အဆုံးအဖြတ်တိုက်ပွဲ
Vol. 2 Ch. 15
မနက်ခင်း။ အဆင့်နိမ့်အများပိုင်ကွင်း။
မန်ဟိုနှင့် လုဟွမ်တို့၏ စျေးရောင်းမှုများကြောင့် ယခုမနက်ခင်းတွင် လူအနည်းငယ်မျှသာ ရောက်လာတော့၏။ ယခုကား ကွင်းထဲတွင် ထိုင်နေသူ လူ သုံးဦးမျှသာ ရှိသည်။
မန်ဟို ရောက်သွားသောအခါ သူတို့က မျက်လုံးကို ဖွင့်လိုက်ကြပြီး ယခင်လို နေ့ရက်များ မည်သည့်အချိန်တွင်မှ ပြန်ရောက်မည်နည်းဟု တွေးတောနေမိကြသည်။
အတန်ကြာလျှင် သူတို့က အံ့အားသင့်သွားကြသည်။ မန်ဟိုက အများပိုင်ကွင်းထဲကို မဝင်ဘဲ အပြင်တွင်သာ တင်ပလ္လင်ခွေထိုင်နေ၏။ သူက မျက်လုံးကို မှိတ်ကာ ရွေ့လျားခြင်းမပြုပေ။
ထူးဆန်းသော မြင်ကွင်းက သူတို့အား အံ့အားသင့်စေသည်။ သူတို့က အချင်းချင်း ကြည့်လိုက်ကြကာ တစ်စုံတစ်ခုကို စဉ်းစားမိကြဟန်ဖြင့် စိတ်လှုပ်ရှားလာကြ၏။
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့ကာ ကွင်းထဲကို ပိုမိုများပြားသော လူများ ရောက်လာခဲ့ကြ၏။ လူတိုင်းက မန်ဟို၏ထူးဆန်းသော ပုံစံကို မြင်ကြသည်။ မည်သူကမှ တိုက်ခိုက်ခြင်း မပြုကြသေးဘဲ အခြေအနေကို စောင့်ကြည့်နေကြသည်။
“အစ်ကိုလုရဲ့စကားက တကယ်ပဲ အလုပ်ဖြစ်တာလား။ မန်ဟိုက ကြောက်လွန်းလို့ စီးပွားမရှာရဲတော့ဘူးလား”
“အဲလိုပဲ ဖြစ်မှာပေါ့။ အစ်ကိုလုက အဆင့်နိမ့်အများပိုင်ကွင်းရဲ့ နံပါတ်၁ပဲ။ သူက မင်းကို ဒီလိုလုပ်ဆိုရင် သူပြောသလိုပဲ လုပ်ရမှာ”
“ဒီအကောင်က ဒီလောက်ကြောက်တတ်မယ်လို့ ဘယ်သူထင်မှာလဲ။ သူလုပ်တတ်တာက သူ့ထက်အားနည်းတဲ့သူတွေကို အနိုင်ကျင့်တာပဲ။ သူ ဘယ်လောက် မောက်မာလဲကြည့်။ သူ့အလံကို ယူမလာတာနဲ့အစ်ကိုလုက သူ့ကို လွှတ်ပေးမယ်ထင်နေလား မသိဘူး”
လူအများအပြားက ထိုသို့ဖြစ်သည်။ သူတို့အား အလွန်သန်မာသောသူက လုယက်သောအခါ မကြေမနပ်မဖြစ်ကြပေ။ သို့သော်လည်း အားနည်းသောသူတစ်ဦးဦးက သူတို့ပိုင်ဆိုင်သောအရာများအား ယူဆောင်သွားပါက အတောမသတ်အောင် မကြေနပ်ချက်များအား ထုတ်ပြောကြပေမည်။
လုဟွမ်ကား အဆင့်နိမ့်တပည့်များအကြားတွင် မင်းလုပ်နေခဲ့သည်မှာ ကြာပြီဖြစ်သည်။ မကြာမှီက သူ၏ရက်စက်သော တိုက်ခိုက်မှုကလည်း ယနေ့ အားလုံး၏အတွေးများကို ပြောင်းလဲစေသည်။ သူက လူတိုင်းအား အတင်းရောင်းသောအခါ အားလုံးမှာ ကူရာမဲ့ကြသည်။ သို့သော်လည်း သူတို့က ထိုအခြေအနေကို လက်ခံကြရ၏။ အမှန်တကယ်အားဖြင့် လုဟွမ်က ပို၍ ညင်သာလာသည်ဟုပင် လူအများအပြားက တွေးမိကြသည်။
မန်ဟိုကား ဂိုဏ်းကို ရောက်သည်မှာ မကြာသေးသလို သန်မာခြင်းလည်းမရှိ၊ မောက်မာခြင်းလည်း မရှိပေ။ ထို့ကြောင့် သူ၏စီးပွားရေးက အပျော့နည်းဖြင့် သွားသော်လည်း လူတိုင်းက မကြေမနပ်ဖြစ်ကြသည်။
မန်ဟိုက သူတို့ပြောဆိုသည်များအားလုံးကို ကြားသည်။ သို့သော်လည်း သူ၏အမူအရာက ပြောင်းလဲခြင်း မရှိပေ။ မှန်သည်၊ သူက အများပိုင်ကွင်းအပြင်၌ ထိုင်နေခြင်းမှာ အတွင်းသို့ မဝင်ရဲ၍ မဟုတ်ပေ။ သူ၏ကျင့်ကြံခြင်းအဆင့်က စဦးချီဖွဲ့စည်းခြင်းအဆင့်(၄)သို့ တက်သွားပြီးဖြစ်ရာ သူ့အနေဖြင့် အဆင့်နိမ့်အများပိုင်ကွင်းထဲသို့ ဝင်ခွင့်မရှိတော့ခြင်းဖြစ်သည်။
ဆွေးနွေးပြောဆိုနေကြစဉ်မှာပင် တောင်ခြေ၌ လူတစ်ယောက် ပေါ်လာသည်။ သူကား အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အသက် ၃၀ခန့်ရှိ၏။ သူကား လုဟွမ်ဖြစ်သည်။ သူက လက်နှစ်ဘက်ကို နောက်တွင်ချိတ်ကာ နှေးကွေးစွာ လျှောက်လာနေသည်။
လုဟွမ်ရောက်လာသည်နှင့် မန်ဟိုက မျက်လုံးများကို ဖွင့်လိုက်၏။ ထို့နောက် သူက ထရပ်ကာ သိုလှောင်အိတ်ကို ပုတ်လိုက်လျှင် အဖြူရောင်ဓားငယ်တစ်လက်ပေါ်လာသည်။ ဓားသည် အေးစက်သော အငွေ့အသက်များ လွှမ်းခြုံထား၏။ မန်ဟိုက ဓားနှင့်အတူ လုဟွမ်ထံသို့ ပြေးဝင်သွားသည်။
မန်ဟို၏အမူအရာကို မြင်လျှင် လူတိုင်း အုတ်အုတ်ကြွက်ကြွက်ဖြစ်သွားသည်။ မန်ဟိုက ငကြောက်တစ်ယောက်ဟု လူတိုင်းက ပြောဆိုနေခဲ့ကြ၏။ ယခု မန်ဟို၏အပြုအမူက အားလုံး၏အထင်နှင့်အမြင်ကို လွဲစေသည်။
“သူ … သူက တကယ်ပဲ လုဟွမ်ကို တိုက်ခိုက်တော့မလို့လား”
“သူတို့က အနှေးနဲ့အမြန် တိုက်ခိုက်ကြတော့မှာပဲကို။ မန်ဟိုက ကောင်းရန်ရဲ့ကျင့်ကြံဆင့်ကို ဖျက်ဆီးခဲ့ပြီးတော့ လုဟွမ်က မန်ဟိုရဲ့စီးပွားရေးကို လုယက်ခဲ့တယ်။ ဒီတိုက်ပွဲက ရှောင်လို့မရတော့ဘူး။ မန်ဟိုက ဒီလို တိုက်ခိုက်ရဲမယ်လို့တော့ မထင်ခဲ့ဘူး။ သူက သူ့ရဲ့အနေအထားကို သဘောမပေါက်ဘူးပဲ”
“အစ်ကိုလုက စဦးချီဖွဲ့စည်းခြင်းအဆင့်(၃)မှာ ရှိနေတာ နှစ်တွေ မနည်းတော့ဘူး။ မန်ဟို သေချာပေါက် ရှုံးနိမ့်မှာပဲ”
မန်ဟိုက ရှေ့ကို တက်သွားလျှင် လုဟွမ်၏မျက်လုံးများ အရောင်လက်သွားသည်။ သူကား မန်ဟိုကို မြင်လိုက်ကတည်းက သတ်ဖြတ်ရန် တွေးထားပြီးဖြစ်သည်။ ယခု မန်ဟိုက ဦးဆုံး တိုက်ခိုက်နေသည်ဖြစ်ရာ သူ့အား ပိုမို၍ လွယ်ကူသွားစေသည်။ သူက နှာခေါင်းရှုံ့ကာ မန်ဟိုထံသို့ ခုန်ဝင်လိုက်၏။ သူ၏ညာလက်က သိုလှောင်အိတ်ကို ပုတ်လိုက်လျှင် ခရမ်းရောင်ဓားတစ်လက်ပေါ်လာသည်။
ဓားပျံပေါ်လာသည်တွင် လေခွင်းသံနှင့်အတူ ခရမ်းရောင်အလင်းသည် ဘေးပတ်ပတ်လည် မီတာသုံးဆယ်ခန့်အထိ ပျံ့နှံ့သွား၏။
“အဲဒါ အစ်ကိုလုရဲ့ခရမ်းရောင်ယင်ဓားပဲ”
“ဟုတ်တယ်။ သူက ဒီဓားကို ဂိုဏ်းအတွက် ဂုဏ်ထူးဆောင်ပေးတဲ့အတွက် ဂုဏ်ပြုချီးမြှင့်ခံခဲ့ရတာလို့ ကြားတယ်။ ဓားက အရမ်းကို ထက်တယ်”
လူနှစ်ယောက်၊ တောင်ကုန်းတစ်ခု။ တောင်ခြေတွင် သူတို့နှစ်ဦး ထိပ်တိုက်တွေ့ကြသည်။
ကျယ်လောင်သော မန်သွင်းသံတစ်ခုနှင့်အတူ လုဟွမ်၏အမူအရာ ပြောင်းလဲသွားကာ ပါးစပ်မှ သွေးများ စီးကျလာသည်။ သူကား နောက်ကို အတော်ဝေးဝေး လွင့်သွားကာ မန်ဟိုကို ထိတ်လန့်စွာ ကြည့်သည်။
“စဦးချီဖွဲ့စည်းခြင်းအဆင့်၄”
မန်ဟိုက အနည်းငယ် ရှက်သွားသည်။ သူကား စဦးချီဖွဲ့စည်းခြင်းအဆင့်(၄)သို့ ဝင်သည်မှာ မကြာသေးရာ အခြေခံတည်ငြိမ်ခြင်းမရှိသေးပေ။ သူ၏ကျင့်ကြံဆင့်၏စွမ်းအားပြည့်ကို အသုံးချနိုင်ခြင်း မရှိသေးပေ။
သူက ရိုးရိုးရှင်းရှင်းဖြင့် ခွန်အားကိုသာ အားပြု၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်၏။ သို့သော်လည်း သူ၏ဓားပျံမှာ အက်ကွဲရာများ ထင်ကျန်နေခဲ့သည်။ သူ့ပြိုင်ဘက်၏ဓားမှာ အလွန်အစွမ်းထက်ဟန်ရသည်။
မန်ဟိုသည် တိုက်ပွဲအတွေ့အကြုံ သိပ်မရှိသော်လည်း တောင်ကုန်းတောင်တန်းများတွင် သားရိုင်းများ အမဲလိုက်ခြင်းကြောင့် သူ၏တုန့်ပြန်မှုမှာ အလွန်မြန်ပေသည်။ ထို့အပြင် အများပိုင်ကွင်း၌ ဆေးဝါးရောင်းချရာတွင်လည်း သူသည် တိုက်ပွဲများစွာကို စောင့်ကြည့်ခဲ့၏။
လုဟွမ်က နောက်ဆုတ်သွားသော်လည်း မန်ဟိုက ရှေ့ကို တက်လာကာ သူ၏သိုလှောင်အိတ်ကို ပုတ်လိုက်သည်။ အက်ကွဲရာပေါ်နေသော ဓားဘေးတွင် နောက်ထပ်ဓားပျံတစ်လက်ပေါ်လာသည်။ ဓားအရောင်အဝါနှစ်ခုသည် ပေါင်းစပ်သွားကာ လုဟွမ်ထံသို့ ပျံသန်းသွား၏။
သူက ရှေ့ကို တက်သွားပြီးနောက်တွင် မန်ဟိုက လက်ချောင်းများကို လှုပ်ရှားလိုက်သည်နှင့် အနီးတွင် မီးတောက်များဖြစ်ပေါ်လာ၏။ ထို့နောက်တွင် လက်မောင်းတစ်ခုစာခန့် ကြီးမားသော မြွေမီးတောက်ကြီးတစ်ခုဖြစ်ပေါ်လာပြီး လုဟွမ်ထံသို့ တိုးဝင်သွားသည်။
ထိတ်လန့်စွာဖြင့်ပင် လုဟွမ်က နောက်ကို ဆုတ်သည်။ သူ့မျက်လုံးများတွင် ဒေါသ၏အငွေ့အသက်များအား တွေ့ရ၏။ သူ့တွင် မှော်ဝင်ပစ္စည်းအနည်းငယ်ရှိသလို မန်ဟိုသည်လည်း စဦးချီဖွဲ့စည်းခြင်းအဆင့် (၄) ဝင်ကာစဖြစ်ရာ တိုက်ပွဲရလဒ်မှာ မရေရာသည်ကို သူသိသည်။ သို့သော်လည်း သူသည်သာ မန်ဟိုကို ရှင်းပစ်နိုင်လျှင် သူ၏နာမည်မှာ ပိုမို၍ ကျော်ကြားနိုင်ပေသည်။
သူ့မျက်လုံးတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ဖြစ်ပေါ်လာ၏။ သူ၏လက်ချောင်းများ လှုပ်ရှားသွားလျှင် ရေစီးကြောင်းတစ်ခုဖြစ်ပေါ်လာ၏။ သူက လက်ဝှေ့ယမ်းလိုက်သည်တွင် ရေစီးကြောင်းသည် မရေမတွက်နိုင်သော ရေခဲမြားများအဖြစ် ပြောင်းလဲသွားကာ မြွေမီးတောက်ထံသို့ ပြေးဝင်သွားသည်။
သူ၏လက်ချောင်းများ ထပ်မံလှုပ်ရှားသွားလျှင် ခရမ်းရောင်ယင်ဓားသည် မန်ဟို၏ဓားပျံနှစ်လက်ထံသို့ ထပ်မံတိုးဝင်သွား၏။ ဘုန်းခနဲမြည်သံတစ်ခု ထွက်ပေါ်လာခဲ့ကာ မန်ဟို၏ဓားပျံနှစ်လက်သည် အပိုင်းပိုင်းအစစ ပြိုကွဲသွားသည်။ ထို့နောက်တွင် ခရမ်းရောင်ယင်ဓားက ရေခဲမြားများနှင့်အတူ မီးတောက်မြွေထံသို့ ဆက်လက်ပျံသန်းသွား၏။
ဝုန်းခနဲမြည်သံနှင့်အတူ မြွေမီးတောက်သည် မြူခိုးများအဖြစ် ပျယ်လွင့်ပျောက်ကွယ်သွားသည်။ ရေခဲမြားများက ရေငွေ့များအဖြစ် ပြောင်းလဲသွားကာ ခရမ်းရောင်ယင်ဓားသည် လုဟွမ်ထံသို့ ပြန်လည်ပျံသန်းသွားခဲ့၏။ ခရမ်းရောင်ယင်ဓားမှာ ယခင်လို တစ်လက်လက်တောက်ပခြင်းမရှိတော့ဘဲ ဓားကိုယ်ထည်တွင် အက်ကွဲကြောင်းများဖြစ်ပေါ်နေသည်ကို တွေ့နိုင်သည်။
“အခြေမခိုင်သေးတဲ့ စဦးချီဖွဲ့စည်းခြင်းအဆင့်(၄)၊ လက်နက်ကောင်းကောင်းမရှိသေးတဲ့ မင်းရဲ့အခြေအနေနဲ့ဆိုရင် မင်းကို သတ်တာ ခက်ခဲမယ် မထင်ဘူး။ ပြီးတော့ မင်းရဲ့ကျင့်ကြံဆင့်နဲ့ မြွေမီးတောက်ကို ဘယ်နှစ်ခေါက် သုံးနိုင်မှာမို့လို့လဲ” လုဟွမ်က ပြောသည်။ သို့သော်လည်း လုဟွမ်၏စိတ်ထဲတွင်မူကား သူသည် သူ၏ဓားပျံအပေါ် စိုးရိမ်ပူပန်နေ၏။ အပြင်ပန်းတွင်ကား သူသည် ပြုံးနေ၏။ သူက နောက်ကို တစ်လှမ်းမျှ မဆုတ်ပေ။
“မင်းရဲ့ ဓားက အရမ်းထက်ချင်ထက်လိမ့်မယ်။ ဒါပေမဲ့ အဲဒီဓားကို ဘယ်နှစ်ကြိမ် သုံးလို့ရမလဲ ကြည့်ရအောင်။ ငါ့ဆီမှာတော့ ဓားပျံတွေ အများကြီး ရှိသေးတယ်။ ကျင့်ကြံဆင့်ကတော့ မပူနဲ့။ အစ်မရှုပေးတဲ့ ဆေးတွေနဲ့ဆိုရင် မကြာခင် စဦးချီဖွဲ့စည်းခြင်းအဆင့်(၅)ကို တက်နိုင်လိမ့်မယ်”
မန်ဟို၏မျက်နှာတွင် မည်သည့်ခံစားချက်မှ ရှိမနေပေ။ သို့သော်လည်း သူ၏စိတ်ထဲတွင်လည်း အလွန်စိုးရိမ်ပူပန်နေသည်။ သည်တစ်ကြိမ်ကား သူ၏ပထမဆုံး တိုက်ပွဲအတွေ့အကြုံဖြစ်သည်။ သူက သိုလှောင်အိတ်ကို ပုတ်လိုက်လျှင် နောက်ထပ်ဓားပျံသုံးလက်ပေါ်လာသည်။ ထို့နောက် သူက လုဟွမ်ထံသို့ ပစ်လွှတ်လိုက်ပြန်၏။
လုဟွမ်သည် တခဏမျှ စိုးရိမ်ပူပန်ဟန်ဖြစ်လာသော်လည်း သူက ကြာကြာ တွန့်ဆုတ်နိုင်ခြင်း မရှိပေ။ သူက မန်သွင်းလိုက်လျှင် မန်ဟို၏ဓားပျံသုံးလက်သည် သူ၏ခရမ်းရောင်ယင်ဓားနှင့်လေထဲတွင် တွေ့သည်။
ဘန်း...ဘန်း...ဘန်း...
ဓားသုံးလက်လုံး အပိုင်းပိုင်းအစစဖြစ်သွားသည်။ တစ်ဘက်တွင် ခရမ်းရောင်ယင်ဓားသည်လည်း အရောင်အဝါ တစ်ဝက်ခန့် လျော့ကျသွား၏။ ဓားကိုယ်ထည်တွင် ပိုမိုများပြားသော အက်ကွဲကြောင်းများပေါ်လာခဲ့ကာ လုဟွမ်၏မျက်နှာပေါ်တွင်လည်း စိုးရိမ်ပူပန်သောဟန်များဖြစ်ပေါ်လာခဲ့သည်။
သူက မည်သို့မျှ မလုပ်ရသေးမှီတွင်ပင် မန်ဟိုက သူ၏သိုလှောင်အိတ်ကို ပုတ်လိုက်လျှင် နောက်ထပ်ဓားပျံသုံးလက်ပေါ်လာသည်။ သူက လက်ဝှေ့ယမ်းလျှင် နောက်ထပ် မြွေမီးတောက်တစ်ခုဖြစ်ပေါ်လာ၏။ ကြည့်နေကြသူများအားလုံး ထိတ်လန့်သွားကြသည်။
“မန်ဟို... သူ... သူ...သူက အစ်ကိုလုကို တကယ် အကြပ်တွေ့အောင် တိုက်ခိုက်နိုင်တာပဲ။ သူ တကယ်ပဲ စဦးချီဖွဲ့စည်းခြင်းအဆင့် (၄) ရောက်နေပြီ”
“သူက ဂိုဏ်းကို ဝင်လာတာ ဘယ်လောက်ကြာသေးလို့လဲ။ အခု စဦးချီဖွဲ့စည်းခြင်းအဆင့်(၄)ကို ရောက်နေပြီ။ သူ့ကျင့်ကြံဆင့်က ဘယ်လိုဖြစ်လို့ ဒီလောက် မြန်မြန် တိုးတက်သွားတာလဲ။ အစ်မရှုက သူ့ကို ဘယ်လောက်တောင် ကူညီထောက်ပံ့ပေးထားလဲမသိဘူး။ သေစမ်း... ငါ့မှာ သူ့လို အားကိုးမှီခိုရမယ့်လူရှိရင် ငါလည်း မြန်မြန်တိုးတက်မှာပဲ” လူအများအပြား၏မျက်နှာပေါ်တွင် မနာလိုဝန်တိုသော အမူအရာများဖြစ်လာကြသည်။
လုဟွမ်၏အမူအရာက ပြောင်းလဲသွားကာ သူက အံကို ကြိတ်လျှက် နောက်ကို ဆုတ်သည်။ သူက လက်ကို လှုပ်ရှားလိုက်လျှင် နောက်ထပ် ရေစီးကြောင်းတစ်ခုဖြစ်ပေါ်လာ၏။ မန်ဟိုတွင် ထိုမျှ ဓားပျံများ ရှိနေမည်ဟု သူမထင်ထားပေ။
ဘုန်းခနဲမြည်သံနှင့်အတူ မန်ဟို၏ဓားပျံသုံးလက်သည် အစိတ်စိတ်အပိုင်းပိုင်းဖြစ်သွားကာ မြွေမီးတောက်လည်း ပျောက်ကွယ်သွား၏။ ထို့အတူ ခရမ်းရောင်ယင်ဓားမှာလည်း ယခု အနက်ရောင်ဖြစ်သွားခဲ့သည်။ လုဟွမ်ကို ပိုမိုထိတ်လန့်သွားစေသည်ကား မန်ဟိုက ချက်ချင်းပင် နောက်ထပ် ဓားပျံသုံးလက်ထုတ်လိုက်ခြင်းပင်။ နောက်ထပ် တစ်ကြိမ် ရင်ဆိုင်တိုက်ခိုက်မှုတွင် ခရမ်းရောင်ယင်ဓားသည် အော်ဟစ်သံတစ်ခုနှင့်အတူ တစ်စစီ ပြိုကွဲသွားတော့၏။
လုဟွမ်၏မျက်လုံးများ ပြူးကျယ်သွားပြီး သွေးတစ်ပွက်အန်ကာ နောက်ကို ခြေလှမ်းအနည်းငယ် ဆုတ်သည်။ သူက မန်ဟိုအား ဒေါသတကြီး ကြည့်သည်။
မန်ဟိုက မည်သည့်ခံစားချက်မှ ထုတ်မပြသော်လည်း စိတ်ထဲတွင် အလွန်အမင်း စိုးရိမ်ပူပန်နေပြီဖြစ်သည်။ ဓားပျံတစ်လက်စီသည် ဝိညာဉ်ကျောက်တုံးတစ်တုံးနှင့် တူညီသည်။ သူက ညာလက်ကို ဝှေ့ယမ်းလိုက်လျှင် နောက်ထပ် မြွေမီးတောက်တစ်ခုဖြစ်ပေါ်လာကာ လုဟွမ်ထံသို့ ပျံသန်းသွားတော့သည်။
မန်ဟိုက နောက်ကို ဆုတ်သွားသော လုဟွမ်ထံသို့ မြွေမီးတောက်နှင့်အတူ မြန်ဆန်စွာပင် ခုန်ဝင်သွား၏။ ထို့နောက်တွင် နောက်ထပ် ဓားပျံတစ်လက်ပေါ်လာကာ လုဟွမ်ထံသို့ ပျံသန်းသွားပြန်သည်။
“မင်းက ငါ့ကို ဒီလိုလုပ်အောင် တွန်းအားပေးနေတာပဲ” လုဟွန်သည် ဆံပင်များ ဖရိုဖရဲဖြစ်ကာ အဝတ်အစားများ သွေးအလိမ်းလိမ်းဖြင့် ဖြစ်သွားပြီးနောက်တွင် ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူသည် ဂိုဏ်းထဲကို ဝင်လာပြီးကတည်းက သည်မျှ ဆိုးဝါးသော အခြေအနေနှင့် မကြုံဖူးပေ။ သူ၏မျက်လုံးများ နီရဲလာသည်။ သူက အဝတ်အစားများကို ဆုတ်ဖြဲလိုက်လျှင် လည်ပင်းတွင် ချိတ်ဆွဲထားသော ပုလင်းလေးတစ်လုံးအား တွေ့ရသည်။ သူက လက်ကျန် ရှိရှိသမျှသော ချီစွမ်းအားများကို ပုလင်းထဲသို့ စီးဆင်းစေ၏။
ကျောက်စိမ်းရောင်ပုလင်းလေးသည် ရုတ်တရက် လင်းလက်လာခဲ့ကာ တဖြုတ်ဖြုတ်မြည်သံများဖြစ်ပေါ်လာသည်။ လုဟွမ်၏ရှေ့တွင် ဧရာမဘူးသီးခြောက်ပုလင်းကြီးအရိပ်တစ်ခု ပေါ်လာသည်။ ဘူးသီးခြောက်၏အရွယ်အစားသည် လူအရွယ်အစား၏ထက်ဝက်ခန့်ရှိသည်။
အမှန်တကယ်အားဖြင့် လုဟွမ်၏ကျင့်ကြံဆင့်သည် ပုလင်းလေးကို အသက်သွင်းရန် မလုံလောက်ပေ။ သူဆင့်ခေါ်သော ပုံရိပ်သည် အချိန်မရွေး ပျောက်ကွယ်သွားနိုင်လောက်အောင် အားနည်းပေသည်။ သူက ဆင့်ခေါ်ခြင်းဖြစ်စဉ် မပြီးဆုံးသေးမှီတွင်ပင် လုဟွမ်သည် သွေးတစ်ပွက်အန်ကာ မျက်နှာ ပြာနှမ်းလျှက် နောက်ဆုတ်၏။ သို့သော်လည်း သူက မန်ဟိုကို ဒေါသတကြီး ကြည့်နေဆဲဖြစ်သည်။
ဘူးသီးခြောက်ကား ပြည့်စုံခြင်းမရှိသော်လည်း သူ့ထံမှ လာသော ဖိအားသည် အလွန်ကြီးမားရာ မန်ဟို၏အမူအရာက ပြောင်းလဲသွားသည်။ ပုံရိပ်ယောင်ပုံရိပ်သည် မိုးခြိမ်းသံပေးကာ အစမ်းရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး မြွေမီးတောက်အား ဖြတ်သန်းကာ မန်ဟိုထံသို့ ဦးတည်တိုးဝင်သွား၏။
“ဒါက အစ်ကိုကြီးဝမ်တန်ဖေးပေးထားတဲ့ မှော်ပစ္စည်းပဲ။ ဒါက စဦးချီဖွဲ့စည်းခြင်းအဆင့် (၄) ရောက်ရင် သုံးလို့ရတယ်။ ဒါပေမဲ့ မင်းကတော့ သေချင်နေတာပဲ။ ငါ့ကို ဒီပစ္စည်း အတင်းသုံးရအောင် တွန်းအားပေးမှတော့ ငါကလည်း တန်ကြေးတစ်ခု ပေးဆပ်ရတယ်။ မင်းတော့ သေချာပေါက် သေပြီပဲ” လုဟွမ်က တဟားဟား ရယ်မောလိုက်၏။ သို့သော်လည်း သူက ရယ်မော၍ပင် မဆုံးသေးမှီတွင်ပင် မိုးကြိုးဖြင့် အပစ်ခံလိုက်ရသလို တုန်ယင်သွား၏။ သူက ထိတ်လန့်စွာဖြင့် မန်ဟိုကို ကြည့်သည်။
အစိမ်းရောင်အလင်းတန်းသည် မန်ဟိုကား ထိမိကာ သူ့အား နောက်သို့ ဆယ်မီတာခန့် ဆုတ်သွားစေသည်။ သို့သော်လည်း ထိုအစိမ်းရောင်တန်းမှာ ပန်းရောင်အရံအတားတစ်ခု၏တားဆီးခြင်းကို ခံရပြီး မန်ဟိုအား ထိခိုက်စေခြင်း မရှိခဲ့ပေ။ ပန်းရောင်အရံအတားသည် ပြန်လည်သေးငယ်သွားကာ မန်ဟို၏လက်ထဲမှ ပန်းရောင်ကျောက်စိမ်းလည်ဆွဲလေးထဲသို့ တိုးဝင်ပျောက်ကွယ်သွား၏။ လည်ဆွဲလေးကား အက်ကွဲရာလေးများ ဖြစ်ပေါ်လာသည်။
မန်ဟိုက ကျောက်စိမ်းလည်ဆွဲလေးကို တင်းတင်းဆုပ်ကာ ကျောတွင် ချွေးစေးများဖြစ်ပေါ်လာသည်။ သူသာ အစ်မရှုပေးထားသော လည်ဆွဲလေးအား မထုတ်ယူခဲ့လျှင် ဘူးသီးခြောက်၏ကြောက်မက်ဖွယ်စွမ်းအားကြောင့် သေဆုံးသွားနိုင်ပေသည်။
" ဒါ ဘယ်လို မှော်ပစ္စည်းလဲ” မန်ဟိုက ဒဏ်ရာပြင်းထန်စွာ ရထားသော လုဟွမ်၏လည်ပင်းမှ ကျောက်စိမ်းရောင်ပုလင်းလေးအား ကြည့်သည်။ သူက ရှေ့ကို ခုန်တက်သွားကာ ပုလင်းလေးအား လုယူလိုက်ပြီး သူ၏သိုလှောင်အိတ်ထဲကို ထည့်လိုက်သည်။
“ဒါက အစ်ကိုဝမ်တန်ဖေး ပေးထားတာပဲ။ မင်း လုယူရဲရင် သူ့ဒေါသနဲ့တွေ့လိမ့်မယ်” လုဟွမ်က တုန်ယင်စွာဖြင့် ပြောသည်။ သူ၏ပုလင်းလေးသည်ပင် မန်ဟိုအား ထိခိုက်အောင် မတတ်နိုင်သည်အား တွေ့ရသောအခါ သူသည် ပိုမို၍ပင် ထိတ်လန့်လာခဲ့၏။
“မင်းက တစ်စုံတစ်ခုကို လက်ထဲရောက်လာခဲ့ရင် အဲဒါက သူ့ရဲ့အပိုင်ပဲလို့ ဂိုဏ်းရဲ့စည်းကမ်းမှာရှိတယ်” မန်ဟိုက ပြောသည်။ သူက အနည်းငယ် တွန့်ဆုတ်နေသေး၏။ သို့သော်လည်း ပုလင်းလေးက အလွန်စွမ်းအားကြီးသည်ကို တွေ့သောအါ သူက ပြန်မပေးရန် ဆုံးဖြတ်လိုက်သည်။ ရန်ငြိုးရန်စကား ဖြစ်ပေါ်လာပြီးဖြစ်ကာ ပြန်ဖြေရန် မဖြစ်နိုင်ပေ။ သူက လုဟွမ်ကို အေးစက်စွာ ကြည့်သည်။
“ဒါက အများပိုင်ကွင်းပဲ” လုဟွမ်က ကြောက်ရွံ့ထိတ်လန့်စွာဖြင့် ပြောသည်။ သူက အများကြားနိုင်အောင် အသံကို မြှင့်လျှက်ပြောသည် “မင်း ငါ့ကို သတ်ရင် ဂိုဏ်းစည်းကမ်းကို ချိုးဖောက်တာပဲ”
“ကျုပ် မန်ဟို ဂိုဏ်းစည်းကမ်းကို ချိုးဖောက်မှာ မဟုတ်ဘူး။ ဒါပေမဲ့ မနေ့က မင်းငါ့ကို ကျုပ်ကြံဆင့်ဖျက်ဆီးပစ်မယ်လို့ ခြိမ်းခြောက်ခဲ့တယ်။ ဒီနေ့ ငါမင်းကို အဲဒီအတိုင်းလုပ်မယ်” မန်ဟိုက တည်ငြိမ်စွာပင် လက်ကို မြှောက်လျှက် ဓားပျံတစ်လက်အား လွှတ်လိုက်ကာ လုဟွမ်၏ရွှေအမြုတေမှ ချီလမ်းကြောင်းများအား ဖျက်ဆီးပစ်သည်။ လုဟွမ်၏အော်ဟစ်သံသည် အများပိုင်ကွင်းတစ်ခုလုံးအား ပျံ့နှံ့သွားတော့သည်။
***