး။"

ထန်ရှုက ပြုံးပြီး ပြောလိုက်သည်။

"အားဝူက အဲ့ဒီအတွက် အတွင်းသတင်းတချို့ကို စုဆောင်းထားတယ်။ အဲ့ဒီမှော်ဓာတ်ပညာရှင်တွေက ကမ္ဘာ့အကြီးဆုံးအဖွဲ့အစည်းဖြစ်တဲ့ ပိရမစ်နဲ့ သက်ဆိုင်တယ်လို့ သိခဲ့ရပြီ။ အဲ့ဒီအဖွဲ့အစည်းနှစ်ခု မဟူရာကလပ်နဲ့ ပိရမစ်တို့က အမြဲလိုလို သဘောထားကွဲလွဲနေတာမို့ ဒီအပြစ်ပုံချတာက ၎င်းတို့ကြားရှိ ကျန်ရှိနေတဲ့ အရာတွေပါ ပေါက်ကွဲသွားစေလိမ့်မယ်။ အခု ငါ အလေးထားတာက ဒီနှစ်ဖွဲ့ ဆုံးရှုံးနစ်နာမှု ဘယ်လောက်ရှိမယ် ဆိုတာပဲ။”

ယနေ့ညတွင် ကျွန်းတစ်ခုလုံးရှိ နိုင်ငံခြားအင်အားစုများသည် သတိကြီးစွာဖြင့် စောင့်ကြည့်နေကြပြီး ဆူညံသံအနည်းငယ် ဖြစ်ပေါ်နေခဲ့သည်။ ပိရမစ်မှ ကျွမ်းကျင်သူများစွာသည် မဟူရာကလပ်၏စခန်းကို တိုက်ခိုက်ခဲ့ပြီး ဝံပုလွေလေးကောင်နှင့် မြို့စားအဆင့် ဗန်ပိုင်းယားကောင်အချို့ကို တိတ်တိတ်ဆိတ်ဆိတ် သတ်လိုက်ခြင်းကြောင့် ဖြစ်သည်။ ထို့အပြင် အလောင်းများကိုလည်း သယ်သွားကြသည်။

ယင်းနောက် အခြားနိုင်ငံခြားအင်အားစုများသည်လည်း ခြုံခိုတိုက်ခိုက်ခြင်း ခံခဲ့ရပြီး အဖွဲ့အစည်းကြီးနှစ်ခုသည် ဆုံးရှုံးမှုများစွာ ကြုံတွေ့ခဲ့ရသည်။ တိုက်ပွဲမြင်ကွင်းများတွင် ကျန်ရစ်ခဲ့သော ခြေရာများ အားလုံးတွင် ဝံပုလွေ အလောင်းများ သို့မဟုတ် ဗန်ပိုင်းယားကောင်၏ခန္ဓာကိုယ်အစိတ်အပိုင်းများ ခြွင်းချက်မရှိပေ။ တိုတိုပြောရမည်ဆိုပါက လှံသွားများအားလုံးသည် မဟူရာကလပ်ကို ညွှန်ပြနေချေပြီ။

မနက်စောစောတွင် အရှေ့မိုးကုပ်စက်ဝိုင်းဆီမှ ပထမဆုံးနေရောင်ခြည်ထွက်ပေါ်လာပြီး ကျွန်းတစ်ခုလုံးကို လင်းလက်တောက်ပစေသည်။

ချင်းယွမ်အုပ်စု၏ဌာနချုပ်…

မြောင်ဟုန်းဖူသည် အဆိုပါသတင်းကို ရရှိပြီး မြောင်ဝမ်လေ့နှင့်ကုမ္ပဏီလုံခြုံရေးအစောင့် ခုနစ်ဦးတို့ အားလုံး သေဆုံးခဲ့ကြောင်း အတည်ပြုခဲ့ပြီး တရားခံသည် အလွန်မောက်မာသော စာတိုကိုလည်း ချန်ထားခဲ့သည်။ ၎င်းတို့သည် ရက်စ်တွန်မာဖီးယားဂိုဏ်းမှ ဖြစ်ကြောင်း ဖော်ပြရုံသာမကဘဲ မြောင်ဟုန်းဖူနှင့် ချင်းယွမ်အုပ်စုတို့ကို ဖျက်ဆီးရန် အရိပ်အယောင်များ ချန်ထားခဲ့ကြသည်။

မြောင်ဟုန်းဖူ ဒေါသပေါက်ကွဲကာ လုံခြုံရေးတပ်ဖွဲ့များနှင့် ၎င်း၏ကိုယ်ပိုင်လက်နက်ကိုင်တပ်ဖွဲ့များကို ချက်ချင်းစုရုံးရန် အမိန့်ထုတ်ပြန်သည်။ ထို့နောက် သူဝယ်ထားခဲ့သော သေနတ်များကို လျှို့ဝှက်စွာ ခိုးသွင်းကာ ထုတ်ပေးသည်။ ထို့နောက် မြောင်ဝမ်လေ့၏အလောင်းကို စွန့်ပစ်သည့်နေရာသို့ မြောင်ဟုန်းဖူ ဦးဆောင်သော ယာဉ်တန်းသည် ကားဒါဇင်ပေါင်းများစွာဖြင့် အရှိန်အဟုန်ပြင်းစွာ မောင်းလာကြတော့သည်။

သို့သော်လည်း ယာဉ်တန်းသည် ဝံပုလွေအုပ်စုမြို့မှ ကီလိုမီတာများစွာ အကွာအဝေးသို့အရောက်တွင် ၎င်းတို့အား လက်နက်ကိုင်တပ်ဖွဲ့ ဒါဇင်ပေါင်းများစွာက တိုက်ခိုက်ခဲ့ပြီး မိနစ်အနည်းငယ်အတွင်း မြောင်ဟုန်းဖူ၏လူများကို အသေအပျောက်ကြီးစွာ ဖြစ်စေခဲ့သည်။

ကီလိုမီတာအနည်းငယ် အကွာတွင် …

ထန်ရှုသည် အဝေးကြည့်မှန်ပြောင်းကို ထုတ်ကာ တောင်ခြေရင်းလမ်းပေါ် မှ ပြင်းထန်သော တိုက်ပွဲကို ကြည့်ရှုနေရင်း ချောမောသော မျက်နှာထက်တွင် ကျေနပ်နေသော အပြုံးတစ်ခု ရှိသည်။ တိုက်ပွဲသည် အလွန်ပြင်းထန်သော်လည်း သေဆုံးသူအများစုမှာ မြောင်ဟုန်းဖူ၏လူများ ဖြစ်ပြီး ရက်စ်တွန်အဖွဲ့မှ လူများမှာ အနည်းငယ်မျှသာ ဆုံးရှုံးခဲ့သည်။

"သူမ ပေါ်လာပြီ။"

ထန်ရှု၏အမူအရာ ရုတ်တရက် လှုပ်ရှားသွားသည်။ မှန်ပြောင်း၏ကြည်လင်ပြတ်သားသော မြင်ကွင်းထဲတွင် ယာဉ်တန်းများအကြား ဆေဘာဓားနှင့် အမျိုးသမီးတစ်ဦး လျှပ်တစ်ပြက်အတွင်း ပေါ်လာသည်ကို သူ တွေ့လိုက်ရသည်။ သူမသည် သေမင်းနတ်ဘုရားတစ်ယောက် အလားပင်။ သူမ၏ဓားတစ်ချက်သည် အသက်တစ်ချောင်းပင်။ မိနစ်ဝက်အတွင်း မြောင်ဟုန်းဖူအပါအဝင် လူပေါင်း လေးဆယ်ကျော် သေဆုံးခဲ့သည်။

“ဒါက ဒီပွဲရဲ့အဆုံးသတ် ဖြစ်လိမ့်မယ်။ သွားသင့်ပြီ။" ထန်ရှု မှန်ပြောင်းကို ဖယ်ပြီး ရဲရှီစန်းကို ပေးကာ အပြုံးဖြင့် ပြောလိုက်သည်။

"သူဌေးက လှည့်ကွက်တချို့ကို ပေါ့ပေါ့ပါးပါးပဲ သုံးလိုက်ရုံနဲ့ ဒုက္ခတော်တော်များများကို ဖြေရှင်းနိုင်တယ်။ အရမ်းမိုက်တာပဲ။”

ရဲရှီဆန်းက ပြုံးပြုံးရွှင်ရွှင်ပြောလိုက်သည်။

“မြှောက်ပင့်တာတွေ တော်လိုက်တော့။”

ထန်ရှုက အပြုံးဖြင့် တားမြစ်လိုက်သည်။ သူ လမ်းလျှောက်လာစဉ်မှာပင် သူ့မျက်လုံးများထဲတွင် ရက်စက်သောအရိပ်တစ်ခု ရုတ်တရက် လက်သွားပြီး

"ထွက်လာခဲ့…။"

သူ၏ဒန်တျန်အတွင်းမှ ဓားရှည်ကြီးကို ချက်ချင်း ထုတ်လွှတ်လိုက်ရာ မီတာဆယ်ဂဏန်းရှည်လျားသော တောက်ပနေသော ဓားအလင်းတန်းသည် တောင်စောင်းဆီသို့ ဦးတည်ခုတ်ပိုင်းသွားသဖြင့် ဒါဇင်ချီသော သစ်ပင်ကြီးများ ပိုင်းဖြတ်ခံလိုက်ရပြီး မီတာဝက်လောက်ရှည်သော မြောင်းများ ဖြစ်ပေါ်လာစေသည်။ ထို့နောက် ထိုပြင်းထန်သော ဓားရိပ်များကြားမှ လျှပ်စီးသဖွယ် အရိပ်တစ်ခု ထွက်ပေါ်လာသည်။

ရန်သူလား…

ရဲရှီစန်းနှင့် ကျီတန်တို့သည် တစ်ပြိုင်နက်တည်း ၎င်းတို့၏ဓားပျံများကို ချက်ချင်း ထုတ်လွှတ်လိုက်ပြီး အရိပ်ဆီသို့ တဟုန်ထိုး ပြေးဝင်သွားကြသည်။

"ရပ်လိုက်"

၎င်းတို့နောက်မှ အနီးကပ်လိုက်လာသော ထန်ရှုသည် ရဲရှီစန်းနှင့် ကျီတန်တို့၏မတိုက်ခိုက်မီ ဟန့်တားလိုက်သည်။

ထိုအရိပ်သည် ကျန်းလေ့သိုမို ဖြစ်ပေလိမ့်မည်။

ထိုလူဒါဇင်ပေါင်းများစွာကို သူမ သတ်လိုက်ချိန်တွင် လူအချို့ တိတ်တဆိတ် စောင့်ကြည့်နေကြသည်ကို သူမ ခံစားမိနေသည်။ မူလက သူမသည် စောင့်ကြည့်နေသူများကို မရှာနိုင်ခဲ့ဘဲ ထန်ရှု ထွက်သွားသည့်အချိန်မှသာ ထူးဆန်းသည့်ပုံရိပ်ကို နောက်ဆုံးတွင် သူမ တွေ့ရှိခဲ့ရသည်။ သို့သော် သူမအား ဆီးကြိုလိုက်သောအရာသည် မိုးခြိမ်းသံအလား စွမ်းအားကြီးသော ဓားတစ်လက် ဖြစ်လိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့မိပေ။

"နင် ဘယ်သူလဲ။"

ကျန်းလေ့သိုမို အတော်လေး ပျာယာခတ်သွားဟန်ရပြီး သူမ၏ဆေဘာဓားကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူမသာ အလျင်အမြန် မရှောင်နိုင်ခဲ့ပါက ထိုဓားချက်ဖြင့် ချက်ချင်းပင် သေဆုံးနိုင်ရဖွယ် ရှိနေသောကြောင့် ဖြစ်သည်။

ထန်ရှု မျက်မှောင် အနည်းငယ်ကြုပ်မိသည်။  ဖြစ်နိုင်ချေရှိသော ကျန်းလေ့သိုမို၏အကြောင်းများအား သူ ခန့်မှန်းထားသော်လည်း မထင်မှတ်ထားစွာပင် သူမသည် ကျင့်ကြံသူတစ်ယောက် ဖြစ်နေရုံသာမက ထို့ထက် မြင့်မားသောအဆင့်ဖြစ်သော ရွှေအမြုတေအဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့ပေသည်။

သူ ခဏလောက် တိတ်ဆိတ်နေပြီးနောက် ဖြည်းဖြည်းအေးအေး ပြောလိုက်သည်။

"မင်းက နိုင်ငံရပ်ခြားအမျိုးသမီးတစ်ယောက်။ ပြီးတော့ မာဖီးယားဂိုဏ်းရဲ့ ခေါင်းဆောင်တစ်ဦးလည်း ဖြစ်တယ်။ ဒါပေမယ့် မင်းက အမှန်တကယ်ပဲ ကျင့်ကြံသူတစ်ယောက် ဖြစ်နေတယ်။ ဒါက တကယ်ကို နားလည်နိုင်တာထက် ကျော်လွန်နေပြီပဲ။”

***

All Chapters