ဆွေမျိုးများထံလာရောက်ခြင်း
Vol. 23 Ch. 320
အခန်း(၃၂၀) - ဆွေမျိုးများထံ လာရောက်ခြင်း
သူမ အိမ်ပြန်ရောက်လာတော့ ဒေါ်လေးရှုကဲ့သို့သော ပင်စင်အလုပ်သမားများအကြောင်း ကျိုးချင်းပိုင်နှင့် ဆွေးနွေးခဲ့သည်။
ကျိုးချင်းပိုင်လည်း နှလုံးသားထဲတွင် မှတ်သားထားလိုက်သည်။
ယခု ဖက်ထုပ်ဆိုင်မှာ တည်ငြိမ်သွားပြီဖြစ်သဖြင့် ပြဿနာကြီးကြီးမားမားတော့ မရှိတော့ချေ။ ကျိုးခိုင် အတန်းတက်စရာ မရှိသေးသည်ကို အခွင့်အရေးယူပြီး ကျိုးချင်းပိုင်တစ်ယောက် အခြားစက်ရုံများနှင့် ညှိနှိုင်းရန် ထွက်သွားခဲ့သည်။
လင်ချင်းဟယ် အလုပ်မှ အိမ်ပြန်ရောက်လာတော့ ကျိုးချင်းပိုင်က ဇနီးသည် ပေးထားခဲ့သော ပမာဏအရ အော်ဒါများ တင်ပြီးနေလေပြီ။
ပထမအသုတ်မှ ဝတ်စုံ ၁၀၀အား အော်ဒါတင်ပြီးသွားလေပြီ။
သို့သော်လည်း ထိုစတိုင်တစ်ခုတည်း မဟုတ်ပါ။ ဒုတိယစတိုင်နှင့် တတိယစတိုင်တို့လည်းပါဝင်သည်။ ကျိုးချင်းပိုင်က စက်ရုံဆီသို့သွားပြီး စတိုင်တစ်ခုစီအတွက် အစုံ ၅၀၀ အော်ဒါတင်မှာယူခဲ့သည်။
ပြောရမည်ဆိုလျှင် ထိုစက်ရုံအတွက်တော့ အလွန်များပြားသော အော်ဒါဖြစ်ပေသည်။ ပထမဆုံးအကြိမ် အလုပ်တွဲလုပ်ခြင်းကြောင့်လားတော့ မသိ စက်ရုံ၏ အပြုအမူကတော့ အလွန်ကောင်းမွန်လှပါသည်။
သို့သော်လည်း အနာဂတ်တွင် ထိုကဲ့သို့ မတော်တဆမှုမျိုး ပေါ်လာနိုင်ချေ အလွန် များပြားပါသည်။
ထို့ကြောင့် ဒီနှစ်ထဲ တောင်ပိုင်းမှ အပ်ချုပ်စက်တစ်သုတ်ကို ဝယ်ယူပြီး ကိုယ်ပိုင်အလုပ်ရုံတစ်ခု ဖွင့်လှစ်ခြင်းကသာ အကောင်းဆုံးရွေးချယ်မှု ဖြစ်ပါလိမ့်မည်။
သူတို့ကိုယ်တိုင်ပြုလုပ်မည်ဆိုပါက ဘယ်သူ့မျက်နှာကိုမှ ကြည့်နေစရာ မလိုတော့ပါ။ ထို့အပြင် အနာဂတ်တွင် စတိုင်အသစ် အဝတ်အစားများဖြင့် ပထမဆုံး ငွေရရှိသူများ ဖြစ်လာနိုင်ပေသည်။
ရက်အနည်းငယ်ကြာတော့ လင်ချင်းဟယ်တစ်ယောက် သူမယခင်အလုပ်တွဲလုပ်ဖူးသည့် အလုပ်ရုံသို့သွားရောက်ခဲ့သည်။ သူမ အော်ဒါတင်ထားသော နောက်ဆုံးအထည်အသုတ်ကို ထုတ်ယူပြီးသွားသည့်နောက်ပိုင်း ထိုစက်ရုံနှင့် ဘယ်တော့မှ အလုပ်ထပ်မလုပ်တော့ချေ။
ထိုစက်ရုံမှ မန်နေဂျာကလည်း သူမကို ဆွဲမထားပါ။ ရက်အနည်းငယ်အတွင်း ထိုဂါဝန်၏ အခြား ပုံစံများက စျေးထဲတွင်ပေါ်လာသည်။
မေးစရာပင်မလို။ သူမ၏ အထည်များကို ပုံတူကူးထားခြင်းဖြစ်သည်။
အနာဂတ်မျိုးဆက်များတွင်သာဆိုလျှင် မူပိုင်ခွင့်ကို ကာကွယ်ပိုင်ခွင့်ရှိသည်။ သို့သော်လည်းလက်ရှိတွင်တော့ တိုင်ချက်ဖွင့်စရာ နေရာမရှိသေးပါချေ။
ထိုနည်းဖြင့် လင်ချင်းဟယ် သင်ခန်းစာရသွားခဲ့ပါသည်။
သို့သော်လည်း စတိုင်အသစ်ထွက်လာပါက ပထမအသုတ်အတွက် အော်ဒါပမာဏကို တိုးမြှင့်ပြီး ပထမဆုံးငွေရရှိသူ ဖြစ်အောင်လုပ်မည်။ နောက်ပိုင်းဘာပဲဆက်ဖြစ်လာ ဆက်ဖြစ်လာ သူမနှင့်မဆိုင်ပေ။
မျက်စိတစ်မှိတ်အချိန်တိုအတွင်း ဧပြီလသို့ပင် ရောက်ရှိလာခဲ့ပါသည်။
ဤလတွင် နွေဦးရာသီမှာ အတောက်ပဆုံးအချိန်သို့ရောက်ရှိနေခဲ့သည်။ လင်ချင်းဟယ်၏ ဂါဝန်နှင့်အထည် စတိုင်များစွာတို့က စျေးကွက်ထဲတွင် ရောက်ရှိနေပြီ။ ရောင်းအားကလည်း အလွန်မြင့်တက်နေလေပြီ။
အထည်ဆိုင်မှာ နေ့တိုင်း အထည်စုံ ဒါဇင်နှင့်ချီပြီး ရောင်းချနေရသည်။
နဂိုက သူမ ဟူကျစ်ကို ဆိုင်ခွဲတစ်ခု ဖွင့်လှစ်စေချင်သော်လည်း အခုချိန်ထိ လက်လျှော့နေရသည်။ သူမ၏ကိုယ်ပိုင် စက်ချုပ်အလုပ်ရုံရလာမှ ထိုအကြောင်းပြောလိုက်မည်။
ဟူကျစ်မှာ အထည်များကို နေရာရွှေ့ရန်နှင့် အရောင်းမှတ်တမ်းများကို မှတ်သားရန် တာဝန်ရှိသည်။ အာ့နီနှင့် ရှုရှန့်မိန်တို့အား သတ္တိရှိစေရန်အတွက် ဝင်ပေါက်ကို စောင့်ကြပ်ပေးရန်လည်း သူ့တွင်တာဝန်ရှိသည်။
ထိုနေ့ည လင်ချင်းဟယ် သင်ခန်းစာပြင်ဆင်မှု ပြီးဆုံးသွားပြီး စာရင်းစာအုပ်ကို ထုတ်ကြည့်လိုက်သည်။
ထိုစာရင်းများကို လင်ချင်းဟယ် မစီမံပါ။ အားလုံးကို ကျိုးချင်းပိုင်က စီမံခန့်ခွဲထားသည်။ နေ့တိုင်း ငွေစာရင်းများ တွက်ချက်ရန်အတွက် စာရင်းဇယားများ သူချရသည်။
"အဲ့လောက်တောင် ရတာလား" လင်ချင်းဟယ်က အံ့သြတကြီး မေးလိုက်သည်။
အထည်ဆိုင် ရောင်းအားမှာ အလွန်ကောင်းမွန်လှသည်။ တစ်ရက်ကို အနည်းဆုံး အထည်စုံ ၂၀လောက် ရောင်းရသည်။ အများကြီးရှိလျှင် အထည် ၃၀၊ ၄၀အထိ ရောင်းရပြီး အထည် ၅၀အထိပါ ရောင်းရတတ်သည်။ ကြားထဲတွင်တော့ တစ်ပတ်လောက် ပစ္စည်းပြတ်လတ်နေတတ်သည်။
သို့သော်လည်း တစ်ထည်စီ၏အမြတ်ငွေက ၄ယွမ်ခန့် ရှိသည်။ အရင်လက ပစ္စည်းပြတ်နေသော ခုနစ်ရက်ရှိနေသော်လည်း ထိုလ အထည်ဆိုင် အမြတ်ငွေမှာ ယွမ် ၂၀၀၀ ဝန်းကျင်အထိကို ရှိနေလေသည်။
လင်ချင်းဟယ် အံ့သြလည်းအံ့သြချင်စရာပင်။
"အမြတ်များလိုက်တာနော်" ကျိုးချင်းပိုင်က ခေါင်းတငြိမ့်ငြိမ့်နှင့် ပြောလိုက်သည်။
သူ့လက်ရှိ ဖက်ထုပ်ဆိုင်ကလည်း ရောင်းအားကောင်းပါသည်။ သို့သော် လစဥ်ဝင်ငွေမှာ ယွမ် ၃၀၀မျှသာ အကန့်အသတ်ရှိသည်။ ယွမ် ၃၀၀ ထက်ပိုရရန် ခက်ခဲလှသည်။ အမြတ်အစွန်းကလည်း နည်းလွန်းသည်ကိုး။
သို့သော်လည်း ယွမ် ၃၀၀ က မနည်းပေ။ သို့သော် သူ့ဇနီးသည် ဖွင့်ထားသည့် အထည်ဆိုင်မှာ ထိုမျှလောက်သော အမြတ်ရလိမ့်မည်ဟု မျှော်လင့်မထားမိခဲ့ပါချေ။
"မင်းအမြတ်စားချင်သေးလား(ပြန်ရောင်းချခြင်းဖြင့်)" သူ့ဇနီးအား မျက်ခုံးပင့်ကာ မေးလိုက်သည်။
"နှစ်နှစ် သုံးနှစ်လောက်တော့ အဆင်ပြေလိမ့်မယ်။ အဲ့ဒီနှစ်နှစ် သုံးနှစ်ပြီးရင်တော့ ရှင် ပြန်ရောင်းရင်တောင် အခြားသူတွေ လိုချင်တော့မှာ မဟုတ်ဘူး။" ဟု လင်ချင်းဟယ်က ပြော၏။
နွေရာသီအားလပ်ရက်အတွင်း အရောင်းအဝယ်လုပ်ဖို့က သေချာပေါက်ကို အရေးကြီးသည်။ အကြောင်းမှာ နောက်ပိုင်းတွင် လိုချင်မည့်သူ နည်းပါးသွားနိုင်သောကြောင့် ဖြစ်သည်။ ဝင်ငွေပိုရရှိဖို့အတွက် ယခုအချိန်တွင် အမြတ်အခွင့်အရေးကို အရယူမှကိုဖြစ်မည်။
ယခုအချိန်ထိ သူမ၏ စိတ်ကူးယဥ်အိမ်ခြံဝင်း ဝယ်ယူနိုင်မယ့် အရိပ်အယောင်မျှ မတွေ့ရသေးပေ။
ထို့အပြင် လက်ရှိ အထည်ချုပ်လုပ်ငန်းသည် ရေရှည်တွင်ကျယ်မည် မဟုတ်ပေ။ အနာဂတ်တွင် ပေါပေါသောသော ဖြစ်လာလိမ့်မည်။
ထို့ကြောင့် အခုအမြတ်များကောင်းနေရုံနှင့် အခြားဝင်ငွေလမ်းများကို လက်လွှတ်လိုက်၍မရပါ။ နွေရာသီအားလပ်ရက်တွင် ပြန်လည်ရောင်းချခြင်းက တစ်နှစ်တာ မိသားစု ဝင်ငွေကိုကျော်လွန်လောက်အောင် များပြားလွန်းလှပါသည်။
"ရှောင်မိန်တို့အတွက် ဆိုင်နေရာရှာပြီးသွားပြီ။ ကိုယ်တို့အိမ်နဲ့ သိပ်မဝေးဘူး။ မိနစ်သုံးဆယ်လောက်ပဲ လမ်းလျှောက်ရတယ်" ဟု ကျိုးချင်းပိုင်က ပြောလိုက်သည်။
"ရှင် ကြည့်ပြီးပြီလား" ထိုစကားကို ကြားပြီးနောက် လင်ချင်းဟယ်က ပြန်မေးလိုက်သည်။
"ကြည့်ပြီးပြီ။ တော်တော်လေး ကောင်းတယ်။" ကျိုးချင်းပိုင်က ခေါင်းငြိမ့်ပြလိုက်သည်။
သို့သော်လည်း လက်ရှိနေရာရှိဆိုင်က အငှားချထားသည် မဟုတ်ပါ။ ကျိုးချင်းပိုင်က တစ်လလျှင် ၁၀ ယွမ်ဖြင့် ငှားရမ်းခဲ့သည်။ သူ့ယောက်ဖနှင့် ညီမပြန်လာပါက သူတို့ကိုသာ ဆိုင်ငှားခပေးခိုင်းမည်။ လောလောဆယ်တော့ သူစိုက်ပေးထားရလည်း ပြဿနာမရှိပါ။
"ကြက်တစ်ကောင်ဖမ်းပြီး မနက်ဖြန်ကျ စွပ်ပြုတ်ချက်လိုက်ဦးနော်။" ဟု လင်ချင်းဟယ် ပြောလိုက်သည်။
"ဟုတ်ပြီ" ကျိုးချင်းပိုင်က ခေါင်းငြိမ့်သည်။
လင်ချင်းဟယ် နောက်တစ်နေ့ နေ့လည်တွင် ကြက်စွပ်ပြုတ်သောက်ခဲ့သည်။ သူမ မလှုပ်ချင်သလိုဖြစ်နေ၍ ကျိုးခိုင်ကို ကြက်စွပ်ပြုတ်ပို့ခိုင်းလိုက်သည်။
ဒီနေ့ အဘိုးဝမ် အိမ်လာမစားသဖြင့် သူ့အတွက် တစ်ပွဲပို့ပေးလိုက်သည်။ နောက်တစ်ပွဲကိုတော့ ကိုယ်ဝန်သည် ဝမ်လီထံသို့ ပို့ပေးလိုက်သည်။
စွပ်ပြုတ်ဟူသည် ရှိနေသေးသ၍ ဝမ်လီ၏ဝေစုကို လင်းချင်းဟယ်က လျစ်လျူရှု ထားမည် မဟုတ်ပါ။
"အန်တီ့ကို ပို့စရာမလိုပါဘူးကွယ်" ဟု ဝမ်လီက အရမ်းရှက်မိပြီး ကျိုးခိုင်ကို ဤကဲ့သို့ ပြောလိုက်သည်။
"သားအမေက အန်တီ သူ့ကို မကြာခင် ခေါင်းကိုင်သား ဒါမှမဟုတ် ခေါင်းကိုင်သမီးတစ်ယောက် ပေးမယ်လို့ပြောတယ်။ သားတို့အရှုံးမရှိပါဘူး။" ကျိုးခိုင်က အားရပါးရပြန်ပြောလေသည်။
ဝမ်လီတစ်ယောက် ပြုံးလိုက်မိသည်။ သူမ စားသောက်ပြီးသွားသောအခါ ပန်းကန်ဆေးပြီး ကျိုးခိုင်ကိုပြန်ပေးလိုက်သည်။
ထိုအချိန်တွင် အပြင်ဘက်မှ သတိပေးကြေညာသံ ထွက်ပေါ်လာခဲ့သည်။
"ဆရာမ လင်ချင်းဟယ်! ဆရာမ လင်ချင်းဟယ်! အခုပြောနေတာကြားရင် ကျေးဇူးပြုပြီး အဓိကဝင်ပေါက်ရဲ့ နားနေခန်းကို သွားပေးပါ။ ကျေးဇူးပြုပြီး အဓိကဝင်ပေါက်ရဲ့ နားနေခန်းကို သွားပေးပါ။"
ကျိုးခိုင် ထိတ်လန့်သွားသည်။ "ဘာတွေဖြစ်နေတာလဲ"
"မင်းအမေကို တစ်ယောက်ယောက်လာရှာတာထင်တယ်။ သွားကြည့်ကြရအောင်" ဟု ဝမ်လီက ပြောလိုက်သည်။
"သားဖာသာ သွားလိုက်မယ်။ ဒေါ်လေးလီ၊ ကျေးဇူးပြုပြီး ပြန်နားနေလိုက်ပါ။" ဟု ကျိုးခိုင်က ထိုကဲ့သို့ပြောပြီး ထမင်းဗူးကို ယူရင်း ထွက်လာခဲ့သည်။
သူနားနေခန်းသို့ရောက်သွားတော့ ကျိုးလျှို့နီ စောင့်နေသည်ကိုတွေ့လိုက်ရသည်။
ကျိုးခိုင် ချက်ချင်းဆိုသလို မျက်မှောင်ကြုတ်သွား၏။
"အစ်ကိုကြီးလောင်တ!" ကျိုးလျှို့နီ၏ မျက်လုံးများ ကျယ်သွားပြီးချက်ချင်း လက်ရမ်းပြလိုက်သည်။
"ဒါမင်းတို့မိသားစုက ကလေးမလား" ကျိုးလျှို့နီဘေးတွင် ရဲသားတစ်ယောက်ရှိနေ၏။ သူက ကျိုးခိုင်ကိုကြည့်ကာ မေးလိုက်ခြင်း ဖြစ်သည်။
"ကျွန်တော့် ဒုတိယဦးလေးဘက်က ဝမ်းကွဲပါ" ကျိုးခိုင်က ခေါင်းငြိမ့်ကာ ဖြေလိုက်၏။ "ရဲသားကြီး ဘာတွေဖြစ်လို့လဲခင်ဗျား" သူတွေးနေသလိုတော့ မဖြစ်နိုင်ပါ။
"မင်းရဲ့ဒုတိယဦးလေးရဲ့ ကလေးဆိုတော့ မင်းတို့ဆွေမျိုးပဲ။ ဒီကောင်မလေး မြို့ထဲရောက်လာပြီး လမ်းပျောက်နေတာလေ၊ သူ့ဆွေမျိုးတွေကိုလာရှာတာလို့ပြောတယ်။ ဒါပေမယ့် သူက လည်ပါတယ်။ သူက ငါတို့ကို လာရှာရမယ်ဆိုတာ သိတယ်လေ။ အဲ့ဒါကြောင့် ငါတို့က သူ့ကို ဒီခေါ်လာပေးတာ။" ဟု ရဲသားကြီးက ဖြေလိုက်သည်။
"အလုပ်ရှုပ်စေမိလို့ တောင်းပန်ပါတယ်ဗျာ။" ကျိုးခိုင် အသက်ဝဝရှုလိုက်ပြီး ရဲသားကြီးကို တောင်းပန်လိုက်သည်။
"သူက မင်းဆွေမျိုးဆိုတော့ မင်းလက်ထဲ ထည့်ပေးလိုက်မယ်နော်။ ဒါပေမယ့် နောက်ဆိုရင် သတိထားရမယ်။ သူက ငယ်လွန်းပြီး ဒီနေရာနဲ့လည်း အကျွမ်းတဝင်မရှိဘူး။ မင်း သူ့ကို လျှောက်သွားခိုင်းလို့ မဖြစ်ဘူးလေ။" ဟု ရဲသားကြီးက ပြောသည်။
"နားလည်ပါပြီ" ကျိုးခိုင်မှတ်သားထားလိုက်ပြီး ခေါင်းငြိမ့်ပြလိုက်သည်။
ရဲသားကြီး ထွက်သွားသည်နှင့် တစ်ပြိုင်နက် ကျိုးလျို့နီက ပျော်ပျော်ရွှင်ရွှင် ပြေးကာ ကျိုးခိုင်၏ လက်ကိုကိုင်လိုက်သည်။
"လျှို့နီ နင့်ဖာသာနင် ဒီကိုရောက်လာတာ နင့်မိသားစု သိရဲ့လား။" ကျိုးခိုင် အနောက်သို့ ခြေတစ်လှမ်းဆုတ်ကာ သူစိမ်းဆန်စွာမေးလိုက်တော့သည်။