ငါ ကိုယ့်ကိုယ်ကိုယ် မှီခိုမယ်
Vol. 2 Ch. 17
မန်ဟိုကား ထိုနေရာတွင်ပင် ဝမ်တန်ဖေးကို စိုက်ကြည့်ကာ ကျောက်ရုပ်အလား ရပ်နေသည်။ ထိုနေရာတွင်ရှိနေသော တပည့်များအားလုံး၏အကြည့်ကို သူခံစားရ၏။ သူ့ဘေးမှ ဂိုဏ်းသားသည် မန်ဟိုအတွက် လမ်းဖယ်ပေး၏။
စိတ်တွင်းမှ အထီးကျန်ဆန်သော ခံစားချက်မှာ တစ်လောကလုံး သူ့အား စွန့်ခွာခြင်းခံရသကဲ့သို့ နာကျင်မှုကို ပေးသည်။ ဝမ်တန်ဖေး၏စကားတစ်ခွန်းက သူ့အား ကမ္ဘာလောကကြီးပေါ်မှ တည်ရှိမှုအား ပျောက်ကွယ်သွားစေနိုင်သည်ဟု ထင်မှတ်ရသည်။
အားလုံးက တိတ်ဆိတ်နေကြသည်။ အပြင်စည်းဂိုဏ်းသားများအားလုံးက မန်ဟိုကို ကြည့်ကြသည်။ ဝမ်တန်ဖေးကား ကျော်ကြားလွန်း၏။ သူ၏စကားများသည် အားလုံး၏စိတ်နှလုံးအတွင်း၌ လှုပ်ခတ်နေ၏။
မည်သူကမှ လက်ရှိအခြေအနေကို မအံ့ဩကြပေ။ သတင်းများ ပျံ့နှံ့လာကတည်းက ယနေ့တွင် သည်ကဲ့သို့ အခြေအနေ ဖြစ်လာမည်ကို အားလုံးက ခန့်မှန်းပြီးဖြစ်သည်။
စင်မြင့်ပေါ်မှ ဂိုဏ်းအကြီးအကဲများသည်ပင် မန်ဟိုကို ကြည့်ကာ တိတ်ဆိတ်နေကြသည်။
“ဂိုဏ်းစည်းမျဉ်းအရ ကျုပ်လက်ထဲရောက်လာတဲ့ပစ္စည်းကို ကျုပ်ပိုင်တယ်”
မန်ဟိုက အားတင်းကာ ပြော၏။ သို့သော်လည်း ဝမ်တန်ဖေးနှင့်ယှဉ်ပါက သူ၏အသံသည် ရယ်မောဖွယ်ကောင်းအောင် အားနည်းလွန်းသည်။ သူက တိုက်ခိုက်ခံရနိုင်သည်ကို သိသော်လည်း စိတ်တင်းကာ ထုတ်ပြောလိုက်သည်။
သူက ကျောက်စိမ်းပုလင်းလေးကို ထုတ်ပေးကာ ဝမ်တန်ဖေးရှေ့တွင် သနားစဖွယ်တောင်းပန်ကန်တော့ပါက သူ့အပြစ်များ လွတ်မြောက်နိုင်ရန် အခွင့်အလမ်းရှိသည်ကို သူသိသည်။
သို့သော်လည်း မန်ဟိုကား ထိုသို့သော အပြုအမူမျိုးအား မည်သောအခါမှ ပြုလုပ်မည်မဟုတ်ပေ။ သူ့အား မိုက်မဲသည်ဟု ဆိုလျှင်ပင် သူက ထိုသို့ အရှက်ရမှုမျိုးကို လက်ခံမည်မဟုတ်ပေ။
ဤကား သူ၏စိတ်ဓာတ်ဖြစ်ကာ သူ၏မာနလည်းဖြစ်သည်။ တစ်ခါတစ်ရံ လူတစ်ယောက်အတွက် သေခြင်းရှင်ခြင်းထက် မာနနှင့် ဂုဏ်သိက္ခာက ပိုအရေးကြီးပေသည်။
သူ၏ပြိုင်ဘက်က တောင်ထွတ်တမျှ မြင့်မားသော ဝမ်တန်ဖေးဖြစ်သော်လည်း၊ သူက ဆိုးဝါးသော ကံဆိုးမိုးမှောင်နှင့် ကြုံတွေ့ရနိုင်သော်လည်း၊ တစ်လောကလုံးက သူ့ဘက်တွင် မရှိသော်လည်း၊ သူ တစ်ယောက်တည်းဖြစ်ကာ မည်သူ့ကိုမှ မှီခိုစရာမရှိသော်လည်း သူ့တွင် ဂုဏ်သိက္ခာရှိပေသည်။ သူက ခေါင်းမော့ရင်ကော့ကာ စကားပြောမည်။
သူသည် မန်ဟိုဖြစ်ပေသည်။
သူ၏စကားက သူ့ခန္ဓာကိုယ်မှ ခွန်အားများကို ကုန်ခမ်းသွားစေဟန်ရသည်။
သေဆုံးခြင်းလား … သေခြင်းတရားက ဘာလဲ။ ငါက အသက် ၁၇နှစ်အထိ မနေခဲ့ရလျှင်ကော ဘာဖြစ်လဲ။ မင်းက ငါ့ကို အရှက်ခွဲနိုင်တယ်။ ငါ့ကျင့်ကြံဆင့်ကို ဖျက်ဆီးနိုင်တယ်။ ဒါပေမဲ့ ငါ့ကို ဘယ်တော့မှ ခေါင်းငုံ့စေနိုင်မှာ မဟုတ်ဘူး။ ငါ့မာနတရားကို ဖျက်ဆီးနိုင်မှာ မဟုတ်ဘူး။
မန်ဟိုသည် လက်သီးကို တင်းတင်းဆုပ်ထားမိ၏။ မည်သူမှ သူ၏အထီးကျန်မှုနှင့်နာကျင်မှုကို နားမလည်။ မည်သူမှ မခံစားနိုင်သော်လည်း ဝမ်တန်ဖေး၏စကားတစ်ခွန်းက မန်ဟိုအား ပြိုလဲသွားစေနိုင် တိုက်ခိုက်နေခဲ့သည်။
သူ့ခန္ဓာကိုယ်သည် အချိန်မရွေး ပြိုလဲသွားနိုင်ကာ သူ့အရိုးများ တစ်စစီ ကြေပျက်သွားတော့မည့်အလား၊ သူ့အား ဒူးထောက်စေအောင် ကြီးမားသော ဖိအားတစ်ခုက တွန်းအားပေးနေခဲ့သည်။ သူ့ခန္ဓာကိုယ်က တုန်ယင်နေသော်လည်း မန်ဟိုကား အံကို တင်းတင်းကြိတ်ကာ နာကျင်မှုကို လျစ်လျူရှုလျှက် ခေါင်းမာစွာ ရပ်နေဆဲပင်။
“ရတနာက ငါ့အပိုင်ပဲ” ဝမ်တန်ဖေးက ရင်းနှီးဖော်ရွေဟန်ရသော အပြုံးဖြင့် ပြောသည် “အဲဒါက ငါပေးတဲ့လူနဲ့ပဲ သက်ဆိုင်တယ်။ မင်းက အဲဒါကို ပိုင်ဆိုင်ခွင့်မရှိဘူး” သူ့စကားသည် ရင်းနှီးဖော်ရွေဟန်ရသော်လည်း အားလုံးကို ကြားနိုင်အောင် ကြည်လင်ပြတ်သားပေသည်။ ပြုံးလျှက်ပင် သူက ရှေ့ကို တစ်လှမ်းတိုးကာ မန်ဟိုထံသို့ လက်ချောင်းဖြင့် ချိန်ရွယ်လိုက်သည်။
လေပြင်းများ ရိုက်ခတ်လာခဲ့ကာ ဂိုဏ်းသူဂိုဏ်းသားများ၏အဝတ်အစားများကို တဖျတ်ဖျတ်လွင့်သွားစေသည်။ မန်ဟိုကား ကွင်းထဲမှ လေပြင်းသည် သူ့အား သေဆုံးခြင်း၏အရိပ်နိမိတ်ဟု ခံစားမိသည့်တိုင် ရပ်နေဆဲ။ သူကား အနည်းငယ်မျှ လှုပ်ရှားခြင်းမရှိပေ။ ရုတ်တရက် သူ့အင်္ကျီအိတ်ထဲတွင်ရှိသော ကျောက်စိမ်းလည်ဆွဲသည် သူ့ရှေ့တွင် ပျံဝဲလာပြီး သူ့အား အရံအတားတစ်ခုဖန်တီးလျှက် ကာကွယ်ထားသည်။
ဝမ်တန်ဖေးကား ယခင်ကဲ့သို့ ရင်းနှီးဖော်ရွေသောဟန်ပင်ရှိနေဆဲဖြစ်သည်။ သူက အေးအေးလူလူဖြင့် ရှေ့ကို တစ်လှမ်းထပ်တက်ကာ လက်ချောင်းဖြင့် နောက်တစ်ခါ ထိုးလိုက်သည်။
ဒုတိယမြောက်လက်ချောင်းတွင် ဘန်းခနဲမြည်သံထွက်လာသည်။ အရံအတားသည် ယိုယွင်းပျက်စီးသွားကာ အစ်မရှုပေးထားသော ကျောက်စိမ်းလည်ဆွဲလေးသည်လည်း အစိတ်စိတ်အမြွှာမြွှာအဖြစ် ပြိုပျက်သွားတော့၏။ မန်ဟို၏ပါးစပ်မှ သွေးများ ယိုစီးကျလာခဲ့ကာ သူ့အပေါ် ကျဆင်းလာသော ဖိအားမှာလည်း ပိုမိုပြင်းထန်လာခဲ့၏။ သူကား ထိုနေရာတွင်ပင် တုန်ယင်စွာဖြင့်၊ ခေါင်းမာစွာဖြင့် ရပ်နေဆဲ။
သူ့မျက်လုံးတွင် မဟုတ်မခံလိုသော စိတ်ဆန္ဒများအား ထင်ရှားစွာ တွေ့မြင်ရကာ လက်သီးကို တင်းတင်းဆုပ်ထားမိ၏။ သူ၏လက်သည်းများသည် သူ၏လက်ဖဝါးအတွင်းထဲသို့ပင် နစ်မြုတ်လာခဲ့၏။
ကြင်နာတတ်ဟန်ရသော အပြုံးဖြင့်ပင် ဝမ်တန်ဖေးသည် နောက်တစ်လှမ်းလှမ်းကာ မန်ဟိုရှေ့ကို ရောက်လာ၏။ သူက လက်ချောင်းကို ဝှေ့ယမ်းလိုက်သည်တွင် မမြင်ရသော အားလုံးတစ်ခုသည် မန်ဟိုထံသို့ ကျဆင်းလာခဲ့ကာ သူ၏အဝတ်အစားများအား စုတ်ပြတ်သွားစေရာ သူ့လည်ပင်းတွင်ဆွဲထားသော ကျောက်စိမ်းရောင်ပုလင်းလေးကို ပေါ်လာ၏။ မမြင်ရသော လက်ဝါးသည် ပုလင်းလေးကို ဆွဲဖြုတ်ကာ ဝမ်တန်ဖေး၏လက်တွင်းသို့ ရောက်သွားခဲ့သည်။
မန်ဟို၏မျက်နှာသည် ပြာနှမ်းသွားခဲ့ကာ နောက်ထပ် သွေးတစ်ပွက် အန်သည်။ သူ့ခန္ဓာကိုယ်က တုန်ယင်နေသော်လည်း လှုပ်ရှားနိုင်ခြင်းမရှိပေ။ သူ့မျက်လုံးများထဲတွင် သွေးကြိုးများပင် ဖြစ်ပေါ်လာသည်အထိ မန်ဟိုသည် လက်သီးကို တင်းတင်းဆုပ်ထားမိ၏။ လက်သည်းခွံများ အသားထဲကို နစ်ဝင်လာခြင်းကြောင့် နာကျင်မှုကို သူခံစားရသည်။ သူ့လက်နှစ်ဘက်လုံးမှ သွေးများ စတင်စီးကျလာခဲ့သည်။
“မင်းရဲ့ကျင့်ကြံဆင့်ကို ဖျက်ဆီးပြီးတော့ လက်တစ်ဘက်နဲ့ခြေတစ်ဘက်ကို ဖြတ်လိုက်။ ပြီးရင် ဂိုဏ်းက ထွက်သွား” ဝမ်တန်ဖေးက နွေးထွေးသော အပြုံးဖြင့် ပြောသည်။ သူက လက်ကို နောက်တစ်ကြိမ် ဆန့်တန်းလိုက်ကာ မန်ဟို၏ရင်ဘတ်ကို လက်ညိုးဖြင့် ထိုးလိုက်သည်။
မန်ဟိုက ဝမ်တန်ဖေးအား ဒေါသတကြီး ကြည့်သည်။ တစ်ချိန်လုံး သူကား စကားတစ်ခွန်းသာ ပြောရသေးပြီး နောက်တစ်ခွန်း လုံးဝ မဟခဲ့ပေ။ သူ အော်ဟစ်ခြင်းလည်းမရှိဘဲ တိတ်ဆိတ်နေခဲ့၏။ သူ့မျက်လုံးတွင် သွေးကြောများပေါ်လာခဲ့ကာ လက်သီးကို ပိုမိုတင်းနေအောင် ဆုပ်ထားသည်။ သူ့လက်မှ သွေးများသည်လည်း တစ်စက်စက် ကျနေခဲ့၏။
ထိုမြင်ကွင်းကို ကြည့်ကာ လူတိုင်းသည် တိတ်ဆိတ်နေကြ၏။ သူတို့အားလုံးက မန်ဟို၏တည်ရှိမှုအား လျစ်လျူရှုထားဟန်ရကာ အရအားလုံးမှာ သူတို့နှင့်မဆိုင်သည့်အလား။
ဝမ်တန်ဖေး၏လက်ချောင်းက မန်ဟိုထံသို့ ကျရောက်ခါနီးတွင်ပင် အဝေးတောင်ထိပ်မှ အသံတစ်သံနှင့်အတူ မန်ဟို၏ဘေးတွင် ညင်သာသော အင်အားတစ်ခုဖြစ်ပေါ်လာပြီး လက်ချောင်းအား တားဆီးသည်။
ဝမ်တန်ဖေးက ဘေးကို လှမ်းကြည့်ရာ မီးခိုးရောင်ဝတ်အဘိုးအိုတစ်ဦးအား တွေ့၏။ သူ၏မျက်နှာတွင် အညိုအမဲအချို့ရှိကာ ရှည်လျားထွားကျိုင်းသော်လည်း ကြီးမားသော အရှိန်အဝါတော့ ရှိမနေပေ။ ထိုအဘိုးအိုကား ယခင်နေ့က မန်ဟိုကို သဘောကျကြောင်း ပြောဆိုခဲ့သော အဘိုးအိုဖြစ်ပေသည်။
“မင်းက ရတနာကို ပြန်ယူပြီးပြီပဲ” အဘိုးအိုက ပြောသည် “ဒီကိစ္စကို ဒီမှာပဲ ရပ်လိုက်တော့” ထို့နောက် အဘိုးအိုက ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေသော မန်ဟိုကို ကြည့်ကာ သက်ပြင်းချသည်။
“ဆရာကြီးအိုးရန်က ဝင်ပြောမှတော့ ကျွန်တော်က နောက်ဆုတ်ပေးပါ့မယ်” ဝမ်တန်ဖေးက ပြုံးလျှက် ထူးမခြားနားစွာ ပြောသည်။ တစ်ချိန်လုံး သူကား မန်ဟိုကို နှစ်ခွန်းမျှသာ ပြောခဲ့သည်။ နေရောင်အောက်တွင် သူ၏ချောမောသော သွင်ပြင်နှင့် နှစ်လိုဖွယ်ကောင်းသော အမူအရာက ထင်ရှားနေ၏။ သူ့အမြင်တွင် မန်ဟိုကား ဘာမှ မဟုတ်ပေ။ ထိုအခိုက်တွင် သူသည် မန်ဟိုအား စိတ်ထဲမှ လုံးဝ ထုတ်ပယ်လိုက်ပြီဖြစ်သည်။
မန်ဟိုကား ထိုနေရာတွင် သွေးအလိမ်းလိမ်းဖြင့် ရပ်နေသည်။
ဝမ်တန်ဖေးအတွက်မူကား ဖြစ်ပျက်ခဲ့သမျှက သူ့အတွက် ဘာမှမဟုတ်သည့်အရာအလား။ သူက မန်ဟိုအား အထင်သေးခြင်းမဟုတ်ပေ။ သူက မန်ဟိုနှင့်ပတ်သက်၍ အနည်းငယ်မျှပင် အလေးမထားခြင်းဖြစ်သည်။ သူက ပြုံးလျှက်ပင် လူအုပ်ထဲကို ပြန်လျှောက်သွားကာ တခြားသော ဂိုဏ်းသူဂိုဏ်းသားများနှင့် ပြုံးရွှင်စွာ စကားပြောနေတော့သည်။
အမျိုးသမီးကျင့်ကြံသူများအားလုံးက သူ့အား ချစ်ခင်နှစ်သက်ကြသည်။ တခြားသော ဂိုဏ်းသားများအားလုံးက သူ့အား အလွန်လေးစားကြ၏။ ထိုအခိုက်တွင် မန်ဟိုကို အားလုံးက မေ့လျော့သွားခဲ့ကြ၏။
မန်ဟိုက ဝမ်တန်ဖေး၏အတွေးများကို ခံစားရသည်။ ဝမ်တန်ဖေး ထွက်ခွာသွားပြီးနောက်တွင် မန်ဟိုသည် သက်သာပေါ့ပါးသော ခံစားချက်ကို ရ၏။ သူ့ခန္ဓာကိုယ်က အချိန်မရွေး ပြိုလဲကျတော့မည့်အလား နာကျင်ခ့စားနေရသော်လည်း သူက အကြီးအကဲအိုးရန်ကို ဦးညွတ်လိုက်၏။
မန်ဟိုသည် သွေးတစ်ပွက်ထပ်အန်ကာ အံကို တင်းတင်းကြိတ်လျှက် နောက်ထပ် တစ်ခွန်းမှ မဆိုဘဲ ထိုနေရာမှ ထွက်ခွာသွားခဲ့သည်။ သူသည် ခြေလှမ်းတိုင်းတွင် ပြိုလဲတော့မတတ် ခံစားနေရသည်။ သူကား ချွေးများဖြင့် စိုရွှဲနေခဲ့ကာ ကြီးစွာသော နာကျင်မှုအား ခံစားနေရ၏။ အရိုက်ခံရသော ခွေးငယ်တစ်ကောင်အလား သူသည် အဝေးသို့ တရွေ့ရွေ့ ပျောက်ကွယ်သွားတော့သည်။
သူ ထွက်သွားလျှင် အကြီးအကဲအိုးရန်သည် တစ်ခုတစ်ခုကို ပြောမည်လုပ်သော်လည်း အဆုံးတွင် ဘာမှ မပြောတော့ဘဲ သည်အတိုင်း ကြည့်နေတော့သည်။
မန်ဟိုသည် သူ၏ကျင့်ကြံခြင်းဂူသို့ ပြန်ရောက်သည်နှင့် မြေပြင်ပေါ်သို့ ပြိုလဲကာ သတိလစ်သွား၏။ ဝမ်တန်ဖေးကား စဦးချီဖွဲ့စည်းခြင်းအဆင့်၏အမြင့်ဆုံးတွင်ရှိသည်။ မန်ဟိုအနေဖြင့် သူ၏စွမ်းအားကို တောင့်ခံရန် မဖြစ်နိုင်ပေ။ မှန်သည်၊ ဒူးထောက်အရှုံးပေးရန် ငြင်းဆန်ခဲ့ခြင်းက သူ့အား ကြီးမားသော အတွင်းဒဏ်များကို ရရှိစေခဲ့၏။
သူကား နှစ်ရက်တိတိ သတိလစ်နေခဲ့ကာ နောက်ဆုံးတွင် မျက်လုံးပွင့်လာခဲ့၏။ တစ်ကိုယ်လုံး နာကျင်နေခဲ့ကာ လှုပ်ရှားရန် ခက်ခဲသော်လည်း သူက ကြိုးစားကာ ထိုင်လိုက်၏။
အချိန်တစ်ခုကြာအောင် ငြိမ်နေပြီးမှ မန်ဟိုက လက်နှစ်ဘက်ကို ငုံ့ကြည့်သည်။ လက်ဝါးထဲတွင် လက်သည်းကျိုးဆယ်ခုသည် အသားထဲကို နစ်ဝင်နေခဲ့၏။ နှစ်ရက်ကြာ သတိလစ်နေခဲ့ရာ လက်သည်းကျိုးများပေါ်တွင် အမာရွက်များပင် ဖြစ်နေလေပြီ။ ယခု သူက လက်ကို အားပြု၍ ထရပ်ခဲ့ရာ ထိုနေရာများမှ သွေးများ ပြန်လည်ယိုစိမ့်ကျလာခဲ့၏။
မန်ဟိုက သူ၏လက်ကို ခံစားချက်ကင်းမဲ့စွာဖြင့် ကြည့်သည်။ အတန်ကြာလျှင် သူက လက်ဖဝါးမှ လက်သည်းစများကို တစ်စပြီးတစ်စ စတင်၍ ဆွဲထုတ်သည်။ သွေးများ ပိုမို၍ ယိုစိမ့်ကျလာခဲ့၏။
တချိန်လုံး မန်ဟို၏မျက်နှာအမူအရာကား အနည်းငယ်မျှပင် မပြောင်းလဲပေ။ ထိုလက်များက သူနှင့်မသက်ဆိုင်သည့်အလား။ သူ့ထံတွင် မမြင်ရသော ရက်စက်မှုအချို့ ရှိနေပေသည်။
သူက ဆယ်ခုသော လက်သည်းစများအား ကြည့်သည်။ ထို့နောက်တွင် ၎င်းတို့အားလုံးကို စုကာ သူ့အခန်းထဲမှ ကျောက်တုံးအိပ်ရာဘေးတွင် ချထားလိုက်သည်။ သူခံစားခဲ့ရသော အရှက်ရမှုအတွက် နေ့တိုင်း အမှတ်ရစေရန် သူရည်ရွယ်သည်။
ထိုအရှက်ရမှုကို ပြန်လည် လက်စားချေရမည့်နေ့မှာ ရောက်ကို ရောက်လာရမည်ဖြစ်သည်။
သူက ကြာမြင့်စွာ စကားမပြောခဲ့သော်လည်း ယခု သူ့ပါးစပ်မှ သူ့အသံနှင့်ပင် မသက်ဆိုင်သည့်အလား ဝမ်းခေါင်းသံကြီးတစ်ခု ထွက်ပေါ်လာသည်။
“အခုကစပြီး ငါက ကိုယ့်ကိုယ်ကိုယ်ပဲ မှီခိုမယ်”
***