လက်တွဲကြခြင်း
Vol. 55 Ch. 767
ထန်ရှုသည် ကျန်းလေ့သိုမိုအား တိတ်ဆိတ်စွာ စောင့်ကြည့်ခဲ့သည်။ သူမ၏ခံစားချက် အတက်အကျများနှင့် ဂူယန်အာအပေါ် သူမ၏လွမ်းဆွတ်မှုကို သူ တကယ် ခံစားမိပေသည်။ သူမ၏ဇာတ်လမ်းကို သိရချိန်တွင် ထာဝရခန်းမ၏ပင်မကျွမ်းကျင်သူများသည် လွန်စွာ ကံကောင်းသည် သို့မဟုတ် အနည်းဆုံးတော့ သူမထက် အများကြီး ပိုကံကောင်းသည်ဟု ဆိုနိုင်ပေသည်။ သူတို့အတွက် ထာဝရခန်းမသည် သူတို့၏အိမ်၊ သူတို့၏မိသားစုအဖြစ် ရှိနေချိန်တွင် သူမကတော့ နှစ်ပေါင်းများစွာ အပြင်မှာ တစ်ယောက်တည်း လှည့်ပတ်သွားလာနေရသည့် အထီးကျန်ဆန်သော ဝိညာဉ်တစ်ခုသဖွယ် ဖြစ်နေခဲ့ရလေသည်။
ထန်ရှု၏အကြည့်များသည် ကျီတန်နှင့် ရဲရှီစန်းတို့၏မျက်နှာများအပေါ် ကျရောက်သွားသည့်အခါ သူမကို ကြည့်နေသော သူတို့၏အမူအရာသည် ယခင်ကထက် ပိုမိုနူးညံ့လာသည်ကို သူ တွေ့လိုက်ရသည်။
"ကျန်းလဲ့ … ယန်အာကို တွေ့ချင်လား။"
ကျန်းလေ့သိုမို၏ခန္ဓာကိုယ်လေး တုန်ရီသွားပြီး
“သူမကို တွေ့လို့ရနိုင်တာလား။ သူမ ဘယ်ရောက်နေလဲဆိုတာ သိနေတာလား။"
"ဟုတ်တယ်။ သူမ ဘယ်မှာလဲဆိုတာ ငါ သိပါတယ်။ မင်း သူ့ကို တွေ့နိုင်မလားဆိုတာကတော့ မင်းရဲ့ စွမ်းဆောင်မှုပေါ်မှာ မူတည်လိမ့်မယ်။"
"နင် ငါ့ကို ဘာလုပ်စေချင်တာလဲ။"
သူမ အမြန်မေးလိုက်သည်။
"မင်းရဲ့ရက်စ်တွန်ဂိုဏ်းကို အခြေအနေတစ်ခုအရ ကျွန်းမှာ ခဏတာ နေခွင့်ပေးနိုင်တယ်။ အဲ့ဒါကတော့ မင်း ဒီမှာ နေတုန်း ငါ့ရဲ့အမိန့်ကို နာခံရမယ်။ ဒါပေါ့ … ကျွန်းမှာ မင်းရဲ့ဘေးကင်းမှုကိုလည်း ငါ အာမခံ နိုင်ပါတယ်။ အဲ့ဒီအဖွဲ့အစည်းကြီးနှစ်ခုဖြစ်တဲ့ ပိရမစ်နဲ့ မဟူရာကလပ်တို့ဆီကတောင် မင်းရဲ့ဘေးကင်းမှုကို ငါ သေချာစေနိုင်တယ်။"
ကျန်းလေ့သိုမိုက ထန်ရှုကို စူးစူးနစ်နစ်တစ်ချက် ကြည့်ပြီး ခေါင်းယမ်းလိုက်ရင်း သူမမျက်လုံးထဲတွင် မထီလေးစားသော အကြည့်တစ်ခု တဖြည်းဖြည်း ထွက်ပေါ်လာသည်။
“ဒီအဖွဲ့အစည်းကြီးနှစ်ခုက ဘယ်လောက်ထိ ကြောက်စရာကောင်းလဲ နင် မသိဘူးနော်။ နင့်နေရာမှာ ငါသာဆိုရင် အဲ့လိုလေမကျယ်ရဲဘူး။"
ထန်ရှုက ပြုံးရုံသာပြုံးပြီး
"လူတစ်ယောက်က ရေတွင်းအောက်ခြေမှာ ထိုင်နေတဲ့ ဖားတစ်ကောင် ဖြစ်နိုင်တယ်လို့ တရုတ်စကားပုံ ရှိတယ်။ ဒီကမ္ဘာကြီးရဲ့လျှို့ဝှက်ချက်အချို့ကို မင်း သိတယ်ဆိုပေမယ့် မင်း သိထားတာက အပေါ်ယံလေးတွေပဲ။ ငါက ဘယ်တုန်းကမှ ကြွားဝါတာကို မကြိုက်ဘူး။ မင်း သဘောတူသရွေ့ ငါ မင်းကို သေချာကာကွယ်ပေးနိုင်မလားဆိုတာ မင်းကိုယ်တိုင် ကြည့်နိုင်တာပဲလေ။"
"ပြောပါ ငါ နင့်ကို ဘာကြောင့် ယုံရမှာလဲ။" အချိန်အတော်ကြာ တုံ့ဆိုင်းသွားပြီးနောက် ကျန်းလေ့သိုမိုက သတိကြီးစွာဖြင့် မေးလိုက်သည်။
“ဘယ်လိုပဲဖြစ်ဖြစ် မင်းမှာ တခြားရွေးချယ်စရာတွေ ရှိမယ်မထင်ဘူး။ မင်း ကျွန်းမှာ ဆက်နေပြီး ယန်အာ့ကို တွေ့ချင်ရင် ငါ့ကို ယုံကြည်ဖို့ ရွေးချယ်နိုင်ပါတယ်။ ဒါ့အပြင် မင်းကို ငါ့ရဲ့နည်းပရိယာယ်တွေထဲ ဆွဲထည့်လိမ့်မယ်ဆိုတဲ့ စိုးရိမ်စိတ်တွေကို ဘေးဖယ်လိုက်ပါ … ငါသာ မင်းကို တကယ်သတ်ချင်ရင် အခုဆို အလောင်းဖြစ်နေတာကြာပြီပေါ့။"
ထက်မြက်သောသူတစ်ဦးအနေဖြင့် ကျန်းလေ့သိုမိုသည် ထန်ရှု၏ယုံကြည်ချက်ရှိသော အမူအရာကို မြင်နိုင်ပြီး နှုတ်ဆိတ်သွားသည်။ ထို့နောက် သူမက မေးလာသည်။
“နင် ငါ့ကို ဘာလုပ်စေချင်တာလဲ။”
"ငါ မင်းဆီက အကူအညီ လိုတယ်။ မဟူရာကလပ်၊ ပိရမစ်နဲ့ အခြားအင်အားစုတွေကို လုံးလုံးလျားလျား ချေမှုန်းပစ်ဖို့ ဒါမှမဟုတ် ကျွန်းကနေ မောင်းထုတ်ဖို့ပဲ။ ဒီကျွန်းမှာ ပြဿနာဖြေရှင်းပြီးသွားရင် မင်းကို ယန်အာ့ဆီ ခေါ်သွားမယ်။"
ကျန်းလေ့သိုမို၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ သူမ၏အရှေ့မှ ထန်ရှုဟုခေါ်သော လူငယ်လေးသည် သူမ ထင်ထားသလောက် မရိုးရှင်းသည်ကို ရုတ်တရက် သိလိုက်ရသည်။ အလွန့် အလွန်ဆုံးတော့ လက်ရှိတွင် သူ့အပြင် သူ့လူနှစ်ယောက် ရှိပေသည်။ သူမ အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီးနောက် “နောက်ဆုံးမေးခွန်းပါ။ နင်နဲ့သူမအကြောင်းပဲ … နင်နဲ့သူမရဲ့ဆက်ဆံရေးက ဘာလဲ။”
ဘေးမှာ ရပ်နေသော ရဲရှီစန်းက ကျန်းလေ့သိုမိုတစ်ယောက် ခုချိန်ထိ ထန်ရှုအား သဘောတူညီချက် မလုပ်သေးသဖြင့် ဒေါသထွက်နေပြီဖြစ်သည်။ သူမ၏မေးခွန်းကို ကြားပြီးသောအခါ နောက်ဆုံးတွင် သူက စိတ်မထိန်းနိုင်တော့ဘဲ လေသံမာမာဖြင့်
"မင်း မေးတာ များလွန်းနေပြီ ကျန်းလေ့။ သူဌေးက မင်းရဲ့အစောပိုင်းက မေးခွန်းတွေကို ဖြေဆိုတယ်ဆိုရင်ကို မင်းအပေါ် အတော် တန်ဖိုးထားရာ ကျနေပြီ။ သူဌေးကို အခုပဲ အဖြေပေးလိုက်။ မင်းက ကျွန်းမှာ သူဌေးပြောသလို လုပ်ဆောင်ဖို့ ဆန္ဒရှိလား။”
“နင်…” ကျန်းလေ့သိုမို၏မျက်ခုံးများ တွန့်ချိုးသွားသည်။
"ငါ မင်းကို သတိပေးတယ်။ ဒါက မင်း အိမ်ပြန်ဖို့အတွက် တစ်ခုတည်းသော အခွင့်အရေးပဲ။” ရဲရှီစန်းက သူမ၏စကားကို ကြားဖြတ်ရန် လက်ကို ဝှေ့ယမ်းပြီး အော်လိုက်သည်။
“မင်း အဲ့ဒါကို ဘဝင်မကျရင် နိုင်ငံရပ်ခြားမှာ လှည့်လည်ပြီး အထီးကျန်တဲ့ဘဝနဲ့ ဆက်ပြီးနေပေါ့။ အထီးကျန်စွာ အသက်ရှင်ပြီး အထီးကျန်စွာ သေဖို့ပဲ။”
အိမ်ပြန်ဖို့ အခွင့်အရေးတစ်ခုလား...
ကျန်းလေ့မိုသိုသည် ရုတ်တရက် တစ်စုံတစ်ခုကို သတိပြုမိသွားသည့်အလား စိတ်ထဲမှ တုန်လှုပ်သွားသည်။ သူမသည် မတွေးတတ်နိုင်သော အမူအရာဖြင့် ထန်ရှုကို ကြည့်လိုက်ပြီးနောက် ရဲရှီစန်းနှင့် ကျီတန်ကို ကြည့်လိုက်သည်။ မရေမတွက်နိုင်သော အတွေးများသည် သူမ၏ခေါင်းထဲသို့ တဝဲလည်လည် ဖြစ်နေရင်း နောက်ဆုံးတွင် သူမ၏နှလုံးသားကို တင်းကာ အံကြိတ်ပြီး
“ကတိပေးတယ်။ ဒါပေမယ့် နင့်ရဲ့တောင်းဆိုချက်က အရမ်းများလွန်းရင် ငါ နောက်ဆုတ်ပြီး ပြန်ငြင်းမယ်။"
"ပထမဦးဆုံး မင်း လုပ်ရမှာက မင်းရဲ့ ရက်စ်တွန်အဖွဲ့ဝင်တွေကို ဖြန့်ချလိုက်ဖို့ပဲ။ တခြားလက်နက်ကိုင်တပ်တွေကြားက သတ်ဖြတ်မှုတွေကြားထဲမှာ သူတို့ကို အသတ်မခံရစေချင်ဘူး။ ကျွန်းပေါ်က အခြားတပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေကို သိရှိဖို့နဲ့ အချိန်မီ တုံ့ပြန်ချက်ပေးဖို့ သူတို့ကို ထောက်လှမ်းရေး ဝန်ထမ်းတွေအဖြစ် ဆောင်ရွက်ပေးစေချင်တယ်။ မင်းကတော့ ကြောက်စရာကောင်းတဲ့ ခွန်အားတွေ ရှိတာမို့ ငါတို့နဲ့ အတူနေရမယ်။"
ကျန်းလေ့သိုမိုက တခဏတွေးတောပြီးနောက် အသာခေါင်းညိတ်ပြီး
“ကောင်းပြီ။ ငါ အခု ချက်ချင်း ညွှန်ကြားချက် ပေးလိုက်မယ်။"
ထန်ရှုက သူမကို တားလိုက်ပြီး
“မင်းရဲ့လူတွေကို စည်းကမ်းတကျ လိုက်နာဖို့ ပြောပေးပါ။ ကျွန်းမှာ မကောင်းတာမှန်သမျှ မလုပ်ပါနဲ့။ ဒီနေရာက တရုတ်အာဏာပိုင်လက်အောက်မှာ ရှိပြီး ဒီမှာဖြစ်ပေါ်နေတဲ့ အကျပ်အတည်းကို ဖြေရှင်းဖို့ ငါ့မှာ တာဝန်ရှိတယ်။ ဒါကြောင့် မင်းရဲ့လူတွေက ငါ့ကို ထိခိုက်စေမယ့် ပြဿနာ ရှာနေတာမျိုးကို မလိုချင်ဘူး။”
"နားလည်ပြီ။"
ကျန်းလေ့သိုမိုက တုံ့ပြန်ပြီး ခပ်လှမ်းလှမ်းမှ သူ့လက်အောက်ငယ်သားများဆီသို့ ထွက်သွားသည်။
ထန်ရှု၏အနားတွင် ရပ်နေသော ကျီတန်က သူ့ကို ကြည့်ကာ လေသံတိုးတိုးဖြင့်
"သူ့ကို ငါတို့ရဲ့ထာဝရခန်းမထဲကို တကယ် ခေါ်သွားချင်နေတာလား သူဌေး။"
"သူ့မှာ ယန်အာနဲ့ အတိတ်သမိုင်းကြောင်းတချို့ရှိတယ်" ထန်ရှုက သက်ပြင်းချလိုက်သည်။
"သူ့ရဲ့အတွင်းစိတ်သဘောထားက မဆိုးရင် ငါ စဉ်းစားပေးရလိမ့်မယ်။ သူမကို အရင် အကဲခတ်ကြတာပေါ့။ နောက်ပြီး ကျွန်းမှာ ကိုင်တွယ်ဖြေရှင်းရမယ့် ပြဿနာကြီးတွေ ရှိသေးတယ်။ ပြည်ပအင်အားစုတွေက တရုတ်အစိုးရကို ခြိမ်းခြောက်ဖို့ ကြိုးစားနေပြီး ဒီကျွန်းရဲ့ သယံဇာတတွေကို မြေခွေးတွေလို လောဘတကြီး စိုက်ကြည့်နေကြတယ်။ အမှောင်ဗိုင်းရပ်စ်ကုသရေး သုတေသနမှာလည်း ပါဝင်ပေးရဦးမှာဆိုတော့ အချိန်သိပ်မကျန်တော့ဘူး။ ဒါကြောင့် ငါတို့ရဲ့ လှုပ်ရှားမှု တွေက လျင်မြန်ပြီး ရက်စက်ရမယ်။”
"ဒါဆို ငါတို့ ဘာဆက်လုပ်ကြမလဲ။" ကျီတန်က မေးသည်။
"အခု ကျန်းလေ့သိုမိုက မြောင်ဟုန်းဖူကို သတ်လိုက်ပြီဆိုတော့ ငါတို့ ပုန်းကွယ်နေတဲ့ အန္တရာယ်တွေထဲက တစ်ခုကို ဖယ်ရှားလိုက်ပြီလို့ ပြောလို့ရတယ်။ နောက်ထပ်လုပ်ရမှာက အဲ့ဒီနိုင်ငံခြားသားတွေနဲ့ ဆုံးမရမယ်။ သေလုမျောပါးတိုင်အောင် အချင်းချင်း သတ်ဖြတ်ကြပါစေ။ ပြီးရင် ကျန်နေခဲ့တဲ့ အရှုပ်အထွေးတွေကို ရှင်းပစ်ဖို့ လှုပ်ရှားကြမယ်။”
သောင်းပြောင်းထွေလာမြို့ မြောက်ပိုင်းအရပ်…
မဟူရာကလပ်သည် သုံးဘက်သုံးတန် တောင်များဖြင့် ဝန်းရံထားသော ဤနေရာသို့ ပြောင်းရွှေ့ခဲ့ပြီး ကေ့သ်မိုးသည်လည်း သည်နေရာသည် အတော်လေး ဖုံးကွယ်ထားသည်ဟု တွေးထားသည်။ ပိရမစ်မှ မှော်ပညာရှင်များသည် ရူးသွပ်သွားသည့်အလား တိုက်ခိုက်မှုများစွာကို အဆက်မပြတ် ပြုလုပ်ခြင်းကြောင့် သူကိုယ်တိုင်စုဆောင်းခဲ့သော အမှောင်ဝိညာဉ်အဖွဲ့မှ အဖွဲ့ဝင်နှစ်ဦး ဆုံးရှုံးမှုများစွာကို ခံစားခဲ့ရပြီး ပင်စိမ်းနှင့် အလိုဒီနှစ်ဦးစလုံးသည် ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့သည်။
သူ့အရှေ့က လူငယ်ကို စိုက်ကြည့်နေရင်း ကေ့သ်မိုး၏ မျက်လုံးများသည် အေးစက်သွားသည်။
“ဟုတ်တယ် … ကျွန်တော်တို့ သေချာစုံစမ်းပြီးပြီ။ မနေ့ညက တခြားတပ်တွေအားလုံးကို တိုက်ခိုက်ခဲ့တာ ပိရမစ်ကလူတွေ။ သူတို့က ကျွန်တော်တို့လူတွေရဲ့ အလောင်းတွေကို အသုံးချပြီး ကျွန်တော်တို့အပေါ် အပြစ်ဖြစ်စေခဲ့တာ။ အခု အဲ့ဒီအင်အားစုတွေက လက်တွဲနေကြပြီ။ တစ်ဖက်ကတော့ ပိရမစ်နဲ့ အကွာအဝေးတစ်ခုကို ထိန်းထားပြီး တစ်ဖက်မှာလည်း ကျွန်တော်တို့ကို ဖယ်ရှားဖို့ ပြင်ဆင်နေကြတယ်။”
"ဒါက ပိရမစ်ရဲ့နည်းပရိယာယ်မှန်း သူတို့မသိဘူးလို့ ငါ့ကို မပြောနဲ့။" ကေ့သ်မိုးက ဒေါသတကြီး အော်လိုက်သည်။
“သူတို့လက်ထဲ အာဏာ ဆုပ်ကိုင်ဖို့အတွက် ငတုံးတစ်ယောက်မှ မဟုတ်ကြဘူး။ ဒါတောင် သူတို့က ကျွန်တော်တို့ကို ဖယ်ရှားဖို့ ပြင်ဆင်နေကြတုန်းပဲ။ ကျွန်တော်တို့ ဒီမှာ ရှိနေတာက သူတို့အတွက် ခြိမ်းခြောက်မှုလို့ အမြဲတမ်း မြင်နေတဲ့ပုံပဲ။ ဒါကြောင့် ဒါက ပိရမစ်ရဲ့နည်းပရိယာယ်တစ်ခု ဖြစ်မှန်းသိတာတောင် ကျွန်တော်တို့ကို ဆန့်ကျင်ဖို့အတွက် အင်အားစုတွေ ပူးပေါင်းဖို့ အမှန်တကယ် အခွင့်အရေးရသွားကြတာလေ။ စွမ်းအားရှိတဲ့သူတွေက ရည်မှန်းချက်ကြီးပြီး သူတို့အမြဲတမ်းလိုချင်တဲ့အရာက အရင်းအမြစ်နဲ့ အမြတ်များများ ရဖို့ပဲ။” လူရွယ်က ပြောပြသည်။
ကေ့သ်မိုးက မျက်မှောင်ကြုတ်ပြီး
“ဒါဆို ပိရမစ်ရဲ့လူတွေကော ဘယ်လိုလဲ။”
လူရွယ်က ပြန်ဖြေလိုက်သည်။
“သူတို့က ကျွန်တော်တို့နဲ့ ကီလိုမီတာ ၃၀ပဲ ကွာတဲ့ အရှေ့ဘက်တောင်ပေါ်မှာ တပ်စွဲထားတယ်။ ကျွန်တော်တို့ စုံစမ်းကြတော့ သူတို့က ကျွန်တော်တို့ထက် အများကြီး သာတယ်။ နောက်ပြီး စုံစမ်းစစ်ဆေးမှုအတွင်း ထပ်တွေခဲ့တာကတော့ ပိရမစ်ရဲ့စစ်အကြီးအကဲ ဘိုဒတ်လည်း ရှိနေတယ်။”
"နတ်ဆိုးသူရဲ စစ်အကြီးအကဲ ဘိုဒတ်လား။"
ကေ့သ်မိုး၏မျက်လုံးများသည် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ နိုးကြားလာသောကြောင့် အရောင်လက်သွားခဲ့သည်။ သူသည် ပိရမစ်၏စစ်အကြီးအကဲအများစုနှင့် သဘောထားကွဲလွဲမှုအချို့ ရှိခဲ့ပေရာ ဤနတ်ဆိုးသူရဲ စစ်အကြီးအကဲဘိုဒတ်သည် သူနှင့် အထူးပင် ရန်ငြိုးရှိသူ ဖြစ်သည်။
“သွေးအဆိပ်နဲ့ သွေးအစီအရင်ကို စီစဉ်လိုက်။” ကေ့သ်မိုးသည် သွားကြားထဲမှ ထွက်သော လေသံဖြင့် အမိန့်ထုတ်လိုက်သည်။
လူရွယ်၏မျက်နှာ ပျက်သွားပြီး အလျင်စလို ပြောလိုက်သည်။
“သခင် … ကျွန်တော်တို့တွေ သွေးအစီအရင်ကို တည်ဆောက်လိုက်တာနဲ့ သူတို့နဲ့အတူ ပျက်စီးသွားလိမ့်မယ်။”
ဖြန်း…
ကေ့သ်မိုးက လူရွယ်ကို ပါးရိုက်လိုက်ပြီး
“ချီးပဲ မင်း အရူးလား။ ငါတို့က သူတို့နဲ့ သေရမလားကွ။ အဆင်သင့်ဖြစ်အောင် တခြားသူတွေကို သွားပြောထား။ သူတို့က ငါတို့ကို သုတ်သင်ချင်တာဆိုတော့ ငါတို့က သူတို့ကို အရင်သတ်လိုက်မယ်။”
“ဟုတ်…”
လူရွယ်သည် ထိတ်လန့်နေဟန်ဖြင့် မြေပြင်မှ အမြန်ထကာ တဲထဲမှ ပြေးထွက်သွားတော့သည်။
ညအမှောင် ရောက်လာပြီဖြစ်သည်။
ထန်ရှုသည် ကျီတန်၊ ရဲရှီစန်းနှင့် ကျန်းလေ့သိုမိုတို့သည် သောင်းပြောင်းထွေလာမြို့၏အရှေ့ဘက်ခြမ်းတွင် တိတ်တဆိတ် ပေါ်ထွက်လာသည်။ စူးစမ်းလေ့လာပြီးနောက်တွင် ပါဝင်ပတ်သက်သော အင်အားစုများအားလုံး ဤနေရာတွင် တပ်စွဲထားပြီးဖြစ်ကြောင်း တွေ့ရှိခဲ့သည်။
ဝှစ်…
အနီးနားတွင် ဝိညာဉ်သဏ္ဍာန်တစ်ခု တိတ်တဆိတ် ပေါ်လာသည်။
ကျန်းလေ့သိုမိုသည် ထိုလူကို လျှပ်တပြက်အတွင်း သတ်ပစ်ရန် ရည်ရွယ်ချက်ဖြင့် သူမ၏ဆေဘာဓားရှည်ကို ချက်ချင်း ဆွဲထုတ်လိုက်သည်။
"မလုပ်နဲ့။"
ထန်ရှုက သူမကို ချက်ချင်း ဟန့်တားလိုက်ပြီး အလင်းတန်းအရှိန်ဖြင့် ပေါ်လာသော ကျင်းရှီကို ကြည့်ပြီး
"အခြေအနေက ဘယ်လိုလဲ။"
ကျင်းရှီသည် ကျန်းလေ့သိုမိုအား အေးစက်စက် တစ်ချက်ကြည့်လိုက်ပြီး ထန်ရှုအား တလေးတစား ပြန်ပြောသည်။
"သူဌေး … ပိရမစ်က အခုသောင်းပြောင်းထွေလာမြို့ရဲ့ အနောက်မြောက်ဘက်တွင် စခန်းချထားတယ်။ စုစုပေါင်း ၆၂ယောက်လောက်တော့ ရှိလိမ့်မယ်။ နောက်ပြီး ခေါင်းဆောင်က စစ်ထောက်လှမ်းရေး အကြီးအကဲ ဝူကျဲလို့ သိရတယ်။”
"ပိရမစ်ရဲ့စစ်အကြီးအကဲ ဟုတ်လား။" ထန်ရှု ခေါင်းညိတ်ပြီး သရော်ရယ် ရယ်လိုက်သည်။
“ဟာဟ … သူတို့က ဒီနေရာက ပေါ်လာတဲ့အတွက် ကျွန်းကို အရမ်းတန်ဖိုးထားတယ်ဆိုရမယ်။”
ထို့နောက် ကျင်းရှီက လေးနက်သော အမူအရာဖြင့် ပြောခဲ့သည်။
"စစ်ထောက်လှမ်းရေးအကြီးအကဲတင်မကဘူး နတ်ဆိုးသရဲစစ်အကြီးအကဲဘိုဒတ်လည်း ရှိနေပုံပေါ်တယ်။ မဟူရာကလပ်က တိုက်ခိုက်မှုက ဘိုဒတ်နဲ့သူ့လူတွေ လုပ်တာပဲ။”
"နားလည်ပြီ။" ထန်ရှုက ပြန်ပြောကာ ကျန်းလေ့သိုမိုကို လှည့်ကြည့်လိုက်ပြီး
"ဒါက လူတချို့ပဲ။ ငါတို့ရှုပ်ဖို့ မတန်ဘူး။ ဒါနဲ့ ကျင်းရှီက ငါ့လူပဲ … ကျန်တဲ့သူတွေကလည်း ဒီကို နောက်ကျရင် ရောက်လာလိမ့်မယ်။”
ကျန်းလေ့သိုမို၏စိတ်ထဲတွင် အနည်းငယ် ထိတ်လန့်သွားသည်။ ထန်ရှု၏လက်အောက်တွင် ကျင့်ကြံသူများစွာ ရှိလိမ့်မည်ဟု သူမ မမျှော်လင့်ထားပေ။ ထို့ထက်ပိုသည်မှာ ရောက်လာသောလူ၏ခွန်အားသည် လျှော့တွက်၍မရပေ။
ထိုအချိန်တွင် ထန်ရှု၏လူအရေအတွက်ကို ပို၍ သိချင်လာသည်။ သူပြောခဲ့သည်များကို ကောက်ချက်ချကြည့်မည်ဆိုပါက သူ့မှာ ဒီထက်ပိုပြီး ရှိနေသည်ဆိုတာ ထင်ရှားသည် မဟုတ်တုံလော။
နှစ်နာရီကြာပြီးနောက် ကျန်းလေ့သိုမိုသည် ထန်ရှု၏အရှေ့မှ လူကိုးဦးကို ကြည့်ကာ လွန်စွာတုန်လှုပ်သွားသည်။ ကျွမ်းကျင်သူကိုးယောက်။ ပြီးတော့ သူတို့အားလုံးက ကျင့်ကြံသူတွေချည်းပင်။ ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အင်အားကို ထိန်းချုပ်ထားနိုင်ခြင်းပင်လျှင် ကြောက်မက်ဖွယ် ကောင်းနေပြီဖြစ်သည်။ ထိုသူတို့သည် မည်သည့်နေရာမဆို လွတ်လွတ်လပ်လပ် သွားလာနိုင်သည်။ အလွန်ကြီးမားသော နယ်မြေကို စွမ်းအားကြီးစွာ သိမ်းပိုက်နိုင်သည့် ကြောက်မက်ဖွယ် အင်အားတစ်ခု ဖြစ်တော့သည်။
***