အကြင်နာကင်းမဲ့သော
Vol. 23 Ch. 322
အခန်း(၃၂၂) - အကြင်နာကင်းမဲ့သော
လင်းချင်းဟယ်သည် ဟူကျစ်နှင့် ရှုရှန့်မိန်တို့ သူမကို ဘယ်လိုထင်မလဲ ဆိုတာကို ဂရုမစိုက်ခဲ့ပါ။ သူမက အမြဲတမ်း ဒီလိုပုံစံပဲဖြစ်သည်။
သို့သော် သူမ ကျိုးချင်းပိုင်ကို ညဘက် စကားပြောတော့ သူမရဲ့ လေသံက နူးညံ့လို့ နေခဲ့သည်။
"ကျွန်မ လျှို့နီကို ဒီအတိုင်း ပြန်လွှတ်လိုက်တာ၊ ရှင် ကျွန်မကို အပြစ်တင်လားဟင်။" ဟု လင်ချင်းဟယ်က မေးလိုက်သည်။
"ကိုယ် အပြစ်မတင်ပါဘူး" ဟု ကျိုးချင်းပိုင်က ခေါင်းခါသည်။
တကယ်တော့ သူလည်း သူ့တူမလုပ်ရပ်ကို မကျေမချမ်း ဖြစ်ရပါသည်။
သူမ လာရောက်ခိုလှုံသည်ကို စိတ်ဆိုးခြင်းမဟုတ်။ သို့သော် သူမသည် ထိုကဲ့သို့သော အရမ်းမိုက်မဲတဲ့ လုပ်ရပ်မျိုးကို ပြုလုပ်ခဲ့ခြင်းကြောင့် စိတ်ဆိုးခြင်း ဖြစ်သည်။ ဘာမှမဖြစ်ခဲ့လို့ တော်သေးသည်။ တစ်ခုခုဖြစ်ခဲ့ပါက မည်ကဲ့သို့ လုပ်ကြမည်နည်း။
"သူမရဲ့ အကျင့်စရိုက်က ကောင်းမွန်ပြီး စဥ်းစားချင့်ချိန်တတ်မယ်ဆို ကျွန်မတို့က သူတို့ဦးလေးနဲ့အဒေါ်တွေအနေနဲ့ ဆွဲခေါ်ပေးဖို့ အသင့်ပါပဲ။ အာ့နီကတောင် ဘာမှမပြောပေမယ့် ကျွန်မက သူ့ကို လာစေချင်တယ်။ ဒါပေမယ့် အခု လျှို့နီရဲ့ပုံစံကိုကြည့်၊ ဘယ်သူက သူမကို လက်ခံရဲမှာလဲ။" ဟု လင်ချင်းဟယ်က စိတ်မကျေနပ်စွာ ညည်းလိုက်သည်။
သူမသည် ဒီလိုကိစ္စမျိုး တစ်ခါမှ မမြင်ဖူးခဲ့ပါ။ ဒီလို သိသာထင်ရှားသော လှည့်ကွက်မျိုးကို သူမထံ လာသုံးနေကြသည်။ သူမကို မောင်းမထုတ်နိုင်ဘူးဟုများ ထင်နေကြသလား။
မဖြစ်နိုင်ပါ။ သူမက လက်တွန့်နေမည် မဟုတ်ပါ။
ဒီတစ်ခေါက်တော့ သူမ သနားမကြင်နာတော့ပါ။ မဟုတ်လျှင် သံသရာလည်နေဦးပေမည်။ သူမကို ခံစားချက် ကင်းမဲ့သည်ပဲပြောပြော ဘဝမြင့်သွားပြီး လူတွေကို မေ့သွားသည်ပဲပြောပြော အဆင်ပြေသည်။ သူမသည် သူတို့လိုချင်သည့် ဒီလမ်းကို ဖောက်ပေးမည် မဟုတ်ပေ။
"စိတ်မတိုပါနဲ့ကွာ။ သူ့ကို ပြန်လွှတ်လိုက်တာ ကောင်းတယ်" ဟု ကျိုးချင်းပိုင်က ချော့လိုက်သည်။
သူ့ဇနီးသည်က မိသားစုပြဿနာများတွင် အမြဲတမ်း အဓိကတာဝန်ယူသူ ဖြစ်ခဲ့သည်။ သူက ဝင်ရှုပ်မည် မဟုတ်ပါ။ သူ့ဒုတိယအစ်ကိုက တစ်ခုခုပြောစရာရှိလျှင် သူရှင်းလိမ့်မည်။
ကျိုးခိုင်နှင့် ကျိုးလျှို့နီတို့ ကျေးရွာဘက်သို့ ရက်အနည်းငယ်အတွင်း ပြန်ရောက်လာခဲ့ကြသည်။
ကျိုးခိုင်က သူ့အမေမှာသည့်အတိုင်း လုပ်သည်။ ကျိုးလျှို့နီကို ကျိုးအိမ်ဟောင်းထံသို့ ပြန်ပို့ပေးပြီး ဒုတိယအစ်ကိုလက်ထဲ အပ်ပေးခဲ့သည်။
"ဒုတိယဦးလေး၊ ကျွန်တော် လျှို့နီကို ပြန်ခေါ်လာပေးတယ်။ ရှေ့လျှောက် ဦးလေး သူ့ကို သေချာစောင့်ကြည့်ထားဖို့ လိုအပ်နေပြီ။ သူ့ကို ထပ်ပြီး လျှောက်မသွားပါစေနဲ့။" ဟု ပြောလိုက်သည်။
ဒုတိယအစ်ကိုက ကြောင်စီစီ ဖြစ်သွား၏။ "ဘာလဲကွ။ လျှို့နီက သူ့အဘွားအိမ်ကို သွားလည်နေတာ မဟုတ်ဘူးလား။"
ထို့နောက် သူက ဒုတိယမရီးကို တိုက်ရိုက်လှည့်ကြည့်လိုက်သည်။
"သောက်ကလေးမလေး၊ နင် ဘယ်သွားတာလဲ။ နင့်စတုတ္ထဦးလေးနဲ့ စတုတ္ထအဒေါ်ကို တွေ့ဖို့ မြို့တော်ကို နင်တစ်ယောက်တည်း တက်သွားတာလား" ဟု ဒုတိယမရီးက နှုတ်ခမ်းကိုစူပြီး ကျိုးလျှို့နီကို ဆူငေါက်လိုက်သည်။
အကြီးဆုံးအစ်ကို၊ အကြီးဆုံးမရီး၊ တတိယအစ်ကို၊ တတိယမရီးတို့က အခန်းပြင်ထွက်လာကြပြီး သူတို့အားလုံး ထိုစကားများကို ကြားသွားကြသည်။
ထို့နောက် သူတို့အားလုံး ကျိုးလျှို့နီကို ကြည့်လိုက်ကြသည်။
အကြီးဆုံးမရီးက ဆူပုတ်နေသောမျက်နှာနှင့် "လောင်တ၊ လျှို့နီက တကယ်ပဲ မြို့ကြီးဆီ သူတစ်ယောက်တည်း လာခဲ့တာလား။" ဟု အရင်ဆုံး မေးလိုက်သည်။
"ဟုတ်တယ်။ ကျွန်တော့်အဖေက သူ့ကို ဒုတိယဦးလေးနဲ့ ဒုတိယဒေါ်လေးတို့လက်ထဲ ပြန်အပ်ဖို့ ပြောခဲ့တာ။" ဟု ကျိုးခိုင်က ပြန်ပြောလိုက်သည်။
သူ့အဖေပြောသည်ဟုသာပြောပြီး သူ့အမေကို ထည့်မပြောပါ။
အကြီးဆုံးမရီး၏ မျက်နှာက ဒီ့ထက်ပိုပြီး မခက်ထန်နိုင်တော့ချေ။
"ဒုတိယမရီး၊ ငါ နင့်ကို မဝေဖန်ချင်ပါဘူး။ ဒါပေမယ့် နင် လျှို့နီကို ကောင်းကောင်း သင်ကြားပေးဖို့ တကယ်လိုနေပြီလို့ ထင်တယ်နော်။ ဒါက အရမ်း အတင့်ရဲလွန်းတယ်။ မြို့တော်ဆိုတာ ဘယ်လိုနေရာမျိုးလဲ သိရဲ့လား။ သူမက တကယ်ကြီး အဲ့ကို သွားရဲတယ်ပေါ့လေ။" ဟု တတိယမရီးက ဒုတိယမရီးကို အပြစ်တင်လိုက်သည်။
ဒုတိယမရီးသည် စတုတ္ထမိသားစုမှ ဒုတိယမိသားစုကို ဒီလိုမျိုး စော်ကားလိမ့်မည်ဟု တစ်ခါမှမထင်ထားခဲ့ပါ။ ဒီအချိန်တွင် သူမရဲ့ မျက်နှာ ဒေါသတို့ဖြင့် ပြည့်နှက်လာပြီး ဝါးခြမ်းပြားကို ကိုင်ကာ ကျိုးလျှို့နီကို စတင်ရိုက်နှက်တော့သည်။ "မသာမလေး၊ ငါ နင့်ကို မသတ်ဘူး မထင်နဲ့နော်။ အမြဲတမ်း စောက်ဘဝင်မြင့်ချင်နေတယ်။ အခြားသူတွေက နင့်ကို ဘဝင်မြင့်ခွင့်ပေးလို့လား။ နင်က မြို့တော်ကြီးထိတောင် လိုက်သွားပြီး နှင်ထုတ်ခံလိုက်ရတယ်။ နင် ပျော်လား။ သူတို့က နင့်ကို သဘောမကျဘူးဆိုတာကိုတောင် နင်က အတင်းတွေ လုပ်ချင်နေတယ်ပေါ့။ ငါ နင့်ကို သတ်မယ်၊ ကောင်မ!"
ထိုစကားလုံးများသည် လျှို့နီကို ရိုက်နှက်ပြီး ဆူပူနေသည် ဆိုတာထက် စတုတ္ထမိသားစုက ခံစားချက်မရှိဘူးဟု ဆိုနေသည်နှင့် ပိုတူသည်။ ကိုယ့်တူမကိုယ်ပင် သည်းမခံနိုင်ကြဘူး။
"ဒုတိယဒေါ်လေး၊ ပြောစရာရှိရင် တဲ့တိုးပြောလိုက်ပါ။ စောင်းမြောင်းမပြောပါနဲ့။ ကျွန်တော်တို့က လျှို့နီကို လာခိုင်းတာမဟုတ်ဘူး။ ပြီးတော့ ရထားလက်မှတ်ဖိုးကလည်း စျေးမပေါဘူးနော်။ လျှို့နီကို ဒေါ်လေးက လက်မှတ်ဖိုးပေးလိုက်တာ မဟုတ်ဘူးလား။" ဟု ကျိုးခိုင်ကလည်း စိတ်ဆတ်လွယ်သူ ဖြစ်သဖြင့် သူ့ဒုတိယဒေါ်လေးက ဒီလိုစကားမျိုး ပြောလာသည့်အခါ သူ မေးရန် နှုတ်မတွန့်တော့ပေ။
တကယ်ပါပဲ။ သူမက စကားကို ဘာမဆို ပြောတတ်လွန်းတယ်။
ဒုတိယမရီး၏ မျက်နှာအမူအရာဟာ ဖြူဖျော့သွားသည်။
"ဒီတစ်ခေါက် လျှို့နီလုပ်တာ တကယ်လွန်တယ်။ သူက လူတွေအများကြီးကို ဒုက္ခပေးတယ်။ ကျွန်တော်လည်း ကျောင်းကနေ ခွင့်ယူခဲ့ရတယ်။ ကျွန်တော် သင်ခန်းစာ ဘယ်နှခုလောက် လွတ်သွားပြီလဲ ဆိုတာ သိရဲ့လား။" ဟု ကျိုးခိုင်က ဆက်ပြောသည်။
"လောင်တ၊ ဘာဖြစ်လို့လဲ။" သူ ပြောဆိုပြီးနောက် အဖေကျိုးနှင့် အမေကျိုးတို့ အိမ်ထဲ ဝင်လာကြသည်။
ကျိုးခိုင် အိမ်မပြန်ခင် သူက ကျိုးအိမ်ဟောင်းသို့ တန်းလာခဲ့သည်။ ယခု အဖေကျိုးကော အမေကျိုးကော သူတို့အိမ်တွင် နေထိုင်နေကြသည်။
ထိုအချိန်တွင် သတင်းကြားပြီးနောက် သူတို့ချက်ချင်း ရောက်လာကြခြင်း ဖြစ်သည်။
"အဘိုးနဲ့ အဘွား" ကျိုးခိုင်က ဂါဝရပြုပြီး ရှင်းပြလိုက်သည်။ "ဘာမှမဟုတ်ပါဘူးဗျာ။ လျှို့နီက မစဥ်းစားမဆင်ခြင်ဘဲ မြို့တော်ကို တစ်ယောက်တည်း တက်လာလို့ ကျွန်တော် ပြန်လာပို့တာ။ ဒုတိယဦးလေး၊ ကျွန်တော် သူ့ကို ဦးလေးတို့ဆီ ပြန်ပို့ပြီးပြီနော်။ အခုချိန်ကစပြီး သူ ဘယ်ပဲသွားသွား ကျွန်တော်တို့ဆီ မလာပါစေနဲ့တော့။"
နောက်ဆုံးစကားက ဒုတိယအစ်ကိုကို ပြောလိုက်ခြင်း ဖြစ်သည်။
ဒုတိယအစ်ကိုက ဒေါသများဖြင့် လောင်မြိုက်နေပြီဖြစ်ပြီး "ရှေ့လျှောက် သူ အိမ်မှာမနေဘူးဆိုရင် ငါ သူ့ခြေထောက်ကို ရိုက်ချိုးပြစ်လိုက်မယ်။" ဟု ကြွေးကြော်လိုက်သည်။
"လျှို့နီက မြို့တော်ကို တက်သွားတယ် ဟုတ်လား။" ဟု အဖေကျိုးက မေးလိုက်သည်။ သူက ကျိုးလျှို့နီကို အလိုမကျသောမျက်နှာဖြင့် ကြည့်လိုက်သည်။
ကျိုးလျှို့နီက အခန်းထောင့်တွင် ပုန်းရင်း "သမီးက ဒီအတိုင်း သွားကြည့်ချင်တာပါ။ သမီး အဲ့ကို ရောက်သွားတော့ စတုတ္ထဒေါ်လေးက တစ်ညတောင် နေခွင့်မပေးဘဲ ဒီအတိုင်း အစ်ကိုလောင်တကို ပြန်ပို့ခိုင်းမယ်မှန်း ဘယ်သိမှာလဲ။” ဟု ပြောလိုက်သည်။
"ဟာသပဲ။ နင်က အကြောင်းတောင်မကြားဘဲ သွားတာကိုး။ နင့်ရဲ့စတုတ္ထဒေါ်လေးက နင် ဘာတွေကြံနေလဲဆိုတာ မသိဘဲနေမလား။ တစ်ရွာလုံး နင့်စတုတ္ထဒေါ်လေးရဲ့ ဒေါသကို သိတယ်။ နင် လုပ်ချင်တိုင်းလုပ်ပြီးမှ တိုင်ချင်တယ်ဆိုရင် သူ့မှာ ဘယ်လို အကျင့်စရိုက်ရှိလဲဆိုတာ နင်အရင်စဥ်းစားသင့်တယ်။ သူ့လိုလူမျိုးက နင့်ကို လိုက်လျောပေးမှာတဲ့လား။" ဟု တတိယမရီးက တဲ့တိုး လှောင်သည်။
"ဟုတ်ပြီ၊ ဟုတ်ပြီ၊ တော်တော့။" ဟု တတိယအစ်ကိုက သူမကို တားလိုက်သည်။
"ဘာကို တော်ရမှာလဲ။ ကျိုးမိသားစုမှာ နောက်ဆုံးတော့ အောင်မြင်နေတဲ့ မိသားစုတစ်စု ရှိလာခဲ့တယ်။ မိသားစုတစ်ခုလုံးက အမှီအခိုပြုဖို့ မျှော်လင့်နေကြတာ ဆိုပေမယ့် ကိုယ့်အဆင့်ကိုယ်မသိတဲ့ လူတွေရှိတယ်။ လျှို့နီမှာ ဘာကောင်းကွက်တွေများ ရှိနေလို့လဲ။ အိမ်က လူတွေထဲမှာ သူ့အကြောင်း မသိတဲ့လူ ဘယ်သူရှိလဲ။ ဒါပေမယ့် တစ်ချို့လူတွေကတော့ သူတို့သမီးကို အားလုံးက ချစ်မယ်၊ အလိုလိုက်မယ်လို့ ထင်နေကြတာလေ။ ရှားရှားကိစ္စမှာ ဘယ်သူက ကူညီပေးခဲ့လဲ ဆိုတာကို မေ့သွားကြပြီလား။ သူတို့ကို အဆင်ပြေစေချင်တဲ့ ဆန္ဒရှိစေချင်ရုံနဲ့တင် လုံလောက်နေပြီ မဟုတ်ဘူးလား။ စတုတ္ထမိသားစုကပဲ သူတို့အပေါ် ကျေးဇူးကြွေးတင်နေသလိုမျိုး သူဖြစ်စေချင်တဲ့အတိုင်း လိုက်လုပ်ရမလိုမျိုး ဖြစ်နေကြတယ်။” ဟု တတိယမရီးက တဲ့တိုးသာ သရော်လိုက်တော့သည်။ ဒီတစ်ခါတော့ သူမ သည်းမခံနိုင်တော့ပါ။ သူမက ဒုတိယမရီးကို လက်ညှိုးငေါက်ငေါက်ထိုးပြီး ပြောဆိုခဲ့သည်။
မတတ်နိုင်ဘူး။ သူတို့က တစ်မိုးအောက်တည်း နေနေကြသည်။ တတိယမရီးနှင့် ဒုတိယမရီးတို့ တစ်ယောက်ကို တစ်ယောက်အငြှိုးအတေးများထားခဲ့ကြသည်မှာ ကြာပြီ ဖြစ်သည်။ သူတို့တစ်မိုးအောက်တည်းနေရမည် ဟူသောအတွေးကြောင့် သူတို့ချုပ်တည်းထားခဲ့ကြခြင်း ဖြစ်သည်။
သို့သော် တစ်စုံတစ်ယောက်ကတော့ သိသိကြီးနဲ့ မသိချင်ယောင်ဆောင်နေသောအခါ အားလုံးက အရူးမဟုတ်ကြောင်း သူမ အသိပေးလိုသည်။
"မင်းကို ဆက်မပြောနဲ့တော့လို့ ငါပြောနေတယ်။" ဟု တတိယအစ်ကိုက အော်လိုက်သည်။
တတိယမရီးက မျက်စောင်းထိုးပြီး "ကျွန်မက ပြောချင်လို့ ပြောနေတယ်များ ရှင် ထင်နေလား" ဟု ပြောဆိုပြီးသည့်နောက် သူမသည် ကျိုးခိုင်ဘက်သို့လှည့်ကာ "မင်း စာတွေ ဘယ်လောက်တောင် လွတ်သွားလိုက်မလဲ။ မင်း ပြန်ရောက်ရင် လိုက်နိုင်ပါဦးမလား မသိဘူး။ သူအာရုံမစိုက်လိုက်မိလို့ သင်ခန်းစာတစ်ခုလောက် လွတ်သွားတာနဲ့ သူနောက်ကျကျန်ခဲ့ရောလို့ ဝူနီပြောတာကို ဒေါ်လေး ကြားဖူးတယ်။” ဟု ပြောလိုက်သည်။
"ဘာမှမဖြစ်ပါဘူး" ဟု ကျိုးခိုင်က ပြောလိုက်သည်။
အဖေကျိုးကတော့ အလိုမကျသော မျက်နှာမျိုးနှင့် ဆက်လက် တိတ်ဆိတ်နေသည်။
သူ့ဘေးတွင် ထိုင်နေသည့် အမေကျိုးကတော့ အားလုံးကို နားလည်သယောင်ယောင် ရှိသည်။ သူမက ဒုတိယမရီးကို အေးစက်သောမျက်နှာဖြင့် ကြည့်လိုက်ပြီး "ဒုတိယသားရဲ့မိန်းမ၊ ငါ အရင်တုန်းကတော့ လျှို့နီကို မြို့တော်ကို ခေါ်သွားတာက ကောင်းလိမ့်မယ်လို့ တွေးခဲ့ပေမယ့် အခုတော့ ငါနားလည်သွားပြီ။ နင် သင်ပေးထားတဲ့ ဒီကလေးမက ဘာတစ်ခုမှ ကောင်းတာ မလုပ်နိုင်ဘူး။ နင့်အတွေးတွေကို လက်လျှော့လိုက်တော့။” ဟု ပြောလိုက်သည်။
အခြားကိစ္စဆိုလျှင် အမေကျိုးက ခွင့်လွှတ်ပြီး မေ့မေ့ပျောက်ပျောက်နေနိုင်ပါသည်။
သို့သော် သူမ၏မြေးသုံးယောက်နှင့် သက်ဆိုင်လာပါက ဘယ်သူ့ကိုမှ ညှာတာမည် မဟုတ်ပါ။