← Chapters

ဒီကိုလာခဲ့

Vol. 2 Ch. 16

ဒီကိုလာခဲ့

Vol. 2 Ch. 16

ပတ်ဝန်းကျင်မှ ကျင့်ကြံသူများ၏မျက်နှာများ ပြာနှမ်းသွားကြသည်။ မန်ဟို၏တိုက်ခိုက်မှုများက ဆုံးဖြတ်ချက်ပြတ်သားကာ သူကိုယ်တိုင်ပင် မသိလိုက်သော အမုန်းတရား ကြီးကြီးမားမား ပါဝင်နေသည်။

ကြည့်နေသူများ၏အမြင်တွင် မန်ဟိုသည် အဆင့်နိမ့်အများပိုင်ကွင်း၌ နံပါတ်၁ဖြစ်နေလေပြီ။ အပြင်စည်းဂိုဏ်းတွင်ပင် အနည်းစုသော စွမ်းအားကြီးဂိုဏ်းသားများထဲ၌ ပါဝင်၏။

များစွာသော ကျင့်ကြံသူများသည် ပြီးခဲ့သည့်လဝက်ကာလကို ပြန်တွေးမိကြသည်။ ထိုမျှမြင့်မားသော ကျင့်ကြံဆင့်ဖြင့် မန်ဟိုသည် ဂိုဏ်းသူဂိုဏ်းသားများထံမှ စိတ်ရှိတိုင်း လုယက်နိုင်ပေသည်။ မန်ဟိုထံတွင် ဆေးဝယ်သူများမှာ မပျော်မရွှင်ဖြစ်ကြသော်လည်း အမှန်တရားကား မန်ဟိုက သူတို့ကို မျှမျှတတ ဆက်ဆံခဲ့ပေသည်။ ယခု လူအများက မန်ဟိုကို စတင်လေးစားလာကြ၏။

ယနေ့ အများပိုင်ကွင်းတွင် တိုက်ပွဲများ မရှိပေ။ မန်ဟို ထွက်ခွာသွားသည်နှင့် လုဟွမ်၏ကျင့်ကြံဆင့်ပျက်စီးသွားသည့်သတင်းသည် တောမီးပမာ ပျံ့နှံ့သွား၏။ ဝမ်တန်ဖေး၏နာမည်သည်လည်း ထိုသတင်းနှင့်အတူ ထည့်သွင်းပြောဆိုကြကာ သတင်းကို ပိုမိုကျယ်ပျံ့စေ၏။ ညရောက်လာသောအခါ အပြင်စည်းဂိုဏ်းမှ လူများအားလုံး ထိုသတင်းကို ကြားသိပြီးဖြစ်ကာ မန်ဟိုကို လူတိုင်း သိသွားကြသည်။

ဂိုဏ်း၏အမြင့်ဆုံးတောင်ကုန်းတစ်ခုဖြစ်သော အရှေ့ဘက်တောင်ကုန်းသည် မြူများဖုံးအုပ်ထားကာ ထိုနေရာသည် ဂိုဏ်းအတွင်စည်းလည်းဖြစ်သည်။ ထိုနေရာတွင် စိတ်ဝိညာဉ်စွမ်းအင်များမှာ ပိုမိုသိပ်သည်းပြီး ဂိုဏ်းခေါင်းဆောင်ဟယ်လောဟွာ တံခါးပိတ်ကျင့်ကြံရာနေရာလည်းဖြစ်သည်။

မှီခိုရာဂိုဏ်း၏ယခင်အထွန်းတောက်ဆုံး ကာလများ၌ တောင်ကုန်းလေးခုသည် အတွင်းစည်းတပည့်များဖြင့် ပြည့်နှက်လျှက်ရှိပေသည်။ စဦးချီဖွဲ့စည်းခြင်းအဆင့်(၇) ဂိုဏ်းတပည့်များမှာ အလွန်ပေါများ၏။ ယခုကား ရှေ့ဘက်တောင်ကုန်းသည်သာ ရှုနှင့် ချန်း တပည့်နှစ်ယောက်တို့ နေထိုင်ကာ တခြားသော တောင်ကုန်းများမှာ လူသူကင်းမဲ့ပေသည်။

အရှေ့ဘက်တောင်ကုန်းပေါ်တွင် မန်ဟို၏ကျင့်ကြံခြင်းဂူထက် များစွာကြီးမားသော ဂူတစ်လုံး ရှိပေသည်။ ထိုဂူသည်ကား ဂိုဏ်း၏အပြင်စည်းတစ်ခုလုံးတွင် အကောင်းဆုံးသော ဂူဖြစ်ကာ အတွင်းစည်းတပည့်များ၏ကျင့်ကြံခြင်းဂူနှင့်ပင် ယှဉ်နိုင်ပေသည်။

အတွင်း၌ကား ခမ်းခြောက်နေပြီဖြစ်သော ဝိညာဉ်စိမ့်စမ်းတစ်ခုရှိသည်။ ၎င်းမှ သိပ်သည်းသော စိတ်ဝိညာဉ်စွမ်းအင်များ စိမ့်ထွက်နေသည်။

မှီခိုရာဂိုဏ်း၏တပည့်များအားလုံးထဲတွင် ဝမ်တန်ဖေးတစ်ဦးသည်သာ ထိုနေရာအား ပိုင်ဆိုင်ပေသည်။

သူကား အဖြူရောင်ဝတ်စုံကို ဝတ်ကာ သူ့ရှေ့တွင် ဒူးထောက်နေသော လုဟွမ်အား ကြည့်သည်။ လုဟွမ်ကား မျက်နှာပြာနှမ်းကာ တစ်ကိုယ်လုံး တုန်ယင်နေ၏။ သူ၏ကျင့်ကြံဆင့်ကား ပျက်စီးသွားပြီဖြစ်သည်။

“အစ်ကိုကြီးဝမ်က ကျွန်တော့အတွက် မျှတအောင် လုပ်ပေးဖို့ တောင်းပန်ပါတယ်” သူက အသက်ကို ဝအောင်ရှူကာ ပြောသည် “သူက အစ်ကိုဝမ်ထင်ထားတာထက် ကောက်ကျစ်ပါတယ်။ သူ မကြာခင် ဂိုဏ်းက ထွက်ပြေးပါလိမ့်မယ်” လုဟွမ်က ဝမ်တန်ဖေးကို ကြည့်မိတိုင်း သည်လူမှာ ပြီးပြည့်စုံသောလူဖြစ်သည်ဟု ခံစားရသည်။ ပြီးခဲ့သည့် ၂နှစ်တာကာလအတွင်း ဝမ်တန်ဖေး၏ကျင့်ကြံခြင်းအဆင့် မြင့်လာသည်နှင့်အမျှ ထိုခံစားချက်က ပိုမိုအားကောင်းလာခဲ့သည်။

“သူထွက်ပြေးရင်…” ဝမ်တန်ဖေးက စကားစကို ဖြတ်ထားပြီးမှ ထပ်ပြောသည် “အဲဒါက ဂိုဏ်းစည်းကမ်းကို ချိုးဖောက်တာဖြစ်တဲ့အတွက် ငါက သူ့ကိုသတ်ဖို့ လူအချို့ လွှတ်လိုက်မယ်” သူ့မျက်နှာပေါ်တွင် လူတိုင်း၏ချစ်ခင်နှစ်လိုမှုကို ရရှိစေနိုင်သော အပြုံးတစ်ခုရှိနေသည်။

လုဟွမ်ကား မည်သည့်စကားမှ ဆိုစရာ မရှိတော့ပေ။ သူက ဝမ်တန်ဖေးအား တုန်ယင်စွာဖြင့် ကန်တော့သည်။

“ကောင်းပြီ” ဝမ်တန်ဖေးက ပြောသည် “သူ့နည်းလမ်းက ရက်စက်တယ်။ ဥပမာအနေဖြင့် ဆုံးမပေးရမယ်။ ငါက အစ်ကိုရှန့်ကွမ်းကို အသိပေးဖို့ တစ်ခေါက်သွားပေးမယ်။ ငါက အစ်မရှုကို မဆန့်ကျင်မိဖို့ သတိထားဖို့လိုပေမဲ့ မန်ဟိုဟာ သူ့ကျင့်ကြံဆင့် ဖျက်ဆီးခံရမှာဖြစ်ပြီးတော့ သူ့ရတနာတွေကို ပေးဝေပြီး ခြေတစ်ချောင်းနဲ့လက်တစ်ချောင်း ဖြတ်ခံရမယ်။ ဒါက သူ့ရဲ့တောင်းပန်မှုပဲ။ မင်း ကျေနပ်လား” သူက သိပ်အရေးမကြီးသည်ကိစ္စကို ပြောနေသည့်အလား ပြောသည်။ သူ၏အပြုံးကား ပြီးပြည့်စုံ၏။

“အရမ်းကို ကျေးဇူးတင်ပါတယ်။ အဲဒီအကောင် … သူက အရမ်းရက်စက်တယ်” လုဟွမ်က မြေပြင်တွင် ပြားပြားဝပ်ကာ မုန်းတီးစွာ ပြောသည်။

“ဒါဆိုလည်း ငါက သူ့ကို ဂိုဏ်းက နှင်ထုတ်လိုက်မယ်” ဝမ်တန်ဖေးက အလေးမထားဟန်ဖြင့် ပြောသည် “သူ တောထဲကို ထွက်သွားတဲ့အခါ အရာအားလုံးက အလိုအလျောက်ဖြစ်သွားလိမ့်မယ်”

ထိုအခိုက်တွင် မန်ဟိုသည် တောင်ဘက်တောင်ကုန်းရှိ သူ၏ကျင့်ကြံခြင်းဂူထဲတွင် ထိုင်ကာ လက်ထဲမှ ကျောက်စိမ်းရောင်ပုလင်းငယ်အား နက်မှောင်သော မျက်နှာထားဖြင့် ကြည့်နေသည်။ သူကား စဦးချီဖွဲ့စည်းခြင်းအဆင့်(၄)သို့ တက်ရောက်သွားပြီဖြစ်သော်လည်း တိုက်ပွဲ၌ ချီစွမ်းအားများအားလုံးနီးပါး ကုန်ခမ်းခဲ့သည်။ အနည်းဆုံးတော့ သူသည် မှော်ဝင်ပစ္စည်းတစ်ခုတော့ ရရှိခဲ့၏။

ကြည့်ရသည်မှာ မှီခိုရာဂိုဏ်းကို ရောက်လာကတည်းက အရာအားလုံးမှာ သူ့အတွက် ချော့မွေ့နေသယောင်ယောင် ထင်မှတ်ရ၏။ သို့သော်လည်း ၎င်းမှာ အမှန်တကယ်အားဖြင့် သူ၏ဉာဏ်နီဉာဏ်နက်များကြောင့်သာဖြစ်သည်။ မဟုတ်လျှင် ပထမဆုံး ဆေးလုံးပေးဝေသည့်နေ့ကတည်းက အသက်အန္တရာယ်ဖြင့် ကြုံတွေ့ခဲ့ပြီးဖြစ်ပေမည်။

နောက်ပိုင်းတွင် သူသည် ကြေးမုံ၏ထူးဆန်းသော စွမ်းအားကို ရှာဖွေတွေ့ရှိခဲ့သည်။ ထို့နောက် ကျောက်ဝူကန်းက သူ၏ကျင့်ကြံခြင်းဂူကို တပ်မက်ခဲ့ကာ လုယက်ရန် ကြိုးစားခဲ့သည်။ ထိုတိုက်ပွဲတွင် မန်ဟိုသာ အနိုင်မရခဲ့ပါက သူ့တွင် ရှိရှိသမျှ ဆုံးရှုံးရမည်ဖြစ်ကာ အသက်ပင် သေသွားနိုင်ပေသည်။ သို့သော်လည်း မန်ဟို အနိုင်ရခဲ့ကာ ပထမဆုံးအကြိမ် လူသတ်ခဲ့၏။

သူသာ စျေးရောင်းခြင်းမပြုခဲ့လျှင် ယနေ့ အနေအထားကိုလည်း ရောက်လာမည် မဟုတ်ပေ။ လက်ရှိ အောင်မြင်မှုများမှာ မန်ဟိုအတွက် အလွယ်တကူ ရလာခြင်းမဟုတ်ဘဲ သူမသိလိုက်ဘဲ များစွာသော အခက်အခဲများနှင့် ဘေးရန်များကို ကျော်ဖြတ်ခဲ့ရပေသည်။

ဖြစ်ပျက်ခဲ့သမျှကား မိုးကြိုးမုန်တိုင်းတစ်ခု ရိုက်ခတ်သွားသည့်အလား။ မန်ဟိုက ကျောက်စိမ်းရောင်ပုလင်းလေးကို တိတ်ဆိတ်ငြိမ်သက်စွာ ကြည့်ရှုနေမိ၏။ ဝမ်တန်ဖေး မည်မျှ ကံကောင်းသည်ကို သူတွေးနေခြင်းဖြစ်သည်။ ဝမ်တန်ဖေး၏ဖြစ်တည်မှုသည် ယခုတွင် သူ့အတွက် ဧရာမကျောက်တောင်ကြီးတစ်ခု ပိကျလာကဲ့သို့ ဖိအားကို ခံစားရစေ၏။ ထိုဖိအားတွင် သူကား အသက်ပင် ဝဝလင်လင် မရှူနိုင်တော့။

သူ ထွက်ပြေးလိုသည်။ သို့သော် သူသည် ယခု အစေခံတစ်ဦးမျှသာ မဟုတ်တော့ဘဲ ဂိုဏ်းဝင်တစ်ဦးဖြစ်နေလေပြီ။ ထွက်ပြေးခြင်းက ဂိုဏ်းစည်းကမ်းကို ချိုးဖောက်ခြင်း မည်၏။ ဂိုဏ်းအကြီးအကဲများသာ သတိထားမိပါက သူ့အနေဖြင့် သေရမည်မှာ မုချဖြစ်ပေသည်။

“လုဟွမ်ရဲ့နောက်ခံက ဝမ်တန်ဖေးဆိုတာကို အစောကြီးကတည်းက သိခဲ့ရင်…” မန်ဟို တီးတိုးရေရွက်မိသည်။ အတန်ကြာလျှင် သူ့မျက်လုံးများက ဆုံးဖြတ်ချက်ပြတ်သားမှုများဖြင့် စူးရှလာခဲ့သည်။

“သိခဲ့ရင်လည်း ငါက သူ့ကို သတ်မှာပဲ။ ငါသူ့ကို မတိုက်ခိုက်ရင်လည်း သူက ငါ့ကို တိုက်ခိုက်မှာ။ ငါက သူ့ကို တွန်းအားပေးတာ မဟုတ်ဘူး။ သူက ငါ့ကို တွန်းအားပေးတာ။ ရန်မီးက တောက်လောင်ပြီးသွားပြီ။ ငါ့မှာ ရွေးချယ်စရာ မရှိဘူး” မန်ဟိုက စူးရှသော မျက်လုံးများဖြင့် ကျင့်ကြံခြင်းဂူ၏အနီးအနားကို ကြည့်သည်။

“အစ်မရှု တံခါးပိတ်လေ့ကျင့်နေတာ ဆိုးတာပဲ”

လုဟွမ်၏ကျင့်ကြံဆင့်အား ဖျက်ဆီးပြီးနောက် မန်ဟို ပထမဆုံးလုပ်သည်ကား အစ်မရှုထံကို သွားတွေ့ခြင်းဖြစ်သည်။ သို့သော်လည်း အတွင်းစည်းဂိုဏ်းသားများ တံခါးပိတ်လေ့ကျင့်နေလျှင် နှောင့်ယှက်ခွင့်မရှိဟု သူသိရသည်။

“ဒီကျောက်စိမ်းပုလင်းလေး…”

ပုလင်းလေးကား အလွန်စွမ်းအားကြီးမားကာ ၎င်းကို မန်ဟိုက စမ်းသပ်ကြည့်သောအခါ သူ့နှလုံးကိုပင် တုန်ယင်စေသော စွမ်းအားများ ပေါက်ကွဲထွက်လာ၏။ ထူးဆန်းသည်ကား ပုလင်းလေးမှာ သိုလှောင်အိတ်ထဲကို ထည့်၍ မရပေ။ သူ့အနေဖြင့် ခန္ဓာကိုယ်ပေါ်တွင်သာ ချိတ်ဆွဲထား၍ ရသည်။ ဝမ်းနည်းစရာကောင်းသည်ကား သူ့တွင် ဝိညာဉ်ကျောက်တုံးများ မရှိတော့ခြင်းပင်။ သူက စဦးချီဖွဲ့စည်းခြင်းအဆင့်(၄)ကို ချိုးဖျက်ဝင်ရောက်ရန် အားလုံး သုံးစွဲခဲ့ပြီဖြစ်သည်။ မဟုတ်လျှင် သူက ကျောက်စိမ်းပုလင်းလေးအား ပွားရန် ကြိုးစားကြည့်မည်ဖြစ်သည်။

“ဂိုဏ်းက သေမျိုးတို့ကမ္ဘာမှာလို မဟုတ်ဘူး။ ဒီမှာ အသက်တစ်ချောင်းဆုံးရှုံးဖို့ဆိုတာ အလွယ်လေးပဲ။ တကယ်လို့ ဒီပုလင်းလေးကို ထုတ်ပေးပြီး အသက်ရှင်မယ်ဆိုရင်တော့ ငါ ထုတ်ပေးလိုက်တာ ကောင်းမယ်ထင်တယ်”

သူက ထိုသို့မလုပ်လိုသော်လည်း တခြားရွေးချယ်စရာ သူမတွေးတတ်တော့ပေ။ ထိုအခိုက်တွင် ကျင့်ကြံခြင်းဂူအပြင်မှ အသံတစ်သံကို ကြားလိုက်ရသည်။

“ကျုပ် ရှန့်ကွမ်းစုန့်… အစ်ကိုဝမ်ကိုကူညီပြီးတော့ တရားမျှတမှုအတွက် လာရောက်တယ်။ မန်ဟို … ကျင့်ကြံခြင်းဂူထဲက ထွက်လာပြီးတော့ ကျုပ်ကို လာကန်တော့စမ်း”

အသံကား ဂူအတွင်းသို့ အေးစက်စွာ စိမ့်ဝင်လာခဲ့သည်။ မန်ဟိုက ခေါင်းမော့လိုက်၏။ သူကား အနည်းငယ်မျှပင် အံ့အားသင့်ခြင်းမရှိပေ။ တစ်စုံတစ်ယောက်က သူ့ထံသို့ လာမည်ကို သူကြိုတွက်ထားပြီးဖြစ်သည်။

မန်ဟိုကား အတန်ကြာ တိတ်ဆိတ်နေပြီးမှ ဖြေးညင်းစွာ ပြောသည် “ညနက်နေပြီ။ ဒါက သင့်တော်တဲ့အချိန်မဟုတ်ဘူး။ အစ်ကိုကြီး … ခင်ဗျား ပြောစရာရှိရင် အပြင်ကပဲ ပြောပါ”

“ဘယ်လောက် ရယ်စရာကောင်းလိုက်သလဲ” ရှန့်ကွမ်းစုန့်က မကြေမနပ်ပြောသည်။

မန်ဟိုက မည်သည့်စကားမှ မဆိုဘဲ တိတ်ဆိတ်နေ၏။

“မင်း တံခါးမဖွင့်ဘူးလား။ အေး … ငါက အစ်ကိုကြီးဝမ်ရဲ့ညွန်ကြားချက်ကို ထုတ်ပြောရမှာပဲ။ အပြင်စည်းဂိုဏ်းသား မန်ဟိုက ကျင့်ကြံခြင်းမှာ အာရုံမစိုက်ဘဲ အဆင့်နိမ့်အများပိုင်ကွင်းမှာ မတရားမှုတွေ လုပ်တဲ့အတွက် ဂိုဏ်းသားတွေအကြား ဆူပူမှုတွေ ဖြစ်စေခဲ့တယ်။ အခု သူက ဂိုဏ်းသားတစ်ယောက်ကို ရက်စက်တဲ့နည်းလမ်းသုံးပြီး ကျင့်ကြံဆင့် ဖျက်ဆီးခဲ့ပြန်တယ်။ ဒါပေမဲ့ သူက အသက်ငယ်ရွယ်သေးပြီး သူ့အပြစ်က သေဒဏ်နဲ့မထိုက်တန်သေးတဲ့အတွက် သူ့ရဲ့ရတနာတွေကို ပေးဝေပြီးတော့ ကျင့်ကြံခြင်းအဆင့်ကို ဖျက်ဆီးပစ်ရမယ်။ ပြီးနောက်မှာ မှီခိုရာဂိုဏ်းကနေ ထွက်သွားရမယ်”

မန်ဟိုက အပြင်မှ အော်ပြောသံအား နားထောင်နေရင်း သူ၏စိတ်နှလုံးက တဖြည်းဖြည်း အေးစက်လာခဲ့သည်။

“အစ်ကိုကြီးဝမ်ရဲ့အမိန့်က ဂိုဏ်းစည်းမျဉ်းနဲ့မလျော်ညီဘူး” မန်ဟိုက မလိုလားစွာ ပြောသည်။

“အစ်ကိုဝမ်ရဲ့စကားက ဂိုဏ်းစည်းကမ်းပဲ” အပြင်ဘက်မှ လူက ထူးမခြားနားစွာ ပြောသည် “ဆေးလုံးဝေတဲ့နေ့မှာ မင်းက အစ်ကိုလုကို ကန်တော့ပြီးတော့ တောင်းပန်ပါ။ ပြီးတော့ မင်းရဲ့အပြစ်ပေးမှုကို စောင့်ဆိုင်းနေပါ” ထို့နောက် ထိုလူ ထွက်ခွာသွားခဲ့သည်။

မန်ဟို တိတ်ဆိတ်စွာ ထိုင်နေမိသည်။ အချိန်များ ကုန်ဆုံးသွားပြီး မနက်အာရုဏ်တက်ချိန်သို့ ရောက်လာ၏။ မန်၏မျက်လုံးများ နီရဲနေသည်။ သူ့အနေဖြင့် မည်သို့လုပ်ရမည်ကို မတွေးတတ်တော့ပေ။ တစ်ဘက်လူက သူ၏ပုလင်းလေးကို ပြန်လိုချင်ကား မိမိအား သေစေလိုနေသည်။ သက်ညှာခဲ့လျှင်ပင် မိမိ၏ကျင့်ကြံဆင့်ကို ဖျက်ဆီးပစ်မည့်ဟန်ရှိ၏။ ထိုသို့ဖြစ်လာပါက မျှော်လင့်ချက်များအားလုံး ကုန်ဆုံးသွားပေမည်။

“ငါ ဘာလုပ်သင့်လဲ…” သူက လက်သီးကို တင်းတင်းဆုပ်ကာ ရေရွက်မိသည်။ ထိုအခိုက်တွင် သူသည် အလွန်တရာ အားနည်းကာ ကူရာမဲ့သော ခံစားချက်ကို ရ၏။ သူသာ သည့်ထက် အားကောင်းပါက ဤသို့ အနိုင်စားခံရမည် မဟုတ်ပေ။

“ငါ့ရဲ့တစ်ခုတည်းသော ရွေးချယ်ခွင့်က ထွက်ပြေးဖို့လို့တော့ မပြောနဲ့…” ဆုံးဖြတ်ချက်ချကာ မန်ဟိုက ကျင့်ကြံခြင်းဂူမှ ထွက်လိုက်သည်။ သူက အပြင်ထွက်လိုက်သော်လည်း စိတ်က ဒွိဟဖြစ်နေဟန်ရသည်။

“မဟုတ်သေးဘူး…” သူက ခေါင်းငုံ့ကာ တွေးလိုက်ပြီးမှ ကျင့်ကြံခြင်းဂူထဲကို ပြန်ဝင်ကာ ထိုင်လိုက်သည်။

နောက်တစ်နေ့နံနက်ကိုရောက်လျှင် မန်ဟိုက မျက်လုံးများကို ဖွင့်လိုက်၏။ သူကား ကျင့်ကြံခြင်းကိုပင် မပြုလုပ်နိုင်ဘဲ တစ်ညလုံး တွေးတောနေခဲ့သည်။ သူ၏ကျင့်ကြံဆင့်ကား အလွန်နိမ့်ပါးလွန်း၏။ ဂိုဏ်းမှ ထွက်ပြေးခြင်းမှလွဲ၍ သူက တခြားနည်းလမ်းများ စဉ်းစားမရပေ။ သို့သော်လည်း တစ်ဘက်လူက သူ၏အကြံကို သေချာပေါက် ကြိုတွက်ထားမည်ဖြစ်ကာ သူ ထွက်ပြေးသည်နှင့် သစ္စဖောက်ဖြစ်သွားပေလိမ့်မည်။

အဝေးမှ ခေါင်းလောင်းသံ မြည်လာသည်။ ဆေးလုံးဝေသည့်နေ့ကား ရောက်လာခဲ့ပြီဖြစ်သည်။ မန်ဟိုက ကျင့်ကြံခြင်းဂူထံတွင် ပုန်းနေလျှင်ပင် သူ့ထံကို ကံဆိုးမှုများ ရောက်လာမည်ဖြစ်ကြောင်း သိပေသည်။

“တောတွင်းဥပဒေသအတိုင်းပဲ။ ငါ့ပြဿနာတွေအားလုံးရဲ့အရင်းအမြစ်က ငါ့ကျင့်ကြံဆင့်နိမ့်လွန်းလို့ပဲ။ ယောက်ျားကောင်းတစ်ယောက်ဟာ ကံကိုပဲ အပြစ်မပုံချဘဲ တစ်ခုခုကို ကြံဆကြိုးစားရတယ်” သူက သက်ပြင်းတစ်ချက်ချသည်။ နောက်ဆုံးတွင် သူက စိတ်ကို ငြိမ်ငြိမ်ထားလျှက် ဂူအပြင်သို့ ထွက်လိုက်ကာ အဝေးမှ အပြာရောင်ကောင်းကင်အား မော့ကြည့်နေခဲ့သည်။

အချိန်တချို့ ကုန်ဆုံးသွားခဲ့ပြီးနောက်တွင် မန်ဟိုက ရှေ့ကို လှမ်းလိုက်သည်။ ခြေလှမ်းအနည်းငယ်မျှတွင်ပင် တောတွင်းတစ်နေရာမှ လူတစ်ဦး ထွက်လာကာ သူ့အား အေးစက်စွာ ကြည့်နေသည်ကို မန်ဟိုမြင်၏။

“မင်းထွက်မပြေးဘူးဆိုကတည်းက အရမ်းကြီးတော့ မတုံးဘူးဆိုတဲ့သဘောပဲ”

မန်ဟိုက ထိုအသံအား မှတ်မိပေသည်။ သူကား ရှန့်ကွမ်းစုန့်ဖြစ်ပေသည်။ သူက မန်ဟိုအား တချိန်လုံး စောင့်ကြည့်နေဟန်ရ၏။

မန်ဟိုသည် သူ့အား မြင်ဖူးပေသည်။ သူက အရှေ့ဘက်တောင်မှ ဖြတ်သွားသည့်နေ့တွင် ဝမ်တန်ဖေးနှင့်အတူ တွေ့သောလူငယ်မှာ ရှန့်ကွမ်းစုန့်ဖြစ်ပေသည်။ သူ၏အဘိုးမှာ ဂိုဏ်းအကြီးအကဲတစ်ဦးဖြစ်သည်။

မန်ဟိုက သူ့အား လျစ်လျူရှုကာ အပြင်စည်းဂိုဏ်းဘက်ကို ဦးတည်လိုက်၏။

ရှန့်ကွမ်းစုန့်က အေးစက်စွာ ရယ်မောလိုက်သည်။ အမှန်တကယ်အားဖြင့် သူက သူ၏အဘိုးရှန့်ကွမ်းရှိုးအား ခေါ်ရန် မနေ့ညက ထွက်သွားခဲ့သေး၏။ မန်ဟိုက ည၌ ထွက်ပြေးရန် ကြံလျှပင် အသေဆုံးနှင့် ကြုံရမည်ဖြစ်ပေသည်။

ရှန့်ကွမ်းစုန့်သည် မန်ဟို၏နောက်မှ တောက်လျှောက်လိုက်လာခဲ့၏။ သူတို့ အပြင်စည်းဂိုဏ်းသို့ ရောက်သောအခါ တခြားသော တပည့်များကလည်း ထိုမြင်ကွင်းကို တွေ့ပြီး ထူးဆန်းမှုကို သတိထားမိကြ၏။ သို့သော်လည်း အတော်များများက မန်ဟိုကို သနားဂရုဏာသက်ခြင်း မရှိကြပေ။

မကြာခင် သူသည် အပြင်စည်းဂိုဏ်းကွင်းပြင်ထဲသို့ ရောက်လာသည်။ နဂါးထွင်းတိုင်လုံးများမှာ တစ်လက်လက်တောက်ပနေပြီး တပည့်များမှာ နေရာတိုင်း၌ ရှိနေသည်။ အဝေးတွင် ဂိုဏ်းတပည့်အများအပြား ခြံရံလျှက် ဝမ်တန်ဖေး ရပ်နေသည်ကို မန်ဟို မြင်၏။

သူကား အနီးမှ ဂိုဏ်းသူဂိုဏ်းသားများနှင့် ယဉ်ကျေးပျူနှာစွာ ပြောဆိုရယ်မောနေခဲ့၏။ သူက မကြာခဏ ခေါင်းညိတ်ကာ ကျင့်ကြံခြင်းများနှင့်ပတ်သက်၍ အကြံပေးလမ်းညွန်မှုများ ပြုလုပ်ရာ အားလုံးက သူ့အား လေးစားစွာ ဆက်ဆံကြသည်။

ဂိုဏ်းသူများအားလုံးမှာ သူ့ကို သဘောကျဟန်ရသည်။ သူတို့အားလုံးက ဝမ်တန်ဖေး၏နှစ်သက်မှုကို ရရှိရန် နည်းမျိုးစုံဖြင့် ကြိုးစားနေကြသည်။

စင်မြင့်ထက်မှ ဂိုဏ်းအကြီးအကဲများပင် ဝမ်တန်ဖေးကို အထင်ကြီးစွာဖြင့် ကြည့်ကြ၏။

တပည့်များအားလုံး ရောက်လာလျှင် ဆေးလုံးများ ပေးဝေခြင်းအား ပြုလုပ်သည်။ ဝမ်တန်ဖေးကား မန်ဟိုကို တစ်ချက်မျှပင် မကြည့်ပေ။ မန်ဟိုက သူ့အား ကြည့်နေသည်ကို သူသိပေသည်။ သို့သော်လည်း ဝမ်တန်ဖေးက မန်ဟိုကို ကြည့်ရန်ပင် အာရုံမထားပေ။

အရာအားလုံးပြီးဆုံးသွားပြီး နဂါးထွင်းတိုင်များ မှေးမိန်သွားပြီးနောက်တွင် ဝမ်တန်ဖေး၏ညင်သာသောအသံထွက်လာသည်။

“ဒီကို လာခဲ့”

စကားတစ်ခွန်းမျှသာ ဖြစ်သော်လည်း ၎င်းစကားသံထွက်လာသည်နှင့် အားလုံး၏အကြည့်က မန်ဟိုထံသို့ ရောက်လာခဲ့သည်။

***

All Chapters