← Chapters

ချက်ချင်းသတ်

Vol. 55 Ch. 770

ချက်ချင်းသတ်

Vol. 55 Ch. 770

ကောင်းကင်နှင့်မြေကြီးကို စုတ်ပြတ်သွားစေသည့် ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းများ မရှိသော်လည်း အစစ်အမှန် စွမ်းအားရှင်များကြားက တိုက်ပွဲသည် တအုံ့အုံ့တနွေးနွေး ခံစားချက်ကို ပေးစွမ်းနေဆဲဖြစ်သည်။ အကန့်အသတ်မဲ့ ကြီးကျယ်ခမ်းနားသော အရှိန်အဟုန်၊ ရိပ်ကနဲ ရိပ်ကနဲ ထွက်ပေါ်လာသော ဓားချက်များနှင့် ဆေဘာဓားချက်များအတွင်းပါရှိသော သတ်ဖြတ်လိုသော ရည်ရွယ်ချက်များစွာ ၊ သွေးနံ့များ ထုံလွှမ်းနေပြီး သွေးမိုးများ ရွာသွန်းနေသော သည်အခြေအနေအား ထာဝရခန်းမ၏ ကျွမ်းကျင်သူများပင်လျှင် မပြောင်းလဲနိုင်ဘဲ ကူကယ်ရာမဲ့သောအသွင်များဖြင့် ရှိနေကြသည်။

"ဘယ်လောက်တောင် စွမ်းအားပြတဲ့ပွဲလဲ။"

ကျန်းလေ့သိုမိုသည် စစ်ထောက်လှမ်းရေးအကြီးအကဲ ဝူကျဲ၊ ကေ့သ်မိုးနှင့် အခြားသူများ လေထဲတွင် အချင်းချင်း တိုက်ခိုက်နေကြသည့် မြင်ကွင်းအား မယုံကြည်နိုင်ဟန်ဖြင့် ငေးကြည့်နေမိသည်။ သူမ၏ နှလုံးသားအား ဒီရေလှိုင်းများ ရိုက်ခတ်သွားသည့်အလား တုန်လှုပ်ခြောက်ခြားနေရသည်။ သူမသည် လုံလောက်စွာ သန်မာနေပြီဟု သူမကိုယ်သူမ ထင်နေခဲ့ပြီး သူမနှင့် မဟူရာကလပ်၊ ပိရမစ်တို့မှ စွမ်းအားရှင်များကြားက ကွာဟမှုသည် ချောက်ကြီးတစ်ခုလို ဖြစ်နိုင်ကြောင်း သူမ ဘယ်သောအခါမှ မထင်ခဲ့မိပေ။

ရုတ်တရတ် သူမ၏အကြည့်များက ထိုနှစ်ဖွဲ့ကြား တိုက်ပွဲဆီကနေ ရွေ့လျားသွားပြီး ထန်ရှု၏ ဂရုမစိုက်သော အမူအရာပေါ် ရောက်သွားခဲ့သည်။ သူမက အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက်

“နင်က ငါ့ထက် အများကြီး ပိုသန်မာတယ်ဆိုတာ ငါ သိပါတယ် မစ္စတာထန်။ ဒါပေမယ့် ဒီလူတွေနဲ့ နင် ယှဉ်ရင် ဘယ်သူက ပိုသန်မာမလဲ။"

“သူတို့နဲ့ ချစ်ကြည်ရေးလက်ရည်စမ်းပွဲတစ်ခုမှာ တိုက်ခိုက်ရင် ငါက သူတို့ရဲ့ပြိုင်ဘက် ဖြစ်မှာမဟုတ်ဘူး။ ဒါပေမယ့် ငါတို့ရဲ့အသက်တွေ ရှင်သန်ဖို့အတွက်  တကယ်တိုက်ရမယ်ဆိုရင် သူတို့ရဲ့ရှင်သန်နိုင်ခြေ အခွင့်အရေးက ၁%ထက် နည်းတယ်။” ထန်ရှုက အမူအရာမဲ့စွာ ပြောလာသည်။

ထိုအဖြေကြောင့် ကျန်းလေ့သိုမို၏ရင်ထဲတွင် တုန်လှုပ်သွားစေသည်။ ထန်ရှု ကြွားဝါသည်ဟု သူမ မထင်ပါချေ။ ဤမျှ သွေးထွက်သံယို ပြင်းထန်သော တိုက်ပွဲမျိုးတွင် အချိန်မရွေး တိုက်ခိုက်ရနိုင်သဖြင့် ကြွားလုံးထုတ်ပါက သူ့ကိုယ်သူ သေဖို့ရန် ခုံရုံးတင်ခြင်းဖြစ်ပေလိမ့်မည်။

ထန်ရှုသည် သူမကို တစ်ချက်ကြည့်လိုက်ပြီးနောက် တိုက်ပွဲဆီသို့ သူ့အကြည့်များ ပြန်ရောက်သွားသည်။ အရှေ့ဆီက အရူးအမူး တိုက်ခိုက်နေကြသော တိုက်ပွဲက ပတ်ဝန်းကျင်ရှိ သာမန်လူသားများကို မောင်းထုတ်ပစ်လိုက်သည်။ ကမ္ဘာပေါ်တွင် ဗန်ပိုင်းယားကောင်များနှင့် မှော်ဓာတ်ပညာရှင်များ ရှိကြောင်းကို လူအများအပြားက မသိကြသောကြောင့် ဒဏ္ဍာရီလာ ဤကြောက်မက်ဖွယ်ကောင်းသော မွန်းစတားများ၏အရှေ့တွင် ၎င်းတို့၏သေနတ်များကို ဆွဲထုတ်ရန် အနည်းငယ်ပင် စိတ်ကူးမရှိခဲ့ကြပေ။

"ဟင်…"

ကြည့်နေရင်း ထန်ရှု၏မျက်နှာသည် ရုတ်တရက် ပျက်သွားသည်။

အဆိုပါ တိုက်ပွဲသည် မူလက ကီလိုမီတာ အနည်းငယ် အကွာတွင် ရှိနေသည်။ ဝူကျဲနှင့် ဘိုဒတ်တို့သည် ဒဏ်ရာအနည်းငယ် ရထားသော်လည်း ၎င်းတို့၏ ခွန်အားမှာ အလွန်အားကောင်းနေဆဲဖြစ်ပြီး ကေ့သ်မိုးနှင့် သူ၏လက်အောက်ငယ်သားများမှာမူ ခြားနားနေသော အခြေအနေတစ်ခုထဲသို့ ကျရောက်နေပေရာ ပင်စိမ်းနှင့် အလိုဒီမှလွဲ၍ အခြားလူများအားလုံး အသတ်ခံခဲ့ရသည်။

ထန်ရှု၏အမူအရာအား ပြောင်းလဲသွားစေသည့်အရာမှာ ထိုဗန်ပိုင်းယားသုံးကောင်ဖြစ်သော ကေ့သ်မိုး၊ ပင်စိမ်းနှင့် အလိုဒီတို့သည် ပြင်းပြင်းထန်ထန် တိုက်ခိုက်ကြသော်လည်း ဝူကျဲနှင့် ဘိုဒတ်တို့က ဖိအားပေး နောက်ပြန်ဆုတ်ခိုင်းထားဆဲဖြစ်ရာ ယခုအခါ သူရှိရာဘက်သို့ ဦးတည်နေခြင်းဖြစ်သည်။ သူ၏ မျှော်မြင်တတ်မှုကြောင့် ထန်ရှုသည် ဤသုံးဦး မြေပြင်ပေါ် မည်သည့်နေရာသို့ ဆင်းသက်မည်ကို ရှင်းရှင်းလင်းလင်း ခန့်မှန်းနိုင်ခဲ့သည်။ ဝူကျဲနှင့် ဘိုဒတ်တို့က ၎င်းတို့အား အမီလိုက်ပြီး သည်အနီးတစ်ဝိုက်တွင် တိုက်ခိုက်ပါက ဖုံးကွယ်ထားသောအစီအရင်ကို ထိခိုက်ပြီး သူတို့ကို ဖော်ထုတ်နိုင်မည်ဖြစ်သည်။

"အားဝူ … ငါ့ကို မျက်နှာဖုံးပေး…" ထန်ရှုက လေးနက်သော အသံဖြင့် ပြောသည်။

မိုအားဝူက သူ့လက်စွပ်ထဲရှိ ကြေးဝါမျက်နှာဖုံးနှစ်ခုကို အမြန်ထုတ်ယူပြီး နောက်တစ်ခုကို ထန်ရှုဆီပေးကာ တစ်ခုကို သူ ဝတ်ဆင်လိုက်သည်။ ကျင်းရှီနှင့် ကျန်သောသူများသည်လည်း ၎င်းတို့၏ ကြေးဝါမျက်နှာဖုံးများကို ဆက်တိုက် ထုတ်လိုက်ကြကာ အမြန်ဝတ်ခဲ့ကြသည်။ ကျန်းလေ့သိုမိုကသာ ဇဝဇေဝါအမူအရာဖြင့် စကားပြောချင်သော်လည်း တုံ့ဆိုင်းနေဟန်ဖြင့် သူတို့ကို ကြည့်နေလေသည်။

"သူမကိုလည်း တစ်ခုပေးလိုက်။" ထန်ရှုက ပြောသည်။

“ရပြီ။” မိုအားဝူက သူမကို ပထမ စိုက်ကြည့်လိုက်သော်လည်း နောက်ဆုံးတွင် တစ်ခု ထုတ်၍ သူမအား ပေးလိုက်သည်။

"လေမုန်တိုင်း…"

အပြာရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး အနီရောင်သလင်းတုတ်တံကို ကိုင်ဆောင်ထားသည့် ဘိုဒတ်သည် သလင်းတုတ်တံကို အဆက်မပြတ် ဝှေ့ယမ်းကာ လေဓားသွားများကို ဆက်တိုက် ဖြစ်ပေါ်စေကာ ၎င်းတို့အနောက်ကို လိုက်လာသည်။ ထို့နောက် သူ့ရှေ့ရှိ ကမ္ဘာကြီးတစ်ခုလုံးသည် လေဓားချက်များဖြင့် ပြည့်နေပြီး ကေ့သ်မိုးအဖွဲ့၏ ကျန်နေသော သုံးယောက်ဆီသို့ ရာနှင့်ချီသော လေဓားများသည် ပြင်းထန်စွာ ဝင်ရောက်တိုက်ခိုက်လာခဲ့သည်။

တောင်စောင်းရှိသစ်ပင်များသည် လေပြင်းများတိုက်၍ ပျက်စီးသွားကာ ယခုအချိန်တွင် မိုးမျှော်သစ်ပင်ကြီးတစ်ခု မြေပြင်ပေါ်သို့ ဗုန်းကနဲ ပြုတ်ကျလာသဖြင့် ကေ့သ်မိုး၊ ပင်စိမ်းနှင့် အလိုဒီတို့သည် ထန်ရှုတို့အဖွဲ့ ပုန်းကွယ်နေသည့် နေရာနှင့် မီတာတစ်ရာ မဝေးသော နေရာတွင် ဆင်းသက်နေပြီဖြစ်သည်။

"အရင်က လွတ်သွားတဲ့ ဗန်ပိုင်းယားနှစ်ကောင်ကို ပစ်မှတ်ထားပါ။"

ထန်ရှုသည် တစ်ဖက်လူပိုမိုနီးကပ်လာသောအခါတွင် သူ၏ဓားရှည်ကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။ သူ၏ပုံရိပ်က ချက်ချင်း ပျောက်ကွယ်သွားပြီး ကေ့သ်မိုး၏အရှေ့တွင် ပေါ်လာခဲ့သည်။ ထို့နောက်တွင် သူ၏ပြင်းထန်သောဓားသည် လေဟာနယ်အတားအဆီးကို ဆုတ်ဖြဲလိုက်သည့်အလား ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်သတ်ဖြတ်မှုကို စတင်လိုက်သည်။

"ဘာကြီးလဲ…"

ကေ့သ်မိုး၏အမူအရာ ကွက်ကနဲ ပျက်သွားသည်။ သူသည် အရှေ့တွင် ချုံခိုတိုက်ခိုက်ခံရမည်ဟု မည်သည့်အခါကမှ မမျှော်လင့်သောကြောင့်ပင်တည်း။ သူ့အား အကြောက်ဆုံးဖြစ်သွားစေသော အရာသည် ခြုံခိုတိုက်ခိုက်သောသူသည် ဗြုန်းကနဲ ပေါ်လာခြင်းဖြစ်ပြီး အစောပိုင်းက သူ၏အရှေ့တွင် ထိုလူ ရှိနေခဲ့သော အရိပ်အယောင်နှင့် သဲလွန်စများ မရှိခဲ့ခြင်းပင်။

ဝှစ်…

ဓားအလင်းတန်းများ ပျံ့လွင့်သွားသည်နှင့် ကေ့သ်မိုး၏ တောင်ပံများသည် ချက်ချင်း ပြတ်ကျသွားခဲ့သည်။ သနားစရာကောင်းသော အော်ဟစ်သံတစ်ခု သူ့ဆီမှ ထွက်ပေါ်လာသော်လည်း အပြာရောင်ဓားအလင်းတန်း နှစ်ခုထွက်လာပြီး သူ၏ဝမ်းဗိုက်နှင့် ခါးကို ထိုးဖောက်ဝင်သွားကာ ပင်စိမ်းနှင့် အလိုဒီ၏ရင်ဘတ်ထဲသို့ ထိမှန်သွားသည်။ ဒဏ်ရာရရှိထားသော ဗန်ပိုင်းယားနှစ်ကောင်သည် သတိလက်လွတ်ဖြင့် ၎င်းတို့၏နှလုံးသားကို ထိမှန်လာသည့် တိုက်ခိုက်မှုကို အမြန်ရှောင်ရှားခဲ့ရာ ရင်ဘတ်တွင် ကြောက်စရာကောင်းသော သွေးထွက်နေသည့် ဒဏ်ရာနှစ်ချက် ကျန်ရစ်ခဲ့သည်။

ထိုအချိန်တွင် ပင်စိမ်းနှင့် အလိုဒီတို့သည် ဘေးအန္တရာယ်ကို ရှောင်တိမ်းပြီး ဤနေရာမှ လွတ်မြောက်ရန် ခွန်အားရှိသမျှ အားကုန်ထုတ်လာချိန်တွင် ဓားပျံရှစ်စင်းက ၎င်းတို့ကို ပစ်ခတ်လာခဲ့သည်။

ရွှတ်… ရွှတ်…

ဓားရှည်ရှစ်စင်းက ထိုသူတို့၏ခန္ဓာကိုယ်ကို ထိုးဖောက်သွားပြီး သွေးများ ပန်းထွက်လာသည်။

စိတ်ပျက်အားငယ်စွာဖြင့် ပင်စိမ်းနှင့် အလိုဒီတို့သည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားကာ ၎င်းတို့၏ပင်မ ဗဟိုချက်မများကို စိစိညက်ညက် ကျေမွသွားပြီး လုံးဝသေဆုံးသွားကြသည်။

ထန်ရှုသည် ပင်စိမ်းနှင့်အလိုဒီကို လျစ်လျူရှုလိုက်သည်။ သူသည် ကေ့သ်မိုး၏နံဘေးတွင် ပေါ်လာပြီး လှိုင်းထန်ကာ မိုးကြိုးထစ်ချုံးနေသော ကြောက်မက်ဖွယ်ကောင်းသည့် မြင်ကွင်းကို ဖန်တီးထားကာ ကေ့သ်မိုးကို တခဏချင်း ဖုံးလွှမ်းသွားစေသည်။ ထန်ရှု၏ဘေးပတ်ပတ်လည်တွင် ပျံဝဲနေသော ဓားရှည်သည် အလင်းတစ်ချက် တောက်ပလာပြီး ကေ့သ်မိုး၏ဦးခေါင်းကို ထိုးစိုက်သွားသည်။

ဘန်း...

ကေ့သ်မိုး ပြင်းထန်စွာ ထိခိုက်သွားချိန်တွင် ထန်ရှုသည် သူ၏ရင်ဘတ်ဆီသို့ ပြင်းထန်သော လက်သီးချက်တစ်ခုကို ထိုးခွင်းလိုက်သည်။ အားကောင်းသော စွမ်းအားသည် သူ၏ပင်မဗဟိုချက်ကို မပြိုကွဲစေဘဲ ဇောက်ထိုး ပျံသန်းသွားစေခဲ့သည်။

“ဖြတ်လိုက်စမ်း…”

ဓားရှည်သည် ကေ့သ်မိုး၏ဘယ်ဘက်ပခုံးမှနေ၍ သူ၏နှလုံးကို ဖြတ်ကာ ညာဘက်ခြမ်းထိပင် ပိုင်းဖြတ်သွားခဲ့သည်။

အရာအားလုံး ဖြစ်ပျက်ခဲ့သည်မှာ လေးစက္ကန့်မျှသာ ကြာခဲ့သည်။

ထန်ရှုနှင့်ကျန်သောသူများသည် ဖုံးကွယ်အစီအရင်မှ ထွက်ပေါ်လာပြီး လုပ်ကြံသတ်ဖြတ်ခြင်းကို ပြီးဆုံးရန် လေးစက္ကန့်သာ အချိန်ယူခဲ့ရပြီး မဟူရာကလပ်တွင် အလွန်အဆင့်အတန်းမြင့်မားသော ကေ့သ်မိုးသည် သူ၏လူနှစ်ယောက်ဖြစ်သော ပင်စိမ်း၊ အလိုဒီတို့နှင့်အတူ အသတ်ခံခဲ့ရသည်။

"မင်း ဘယ်သူလဲ။"

ဝူကျဲသည် တောက်လောင်နေသော မီးတောက်များနှင့်အတူ လေထုထဲမှ ဆင်းသက်လာသည်။ သူ့နောက်က လိုက်လာသော ပိရမစ်၏ကျွမ်းကျင်ပညာရှင်များကို ကာကွယ်ရန် သူ့လက်နှစ်ဖက်ကို ဖွင့်ထားပြီးနောက် သူသည် ထန်ရှုတို့အဖွဲ့ကို စိုက်ကြည့်နေသည်။

ထန်ရှုက သူ့အား မထီတထီ ကြည့်လိုက်သည်။ မိုအားဝူ၊ကျန်သောလူများ သူနှင့်လာဆုံပြီးနောက်တွင် သူက ဝူကျဲကို အေးစက်စက် ပြန်ကြည့်ကာ

"ခင်ဗျားက ငါ့နိုင်ငံဖြစ်တဲ့ တရုတ်ပိုင်နက်ကို ဒုက္ခပေးတဲ့သူတစ်ယောက်ပဲ။ ဒါတောင် ငါတို့ကို ဘယ်သူတွေလဲလို့ မေးနေသေးတယ်။ ပိရမစ်ရဲ့ စစ်ထောက်လှမ်းရေးအကြီးအကဲအဖြစ် ချီးကျူးခံရတဲ့ခင်ဗျားက ဒီလိုလူညံ့ဖြစ်သွားတယ်ပေါ့။”

တရုတ်လား … တာအိုကျင့်ကြံသူတွေလား…

ဝူကျဲ၏ခန္ဓာကိုယ် တုန်ရီသွားပြီး သူ့လက်ထဲက ရွှေလှံတံကို ချက်ချင်း ဆုပ်ကိုင်လိုက်ပြီး

"မင်းက မဟူရာကလပ်ရဲ့ လူတွေကို သတ်လိုက်ရုံပါပဲ။ သူတို့တွေက ငါတို့ပိရမစ်နဲ့ ဘာမှမဆိုင်ဘူး။ ငါ့ရန်သူရဲ့ရန်သူသည် ငါ့မိတ်ဆွေဖြစ်သည်ဟု ဆိုရိုးစကားတစ်ခုရှိတယ်။ ကျွန်းပေါ်က မဟူရာကလပ်ရဲ့ ကျွမ်းကျင်သူများအားလုံးကို အမြစ်ပြတ်ချေမှုန်းဖို့ အင်အားစုတွေ ပူးပေါင်းပြီး သူငယ်ချင်းတွေ ဖြစ်လာကြရင်ရော ဘယ်လိုလဲ။”

"ခင်ဗျားတို့ပိရမစ်ကလူတွေကို ဆွဲခေါ်ပြီး ကျွန်းက ထွက်သွားရင် ငါတို့တွေ သူငယ်ချင်း ဖြစ်နိုင်ပါတယ်။" ထန်ရှုက ရယ်မောလိုက်သည်။

"ဒါပေမယ့် ခင်ဗျားက ငါတို့ကျွန်းရဲ့အရင်းအမြစ်တွေကို လိုချင်တပ်မက်ပြီး ငါတို့နယ်မြေကို ကျူးကျော်လာရင် ငါတို့တွေ ရန်သူတွေ ဖြစ်သွားလိမ့်မယ်။"

ဝူကျဲက မျက်မှောင်ကြုတ်သွားပြီး

"မင်းရဲ့အဓိပ္ပါယ်က ... မင်းက တရုတ်အာဏာပိုင်ကို ကိုယ်စားပြုတယ်လို့ဆိုလိုတာလား။"

"ငါတို့က တရုတ်အစိုးရရဲ့လက်အောက်ခံလူတွေဖြစ်ပြီး အစိုးရရဲ့တရားဝင်ရပ်တည်ချက်အတိုင်း ကိုယ်စားပြုနိုင်တယ်။" ထန်ရှုက အေးစက်စက် ပြောလိုက်သည်။

“ဒီကျွန်းဟာ တရုတ်နိုင်ငံရဲ့ပိုင်နက်မှာ ရှိပြီး ပြင်ပလူတွေကို မဖွင့်ထားဘူး။ ခင်ဗျားက ငါတို့နယ်မြေကို ကျူးကျော်လာလို့ ထွက်သွားဖို့ အခွင့်အရေးတစ်ခု ပေးလိုက်မယ်။ ဒီမှာ ဆက်နေမယ်ဆိုရင် ခင်ဗျားတို့ကံကြမ္မာက ဒီမဟူရာကလပ်ရဲ့လူတွေလိုပဲ ပိုပြီး ကောင်းမှာ မဟုတ်ဘူး။

ဘိုဒတ်၏မျက်လုံးများအတွင်း ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာသည်။ ဝူကျဲက ပြန်မဖြေရသေးသော်လည်း ထန်ရှုဆီကို သူ တဟုန်ထိုး ပြေးဝင်သွားခဲ့ချေပြီ။

"မင်း သေလိုက်တော့။"

မိုအားဝူနှင့်အဖွဲ့သည် ဘိုဒတ်ကို တိုက်ခိုက်ရန်အတွက် ၎င်းတို့၏ဓားပျံများကို ထုတ်လွှတ်လိုက်ကြသည်။

ထန်ရှုသည် အစီအရင်ချပ်၂၄ခုကို ပစ်လွှတ်လိုက်သည်။ သူ၏လက်များသည် လေထဲတွင် သင်္ကေတတစ်ခုကို ပြုလုပ်လိုက်ရာ တောက်ပနေသော ကြယ်များအစီအရင်သည် အသက်ရှူချိန် အနည်းငယ်အတွင်း အသက်ဝင်လာသည်။ ဝူကျဲ၏ မျက်နှာသည် သိသိသာသာ ပျက်သွားပြီး ပျာယာခတ်စွာဖြင့် မီတာတစ်ရာကျော်အနောက်သို့ ပြေးသွားလိုက်သောကြောင့် အစီအရင် စတင်သည့်အချိန်တွင် ကံကောင်းစွာ လွတ်မြောက်နိုင်ခဲ့သည်။ သို့သော် ဘိုဒတ်သည် ကြယ်များအစီအရင်အတွင်းမှာ တိုက်ရိုက်ပေါ်လာသည်။

"နောက်ဆုတ် … ငါ သူ့ကို သတ်မယ်။" ထန်ရှု၏ပုံရိပ်သည် ရိပ်ကနဲ ပျောက်သွားပြီး ကျယ်လောင်စွာ အော်လိုက်ကာ အစီအရင်၏ ဗဟိုချက်တွင် ပေါ်လာသည်။

လျှပ်တပြက်အတွင်း မိုအားဝူနှင့်ကျန်သောသူများသည် တောက်ပနေသော ကြယ်များအစီအရင်မှ ထွက်ခွာရန် ထန်ရှု၏အမိန့်သံကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။ သူတို့ အစီအရင်မှ ထွက်သွားသောအခါ ထန်ရှုသည် ကြီးမားသော အစီအရင်ကို ထိန်းချုပ်ပြီး နတ်သားရဲလေးကောင် ဖြစ်သော မိုးပြာနဂါး၊ ကျားဖြူ၊ ဖီးနစ်နီနှင့် လိပ်နက်တို့ကို ပေါ်လာစေပြီး ဘိုဒတ်ကို လေးဘက်လေးတန် လမ်းကြောင်းလေးခုမှ ဝန်းရံထားသည်။

"သူ့ကို သတ်…"

ထန်ရှု၏အမိန့်ဖြင့် နတ်သားရဲလေးကောင်သည် ၎င်းတို့၏မှော်အစွမ်းများကို ထုတ်လွှတ်ကာ ဘိုဒတ်ကို အဆက်မပြတ် ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ ထိုလူသည် အလွန်ကြောက်စရာ ကောင်းသော ခွန်အားရှိပြီး သူ၏ အထွတ်အထိပ် အခြေအနေတွင် ထန်ရှုထက် ပိုမိုသန်မာသော အဆင့်တစ်ခု ရှိသည်။ သို့သော် ထန်ရှုသည် ကြယ်အစုအဝေးဇယား၏ စည်းမျဉ်း ၂၄ ချက်အတိုင်း တောက်ပနေသော ကြယ်အစီအရင်ကို ချထားပြီး အစီအရင်တွင် သူ၏နက်နဲသောအသိပညာအား ထပ်ပေါင်းလိုက်သောကြောင့် အစီအရင်သည် ပိုမိုအားကောင်းလာခဲ့သည်။

တောက်ပနေသော ကြယ်များအစီအရင်ကပင်လျှင် ဘိုဒတ်အတွက် ကြီးမားသော အကျပ်အတည်းကို ယူဆောင်လာခဲ့ပြီး အစီအရင်သည် ထန်ရှု၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသဖြင့် ဘိုဒတ်သည် ဘက်ပေါင်းစုံမှ အန္တရာယ်များ ဝိုင်းရံလာကာ နတ်သားရဲလေးကောင်၏အကြိမ်ကြိမ် အသတ်ခံရလုနီးပါး ဖြစ်ခဲ့ရသည်။

မီတာ၁၀၀ကျော်ဝေးသော နေရာတွင်…

ဝူကျဲသည် နေရာလွတ်အား ကြောက်ရွံ့စိတ်ဖြင့် ကြည့်နေပြီး ဘက်ပေါင်းစုံမှ စွမ်းအားများအား အဆက်မပြတ် ဆွဲယူနေပြီး ထူးခြားသော နေရာကို ပုံဖော်နေသည့် အားကြီးသောစွမ်းအင်ကို သူ ခံစားမိနိုင်ပေသည်။ သို့သော် သူသည် အပြင်တွင် ရပ်နေကတည်းက အတွင်းတွင် ဖြစ်ပေါ်နေသော မြင်ကွင်းကို မမြင်နိုင်ခဲ့ပေ။

ထိုနေရာတွင် ထန်ရှုကိုရော ဘိုဒတ်ကိုရော မမြင်တွေ့ရပေ။

သို့သော် ထန်ရှုက ဘိုဒတ်ကို ထောင်ချောက်ဆင်သော နည်းလမ်းတစ်ခုခုကို အသုံးပြုထားသည်ဟု ဝူကျဲ ကောင်းစွာ သဘောပေါက်ခဲ့ပြီး ဘိုဒတ်သည် ယခုအချိန်တွင် ကြီးမားသော ခြိမ်းခြောက်မှုကို ရင်ဆိုင်ရဖွယ်ရှိသည်။

ဝူကျဲ ခဏလောက်စဉ်းစားပြီးနောက် ရုတ်တရက် ပြောလိုက်သည်။

"စကားအရင် ပြောကြရင်ရော ဘယ်လိုလဲ လူငယ်လေး။"

တောက်ပနေသော ကြယ်များအစီအရင်အတွင်းထဲရှိ ထန်ရှု၏မျက်နှာသည် ရုတ်တရက် အေးစက်သွားသည်။ လျှပ်တစ်ပြက်အတွင်း ဖရိုဖရဲစွမ်းအားသည် သူ၏ခန္ဓာကိုယ်အတွင်းမှ ပြေးထွက်လာပြီး နတ်သားရဲလေးကောင်သည် အသက်ရှူချိန် အနည်းငယ်အတွင်း အရွယ်အစား နှစ်ဆနီးပါး တိုးလာကာ တောက်ပနေသော ကြယ်များအစီအရင်၏ စွမ်းအားသည် တိုးလာသည်။

အားး…

ဘိုဒတ်သည် မိုးပြာနဂါး၏အမြီးကို ရှောင်တိမ်းခဲ့သော်လည်း သူ၏နောက်ကျောကို ကျားဖြူ၏ချွန်ထက်သော ခြေသည်းများဖြင့် ကုတ်ခြစ်မိသဖြင့် ဆိုးရွားစွာ သွေးထွက်လာစေသည်။ သူ၏အကျပ်အတည်းသည် မလွတ်မြောက်နိုင်ဘဲ ဖီးနစ်နီသည် သူ၏ခန္ဓာကိုယ်အား လောင်ကျွမ်းစေရန် မီးတောက်မီးလျှံများ ဖြန်းပက်နေချိန်တွင် လိပ်နက်သည် သူ၏ရင်ဘတ်ကို ထိုးနှက်လိုက်သဖြင့် ရင်ညွန့်ရိုး ကျိုးသွားခဲ့သည်။

“သေလိုက်တော့…”

ထန်ရှု၏ပုံရိပ်သည် အစီအရင်၏အလယ်မှ ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။ သူ၏ဓားရှည်သည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ ဘိုဒတ်၏ရင်ဘတ်ကို ထိုးဖောက်ဝင်ရောက်လာပြီး သူ၏ပုံရိပ်သည် ထိုသူ ထွက်မပြေးနိုင်အောင် တားဆီးထားသည်။ ထို့နောက် ဘိုဒတ်၏နဖူးအား လက်သီးချက်ဖြင့် ပြင်းထန်စွာ ထိုးခွင်းလိုက်သည်။

သွေးများ နေရာအနှံ့သို့ လွင့်စဉ်သွားသည်။

သည်ဟာသည် ထိုးသတ်ချက်တစ်ခုသာ ဖြစ်ခဲ့သည်။

***

All Chapters